အခန်း ၆၃
Vol. 7 Ch. 63
အခန်း (၆၃) တိုက်ရိုက်ထုတ်လွှင့်မှုထဲမှာ ဒီလို စိတ်လှုပ်ရှားစရာ အစီအစဉ်မျိုးတောင် ရှိသေးတာလား
မနက်စောစောစီးစီးတွင် ဝက်ခြံထဲမှ ဝက်ပေါက်လေးများ အော်ဟစ်နေသံကို ရွှီယန် ကြားလိုက်ရလေသည်။ အတန်ကြာသောအခါ မာလီနွိုက် ခွေးလေး ယွမ်ပေါင်၏ ရူးသွပ်စွာ ဟောင်နေသံကို ထပ်မံ ကြားလိုက်ရပြန်သည်။ ရွှီယန်လည်း အခြေအနေကို ကြည့်ရှုရန် အခန်းထဲမှ အမြန် ထွက်လာခဲ့လေသည်။
ကြည့်လိုက်သောအခါ သူ အလွန် အံ့အားသင့်သွားပြီး ဖုန်းကို အမြန်ထုတ်ကာ ဗီဒီယို ရိုက်ကူးလိုက်တော့သည်။ ဝက်ခြံအပြင်ဘက်သို့ တောဝက်ပေါက်လေး နှစ်ကောင် ရောက်ရှိနေခြင်းပင် ဖြစ်လေသည်။
ပြောင်းဖူးဆန်ပြုတ် အနံ့ကို ရသဖြင့် မနေနိုင်ဘဲ လာစားချင်ပုံရလေသည်။ ရွှီယန်က ဝက်များကို ပြောင်းဖူးအစာများ ကျွေးမွေးပြီး ရွှေဖရုံသီးနှင့် ဟင်းသီးဟင်းရွက် အကြွင်းအကျန် အချို့ကိုပါ ထည့်ကာ ပြောင်းဖူးဆန်ပြုတ် အဖြစ် ကျိုချက်ကျွေးမွေးခြင်း ဖြစ်လေသည်။ ဂေဟစနစ်နှင့် ကိုက်ညီသော သဘာဝ မွေးမြူရေးပင် ဖြစ်လေသည်။
တောဝက်ပေါက်လေး နှစ်ကောင်က ဝက်ခြံ၏ သံတံခါးကြားမှတစ်ဆင့် အထဲသို့ အတင်းတိုးဝင်ရန် ကြိုးစားနေကြပြီး အထဲရှိ ပန်းရောင် ဝက်ပေါက်လေးများကလည်း ဒေါသတကြီးဖြင့် ဆူညံစွာ အော်ဟစ်နေကြလေသည်။
ဘေးနားရှိ မာလီနွိုက် ခွေးလေးက တောဝက်ပေါက်လေးများကို မောင်းထုတ်ရန် ကြိုးစားနေသော်လည်း တောဝက်ပေါက်လေးများကတော့ စားရမည့်အရေးကိုသာ အာရုံစိုက်နေကြပြီး မာလီနွိုက် ခွေးလေးကို လုံးဝ ဂရုမစိုက်ကြပေ။
မနက်စောစောစီးစီးပင် ဤကဲ့သို့ ဇာတ်လမ်းတစ်ပုဒ်ကို ကပြတင်ဆက်နေကြလေသည်။ သို့သော် တောဝက်ကြီးများ ဝင်လာခြင်း မဟုတ်သဖြင့် ရွှီယန်ကလည်း သိပ်ပြီး မစိုးရိမ်လှပေ။ ဆန့်ကျင်ဘက် အနေဖြင့် သူက အလွန် စိတ်ဝင်စားစရာ ကောင်းသည်ဟုပင် ခံစားနေရလေသည်။
ဗီဒီယို ရိုက်ကူးနေစဉ် ရွှီယန်က အသံထွက်၍ ပြောလိုက်လေသည်။
"ကြည့်ကြပါဦး... မနက်စောစောစီးစီး ဖရဲစေ့ကောင်လေး နှစ်ကောင် ရောက်လာတယ်... ခြံထဲက ဝက်စာတွေကို လာစားချင်ပုံရတယ်... တော်တော်လေးလည်း ရဲတင်းနေတာပဲ"
ရွှီယန်၏ အသံတွင် ရယ်သံလေးများ စွက်ဖက်နေပြီး သူ အနည်းငယ် စိတ်လှုပ်ရှားနေကြောင်းကို သိသာစွာ ကြားသိနိုင်လေသည်။ ဖရဲစေ့ကောင်လေးများ ဆိုသည်မှာ တောဝက်ပေါက်လေးများ၏ ကိုယ်ပေါ်ရှိ အစင်းကြောင်းလေးများက အညိုရောင် ဖရဲစေ့လေးများနှင့် ဆင်တူသောကြောင့် ဖြစ်လေသည်။ ရွှီယန်က တောဝက်ပေါက်လေးများကို ထိုသို့ပင် ခေါ်ဝေါ်လေ့ရှိလေသည်။
တောဝက်ကြီးများကိုတော့ ဤကဲ့သို့ ခေါ်၍ မရနိုင်ပေ။ တစ်ကိုယ်လုံးတွင် အမည်းရောင် အမွေးများ ရှိပြီး မာကျောကာ ကြမ်းတမ်းလွန်းလှပေသည်။
"အဟွတ် အဟွတ်"
ရွှီယန်က ဝက်ခြံတံခါးဝရှိ တောဝက်များကို ကြည့်ကာ အသံကျယ်ကျယ်ဖြင့် နှစ်ချက်ခန့် ချောင်းဟန့်လိုက်လေသည်။
ထိုအသံကို ကြားသောအခါ တောဝက်ပေါက်လေး နှစ်ကောင်က သံတံခါး အပေါက်ကြားမှ သူတို့၏ ခေါင်းများကို ဆွဲထုတ်လိုက်ကြပြီး အသံထွက်ပေါ်လာရာ ဘက်သို့ ကြည့်လိုက်ကြလေသည်။ လူတစ်ယောက် ဖြစ်နေသည်ကို မြင်သောအခါ တောဝက်ပေါက်လေး နှစ်ကောင်က ထိတ်လန့်တကြား အော်ဟစ်လိုက်ကြပြီး အပြင်ဘက်သို့ လှည့်ချိုးကာ ထွက်ပြေးကြတော့သည်။
သူတို့က တိရစ္ဆာန်များကို မကြောက်သော်လည်း လူများကိုတော့ ကြောက်ရွံ့ကြလေသည်။ အဓိကအားဖြင့် ယခုအခါ လယ်ယာခြံဝင်းထဲတွင် အရွယ်အစား ကြီးမားသော တိရစ္ဆာန်များ မရှိသေးသဖြင့် တောဝက်များက သတ္တိကောင်းနေကြခြင်း ဖြစ်လေသည်။ ယခု လူကို မြင်လိုက်ရသောအခါ ချက်ချင်းပင် လွတ်ရာကျွတ်ရာသို့ ထွက်ပြေးသွားကြတော့သည်။
တောဝက်ပေါက်လေးများ အဝေးသို့ ထွက်ပြေးသွားသည်ကို ရွှီယန်က ဖုန်းကင်မရာဖြင့် အမိအရ ရိုက်ကူးထားလိုက်လေသည်။ သူက မအောင့်နိုင်တော့ဘဲ ပြုံးရယ်လိုက်မိလေသည်။
"အခု ဂေဟစနစ်က တကယ်ကောင်းနေတာပဲ... တောဝက်တွေတောင် တောင်အောက်ကို ဆင်းလာကြပြီ... အချိန်ရရင် ခြံစည်းရိုးကို နည်းနည်းလောက် ခိုင်ခံ့အောင် ထပ်လုပ်ရဦးမယ်... တောဝက်ပေါက်လေးတွေ ဝင်လာတာ ကိစ္စမရှိပေမယ့် တောဝက်ကြီးတွေ ဝင်လာလို့တော့ လုံးဝ မဖြစ်ဘူး"
"အဲ့ဒီအကောင်တွေ ဝက်စာ လုစားမှာကို မကြောက်ပေမယ့် ငါ့ရဲ့ ဟင်းသီးဟင်းရွက် စိုက်ခင်းကို ဝင်မွှေသွားမှာကိုတော့ ကြောက်ရတယ်"
တောဝက်များ၏ ဖျက်ဆီးနိုင်စွမ်းက အလွန် ကြောက်မက်ဖွယ် ကောင်းလှပေသည်။ သစ်ခေါက်များကို ကိုက်ဖြတ် စားသောက်တတ်ပြီး မြက်မြစ်များကိုလည်း တူးဆွလေ့ရှိကာ အရာအားလုံးကို စားသုံးတတ်ကြလေသည်။ ထို့အပြင် သားရေက ထူထဲပြီး အသားကလည်း မာကျောလှပေသည်။
သူတို့၏ တစ်ခုတည်းသော သဘာဝ ရန်သူမှာ အရှေ့မြောက် ကျားများသာ ဖြစ်ပြီး အဓိက ပြဿနာမှာ အရှေ့မြောက် ကျားများ၏ အရေအတွက်က နည်းပါးလွန်းသဖြင့် အကုန်လုံးကို လိုက်လံ မစားသောက်နိုင်ကြခြင်းပင် ဖြစ်လေသည်။ ကျားသစ်များကတော့ မလွှဲမရှောင်သာ အခြေအနေမှလွဲ၍ တောဝက်များကို ယေဘုယျအားဖြင့် ဝင်ရောက် တိုက်ခိုက်လေ့ မရှိကြပေ။ မည်သို့ပင်ဖြစ်စေ လုပ်ကြံသတ်ဖြတ်သူများက အကာအကွယ် မြင့်မားသူများကို ကြောက်ရွံ့တတ်ကြပြီး တောဝက်များ၏ ကာကွယ်နိုင်စွမ်းက အလွန် မြင့်မားလွန်းလှပေသည်။ ထို့ကြောင့် ယခုအခါ တောဝက် အရေအတွက်က အနည်းငယ် များပြားနေလေသည်။
ဤသို့ ဆူညံသွားပြီးနောက် ရွှီယန်လည်း လုံးဝ နိုးကြားသွားတော့သည်။
မာလီနွိုက် ခွေးလေးက တောဝက်များ ထွက်ပြေးသွားရာ ဘက်သို့ ကြည့်ရှုရင်း ခြိမ်းခြောက်သည့် ညည်းတွားသံများ ပြုလုပ်နေလေသည်။ ၎င်းက ယခုအခါ လယ်ယာခြံဝင်း၏ ကိုယ်ရံတော် တစ်ယောက် အသွင်အပြင်ကို စတင် ပြသနေပြီ ဖြစ်လေသည်။ မာလီနွိုက် ခွေးလေး၏ နားကလည်း အလွန် ပါးသဖြင့် နောင်တစ်ချိန် ညပိုင်းတွင် လယ်ယာခြံဝင်းကို ကာကွယ်ရမည့် တာဝန်ကို သူ့ထံ အပ်နှင်းရမည် ဖြစ်လေသည်။
ထို့နောက် ရွှီယန်က ရိုက်ကူးထားသော ဗီဒီယိုကို သူ၏ အကောင့်တွင် တိုက်ရိုက် တင်လိုက်ပြီးနောက် ကြက် ဘဲ ငန်းများကို အစာကျွေးရန်နှင့် ဟင်းသီးဟင်းရွက် စိုက်ခင်းကို သွားရောက် ကြည့်ရှုရန် ပြင်ဆင်လိုက်လေသည်။ အခွင့်ကြုံခိုက် သကြားမုန့်နှင့် ကော်ပြန့်ကြော် လာရောင်းမည့်သူကို စောင့်ဆိုင်းရင်း နံနက်စာ စားရန်လည်း ဖြစ်လေသည်။
ရွှီယန်၏ ဗီဒီယိုများက အမြဲတမ်း စိတ်ဝင်စားစရာ ကောင်းသဖြင့် ဤကဲ့သို့သော ဗီဒီယိုမျိုးက လျင်မြန်စွာ နာမည်ကြီးသွားတတ်လေသည်။ ဖော်လိုဝါ အဟောင်းများက ဗီဒီယိုကို မြင်တွေ့လိုက်ရသောအခါ အလွန် စိတ်ဝင်စားသွားကြပြီး အသီးသီး မှတ်ချက်များ ဝင်ရောက် ရေးသားကြလေသည်။
"လောင်ရွှီ... ဘာစောင့်နေတာလဲ သူတို့ကို မီးသွေးကင် ဝက်ကလေးတွေ အဖြစ် မလုပ်လိုက်ဘူးလား"
"ကိုယ်တိုင် လာပို့ပေးတဲ့ ဝက်သားကိုတောင် မယူဘူးလား"
"ဟိုက်... မနက်စောစောစီးစီးကြီး တောဝက်တွေ လာလည်တာလား"
"တောဝက်ပေါက်လေးတွေ ဖြစ်နေလို့ တော်သေးတာပေါ့... တကယ်လို့ တောဝက်ကြီးတွေသာ ဝင်လာခဲ့ရင် တကယ့်ကို စိတ်ဝင်စားစရာပဲ"
"ဒီလိုဆိုတော့ လယ်ယာခြံဝင်းထဲမှာ တစ်ယောက်တည်း နေရတာ အန္တရာယ် နည်းနည်း ရှိနေသလိုပဲ... တကယ်လို့ တောင်ပေါ်က ဝံပုလွေတွေ ဝင်လာရင် ဘယ်လိုလုပ်မလဲ"
လယ်ယာခြံဝင်း၏ အပြင်ဘက် ပတ်လည်တွင် သစ်သား ခြံစည်းရိုးများ ကာရံထားသဖြင့် အရွယ်အစား ကြီးမားသော တိရစ္ဆာန်များ ဝင်ရောက်၍ မရနိုင်ပေ။ အတင်းအကျပ် ဝင်ရောက်မည် ဆိုလျှင်တော့ တစ်မျိုး ဖြစ်သော်လည်း တိရစ္ဆာန်များတွင် ထိုမျှလောက် အသိဉာဏ် မရှိကြပေ။ သေးငယ်သော တိရစ္ဆာန်များက အောက်ဘက်ရှိ အပေါက်များမှတစ်ဆင့် ခိုးဝင်လာနိုင်သလို လျင်မြန်ဖြတ်လတ်သော တိရစ္ဆာန်များကလည်း တိုက်ရိုက် ခုန်ဝင်လာနိုင်လေသည်။ ထို့ကြောင့် အလွန်အမင်း စိုးရိမ်နေရန် မလိုအပ်ပေ။
တကယ်တမ်းတွင် ကွန်ရက်သုံးစွဲသူများ ပြောသည်မှာလည်း မမှားပေ။ တောဝက်များမှာ မူလက ကာကွယ်စောင့်ရှောက်ရမည့် တိရစ္ဆာန် စာရင်းဝင် ဖြစ်သော်လည်း နေရာဒေသ အသီးသီးတွင် တောဝက်များနှင့် ပတ်သက်သည့် စည်းကမ်းချက်များက မတူညီကြပေ။ တောဝက်များ အလွန်အမင်း ပေါများနေသော ဒေသ အများအပြားတွင်မူ တောဝက်များကို ကာကွယ်စောင့်ရှောက်ရမည့် တိရစ္ဆာန် စာရင်းမှ ဖယ်ရှားလိုက်ပြီ ဖြစ်လေသည်။ လွယ်လွယ်ပြောရလျှင် အမဲလိုက်ခွင့် ပြုလိုက်ခြင်းပင် ဖြစ်လေသည်။
ရွှီယန်တို့ ဘက်ရှိ စည်းကမ်းချက်မှာ တောင်ပေါ်သို့ တက်၍ အမဲလိုက်ခွင့် မပြုခြင်းပင် ဖြစ်လေသည်။ မည်သို့ပင်ဖြစ်စေ အမဲလိုက် ထောင်ချောက်များက အခြား တိရစ္ဆာန်များကို အလွယ်တကူ ထိခိုက်ဒဏ်ရာ ရစေနိုင်သောကြောင့် ဖြစ်လေသည်။ သို့သော် တောဝက်များ ရွာထဲသို့ ဝင်ရောက်လာပါက သတ်ဖြတ်နိုင်ပြီး စည်းကမ်းဖောက်ဖျက်မှု မဟုတ်ပေ။
ရွှီယန်က တောကောင်များကို မည်သည့်အခါမျှ စားသောက်လေ့မရှိပေ။ ထို့အပြင် ငယ်စဉ်က သူတစ်ပါး ချက်ပြုတ်ထားသော တောဝက်သားကို မြည်းစမ်းကြည့်ဖူးရာ အလွန် ညှီစော်နံပြီး စား၍ မကောင်းပေ။ အသား၏ အနံ့ကို ဖုံးကွယ်ရန်အတွက် ဟင်းခတ်အမွှေးအကြိုင်များကို အများအပြား အသုံးပြုရပြီး အရက်မြည်းစရာ အဖြစ် တွဲဖက် စားသောက်ရလေသည်။ သာမန် ဝက်သား၏ အရသာကို လုံးဝ မမီနိုင်ပေ။ သာမန် ဝက်သားက မွှေးကြိုင်အိစက်နေပြီး အဆီနှင့် အသား ရောစပ်နေကာ ဝက်ဆီလည်း ပါဝင်သဖြင့် မည်သို့ ချက်ချက် အလွန် မွှေးကြိုင်နေလေသည်။
ဖန်လုံအိမ်ထဲတွင် ရွှီယန်က ဘလူးဘယ်ရီ အပင်ပေါက်လေးများ၏ ကြီးထွားမှုကို သွားရောက် စစ်ဆေးကြည့်ရှုလိုက်လေသည်။
ဘလူးဘယ်ရီ အပင်ပေါက်လေးများက အလွန် ကောင်းမွန်စွာ ကြီးထွားနေပြီး သာမန် ဘလူးဘယ်ရီ မျိုးစိတ်များထက်ပင် ကြီးထွားနှုန်း ပို၍ မြန်ဆန်နေလေသည်။ ဤအရှိန်အတိုင်းသာ ဆိုပါက ခြောက်လခန့် အကြာတွင် တစ်သုတ် ရင့်မှည့်လာနိုင်မည်ဟု ခန့်မှန်းရလေသည်။ ဤမျိုးစိတ်က တကယ်ကို အရည်အသွေး ကောင်းမွန်လှပေသည်။
နောက်ထပ် ဖန်လုံအိမ် တစ်လုံးထဲတွင်လည်း ရတနာ ပြောင်းဖူးများ အပင်ပေါက်လာပြီ ဖြစ်ရာ နောက်ပိုင်းတွင် သေချာစွာ ဂရုစိုက် ပြုစုပေးရန် လိုအပ်လေသည်။ ဘေးနားရှိ တက္ကသိုလ် ကျောင်းသားများ စိုက်ပျိုးထားသကဲ့သို့ ပြောင်းဖူးပင်များ ကြီးထွားလာပြီးနောက် ခေါင်းချအိပ်ပျော်သွားကာ အကုန်လုံး ပြိုလဲသွားသည့် အခြေအနေမျိုး မဖြစ်စေရန် အထူး ဂရုစိုက်ရမည် ဖြစ်လေသည်။
လုပ်၍မကုန်နိုင်သော လယ်ယာအလုပ်များ ပြီးဆုံးသွားသောအခါ ရွှီယန်က အလုပ်လုပ်သော အခန်းထဲသို့ ပြန်ဝင်လာပြီး ဗီဒီယို အချို့ကို တည်းဖြတ်ကာ သူ၏ အကောင့်ကို စီမံခန့်ခွဲရန် ပြင်ဆင်လိုက်လေသည်။
တစ်နေ့တာလုံး အတော်လေး အလုပ်များလှပေသည်။ မည်သို့ပင်ဖြစ်စေ သူက ကိုယ်ပိုင် အကောင့်ကိုသာ လုပ်ကိုင်နေခြင်း ဖြစ်ပြီး မည်သည့် အေဂျင်စီနှင့်မျှ ချိတ်ဆက်ထားခြင်း မရှိသဖြင့် သူ့ကိုယ်သူသာ အားကိုးနေရခြင်း ဖြစ်လေသည်။ ဤကဲ့သို့ နေရခြင်းကလည်း အတော်လေး ကောင်းမွန်လှပေသည်။
မွန်းလွဲ ၁ နာရီခန့်တွင် လီဆန်းက အလျင်စလို ပြန်ရောက်လာပြီး ရွှီယန်အတွက် မင်္ဂလာဆောင် ပွဲမှ ဝက်လက်ကြီး တစ်ခုကိုပါ ယူဆောင်လာပေးလေသည်။
"အစ်ကိုယန်... ကျွန်တော်က မီးဖိုချောင် အနောက်ဘက်မှာ ကူညီပေးနေတာ... ဒါက ပိုလုပ်ထားတာပါ စားပွဲပေါ်ကနေ တိုက်ရိုက် ယူလာတာ မဟုတ်ပါဘူး... အများကြီး လုပ်ထားပြီး စားမယ့်သူ မရှိလို့ ကျွန်တော် ယူလာခဲ့တာပါ"
လီဆန်းက ရွှီယန် အထင်လွဲမည်ကို စိုးရိမ်သဖြင့် ရှင်းပြလိုက်လေသည်။
"အေးပါ... ငါလည်း နေ့လယ်စာ မစားရသေးတာနဲ့ အတော်ပဲ ဖြစ်သွားတာပေါ့"
ဝက်လက်က အလွန် ကောင်းမွန်သော အစားအစာ ဖြစ်ပြီး ရွှီယန်ကလည်း အသားစားရသည်ကို နှစ်သက်သဖြင့် ဝမ်းသာအားရ ပြန်ဖြေလိုက်လေသည်။ နေ့လယ်စာ အဖြစ် ဝက်လက်ကို စားသောက်လိုက်ရာ ပွဲထိုင် ဟင်းလျာကြီး ဖြစ်သည့်အလျောက် အရသာက တကယ်ကို ကောင်းမွန်လှပေသည်။
မွန်းလွဲပိုင်းတွင် ရွှီယန်က အလုပ်အားလပ်နေသဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုကို ဖွင့်ကာ လယ်ယာခြံဝင်း၏ နေ့စဉ်ဘဝကို ခဏတာ တိုက်ရိုက်ထုတ်လွှင့်ရန် ပြင်ဆင်လိုက်လေသည်။ သူက ကြက်များ အားလုံးကို ဖန်လုံအိမ်ထဲသို့ ထည့်ကာ ပိုးကောင်များကို လိုက်ရှာခိုင်းရန် ရည်ရွယ်ထားလေသည်။ ကြက်များက အလွန်အမင်း စကားနားထောင်လေ့ မရှိသဖြင့် ဖမ်းယူ၍ ဖန်လုံအိမ်ထဲသို့ ထည့်ပေးရမည် ဖြစ်လေသည်။ ဤလယ်ယာအလုပ် မြင်ကွင်းက ကြည့်ရသည်မှာ အတော်လေး စိတ်ဝင်စားစရာ ကောင်းလှပေသည်။
"အစ်ကိုယန်... ဘာလို့ ဖန်လုံအိမ်ထဲမှာ ကြက်မမွေးတာလဲ... အဲ့ဒါဆို အရမ်း မကောင်းဘူးလား"
"ဟုတ်တယ်... ငါ ကြည့်ရသလောက်တော့ ခြံထဲမှာ အစာတောင့်တွေပဲ ကျွေးနေတာ"
"ဒီလောက်ကြီးတဲ့ တောင်ကြီး ရှိနေတာကို သဘာဝအတိုင်း လွှတ်မကျောင်းဘူးလား"
လူအများအပြားက အသီးသီး ဝင်ရောက် အကြံပေးနေကြလေသည်။ အားလုံး၏ မှတ်ချက်များကို မြင်သောအခါ ရွှီယန်က စိတ်ရှည်လက်ရှည်ဖြင့် ပြန်လည် ဖြေကြားလိုက်လေသည်။
"ကျွန်တော် တောင်ကို ငှားရမ်းထားတာ မဟုတ်တော့ ခြံစည်းရိုး လိုက်ခတ်လို့ မရဘူးလေ... တကယ်လို့ ကြက်တွေ တောင်ပေါ်တက်သွားရင် အဲ့ဒီလောက် ရှုပ်ထွေးတဲ့ ပတ်ဝန်းကျင်မှာ ပျောက်သွားရင် လုံးဝ ပြန်ရှာတွေ့မှာ မဟုတ်ဘူး... ဘာလို့ ဖန်လုံအိမ်ထဲမှာ မမွေးတာလဲ ဆိုတော့ အားလုံးက ကြက်တွေရဲ့ သဘာဝကို သိပ်နားမလည်ကြလို့ပါ... သူတို့က စားနေတာ မဟုတ်ရင် စားဖို့ သွားနေတာချည်းပဲ နေ့တိုင်း လုပ်နေတဲ့ တစ်ခုတည်းသော အလုပ်က နေရာအနှံ့ အစာလိုက်ရှာနေတာပဲ... တကယ်လို့ တစ်နေရာတည်းမှာ အသေထားလိုက်ရင် မြေကြီးထဲက ပိုးကောင်တွေ အကုန်လုံး အမြန်ဆုံး စားခံလိုက်ရလိမ့်မယ်... ပြီးရင် အပင်က အရွက်တွေကိုပါ စားတော့မှာ... အဲ့ဒါကြောင့် အချိန်ပိုင်းလောက်ပဲ သူတို့ကို ခေါ်လာတာ ပွဲလာကျွေးသလိုမျိုးပေါ့... အဲ့လောက်ဆိုရင် လုံလောက်ပါပြီ"
သူ၏ စကားကို ကြားလိုက်ရသောအခါမှသာ အားလုံးက သဘောပေါက်သွားကြတော့သည်။ တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းက အလွန် အေးချမ်းသာယာနေဆဲ ဖြစ်လေသည်။
ရွှီယန်က ကြက်များ အားလုံးကို ဖန်လုံအိမ်ထဲသို့ မောင်းသွင်းပြီးနောက် အပြင်သို့ ထွက်လာခဲ့လေသည်။ ထိုအချိန်တွင် သူက သဲ့သဲ့လေး ကြားရသော အော်ဟစ်သံ တစ်ခုကို ရုတ်တရက် ကြားလိုက်ရလေသည်။
စိုက်ပျိုးရေး တက္ကသိုလ်၏ စမ်းသပ် စိုက်ခင်းများ ရှိရာဘက်မှ ထွက်ပေါ်လာခြင်း ဖြစ်ပုံရလေသည်။ ရွှီယန်က လယ်ယာခြံဝင်း၏ ဘေးဘက်သို့ လျှောက်သွားကာ စမ်းသပ် စိုက်ခင်းများ ရှိရာဘက်သို့ လှမ်းကြည့်လိုက်လေသည်။ တက္ကသိုလ် ကျောင်းသား ရှစ်ယောက် ကိုးယောက်ခန့်က ကွက်လပ် တစ်ခုပေါ်တွင် လက်ဝှေ့ယမ်းကာ ကခုန်နေသကဲ့သို့ ဖြစ်နေသည်ကို သူ မြင်လိုက်ရလေသည်။
ရွှီယန်လည်း ချက်ချင်းပင် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားလေသည်။ စိုက်ပျိုးရေး တက္ကသိုလ်က နတ်ပူဇော်တဲ့ ပညာရပ်တွေကိုပါ သင်ပေးနေတာလား။ ဒါ ဆုတောင်းနေကြတာလား။
ရှေးခေတ်အခါက စိုက်ပျိုးရေး လုပ်ငန်းများ ရာသီဥတု သာယာစေရန် နတ်ပူဇော် ဆုတောင်းရာတွင် ကခုန်လေ့ ရှိကြကြောင်းကို အားလုံး သိရှိထားကြလေသည်။ သူက ထပ်မံ၍ သေချာစွာ ကြည့်ရှုလိုက်သောအခါမှသာ ဘာတွေ ဖြစ်ပျက်နေသည်ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရတော့သည်။
"လခွီး... အဲ့ဒါ တောဝက်ကြီးလား... တောဝက်က သူတို့ စိုက်ခင်းထဲ ရောက်နေတာလား"
ရွှီယန်က ပြောင်းဖူးခင်းထဲမှ ထွက်ပြေးလာသော တောဝက်ကြီးကို မြင်လိုက်ရသောအခါ ချက်ချင်း လုံးဝ ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။ စိုက်ပျိုးရေး တက္ကသိုလ်မှ ကျောင်းသားများက ကခုန်နေကြခြင်း လုံးဝ မဟုတ်ဘဲ ထိတ်လန့်တကြား ထွက်ပြေးနေကြခြင်းသာ ဖြစ်လေသည်။
အခြေအနေကို မြင်သောအခါ ရွှီယန်က ဘေးနားရှိ ပေါက်တူးကို ချက်ချင်း ကောက်ကိုင်လိုက်ပြီး စမ်းသပ် စိုက်ခင်းများ ရှိရာဘက်သို့ အလျင်စလို ပြေးသွားတော့သည်။ သူက စေတနာကောင်းဖြင့် တောဝက်က လူများကို အန္တရာယ် ပေးမည်ကို စိုးရိမ်သောကြောင့် ဖြစ်လေသည်။
ဤအခိုက်အတန့်တွင် ရွှီယန်က သူ တိုက်ရိုက်ထုတ်လွှင့်မှု ပြုလုပ်နေဆဲ ဖြစ်ကြောင်းကိုပင် မေ့လျော့သွားခဲ့လေပြီ။ ဒရုန်းက သူ၏ အနောက်မှ အနီးကပ် လိုက်ပါလာလေသည်။ ကွန်ရက်သုံးစွဲသူများက ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ချက်ချင်း စိတ်လှုပ်ရှားသွားကြတော့သည်။
'လခွီး... တိုက်ရိုက်ထုတ်လွှင့်မှုထဲမှာ ဒီလို စိတ်လှုပ်ရှားစရာ အစီအစဉ်မျိုးတောင် ရှိသေးတာလား'
'ဒါ ဘာလုပ်မလို့လဲ'
'တကယ့် တောဝက် မြင်းစီးသူရဲကောင်းကြီးလား’