← Chapters

အခန်း ၅၇

Vol. 6 Ch. 57

အခန်း ၅၇

Vol. 6 Ch. 57

အခန်း (၅၇) ဒီကျားသစ်ပေါက်လေးက မိဘမဲ့ ဖြစ်ဖို့ကို မွေးလာတာပဲ

ရွှီယန်က သူငှားရမ်းထားသော မြေနေရာသစ်တွင် ဘာလုပ်ရမည်ကို မစဉ်းစားရသေးချိန်တွင်၊ ဆောက်လုပ်ရေးအဖွဲ့နှင့် ဆက်သွယ်ကာ ဖန်လုံအိမ် နောက်တစ်လုံးကို ထပ်မံဆောက်လုပ်ရန် စီစဉ်လိုက်သည်။

ဖန်လုံအိမ် နှစ်လုံးက ယှဉ်တွဲလျက် ရှိနေသည်။

ပထမတစ်ခုကတော့ ဘလူးဘယ်ရီ အပင်ပေါက်လေးများ အပြည့်ရှိနေပြီး၊ ရွှီယန်က နေ့စဉ် သွားရောက်ကြည့်ရှုလေ့ရှိသည်။ ထိုဘလူးဘယ်ရီပင်များမှ ဝင်ငွေရမည့်အချိန်ကို သူ မျှော်လင့်နေမိသည်။

ယခု နောက်ထပ် ဖန်လုံအိမ် တစ်လုံး ထပ်ဆောက်လိုက်သဖြင့် အကန့်များခွဲ၍ အခြားသီးနှံများကိုလည်း စိုက်ပျိုးနိုင်ပြီ ဖြစ်သည်။ ရွှီယန် ပထမဆုံး စိုက်ပျိုးရန် ရည်ရွယ်ထားသည်ကတော့ ရတနာပြောင်းဖူးပင် ဖြစ်သည်။ အဓိကအားဖြင့် ထူးဆန်းသည်ဟု ခံစားရသောကြောင့် ဖြစ်သည်။

သူ အင်တာနက်တွင် အထူးတလည် ရှာဖွေကြည့်ရာ ရတနာပြောင်းဖူးများ အမှန်တကယ် ရှိနေကြောင်း တွေ့ရသည်။ အမည်အပြည့်အစုံမှာ ဖန်ရတနာပြောင်းဖူး ဖြစ်ပြီး ဈေးကွက်အလားအလာလည်း အလွန်ကောင်းမွန်ကြောင်း သိရသည်။

အဓိက ဦးတည်ချက်မှာ ပြောင်းဖူးမှုန့် ပြုလုပ်ရန် မဟုတ်ဘဲ၊ အလှဆင်ပစ္စည်း သို့မဟုတ် ကစားစရာအဖြစ် အသုံးပြုရန် ဖြစ်သည်။

ရတနာပြောင်းဖူး တစ်ဖူးချင်းစီက မဲဖောက်ရသကဲ့သို့ပင်။ အခွံမခွာခင်အထိ မည်သည့်အရောင် ထွက်လာမည်ကို လုံးဝ မသိနိုင်ပေ။ အရောင်စုံ ရောနှောနေပါက ဈေးပေါပြီး၊ လှပသော အရောင်များ ပါဝင်ပါက ဈေးကြီးတတ်သည်။ အလှဆုံးနှင့် ဈေးအကြီးဆုံးမှာ ပန်းရောင်ဖျော့ဖျော့ ဖြစ်သည်။

ပြောင်းဖူးစေ့ တစ်စေ့ချင်းစီက ပန်းရောင်ဖျော့ဖျော့ဖြစ်ပြီး အလင်းပေါက်နေကာ ပန်းရောင်ရတနာလေးများနှင့်ပင် တူနေသည်။ ဤကဲ့သို့သော ပြောင်းဖူး တစ်ဖူးလျှင် အနည်းဆုံး ယွမ် ထောင်ချီ တန်ဖိုးရှိလေသည်။

"ပြောင်းဖူးစိုက်တာက မဲဖောက်တဲ့ ကစားနည်းမျိုး ဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး... ပိုပြီး စိုက်ကြည့်ချင်လာပြီ"

ရွှီယန်က ထူးဆန်းအံ့ဩစွာ တွေးလိုက်သည်။

ထို့ကြောင့် နောက်ရက်များတွင် ရွှီယန်က လယ်ယာခြံဝင်းထဲတွင် မြေဆွခြင်း၊ မြေဩဇာထည့်ခြင်းစသည့် အလုပ်များဖြင့် အလုပ်ရှုပ်နေပြီး၊ ဆောက်လုပ်ရေးအဖွဲ့ကလည်း အပြင်ဘက်တွင် ဖန်လုံအိမ်၏ ဖရိန်များကို စတင် တပ်ဆင်နေကြသည်။

လယ်စိုက်ခြင်းနှင့် ဖန်လုံအိမ် ဆောက်ခြင်းက တစ်ချိန်တည်း ပြိုင်တူ လုပ်ဆောင်၍ ရသည်။ ရွှီယန်နှင့် လီဆန်းက မြေဆွ၊ မြေဩဇာထည့်နေချိန်တွင် ဆောက်လုပ်ရေးအဖွဲ့က ဖန်လုံအိမ်၏ ဖရိန်များကို တပ်ဆင်နေကြသည်။ မိုးမရွာခင် အဓိက အဆောက်အအုံကို အရင်ဆုံး ပြီးစီးအောင် တည်ဆောက်ထားနိုင်သည်။

မိုးတိတ်သွားသည်နှင့် မျိုးစေ့များ ချနိုင်သည်။ ယခုရာသီတွင် ပြောင်းဖူးစိုက်ရန် အနည်းငယ် နောက်ကျနေပြီ ဖြစ်သော်လည်း ဖန်လုံအိမ်ထဲတွင် စိုက်ပျိုးမည်ဖြစ်ရာ ရာသီဥတုကို ထည့်တွက်စရာ မလိုတော့ပေ။

ဆောင်းရာသီ မရောက်ခင် အသီးဆွတ်ခူးနိုင်လျှင် ရပြီဖြစ်သည်။

"စိုက်ပျိုးရေး တက္ကသိုလ်က ထုတ်တဲ့ မျိုးစေ့တွေက ကောင်းမှာ သေချာပါတယ်... အရည်အသွေးကောင်းတာလေးတွေ ထွက်လာဖို့ မျှော်လင့်ရတာပဲ"

ရွှီယန်က စိတ်ထဲမှ တွေးတောနေမိသည်။

သူက စုစုပေါင်း ဧက ငါးဧကခန့် ပြောင်းဖူးစိုက်ရန် ရည်ရွယ်ထားသည်။ သိပ်မများသော်လည်း ကြီးထွားလာပါက ပြည့်ကျပ်နေမည် ဖြစ်သည်။

လီဆန်းက သူနှင့်အတူ မြေဆွရင်း သိချင်စိတ်ဖြင့် မေးလိုက်သည်။

"အစ်ကိုယန်... ဖန်လုံအိမ်ထဲမှာ ပြောင်းဖူးစိုက်ဖို့ သေချာပြီလား။ ဒီလောက်နည်းနည်းလေးနဲ့ အမြတ်ရပါ့မလား"

ဒီဘက်ဒေသတွင် နေရာတိုင်း၌ ပြောင်းဖူးများ စိုက်ပျိုးလေ့ရှိပြီး အသီးဆွတ်ခူးချိန် ရောက်ပါက အိမ်တိုင်းလိုလိုတွင် ပြောင်းဖူးပုံကြီးများ ရှိနေတတ်သည်။ ပြောင်းဖူးဈေးကလည်း အလွန် ပေါများသည်။

ထို့ကြောင့် ဖန်လုံအိမ်ထဲတွင် ပြောင်းဖူးစိုက်ခြင်းက အတော်လေး အလေအလွင့် များသည်ဟု လီဆန်းက တွေးကာ မေးလိုက်ခြင်း ဖြစ်သည်။

"ငါ့ပြောင်းဖူးတွေက တခြားဟာတွေနဲ့ မတူဘူး၊ အဲ့လောက် ရိုးရှင်းတာ မဟုတ်ဘူး... အချိန်ကျရင် ကံစမ်းရမှာပဲ"

ရွှီယန်က လျှို့ဝှက်စွာ ပြန်ဖြေလိုက်သည်။ ထိုစကားကို ကြားသောအခါ လီဆန်းမှာ သိချင်စိတ် ပြင်းပြသွားသော်လည်း ထပ်မမေးတော့ဘဲ အလုပ်ကိုသာ ဆက်လုပ်နေလိုက်သည်။

လယ်ယာခြံဝင်းလေးက တဖြည်းဖြည်း တိုးတက်လာနေသည်။

လူနေထိုင်ရာ ဧရိယာ၏ တစ်ဖက်တွင် ဖန်လုံအိမ် နှစ်လုံးနှင့် ဟင်းသီးဟင်းရွက် စိုက်ခင်း တစ်ခု ရှိသည်။ အခြားတစ်ဖက်တွင်တော့ တိရစ္ဆာန်များ မွေးမြူရန်အတွက် ခြံဝင်းပါသော အိမ်တန်းရှည် တစ်ခု ရှိသည်။ ထိုအိမ်များ၏ နံရံများကို အနီရောင်အုတ်များဖြင့်သာ တည်ဆောက်ထားပြီး အင်္ဂတေပင် မသုတ်ထားသော်လည်း ခိုင်ခံ့သဖြင့် မွေးမြူရေးအတွက် အလွန် သင့်တော်လှသည်။

ထို့အပြင် ကျယ်ဝန်းသော မြေကွက်လပ်ကြီးများလည်း ရှိသေးသည်။

ရွှီယန်က လယ်ယာခြံဝင်း၏ အပြင်ဘက်တွင် သစ်သားခြံစည်းရိုး တစ်တန်းကို ကာရံထားသည်။ ခြံစည်းရိုး ကာရံမည့် နေရာများကို ကြိုတင် သတ်မှတ်ထားပြီးဖြစ်ကာ လယ်ယာခြံဝင်း၏ စုစုပေါင်း ဧရိယာမှာ ဧက ၁၁၀ ရှိသည်။

ရွာသို့ ဝင်သည့် တောင်ပေါ်လမ်းမှနေ၍ ရွှီယန်၏ လယ်ယာခြံဝင်းကို ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။ ယခုအခါ လယ်ယာခြံဝင်းက ဖွံ့ဖြိုးတိုးတက်ဆဲ အဆင့်တွင်သာ ရှိနေသေးပြီး အကျိုးအမြတ် မရရှိသေးပေ။

ဆောင်းဦးရာသီ ရောက်မည့်အချိန်ကိုသာ စောင့်မျှော်နေရသည်။

စိုက်ပျိုးရေး လုပ်ကိုင်သူများအတွက် ဆောင်းဦးရာသီသည် အသီးအနှံများ ရိတ်သိမ်းချိန် ဖြစ်သည်။ သီးနှံများ အားလုံး ရင့်မှည့်ကာ နွားနှင့် သိုးများလည်း ဆူဖြိုးလာသဖြင့် တစ်နှစ်တာ ကြိုးစားအားထုတ်မှုများ၏ အသီးအပွင့်များကို ခံစားရမည့် အချိန်ပင် ဖြစ်သည်။

နှစ်ရက်ဆက်တိုက် တိုက်ရိုက်ထုတ်လွှင့်မှု မလုပ်သောကြောင့် ကွန်ရက်သုံးစွဲသူ အများအပြားက သူ၏ ဗီဒီယိုများအောက်တွင် တိုက်ရိုက်ထုတ်လွှင့်မှု စတင်ရန် လာရောက် တောင်းဆိုနေကြသည်။

ဖော်လိုဝါ အဟောင်းများ အများအပြား ရှိနေသေးသည်။

"နာမည်လေး နည်းနည်းကြီးလာတာနဲ့ တိုက်ရိုက်ထုတ်လွှင့်မှု မလုပ်တော့ဘူးလား... မြန်မြန် အချိန်ပိုဆင်းစမ်း"

"ဘယ်တော့ တိုက်ရိုက်ထုတ်လွှင့်မှာလဲ... တောရိုင်း အရှေ့မြောက်ကျားကြီးကို ကြည့်ချင်လို့ပါ"

"လောင်ရွှီ... မြန်မြန် တိုက်ရိုက်ထုတ်လွှင့်ပါတော့"

ကွန်ရက်သုံးစွဲသူများ၏ တောင်းဆိုမှုများကို မြင်သောအခါ ရွှီယန်လည်း တိုက်ရိုက်ထုတ်လွှင့်ရန် စဉ်းစားနေမိသည်။ သို့သော် နေ့စဉ်ဘဝတွင် လယ်ယာခြံဝင်း အကြောင်းမှလွဲ၍ တိုက်ရိုက်ထုတ်လွှင့်စရာ အကြောင်းအရာ သိပ်မရှိပေ။

အကယ်၍ နေ့စဉ် လယ်ယာခြံဝင်း အကြောင်းကိုချည်းသာ တိုက်ရိုက်ထုတ်လွှင့်နေပါက ကြည့်ရှုသူ အရေအတွက် လျော့နည်းလာပြီး ပျမ်းမျှ ကြည့်ရှုချိန်လည်း ကျဆင်းသွားမည် ဖြစ်ကာ တိုက်ရိုက်ထုတ်လွှင့်မှု၏ အကြံပြုခံရမှု အဆင့်လည်း တဖြည်းဖြည်း နိမ့်ကျသွားမည် ဖြစ်သည်။

လူအများစု နှစ်သက်ကြသည်မှာ တောနက်ကြီးထဲသို့ ဝင်ရောက်ရာတွင် ခံစားရသော စိတ်လှုပ်ရှားမှုမျိုးကို ဖြစ်သည်။

ထို့ကြောင့် ရေရှည် အကျိုးနှင့် နာမည်ကျော်ကြားမှု တိုးတက်ရေးကို စဉ်းစားကာ တောင်ပေါ်တက်မည့် အချိန် သို့မဟုတ် စိတ်ဝင်စားစရာ ကောင်းသော အကြောင်းအရာ တစ်ခုခု ရှိမှသာ တိုက်ရိုက်ထုတ်လွှင့်ရန် ဆုံးဖြတ်လိုက်သည်။

ရွှီယန်က ဗီဒီယိုတစ်ခု တင်ကာ အကြောင်းပြန်လိုက်သည်။

"လယ်ယာခြံဝင်းရဲ့ နေ့စဉ်ဘဝမှာ တိုက်ရိုက်ထုတ်လွှင့်စရာ သိပ်မရှိပါဘူး... လယ်လုပ်တာတွေချည်းပါပဲ … ကျွန်တော် ဗီဒီယိုလေးတွေပဲ တင်ပေးပါ့မယ်…. ဒီနှစ်ရက် မိုးရွာနေတယ်... သန်ဘက်ခါ မိုးတိတ်ရင် တောင်ပေါ်မှာ ပစ္စည်းကောင်းတွေ ရှိလိမ့်မယ်၊ အဲ့ကျမှ တောင်ပေါ်တက်ပြီး မှိုသွားခူးမယ်"

ရွှီယန်က နေ့စဉ်ဘဝတွင် မြေခွေးပေါက်လေးများ၊ မာလီနွိုက် ခွေးလေးနှင့် ရှောင်ဟေးတို့၏ ချစ်စရာ ကောင်းသော ဗီဒီယိုများကို ရိုက်ကူးပြီး တင်လေ့ရှိသည်။ လူကြိုက်များမှုကလည်း အတော်လေး တည်ငြိမ်ပြီး ထိုသို့သော ဗီဒီယိုမျိုးက Like ၃၀၀၀၊ ၄၀၀၀ ခန့် ရရှိလေ့ရှိသည်။

သူ၏ ဖော်လိုဝါ အုပ်စုက ယခုအခါ အလွန် တည်ငြိမ်နေပြီ ဖြစ်သည်။ သူ့ကို စောင့်ကြည့်သူ အရေအတွက်လည်း တဖြည်းဖြည်း တိုးပွားလာနေပြီး လက်ရှိတွင် ဖော်လိုဝါ ၅၈၀,၀၀၀ ခန့် ရှိကာ အရေအတွက်က တဖြည်းဖြည်း မြင့်တက်လာနေဆဲ ဖြစ်သည်။

ညပိုင်းတွင် မိုးသက်မုန်တိုင်း ကျရောက်လာလေသည်။

မိုးက အလွန် မြန်ဆန်ပြီး ပြင်းထန်ကာ "တဖြောက်ဖြောက်" အသံများ ဆူညံနေလေသည်။

ထိုအချိန်တွင် ရာသီဥတုက အေးမြနေသဖြင့် ရွှီယန်က တံခါးဝတွင် ထိုင်ကာ အပြင်ဘက်ရှိ မြင်ကွင်းကို ငေးကြည့်နေလေသည်။

ရှောင်ဟေးနှင့် မာလီနွိုက် ခွေးလေးက သူ၏ ဘယ်ညာ တစ်ဖက်တစ်ချက်စီတွင် ဝပ်နေကြသည်။

ထိုကောင်လေး နှစ်ကောင်က အချင်းချင်း လက်ခံလာကြပြီး နှုတ်ဆက်တတ်သော်လည်း ရင်းနှီးမှုကတော့ သာမန်သာ ရှိလေသည်။ အဓိကအားဖြင့် မာလီနွိုက် ခွေးလေးက သူငယ်ချင်း ဖွဲ့ရသည်ကို မနှစ်သက်ဘဲ သခင်ကိုသာ တွယ်ကပ်နေတတ်သောကြောင့် ဖြစ်သည်။

ရှေးခေတ်က ဆိုလျှင် ဘုရင်၏ အမိန့်ကိုသာ နာခံပြီး မပြုံးမရယ်တတ်သော ကိုယ်ရံတော် မျိုးနှင့် တူလေသည်။

မိုးရေများက လယ်ယာခြံဝင်းကို လွှမ်းခြုံထားလေသည်။

ဘလူးဘယ်ရီ ဖန်လုံအိမ် ဘက်တွင် မိုးရေများက မိုးကာစကို ရိုက်ခတ်နေပြီး "တဖြောက်ဖြောက်" အသံများ ထွက်ပေါ်နေကာ အတော်လေး စည်းချက်ကျနေလေသည်။

ရွှီယန်က ဖန်လုံအိမ် ရှိရာဘက်သို့ လှမ်းကြည့်လိုက်ပြီး မိုးကာစများ မိုးဒဏ်ကို ခံနိုင်ရည် ရှိပါစေဟု မျှော်လင့်နေမိသည်။

ကြက် ဘဲ ငန်း များ၏ ခြံဝင်းဘက်တွင်လည်း တိရစ္ဆာန်လေးများ အားလုံးကို အိမ်ထဲသို့ မောင်းသွင်းကာ တံခါးပိတ်ထားလိုက်ပြီ ဖြစ်သည်။

အချို့ကြက်များက အလွန် တုံးအကြပြီး မိုးရွာနေသည်ကိုတောင် မိုးခိုရမည်မှန်း မသိဘဲ ဥအုမည့် ပုံစံမျိုးဖြင့် မိုးရေထဲတွင် ရပ်နေတတ်ကြသည်။ ထို့နောက် နောက်တစ်နေ့တွင် အအေးမိပြီး ချက်ချင်း သေဆုံးသွားတတ်ကြသည်။ ထို့ကြောင့် သူတို့ကို အိမ်ထဲသို့ မောင်းသွင်းထားရခြင်း ဖြစ်သည်။

ဝက်ပေါက်လေးများကတော့ အားလုံး စုရုံးကာ အလွန် သက်သောင့်သက်သာ အိပ်မောကျနေကြလေသည်။

"မိုးက တကယ်ကို ကြီးတာပဲ... တောင်ပေါ်မှာ မှိုတွေ ဘယ်လောက်တောင် ထွက်လာမလဲ မသိဘူး"

ရွှီယန်က မိုးရေများကို ကြည့်ရင်း ပြောလိုက်သည်။

မှိုများက အလွန် ထူးဆန်းလေသည်။ မိုးတစ်ပြိုက် ရွာပြီးသည်နှင့် တစ်ပြိုင်နက် ချက်ချင်းဆိုသလို အများအပြား ထွက်ပေါ်လာတတ်ပြီး မျိုးစုံ ရှိလေသည်။

ဈေးမကြီးသော်လည်း လတ်ဆတ်ပြီး အရသာရှိလေသည်။

လတ်ဆတ်သော မှိုများနှင့် ဈေးကဝယ်သော မှိုများက လုံးဝ မတူညီသော အရာ နှစ်ခုပင် ဖြစ်လေသည်။

ထို့ကြောင့် ယူနန်ဘက်တွင် နှစ်စဉ် မှိုစားရမည့် ရာသီ ရောက်တိုင်း လူများက အလွန် စိတ်အားထက်သန်ကြပြီး မှိုစားမိ၍ ဆေးရုံရောက်သွားသူများလည်း မနည်းလှပေ။ အကြောင်းရင်းကတော့ မှိုများက အရသာရှိလွန်းသောကြောင့် ဖြစ်သည်။

ဤဘက်မှ လူများကလည်း ထိုသို့ပင် ဖြစ်ကြသည်။ မိုးတိတ်သည်နှင့် တစ်ပြိုင်နက် လူအများအပြားက တောင်ပေါ်သို့ တက်ကာ မှိုများနှင့် ကျောက်မှိုများကို သွားရောက် ရှာဖွေကြလေသည်။

မြေပြင်ပေါ်တွင်ရော သစ်ပင်များပေါ်တွင်ပါ နေရာတိုင်း၌ ရှိနေပြီး ပိုက်ဆံလည်း မပေးရသဖြင့် လွတ်လပ်စွာ ခူးယူနိုင်လေသည်။ တောင်ပေါ်သို့ အပျော်စီး ထွက်ရင်း တစ်အိတ်စာခန့် ခူးယူလာပါက စိတ်ခံစားချက်လည်း ကောင်းမွန်စေလေသည်။

ရွှီယန်က မိုးတိတ်ပါက တောင်ပေါ်တက်၍ မှိုခူးရန်နှင့် တိုက်ရိုက်ထုတ်လွှင့်မှု ပြုလုပ်ရန် ရည်ရွယ်ထားလိုက်သည်။

ထိုအချိန်မှာပင် ရွှီယန်က မိုးရေများကြားမှ မြေပြင်ပေါ်တွင် ပြေးလာသော အကောင်လေး တစ်ကောင်ကို တွေ့လိုက်ရသည်။

သူက ဘာကောင်လေးလဲ ဟု သိချင်စိတ်ဖြင့် ကြည့်လိုက်ရာ ကျားသစ်ပေါက်လေးက ခုန်ဆွခုန်ဆွဖြင့် ပြေးလာသည်ကို တွေ့လိုက်ရလေသည်။

"ရှောင်ဟွာ... မင်း ဘာလို့ ရောက်လာတာလဲ"

ရွှီယန်က အလွန် အံ့အားသင့်သွားပြီး ထိုင်ခုံမှ ထကာ အပြင်သို့ ပြေးထွက်သွားပြီး ကျားသစ်ပေါက်လေးကို ပွေ့ချီလိုက်လေသည်။

ထို့နောက် သူက ဟိုဒီ လိုက်ကြည့်ရင်း မေးလိုက်သည်။

"မင်းအမေရော ဘယ်မှာလဲ"

ကျားသစ်ပေါက်လေးကတော့ အပြစ်ကင်းစင်သော မျက်နှာလေးဖြင့် ကြည့်နေဆဲ ဖြစ်လေသည်။

ဤကောင်လေးက အမေကို မလိုချင်ဘူး ဆိုလျှင်လည်း တကယ်ကို မလိုချင်တော့သည့်ပုံပင်။ မိဘမဲ့ ဖြစ်ရန် မွေးဖွားလာသူလေးပင် ဖြစ်လေသည်။

ကံကောင်း၍ ရွှီယန် ရှိနေသဖြင့်သာ တော်တော့သည်။

ရွှီယန်က သူ့ကို အခန်းထဲသို့ ခေါ်လာပြီး ခြောက်သွေ့သော တဘက် တစ်ထည်ဖြင့် သူ၏ ခန္ဓာကိုယ်ကို သုတ်ပေးလိုက်လေသည်။

ရှောင်ဟေးက ကျားသစ်ပေါက်လေးကို မြင်သောအခါ ပျော်ရွှင်စွာဖြင့် အနီးသို့ လာရောက် နှုတ်ဆက်သော်လည်း မာလီနွိုက် ခွေးလေးကတော့ အနည်းငယ် အံ့အားသင့်နေပုံဖြင့် ကြည့်နေလေသည်။ မုဆိုးခွေး တစ်ကောင် ဖြစ်သဖြင့် ကျားသစ်ပေါက်လေး ထံမှ အန္တရာယ်ရှိသော အငွေ့အသက် အချို့ကို အာရုံခံမိနေပုံ ရလေသည်။

ဒါက သာမန် ကြောင်တစ်ကောင် မဟုတ်ဘူးဆိုတာ သေချာသည်။

ကျားသစ်ပေါက်လေးကတော့ ရွှီယန်၏ ပြုစုယုယမှုကို သက်သောင့်သက်သာ ခံယူနေလေသည်။

အမွေးများ အားလုံးကို သုတ်ပေးပြီးနောက် ဆံပင်မှုတ်စက်ဖြင့် မှုတ်ပေးလိုက်လေသည်။

ထို့နောက် ကျားသစ်ပေါက်လေးက "မြောင် မြောင်" ဟု နှစ်ခွန်းခန့် အော်လိုက်လေသည်။

"နွားနို့ သောက်ချင်တာ မဟုတ်လား... ရတယ် သွားယူပေးမယ်"

ရွှီယန်က သူ၏ အဓိပ္ပာယ်ကို နားလည်သဖြင့် ထီးတစ်ချောင်း ယူကာ နွားနို့ သွားယူရန် ထွက်လာခဲ့လေသည်။

မိခင်ကျားသစ်မကြီးက အနောက်ဘက်ရှိ သစ်တောထဲတွင် ရှိနေပြီး အရွက်များ အလွန် ထူထပ်သော သစ်ပင် တစ်ပင်ပေါ်တွင် မိုးခိုနေလေသည်။

၎င်းက လူသားများ လှုပ်ရှားသွားလာသော ဧရိယာထဲသို့ မည်သည့်အခါမျှ မဝင်ရောက်ပေ။

မိခင်ကျားသစ်မကြီးက ရွှီယန်နှင့် ရင်းနှီးသော်လည်း လူသားများ အပေါ်တွင်တော့ အလွန် သတိထားလေသည်။

တကယ်တမ်းတွင် သံယောဇဉ် ကတ်ပြားသာ မရှိပါက မိခင်ကျားသစ်မကြီးက ရွှီယန်အပေါ်တွင်လည်း သတိထားနေမည်သာ ဖြစ်သည်။ ကျားသစ်များက ထိုသို့ပင် ဖြစ်ကြပြီး သစ်တောထဲတွင် အလွန် လျှို့ဝှက်ဆန်းကြယ်ကာ သတိဝီရိယ အလွန် ကြီးမားကြလေသည်။

လူသားများ အနေဖြင့် ပုံသေ တပ်ဆင်ထားသော ကင်မရာများမှ တစ်ဆင့်သာ ကျားသစ်များကို မြင်တွေ့နိုင်ပြီး လက်တွေ့တွင် မြင်တွေ့ရရန် အလွန် ခဲယဉ်းလှပေသည်။

အရှေ့မြောက် ကျားများကတော့ မတူညီပေ။ တစ်ခါတစ်ရံ တောင်ပေါ်လမ်းတွင် ကားမောင်းသွားစဉ် အရှေ့မြောက် ကျားများ လမ်းလျှောက်နေသည်ကို မြင်တွေ့ရတတ်လေသည်။ ထိုအခါမျိုးတွင် လမ်းသွားလမ်းလာများက အံ့ဩဝမ်းသာစွာ အော်ဟစ်ကြပြီး ကားကို ရပ်ကာ ဖုန်းဖြင့် ဓာတ်ပုံရိုက်ကြလေသည်။

အရှေ့မြောက် ကျားများကတော့ အေးဆေးတည်ငြိမ်စွာဖြင့် ကားကို အနောက်သို့ တစ်ချက် လှည့်ကြည့်ရုံသာ ကြည့်ပြီး လုံးဝ ဂရုမစိုက်သည့် အမူအရာဖြင့် "ဘာဖြစ်လို့လဲ... ကိစ္စရှိလို့လား" ဟု ပြောနေသည့်အလားပင် ဖြစ်ကာ ဆက်လက် လမ်းလျှောက်သွားတတ်ကြလေသည်။

All Chapters