← Chapters

အခန်း ၅၅

Vol. 6 Ch. 55

အခန်း ၅၅

Vol. 6 Ch. 55

အခန်း (၅၅) ရှောင်ဟေး - အားလုံးက ခွေးတွေချည်းပဲကို၊ အဲ့ဒီလောက်တောင် လုပ်ရလား...

"ကားတစ်စီးတော့ ဝယ်မှရမယ်... အမြဲတမ်း သုံးဘီးဆိုင်ကယ်ပဲ စီးနေလို့ မဖြစ်ဘူး"

"လမ်းနည်းနည်း မတ်တာနဲ့ သွားရလာရ ခက်နေပြီ"

ရွှီယန်က လျှပ်စစ်သုံးဘီးဆိုင်ကယ်ကို မောင်းနှင်ရင်း စိတ်ထဲမှ တွေးတောနေမိသည်။

လက်ရှိ လယ်ယာခြံဝင်းထဲတွင် ကားနှစ်စီး ရှိသည်။ တစ်စီးက ပစ္စည်းအနည်းငယ်သာ တင်နိုင်သော သေးငယ်ပြီး ဟောင်းနွမ်းနေသည့် လျှပ်စစ်သုံးဘီးဆိုင်ကယ် ဖြစ်ပြီး၊ နောက်တစ်စီးကတော့ မြင်းကောင်ရေအားကောင်းပြီး ဝန်တင်နိုင်စွမ်း မြင့်မားသည့် ဒီဇယ်အင်ဂျင်သုံး သုံးဘီးဆိုင်ကယ်အသစ် ဖြစ်သည်။

သို့သော် နှစ်စီးစလုံးက နေ့စဉ် သွားလာလှုပ်ရှားရန်အတွက် သိပ်မသင့်တော်ပေ။ ကားလေးတစ်စီး ဝယ်လိုက်ခြင်းက အကောင်းဆုံးနှင့် အဆင်ပြေဆုံး ဖြစ်သည်။

ရွှီယန်က မြို့နယ်ရှိ ခွေးမွေးမြူရေးခြံသို့ ခွေးသွားရွေးရန် တိုက်ရိုက် ထွက်လာခဲ့သည်။

သူက သွေးနှောမပါသော မျိုးရိုးသန့် ခွေးတစ်ကောင်ကို ရွေးချယ်ရန် ရည်ရွယ်ထားသည်။ တရုတ် တိုင်းရင်းဖွားခွေးများက မကောင်း၍ မဟုတ်ဘဲ၊ ထိုခွေးများ၏ မျိုးရိုးက အလွန် ရောနှောနေပြီး အကောင်းအဆိုး ရောပြွမ်းနေကာ အများစုမှာ အလွန် သာမန်ဆန်လွန်းသောကြောင့် ဖြစ်သည်။

ရှောင်ဟေးကတော့ မျိုးရိုးကောင်းထဲတွင် ပါဝင်ပြီး ခန္ဓာကိုယ် အချိုးအစား အလွန် ပြေပြစ်ကာ ဉာဏ်လည်းကောင်းသည်။

သို့သော် သူတစ်ကောင်တည်းနှင့်တော့ သေချာပေါက် မလုံလောက်ပေ။

ရွှီယန်၏ အကြံအစည်မှာ ဝံပုလွေခွေး သို့မဟုတ် မာလီနွိုက် ကဲ့သို့သော အနည်းငယ် ခန့်ညားကြမ်းတမ်းသည့် ခွေးမျိုးကို မွေးမြူရန် ဖြစ်သည်။

မကြာမီမှာပင် ရွှီယန်က မွေးမြူရေးခြံ၏ ခြံဝင်းအပြင်ဘက်သို့ ရောက်ရှိလာသည်။ ခြံဝင်းက အလွန် ကျယ်ဝန်းပြီး အတွင်း၌ ခွေးလှောင်အိမ်များ အများအပြား ရှိကာ ခွေးများလည်း အများအပြား မွေးမြူထားသည်။

ခွေးဝယ်မည်ဆိုပါက တရားဝင် လမ်းကြောင်းမှ ဝယ်ယူခြင်းက ပိုကောင်းသည်။ အိမ်မွေးတိရစ္ဆာန် အရောင်းဆိုင်များမှ ဝယ်ယူပါက ဈေးအနည်းငယ် ကြီးသော်လည်း အာမခံချက် ရှိပြီး ကာကွယ်ဆေး မှတ်တမ်းများလည်း အပြည့်အစုံ ပါရှိသည်။

အကယ်၍ အွန်လိုင်းမှ ဝယ်ယူခြင်း သို့မဟုတ် ခွေးဈေးတန်းများမှ ဝယ်ယူခြင်းမျိုး ဆိုပါက တစ်ပတ်ခံခွေး (ရောဂါရှိပြီး ဆေးထိုးထားသောခွေး) များကို ဝယ်မိရန် လွယ်ကူပြီး ရက်အနည်းငယ် မွေးပြီးသည်နှင့် သေဆုံးသွားကာ အသက်ရှင်အောင် မွေးမြူ၍ မရနိုင်ပေ။

ရွှီယန်က တရားဝင် လမ်းကြောင်းမှတစ်ဆင့် လာရောက်ခြင်း ဖြစ်သည်။ မွေးမြူရေးခြံ၏ ခြံဝင်းက အိမ်မွေးတိရစ္ဆာန် အရောင်းဆိုင်များကဲ့သို့ သပ်ရပ်နွေးထွေးမှု မရှိသော်လည်း မွေးမြူထားသော ခွေးများက ကျန်းမာရေး ကောင်းမွန်သော ခွေးကောင်းများ ဖြစ်ကြသည်။

သူက ကားကို ရပ်ကာ ခြံဝင်းထဲသို့ ဝင်သွားလိုက်သည်။ ဆံပင်တိုတိုနှင့် အသားအနည်းငယ် မဲ​သော လူလတ်ပိုင်း တစ်ယောက်က ထွက်လာပြီး ရွှီယန်ကို ဆီးကြို နှုတ်ဆက်လေသည်။

ရွှီယန် လာရောက်သော ဤမွေးမြူရေးခြံကို ရွာထဲမှ တိရစ္ဆာန်ဆရာဝန် လျိုဖေးဟူက မိတ်ဆက်ပေးလိုက်ခြင်း ဖြစ်သည်။ လျိုဖေးဟူမှာ ရွာထဲတွင် နာမည်အလွန်ကြီးသူ ဖြစ်သည်။ တစ်ဖက်တွင် သူ၏ ဆေးကုသမှု စွမ်းရည်က မြင့်မားသဖြင့် လူကြိုက်များသလို၊ အခြားတစ်ဖက်တွင်လည်း သူက ယုံကြည်စိတ်ချရသူ တစ်ဦး ဖြစ်သောကြောင့်တည်း။

သူက ယခင်က တိရစ္ဆာန်ဆေးကုခန်းမှ ဆရာဝန် တစ်ဦး ဖြစ်ပြီး ယခုအခါ အငြိမ်းစား ယူထားကာ ပုံမှန်အားဖြင့် ရွာသားများ၏ တိရစ္ဆာန်များကို ဆေးကုသပေးရင်း နေ့စဉ် အလုပ်များနေတတ်သည်။

"ဆရာဝန်လျို မိတ်ဆက်ပေးလိုက်လို့ပါ... ခင်ဗျားဆီက ခွေးတွေက အကောင်းဆုံးဖြစ်ပြီး ကာကွယ်ဆေးတွေလည်း အပြည့်အစုံ ထိုးထားတယ် ဆိုလို့"

"ကျွန်တော် လာရွေးတာပါ... အိမ်စောင့် ခြံစောင့်နိုင်တဲ့ နည်းနည်း ကြမ်းကြမ်းတမ်းတမ်း ကောင်မျိုးကို ရွေးချယ်ချင်လို့" ရွှီယန်က လူလတ်ပိုင်း အမျိုးသားကို ပြောလိုက်သည်။

"နည်းနည်း ကြမ်းတာလား... ဝံပုလွေခွေးရယ်၊ လာဘရာဒေါ ရယ်၊ ဟက်စကီနဲ့ မာလီနွိုက်တွေ ရှိတယ်... ဘယ်လိုမျိုး လိုချင်တာလဲ"

"အခုလေးတင် ခွေးပေါက်လေးတွေ တစ်သုတ် ထွက်ထားတယ် ကျွန်တော်တို့ အပြင်ထုတ်ရောင်းမလို့ လုပ်နေတာ... မင်း အရင် လာရွေးကြည့်လိုက်လေ" လူလတ်ပိုင်း အမျိုးသားက ရွှီယန်ကို အထဲသို့ ခေါ်ဆောင်သွားရင်း ပြောလိုက်သည်။

"ဟုတ်ကဲ့... ကျွန်တော် ကြည့်လိုက်ပါဦးမယ်"

မကြာမီမှာပင် ရွှီယန်က အခန်းတစ်ခန်းထဲသို့ ရောက်ရှိသွားသည်။

ခွေးပေါက်လေးများကို လှောင်အိမ်များထဲတွင် ထည့်ထားပြီး အချို့က ဝပ်၍ အနားယူနေကြကာ အချို့ကတော့ အပြင်ဘက်ကို သိချင်စိတ်ဖြင့် လိုက်လံ ကြည့်ရှုရင်း သူတို့၏ အနာဂတ် ကံကြမ္မာကို ကြိုဆိုရန် ပြင်ဆင်နေကြသည်။

တစ်ကောင်ချင်းစီက ကြည့်ရသည်မှာ လိမ္မာပြီး ချစ်စရာ ကောင်းနေကြသည်။

ခွေးတွေ ဒီလောက် အများကြီး ရှိနေသဖြင့် ရွှီယန်က သေချာ ရွေးချယ်ရန် ရည်ရွယ်ထားလိုက်သည်။

သူ အခန်းထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် လှောင်အိမ် တစ်ခုထဲရှိ မာလီနွိုက် ခွေးပေါက်လေး အချို့ကို မြင်တွေ့လိုက်ရသည်။

မာလီနွိုက် ခွေးများက သခင်အပေါ် အလွန် သစ္စာရှိပြီး ခိုင်းစေချက်ကို တိကျစွာ လိုက်နာနိုင်စွမ်း အလွန် မြင့်မားသဖြင့် အိမ်စောင့် ခြံစောင့်ရန်အတွက် ပထမဆုံး ရွေးချယ်စရာ ဖြစ်သည်။ ရွှီယန် ဝယ်ရန် ရည်ရွယ်ထားသည်မှာလည်း မာလီနွိုက်ပင် ဖြစ်သည်။

သူက ချက်ချင်းပင် အနီးသို့ သွားရောက် ကြည့်ရှုလိုက်သည်။ လူတစ်ယောက် လာသည်ကို မြင်သောအခါ မာလီနွိုက် ခွေးပေါက်လေးများက အပေါ်သို့ အဆက်မပြတ် ခုန်ပေါက်နေကြပြီး တစ်ကောင်ချင်းစီက အလွန် သွက်လက် တက်ကြွနေကြသည်။

ရွှီယန်က တစ်ကောင်ကို ပွေ့ချီကာ သေချာစွာ စစ်ဆေး ကြည့်ရှုလိုက်သည်။

ထိုကောင်လေးက မူလက ဆူညံစွာ ခုန်ပေါက်နေသော်လည်း ပွေ့ချီခံလိုက်ရသည်နှင့် တစ်ပြိုင်နက် ချက်ချင်း ငြိမ်ကျသွားတော့သည်။

"သူဌေး... ဒါတွေက အသက် ဘယ်လောက် ရှိပြီလဲ" ရွှီယန်က မေးမြန်းလိုက်သည်။

"အကုန်လုံး နှစ်လသားတွေချည်းပဲ"

"ကာကွယ်ဆေး ဘယ်နှစ်ကြိမ် ထိုးပြီးပြီလဲ"

"နှစ်ကြိမ်... အကုန် ထိုးပြီးသွားပြီ"

ရွှီယန်က ရွေးချယ်ကြည့်ပြီးနောက် နောက်ဆုံးတွင် ခန္ဓာကိုယ် အနည်းငယ် တောင့်တင်းပြီး အမွေးအရောင် အနည်းငယ် နီတျာတျာ ရှိသော မာလီနွိုက် တစ်ကောင်ကို ရွေးချယ်လိုက်သည်။

မာလီနွိုက် ခွေးများ၏ မျက်နှာက အမည်းရောင် ဖြစ်ပြီး ခန္ဓာကိုယ်ရှိ အမွေးများက အဝါနုရောင် ဖြစ်ကာ အချို့က အနည်းငယ် နီတျာတျာ အရောင် ရှိတတ်သည်။

ရွှီယန်က ခွေးများအကြောင်း နားလည်သဖြင့် ရွေးချယ်လိုက်သည်မှာ သဘာဝကျစွာပင် အကောင်းဆုံး တစ်ကောင် ဖြစ်လေသည်။

ထို့နောက် ဈေးနှုန်း မေးမြန်းလိုက်ရာ ယွမ် ၇၀၀ ဖြင့် ဝယ်ယူလိုက်သည်။

မာလီနွိုက် ခွေးများ၏ ဈေးနှုန်းမှာ ယေဘုယျအားဖြင့် ယွမ် ၆၀၀ မှ ၁၀၀၀ ကြားတွင် ရှိပြီး မျိုးရိုး ကောင်းပါက အနည်းငယ် ပို၍ ဈေးကြီးတတ်သည်။

ရွှီယန် ရွေးချယ်လိုက်သော ဤမာလီနွိုက် ခွေးပေါက်လေးမှာ သွေးနှောမပါသော မျိုးရိုးသန့်ပြီး မျိုးဗီဇ အလွန် ကောင်းမွန်သော ခွေးလေးပင် ဖြစ်သည်။

ဤကဲ့သို့သော ခွေးကောင်းမျိုးကို ပထမအဆင့် ဈေးကွက်သို့ လာရွေးမှသာ ဝယ်ရလွယ်ကူမည် ဖြစ်ပြီး ဒုတိယအဆင့် ဈေးကွက်သို့ ရောက်သွားပါက ဝယ်ရန် မလွယ်ကူတော့ပေ။

ခွေးလေးက ရွှီယန်နှင့် ယခုမှ စတင် ထိတွေ့ရသဖြင့် အနည်းငယ် စိုးရိမ်ထိတ်လန့်နေပုံ ရပြီး သိပ်မသွက်လက်လှပေ။

ယခုအချိန်သည် သခင်၏ အချက်အလက်များကို မှတ်သားနေဆဲ အဆင့်တွင်သာ ရှိသေးသည်။

မာလီနွိုက် ခွေးလေးက ရွှီယန်မှာ ၎င်း၏ သခင် ဟုတ်မဟုတ် ဆိုသည်ကို လောလောဆယ်တွင် မသိရှိသေးပေ။

ဤခွေးမျိုးက မိမိ၏ သခင် တစ်ဦးတည်း အပေါ်တွင်သာ အလွန် သစ္စာရှိကြပြီး အခြားသူများ၏ အမိန့်ကို လုံးဝ နားမထောင်ကြပေ။

ရဲခွေးများနှင့် မူးယစ်ဆေးဝါး ရှာဖွေရေးခွေး အများစုမှာ မာလီနွိုက် ခွေးများပင် ဖြစ်ကြသည်။

"ဒီကောင်က တကယ်ကို အကောင်းဆုံးပဲ... သူက နားရွက် အစောဆုံး ထောင်တဲ့ကောင်လေ" ဆိုင်ရှင်က ရွှီယန်၏ အမြင်ကို အသိအမှတ်ပြုစွာ ပြောလိုက်သည်။

ဤသည်မှာ အားနာပါးနာ ပြောဆိုခြင်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် နှစ်ယောက်စလုံးက နယ်ပယ်ကို နားလည်သူများ ဖြစ်ကြသဖြင့် အားနာပါးနာ ပြောဆိုနေရန် မလိုအပ်သောကြောင့် ဖြစ်သည်။

ယခုမှ မွေးကာစ မာလီနွိုက် ခွေးလေးများ၏ နားရွက် နှစ်ဖက်က အောက်သို့ ကျနေတတ်ပြီး မျိုးရိုးကောင်းပါက တစ်လပြည့်သည်နှင့် နားရွက်များ ထောင်လာမည် ဖြစ်ကာ မျိုးရိုး သိပ်မကောင်းပါက နားရွက် ထောင်လာရန်အတွက် ခြောက်လခန့် အချိန်ယူရတတ်သည်။

ရွှီယန် ရွေးချယ်လိုက်သော ဤတစ်ကောင်မှာ နားရွက် နှစ်ဖက်စလုံး မတ်မတ် ထောင်နေပြီ ဖြစ်သဖြင့် ကြည့်ရသည်မှာ အလွန် ခန့်ညားနေလေသည်။

"တကယ် မဆိုးဘူးပဲ"

"ဒီ မာလီနွိုက် ခွေးလေးက တကယ် မိုက်တယ်"

ရွှီယန်က ဤကောင်လေးကို ဆွဲမကာ အချိန်အတော်ကြာ သေချာစွာ ကြည့်ရှုနေမိသည်။ ကြည့်လေလေ ပို၍ သဘောကျလေလေ ဖြစ်လာသည်။

မာလီနွိုက် ခွေးလေးက ရွှီယန်ကို ကြည့်ကာ တစ်ခါတစ်ရံ အမြီးလေးကို နှစ်ချက်ခန့် ယမ်းပြနေသည်။

သူက သခင်အသစ် တစ်ယောက် ရရှိသွားပြီလား ဆိုသည်ကို မသေချာသေးပေ။

ရွှီယန်က သူ့ကို လှောင်အိမ်နှင့်အတူ သယ်ဆောင်လာပြီး သုံးဘီးဆိုင်ကယ် နောက်ခန်းတွင် တင်လိုက်သောအခါမှသာ...

သူ့ကို ရွေးချယ်လိုက်ပြီ ဖြစ်ပြီး မိသားစု တစ်ခု ရရှိသွားပြီ ဖြစ်ကြောင်း ကောင်လေး သဘောပေါက်သွားတော့သည်။

သူက ညီအစ်ကို မောင်နှမများထဲတွင် မိသားစု အသစ်ကို ပထမဆုံး ပိုင်ဆိုင်ခွင့် ရရှိသော ခွေးလေး ဖြစ်လာခဲ့လေသည်။

မာလီနွိုက် ခွေးလေးက ရွှီယန်၏ အချက်အလက်များကို စတင် မှတ်သားနေပြီး မာလီနွိုက်များ၏ ကိုယ်ပိုင် သီးသန့်ဖြစ်သော သစ္စာစောင့်သိမှု သဘောတူစာချုပ်ကို စတင် ချုပ်ဆိုနေလေပြီ။

ရွှီယန်က လယ်ယာခြံဝင်းသို့ ပြန်ရောက်ပြီး ကားရပ်ပြီးနောက် မာလီနွိုက် ခွေးလေးကို လှောင်အိမ်ထဲမှ တိုက်ရိုက် ထုတ်ပေးလိုက်သည်။

ကောင်လေးက ဘယ်ညာကို သိချင်စိတ်ဖြင့် တစ်ပတ်ခန့် ကြည့်ရှုပြီးနောက် ရွှီယန်၏ နောက်မှ တကောက်ကောက် လိုက်ပါလာတော့သည်။

ထိုအချိန်တွင် ရှောင်ဟေးက ၎င်းနှင့် အမျိုးတူ တစ်ကောင်ကို မြင်သောအခါ ချက်ချင်းပင် ပျော်ရွှင်စွာ ပြေးလာပြီး နှုတ်ဆက်လေသည်။

သူက မာလီနွိုက် ခွေးလေး၏ အနံ့ကို အရင်ဆုံး နမ်းရှူလိုက်ပြီးနောက် မာလီနွိုက် ခွေးလေး၏ ကိုယ်ပေါ်သို့ စတင် ခုန်အုပ် ဆော့ကစားတော့သည်။

ရှောင်ဟေးက အပြစ်ကင်းစင်ပြီး သူငယ်ချင်း ဖွဲ့ရာတွင် အလွန် ကျွမ်းကျင်သူ ဖြစ်ကာ ကျားသစ်ပေါက်လေး၊ မြေခွေးပေါက်လေးတို့ နှင့်ပင် မကြာမီ ရင်းနှီးသွားနိုင်သူ ဖြစ်သည်။

သို့သော် မာလီနွိုက် ခွေးလေးကတော့ ချွင်းချက် ဖြစ်လေသည်။

မာလီနွိုက် ခွေးလေးက ရှောင်ဟေးကို အနောက်သို့ တစ်ချက် လှည့်ကြည့်ရုံသာ ကြည့်ပြီး ရှောင်ဟေးက မည်မျှပင် တက်ကြွနေပါစေ မည်သည့် တုံ့ပြန်မှုမျှ မပေးဘဲ ရွှီယန်၏ နောက်မှသာ တကောက်ကောက် လိုက်နေလေသည်။

ထို့အပြင် မာလီနွိုက် ခွေးလေးက ရှောင်ဟေးအား "ငါ့ကို လာမရှုပ်နဲ့" ဟူသော ခံစားချက်မျိုးကိုပင် ပေးစွမ်းနေလေသည်။

မာလီနွိုက် ခွေးများ၏ သစ္စာစောင့်သိမှုက အလွန် မြင့်မားပြီး ၎င်းတို့၏ မျက်လုံးထဲတွင် သခင်သာ ရှိလေသည်။

ရှောင်ဟေးလည်း သဘောပေါက်သွားပုံ ရကာ ဘေးနားတွင် ရပ်ပြီး မာလီနွိုက် ခွေးလေးကို ကြည့်ရင်း ခေါင်းလေးကို စောင်းကာ မျက်လုံးထဲတွင် အံ့ဩနေသည့် အရိပ်အယောင်များ ပေါ်လွင်နေလေသည်။

သူက ဤသို့ ပြောနေသည့်အလားပင် -

"မဖြစ်နိုင်တာ... ဒီကောင်က ဒီလောက်တောင် အထာဖမ်းနေတာလား"

"အားလုံးက ခွေးတွေချည်းပဲကို... အဲ့ဒီလောက်တောင် လုပ်ရလား"

မူလက ပေါ့ပေါ့ပါးပါးနှင့် အေးဆေးနေသော လုပ်ငန်းခွင်ထဲသို့ အလုပ်အရမ်း ကြိုးစားလွန်းသူ တစ်ယောက် ရောက်လာသကဲ့သို့ပင်။ မာလီနွိုက် ခွေးလေးက ခေါင်းဆောင်၏ စကားကိုသာ နားထောင်ပြီး မညည်းမညူ အလုပ်လုပ်ပေးမည့် အလုပ်ကြိုးစားလွန်းသူ ( နေရာတကာ အကောင်းဆုံးဖြစ်အောင် ပြိုင်ဆိုင်လုပ်ကိုင်သူ) တစ်ယောက်ပင် ဖြစ်သည်။ လုံးဝ အကြွင်းမဲ့ နာခံမှု ရှိလေသည်။

ရှောင်ဟေးကလည်း ရွှီယန်၏ အနောက်မှ လိုက်လာသော်လည်း တစ်ခါတစ်ရံ ဘာများ ဆော့စရာ ရှိမလဲ ဟု ဟိုဒီ လိုက်ကြည့်နေပြီး စိတ်မပါတပါ ဖြစ်နေလေသည်။

မာလီနွိုက် ခွေးလေးကတော့ အနီးကပ်သာ လိုက်ပါနေလေသည်။

ထို့နောက် ရွှီယန်က မာလီနွိုက် ခွေးလေးအတွက် ခွေးအိမ် ပြင်ဆင်ပေးပြီး နွားနို့စိမ်ထားသော ခွေးစာ အနည်းငယ်ကို ကျွေးလိုက်လေသည်။

ခွေးပေါက်လေးများကို အစာကျွေးရာတွင် နည်းနည်းနှင့် အကြိမ်ရေ များများ ကျွေးရန် လိုအပ်ပြီး တစ်နေ့လျှင် လေးကြိမ်ခန့် ကျွေးရမည် ဖြစ်ကာ တစ်ကြိမ်လျှင် အများကြီး ကျွေးရန် မလိုအပ်ပေ။ နောက်ထပ် တစ်လခန့် ကြာပါက တစ်နေ့ သုံးကြိမ် ကျွေး၍ ရပြီ ဖြစ်သည်။

မာလီနွိုက် ခွေးများက မွေးမြူရ အလွန် လွယ်ကူလေသည်။

အစာကျွေးပြီးနောက် ရွှီယန်က ခုံအသေးလေး တစ်လုံးကို ယူလာပြီး ခြံဝင်းထဲတွင် ထိုင်ကာ ခွေးကို စတင် လေ့ကျင့်သင်ကြားပေးလေသည်။ သူက မာလီနွိုက် ခွေးလေးကို "ယွမ်ပေါင်" ဟု နာမည် ပေးလိုက်သည်။

"ယွမ်ပေါင်... ထိုင်လိုက်"

ရွှီယန်က လက်ဖြင့် အချက်ပြလိုက်ရာ မာလီနွိုက် ခွေးလေးက သူ့ကို ကြည့်ပြီး ချက်ချင်း ထိုင်ချလိုက်လေသည်။

ထိုင်ချပြီးနောက် ခန္ဓာကိုယ်ကို မတ်မတ် ထားထားပြီး ကိုယ်ဟန်အနေအထားက အလွန် စံကိုက်ဖြစ်နေလေသည်။

နာခံမှု အကောင်းဆုံး ခွေးဟု ဆိုရလောက်အောင်ပင် တကယ်ကို အလကား ပြောထားခြင်း မဟုတ်ပေ။

မာလီနွိုက် ခွေးများတွင် အားသာချက်များ အများအပြား ရှိသည်။ ဥပမာအားဖြင့် ကိုယ်နံ့ မရှိခြင်းနှင့် သစ္စာစောင့်သိမှု အလွန် မြင့်မားခြင်း တို့ ဖြစ်သည်။ အားနည်းချက်ကတော့ အရွယ်အစား ကြီးမားပြီး ခက်ထန် ကြမ်းတမ်းသော ခွေးမျိုး ဖြစ်ကာ တိုက်ခိုက်လိုစိတ် အတော်လေး မြင့်မားသဖြင့် မြို့ပေါ်တွင် မွေးမြူ၍ မရနိုင်ဘဲ လုံလောက်သော လှုပ်ရှားသွားလာခွင့် နေရာ လိုအပ်လေသည်။

ရွှီယန်၏ လယ်ယာခြံဝင်းကတော့ ဤအချက်များနှင့် လုံးဝ ကိုက်ညီလေသည်။

"မတ်တတ်ရပ်" ရွှီယန်က ထပ်မံ အော်လိုက်သည်။

မာလီနွိုက် ခွေးလေးက ချက်ချင်းပင် မတ်တတ်ရပ်လိုက်ပြီး လှုပ်ရှားမှုက တိကျ ပြတ်သားကာ မလိုအပ်သော အပို လှုပ်ရှားမှု လုံးဝ မရှိပေ။

မလှမ်းမကမ်းတွင် ရှောင်ဟေးက မြေပြင်ပေါ်၌ ဝပ်နေပြီး ဤမြင်ကွင်းကို ကြည့်နေလေသည်။

သူက "ဝုတ် ဝုတ်" ဟု နှစ်ခွန်း ဟောင်လိုက်ရာ အတော်လေး ဆိုးဆိုးရွားရွား ဆဲဆိုလိုက်သကဲ့သို့ ခံစားရလေသည်။

သူက ဤသို့ ပြောနေသည့်အလားပင် -

"ဖူး မျက်နှာလို မျက်နှာရ လုပ်နေတဲ့ကောင်”

All Chapters