← Chapters

အခန်း ၆၁

Vol. 7 Ch. 61

အခန်း ၆၁

Vol. 7 Ch. 61

အခန်း (၆၁) တန်ဖိုးကြီးတဲ့ ဟင်းချက်စရာတွေက အများအားဖြင့် အလွယ်ကူဆုံး ဟင်းချက်နည်းတွေကိုပဲ လိုအပ်တယ်

ရွှီယန်က မြေအိုးအဖုံးကို ပိတ်လိုက်ပြီး ကြက်ပေါက်လေးကို ဖမ်းရန် ပြေးသွားလိုက်သည်။

ဤကြက်ပေါက်လေးက အတော်လေး လျင်မြန်ဖြတ်လတ်ပြီး ရွှီယန် လာနေသည်ကို မြင်သောအခါ ခြေနှစ်ချောင်းဖြင့် အပြေးအလွှား ထွက်ပြေးလေသည်။

တကယ်ကို လျင်မြန်ဖြတ်လတ်သော ကြက်ပေါက်လေးပင် ဖြစ်သည်။

ရွှီယန်၏ ခန္ဓာကိုယ်က လျင်မြန်ဖြတ်လတ်သော်လည်း တိုက်ရိုက်ထုတ်လွှင့်နေသော ကင်မရာရှေ့တွင်တော့ ကြက်ကို မလိုက်ဖမ်းချင်ပေ။ ထို့ကြောင့် သူက အနောက်သို့ လှည့်ကာ အော်လိုက်သည်။

"ယွမ်ပေါင်... သွား... သူ့ကို ကိုက်ချီလာခဲ့... အနာတရ မဖြစ်စေနဲ့နော်..."

ရွှီယန်၏ စကားသံ အဆုံးတွင် အသင့်ဖြစ်နေသော မာလီနွိုက် ခွေးလေးက ချက်ချင်း ခုန်ထွက်သွားပြီး လှုပ်ရှားမှုက အလွန် မြန်ဆန်လှသည်။

ငြိမ်သက်နေချိန်တွင် အပျိုကညာကဲ့သို့ ဖြစ်ပြီး လှုပ်ရှားလိုက်ချိန်တွင် အရူးယုန်ကဲ့သို့ ဖြစ်သွားသည်။ မာလီနွိုက် ခွေးလေးက အမည်းရောင် အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး မကြာမီမှာပင် ကြက်ပေါက်လေးကို ပါးစပ်ဖြင့် ကိုက်ချီထားလိုက်သည်။

ကွန်ရက်သုံးစွဲသူများ အားလုံး လုံးဝ ကြောင်အမ်းအမ်း ဖြစ်သွားကြတော့သည်။

ဘာအရာကြီးကများ ရွှီးခနဲ ဖြတ်သွားတာလဲ... တိုက်ရိုက်ထုတ်လွှင့်သူက လျှပ်စီးလိုမြန်တဲ့အကောင်ကိုများ မွေးထားတာလား...

ဒရုန်း၏ ကင်မရာက အမီလိုက်လာနိုင်သော အခါမှသာ ကွန်ရက်သုံးစွဲသူများက မာလီနွိုက် ခွေးလေးမှာ အောင်ပွဲခံလာသော စစ်သူကြီး တစ်ဦးကဲ့သို့ ရင်ကော့ခေါင်းမော့ကာ လမ်းလျှောက်ပြန်လာပြီး စစ်နိုင်ပစ္စည်းကို ရွှီယန်၏ လက်ထဲသို့ ပေးအပ်လိုက်သည်ကို မြင်တွေ့လိုက်ရသည်။

"ကောင်းကောင်း လုပ်နိုင်တယ်..." ရွှီယန်က သူ၏ ခေါင်းကို ပွတ်သပ်ရင်း ချီးကျူးလိုက်သည်။

"လခွီး... ဒီမာလီနွိုက် ခွေးလေးက နည်းနည်း ကြမ်းတယ်ဟ... ပြေးတာ အရမ်း မြန်တာပဲ..."

"မာလီနွိုက် က မူလကတည်းက မုဆိုးခွေးပဲလေ... အခုဆိုရင် ရဲခွေး တော်တော်များများကလည်း မာလီနွိုက် တွေချည်းပဲ..."

"ဟားဟား... ခွေးကို သုံးပြီး ကြက်ဖမ်းတတ်သေးတာလား..."

"လယ်ယာခြံဝင်းက သာမန်ကောင်တွေကို မမွေးထားဘူးပဲ..."

ရုတ်တရက် စည်ကားသွားမှုကြောင့် တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းရှိ ကြည့်ရှုသူများလည်း ရယ်မောလိုက်ကြသည်။

ကြက်ပေါက်လေးက ရွှီယန်၏ လက်ထဲတွင် ကျွိကျွိကျာကျာ အော်ဟစ်နေလေသည်။

ရွှီယန်က ကြက်ပေါက်လေးကို ကိုင်ကာ ကြက်ခြံဆီသို့ လျှောက်သွားပြီး အခြား ကြက်ပေါက်လေးများနှင့် အတူ အိမ်ထဲသို့ ထည့်ပေးလိုက်သည်။

သူက ကြက်ခြံဝင်းကို တစ်ပတ် ပတ်လျှောက်ကာ ဤကောင်လေး ဘယ်လို ထွက်ပြေးသွားသလဲ ဆိုသည်ကို သိချင်နေမိသည်။ သူ တစ်ချက် စစ်ဆေးကြည့်လိုက်ရာ ခြံစည်းရိုးတွင် အပေါက် မရှိသဖြင့် တိုးထွက်လာခြင်း မဟုတ်ပေ။

ဤမျှ သေးငယ်သော ကြက်လေးက ပျံထွက်လာရန်တော့ မဖြစ်နိုင်ပေ။

ယနေ့ တံခါးဖွင့်လိုက်ချိန်တွင် ခိုးထွက်လာခြင်း ဖြစ်နိုင်ပြီး အချိန်အတော်ကြာ သတိမထားမိဘဲ ယခုမှ မြင်တွေ့ရခြင်း ဖြစ်မည်။

ကြက်ပေါက်လေးကို အထဲထည့်ပြီးနောက် ရွှီယန်က ခြံဝင်းထဲသို့ ပြန်လာကာ အရသာရှိသော အစားအစာများကို ဆက်လက် ပြင်ဆင်နေလေသည်။

ရုတ်တရက် ပေါ်လာသော ကြားဖြတ် အဖြစ်အပျက်လေးက သူ၏ စိတ်ဝင်စားမှုကို မထိခိုက်စေခဲ့ပေ။

မြေအိုးထဲတွင် ကြက်သားနှင့် မှိုဟင်းက တည်ထားဆဲ ဖြစ်သည်။

ရွှီယန်က သံပြား တစ်ခုကို ယူလာပြီး အကင်စင်ပေါ်တွင် တင်ကာ သန့်ရှင်းစင်ကြယ်အောင် ဆေးကြောထားသော ခြေထောက်ကြီးမှို အချို့ကို ထုတ်ယူလိုက်သည်။

ခြေထောက်ကြီးမှို၊ နွားအသည်းမှို ဟုလည်း ခေါ်ကြပြီး တန်ဖိုးကြီးသော မှိုမျိုးစိတ် ဖြစ်ကာ အာဟာရနှင့် အရသာ အားလုံးက အကောင်းဆုံး ဖြစ်ပြီး တကယ့် ပစ္စည်းကောင်း စစ်စစ်ပင် ဖြစ်သည်။

"ဒီနေ့ ဒီခြေထောက်ကြီးမှို လေးတွေကိုပဲ သတိရနေတာ... ဒီလောက် အများကြီး ရှာတွေ့လိမ့်မယ်လို့ မထင်ထားဘူး... လတ်ဆတ်တုန်း ညဘက် နည်းနည်း အရင်စားလိုက်မယ်..." ရွှီယန်က ကွန်ရက်သုံးစွဲသူများအား ပြောလိုက်သည်။

တစ်စုံတစ်ယောက်က တိုက်ရိုက်ထုတ်လွှင့်မှု အတွင်းတွင် ဗဟုသုတ ဝေမျှနေလေသည်။ ရွှီယန် ထုတ်ယူလာသော ထိုခြေထောက်ကြီးမှိုများ၏ အရည်အသွေးက အလွန် ကောင်းမွန်ပြီး စုစုပေါင်း တန်ဖိုး ယွမ် နှစ်ရာ သုံးရာခန့် ရှိနိုင်ကြောင်း ခန့်မှန်းရသည်။

မှိုစားသည်ကပင် ယွမ် နှစ်ရာ သုံးရာ ကုန်ကျမည်ဟု ကြားလိုက်ရသောအခါ အားလုံးက ချက်ချင်းပင် အလွန် အားကျသွားကြတော့သည်။

'သူဌေးပါလား…’

ရွှီယန်က ထောပတ် တစ်တုံးကို ထုတ်ယူကာ တူဖြင့် ညှပ်၍ သံပြားပေါ်တွင် တင်လိုက်သည်ကို မြင်လိုက်ရသည်။

“ရှဲ…ရှဲ”

ထောပတ်က လျင်မြန်စွာ အရည်ပျော်သွားလေသည်။

ထို့နောက် ရွှီယန်က ခြေထောက်ကြီးမှို တစ်ခုကို ယူလာပြီး ဓားရှည်ဖြင့် ခြေထောက်ကြီးမှိုကို မှိုအပြားလေးများ ဖြစ်အောင် လှီးဖြတ်လိုက်သည်။

သူက တူဖြင့် မှိုအပြားလေးများကို ညှပ်ကာ သံပြားပေါ်တွင် တင်၍ ကင်လိုက်သည်။

သံပြားဖြင့် ကင်ထားသော ခြေထောက်ကြီးမှိုပင် ဖြစ်သည်။

တန်ဖိုးကြီးသော ဟင်းချက်စရာများက အများအားဖြင့် အလွယ်ကူဆုံး ဟင်းချက်နည်းများကိုသာ လိုအပ်လေ့ ရှိသည်။

မှိုအပြားလေးများက အပူချိန်မြင့်မားစွာ ကင်ခံရမှုအောက်တွင် အစွန်းများက လျင်မြန်စွာ ကျုံ့ဝင်သွားပြီး အနည်းငယ် တူးခြစ်ခြစ် အဝါရောင်လေးများ ပေါ်ထွက်လာသည်။

ထောပတ်က သံပြားပေါ်တွင် အဆက်မပြတ် ပူဖောင်းငယ်လေးများ ထွက်ပေါ်နေသည်။

"မှိုကင်တဲ့ အခါ မီးအပူရှိန်ကို ဂရုစိုက်ရတယ်... ကင်တဲ့ အချိန် အရမ်း တိုရင် မှိုက အစိမ်းအတိုင်း ရှိနေသေးတယ်... ကင်တဲ့ အချိန် အရမ်း ရှည်ရင် မှိုက ရင့်သွားလိမ့်မယ်... ရှစ်ဆယ် ကိုးဆယ် ရာခိုင်နှုန်းလောက် ကျက်တဲ့ အချိန်မှာ ကောက်ယူရမယ်... အားလုံးပဲ သေချာ ကြည့်ထားပါ... မှိုအပြားလေးတွေ ရွှေဝါရောင် ပြောင်းသွားရင် ရပါပြီ..." ရွှီယန်က မှိုအပြား အတော်များများကို ဆက်တိုက် တင်လိုက်သည်။

ဤအခိုက်အတန့်တွင် သူက ဟင်းချက်ဆရာကြီး တစ်ဦးအဖြစ် ပြောင်းလဲသွားပြီး တိုက်ရိုက်ထုတ်လွှင့်မှု ကင်မရာရှေ့တွင် အရသာရှိသော အစားအစာများကို သက်သောင့်သက်သာ ချက်ပြုတ်နေလေသည်။

မှိုအပြားလေးများ၏ အခြေအနေကို မြင်သောအခါ ကွန်ရက်သုံးစွဲသူ အများအပြားမှာ မနေနိုင်တော့ဘဲ တံတွေး တစ်ချက် မျိုချလိုက်မိကြသည်။

"ဘယ်လို ဖြစ်တာလဲ... ငါ အသားကင် ကြည့်တာတောင် ဒီလောက် မမွှေးဘူး..."

"ကြည့်ရတာ တကယ် မဆိုးဘူး..."

"ဒီလေထုလေးက တကယ်ကို မိုက်တယ်..."

"ငါတို့ အစ်ကိုယန် ကတော့ မိုက်နေတုန်းပဲ..."

ဒရုန်း၏ ကင်မရာက အနီးကပ် ဆွဲယူလိုက်၊ အဝေးသို့ ဆုတ်လိုက် လုပ်နေသည်။

နွေရာသီ ဖြစ်သဖြင့် နေဝင်သည်မှာ အလွန် နှေးကွေးပြီး ညနေဆည်းဆာ၏ အပူချိန်ကလည်း ကွက်တိဖြစ်နေကာ အပြင်ဘက်တွင် ထိုင်၍ လေအေးလေးများ တိုက်ခတ်နေသည်ကို ခံစားရသည်မှာ အလွန် သက်သောင့်သက်သာ ရှိလှပေသည်။

ခွေးနှစ်ကောင်က ဘေးနားတွင် ဝပ်၍ အနားယူနေကြသည်။

မှုန်ဝါးဝါး မြင်ကွင်းထဲတွင် မလှမ်းမကမ်းမှနေ၍ ခိုးကြောင်ခိုးဝှက် အကောင် သုံးကောင် ပေါ်လာသည်။ ၎င်းတို့က အရသာရှိသော အစားအစာများ ရှိနေသည်ကို ခံစားသိရှိသွားပုံ ရပြီး အနံ့ခံ၍ ရောက်လာကြခြင်း ဖြစ်သည်။

ထိုအကောင်များမှာ မြေခွေးပေါက်လေး သုံးကောင်ပင် ဖြစ်လေသည်။

"ဒီလောက် မြန်မြန် ရောက်လာတာလား..." ရွှီယန်က မြေခွေးပေါက်လေးများကို မြင်သောအခါ အံ့ဩသွားသည်။

"ဒီအနီးအနားမှာများ အသိုက် လာဖွဲ့ထားတာများလား..."

သူ အကြမ်းဖျင်း ခန့်မှန်းမိလိုက်သည်။ အကယ်၍ မြေခွေးများက တောတောင်များထဲတွင် နေထိုင်မည်ဆိုပါက ညနေဆည်းဆာ အချိန်တွင် ပြေးလာမည် မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ သူတို့က ညအချိန်တွင် ရင်းနှီးကျွမ်းဝင်သော နေရာများ၌သာ လှုပ်ရှားသွားလာလေ့ ရှိကြရာ ယခုအချိန်တွင် မြေခွေးအသိုက် အနီးအနား၌သာ ရှိနေသင့်သည်။

ယခု ပြေးလာကြခြင်းက သူတို့ နေထိုင်ရာ နေရာမှာ ဤနေရာနှင့် အလွန် နီးကပ်နေကြောင်း ပြသနေလေသည်။

ကွန်ရက်သုံးစွဲသူများက ဤမြင်ကွင်းကို ကြည့်ရင်း ကြည့်လေလေ ပို၍ အားကျလေလေ ဖြစ်လာကြသည်။

ရွှီယန်က ပန်းကန်ပြား တစ်ချပ်ကို ယူလာပြီး ကင်ထားသော မှိုအပြားလေးများကို ပန်းကန်ထဲတွင် ထည့်လိုက်သည်။

အရသာ များများစားစား ပြင်ဆင်ရန် မလိုဘဲ သူက သူ့အကြိုက်အတိုင်း ဇီရာ အနည်းငယ် ဖြူးလိုက်ပြီး ဆားနု အနည်းငယ် ဖြူးလိုက်သည်။

ထို့နောက် ရွှီယန်က ဆီများ ထွက်နေသော ရွှေဝါရောင် မှိုအပြားလေး တစ်ခုကို တူဖြင့် ညှပ်ကာ တစ်ချက် မှုတ်လိုက်ပြီး ပါးစပ်ထဲသို့ ထည့်လိုက်သည်။

မှိုက မူလကတည်းက နူးညံ့ပြီး အိစက်နေကာ အပူချိန် မြင့်မားစွာ ကင်ခံရပြီးနောက် အလွန် အိစက်ကျစ်လျစ်သွားလေသည်။

ပါးစပ်ထဲတွင် ဝါးလိုက်သောအခါ ပူလောင်မှုနှင့် လတ်ဆတ်ချိုမြိန်သော အရသာက တစ်ပြိုင်နက်တည်း ထွက်ပေါ်လာလေသည်။

မှိုအတွက် သီးသန့် ဖြစ်သော အမြင့်ဆုံး ခံစားမှုပင် ဖြစ်သည်။

ရွှီယန်က တစ်ခု မြည်းစမ်းပြီးနောက် မျက်နှာထားတွင် အတော်လေး သာယာကျေနပ်နေပုံ ရလေသည်။

"တကယ် မဆိုးဘူး... ဒီသံပြားနဲ့ကင်ထားတဲ့ မှိုပြားလေးတွေက အရမ်း လတ်ဆတ်တယ်... တခြားနေရာတွေမှာဆိုရင် ဒီလို အရသာမျိုး တကယ်ကို စားရမှာ မဟုတ်ဘူး... အရမ်း ပြီးပြည့်စုံတယ်..." ရွှီယန်က ချီးကျူးလိုက်သည်။

သူ၏ ပုံစံကို မြင်သောအခါ ကွန်ရက်သုံးစွဲသူများက မသိမသာပင် သွားရည်များ ကျလာကြတော့သည်။

ဘာကြောင့်မှန်း မသိသော်လည်း သူ အစားစားနေသည်ကို ကြည့်ပြီး ကိုယ်တိုင်လည်း အနည်းငယ် ဗိုက်ဆာလာကြလေသည်။

ရွှီယန်က ရွှေဝါရောင် ကင်ထားသော မှိုအပြားလေး နောက်တစ်ခုကို တူဖြင့် ညှပ်ကာ ဖြည်းညင်းစွာ ဝါးစားလိုက်သည်။

အထိအတွေ့က အလွန် ကျစ်လျစ်ပြီး အလွန် နူးညံ့ကာ အနည်းငယ် အိစက်နေလေသည်။

သံပြားဖြင့် ကင်ထားသော အနံ့သင်းသင်းလေးက မှိုထဲမှ ထွက်ပေါ်လာလေသည်။

ဇီရာ၏ အရသာ အနည်းငယ်နှင့် ပေါင်းစပ်လိုက်သောအခါ... တကယ်ကို စားလို့ ကောင်းလှပေသည်။

သူက ဆက်တိုက် ဆိုသလို အပြား အတော်များများကို စားလိုက်သော်လည်း အားမရသေးသဖြင့် ခြေထောက်ကြီးမှို နှစ်ခုကို ထပ်မံ လှီးဖြတ်ကာ နောက်ထပ် တစ်ပန်းကန် ကင်ရန် ပြင်ဆင်လိုက်သည်။

ထိုအချိန်တွင် သူက အနောက်သို့ လှည့်ကြည့်လိုက်ရာ သေးငယ်သော အကောင်လေး ငါးကောင်က ဘေးနားတွင် သူ့ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ခွေးနှစ်ကောင်၊ မြေခွေး သုံးကောင်။

ဤကောင်လေးများက အတော်လေး အလိုက်သိကြပြီး မဆူညံ၊ မအော်ဟစ်ဘဲ စားပွဲပေါ်သို့လည်း မတက်ဘဲ ဘေးနားတွင်သာ စောင့်ဆိုင်းနေကြလေသည်။

"မှိုကို မင်းတို့က ငါ့ဆီ လာတောင်းစားနေတာလား... အဲ့ဒါက တောင်ပေါ်မှာ နေရာတိုင်း အပြည့် ရှိနေတာ မဟုတ်ဘူးလား..." ရွှီယန်က မြေခွေးပေါက်လေးများ၏ ပုံစံကို မြင်သောအခါ မနေနိုင်တော့ဘဲ ရယ်မောလိုက်မိသည်။

အထီး မြေခွေးလေး နှစ်ကောင်က ချက်ချင်း "အီအီအီအီ" ဟု အော်ဟစ်လာကြပြီး သစ်တောထဲက မှိုတွေက ဘယ်လောက် စားလို့ မကောင်းလဲ၊ ငါတို့လည်း ကင်ထားတာကို စားချင်တယ် ဟု ပြောနေသည့်အလားပင်။

မြေခွေးများက မူလကတည်းက အစုံစား တိရစ္ဆာန်များ ဖြစ်ကြသဖြင့် ဘာမဆို စားနိုင်ကြသည်။ ထို့ကြောင့် သူတို့က အရသာရှိသော အရာကို စားချင်ကြခြင်း ဖြစ်သည်။ သားရဲတိရစ္ဆာန်များကတော့ မတူညီပေ၊ ဥပမာအားဖြင့် ကျားနှင့် ကျားသစ် ဆိုလျှင် အသားစိမ်းကိုသာ စားနိုင်ကြလေသည်။

ရွှီယန်က မှိုအပြားလေး အချို့ကို ကင်ပြီးနောက် ဆားနု အနည်းငယ် ဖြူးကာ ပန်းကန်ပြားထဲတွင် ထည့်၍ ခဏတာ အအေးခံထားလိုက်ပြီး မှိုအပြားလေးများ အေးသွားသောအခါမှ ကောင်လေးများကို လာရန် လှမ်းခေါ်လိုက်သည်။

"လာ... မှိုလာစားကြ..." ရွှီယန်က သူတို့ကို လှမ်းခေါ်လိုက်သည်။

ကောင်လေးများ အားလုံးက ချက်ချင်း ဝိုင်းအုံလာကြလေသည်။

ကောင်လေး တစ်ကောင်လျှင် မှိုအပြား တစ်ပြားစီ ဖြစ်ပြီး အလွန် ကောင်းမွန်သော ခြေထောက်ကြီးမှို၏ ဈေးနှုန်းက အတော်လေး မြင့်မားသဖြင့် တိရစ္ဆာန်များကို ကျွေးရန် အသုံးပြုခြင်းက အလွန် ဇိမ်ကျလွန်းလှပေသည်။

သို့သော် ရွှီယန်က ဤအရာများကို ဂရုမစိုက်ဘဲ လက်ရှိ အခိုက်အတန့်ရှိ တွေးတောမှုများကိုသာ ဂရုစိုက်လေသည်။

မြင်ကွင်းက ကြည့်ရသည်မှာ အလွန် သာယာအေးချမ်းနေပြီး တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း ထပ်မံ၍ စည်ကားလာပြန်သည်။

"အရမ်း ချစ်ဖို့ကောင်းတဲ့ မြေခွေးလေးတွေပဲ..."

"အရမ်း ချစ်စရာ ကောင်းတာပဲ..."

"လောင်ရွှီ... ငါလည်း မှိုစားချင်တယ်..."

"မင်းက ဘာမှို စားချင်တာလဲ... လောင်ရွှီ ရဲ့ မှိုကြီးကိုလား..."

"ကြီးလာနိုင်တဲ့ မှိုလား... ကြီးမလာရင် ငါ မစားဘူးနော်..."

"လခွီး... ငါ့မျက်လုံးတွေ... ဒါ မူကြိုကား မဟုတ်ဘူး... ငါ ကားပေါ်က ဆင်းမယ်..."

ရွှီယန်က ကောင်လေးများကို မှိုအနည်းငယ် ကျွေးပြီးနောက် သူကိုယ်တိုင်လည်း ကျန်ရှိနေသော သံပြားဖြင့် ကင်ထားသည့် မှိုအပြားလေးများကို အကုန် စားပစ်လိုက်သည်။

ထိုအချိန်တွင် သူက အေးစက်နေသော ကိုကာကိုလာ တစ်ပုလင်းကို ယူကာ ကုလားထိုင်ပေါ်တွင် မှီရင်း တစ်ငုံကြီး မော့သောက်လိုက်သည်။

အဓိကအားဖြင့် ရွှီယန်က အရက်သောက်ရသည်ကို မနှစ်သက်ဘဲ လူစုလူဝေးတွင် ဘီယာ အနည်းငယ် သောက်ရုံသာ ကိစ္စမရှိသော်လည်း ပုံမှန်အချိန်များတွင် သူတစ်ယောက်တည်း လုံးဝ မသောက်တတ်ပေ။ မဟုတ်ပါက ဤအချိန်မျိုးတွင် အရက်သောက်ရသည့် ခံစားချက်က ပို၍ ကောင်းမွန်မည်မှာ သေချာသည်။

"ခြေထောက်ကြီးမှို အရသာ တကယ် မဆိုးဘူး... အရမ်း မွှေးတယ်... သံပြားကင်က နည်းနည်း အီတယ်... ကျွန်တော် တခြား နည်းလမ်း ပြောင်းလုပ်မယ်..."

ရွှီယန်က သံပြားကို အောက်ချလိုက်ပြီး ဝါးတံ တစ်ချောင်းကို ယူလာကာ ဝါးတံပေါ်တွင် မှိုအချို့နှင့် ကြက်သား အချို့ကို ထိုးစိုက်လိုက်ပြီး မီးပေါ်တွင် တင်ကာ စတင် ကင်လေသည်။

ကွန်ရက်သုံးစွဲသူများက လျင်မြန်စွာပင် သဲလွန်စကို တွေ့ရှိသွားကြသည်။

"ဟိုက်... ဒါ တောမှို ကြက်သားကင် မဟုတ်လား... ဒါ ဂိမ်းထဲက ပစ္စည်းလေးလေ..."

"တကယ်ကြီးပဲ... ငါ မြင်ဖူးသလိုလို ဖြစ်နေတာ..."

"ဘာလို့ မင်းက လက်တွေ့ဘဝမှာ စူးစမ်းရှာဖွေရေး စွန့်စားခန်း ဂိမ်းကို ဆော့ကစားနိုင်ရတာလဲ..."

"ဒီကမ္ဘာကြီးက တကယ်ပဲ ဧရာမ ယွမ်ရှန်း ဂိမ်းကြီး တစ်ခုပဲ..."

"တိုက်ရိုက်ထုတ်လွှင့်သူက ဂိမ်းထဲက ဇာတ်ကောင် ခရီးသွား လား..."

တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း စည်ကားလာပြီး မှတ်ချက်များက ထပ်မံ၍ ဆူညံလာကြသည်။

ရွှီယန်က အာရုံမစိုက်တော့ဘဲ မှိုနှင့် ကြက်သားကင် နှစ်ချောင်းကို ထိုးစိုက်ကာ မီးသွေးမီးပေါ်တွင် အာရုံစူးစိုက်စွာ ကင်နေလေသည်။

All Chapters