ရောက်ရောက်ခြင်းရင်ဆိုင်ရ
Vol. 35 Ch. 495
အခန်း (၄၉၅) ရောက်ရောက်ခြင်းရင်ဆိုင်ရ
ရန်ကျောက်ကဲ ပင်လယ်ရေမျက်နှာပြင်ထက် ပျံသန်းခရီးနှင်နေရင်း တစ်ခုခုမှားနေပြီဟု ရုတ်တရက် ခံစားလိုက်ရသည်။
လေထဲတွင် မတ်တတ်ရပ်ရင်း အဝေးသို့ စူးစိုက်ကြည့်လိုက်စဉ် သူ့ရှေ့သွားရာလမ်းကို ပိတ်ဆို့ထားသော အတားအဆီးတစ်ခုရှိနေကြောင်း ယောင်ဝါးဝါး ခံစားလိုက်ရ၏။
ရန်ကျောက်ကဲ လက်ဖျောက်တစ်ချက်တီးလိုက်ရာ သူ့လက်ချောင်းထိပ်မှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး အဝေးသို့ ပျံသန်းသွားသည်။ ထိုအလင်းတန်းက မိုးကုတ်စက်ဝိုင်းကိုဖြတ်ကျော်လျှက် ဝေးကွာသောနေရာတစ်ခုသို့ ထွက်ခွာသွားပြီး ရုတ်တရက် လေထဲတွင် ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာသည်။
ပေါက်ကွဲမှုကြောင့် လေထုထဲတွင် လှိုင်းလုံးများ ယိမ်းခတ်လှုပ်ခါသွားပြီး အရပ်မျက်နှာအသီးသီးသို့ လွင့်ပျံလာသည်။ မမြင်ရသော လေလှိုင်းလုံးများက ရန်ကျောက်ကဲဦးခေါင်းထက်မှပင် ဖြတ်ကျော်သွား၏။
လှိုင်းလုံးများက အချိန်အတန်ကြာအောင် တည်ရှိနေကြောင်း ရန်ကျောက်ကဲ အာရုံခံမိသည်။
“ကြည့်ရတာ... ငါ အရံအတားတစ်ခုထဲ ရောက်နေပုံပဲ”
ရန်ကျောက်ကဲ ငိုရမလား ရယ်ရမလားမသိ ဖြစ်သွားလေသည်။
စန့်ချုန်ကြေးမုံမှန်ဖြင့်ကမ္ဘာဖြတ်ကျော်ခရီးသွားခြင်းမှတစ်ဆင့် ဤကမ္ဘာသို့ရောက်ရှိလာသော်လည်း မည်သည့်နေရာသို့ ရောက်ရှိမည်ဆိုခြင်းက သူ မထိန်းချုပ်နိုင်သောကိစ္စတစ်ခု ဖြစ်သည်။
လမ်းညွှန်အဖြစ် ရွှီဖေး၏ သွေးစွမ်းအားအနှစ်သာရကို အသုံးပြုခဲ့သော်ငြား ရွှီဖေးအနား တန်းရောက်လာမည်ဟု မဆိုလိုပေ။ ထိုအစား ဤကမ္ဘာ၏ အားနည်းသောဗလာနယ်အာကာသတည်ရှိရာနေရာသို့သာ ရောက်ရှိလာနိုင်မည်ဖြစ်သည်။ ဘက်နှစ်ဘက်၏ “အတွင်းအပြင်လှုံ့ဆော်မှု” ညီညွတ်ခြင်းမရှိသောနေရာသို့ ရောက်ရှိမည်ဆိုပါက ကမ္ဘာဖြတ်ကျော်ခရီးနှင်လာသူတစ်ယောက် အသက်ဆုံးသွားနိုင်ပေသည်။
ကြီးမားသောအရံအတားကြီးအတွင်း ကျရောက်လာသဖြင့် ရန်ကျောက်ကဲ အတော်လေး စိတ်ညစ်သွားသည်။
သူ အရံအတားကို အာရုံခံကြည့်သည့်အခါ စွမ်းအားမသေးလှကြောင်း သိရသည်။ ဤအရံအတားကို ပြုလုပ်ခဲ့သူက အတော်လေး အစွမ်းထက်မည်ပင်။
စန့်ချုန်ကြေးမုံမှန်၏စွမ်းအားများ လျော့နည်းသွားပြီဖြစ်သဖြင့် ကြေးမုံမှန်ကိုအသုံးပြုပြီး ခရီးထွက်နိုင်မည် မဟုတ်ပေ။
ရန်ကျောက်ကဲသည် အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ကျန်ရှိခဲ့သော ဖန်းယွင်ရှန်းအတွက် စိုးရိမ်နေသဖြင့် အချိန်ကုန်မခံချင်လှပေ။ သို့သော် စိုးရိမ်ပူပန်ခြင်းက အသုံးမဝင်ကြောင်းသိရှိသဖြင့် စိတ်ကိုတည်ငြိမ်စေလိုက်သည်။
သာမန်အချိန်ဆိုလျှင် ရဲရင့်သောရန်ကျောက်ကဲက ထိတ်လန့်တုန်လှုပ်ခြင်းမရှိဘဲ အရံအတားအတွင်းလှည့်ပတ်ကြည့်ရှုပြီး နက်နဲမှုများကို လေ့လာမည် ဖြစ်သည်။
သို့သော် လက်ရှိတွင် ရန်ကျောက်ကဲက ဖန်းယွင်ရှန်းအတွက်လည်း စိုးရိမ်နေသလို သူ ရောက်နေသည့်ကမ္ဘာက သမုဒ္ဒရာကမ္ဘာ ဟုတ် မဟုတ်ကိုလည်း အရေးတကြီး သိချင်နေသည်။
အကယ်၍ ဤကမ္ဘာက “သမုဒ္ဒရာကမ္ဘာ” ဆိုလျှင် ရွှီဖေးနှင့် ရှီကျွင်းလေးတို့ မည်သည့်နေရာရောက်နေသလဲ ၊ အခြေအနေဘယ်လိုရှိသလဲ သိချင်မိသည်။
အရံအတားအစွန်းတစ်နေရာသို့ ရောက်လာသည်နှင့် ရန်ကျောက်ကဲက “သွေးမိစ္ဆာချပ်ပြား” ကို ထုတ်ယူလိုက်၏။
ဤပစ်စညျးက သုံးလိုကျလြှငျကုနျသှားသညျ့ပစ်စည်းမျိုးဖြစ်ပြီး အမြဲတမ်း အသစ်ပြန်လည်ပြုလုပ်ရသည်။ ထိုပစ္စည်းပြုလုပ်ရန်အတွက် အဖိုးတန်ပစ္စည်းများစွာလိုအပ်ပြီး အထူးသဖြင့် နေသူတော်စင်ဂိုဏ်းတည်ရှိရာ မီးနယ်မြေမှ အလွန်ရှားပါးသော ပစ္စည်းများ လိုအပ်သည်။
ကံကောင်းသည်မှာ လွန်ခဲ့သောနှစ်အနည်းငယ်က ဝါဒတောင်နှင့် နေသူတော်စင်ဂိုဏ်းတို့ နယ်စပ်တိုက်ပွဲများတွင် ဝါဒတောင်က အသာစီးရခဲ့ပြီး မီးနယ်မြေမှ ရတနာပစ္စည်းများစွာကို ရန်ကျောက်ကဲ ရရှိခဲ့သည်။
ရန်ကျောက်ကဲက သူ့လက်ထဲမှ သလင်းသေတ္တာလေးကိုဖွင့်လိုက်ပြီး ‘သွေးမိစ္ဆာချပ်ပြား’ ကို ထုတ်ယူလိုက်ကာ သူ့အရှေ့မှ အရံအတားဆီသို့ ပစ်လွှတ်လိုက်သည်။ ဆိုးရွားကြောက်မက်ဖွယ်ရာ သွေးနီရောင်အလင်းတန်းများက ကောင်းကင်တစ်ခွင် ဖြာလင်းသွားပြီး သူ့အရှေ့မှ အရံအတားပေါ်သို့ ကျရောက်သွားသည်။
အရံအတားက အလွန်တရာအားကောင်းသောကြောင့် သွေးနီရောင်အလင်းတန်းများ စိမ့်ဝင်ရန်ပင် ခက်ခဲသည်။
ထို့နာက်မှာတော့ ရေမျက်နှာပြင်နှင့်ဆင်တူသော အရံအတားမျက်နှာပြင်ထက် သွေးရောင်များစွန်းထင်းသွားသည်။ သို့သော် အရံအတားက ပြိုကွဲသွားခြင်း မရှိပေ။
ရန်ကျောက်ကဲက တည်ငြိမ်စွာပင် သူ့လက်ချောင်းများကို ဆန့်ထုတ်ပြီး အရံအတားမျက်နှာပြင်ထက်သို့ ဖိနှိပ်ချလိုက်ရာ မျက်နှာပြင်ထက် အပေါက်တစ်ခု ဖြစ်လာသည်။ ထိုအပေါက်က ပတ်ဝန်းကျင်သို့ အဆက်မပြတ် ကျယ်ပြန့်သွားသည်။ ရန်ကျောက်ကဲက သူ၏ ကြယ်တာရာချီစွမ်းအားများ အဆက်မပြတ် အသုံးပြုလိုက်ရာ အရံအတားက ဆက်မပြတ် အက်ကွဲသွားပြီး အချင်း တစ်ပေခွဲခန့်ရှိသော စက်ဝိုင်းသဏ္ဌန်အပေါက်တစ်ပေါက် ဖြစ်ပေါ်လာသည်။
ရန်ကျောက်ကဲ ထိုအပေါက်မှ ထွက်လာခါနီးတွင် အရံအတားအပြင်ဘက်တွင် လူအချို့ရှိနေကြောင်း တွေ့လိုက်ရသည်။
ထိုသူများထဲတွင် ယောကျ်ားလေးများရော မိန်းကလေးများပါ ပါဝင်ပြီး အသက်အကြီးဆုံးက အသက် (၄၀)အရွယ်ဖြစ်ကာ အသက်အငယ်ဆုံးကတော့ အသက် (၂၀)ခန့်ရှိကြသည်။ သူတို့၏ ကျင့်ကြံခြင်းအဆင့်များကလည်း မတူညီကြပေ။ အမဝိညာဉ်အဆင့်သိုင်းဆရာသခင်များ ၊ ဝိညာဉ်ခန္ဓာအဆင့် သိုင်းဆရာသခင်များနှင့် သိုင်းပညာရှင်အချို့ ဖြစ်ကြ၏။
သူတို့က အစောပိုင်းတွင် စိတ်အားထက်သန်စွာဖြင့် စကားပြောဆိုရယ်မောနေကြပြီး သူတို့ထဲက လူအချို့ဆိုလျှင် လက်ထဲတွင် အလံငယ်များကိုင်ဆောင်ထားလျှက် တစ်စုံတစ်ခု ပြုလုပ်ရန် စိတ်အားထက်သန်နေကြဟန်ပင်။
သူတို့အားလုံး၏မျက်ဝန်းများထဲတွင် တူညီသောမျှော်လင့်ချက်နှင့် ခံစားချက်များ ရှိနေကြသည်။
ထိုသူများထဲတွင် သိုင်းပညာရှင်အဆင့်သာရှိသေးပြီး ကျင့်ကြံခြင်းအဆင့် အနည်းငယ်နိမ့်ကျသော မိန်းမပျိုလေးတစ်ယောက်က အပျော်ရွှင်ဆုံး ဖြစ်လေသည်။
သူမနာမည်က ‘ဖန်းမင်’ ဖြစ်ပြီး သူမစိတ်ထဲတွင် မျှော်လင့်ချက်များစွာ ပြည့်နက်နေသည်။
ကံကောင်းစွာဖြင့် သူမ ဤအရံအတားတည်ရှိရာနေရာသို့ လိုက်ပါခွင့်ရခဲ့ပြီး ထို့မတိုင်မီက အရံအတားကို ချိုးဖျက်နိုင်သည့် ကျုန်းယွမ်ဝိညာဉ်အလံကိုလည်း ရရှိခဲ့သေးသည်။
အရံအတားထဲတွင် မည်သည့်အရာရှိမည်ကို သူမ အတိအကျမသိသော်လည်း လျှို့ဝှက်အဖိုးတန်ရတနာများ ရှိနိုင်ကြောင်း သူမ သိရှိလေသည်။
သူမက ငယ်ရွယ်ပြီး ကျင့်ကြံခြင်းအဆင့်လည်း နည်းပါးသေးသည်ဖြစ်ရာ သူမ၏ ဆရာဦးလေး ၊ ဆရာဒေါ်လေး ၊ ဂိုဏ်းတူအစ်ကိုအစ်မများဖြင့် ယခုကဲ့သို့ လိုက်ပါလာရခြင်းက သူမအတွက် ထူးခြားခြင်းဖြစ်ပြီး ထိုက်တန်သောရတနာပစ္စည်းများကိုလည်း ဝေစုအဖြစ် ရရှိနိုင်သည်။
သူမအတွက် ကောင်းကင်ဘုံကိုစိန်ခေါ်နိုင်လောက်အောင် ကံမကောင်းလျှင်တောင်မှလက်ဗလာတော့ ပြန်ရမည် မဟုတ်ပေ။ သူမနှင့်အတူ ခရီးထွက်လာကြသူများမှာလည်း ရတနာပစ္စည်းများမရှိဘဲ ဤနေရာသို့ ခရီးထွက်ခွာလာကြမည် မဟုတ်ပေ။
သို့သော် ဤနေရာသို့ ရောက်လာသည့်အခါ အရံအတားအတွင်းမှ အပေါက်တစ်ပေါက် ဖြစ်ပေါ်လာကြောင်း တွေ့ရသည့်အခါ မည်သို့မှမထိန်းနိုင်ဘဲ အလွန်တရာ စိတ်လှုပ်ရှားသွားမိသည်။
သို့သော် အပေါက်ထဲမှ ရန်ကျောက်ကဲထွက်လာသည်ကိုမြင်လျှင် ဖန်းမင်နှင့် အခြားသူများအားလုံး အံ့သြမှင်တက်သွားကြပြီး စကားပြောချင်သည့်တိုင် လည်ချောင်းထဲ တစ်ဆို့နေသလို ခံစားကြရသည်။
“တခြားသူတွေက ငါတို့ထက်အရင် ဦးသွားပြီလား”
ဤသည်က သူတို့ ပထမဆုံး တွေးမိသောအတွေးဖြစ်၏။
ရန်ကျောက်ကဲသည်လည်း အခြားသူများနှင့် ချက်ချင်းတွေ့ဆုံရမည်ဟု ထင်မထားခဲ့ပေ။
သူက ထိုသူများကို အကဲခတ်ကြည့်လိုက်သည့်အခါ သူတို့အားလုံး အံ့အသြမှင်တက်သွားခြင်းမှ ပြန်ကောင်းလာပြီး ယခု သူ့ကို သတိအပြည့်ဖြင့် စူးစိုက်ကြည့်နေကြကြောင်း တွေ့ရသည်။
သူတို့အကြည့်များကို တွေ့ရသည့်အခါ ရန်ကျောက်ကဲ ခဏမျှ စဉ်းစားကြည့်မိသည်။ သူ့ပတ်ဝန်းကျင်မှ အရံအတားကိုကြည့်ရင်း ထိုအုပ်စု ဘာတွေးနေသည်ကို ခန့်မှန်းလိုက်မိသည့်အခါ ရန်ကျောက်ကဲတစ်ယောက် ငိုရမလား ရယ်ရမလားမသိ ဖြစ်ရပြန်၏။
နှစ်ဘက်လုံးက ကမ္ဘာခြားနေသည့်အလား စကားမဆိုကြဘဲ တစ်ယောက်ကိုတစ်ယောက်စိုက်ကြည့်ရင်း တိတ်ဆိတ်နေကြသည်။
အတန်ကြာမှ ထိုအုပ်စုမှ ကျင့်ကြံခြင်းအဆင့် အမြင့်မားဆုံးဖြစ်သော ၊ အမတဝိညာဉ်သိုင်းဆရာသခင်အဆင့် လူရွယ်တစ်ယောက် သတိကြီးကြီးဖြင့် ရှေ့သို့ ခြေတစ်လှမ်းတိုးရင်း မေးခွန်းထုတ်သည်။
“ငါက ကြံ့ဝိညာဉ်ကျွန်းက ယန်ချူးဖန်ပါ ၊ မင်းက ဘယ်သူပါလဲ”
ထိုစကားကြားတော့ ရန်ကျောက်ကဲ အတော်လေးစိတ်အေးသွားသည်။
အဘယ်ကြောင့်ဆိုသော် အရင်က ချန်လီတောင်နှင့် သွေးနီနဂါးဂိုဏ်းတို့နှင့် တွေ့ဆုံစဉ်က အသုံးပြုသော သမုဒ္ဒရာကမ္ဘာမှ ဘာသာစကားနှင့် တူညီနေသောကြောင့် ဖြစ်၏။ စန့်ချုန်ကြေးမုံမှန်က သူ၏ဦးတည်ရာကို လွဲချော်စေခဲ့ခြင်း မရှိကြောင်း အတည်ပြုနိုင်ခဲ့ပေသည်။
“ငါ့နာမည်က ရန်ကျောက်ကဲပါ ၊ ပင်လယ်တစ်ဖက်ခြားက တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက်ပါ ၊ အားလုံးနဲ့ တွေ့ခွင့်ရတာ ဝမ်းသာပါတယ်”
ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။
ရန်ကျောက်ကဲ အသုံးပြုလိုက်သော ဘာသာစကားက မဟာကပ်ဘေးကြီးမတိုင်ခင် ပြောဆိုသော ဘာသာစကားဖြစ်သည်။ သမုဒ္ဒရာကမ္ဘာမှ ဘာသာစကားက ထို ရှေးဟောင်းဘာသာစကားနှင့် အလွန်ဆင်တူသည့်အတွက် တစ်ဖက်လူအနေဖြင့် ရန်ကျောက်ကဲ ပြောသည့်စကားကို အခြေခံအားဖြင့် နားလည်နိုင်မည် ဖြစ်၏။
သမုဒ္ဒရာကမ္ဘာတွင် အသုံးပြုသောဘာသာစကားက မဟာကပ်ဘေးကြီးမတိုင်ခင် ဘာသာစကားနှင့် ဆင်တူသော်လည်း ပိုင်ကျင်းခန်းနှင့် ဝမ်ပင်းတို့ ဇနီးမောင်နှံတို့နှင့် အချိန်အလုံအလောက် မဆုံတွေ့ခဲ့ရသဖြင့် ဘာသာစကားကို အပြည့်အဝ သင်ယူနိုင်ခဲ့ခြင်းမရှိပေ။
မည်သို့ပင်ဖြစ်စေ အလုပ်ဖြစ်သည့်အတွက် ကံကောင်းသည်ဟု ဆိုရပေမည်။
ရန်ကျောက်ကဲ၏ ထူးခြားသော ဟန်ပန်အမူအရာနှင့် တည်ငြိမ်အေးဆေးမှုကို တွေ့မြင်ရသည့်အခါ ယန်ချူးဖန် ရုတ်တရက် ဘာလုပ်ရမှန်းမသိ ဖြစ်သွားသည်။
ဖန်းမင်နှင့် အခြားသူများမှာလည်း သူတို့ရှေ့မှ အရံအတားနှင့် အရံအတားအတွင်းတွင်ရှိနေသည်များကိုတစ်လှည့် ၊ ရန်ကျောက်ကဲကိုတစ်လှည့်ကြည့်ရင်း သူတို့မျက်နှာထက်တွင် စိုးရိမ်ပူပန်မှုများ ထင်ဟပ်နေသည်။
ရန်ကျောက်ကဲက ပြုံးလိုက်ရင်း လေသံခပ်အေးအေးဖြင့်...
“တကယ်တော့ ငါက ပင်လယ်တစ်ဖက်ခြားဒေသကလာတာပါ ၊ ဒီဘက်က အခြေအနေတွေကို သိပ်မသိဘူး ၊ မိတ်ဆွေဟောင်းတစ်ယောက်ကို လိုက်ရှာရင်းနဲ့ ဒီအရံအတားထဲ အမှတ်မထင်ရောက်သွားတာ ၊ ဒီဒေသမှာ ရင်းနှီးသူလည်းမရှိတော့ မင်းတို့နဲ့တွေ့ရတာ ဝမ်းသာမိပါတယ် ၊ ဆိုတော့... အကူအညီလေးတစ်ခုလောက် တောင်းလို့ရမလား”
တစ်ဖက်လူပြန်မဖြေခင် ရန်ကျောက်ကဲက ဆက်ပြောလိုက်သည်။
“ချန်လီတောင်က ဘယ်မှာရှိလဲ လမ်းညွှန်ပေးနိုင်မလား”
သူ့စကားကြားတော့ ကြံ့ဝိညာဉ်ကျွန်းမှ သိုင်းသမားများ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားသည်။
ယန်ချူးဖန်က သူ့စကားကို ပြန်ဖြေရန်ဟန်ပြင်လိုက်စဉ် ရုတ်တရက် မျက်နှာပျက်သွား၏။
အဘယ်ကြောင့်ဆိုသော်...
သူတို့အနောက်ဘက်ရှိ ပင်လယ်ပြင်ဆီမှ များပြားလှစွာသော ကြောက်မက်ဖွယ်ရာ အနက်ရောင်ချီစွမ်းအားများ လွင့်ပျံလာပြီး အရံအတားတည်ရှိရာနေရာသို့ ဦးတည်ဝင်ရောက်လာသောကြောင့် ဖြစ်သည်။
ထိုအနက်ရောင်ချီစွမ်းအားများက ဓားသွားများအဖြစ်ပြောင်းလဲသွားပြီး အလွန်တရာထက်ရှလျှက် သတ်ဖြတ်လိုသည့်အငွေ့အသက်များ ပြည့်နက်လျှက် ရှိလေ၏။