အခန်း ၆၇
Vol. 7 Ch. 67
အခန်း (၆၇) တောင်ပေါ်မှာ တောင်စောင့်နတ် ရှိရမယ်
နံနက်ခင်းအချိန်။
ရွှီယန်က ဝါးခြင်းတောင်းကိုလွယ်ကာ တောင်ပေါ်သို့ နောက်တစ်ကြိမ် တက်လာခဲ့သည်။
ဒရုန်းက လေထဲသို့ ပျံဝဲတက်သွား၏။
တိုက်ရိုက်ထုတ်လွှင့်မှုကို အချိန်နှင့်တစ်ပြေးညီ စတင်ဖွင့်လှစ်လိုက်သည်။
မကြာမီမှာပင် ကွန်ရက်သုံးစွဲသူများက တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းသို့ အသီးသီး ဝင်ရောက်လာကြ၏။
ရင်းနှီးနေပြီးဖြစ်သော တောင်ပေါ်ရှုခင်းများ ထပ်မံပေါ်ထွက်လာကာ အဝေးသို့ လှမ်းကြည့်လိုက်ပါက နေရာအနှံ့ စိမ်းလန်းစိုပြည်နေပြီး မြက်ပင်များနှင့် သစ်ပင်များ ပြည့်နှက်နေသည်။
ကြည့်ရသည်မှာ အလွန် စိတ်အပန်းပြေစေပေသည်။
"ဒီနေ့ လယ်ယာခြံဝင်းရဲ့ အနောက်ဘက်က တောင်ပေါ်မှာ လမ်းလျှောက်မလို့... ဒီတောင်က သိပ်မကြီးပါဘူး တောင်ကုန်းလေး တစ်ခုပါပဲ"
"တောင်ရဲ့ အနောက်ဘက်က တောင်တန်းကြီးတွေရဲ့ အနက်ရှိုင်းဆုံး နေရာပဲ... ဒီကနေ ဝင်သွားလို့ ရတယ်"
"ကျွန်တော့်မှာ ပိုက်ဆံရှိလာရင် ဒီတောင်ကိုပါ ငှားလိုက်မယ်"
"ပြီးရင် ဂျင်ဆင်းတွေ စိုက်မယ်... ဒါမှမဟုတ် ကြက်တွေ ဝက်တွေ မွေးမယ်"
ရွှီယန်က သစ်တောထဲရှိ လတ်ဆတ်သောလေကို ရှူရှိုက်ရင်း သူ၏ ကြီးမားသော ရည်မှန်းချက်များကို ပြောပြနေသည်။
သူ၏ စကားကို ကြားသောအခါ အားလုံးက အလွန် မျှော်လင့်သွားကြ၏။
"တောင်တစ်လုံးကို ငှားမယ်... အဲ့ဒီလောက်တောင် ကြမ်းတာလား"
"CEO တွေကတောင် ငါးကန်လောက်ပဲ ငှားနိုင်တာ... မင်းက တောင်တစ်လုံးကိုတောင် ငှားနိုင်တယ်ဆိုတော့ မင်းက CEO တွေထက်တောင် ပိုမိုက်နေပါလား"
"ဒီတောင်ကြီးကို မင်း ငှားလိုက်ပြီဆိုတာ တစ်ကမ္ဘာလုံးကို သိအောင် လုပ်ပစ်မယ်"
ရွှီယန်က မြက်ပင်များကို စမ်းသပ်သည့် သစ်သားတုတ်ကို ကိုင်ကာ အထဲသို့ ဆက်လက် လျှောက်သွားလိုက်ပြီး တန်ဖိုးရှိသော တောင်ထွက်ပစ္စည်းများ ရှာတွေ့နိုင်မလားဟု ရံဖန်ရံခါ ဟိုဒီ လိုက်ကြည့်နေသည်။
လတ်ဆတ်သော တောဟင်းရွက်များနှင့် သစ်ရွက်ဆွေးပုံများထဲတွင် ပုန်းကွယ်နေသော မှိုများက သူ၏ မျက်လုံးထဲမှ မလွတ်ကင်းနိုင်ချေ။
တကယ်ကို ခေါင်းပြူထွက်လာသည်နှင့် ချက်ချင်း ကောက်ယူပစ်လိုက်ခြင်းပင် ဖြစ်တော့သည်။
ထိုအချိန်တွင် သစ်တော၏ တစ်နေရာ၌။
မိခင်ကျားသစ်မကြီးက ခဏတာ အနားယူချင်နေသော်လည်း ကျားသစ်ပေါက်လေးက ၎င်း၏ ခေါင်းနားတွင် ဟိုခုန်ဒီပေါက် လုပ်နေပြီး အလွန် တက်ကြွနေ၏။
မိခင်ကျားသစ်မကြီး၏ မျက်နှာအမူအရာတွင် အလွန် စိတ်ပျက်လက်ပျက် ဖြစ်နေမှုကို ရှင်းလင်းစွာ မြင်တွေ့နိုင်ပေသည်။
ဤအရွယ် ကလေးများက တကယ်ကို ခွေးပင် အော့နှလုံးနာလောက်အောင် ဆော့သန်လွန်းလှသည်။
အလွန်အမင်း ဆူညံပွက်လောရိုက်လွန်းနေ၏။
မိခင်ကျားသစ်မကြီးက တိုးညင်းစွာ ဟိန်းသံ တစ်ချက် ပြုလုပ်လိုက်ပြီး မတ်တတ်ရပ်ကာ ထွက်သွားသည်။ ကျားသစ်ပေါက်လေးက ဘယ်သွားမည်ကို မသိသော်လည်း ချက်ချင်း အနောက်မှ လိုက်ပါသွားတော့သည်။
ကျားသစ်ပေါက်လေး လမ်းမလျှောက်နိုင်တော့သည့် အချိန်မျိုးတွင် မိခင်ကျားသစ်မကြီးက ကိုက်ချီသွားလေ့ရှိသော်လည်း ပုံမှန်အချိန်များတွင်မူ သူ့ဘာသာသူ လမ်းလျှောက်ခိုင်းလေ့ ရှိသည်။
မိခင်ကျားသစ်မကြီး၏ အဓိပ္ပာယ်က အလွန် ရှင်းလင်းနေ၏။
'မင်းရဲ့ မွေးစားအဖေဆီ ခေါ်သွားမယ်'
ကျားသစ်ပေါက်လေးက မိခင်ကျားသစ်မကြီး၏ အဓိပ္ပာယ်ကို နားလည်သွားသည့်အလား ဟိုခုန်ဒီပေါက်ဖြင့် အလွန် ပျော်ရွှင်နေသည်။
ကျားသစ်များ၏ နယ်မြေက အလွန် ကြီးမားပြီး ယေဘုယျအားဖြင့် ကျားသစ်များက နေ့စဉ် မိမိတို့၏ နယ်မြေကို လှည့်လည် စစ်ဆေးလေ့ ရှိကြ၏။
မိခင်ကျားသစ်မကြီးက လောလောဆယ်တွင် ဤအနောက်ဘက် တောင်ကုန်းကို ၎င်း၏ နယ်မြေ အဖြစ် သတ်မှတ်ထားပြီး ပုံမှန်အားဖြင့် တောင်ပေါ်တွင်သာ လှုပ်ရှား သွားလာလေ့ ရှိသည်။
သူတို့ ရောက်ရှိနေသော နေရာက အနည်းငယ် မြင့်မားပေသည်။
အဝေးမှနေ၍ မိခင်ကျားသစ်မကြီးက တစ်ခုခု လှုပ်ရှားနေသည်ကို မြင်လိုက်ရပုံ ရသည်။
၎င်းက သေချာစွာ ကြည့်ရှုလိုက်ရာ တောင်ပေါ်သို့ တက်လာသော ရွှီယန်ကို အတိအကျပင် မြင်တွေ့လိုက်ရ၏။
တကယ်ကို တိုက်ဆိုင်လွန်းလှပေသည်။
မိခင်ကျားသစ်မကြီး၏ စိတ်ပျက်လက်ပျက် ဖြစ်နေသော မျက်နှာပေါ်တွင် ဝမ်းသာသည့် အရိပ်အယောင် တစ်ခု ပေါ်ထွက်လာပြီး ၎င်းက ကျားသစ်ပေါက်လေးကို ကိုက်ချီကာ ရွှီယန် ရှိရာဘက်သို့ လျင်မြန်စွာ ပြေးသွားတော့သည်။
ထိုအချိန်တွင် ရွှီယန်က ခါးကိုင်းကာ မြေကြီးထဲမှ ထွက်ပေါ်လာသော မှိုများကို အာရုံစိုက်၍ ခူးယူနေသည်။
ဒရုန်းက ဤမြင်ကွင်းကို နောက်မှ လိုက်လံ ရိုက်ကူးနေ၏။
ထိုအချိန်မှာပင် ရွှေရောင် ကျားသစ် အကြီးတစ်ကောင်နှင့် အသေးတစ်ကောင်တို့က ကွန်ရက်သုံးစွဲသူများ၏ အမြင်အာရုံထဲသို့ ဝင်ရောက်လာသည်။
တောရိုင်း ကျားသစ်များကို မြင်လိုက်ရသောအခါ အားလုံးက အလွန် အံ့အားသင့်သွားကြတော့သည်။
"လခွီး... ကျားသစ်တွေ"
ကွန်ရက်သုံးစွဲသူ အများအပြားက ယခင်က ရွှီယန်၏ ဗီဒီယိုများကို မကြည့်ဖူးကြသဖြင့် ကျားသစ်ကို မြင်လိုက်ရသည်နှင့် ချက်ချင်း စိုးရိမ်ထိတ်လန့်သွားကြ၏။
မစိုးရိမ်ဘဲ မနေနိုင်ချေ... ဤအကောင်များက ကြည့်ရသည်ကိုက အလွယ်တကူ ပြဿနာ ရှာ၍ ရမည့်ပုံ မပေါ်သောကြောင့်ပင်။
အချို့သော ဖော်လိုဝါ အဟောင်းများကတော့ ဤကျားသစ် နှစ်ကောင်မှာ ရွှီယန် မွေးမြူထားသော ကျားသစ်များ ဖြစ်ကြောင်း သိရှိကြသဖြင့် အတော်လေး အေးဆေးတည်ငြိမ်နေကြသည်။
ရွှီယန်က လှုပ်ရှားသံကို ကြားလိုက်ရသဖြင့် ခေါင်းမော့ကြည့်လိုက်ရာ ကျားသစ် နှစ်ကောင်ကို မြင်တွေ့လိုက်ရပြီး ချက်ချင်း ပြုံးကာ ပြောလိုက်သည်။
"မင်းတို့ နှစ်ကောင်ကိုး... တော်တော် တိုက်ဆိုင်တာပဲ"
သူ၏ အသံက တိုက်ရိုက်ထုတ်လွှင့်မှု အတွင်းမှ ရှင်းလင်းစွာ ထွက်ပေါ်လာ၏။
လူအများအပြားမှာ လုံးဝ ကြောင်အမ်းအမ်း ဖြစ်သွားကြတော့သည်။
'ဟိုက်... သူက ကျားသစ် နှစ်ကောင်ကို မြင်တာတောင် ဒီလောက် ပေါ့ပေါ့ပါးပါးနဲ့ တော်တော် တိုက်ဆိုင်တာပဲ လို့ ပြောလိုက်တာလား... ဒါက ကျားသစ်ကြီးတွေ မဟုတ်ဘူးလား'
"ဘာအခြေအနေကြီးလဲ"
လူတစ်ယောက်က တိုက်ရိုက်ထုတ်လွှင့်မှု အတွင်းတွင် မေးမြန်းလိုက်သည်။
"ဒီတိုက်ရိုက်ထုတ်လွှင့်သူက တောင်ပေါ်မှာ ကျားသစ် မွေးထားတာ ထင်တယ်"
"ကျားသစ် မွေးထားတယ်... တောင်ပေါ်မှာ"
"တကယ့် ကျားသစ်ကြီးပါလား... ဒါက နိုင်ငံတော်အဆင့် တစ် ကာကွယ်စောင့်ရှောက်ရမယ့် တိရစ္ဆာန် မဟုတ်ဘူးလား"
ကျားသစ်များ ပေါ်ထွက်လာတိုင်း တိုက်ရိုက်ထုတ်လွှင့်မှု အတွင်းရှိ မှတ်ချက်များက ရူးသွပ်စွာ လွင့်မျောလာတတ်သည်။
ဤသည်မှာ ကွန်ရက်သုံးစွဲသူများ၏ တုန်လှုပ်အံ့ဩမှု မည်မျှ ပြင်းထန်ကြောင်းကို လုံလောက်စွာ ပြသနေပေသည်။
ထိုအချိန်တွင် ကျားသစ်ပေါက်လေးက ရုတ်တရက် အရှိန်တင်လိုက်ပြီး ဟိုခုန်ဒီပေါက်ဖြင့် ရွှီယန်၏ အရှေ့သို့ ပြေးသွားကာ ပျော်ရွှင်စွာ ခုန်ပေါက်နေတော့သည်။
မိခင်ကျားသစ်မကြီးက သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်၏။
နောက်ဆုံးတော့ အေးဆေးသွားပြီ ဖြစ်သည်။
ရွှီယန်က မှိုအချို့ကို ခူးယူကာ အဝတ်အိတ် တစ်လုံးထဲသို့ ထည့်လိုက်ပြီး ကျားသစ်ပေါက်လေး၏ ခေါင်းကို အသာအယာ ပွတ်သပ်ပေးလိုက်သည်။
အထိအတွေ့က အလွန် ကောင်းမွန်နေဆဲပင်။
ထိုကောင်လေးက အနည်းငယ် ထပ်မံ ကြီးထွားလာပြန်ပြီး အရွယ်ရောက်ပြီးသော ကြောင်များထက်ပင် တစ်ဆိုဒ်ခန့် ပိုမို ကြီးမားနေကာ ကြည့်ရသည်မှာ အလွန် ခန့်ညားနေသည်။
ရွှီယန်က အားလုံးကို ရှင်းပြလိုက်၏။
"အားလုံးကို ပြောပြထားမှ ရမယ်... လူတချို့က မသိကြဘူးလေ"
"အရင်က ကျွန်တော် မိခင်ကျားသစ်မကြီးနဲ့ ကျားသစ်ပေါက်လေးကို ကယ်ဆယ်ပေးခဲ့ဖူးလို့ သူတို့က ကျွန်တော့်ကို ခင်တွယ်နေကြတာပါ"
"ဒီလို အခြေအနေက တော်တော်လေး ရှားပါးပါတယ်"
"အကယ်၍ အားလုံးက တောရိုင်းထဲမှာ ကျားသစ်တို့ တောကြောင်တို့ အစရှိတာတွေနဲ့ တွေ့ရင် လုံးဝ အနီးအနားကို မကပ်ကြပါနဲ့"
ရွှီယန်၏ စကားကို ကြားသောအခါ လူအများအပြားက ချက်ချင်း ပြန်ဖြေလိုက်ကြသည်။
"တိုက်ရိုက်ထုတ်လွှင့်သူ စိတ်ချပါ... ငါက တစ်သက်လုံး တောရိုင်း ကျားသစ်နဲ့ တွေ့မှာတောင် မဟုတ်ဘူး"
"ဘယ်သူကများ အနားကပ်ရဲမှာလဲ... ကျားသစ်ကို မြင်တာနဲ့ မပြေးဘဲ နေမှာလား"
"ဒါ တကယ့် ကျားသစ်ကြီးပဲ"
ကျားသစ်များ ပေါ်ထွက်လာမှုကြောင့် တိုက်ရိုက်ထုတ်လွှင့်မှု အတွင်းသို့ လူများ ဝင်ရောက်လာသည့် အရှိန်က စတင် မြန်ဆန်လာသည်။
ရွှီယန်က မှိုအချို့ကို ခူးယူပြီးနောက် တောင်ပေါ်သို့ ဆက်လက် တက်သွားတော့သည်။
သူက ရှေ့မှ လျှောက်သွားပြီး ကျားသစ်ပေါက်လေးက အတူတကွ လိုက်ပါလာ၏။
ကျားသစ်ပေါက်လေး လိုက်ပါလာသဖြင့် မိခင်ကျားသစ်မကြီးကလည်း အနောက်မှ လိုက်ပါလာသည်။
ကြည့်ရသည်မှာ ဤကောင်လေး နှစ်ကောင်က ရွှီယန် ငှားရမ်းထားသော ကိုယ်ရံတော်များနှင့် ပင် တူနေပေသည်။
တောင်ပေါ်တက် တောတောင်ရှာဖွေရာတွင် ကျားသစ် နှစ်ကောင်က ကိုယ်ရံတော် အဖြစ် လိုက်ပါလာခြင်းမှာ မည်သူနှင့်မျှ မတူသော အခွင့်အရေး တစ်ခုပင် ဖြစ်သည်။
ရွှီယန်က အရှေ့ဆုံးမှ လျှောက်သွားရင်း သစ်တော၏ ဇာတ်လမ်းများကို အေးဆေးတည်ငြိမ်စွာဖြင့် ပြောပြနေ၏။
"တောင်ပေါ်မှာ သားရဲတိရစ္ဆာန်တွေ ရှိတာက ကောင်းတဲ့ ကိစ္စပါ... အနည်းဆုံးတော့ တောင်အောက်မှာ နေတဲ့သူတွေ အတွက်တော့ အဲ့ဒီလိုပါပဲ"
"ဥပမာအားဖြင့် ကျား တွေပေါ့... အရင်တုန်းက တောရိုင်း အရှေ့မြောက် ကျား အရေအတွက် လျော့နည်းသွားတော့ သစ်တောထဲမှာ ဝံပုလွေတွေ သောင်းကျန်းလာတယ်"
"ဝံပုလွေတွေက တောင်ပေါ်ကနေ လယ်သမားတွေရဲ့ အိမ်တွေထဲ အထိတောင် ဝင်လာကြတယ်"
"နောက်ပိုင်းကျတော့ မုဆိုးတွေက ဝံပုလွေတွေကို သတ်ကြတယ်... ဝံပုလွေတွေ အကုန် ကုန်သွားတဲ့ အခါကျတော့ မြေခွေးတွေ... ကြွက်တွေ... မြွေပါတွေက ထွက်လာပြီး လယ်သမားတွေရဲ့ လယ်ကွင်းတွေကို ဖျက်ဆီးကြတယ်... အိမ်ထဲဝင်ပြီး ကြက်တွေ ခွေးတွေကို ခိုးကြတယ်"
"ဝက်ဝံတွေကလည်း အစာ မရှာတွေ့တော့ တောင်အောက်ကို ဆင်းလာကြတယ်"
"ကျွန်တော်က တောင်ပေါ်မှာ နေတဲ့ တောင်ပေါ်သား တစ်ယောက်ဆိုတော့ တောင်တန်းကြီးရဲ့ ဂေဟစနစ်နဲ့ ပတ်သက်ပြီး ပိုမို တိုက်ရိုက်ကျတဲ့ ခံစားချက်မျိုး ရှိတယ်"
"သေချာတာပေါ့ အခုဆိုရင် လယ်သမား အရေအတွက်ကလည်း လျော့နည်းလာပြီ... စိုက်ခင်းတွေလည်း သိပ်မများတော့ဘူးဆိုတော့ တောင်အောက် ဆင်းလာတဲ့ သားရဲတိရစ္ဆာန်တွေလည်း အဲ့ဒီလောက် မများတော့ဘူး"
"ဒါပေမယ့် တောင်တစ်လုံးပေါ်မှာ သားရဲတိရစ္ဆာန် ရှိနေပြီဆိုရင် တောင်အောက်မှာ နေထိုင်တဲ့ လူတွေအတွက်ကတော့ ကောင်းတဲ့ ကိစ္စပါပဲ"
"မဟုတ်ရင် လူတွေက ကျားကို တောင်စောင့်နတ် လို့ ဘာလို့ ခေါ်ကြမလဲ... ကျားတွေက တကယ့်ကို တောင်ကို စောင့်ရှောက်တဲ့ မင်္ဂလာရှိတဲ့ တိရစ္ဆာန်တွေပါ"
ရွှီယန်က တောင်ပေါ်ရှိ ဇာတ်လမ်းများကို ထိုသို့ ရှင်းပြနေသည်။
ထိုအချိန်တွင် ကျားသစ်ပေါက်လေးက သူ၏ ဘောင်းဘီစကို ခုန်အုပ်နေ၏။
ရွှီယန်က ထိုကောင်လေး တစ်ချိန်လုံး လိုက်လာသည်ကို မြင်သောအခါ ကောင်လေးကို တိုက်ရိုက် ပွေ့ချီလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။
"မင်းအစ်ကိုကြီးကို ချီးကျူးနေတာလေ... မင်းလည်း မဆိုးပါဘူး မင်းလည်း မင်္ဂလာရှိတဲ့ တိရစ္ဆာန်လေးပါပဲ"
"မင်းလည်း တောင်စောင့်နတ်လေးပဲ"
ကျားသစ်ပေါက်လေးက မျက်လုံးကြီးများကို ကလယ်ကလယ် လုပ်ရင်း နားမလည်သော်လည်း အတော်လေး ပျော်ရွှင်နေပုံ ပေါ်သည်။
ထိုကောင်လေးက ရွှီယန် ပွေ့ချီထားသည်ကို ခံရသောအခါ ချက်ချင်း ငြိမ်ကျသွား၏။
ဤသို့ နေရခြင်းက မိခင်ကျားသစ်မကြီး၏ ဂုတ်ကနေ ကိုက်ချီခံရသည်ထက် အများကြီး ပိုမို သက်သောင့်သက်သာ ရှိပေသည်။
တိုက်ရိုက်ထုတ်လွှင့်မှု အတွင်းရှိ ကွန်ရက်သုံးစွဲသူများလည်း ထပ်မံ၍ ကြောင်အမ်းအမ်း ဖြစ်သွားကြပြန်သည်။
"ဒီတိုက်ရိုက်ထုတ်လွှင့်သူက ဘာတွေ လုပ်နေတာလဲ... မိခင်ကျားသစ်မကြီး ရှေ့မှာတင် ကျားသစ်ပေါက်လေးကို ပွေ့ချီနေတာလား"
"သူ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရတာ ရင်တထိတ်ထိတ်နဲ့... မိခင်ကျားသစ်မကြီးက သူ့ကို ကိုက်သတ်သွားမှာကိုတောင် ကြောက်နေရတယ်"
"တကယ်ကို အပြင်ပိုင်း တိုက်ရိုက်ထုတ်လွှင့်သူတွေထဲက ဆရာကြီးပဲ"
"အစ်ကိုယန်လို့ ခေါ်ကြ"
"အစ်ကိုယန်... အစ်ကိုယန်"
မြင်ကွင်းက ကြည့်ရသည်မှာ တကယ်ကို ယုံကြည်နိုင်စရာ မရှိအောင်ပင် ဖြစ်နေသည်။
သားရဲတိရစ္ဆာန်များက ကလေး ထိန်းကျောင်းနေစဉ် အချိန်အတွင်းတွင် အလွန် ဒေါသထွက်လွယ်ပြီး တိုက်ခိုက်လိုစိတ် အလွန် ပြင်းထန်ကြောင်းကို အားလုံး သိရှိထားကြ၏။
ယခုအခါ လူသား တစ်ယောက်က မိခင်ကျားသစ်မကြီး ရှေ့တွင် ကျားသစ်ပေါက်လေးကို ပွေ့ချီကာ လွတ်လပ်စွာ ပွတ်သပ်နေသည်။
မိခင်ကျားသစ်မကြီးက ဘာမှ မဖြစ်သကဲ့သို့ အေးဆေးစွာဖြင့်သာ အနောက်မှ လိုက်ပါနေ၏။
မည်သူ ကြည့်ကြည့် ကြောက်ရွံ့သွားမည်မှာ အသေအချာပင် ဖြစ်တော့သည်။
အားလုံးကို ပို၍ အံ့အားသင့်စေသည်မှာ ရွှီယန်က အလွန် အေးဆေးတည်ငြိမ်နေပြီး ဘာမှ မဖြစ်သကဲ့သို့ပင် ပြုမူနေခြင်း ဖြစ်သည်။
တန်ဖိုးရှိသော တောင်ထွက်ပစ္စည်းများ ရှိမရှိကိုသာ ဟိုဒီ လိုက်လံ ရှာဖွေနေပေသည်။
အားလုံးက ဤကိစ္စနှင့် ပတ်သက်၍ မှတ်ချက်ပေးရမည် ဆိုပါက စကားလုံး နှစ်လုံးတည်းသာ ရှိ၏။
"တကယ်မိုက်တယ်"
ရွှီယန်ကမူ ရံဖန်ရံခါ မှတ်ချက်များကို တစ်ချက် ကြည့်လိုက်ပြီး အားလုံးက ကာကွယ်စောင့်ရှောက်ရမည့် တိရစ္ဆာန်များ အကြောင်းကို ပြောနေကြဆဲ ဖြစ်သည်ကို မြင်သောအခါ ရှင်းပြလိုက်သည်။
"သူတို့ကို ကျွန်တော် မွေးထားတာ မဟုတ်ပါဘူး... တကယ့် တောရိုင်းတိရစ္ဆာန် စစ်စစ်တွေပါ"
"သစ်တောဦးစီးဌာနကိုလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး သတင်းပို့ထားပြီးပါပြီ"
"ဒါကို ကျွန်တော် မွေးထားတယ်လို့ ခင်ဗျားတို့က ဘယ်နေရာကနေ မြင်နေကြတာလဲ"
သူက ကျားသစ်ပေါက်လေးကို ပွေ့ချီထားရင်း အနည်းငယ် ငိုရခက် ရယ်ရခက်ဖြင့် ပြောလိုက်တော့သည်။