အခန်း ၇၃
Vol. 8 Ch. 73
အခန်း (၇၃) အဆုံးအစမရှိ ကျယ်ပြောလှသော စပါးခင်းကြီး
ဟိုင်လန်မြစ်ရေက ဖြည်းညင်းစွာ စီးဆင်းနေသည်။
စိမ်းလန်းစိုပြည်နေသော စပါးခင်းကြီးက အုပ်ဆိုင်းနေ၏။ နွေလယ်ခေါင်အချိန်ဖြစ်၍ စပါးပင်များက မဝါသေးဘဲ လန်းဆန်းတက်ကြွသည့်အသွင် ရှိနေသည်။ စပါးခင်းထဲတွင် သေသပ်လှပစွာ ဖန်တီးထားသော စပါးခင်းပန်းချီကားများရှိပြီး 'တရုတ်ပြည်၏ စပါးကျီ' ဟူသော စာတန်းကိုလည်း ရေးသားထားသည်။
ရွှီယန်က ဆိုင်ကယ်ကို လမ်းဘေးတွင်ရပ်လိုက်ပြီး ကျောပိုးအိတ်ကိုချကာ ဒရုန်းကို ပျံတက်စေလိုက်သည်။ ထို့နောက် တိုက်ရိုက်ထုတ်လွှင့်မှု ကင်မရာကို ချိန်ညှိလိုက်၏။ ဒီနေ့ အားနေသည်မို့ လိုက်ဖ်လွှင့်ကာ လယ်ယာခြံဝင်းကြီးဆီသို့ လာကြည့်ခြင်းဖြစ်သည်။
ဒီဘက်ဒေသရှိ မြေယာများက တကယ်ကို များပြားလွန်းပြီး အဆုံးအစမရှိ ကျယ်ပြောလှသည်။ နေရာအကွက်ချ၍ သီးနှံမျိုးစုံကို စိုက်ပျိုးထားကြ၏။ အချို့နေရာများတွင် ဧကသောင်းချီ၍ ပြောင်းဖူးများချည်း စိုက်ပျိုးထားပြီး၊ အချို့နေရာများတွင်မူ သစ်သီးပင်များချည်း စိုက်ပျိုးထားသည်။
ယခု ရွှီယန်ရောက်နေသောနေရာကတော့ စပါးခင်းကြီးတစ်ခုပင် ဖြစ်သည်။
လိုက်ဖ်ကင်မရာက အောက်ဘက်ရှိ မြင်ကွင်းကို ရှင်းလင်းပြတ်သားစွာ ရိုက်ကူးနေသည်။ ရွှီယန်က ဆိုင်ကယ်ပေါ် ပြန်တက်လိုက်ပြီး အရှိန်လျှော့ကာ လယ်ကွင်းများကြားရှိ ကွန်ကရစ်လမ်းပေါ်တွင် ဖြည်းညင်းစွာ မောင်းနှင်သွား၏။
အင်တာနက်သုံးစွဲသူများလည်း လိုက်ဖ်ထဲသို့ တဖွဲဖွဲ ဝင်ရောက်လာကြသည်။
"နောက်ဆုံးတော့ လိုက်ဖ်လွှင့်လာပြီပေါ့"
"ဒီနေ့ တောင်ပေါ်တက်မှာလား"
"ဟယ် ဒါဘယ်နေရာလဲ အရမ်းလှတာပဲ"
"ဒီနေရာက ဘယ်လောက်တောင် ကြီးတာလဲ"
လိုက်ဖ်စလွှင့်သည်နှင့် ကွန်မန့်များက စည်ကားသွားတော့သည်။ ရွှီယန်၏ တိုက်ရိုက်ထုတ်လွှင့်မှုအလုပ်က ယခုအခါ အတော်လေး အခြေအနေကောင်းနေပြီဖြစ်ပြီး ပုံမှန်ကြည့်ရှုသူ ပရိသတ်တစ်စုလည်း ရှိနေပြီဖြစ်သည်။ ထို့ကြောင့် ပုံမှန်ရက်များတွင် ကြော်ငြာမလုပ်လျှင်တောင် လာကြည့်မည့်သူများ ရှိနေသည်။ ဤသည်မှာ ကောင်းမွန်သော ကွန်တင့်များဖန်တီးခြင်း၏ အားသာချက်ပင် ဖြစ်သည်။
အကယ်၍ အပြင်ပန်းအလှအပကိုသာ အားကိုးရသည့် အမျိုးသမီးလိုက်ဖ်လွှင့်သူများဆိုလျှင် အင်တာနက်သုံးစွဲသူများက အကဗီဒီယိုများကိုသာ ကြည့်ချင်ကြပြီး ကင်မရာရှေ့တွင် ထိုင်ကာ စကားပြောနေသည်ကို သိပ်မကြည့်ချင်ကြသဖြင့် လိုက်ဖ်ထဲတွင် လူအများကြီး ရှိမည်မဟုတ်ပေ။
ဒရုန်းက အလွန်မြင့်မားစွာ ပျံသန်းနေပြီး အဝေးကြီးအထိ ရိုက်ကူးထားနိုင်သည်။ အားလုံးက စပါးခင်းကြီး အဆုံးအစမရှိ ကျယ်ပြောလှပြီး တစ်ချက်ကြည့်ရုံဖြင့် အဆုံးကိုမမြင်ရသည်ကို တွေ့လိုက်ရသောအခါ အထူးအံ့သြသွားကြသည်။
"ဒါတွေအကုန်လုံးက လယ်ကွင်းတွေချည်းပဲလား"
တစ်စုံတစ်ယောက်က မနေနိုင်ဘဲ မေးလိုက်သည်။
ပေတကျဟွမ်းဒေသ၏ အရွယ်အစားက တွေးထင်ထားသည်ထက် ပိုမိုကြီးမားလှသည်။ ဤဒေသရှိ လယ်ယာခြံဝင်းကြီးများသည် အချိန်ကြာမြင့်ကတည်းက ဧရိယာကျယ်ဝန်းစွာဖြင့် စက်ယန္တရားများအသုံးပြုကာ စိုက်ပျိုးထုတ်လုပ်နေကြပြီး စပါးခင်းများသည် ဧကသောင်းချီ၍ တစ်ဆက်တည်းဖြစ်နေသည်ကို လူအများစုက မသိကြပေ။ ယခု ရွှီယန်ရောက်နေသော လယ်ယာခြံဝင်းက ကြီးမားသည်ဟုပင် မဆိုနိုင်သေးချေ။ မြောက်ဘက်သို့ ဆက်သွားလျှင် ထိုဘက်ရှိ လယ်ယာခြံဝင်းများက ပို၍ပင် ကျယ်ဝန်းသေးသည်။
ရွှီယန်က ခဏလောက် စောင့်နေလိုက်ပြီး လိုက်ဖ်ထဲတွင် လူပိုများလာချိန်၌ မိုက်ကိုဖွင့်ကာ ရှင်းပြလိုက်သည်။
"ဒီနေ့ ကျွန်တော်တို့အနီးအနားက လယ်ယာခြံဝင်းကြီးဆီ လာလည်တာဗျ"
"ခဏနေရင် စပါးခင်းပန်းချီကားတွေကို ကြည့်ဖို့ ရှုခင်းကြည့်စင်ပေါ် သွားကြမယ်လေ"
"အရှေ့မြောက်ဒေသကို နိုင်ငံရဲ့စပါးကျီလို့ တင်စားကြပြီး စပါးအထွက်နှုန်းက အရမ်းများတာပေါ့"
"ကျွန်တော်တို့နိုင်ငံရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ စိုက်ပျိုးရေးလုပ်ငန်းကို အားလုံးကို ခံစားကြည့်ဖို့ ခေါ်လာခဲ့တာပါ"
"ဒီတစ်ဆက်တည်းဖြစ်နေတဲ့ စပါးခင်းကြီးကို ကြည့်ကြည့်ပါဦး ရှုခင်းက အရမ်းလှတာပဲနော်"
"လေထုထဲမှာလည်း စပါးနံ့တွေ သင်းပျံ့နေတာပဲကွာ"
"ကျွန်တော့်မှာသာ ဒီလောက်များတဲ့ မြေတွေရှိရင် ကောင်းမှာပဲ ဘာမှလုပ်စရာမလိုဘဲ နေ့တိုင်း ဇိမ်ကျနေမှာ"
ရွှီယန်၏အသံက လိုက်ဖ်ထဲမှတဆင့် ထွက်ပေါ်လာသည်။ သူ၏အသံကိုကြားရပြီး ကျယ်ပြောလှသော စပါးခင်းကြီးကို ကြည့်လိုက်ရသောအခါ အားလုံး၏ စိတ်ကူးများက ပိုမိုကျယ်ပြန့်လာသလို ခံစားလိုက်ကြရသည်။
"ဒါတွေက စပါးတွေလား တောင်ပိုင်းက စပါးစိုက်ပြီး မြောက်ပိုင်းက ဂျုံစိုက်တာမဟုတ်ဘူးလား"
"တကယ်ကို လှတာပဲကွာ ဒါဆို စပါးတွေ ဘယ်လောက်တောင် ထွက်မလဲ"
"ဒီလောက်ကြီးတဲ့ လယ်ကွင်းကို ပထမဆုံးအကြိမ် မြင်ဖူးတာပဲ"
"ပြည်တွင်းမှာ ဒီလိုလယ်ကွင်းမျိုးတွေ ရှိသေးတာလား"
အားလုံးက တရုတ်စီ ဝင်ရောက်မှတ်ချက်ပေးကြသည်။
ဤဘက်ရှိ စပါးခင်းများက အလွန်စနစ်ကျလှပြီး အကွက်လေးများဖော်ကာ အလယ်တွင် ကွန်ကရစ်လမ်းဖြင့် ပိုင်းခြားထားသည်။ ရွှီယန်က လမ်းပေါ်တွင် ဆိုင်ကယ်စီးရင်း ပြောလိုက်သည်။
"အရှေ့မြောက်ဒေသက စပါးတွေက ဂျုံတွေထက် အများကြီး ပိုများတယ်လေ ဒီဘက်မှာ ရေအရင်းအမြစ် ပေါများတော့ စပါးစိုက်ဖို့ ပိုသင့်တော်တယ် ဂျုံကတော့ သိပ်မသင့်တော်ဘူးပေါ့"
"စပါးစိုက်ပျိုးတာက ထန်မင်းဆက်ခေတ်လောက်အထိ ခြေရာခံလို့ရတယ် အဲဒီအချိန်ကတည်းက စိုက်နေကြတာလေ"
"စိုက်ပျိုးရေးလုပ်ငန်းက ဆက်တိုက် တိုးတက်နေတာပါ"
"ကျွန်တော်မှတ်မိသလောက်ဆိုရင် ဒီဘက်က စပါးခင်းတွေမှာ ပုစွန်တွေနဲ့တွဲပြီး မွေးမြူနိုင်နေပြီဗျ ဒါပေမဲ့ စပါးခင်းထဲကို ဝင်ခွင့်မပြုတော့ ပုစွန်တွေ ရှိမရှိ သွားကြည့်လို့တော့ အဆင်မပြေဘူးပေါ့"
ရွှီယန်က အားလုံးကို ရှင်းပြလိုက်သည်။
ဤကဲ့သို့သော လယ်ယာခြံဝင်းများသို့ အလွယ်တကူ ဝင်ထွက်သွားလာ၍မရပေ။ ရွှီယန်ကိုယ်တိုင်လည်း စာရင်းပေးသွင်းပြီးမှ ဝင်ခွင့်ရခြင်းဖြစ်သည်။
ဒီနေ့တော့ စပါးခင်းရှုခင်းများကို လာရောက်ကြည့်ရှုခြင်းပင်။
ဤနေရာရှိအရာအားလုံးက လူသားများဖန်တီးထားသော ရှုခင်းများဖြစ်ပြီး အလွန်စနစ်ကျလှသည်။ သဘာဝတရား၏ အရိုင်းဆန်မှုများ လျော့နည်းသွားသော်လည်း အနုပညာဆန်သော အလှတရားများက ပိုမိုလွှမ်းမိုးနေသည်။
စပါးခင်းများအထက်တွင် ငှက်ငယ်လေးများစွာက အစာရှာရန် ဟိုဟိုဒီဒီ ပျံသန်းနေကြ၏။ ကြည့်ရသည်မှာ အသက်ဝင်လှုပ်ရှားနေပုံရသည်။ အင်တာနက်သုံးစွဲသူများလည်း စပါးခင်းရှုခင်းကို တိတ်ဆိတ်စွာ ခံစားကြည့်ရှုနေကြသည်။
ရွှီယန်က ဆိုင်ကယ်စီးကာ ရှုခင်းကြည့်စင်အောက်သို့ ရောက်လာသည်။ ရှုခင်းကြည့်စင်မှာ သုံးထပ်အမြင့်ရှိသော စင်မြင့်တစ်ခုဖြစ်ပြီး လှေကားမှတစ်ဆင့် အပေါ်သို့ တက်သွားရုံပင်။
သူက ဒရုန်းကင်မရာကို စပါးခင်းထဲရှိ မြင်ကွင်းဆီသို့ ချိန်ရွယ်လိုက်သည်။ အင်တာနက်သုံးစွဲသူများက စပါးခင်းထဲရှိ ပန်းချီကားများကို မြင်လိုက်ရသောအခါ အားလုံးက ပါးစပ်အဟောင်းသားဖြစ်သွားသည်အထိ အံ့သြသွားကြသည်။
စပါးခင်းတစ်ခင်းလုံးက ပန်းချီကားချပ်ကြီးတစ်ခုလိုပင်။ တစ်ဖက်တွင် တက်ကြွလှုပ်ရှားနေပုံရသော လူရုပ်များကို ရေးဆွဲထားပြီး အလယ်တွင်မူ ခမ်းနားကြီးကျယ်စွာ ခရီးထွက်နေသကဲ့သို့ လေယာဉ်တင်သင်္ဘောတစ်စင်းကို ရေးဆွဲထားသည်။ ညာဘက်ခြမ်းတွင်တော့ စာကြောင်းနှစ်ကြောင်း ရေးထား၏။
'စိုက်ပျိုးရေးအင်အားကြီးနိုင်ငံ တရုတ်ပြည်၏ စပါးကျီ'
စပါးခင်းထဲတွင် ဤသို့သော မြင်ကွင်းမျိုးရှိနေမည်ဟု အားလုံးက ထင်မှတ်မထားခဲ့ကြပေ။
"ဒါက ဘာကြီးလဲ အထူးပြုလုပ်ချက်လား"
"အထူးပြုလုပ်ချက် မဟုတ်ဘူးဆိုတာ သေချာရဲ့လား"
"ဟယ် အရမ်းလှတာပဲကွာ"
"ဒီလိုစပါးခင်းကြီးကို ကြည့်ပြီး ဘာလို့မှန်းမသိဘူး ငါအရမ်းစိတ်လှုပ်ရှားလာတယ်"
လိုက်ဖ်ထဲတွင် ချက်ချင်းပင် စည်ကားသွားတော့သည်။
ရွှီယန်က ဆိုင်ကယ်ကို ရပ်လိုက်ပြီး လှေကားအတိုင်း အပေါ်သို့တက်သွားကာ လမ်းလျှောက်ရင်း ပြောပြလိုက်သည်။
"အရင်က ကျွန်တော် တက္ကသိုလ်တက်တုန်းက ကျွန်တော့်သူငယ်ချင်းတွေကို ပြောပြဖူးတယ် ကျွန်တော်တို့ဆီမှာ မြေစိုက်ရင် ဧကထောင်ချီပြီး စိုက်ကြတာလို့လေ ဒါပေမဲ့ သူတို့က မယုံကြဘူး ကျွန်တော် လေလုံးထွားနေတယ်လို့ပဲ ထင်ကြတာပေါ့"
"အခြားနေရာတွေမှာ စိုက်ပျိုးမြေဆိုတာ ဧကဆယ်ဂဏန်းလောက်ရှိရင်ကို အများကြီးလို့ သတ်မှတ်ထားကြတာကိုး"
"ပြီးတော့ နွေရာသီကျောင်းပိတ်ရက်တစ်ခုမှာ ကျွန်တော် သူတို့ကို ဒီဘက်လာလည်ဖို့ ခေါ်လိုက်တယ်"
"သူငယ်ချင်းတစ်ယောက်က ဒီမြေကွက်ကြီးကို မြင်တော့ ချက်ချင်းပဲ စိတ်လှုပ်ရှားပြီး ငိုတောင်ငိုချင်သွားတာ"
"သူလည်း တောနယ်ကနေ စာမေးပွဲဖြေပြီး ရောက်လာတာလေ ဒီလောက်ကြီးတဲ့ လယ်ကွင်းကြီးကို တစ်ခါမှ မမြင်ဖူးဘူးပေါ့"
"အားလုံး လိုက်ဖ်ထဲကနေ ကြည့်ရတာနဲ့ အပြင်မှာ တကယ်လာကြည့်ရတာ ခံစားချက်ချင်း မတူဘူးဗျ"
"ဒီနေရာမှာ ရပ်ပြီးကြည့်ရင် ဧကသောင်းချီတဲ့ စပါးခင်းကြီးကပေးတဲ့ ခမ်းနားမှုကို ပိုပြီး ရှင်းရှင်းလင်းလင်း ခံစားရနိုင်တယ်လေ"
"ဒါ့အပြင် နိုင်ငံကြီးတစ်ခုရဲ့ စိုက်ပျိုးရေးလုပ်ငန်း အခြေခံအုတ်မြစ်ကိုလည်း ခံစားသိရှိနိုင်မှာပါ"
ရွှီယန်က ရှုခင်းကြည့်စင်ပေါ်သို့ ရောက်သွားပြီး အောက်ဘက်ရှိ စပါးခင်းကို ငုံ့ကြည့်လိုက်သည်။ လှပသော စပါးခင်းပန်းချီကားများက မျက်စိရှေ့တွင် အထင်းသားပေါ်လွင်နေ၏။ လိုက်ဖ်ကြည့်နေသည့် ပရိသတ်များလည်း ဤစပါးခင်းပန်းချီကားထဲတွင် နစ်မျောနေကြသည်။
လူအများအပြားက စပါးခင်းပန်းချီကို မည်သို့ရေးဆွဲထားသနည်းဟု မေးမြန်းနေကြသည်ကို ရွှီယန် မြင်လိုက်ရသည်။ အချို့က ဆေးဆိုးထားခြင်းဖြစ်မည်ဟု ခန့်မှန်းနေကြ၏။ ရွှီယန်က ပြုံးရင်း ရှင်းပြလိုက်သည်။
"စပါးခင်းပန်းချီကား ဖန်တီးရတာ အဲဒီလောက် မရှုပ်ထွေးပါဘူး အဲဒါက ဆေးဆိုးထားတာမဟုတ်ဘဲ အရောင်မတူတဲ့ စပါးပင်တွေနဲ့ ဖွဲ့စည်းထားတာလေ"
"လုပ်ရတာ အရမ်းလွယ်ပါတယ် ကွန်ပျူတာပေါ်မှာ ကိုယ်လိုချင်တဲ့ ပုံကြမ်းကို အရင်ဆွဲရတယ် ပြီးတော့ အမှတ်ချရတာပေါ့"
"အဲဒီနောက် ပေတို လမ်းညွှန်စနစ်ကိုသုံးပြီး စပါးခင်းပေါ်မှာ ကိုဩဒိနိတ်တွေ သတ်မှတ်ပြီး နေရာတွေ မှတ်သားရတယ်"
"ပြီးရင်တော့ သတ်မှတ်ထားတဲ့ နေရာတွေမှာ အရောင်မတူတဲ့ စပါးပင်တွေကို စိုက်ပျိုးရတာပါပဲ"
"ကြီးလာတဲ့အခါကျတော့ ဒီလိုပုံစံ ဖြစ်လာတာလေ"
"လယ်ယာခြံဝင်းကြီးတွေတိုင်းမှာ စပါးခင်းပန်းချီကားတွေ ရှိတတ်ကြပါတယ် ကိုယ်တိုင်မလုပ်တတ်ရင်တောင် နွေဦးပေါက်ချိန်မှာ ပန်းချီဆွဲပေးဖို့ လူငှားလို့ရတယ်လေ အရမ်းအဆင်ပြေပါတယ်"
ရွှီယန် ဤသို့ပြောပြလိုက်မှသာ အားလုံးက သဘောပေါက်သွားကြသည်။
ရွှီယန်က ရှုခင်းကြည့်စင်ပေါ်တွင် ရပ်နေပြီး ကျောက်သားလက်ရန်းပေါ်တွင် လက်တံတောင်ဆစ်ကို တင်ထားကာ အောက်ဘက်ရှိ စပါးခင်းများကို ငေးကြည့်နေသည်။ မျက်နှာချင်းဆိုင်မှ လေပြေများ တိုက်ခတ်လာပြီး လတ်ဆတ်သော စပါးရနံ့များကို သယ်ဆောင်လာ၏။ သူက ဘာမျှ ဆက်မပြောတော့ချေ။ အင်တာနက်သုံးစွဲသူများလည်း ဤမြင်ကွင်းကို ခံစားရင်း ကျယ်ပြောလှသော စပါးခင်းကြီး၏ အငွေ့အသက်ထဲတွင် နစ်မျောနေကြသည်။
"တကယ်ကို လှတာပဲ အဲဒီအထဲမှာ လမ်းလျှောက်ချင်လိုက်တာ"
"ငါလည်း ဒီလောက်ကြီးတဲ့ စပါးခင်းကို ပထမဆုံးအကြိမ် မြင်ဖူးတာပဲ"
"ဒါက ကြီးတယ်လို့ မခေါ်နိုင်သေးဘူး ဟေးလုံကျန်းဘက်က ပေတကျဟွမ်းဆီ သွားကြည့်လိုက် အဲဒီက လယ်ကွင်းဧရိယာက ပိုပြီးတောင် ကြောက်စရာကောင်းသေးတယ်"
"ဟုတ်တယ် ပေတကျဟွမ်းက ၈၅၆ လယ်ယာခြံဝင်းတစ်ခုတည်းတင် စိုက်ပျိုးမြေဧရိယာက ဧက တစ်သန်းကျော်တောင် ရှိတာလေ"
"ဘယ်လောက် ဧကတစ်သန်းကျော်တောင် ဟုတ်လား အခုခေတ်မှာ ဧကသောင်းချီပြီးကို ယူနစ်အနေနဲ့ သုံးနေကြတာလား"
ရွှီယန်၏ တိုက်ရိုက်ထုတ်လွှင့်မှုက လူအများအပြားအတွက် ကမ္ဘာသစ်တစ်ခုကို တံခါးဖွင့်ပေးလိုက်သလိုပင်။ ဤမျှကျယ်ဝန်းလှသော စိုက်ပျိုးမြေများက တကယ်ကို အံ့သြတုန်လှုပ်စရာကောင်းလှသည်။
ရွှီယန်က ပြုံးရင်း ပြောလိုက်သည်။
"ပေတကျဟွမ်းရဲ့ ဧရိယာက တကယ်ကို ကြီးမားလှတယ်လေ ပြီးတော့ တောင်သူတွေအားလုံးက ဝန်ထမ်းတွေဖြစ်ပြီး လစာတွေ ပင်စင်လစာတွေ အငြိမ်းစားလစာတွေ အားလုံးရကြတယ်ပေါ့"
"ကျွန်တော်တို့ဆီမှာ ဒီလိုမျိုး စပါးစိုက်တဲ့ လယ်ယာခြံဝင်းတွေ အများကြီးရှိတယ်"
"ဆောင်းဦးပေါက်လို့ စပါးတွေ ရိတ်သိမ်းပြီးသွားရင် ဒီစပါးတွေအားလုံးကို စပါးလှန်းတဲ့ကွင်းဆီ စုပေါင်းသယ်သွားကြတယ် အဲဒီအချိန်ကျရင် လယ်ယာခြံဝင်းပိုင်ရှင်တွေအားလုံးက စပါးမျိုးစေ့တွေနဲ့ တစ်ဧကအထွက်နှုန်းတွေအကြောင်း ဆွေးနွေးဖလှယ်ကြမှာလေ"
"အဲဒီအချိန်ဆို တော်တော်လေး စည်ကားတာဗျ"
သူက ဖုန်းကိုထုတ်ကာ လိုက်ဖ်ထဲတွင် နောက်ခံတေးဂီတတစ်ခုကို ဖွင့်လိုက်သည်။ ၎င်းမှာ ကျိုးကျဲလွန်း၏ 'စပါးရနံ့' သီချင်းပင်ဖြစ်သည်။ သာယာနာပျော်ဖွယ်ကောင်းသော တေးသွားများ ထွက်ပေါ်လာပြီး ပုရစ်အော်သံ၊ သီချင်းသံတို့ကို နားထောင်ရင်း စပါးခင်းပန်းချီကားများကို ကြည့်ရသည်မှာ ပို၍ပင် အရသာရှိလှပေသည်။