← Chapters

အခန်း ၆၂

Vol. 7 Ch. 62

အခန်း ၆၂

Vol. 7 Ch. 62

အခန်း (၆၂) ဒီခွေးလေးက သေချင်ယောင်တောင် ဆောင်တတ်သေးတယ်

ထင်းရှူးပန်းများဖြင့် အရက်စိမ်ကာ နွေဦးစမ်းရေဖြင့် လက်ဖက်ရည်ကျိုချက်သကဲ့သို့ တောရွာလယ်ယာ၏ လူနေမှုဘဝက တစ်ခါတစ်ရံတွင် သက်သောင့်သက်သာ ရှိမှုများဖြင့် ပြည့်နှက်နေတတ်လေသည်။

ရွှီယန်၏ တိုက်ရိုက်ထုတ်လွှင့်မှုကလည်း ထိုကဲ့သို့သော ခံစားချက်မျိုးကို ပေးစွမ်းနေလေသည်။

မြေအိုးထဲတွင် တည်ထားသော ကြက်သားနှင့် မှိုစွပ်ပြုတ်မှာ ကျက်လုနီးပါး ဖြစ်နေပြီဖြစ်ရာ ရွှီယန်က ပန်းကန်လုံး တစ်လုံး ယူကာ မီးဖိုချောင်ထဲမှ ထမင်းတစ်ပန်းကန် ခူးပြီးနောက် အပြင်ဘက်သို့ ထွက်၍ တိုက်ရိုက်ထုတ်လွှင့်ရင်း စတင် စားသောက်လေတော့သည်။

မြေအိုး အဖုံးကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် အဖြူရောင် ရေခိုးရေငွေ့များက ဝေဝါးစွာ ထွက်ပေါ်လာလေသည်။ အရသာရှိသော မှိုများက ကြက်ပြုတ်ရည်နှင့် အပြည့်အဝ ပေါင်းစပ်သွားပြီ ဖြစ်သည်။ အသားတစ်တုံးကို ဆယ်ယူကာ မြည်းစမ်းကြည့်လိုက်ရာ အရသာမှာ ဖော်ပြ၍ မရနိုင်လောက်အောင်ပင် ကောင်းမွန်နေလေသည်။

ကြက်သားနှင့် မှိုစွပ်ပြုတ်... ဝက်သားနှင့် ကြာဆံစွပ်ပြုတ်... သံဒယ်အိုးနှင့် ချက်ထားသော ငန်းသားဟင်း... ဤဒေသ၏ ထူးခြားသော အစားအစာများကို စကားလုံး နှစ်လုံးတည်းဖြင့် ဖော်ပြရမည် ဆိုလျှင် အစုံအလင် ရောချက်ခြင်း ဟုပင် ဆိုရမည် ဖြစ်သည်။

နိုင်ငံတော်အဆင့် ဧည့်ခံပွဲများတွင် တည်ခင်း၍ မရနိုင်သော်လည်း အရသာမှာမူ ပထမတန်းစား ဖြစ်ပြီး သာမန် ပြည်သူများ၏ အိမ်များတွင် အလွန် လူကြိုက်များသော ဟင်းလျာများ ဖြစ်ကြလေသည်။

"ဒီတစ်အိုးက နည်းနည်း များတယ်... ငါတစ်ယောက်တည်း စားလို့ ကုန်မှာ မဟုတ်ဘူး"

"ကံကောင်းလို့ ဒီကောင်လေး နှစ်ကောင်ကို မွေးထားတာ"

ရွှီယန်က ပြုံးကာ ပြောလိုက်လေသည်။

ယနေ့တွင်တော့ ခွေးလေး နှစ်ကောင် ကံကောင်းပြီ ဖြစ်သည်။ သူက အရသာရှိသော အစားအစာများကို တိတ်ဆိတ်စွာ ခံစားရင်း အလွန် မြိန်ယှက်စွာ စားသောက်နေလေသည်။ ကြက်သား တစ်တုံးက ပါးစပ်ထဲသို့ ဝင်ရောက်သွားပြီး လျှာဖြင့် ဖွဖွလေး ထိလိုက်သည်နှင့် နူးညံ့အိစက်နေသော ကြက်သားက အရိုးပေါ်မှ ကွာကျလာကာ အရသာရှိသော ကြက်ပြုတ်ရည်က သွားရည်များနှင့် ရောနှောသွားပြီး အရသာခံ အာရုံများကို လှုံ့ဆော်ပေးနေသဖြင့် ခံစားချက်က အလွန်ပင် ကောင်းမွန်လှပေသည်။

သူက အရိုးများကို ဘေးသို့ ထွေးထုတ်လိုက်လေသည်။

ရှောင်ဟေးနှင့် မာလီနွိုက် ခွေးလေးတို့က စားချင်နေကြသော်လည်း အလွန် ကြွပ်ဆတ်သော ကြက်ရိုးများက ခွေးလေးများ၏ လည်ချောင်းကို ခြစ်မိစေနိုင်သဖြင့် ရွှီယန်က အရိုးများကို မကျွေးတော့ဘဲ အသား နှစ်တုံးကိုသာ ရွေး၍ ကျွေးလိုက်လေသည်။

မြေခွေးပေါက်လေးများက အနံ့ရသွားသောအခါ ချက်ချင်း အပြေးအလွှား ရောက်လာကြပြီး "အီအီအီအီ" ဟု အသံလေးများ ပြုလုပ်နေကြလေသည်။

အထီး မြေခွေးလေး နှစ်ကောင်က အလွန် ဆော့သန်ကြပြီး ဘေးနားရှိ အမ မြေခွေးလေးကတော့ အတော်လေး ငြိမ်သက်ကာ မြက်ခင်းပြင်ပေါ်တွင် ဝပ်လျက် ခေါင်းလေးကို စောင်းကာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလေသည်။

ထိုပုံစံလေးက အလွန်ပင် ချစ်စရာ ကောင်းလှပေသည်။

ရွှီယန်က မြေခွေးလေးများကိုလည်း ကြက်သား အနည်းငယ် ကျွေးလိုက်လေသည်။

ကွန်ရက်သုံးစွဲသူများက ဤမြင်ကွင်းကို မြင်သောအခါ သူတို့ပါ သွားရည်ကျလာကြတော့သည်။

"လောင်ရွှီ စားနေတာ ကြည့်ရတာ တကယ် စားချင်စရာကြီး"

"ငါလည်း ညကျရင် ကြက်သားနဲ့ မှိုစွပ်ပြုတ် စားချင်လာပြီ"

"ဒီတိုက်ရိုက်ထုတ်လွှင့်သူက စားပြတဲ့ အစီအစဉ် လုပ်ဖို့တောင် ပါရမီ ပါတယ်"

"တကယ်ပဲ... ငါ့ကိုတောင် ဗိုက်ဆာလာအောင် လုပ်နိုင်တယ်"

အားလုံးက အသီးသီး ဝင်ရောက် မှတ်ချက်ပေးနေကြလေသည်။ ရွှီယန်က အတော်လေး စားပြီးသွားသောအခါ မှတ်ချက်များကို တစ်ချက် ကြည့်လိုက်လေသည်။

ဤအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှု၏ ရှုခင်းက အထူးပင် လှပနေပြီး ညနေဆည်းဆာ နေလုံးကြီးက အနည်းငယ် ထပ်မံ နိမ့်ဆင်းသွားကာ ကောင်းကင် အစွန်းတစ်ဖက်တွင် လိမ္မော်ရောင်များ လွှမ်းခြုံနေလေသည်။

ရွှီယန်က အားလုံးက သူ၏ ဘဝကို သက်သောင့်သက်သာ ရှိသည်ဟု ပြောနေကြသည်ကို မြင်သောအခါ မအောင့်နိုင်တော့ဘဲ ပြုံးကာ ပြောလိုက်လေသည်။

"အချိန်တော်တော်များများမှာ အားလုံးက ဒီမြင်ကွင်းလေးကို ကြည့်ပြီး သက်သောင့်သက်သာ ရှိတယ်လို့ ထင်နေကြတာ"

"ကျွန်တော် အစပိုင်းမှာ မြေအိုး ပြင်ဆင်ရတယ်... မီးဖို ပြင်ဆင်ရတယ်... ကြက်သားကို ခုတ်ထစ်ရတယ်... ရေဆေးရတယ်... ရေနွေးဖျောရတယ်... ပြီးတော့ ဆီသတ်ရတယ်"

"ခဏနေရင် ပန်းကန်တွေ ဆေးရဦးမယ်... အိုးတွေ ဆေးရမယ်... မီးဖိုတွေကို ဂိုဒေါင်ထဲ ပြန်သိမ်းရဦးမယ်"

"ဒါက သက်သောင့်သက်သာ ရှိတာ မဟုတ်ဘူး"

"အလုပ်လုပ်ရတာ နှစ်နာရီ သုံးနာရီလောက် ကြာတယ်"

"အခုက ကျွန်တော် ဘာမှ အလုပ်မရှိလို့ပါ... တကယ်လို့ ကျွန်တော်သာ အလုပ်များနေရင် အစားအသောက် လှမ်းမှာစားလိုက်တာက ပိုပြီး သက်သောင့်သက်သာ ရှိတယ်လို့ ခံစားရတယ်"

လူများက အမြဲတမ်း အခြားသူများ၏ ဘဝကို အားကျတတ်ကြလေသည်။ ရွှီယန်၏ စကားကြောင့် ကျေးလက်ဘဝ ဆိုသည်မှာ အမြဲတမ်း သာယာလှပနေသော တောရွာသီချင်း တစ်ပုဒ် မဟုတ်ဘဲ လုပ်၍မကုန်နိုင်သော လယ်ယာအလုပ်များလည်း ရှိနေသေးကြောင်းကို အားလုံး နားလည်သွားကြလေသည်။

ကိုယ်တိုင် တကယ် နှစ်သက်မှသာ အဆင်ပြေမည် ဖြစ်လေသည်။

သူက ဒရုန်းကို လယ်ယာခြံဝင်းထဲရှိ မြေခွေးလေးများနှင့် ခွေးလေးများကို ရိုက်ကူးပြသခိုင်းထားပြီး သူကိုယ်တိုင်ကတော့ ပစ္စည်းများကို ရှင်းလင်းရန် မီးဖိုချောင်ထဲသို့ ဝင်သွားလေသည်။

အတန်ကြာ အလုပ်လုပ်ပြီးနောက် ရွှီယန်က အပြင်သို့ ထွက်လာပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်ရန် ရည်ရွယ်ထားလိုက်လေသည်။

သို့သော် မာလီနွိုက် ခွေးလေးကို မြင်သောအခါ သူ အနည်းငယ် စိတ်ဝင်စားသွားပြန်သည်။ ဤရက်ပိုင်းအတွင်း အားလပ်ချိန် ရှိသည်နှင့် တစ်ပြိုင်နက် ဤကောင်လေးကို သူ လေ့ကျင့်သင်ကြားပေးလေ့ ရှိလေသည်။

မာလီနွိုက် ခွေးများက အလွန် ဉာဏ်ကောင်းကြပြီး အမိန့်ပေးချက်များကို မွေးရာပါ အာရုံခံနိုင်စွမ်း အလွန် မြင့်မားကာ ရွှီယန်၏ အဓိပ္ပာယ်ကို အမြဲတမ်း နားလည်နိုင်ကြလေသည်။

ဤခွေးမျိုးကို ငယ်စဉ်ကတည်းက လေ့ကျင့်ပေးထားရန် လိုအပ်ပြီး မဟုတ်ပါက ကြီးလာသောအခါ ရိုင်းစိုင်း ကြမ်းတမ်းလာကာ ပြဿနာ ဖြစ်လွယ်တတ်လေသည်။

ယခင်က လူတစ်ယောက် မာလီနွိုက် မွေးမြူရာတွင် သေချာ မလေ့ကျင့်ပေးခဲ့သဖြင့် ထိုမာလီနွိုက် ခွေးက ကြက်များကို သတ်ဖြတ်ရန် နှစ်သက်လာကာ နောက်ဆုံးတွင် ဒုက္ခပေးသူ တစ်ယောက် ဖြစ်လာပြီး အဝေးသို့ ပို့ဆောင်ခံခဲ့ရဖူးလေသည်။

"ယွမ်ပေါင်... လာခဲ့"

ရွှီယန်က လှမ်းအော်လိုက်လေသည်။

ရွှီယန်၏ စကားကို ကြားသောအခါ မာလီနွိုက် ခွေးလေးက ချက်ချင်း အပြေးအလွှား ရောက်လာလေသည်။

ဒရုန်းက ဤမြင်ကွင်းကို တိုက်ရိုက်ထုတ်လွှင့်နေလေသည်။

ရွှီယန်က တိုက်ရိုက်ထုတ်လွှင့်မှု ဖန်သားပြင်ကို ကြည့်လိုက်လေသည်။

"ဒီ မာလီနွိုက် ခွေးလေးက ယွမ်ပေါင် လို့ ခေါ်တယ်... လယ်ယာခြံဝင်းအတွက် ကျွန်တော် မွေးထားတဲ့ ကိုယ်ရံတော် ခွေးလေးပါ... ရှောင်ဟေးကတော့ သိပ်ပြီး အားကိုးလို့ မရဘူးလို့ အမြဲ ခံစားနေရတယ်"

သူက ရှောင်ဟေးကို တစ်ချက် ကြည့်လိုက်ရာ ရှောင်ဟေးက မျက်နှာတွင် အပြစ်ကင်းစင်သော အမူအရာဖြင့် ရိုးအအလေး ပြုံးနေလေသည်။

ဤကဲ့သို့ အပြစ်ကင်းစင်နေခြင်းကလည်း ကောင်းမွန်လှပေသည်။ လယ်ယာခြံဝင်းတွင် ဤကဲ့သို့ တက်ကြွလန်းဆန်းသော ကောင်လေးမျိုးလည်း လိုအပ်လေသည်။

"ယွမ်ပေါင်က အရမ်း ဉာဏ်ကောင်းတယ်... အားလုံးကို တစ်ချက်လောက် ပြသပေးမယ်"

ရွှီယန်က ပြုံးကာ ပြောလိုက်လေသည်။

ရွှီယန်၏ စကားကို ကြားသောအခါ ကွန်ရက်သုံးစွဲသူများက ချက်ချင်းပင် သိချင်စိတ်ဖြင့် စောင့်ကြည့်နေကြတော့သည်။

လူအများအပြားက ဤမြင်ကွင်းကို တွေ့မြင်သွားပြီး တိုက်ရိုက်ထုတ်လွှင့်မှု အတွင်းသို့ ဝင်ရောက် ကြည့်ရှုလာကြလေသည်။

"ယွမ်ပေါင်... ထိုင်"

ရွှီယန်၏ အမိန့်ပေးသံနှင့်အတူ မာလီနွိုက် ခွေးလေးက ချက်ချင်း ထိုင်ချလိုက်ပြီး ရင်ဘတ်ကို ကော့ကာ ခေါင်းကို မော့ထားပြီး ကိုယ်ဟန်အနေအထားက အလွန် စံကိုက်ဖြစ်နေလေသည်။

"ယွမ်ပေါင်... မတ်တတ်ရပ်"

"ယွမ်ပေါင်... လှည့်"

ရွှီယန်က အမိန့် အနည်းငယ် ထပ်မံ ပေးလိုက်ရာ မာလီနွိုက် ခွေးလေးက အလွန် တော်သလို လွယ်ကူစွာဖြင့် ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့လေသည်။

တိုက်ရိုက်ထုတ်လွှင့်မှု အတွင်းတွင် အံ့ဩချီးကျူးသံများ ဆူညံသွားလေသည်။

"အရမ်း ဉာဏ်ကောင်းတဲ့ ခွေးလေးပဲ"

"တကယ်ပါပဲ အိမ်မွေးတိရစ္ဆာန်တွေကို တခြားလူတွေ မွေးတာ ကြည့်ရတာ ပိုပြီး စိတ်ဝင်စားစရာ ကောင်းတယ်"

"ငါ့အိမ်က ဟက်စကီကတော့ အော်နေတာ မဟုတ်ရင် အိမ်ကို ဖျက်ဆီးနေတာပဲ... ငါတောင် သူ့ကို ရောင်းပစ်ချင်နေပြီ"

"သူများ မွေးထားတဲ့ ခွေးကို ကြည့်ပါဦး... ယှဉ်လို့တောင် မရဘူး"

ရွှီယန် အစပိုင်းတွင် ပေးခဲ့သော အမိန့်များက ပုံမှန်သာ ဖြစ်သော်လည်း ထို့နောက်တွင် ရွှီယန်က အေးဆေးတည်ငြိမ်စွာဖြင့် ပြောလိုက်သည်ကို ကြားလိုက်ရလေသည်။

"ယွမ်ပေါင်... ရှက်ပြ"

ရွှီယန်၏ အမိန့်ကို ကြားလိုက်ရသည်နှင့် မာလီနွိုက် ခွေးလေးက ချက်ချင်း ခေါင်းငုံ့သွားပြီး ရှေ့ခြေနှစ်ချောင်းကို နှာခေါင်းပေါ်တွင် တင်ကာ မိမိ၏ မျက်နှာကို ဖုံးကွယ်ထားချင်သည့်အလား ရှက်နေသည့် ပုံစံလေးကို အမှန်တကယ်ပင် သရုပ်ဆောင်ပြနေလေသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ကွန်ရက်သုံးစွဲသူများ အားလုံး လုံးဝ ကြောင်အမ်းအမ်း ဖြစ်သွားကြတော့သည်။

'လခွီး'

'ဒါ ဘာတွေလဲ'

'ဒီလို အမိန့်ပေးလို့တောင် ရသေးတာလား'

အမှန်တကယ်တော့ ဤအမိန့်ပေးချက်ကို ရွှီယန်က အင်တာနက်ပေါ်မှ သင်ယူထားခဲ့ခြင်း ဖြစ်သည်။ အခြားသူများ မာလီနွိုက် ခွေးကို လေ့ကျင့်ပေးရာတွင် ဤအမိန့်ပေးချက် ပါဝင်သည်ကို မြင်တွေ့ခဲ့ရသဖြင့် သူ လိုက်လံ စမ်းသပ်ကြည့်ခဲ့ခြင်း ဖြစ်လေသည်။

မာလီနွိုက် ခွေးလေးက ဤမျှအထိ မြန်ဆန်စွာ သင်ယူနိုင်လိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ဘဲ အကြိမ်အနည်းငယ် သင်ပေးရုံဖြင့် တတ်မြောက်သွားခဲ့လေသည်။

အားလုံးက အံ့ဩနေကြဆဲ အချိန်မှာပင် ပို၍ အံ့ဩစရာ ကောင်းသော ကိစ္စက ထွက်ပေါ်လာခဲ့လေသည်။

ရွှီယန်က လက်ဖြင့် သေနတ် ပုံစံလေး ပြုလုပ်ကာ မာလီနွိုက် ခွေးလေးကို ချိန်ရွယ်လိုက်ပြီး "ဒိုင်း" ဟု အသံပြုလိုက်ကာ လက်ချောင်းများကို အပေါ်သို့ ပင့်တင်လိုက်ပြီး သေနတ်၏ နောက်ကန်အားကိုပါ အသက်ဝင်စွာ သရုပ်ဆောင်ပြလိုက်လေသည်။

ထို့နောက် မာလီနွိုက် ခွေးလေးက "ဝု" ဟု ညည်းတွားသံ တစ်ချက် ပြုလုပ်လိုက်ပြီး မြေပြင်ပေါ်သို့ အသာအယာ လှဲချသွားကာ မျက်လုံးများကိုပါ မှိတ်ထားပြီး အမှန်တကယ် သေဆုံးသွားသကဲ့သို့ပင် ဖြစ်နေလေသည်။

တိုက်ရိုက်ထုတ်လွှင့်မှု အတွင်းရှိ ကြည့်ရှုသူများ အားလုံး၏ နှုတ်ခမ်းများပင် တွန့်ကွေးသွားသည်ဟု ခံစားလိုက်ကြရလေသည်။

'ဘုရားရေ'

'ဒါက မာလီနွိုက် ခွေးလား'

မှတ်ချက်များက ချက်ချင်းပင် ဆူညံသွားတော့သည်။

"လခွီး... ဒီမာလီနွိုက် ခွေးလေးက နတ်ဘုရားပဲ... သေချင်ယောင်တောင် ဆောင်တတ်သေးတယ်"

"အစ်ကိုယန်က ခွေးကို ဘယ်လို လေ့ကျင့်ပေးထားတာလဲ... ငါ့အိမ်က ဟက်စကီကို ပို့ပေးလိုက်လို့ ရမလား... နှစ်ရက်လောက် လေ့ကျင့်ပေးပါဦး"

"လယ်ယာခြံဝင်းက သာမန်ကောင်တွေကို မမွေးဘူး ထင်တယ်"

"မာလီနွိုက် ခွေးလေးကို ကျောင်းအပ်ပေးလိုက်ပါတော့... ကလေးကို ကျောင်းမနောက်ကျပါစေနဲ့"

"ရဲခွေး လုပ်ဖို့တောင် အရည်အသွေး ကောင်းတဲ့ အကောင်လေးပဲ"

ကွန်ရက်သုံးစွဲသူများက ကောင်လေး၏ ဉာဏ်ကောင်းမှုကြောင့် ဆွဲဆောင်ခြင်း ခံလိုက်ရပြီး အားလုံးက ယွမ်ပေါင် အပေါ်တွင် တစ်ခဏချင်းပင် ချစ်ခင်နှစ်သက်မှုများ တိုးပွားလာကြလေသည်။

"ရပါပြီ... ယွမ်ပေါင်... ထတော့"

ရွှီယန်က ပြုံးကာ ပြောလိုက်လေသည်။

သူ၏ စကားကို ကြားသောအခါ ယွမ်ပေါင်က ချက်ချင်းပင် နေရာမှာတင် ပြန်လည် ရှင်သန်လာပြီး အမြီးလေးကို ယမ်းကာ အလွန် ပျော်ရွှင်နေပုံ ရလေသည်။

ဘေးနားရှိ ရှောင်ဟေးက ဤမြင်ကွင်းကို မြင်သောအခါ ဒေါသတကြီးဖြင့် "ဝုတ်" ဟု အော်လိုက်ပြီး ဤသို့ ဝေဖန်နေသည့်အလားပင် ဖြစ်လေသည်။

"မင်းကတော့ ဖားနေလိုက်... ဖားရင်းနဲ့ကို သေသွားလိုက်တော့"

လယ်ယာခြံဝင်းလေးက ဤမျှပင် အသက်ဝင် တက်ကြွနေလေသည်။

ကောင်းကင်က တဖြည်းဖြည်း မှောင်မိုက်လာပြီး နေလုံးကြီးလည်း ဝင်လုနီးပါး ဖြစ်နေလေပြီ။

ရွှီယန်က ဗိုက်ဝသွားပြီ ဖြစ်သဖြင့် တိုက်ရိုက်ထုတ်လွှင့်မှု ဆက်လက် ပြုလုပ်ရန် မရည်ရွယ်တော့ပေ။

"ဒီနေ့ တိုက်ရိုက်ထုတ်လွှင့်မှုကတော့ ဒီလောက်ပါပဲ... တစ်နေ့လုံး မှိုခူးရတာ နည်းနည်း ပင်ပန်းနေပြီ"

"ကျွန်တော် စောစော အိပ်ရမယ်... မနက်ဖြန် မနက်ပိုင်း အလုပ် နည်းနည်း လုပ်စရာ ရှိသေးတယ်"

"တိုက်ရိုက်ထုတ်လွှင့်မှု ပိတ်လိုက်တော့မယ်... အားလုံးပဲ ဘိုင်းဘိုင်"

ရွှီယန်က ကွန်ရက်သုံးစွဲသူများအား နှုတ်ဆက်လိုက်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လိုက်လေသည်။

"လောင်ရွှီ တာ့တာ... မနက်ဖြန် တိုက်ရိုက်ထုတ်လွှင့်မှု ဖွင့်ဖို့ မမေ့နဲ့နော်"

"နောက်ထပ် ခဏလောက် ထပ်လွှင့်ပေးပါဦး"

"Good Night ပါ အစ်ကိုယန်"

အားလုံးက အသီးသီး ပြန်လည် နှုတ်ဆက်ကြလေသည်။

တစ်နေ့တာ၏ တိုက်ရိုက်ထုတ်လွှင့်မှုက ဤနေရာတွင် ပြီးဆုံးသွားခဲ့လေသည်။

ရွှီယန် မာလီနွိုက် ခွေးကို လေ့ကျင့်ပေးနေသည့် ဗီဒီယိုကိုလည်း မားကက်တင်း အကောင့်များက လျင်မြန်စွာ တည်းဖြတ်၍ အင်တာနက်ပေါ်သို့ တင်လိုက်ကြလေသည်။

အိမ်မွေးတိရစ္ဆာန် ကဏ္ဍ၏ ကျော်ကြားမှုက အမြဲတမ်း မြင့်မားလေ့ ရှိပြီး အချို့သော အိမ်မွေးတိရစ္ဆာန် ဘလော့ဂါများ ဆိုလျှင် ဖော်လိုဝါ တစ်သန်း နှစ်သန်းခန့်အထိပင် ရှိတတ်ကာ လူများက သူတို့ကို စောင့်ကြည့်ကြခြင်းမှာ ခွေးများကို ကြည့်ရှုလိုသောကြောင့်ပင် ဖြစ်လေသည်။

မာလီနွိုက် ခွေးလေး၏ ဗီဒီယို ကြည့်ရှုသူ အရေအတွက်မှာ အလွန် များပြားလှပြီး လူအများအပြား၏ ချစ်ခင်မှုကို ရရှိသွားခဲ့လေသည်။

အားလုံးက 'ယွမ်ပေါင်' ဟူသော နာမည်ကို စတင် မှတ်မိသွားကြလေသည်။

အမိန့်ကို တိကျစွာ လိုက်နာတတ်သော ဤခွေးလေးအပေါ်တွင်လည်း အမှတ်ရသွားကြလေသည်။

ညပိုင်းတွင် ရွှီယန်က ယနေ့ တိုက်ရိုက်ထုတ်လွှင့်မှုမှ ကျော်ကြားမှုရမှတ်များကို တွက်ချက်လိုက်ရာ စုစုပေါင်း ကျော်ကြားမှုရမှတ် ၃ သောင်းကျော်ခန့် ရရှိခဲ့လေသည်။

အတော်လေး မဆိုးလှပေ။ နေ့စဉ် တိုက်ရိုက်ထုတ်လွှင့်မှုမှ ရရှိသော ကျော်ကြားမှုရမှတ်များက တိုးပွားလာနေလေသည်။

ဤအတိုင်းသာ တည်ငြိမ်စွာ ဆက်လက် သွားနိုင်မည် ဆိုပါက သူ ရရှိနိုင်မည့် ကျော်ကြားမှုရမှတ်များကလည်း ပို၍ပို၍ များပြားလာမည် ဖြစ်လေသည်။

All Chapters