အခန်း ၅၆
Vol. 6 Ch. 56
အခန်း (၅၆) ရှားပါးသော ပြောင်းဖူးမျိုးစိတ်၊ ရတနာပြောင်းဖူး
ယခုအခါ လယ်ယာခြံဝင်းလေးမှာ ပို၍ စည်ကားသက်ဝင်လာပြီ ဖြစ်သည်။
မွန်းလွဲပိုင်းတွင် တိမ်တိုက်ကြီးတစ်ခုက ကောင်းကင်ကို ဖုံးအုပ်သွား၏။ ရွှီယန်က ကောင်းကင်ကို မော်ကြည့်ကာ လက်ချိုးတွက်ကြည့်လိုက်ပြီး ဤနှစ်ရက်အတွင်း မိုးရွာနိုင်ချေရှိသည်ဟု ခန့်မှန်းလိုက်သည်။
ထို့နောက် သူက ဖုန်းကိုထုတ်၍ မိုးလေဝသခန့်မှန်းချက်ကို ကြည့်လိုက်ရာ ထင်ထားသည့်အတိုင်းပင် သန်ဘက်ခါမှစ၍ နှစ်ရက်ဆက်တိုက် မိုးကြီးမည်ဟု ပြသနေသည်။
"နောက်ဆုံးတော့ မိုးရွာတော့မယ်... ဒီနေ့ နည်းနည်း အိုက်စပ်စပ် ဖြစ်နေတယ်လို့ ပြောသားပဲ"
ရွှီယန်က ခြံဝင်းထဲသို့ ထွက်လာရင်း အားရပါးရ ပြောလိုက်သည်။
မိုးရွာသည်က ကောင်းမွန်လှပေသည်။
မိုးတစ်ပြိုက် ရွာသွန်းပြီးပါက ညဘက် အိပ်ရာဝင်ချိန်တွင် စောင်ခြုံထားရသည်မှာ အေးလည်းအေးမြကာ နွေးလည်းနွေးထွေးသဖြင့် အလွန် သက်သောင့်သက်သာ ရှိလှသည်။
နေ့လယ်ပိုင်းတွင် ရာသီဥတု သာယာနေသေးသဖြင့် ရွှီယန်လည်း အလုပ်သိပ်မရှိသည်နှင့် ရေကူးကန်ထဲသို့ ရေများ အပြည့်ဖြည့်ကာ ဘဲပေါက်လေးများကို တစ်ကောင်ချင်းစီ ထည့်၍ ဆော့ကစားခိုင်းလိုက်သည်။
ငန်းကြီးများကိုပါ ရေထဲဆင်းခိုင်းရန် စမ်းသပ်ကြည့်သေးသော်လည်း ငန်းကြီးများမှာ ဖင်နှင့်ရေ ထိမိသည်နှင့် တစ်ပြိုင်နက် ချက်ချင်း ခုန်ထွက်လာကြပြီး လုံးဝ မနှစ်သက်ကြပေ။ ရွာထဲတွင် မွေးမြူထားသော ငန်းကြီးများ အားလုံးမှာ ဤသို့ပင် ဖြစ်ကြသည်။ အများအားဖြင့် ခြံဝင်းထဲတွင်သာ လွှတ်ကျောင်းထားလေ့ရှိပြီး ရေမကူးတတ်ကြပေ။
သို့ဖြစ်ရာ ရွှီယန်လည်း ဤငန်းကြီးများကို အတင်းအကျပ် မတိုက်တွန်းတော့ချေ။
မြေခွေးပေါက်လေးများက ယနေ့လည်း အလည်ရောက်လာကြပြန်သည်။ သူတို့က ရွှီယန်သည် လယ်ယာခြံဝင်း၏ အကြီးအကဲ ဖြစ်ကြောင်း သိရှိနေသည့်အလား ခြံဝင်းထဲသို့ ရောက်သည်နှင့် တစ်ပြိုင်နက် ရွှီယန်ထံသို့ အရင်လာ၍ အချွဲတိုက်ကာ သတင်းပို့ကြသည်။ အခွင့်ကြုံခိုက် အစားအစာ အချို့ကိုပါ တောင်းရမ်းကြသေးသည်။
ရွှီယန်ထံတွင် စပျစ်သီးခြောက် တစ်အိတ် ရှိနေသဖြင့် ထိုစပျစ်သီးခြောက်များကို သူတို့အား ကျွေးလိုက်သည်။
ရှောင်ဟေးက မြေခွေးလေးများ ရောက်လာသည်ကို မြင်သောအခါ ချက်ချင်း ပြေးသွားပြီး သူတို့နှင့်အတူ ဆော့ကစားတော့သည်။ မာလီနွိုက် ခွေးလေးကတော့ ကိုယ်ရံတော် တစ်ယောက်ကဲ့သို့ ရွှီယန်၏ ဘေးနားတွင် မတ်မတ် ထိုင်နေပြီး မြေခွေးများကို မြင်သော်လည်း လုံးဝ ဂရုမစိုက်ပေ။ တစ်ခါတစ်ရံ ပင်ပန်းလာပါက ဝပ်၍ ခဏတာ အနားယူတတ်သည်။
ဘဝက အမြဲတမ်း အေးချမ်းသာယာလှပေသည်။
အထီး မြေခွေးလေး နှစ်ကောင်က အလွန် ဆော့သန်ကြပြီး မြက်ခင်းပြင်ပေါ်တွင် ဟိုပြေးဒီလွှားဖြင့် ရှောင်ဟေးနှင့် အပြေးတမ်း ကစားနေကြသည်။ အမ မြေခွေးလေးကတော့ အလွန် အေးဆေးတည်ငြိမ်ပြီး ရွှီယန်၏ ဘေးနားသို့ ကိုယ်တိုင်လာကာ အချွဲလာတိုက်နေ၏။ ရွှီယန်က သူမကို ပွတ်သပ်ပေးလိုက်ပါက သူမက အလွန် တိုးညင်းသော အသံလေးဖြင့် "အီအီအီအီ" ဟု အော်ဟစ်တတ်ပြီး အသံလေးက အလွန် နူးညံ့လေသည်။ သူမ၏ အစ်ကို နှစ်ယောက်ကဲ့သို့ "အီအီအီအီ" ဟု အသံကျယ်ကြီးဖြင့် အော်ဟစ်ခြင်းမျိုး မရှိပေ။
ဤကောင်လေးများက အလွန် ချစ်ခင်စရာ ကောင်းလှပေသည်။
ရွှီယန်က ဤဘက်တွင် အနားယူနေစဉ် လီဆန်းက မြက်ရိတ်စက်ကို ပြင်ဆင်ပြီး မြက်ရိတ်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။
"လီဆန်း... မလုပ်နဲ့တော့ မကြာခင် မိုးရွာတော့မယ် မြက်တွေက ပြန်ရှည်လာဦးမှာပဲ မိုးတိတ်ပြီး ရာသီဥတု သာယာသွားမှပဲ ရိတ်တော့ မဟုတ်ရင် အခု ရိတ်လည်း အလကားပဲ ဖြစ်သွားလိမ့်မယ်"
ရွှီယန်က သူ့ကို လှမ်းပြောလိုက်သည်။
"ဟုတ်ကဲ့ပါ အစ်ကိုယန်"
လီဆန်းက မြက်ရိတ်စက်ကို ချထားလိုက်ရင်း ပြန်ဖြေလိုက်သည်။
ယခုအချိန်တွင် ဘာမှ အလုပ်မရှိတော့သဖြင့် ရွှီယန်က လယ်ယာခြံဝင်း အပြင်ဘက်သို့ ထွက်လာပြီး စိုက်ပျိုးရေး တက္ကသိုလ်၏ စမ်းသပ် စိုက်ခင်းများ ရှိရာဘက်သို့ အဝေးမှ လှမ်းကြည့်လိုက်သည်။ ထိုဘက်တွင် အလွန် ကျယ်ဝန်းသော လယ်ကွင်းကြီး တစ်ခု ရှိပြီး ဧက နှစ်ရာ၊ သုံးရာခန့် ရှိမည်ဟု ခန့်မှန်းရသည်။ လက်ရှိအချိန်တွင် လူအများအပြားက လယ်ကွင်းထဲ၌ အလုပ်ရှုပ်နေကြ၏။
"စိုက်ပျိုးရေး တက္ကသိုလ် ကျောင်းသားတွေကတော့ ပင်ပန်းတုန်းပဲ... တော်သေးတယ် စိုက်ပျိုးရေး တက္ကသိုလ်ကို မရွေးချယ်ခဲ့လို့ မဟုတ်ရင် နေ့တိုင်း လယ်ဆင်းစိုက်နေရမှာ"
ရွှီယန်က စိတ်ထဲမှ တိတ်တဆိတ် ဝမ်းသာနေမိသည်။
"အစ်ကိုယန်... သူတို့က ဟိုမှာ ဘာတွေ အလုပ်ရှုပ်နေကြတာလဲ"
လီဆန်းက အနီးသို့ ရောက်လာပြီး လယ်ကွင်း ရှိရာဘက်သို့ ကြည့်ရင်း မေးမြန်းလိုက်သည်။
"မကြာခင် မိုးရွာတော့မယ်လေ... သူတို့ စိုက်ထားတာ အကုန်လုံးက ပြောင်းဖူးပင်တွေဆိုတော့ မြေကြီးကို ဖိသိပ်ပေးနေကြတာ နေမှာပေါ့ အဲ့ဒါက သူတို့ရဲ့ စာမေးပွဲ အမှတ်စဉ် တစ်ခုလေ... တကယ်လို့ မိုးရွာလို့ ပြိုလဲသွားရင် စာမေးပွဲ အမှတ် မပြည့်မီဘဲ ဘာသာရပ် ကျသွားနိုင်ပြီး နောင်ဆို ကျောင်းပြီးဖို့ နောက်ကျသွားနိုင်တယ်"
"ကျွန်တော် စုံစမ်းကြည့်ထားသလောက် သူတို့ အကုန်လုံးက ဒုတိယနှစ် ကျောင်းသားတွေချည်းပဲ... လက်တွေ့ သင်ခန်းစာ စဆင်းခါစ ဆိုတော့ သိပ်ပြီး ကောင်းကောင်း စိုက်တတ်ကြဦးမှာ မဟုတ်ဘူး ကျွန်တော် သွားလည်ရင်း ဘာအခြေအနေ ရှိလဲ သွားကြည့်လိုက်ဦးမယ်"
ရွှီယန်က အဝေးမှ အလုပ်ရှုပ်နေသော မြင်ကွင်းကို ကြည့်ရင်း မအောင့်နိုင်တော့ဘဲ ရယ်မောလိုက်မိသည်။
စိုက်ပျိုးရေး တက္ကသိုလ်မှ ကျောင်းသားများက မေလ အစောပိုင်းတွင် ပြောင်းဖူးများကို စိုက်ပျိုးခဲ့ကြခြင်း ဖြစ်သည်။ ယခုအခါ ဇွန်လ ကုန်ပိုင်းသို့ ရောက်ရှိနေပြီ ဖြစ်ရာ ပြောင်းဖူးပင်များက နှစ်လခန့် ကြီးထွားလာခဲ့ပြီး ခါးထက် အနည်းငယ် ပိုမြင့်နေပြီ ဖြစ်သည်။
ရွှီယန်က မာလီနွိုက် ခွေးလေးကို ခေါ်ကာ အပြင်သို့ ထွက်လာခဲ့ပြီး ထိုကောင်လေးက အနောက်မှ တကောက်ကောက် လိုက်ပါလာသည်။
မိနစ် နှစ်ဆယ်ခန့် လမ်းလျှောက်ပြီးနောက် စိုက်ပျိုးရေး တက္ကသိုလ်၏ စမ်းသပ် စိုက်ခင်း ဘေးသို့ ရောက်ရှိသွားတော့သည်။
အနီးသို့ ရောက်သည်နှင့် တစ်ပြိုင်နက် ရွှီယန် လုံးဝ အံ့အားသင့်သွားရသည်။
အပြင်ဘက်ဆုံးရှိ လယ်ကွက် တစ်ကွက်တွင် ပြောင်းဖူးပင်များ အားလုံးက ညီညာသပ်ရပ်စွာဖြင့် မြေပြင်ပေါ်သို့ ပြိုလဲနေကြသည်။ ဘေးနားရှိ သန်စွမ်းစွာ ကြီးထွားနေသော ပြောင်းဖူးပင်များနှင့် သိသိသာသာ ကွာခြားနေသည်။
"မြေဩဇာ အများကြီး ထည့်လိုက်လို့ ဖြစ်မယ်... ဒါမှမဟုတ် မျိုးစေ့ မကောင်းလို့ နေမှာပေါ့ ပြိုလဲမှုကို ခံနိုင်ရည် အရမ်း နည်းတာပဲ"
ရွှီယန်က တကယ်ကို မအောင့်နိုင်တော့ဘဲ "ဖူး" ခနဲ အသံထွက်အောင် ရယ်မောလိုက်မိသည်။
အတွေ့အကြုံ မရှိသေးသူများ လယ်စိုက်သည်ကို ကြည့်ရခြင်းက တကယ်ကို စိတ်ဝင်စားစရာ ကောင်းလှပေသည်။
စိုက်ပျိုးရေး လုပ်ကိုင်သူများ အားလုံး သိရှိထားသည့်အတိုင်း မျိုးစေ့ အမျိုးအစားက အလွန် အရေးကြီးလှသည်။ အချို့မျိုးစေ့များက ကောင်းမွန်ပြီး အချို့မျိုးစေ့များက ညံ့ဖျင်းတတ်ရာ မည်သည့် နေရာမှ ဝယ်ယူသနည်း ဆိုသည့် အပေါ်တွင် မူတည်လေသည်။
စိုက်ပျိုးရေး တက္ကသိုလ်များနှင့် စိုက်ပျိုးရေး သုတေသန ဌာနများ ကဲ့သို့သော နေရာများက မျိုးစေ့များကို ပြုစုပျိုးထောင်ခြင်းဖြင့် အရည်အသွေး ကောင်းမွန်သော မျိုးစေ့များကို အဆက်မပြတ် ထုတ်လုပ်ပေးနေကြခြင်း ဖြစ်သည်။ သေချာသည်ကတော့ တစ်ခါတစ်ရံတွင် အရည်အသွေး သိပ်မကောင်းသော မျိုးစေ့များလည်း ထွက်ပေါ်လာတတ်သည်။
"ဘာလို့လဲကွာ... ငါ့ရဲ့ ဖန်ရတနာ ပြောင်းဖူးလေးတွေ"
အသားမည်းမည်း တက္ကသိုလ် ကျောင်းသား တစ်ယောက်က ဘေးနားမှနေ၍ ငိုကြွေးနေလေသည်။ ထိုလယ်ကွက်က သူ၏ လယ်ကွက် ဖြစ်ကြောင်း သိသာလှပေသည်။ သူ၏ အတန်းဖော်များကတော့ ဘေးနားမှနေ၍ ဝမ်းသာအားရ နောက်ပြောင်နေကြတော့သည်။
"မင်း ဒီနှစ်တော့ သေချာပေါက် ကျပြီ"
"ပြင်စရာရှိတာ ပြင်ထား... ကျောင်းပြီးဖို့ နောက်ကျဖို့ ပြင်ထားတော့"
"မင်းကို ဓာတ်မြေဩဇာတွေ အများကြီး မသုံးဖို့ ပြောထားတာ... ပြဿနာ တက်ပြီ မဟုတ်လား"
"မင်း နောက်ထောင့် တစ်ခုကနေ စဉ်းစားကြည့်ဖူးလား... မင်းစိုက်ထားတဲ့ ပြောင်းဖူးတွေက အိပ်စက်မှု အရည်အသွေး အတော်လေး ကောင်းမွန်တယ် ဆိုတာကိုလေ"
တက္ကသိုလ် ကျောင်းသား အချို့က အဖွဲ့တစ်ဖွဲ့ အဖြစ် ဖွဲ့စည်းထားပြီး တစ်ယောက်လျှင် လယ်တစ်ကွက်စီ တာဝန်ယူကာ အချင်းချင်း ကူညီကြပြီး ရလဒ်များကို ဆွေးနွေး ဖလှယ်ကြခြင်း ဖြစ်သည်။
ထိုအချိန်တွင် သူတို့ အားလုံးက ရွှီယန်ကို သတိထားမိသွားကြသည်။
"မင်္ဂလာပါ... စီနီယာအစ်ကိုလား"
တက္ကသိုလ် ကျောင်းသား တစ်ယောက်က သူ့ကို နှုတ်ဆက်လိုက်သည်။
ရွှီယန်၏ ရုပ်ရည်က ကြည်လင်သန့်ရှင်းပြီး ခန့်ညားချောမောကာ အလွန် ကြည့်ကောင်းသဖြင့် တက္ကသိုလ် ကျောင်းသားများက သူ့ကို စစ်ဆေးရန် လာသော ဘွဲ့လွန် ကျောင်းသား စီနီယာ အစ်ကို တစ်ယောက်ဟု ထင်မှတ်သွားကြခြင်း ဖြစ်သည်။
"ကျွန်တော်က ဟိုဘက်မှာ လယ်ယာခြံဝင်း ဖွင့်ထားတဲ့ သူပါ... သန်ဘက်ခါ မိုးကြီးမှာ ဆိုတော့ မင်းတို့ ဘာတွေ အလုပ်ရှုပ်နေကြလဲ လာကြည့်တာပါ မင်းစိုက်ထားတဲ့ ပြောင်းဖူးမျိုးက တော်တော် ထူးခြားတယ်နော် သာမန် မျိုးစိတ်တော့ မဟုတ်ဘူး"
ရွှီယန်က ပြိုလဲနေသော ပြောင်းဖူးခင်းကြီးကို ကြည့်ရင်း ဆောင့်ကြောင့်ထိုင်ချကာ ပြောင်းဖူးရွက်များနှင့် ပင်စည်များကို ကြည့်ရှုပြီး ပြုံးလျက် ပြန်ဖြေလိုက်သည်။
*ဘေးခြံက လယ်ယာခြံဝင်း ပိုင်ရှင် ဟုတ်လား...* ရွှီယန်၏ စကားကို ကြားလိုက်ရသောအခါ အားလုံးက ချက်ချင်း သဘောပေါက်သွားကြသည်။
"အစ်ကို ကိုး... ဟို တောတောင်ရှာဖွေတဲ့ တိုက်ရိုက်ထုတ်လွှင့်သူ မဟုတ်လား ကျွန်တော်တို့ အစ်ကို့ကို သိတယ်"
အားလုံးက ချက်ချင်း ဝိုင်းအုံလာကြပြီး သူတို့၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ အပြည့်ဖြစ်နေတော့သည်။
တက္ကသိုလ် ကျောင်းသားများ၏ သတင်း အချက်အလက် စနစ်ကလည်း အလွန် လျင်မြန်လေသည်။ အထူးသဖြင့် အင်တာနက် ပေါ်ရှိ သတင်းများနှင့် ပတ်သက်၍ ပိုမို သိရှိနားလည်ကြသည်။ ရွှီယန်၏ အကြောင်းကို အားလုံး သိရှိထားကြသည်။ ဘေးနားရှိ တောတောင်ရှာဖွေသော တိုက်ရိုက်ထုတ်လွှင့်သူ... အလွန် နာမည်ကြီးသူ ဖြစ်သည်။
သို့သော် သူတို့က အလွန် စည်းကမ်း ရှိကြပြီး ရွှီယန်မှာ တိုက်ရိုက်ထုတ်လွှင့်သူ တစ်ဦး ဖြစ်ကြောင်း သိထားသော်လည်း မည်သူမျှ လယ်ယာခြံဝင်းသို့ သွားရောက် အနှောင့်အယှက် မပေးခဲ့ကြပေ။
"မင်းတို့လည်း ပင်ပန်းနေကြပြီ... ဒီလို ပူပြင်းတဲ့ ရာသီဥတုမှာတောင် အလုပ်လုပ်နေကြတုန်းပဲ"
ရွှီယန်က ပြုံးရွှင်စွာဖြင့် သူတို့နှင့် စကားစမြည် ပြောဆိုနေလေသည်။ ယခုအခါ တိမ်တိုက်များ လွင့်မျောသွားပြီ ဖြစ်သဖြင့် နေရောင်ခြည်က တိုက်ရိုက် ကျရောက်နေကာ အလွန် ပူအိုက်နေ၏။
"ကျွန်တော်တို့ရဲ့ စာမေးပွဲ အမှတ်စဉ်ကို ကာကွယ်ရမှာပေါ့... မကြာခင် မိုးရွာတော့မယ်ဆိုတော့ ပြဿနာ တစ်ခုခု ဖြစ်မှာ ကြောက်ရတယ် ဒီလယ်ကွက်ကို ကြည့်လေ... မိုးတောင် မရွာသေးဘူး သူ့ဘာသာသူ ပြဿနာ တက်နေပြီ"
ဘေးနားရှိ တက္ကသိုလ် ကျောင်းသား တစ်ယောက်က ပြန်ဖြေလိုက်သည်။
"ဒါ ဘာပြောင်းဖူးလဲ... ကျွန်တော် ပထမဆုံး မြင်ဖူးတာပဲ"
ရွှီယန်က မြေပြင်ပေါ်တွင် ပြိုလဲနေသော ပြောင်းဖူးများကို ကြည့်ရင်း မေးမြန်းလိုက်သည်။
ပြောင်းဖူး မျိုးစိတ်များ အများအပြား ရှိသည်။ ယခင်က နာမည်ကြီး ဈေးရောင်း တိုက်ရိုက်ထုတ်လွှင့်သူ တစ်ယောက်က ပြောင်းဖူး ရောင်းချစဉ်တွင် ပြောင်းဖူး အများစုက တိရစ္ဆာန်များကို ကျွေးရန် ဖြစ်သည်ဟု ပြောခဲ့ဖူးရာ အငြင်းပွားမှုများပင် ဖြစ်ပေါ်ခဲ့ဖူးသည်။
တကယ်တမ်းတွင် ပြောင်းဖူး အများစုမှာ တိရစ္ဆာန်များကို ကျွေးရန် ဖြစ်ပြီး တိရစ္ဆာန် အစားအစာများ၏ အဓိက အရင်းအမြစ်လည်း ဖြစ်သည်။ အရည်အသွေး ကောင်းမွန်သော ပြောင်းဖူး အချို့ကိုသာ လူများ စားသုံးရန် သီးသန့် ပြုလုပ်ထားခြင်း ဖြစ်သည်။
ရွှီယန်က ငယ်စဉ်ကတည်းက တောင်ပေါ်ရွာလေးတွင် ကြီးပြင်းလာခဲ့သဖြင့် ပြောင်းဖူး မျိုးစိတ်များကို ကောင်းစွာ သိရှိနားလည်သည်။ သို့သော် သူ၏ မျက်စိရှေ့ရှိ ဤမျိုးစိတ်ကိုတော့ တစ်ခါမှ မမြင်ဖူးခဲ့ပေ။ စိုက်ပျိုးရေး တက္ကသိုလ်တွင် တကယ်ကို ပစ္စည်းကောင်းများ ရှိနေပေသည်။
"ကျွန်တော် စိုက်ထားတာပါ... ဆရာ့ဆီက တမင်တကာ တောင်းထားတဲ့ ဖန်ရတနာ ပြောင်းဖူး မျိုးစေ့တွေပါ အဲ့ဒါက ပြောင်းဖူးစေ့ တစ်စေ့ချင်းစီက အရောင် မတူကြဘဲ တစ်ဖူးလုံးက အရောင်စုံ ဖြစ်နေတဲ့ ပြောင်းဖူးမျိုးလေ"
"ဒီပြောင်းဖူးက ကစီဓာတ် အလွန် များပေမယ့် တိုက်ရိုက် စားလို့ မရဘူး... ပြောင်းဖူးမှုန့် အဖြစ် ကြိတ်ပြီးမှ သုံးလို့ ရတာ ဈေးကလည်း အရမ်း ကြီးတယ်"
"ကျွန်တော်လည်း လောဘကြီးသွားတာ... ရေမြေ ရာသီဥတုနဲ့ မကိုက်ညီဘဲ အကုန်လုံး ပြိုလဲသွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး အဆောင်ပြန်ရောက်ရင် အတွေ့အကြုံ အနှစ်ချုပ် ရေးရဦးမယ် တော်သေးတာပေါ့... ကျွန်တော်က ကြက်သွန်မြိတ် တစ်ကွက်နဲ့ နေကြာ တစ်ကွက်ပါ စိုက်ထားလို့... မဟုတ်ရင် ဒီနှစ်တော့ သေချာပေါက် ဘာသာရပ် ကျမှာ"
ခုနက ငိုကြွေးနေသော ကောင်လေးက ရွှီယန်ကို ရှင်းပြလိုက်သည်။
ထိုကောင်လေး၏ နာမည်မှာ ဝူခိုင် ဖြစ်ပြီး အရပ်ရှည်ရှည်၊ အသားမည်းမည်းနှင့် ခန္ဓာကိုယ် တောင့်တင်းကာ လယ်စိုက်ရန် အလွန် သင့်တော်သော လူငယ်လေး တစ်ယောက်ပင် ဖြစ်သည်။
သူ၏ ဘေးနားရှိ အတန်းဖော်က နောက်တစ်ချက် ထပ်မံ ထိုးနှက်လိုက်သေးသည်။
"ဒါနဲ့... မင်းစိုက်ထားတဲ့ ကြက်သွန်မြိတ်တွေက တော်တော်လေး စားလို့ ကောင်းတယ်နော် အကုန်လုံး ရင့်နေပြီ... ခုနကပဲ ငါတို့ နှစ်ပင်လောက် နှုတ်စားလိုက်သေးတယ်"
ထိုစကားကို ကြားသောအခါ ဝူခိုင်၏ မျက်နှာက ချက်ချင်း ပြောင်းလဲသွားတော့သည်။
"လခွီး... ငါက စာမေးပွဲ အမှတ်တောင် မရသေးဘူးလေကွာ... ငါ့ရဲ့ စာမေးပွဲ အမှတ်စဉ်ကို မစားကြနဲ့ဦး"
"ဆရာ ကြည့်ပြီးလို့ အမှတ်ရသွားမှ မင်းတို့ စားကြပါကွာ"
ရွှီယန်၏ အာရုံစိုက်မှု အားလုံးက ရတနာ ပြောင်းဖူး အပေါ်တွင်သာ ရှိနေ၏။
အရောင်အသွေး စုံလင်သော ပြောင်းဖူး... ပြောင်းဖူးစေ့ တစ်စေ့ချင်းစီက အရောင် မတူကြဘဲ ရတနာ တစ်ခုကဲ့သို့ ဖြစ်နေသည်။ တကယ်ကို ခေတ်ဆန်ပြီး ထူးခြားလှပေသည်။ အတော်လေး စိတ်ဝင်စားစရာ ကောင်းလေသည်။
တက္ကသိုလ် ကျောင်းသားများက စကားစမြည် ပြောဆိုနေကြဆဲ ဖြစ်သည်။
"စီနီယာ အစ်ကိုက ရတနာ ပြောင်းဖူး စိုက်တာ နှစ်နှစ်ရှိပြီ အောင်မြင်မှု မရသေးတာကို... မင်းက ရနိုင်ပါ့မလား"
"ပြိုလဲမှုကို ခံနိုင်ရည် ရှိမရှိ မပြောနဲ့ဦး... မင်းရဲ့ ပြောင်းဖူးတွေက ပြောင်းဖူးဖူးတောင် မထွက်သေးဘူးလေ... ကစီဓာတ် လုံးဝ ဖြစ်လာမှာ မဟုတ်ဘူး"
ဝူခိုင်က အော်ဟစ်လိုက်သည်။
"ငါ မင်းတို့ကို ပြောမယ်... အဲ့ဒါက ငါ့မှာ ဖန်လုံအိမ် မရှိလို့ကွ တကယ်လို့ ငါသာ ဖန်လုံအိမ် တစ်လုံး ရခဲ့မယ်ဆိုရင်... ငါ စိုက်နိုင်မစိုက်နိုင် ဆိုတာကိုသာ ကြည့်နေလိုက်"
ထိုအချိန်တွင် ရွှီယန်က ဝူခိုင်ကို မေးမြန်းလိုက်သည်။
"မင်းဆီကနေ ရတနာ ပြောင်းဖူး မျိုးစေ့ နည်းနည်းလောက် ဝယ်လို့ ရမလား... အများကြီးတော့ မဟုတ်ပါဘူး အစေ့ လေးငါးဆယ်လောက် ဆိုရင် ရပါပြီ ကျွန်တော် ကိုယ်တိုင် စိုက်ကြည့်ချင်လို့ပါ"
ရွှီယန်၏ စကားကို ကြားသောအခါ အားလုံးက ချက်ချင်း ပြန်ဖြေလိုက်ကြသည်။
"ရတာပေါ့... မျိုးစေ့ အစေ့ လေးငါးဆယ်လောက်ကို ဒီအတိုင်း ယူသွားလိုက်ပါ"
"အကုန်လုံးက ကျောင်းက ပေးထားတာတွေချည်းပဲ... အိတ်တွေ အများကြီး ရှိသေးတယ် ကျွန်တော် သွားယူပေးမယ်"
ရွှီယန်နှင့် တက္ကသိုလ် ကျောင်းသားများကြား သဘောတူညီမှု ရရှိသွားလေသည်။ တက္ကသိုလ် ကျောင်းသားများက ကူညီရသည်ကို ဝါသနာပါကြပြီး အဓိကအားဖြင့် မျိုးစေ့ အစေ့ လေးငါးဆယ်ခန့်က မည်သည့် သက်ရောက်မှုမျှ မရှိသလို သူတို့ဘာသာ စိုက်ပျိုးရန်လည်း ဖြစ်သောကြောင့်တည်း။
မကြာမီမှာပင် ရွှီယန်က စိုက်ပျိုးရေး တက္ကသိုလ် ကျောင်းသားများထံမှ ရတနာ ပြောင်းဖူး မျိုးစေ့ အစေ့ လေးဆယ်ကျော်ခန့်ကို ရရှိသွားခဲ့သည်။
စိုက်ပျိုးရေး တက္ကသိုလ်၏ စမ်းသပ် စိုက်ခင်းများကို ကြည့်ရင်း သူကိုယ်တိုင်လည်း လယ်စိုက်ကြည့်ချင်စိတ်များ ဖြစ်ပေါ်လာတော့သည်။