← Chapters

အခန်း ၅၀

Vol. 5 Ch. 50

အခန်း ၅၀

Vol. 5 Ch. 50

အခန်း (၅၀) လူသားတွေက ဒီလောက်တောင် စွမ်းတာလား... ကျွန်တော် ဘာလို့ မသိတာလဲ

"အစ်ကိုကြီး... အစ်ကိုက တကယ်ပဲ သားရဲတိရစ္ဆာန်တွေနဲ့ တွေ့မှာ မကြောက်ဘူးလား"

တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းရှိ ကွန်ရက်သုံးစွဲသူများက အသီးသီး မေးမြန်းနေကြသည်။

ရွှီယန်က ကျောပိုးအိတ်ကို လွယ်ကာ အတော်လေး ပြန့်ပြူးသော မြက်ခင်းပြင် တစ်ခုတွင် လမ်းလျှောက်နေလေသည်။

လူအများအပြားက သူ၏ လုံခြုံရေးကို စိုးရိမ်နေကြသည်။

ရွှီယန်တွင် ယခုအခါ သံယောဇဉ် ကတ်ပြား တစ်ကတ် ရှိနေသဖြင့် စိတ်ထဲတွင် အတော်လေး ယုံကြည်မှု ရှိနေလေသည်။

အစပိုင်းတွင်တော့ အနည်းငယ် စိုးရိမ်ခဲ့ပြီး သားရဲတိရစ္ဆာန်များ၏ ခြေရာများကို အမြဲတမ်း သတိထား စောင့်ကြည့်နေခဲ့ရသော်လည်း ယခုအခါတွင်တော့ ပို၍ အေးဆေးသွားပြီ ဖြစ်ကာ ပုံမှန်အတိုင်း သတိထားပြီး အဆိပ်ပြင်းသော မြွေများကိုသာ ဂရုစိုက်ရုံဖြင့် လုံလောက်ပြီ ဖြစ်သည်။

ရွှီယန်က အရှေ့မြောက် ကျား တစ်ကောင်နှင့် တွေ့ဆုံရန်ပင် ဆန္ဒရှိနေသေးသည်။

တောရိုင်း အရှေ့မြောက် ကျား ဆိုသည်မှာ တကယ့် ရတနာ တစ်ခုပင် ဖြစ်သည်။

ယခင်က သံယောဇဉ် ကတ်ပြား တစ်ကတ်ဖြင့် မိခင်ကျားသစ်မကြီးနှင့် သံယောဇဉ် တည်ဆောက်နိုင်ခဲ့ပြီး ယခု နောက်ထပ် သံယောဇဉ် ကတ်ပြား တစ်ကတ်ဖြင့် အရှေ့မြောက် ကျားနှင့်ပါ သံယောဇဉ် တည်ဆောက်နိုင်ခဲ့မည် ဆိုပါက...

ထိုအချိန်ကျလျှင် သူက ချန်ပိုင်တောင်တန်းတွင် လုံးဝ ဘုရင် တစ်ဆူ ဖြစ်သွားတော့မည် ဖြစ်သည်။

"အားလုံးပဲ စိတ်ချပါ... ကျားနဲ့ တောဝက်ကလွဲရင် ကျန်တဲ့ အကောင်တွေကို နည်းနည်း ဂရုစိုက်လိုက်ရင် ပြဿနာ မရှိပါဘူး"

ရွှီယန်က အားလုံးကို ပြောလိုက်သည်။

သူ၏ လက်ထဲတွင် မြက်ခုတ်ဓား တစ်ချောင်း ကိုင်ထားပြီး ခါးတွင်လည်း ဓားတစ်လက် ချိတ်ဆွဲထားသဖြင့် သာမန် တိရစ္ဆာန်များကိုတော့ သူ တကယ် မကြောက်ပေ။

ရွှီယန်က တစ်ခုခုကို သတိရသွားပြီး ပြုံးကာ ပြောလိုက်သည်။

"အားလုံးကို မေးခွန်း တစ်ခု မေးမယ်... လူတွေ မွေးကတည်းက ဘာလို့ ငိုကြတာလဲ ပြီးတော့ ဘာလို့ အဲ့ဒီလောက် အသံကျယ်ကျယ်နဲ့ ငိုကြတာလဲ ဆိုတာကို အားလုံး သိကြလား"

ရွှီယန်၏ မေးခွန်းကို ကြားလိုက်ရသောအခါ တိုက်ရိုက်ထုတ်လွှင့်မှု အတွင်းရှိ ကြည့်ရှုသူ သောင်းဂဏန်းခန့်မှာ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။

'ဒါ ဘာမေးခွန်းကြီးလဲ….ကလေးတွေက ဘာလို့ ငိုကြတာလဲ ဟုတ်လား’

ရွှီယန်က ဆက်ပြောလိုက်သည်။ "ကျွန်တော် ဆိုလိုချင်တာက... သဘာဝတရားကြီးထဲမှာ တချို့ တိရစ္ဆာန် အကောင်ပေါက်လေးတွေက မွေးကတည်းက ပြေးနိုင်တယ် အသက်လုပြီး ပြေးကြရတယ်"

"မပြေးနိုင်တဲ့ အကောင်တွေက အသတ်ခံရတယ်"

"တချို့ အကောင်ပေါက်လေးတွေကတော့ မွေးကတည်းက ကာကွယ်စောင့်ရှောက်မှု ခံရတယ်... အာဖရိကက ခြင်္သေ့တွေတောင်မှ ဝေးလံတဲ့ နေရာတွေမှာ ကလေး သွားမွေးကြရတယ်"

"လူသား ကလေးတွေကတော့ မွေးကတည်းက အော်ငိုကြတယ် အဲ့ဒါတောင်မှ တစ်နှစ် နှစ်နှစ်လောက်ကို အော်ငိုကြတာ... ပြီးတော့ ရှေးခေတ်ကတည်းက အဲ့ဒီလိုပဲ... ရှေးခေတ်က လူတွေက သူတို့ရဲ့ နေရာကို သားရဲတိရစ္ဆာန်တွေ သိသွားမှာကို မကြောက်ကြဘူးလား"

တိုက်ရိုက်ထုတ်လွှင့်မှု အတွင်းတွင် အနည်းငယ် တိတ်ဆိတ်နေခဲ့သော်လည်း ရွှီယန်၏ မေးခွန်းက အားလုံး၏ စိတ်ဝင်စားမှုကို ချက်ချင်း နှိုးဆွပေးလိုက်လေသည်။

'ဟုတ်သားပဲ’

ဘာလို့ တချို့ တိရစ္ဆာန်တွေက မွေးကတည်းက ပြေးနိုင်ပြီး လူသား ကလေးတွေကတော့ မွေးကတည်းက ငိုနေကြတာလဲ... အဲ့ဒါတောင် နေ့တိုင်း ငိုတယ် ခြောက်လ တစ်နှစ်လောက် အထိကို ငိုကြတာ။

ထိုအချိန်တွင် ရွှီယန်က ရပ်တန့်လိုက်ပြီး ကုန်းမြင့် တစ်ခုပေါ်တွင် ရပ်ကာ အောက်ဘက်ရှိ စိမ်းလန်းစိုပြည်နေသော သစ်တောကြီးကို ငုံ့ကြည့်ရင်း အေးဆေးစွာ ပြောလိုက်သည်။

"အဖြေက အရမ်း ရှင်းပါတယ်... စကားလုံး နှစ်လုံးတည်းပါပဲ"

"မကြောက်လို့ပါ"

"ပုံမှန် အခြေအနေမှာ ဘယ်သားရဲတိရစ္ဆာန်ကမှ လူသား ကလေးတွေကို အမဲမလိုက်ရဲပါဘူး... ဘာလို့လဲဆိုတော့ တိရစ္ဆာန် တစ်ကောင်ကများ လူသား ကလေး တစ်ယောက်ကို အမဲလိုက်မိပြီ ဆိုရင်... နောက်ဆိုရင် မုဆိုးတွေက ဆယ်မိုင် ပတ်လည်မှာ ရှိတဲ့ အဲ့ဒီလို တိရစ္ဆာန် မျိုးစိတ် အကုန်လုံးကို မျိုးတုံးသွားတဲ့ အထိ သတ်ပစ်ကြလို့ပါ"

"ဒီလို လုပ်ရပ်မျိုးက လူသားတွေကို ကြီးမားတဲ့ စိန်ခေါ်မှု တစ်ခု လုပ်လိုက်တာလို့ သတ်မှတ်ကြပြီး မုဆိုးတွေက လုံးဝ ခွင့်မလွှတ်ကြပါဘူး"

"ရိုးရိုးလေး ပြောရရင်... ကြမ်းတမ်းတဲ့ ကျားရယ် ဦးနှောက်မရှိတဲ့ တောဝက်ရယ် ကလွဲရင် ကျန်တဲ့ တိရစ္ဆာန်တွေက လူသားတွေကို လုံးဝ မနှောင့်ယှက်ရဲကြပါဘူး... ကျားတောင်မှ လူတွေ နေထိုင်တဲ့ နယ်မြေထဲကို ဝင်လာရင် အလန့်တကြား ဖြစ်နေတတ်ပါတယ်"

"လူအများကြီးကို မြင်ရင် သူတို့က ကြောက်ကြတယ်"

"အတွေ့အကြုံ ရင့်ကျက်တဲ့ မုဆိုးတွေက တောနက်ကြီးထဲကို ဝင်ရင် အန္တရာယ်ကို လုံးဝ မကြောက်ကြဘူး... ဘာလို့လဲဆိုတော့ သူတို့က သတ္တဝါ အားလုံးရဲ့ အထက်မှာ ရှိတယ် ဆိုတာကို သူတို့ကိုယ်သူတို့ သိနေလို့ပဲ"

"အဲ့ဒါကြောင့် အားလုံး စိတ်မပူကြပါနဲ့ ဘာအန္တရာယ်မှ မရှိပါဘူး"

ရွှီယန်၏ အသံက ညင်သာပြီး နားထောင်လို့ အလွန် ကောင်းမွန်လေသည်။

သို့သော် သူ ပြောလိုက်သော စကားများကတော့ အားလုံးကို မိုးကြိုးပစ်ချလိုက်သကဲ့သို့ အလွန် အံ့အားသင့်သွားစေခဲ့သည်။

မူလက လူအများအပြားက ရွှီယန်၏ လုံခြုံရေးကို စိုးရိမ်နေခဲ့ကြသော်လည်း သူ၏ စကားကို ကြားလိုက်ရသောအခါ သစ်တော၏ ဘုရင်မှာ လူသားများသာ ဖြစ်ကြောင်း သိလိုက်ရသဖြင့်...

အားလုံးက အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။

'လူသားတွေက ဒီလောက်တောင် စွမ်းတာလား..’

'ကျွန်တော် ဘာလို့ မသိတာလဲ..’

'ချန်ပိုင်တောင်တန်းကို မဆိုထားနဲ့... ကျွန်တော်တို့ ရွာက တောင်ကုန်းလေးကိုတောင် ကျွန်တော် မသွားရဲဘူးလေ..’

မြို့ပေါ်တွင် နေထိုင်သူများနှင့် တောင်ပေါ်တွင် နေထိုင်သူများ၏ တောင်တန်းအပေါ် အမြင်ကလည်း မတူညီကြပေ။

ရွှီယန်က တောင်တန်းများနှင့် အလွန် ရင်းနှီးကျွမ်းဝင်လေသည်။

တိရစ္ဆာန်များကလည်း မတုံးအကြပေ။ တောင်ပေါ်တွင် ဤမျှ အချိန်ကြာမြင့်စွာ နေထိုင်လာကြပြီးနောက် မည်သူက အကြီးအကဲ ဖြစ်ကြောင်းကို သူတို့ ကောင်းစွာ သိရှိကြလေသည်။

တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းထဲတွင် ရွှီယန်က အောက်ဘက်ရှိ မြင်ကွင်းကို ငုံ့ကြည့်နေသည်ကို မြင်လိုက်ရသောအခါ ဘာကြောင့်မှန်း မသိသော်လည်း ဤအခိုက်အတန့်တွင် ရွှီယန်၏ ပုံရိပ်က အလွန် ကြီးမား ခန့်ညားလာသကဲ့သို့ အားလုံးက ခံစားလိုက်ရသည်။

မျက်စိဖြင့် မမြင်ရသော စွမ်းအင် အရှိန်အဝါ တစ်ခု ရှိနေသကဲ့သို့ပင်။

"အစ်ကိုယန်... ကျွန်တော် အရှုံးပေးပါတယ်... အစ်ကိုက တကယ်ပဲ"

"ချန်ပိုင်တောင်တန်း ရှုပ်မရှုပ် ဆိုတာကို အစ်ကိုယန်ကပဲ ဆုံးဖြတ်မှာ"

"ဟိုက်... ဒီအဓိပ္ပာယ်က တောင်ပေါ်မှာ လူသားတွေက အကြီးအကဲ ဆိုတဲ့ သဘောလား... ဒီလောက်တောင် စွမ်းတာလား"

"လူအများကြီး အတူတူ သွားမယ် ဆိုရင်တော့ သေချာပေါက် ဘာမှ ကြောက်စရာ မလိုပါဘူး... ဒါပေမယ့် တစ်ယောက်တည်း တောင်ပေါ်တက်တာကတော့ အရမ်း အန္တရာယ် များလွန်းတယ်"

"အစ်ကိုကြီးက အတွေ့အကြုံ များပါတယ်... အားလုံးပဲ စိတ်ချလက်ချ ကြည့်ကြပါ... ကျွန်တော် ကြည့်နေတာ ရက်အနည်းငယ် ရှိပြီ ဒီတိုက်ရိုက်ထုတ်လွှင့်သူက တကယ်ကို တော်တာ"

"ဟုတ်တယ်... လောင်ရွှီ ရဲ့ စွမ်းရည်က တော်တော်လေး ကောင်းတယ် ကျွန်တော်က အရှေ့မြောက်ဘက် တောင်ပေါ်ရွာလေးမှာ နေတာ... ရွာထဲက အတွေ့အကြုံ အများဆုံး မုဆိုးကြီးထက်တောင် သူက ပိုတော်တယ်လို့ ခံစားရတယ်"

"ဘယ်လိုပဲဖြစ်ဖြစ် သူက တောဝက်ကြီးကို အောင်နိုင်ခဲ့တဲ့ ယောကျ်ား တစ်ယောက်ပဲလေ"

မှတ်ချက်များက အလွန်ပင် စည်ကားနေလေသည်။

ရွှီယန်ကတော့ တောနက်ကြီးထဲသို့ ဆက်လက် ဝင်ရောက်သွားလေသည်။

တစ်နေ့ဝက်လုံး လမ်းလျှောက်ခဲ့ရပြီး တောင်တစ်လုံးကို ကျော်ဖြတ်ပြီးနောက် တောနက်ကြီးထဲသို့ နောက်ဆုံးတွင် ရောက်ရှိသွားလေပြီ။

တောနက်ကြီး၏ မြေမျက်နှာပြင်က အလွန် ရှုပ်ထွေးလေသည်။ တစ်ခါတစ်ရံတွင် ပြန့်ပြူးသော မြေပြင် ဖြစ်နေတတ်ပြီး တစ်ခါတစ်ရံတွင်တော့ ရှေ့၌ မတ်စောက်သော ကျောက်တောင်ကြီးများ ဖြစ်နေတတ်သည်။

ပတ်ဝန်းကျင်ရှိ အပင် အရေအတွက်ကလည်း သိသိသာသာ များပြားလာပြီး ဆေးဘက်ဝင် အပင်များနှင့် တောဟင်းရွက် အမြောက်အမြားကိုပင် မြင်တွေ့နေရလေသည်။

ရွှီယန်က စက္ကူမြေပုံကို ထုတ်ယူကာ သူ၏ ဖုန်းမှ ကိုဩဒိနိတ်များကို အတည်ပြုပြီးနောက် မြေပုံပေါ်တွင် မှတ်သားလိုက်ကာ စက်ဝိုင်းခြမ်းဖြင့် အကွာအဝေးကို ချိန်ညှိပြီး စက်ဝိုင်း တစ်ခု ရေးဆွဲလိုက်လေသည်။

ကွန်ရက်သုံးစွဲသူများက သူ၏ ကျွမ်းကျင်မှုကို ထပ်မံ ချီးကျူးလိုက်ကြပြန်သည်။

တစ်နေ့ဝက်လုံး လမ်းလျှောက်ပြီးနောက် ရွှီယန်က ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို ပထမဆုံး အကြိမ် အဖြစ် အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။

မျက်စိဖြင့် မမြင်ရသော သံလိုက်အိမ်မြှောင်က သုံးကီလိုမီတာ ပတ်လည်ကို စကင်ဖတ်လိုက်လေသည်။

လက်ရှိ ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်က အောက်ဘက်သို့ တစ်မီတာ အနက်အထိသာ စကင်ဖတ်နိုင်ပြီး တစ်မီတာထက် ကျော်လွန်ပါက စကင်ဖတ်၍ မရတော့ပေ။ ထို့ကြောင့် ကျောက်ဖြစ်ရုပ်ကြွင်းများ၊ သင်္ချိုင်းများ အစရှိသည့် ရတနာများကို မရှာဖွေနိုင်ပေ။

နောင်တွင် အဆင့်တက်လာပါက အာနိသင် ပိုမို ကောင်းမွန်လာမည် ဖြစ်သည်။

မကြာမီမှာပင် ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်က ရတနာ တစ်ခု ရှိရာ နေရာကို ပြသပေးလိုက်လေသည်။

ရွှီယန်က ထိုနေရာသို့ ချက်ချင်း သွားရန် အလောတကြီး မလုပ်ဘဲ ဖြည်းညင်းစွာ ဆက်လက် လျှောက်လှမ်းရင်း လမ်းတစ်လျှောက်တွင် အခြား တောင်ထွက်ပစ္စည်းများ ရှိမရှိကိုပါ လိုက်လံ ကြည့်ရှုနေလေသည်။

လမ်းတစ်လျှောက်တွင် သူက ပစ္စည်းကောင်း အများအပြားကို တွေ့ခဲ့ရပြီး သယ်ဆောင်ရ လွယ်ကူသော လင်ဇီးနီ ကဲ့သို့သော အရာများကို ခူးယူခဲ့ပြီး ဧရိယာ အကျယ်ကြီး ပေါက်ရောက်နေသော ဆေးဘက်ဝင် အပင်များကိုတော့ ကြည့်ရုံသာ ကြည့်ခဲ့ရလေသည်။

တောင်ပေါ်တွင် နေရာတိုင်း၌ ရတနာများ အပြည့် ရှိနေလေသည်။

"ဒီနေရာက လူတွေ မရောက်တာ အရမ်း ကြာနေပြီ ထင်တယ်"

"ဝင်လာဖို့လည်း မလွယ်ဘူးလေ"

ရွှီယန်က မြက်ခင်းပြင်ပေါ်တွင် လျှောက်လှမ်းရင်း ပြောလိုက်သည်။

မကြာမီမှာပင် ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် ပြသထားသော နေရာသို့ သူ ရောက်ရှိသွားလေသည်။

ရှေ့တွင် ရုတ်တရက် ပြတ်ကျနေသော ချောက်ကမ်းပါး တစ်ခု ရှိနေပြီး မြက်ပင်များ အပြည့် ပေါက်ရောက်နေကာ နွယ်ပင် အချို့ကလည်း အောက်သို့ တွဲလောင်းကျနေလေသည်။

အောက်သို့ ကြည့်လိုက်ရာ သိပ်မမြင့်လှဘဲ ဆယ်မီတာခန့်သာ ရှိလေသည်။

"ပစ္စည်းကောင်း တစ်ခုခု ရှိပုံရတယ်"

ရွှီယန်က အောက်ဘက်သို့ ကြည့်ရင်း ပြောလိုက်သည်။

ကြည့်ရှုသူများ လုံးဝ ကြောင်အမ်းအမ်း ဖြစ်သွားရမည့် အချိန်သို့ ရောက်ရှိလာပြန်ပြီ ဖြစ်သည်။

အားလုံးက မြင်ကွင်းထဲတွင် မည်သည့် ပစ္စည်းကောင်း ရှိနေမှန်းကို လုံးဝ မသိကြပေ။

တောတောင်ရှာဖွေရာတွင် အသိပညာနှင့် အတွေ့အကြုံ လိုအပ်ပြီး သာမန်လူများက တောင်ပေါ်သို့ ဝင်ရောက်ကာ ပစ္စည်းကောင်းများနှင့် တွေ့လျှင်တောင်မှ ပေါင်းပင်များ အဖြစ်သာ သတ်မှတ်ကြမည် ဖြစ်သည်။

"ဘာပစ္စည်းကောင်းလဲ... ငါ ဘာမှ မတွေ့ပါလား"

"ဘာတွေ တွေ့လဲ တိုက်ရိုက်သာ ပြောလိုက်ပါ... ဘယ်လောက် တန်လဲ ဆိုတာပါ တစ်ခါတည်း ပြော... ငါက အချိန်လုနေရတာ"

"တစ်ခုခု ထပ်တွေ့ပြန်ပြီလား"

ရွှီယန်က ချောက်ကမ်းပါး ဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ ချောက်ကမ်းပါးပေါ်တွင် ပေါက်ရောက်နေသော အစိမ်းရောင် အပင် တစ်ချို့ကို လက်ညှိုးထိုးပြရင်း ပြုံးကာ ပြောလိုက်သည်။

"သေချာ မသိသေးလို့ ကြည့်လိုက်တာ... တကယ်ပဲ ဟုတ်နေတယ်"

"ဒါကို သစ်ခွစိမ်း လို့ ခေါ်တယ်... ဆေးဘက်ဝင် အပင် တစ်မျိုးပဲ မတ်စောက်တဲ့ ကျောက်တောင်တွေနဲ့ အရမ်း မြင့်တဲ့ သစ်ပင်တွေပေါ်မှာပဲ ပေါက်လေ့ရှိတယ်... တောရိုင်း သစ်ခွစိမ်းက အရမ်း ရှားပါးတယ်"

"ဒါက ပစ္စည်းကောင်းပဲ... ၉ မျိုးသော နတ်ဆေးပင်တွေထဲမှာ ပထမဆုံး အပင်ပဲ... ဈေးနှုန်းကလည်း ဂရမ် နဲ့ တွက်ပြီး ရောင်းရတာ"

"ဒါပေမယ့် တောရိုင်း သစ်ခွစိမ်းက နိုင်ငံတော်အဆင့် နှစ် ကာကွယ်စောင့်ရှောက်ရမယ့် အပင် ဖြစ်ပြီး ဝယ်တဲ့သူရော ရောင်းတဲ့သူရော အပြစ်ရှိတယ်... အခု တောင်ပိုင်းမှာ သစ်ခွစိမ်းတွေကို ကိုယ်တိုင် စိုက်ပျိုးလာကြပြီ ဆိုတော့ တောရိုင်း သစ်ခွစိမ်းတွေကို ခူးဖို့ လုံးဝ မလိုအပ်တော့ပါဘူး"

ပေါင်းပင်များနှင့် ဆင်တူသော ပင်စည်ရှည်လျားသည့် အပင်တစ်ပင်က မြင်ကွင်းထဲတွင် ပေါ်ထွက်လာသော်လည်း ကွန်ရက်သုံးစွဲသူများက ဤအပင်၏ ထူးခြားချက်ကို လုံးဝ မမြင်နိုင်ကြပေ။

'မင်း ဟုတ်တယ် ပြောရင်လည်း ဟုတ်တာပေါ့... မင်းက နားလည်တဲ့သူပဲလေ’

ထိုအချိန်တွင် ရွှီယန်က ထပ်မံ၍ မေးလိုက်သည်။

"သစ်ခွစိမ်းမှာ မျိုးကွဲတွေ အများကြီး ရှိတယ်... ဒီမျိုးကွဲက အတော်လေး ကောင်းတဲ့ မျိုးကွဲထဲမှာ ပါတယ်... ဘယ်မျိုးကွဲလဲဆိုတာ သိတဲ့သူ ရှိလား"

ရွှီယန်၏ မေးခွန်းက အတော်လေး ဖြေရခက်လေသည်။ ကွန်ရက်သုံးစွဲသူ အများစုက သစ်ခွစိမ်းကိုပင် မသိကြရာ မျိုးကွဲကို မည်သို့ သိနိုင်မည်နည်း။

သို့သော် ဤကွန်ရက်သုံးစွဲသူများက အလွန် တော်ကြသည်။ မည်သည့် ကိစ္စကိုမဆို ဝင်ရောက် ပြောဆိုနိုင်ကြလေသည်။

ထို့ကြောင့် လူတစ်ယောက်က ဤသို့ ပြန်ဖြေလိုက်လေသည်။

"၈၂ ခုနှစ်က ထုတ်တဲ့ မျိုးကွဲနဲ့ တူတယ်"

ထိုမှတ်ချက်ကို မြင်သောအခါ ရွှီယန်ပင် ရယ်မောလိုက်မိလေသည်။

"ဒါက ၈၂ ခုနှစ်က ထုတ်တဲ့ သစ်ခွစိမ်း မဟုတ်ပါဘူး... သစ်ခွစိမ်းက အဲ့ဒီလောက် အသက်မရှည်ပါဘူး"

"ဒါက သံမဏိ သစ်ခွစိမ်း ပါ"

"တောရိုင်း သံမဏိ သစ်ခွစိမ်းက ၉ မျိုးသော နတ်ဆေးပင်တွေထဲမှာ ပထမဆုံး အပင်ပါ... ၉ မျိုးသော နတ်ဆေးပင်တွေကတော့... သစ်ခွစိမ်း၊ ထျန်းဆန်း နှင်းကြာပန်း၊ သုံးကျင်းလေးတဲ့ ဂျင်ဆင်း၊ နှစ်တစ်ရာ အထက် ဟောရှို့ဝူ၊ အနှစ်ခြောက်ဆယ် သက်တမ်းရှိ ဖူလင်း၊ တောနက်ကြီးထဲက လင်ဇီး၊ ပင်လယ်အောက်ခြေက ပုလဲ၊ ဆောင်းရာသီ ပိုးကောင် နွေရာသီ မြက်ပင်၊ နဲ့ မအိုဆေးပင် တို့ပဲ ဖြစ်ပါတယ်"

"အများစုက ကာကွယ်စောင့်ရှောက်ထားတဲ့ အပင်တွေပါ"

ရွှီယန်က ရှင်းပြလိုက်သည်။

တကယ်တမ်းတွင် တောတောင်ရှာဖွေသူ အများစုက ကာကွယ်စောင့်ရှောက်ထားသော ဆေးဘက်ဝင် အပင်များကို တွေ့ရှိပါက ခူးယူလေ့ ရှိကြသည်။

တိတ်တဆိတ် အရောင်းအဝယ် ပြုလုပ်ပါက တိုင်ကြားသူ မရှိလျှင် ကိစ္စမရှိပေ။ အများအားဖြင့်လည်း တိုင်ကြားသူ မရှိကြပေ။

ရွှီယန်က တိုက်ရိုက်ထုတ်လွှင့်မှု ပြုလုပ်နေသဖြင့် လုံးဝ ခူးယူ၍ မရနိုင်ခြင်းက တစ်ကြောင်း... အခြား တစ်ကြောင်းမှာ သူက ဥပဒေကို အလွန် လိုက်နာပြီး ခေတ်သစ် လူငယ်များ၏ ကောင်းမွန်သော ကိုယ်ကျင့်တရားကို ထိန်းသိမ်းထားသောကြောင့် ဖြစ်သည်။

တကယ်တမ်းတွင် တောရိုင်း သစ်ခွစိမ်း တစ်ပင်က ယွမ် ရာဂဏန်းခန့်သာ တန်ဖိုးရှိသဖြင့် ခူးယူရန် မလိုအပ်ပေ။

ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်၏ ပထမဆုံး ပြသမှုမှာ နိုင်ငံတော်အဆင့် ကာကွယ်စောင့်ရှောက်ရမည့် အပင် ဖြစ်သော တောရိုင်း သံမဏိ သစ်ခွစိမ်း ဖြစ်နေလေသည်။

ခူးယူ၍ မရပေ။

ရွှီယန်၏ စိတ်နေသဘောထားက အလွန် ကောင်းမွန်လေသည်။ ခဏတာ ကြည့်ရှုပြီးနောက် သူက တောနက်ကြီးထဲသို့ ဆက်လက် ထွက်ခွာသွားတော့သည်။

All Chapters