← Chapters

အခန်း ၇၅

Vol. 8 Ch. 75

အခန်း ၇၅

Vol. 8 Ch. 75

အခန်း (၇၅) လယ်ယာခြံဝင်း ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်

ကျီးကန်း ပျံထွက်သွားပြီးနောက်တွင် ရွှီယန်က ဆိုင်ကယ်ပေါ်ခွတက်ကာ အထာကျကျ ထွက်ခွာလာခဲ့သည်။

ဒီနေ့အတွက် တိုက်ရိုက်ထုတ်လွှင့်မှု ပြီးဆုံးသွားပြီဖြစ်၍ အိမ်ပြန်ထမင်းစားရမည့်အချိန် ရောက်ပြီဖြစ်သည်။

လိုက်ဖ်လွှင့်သည့် အချိန်ကလည်း မတိုလှပေ။ ကျော်ကြားမှုရမှတ် နှစ်သောင်းကျော် ရရှိခဲ့ရာ စုဆောင်းထားပြီး အဆင့်မြင့်မဲဖောက်မှု ပြုလုပ်နိုင်သေးသည်။

ဆုရထားသည့် ဆိုင်ကယ်က တကယ်ကို မဆိုးလှချေ။ မြင်းကောင်ရေအားကောင်းပြီး ကိုယ်ထည်ငြိမ်သလို ရှော့ဘ်ဆော့ဘာကလည်း ကောင်းမွန်သဖြင့် စီးရသည်မှာ အလွန်သက်သောင့်သက်သာရှိသည်။

လိုက်ဖ်ကိုပိတ်ပြီးနောက် ရွှီယန်က ဒရုန်းကို ကျောပိုးအိတ်ထဲထည့်ကာ သစ်သီးလက်ကားဈေးကွက်ဆီသို့ တစ်ခေါက် သွားလိုက်သည်။

ဒီဘက်တွင် သူ့ဆွေမျိုးတစ်ယောက်ရှိရာ သွားရောက်စကားပြောရန်ဖြစ်သည်။ တစ်ချက်က နောင်တွင်ထွက်လာမည့် ဘလူးဘယ်ရီသီးများအတွက် ဈေးကွက်ရှာရန်ဖြစ်ပြီး နောက်တစ်ချက်ကတော့ လက်ရှိ ဈေးကွက်ထဲမှ သစ်သီးပေါက်ဈေး အခြေအနေများကို လေ့လာချင်၍ဖြစ်သည်။

ဘာစိုက်လျှင် ပိုကောင်းမည်ကို ကြည့်ရမည်လေ။ သူ့လယ်ယာခြံဝင်း၏ အရွယ်အစားက သေးလွန်းနေသည်။

အနည်းငယ်ကြီးမားသော လယ်ယာခြံဝင်းများဆိုလျှင် အနည်းဆုံး ဖန်လုံအိမ် ၅ လုံး သို့မဟုတ် ၆ လုံးခန့်ရှိပြီး သစ်သီးမျိုးစုံကို စိုက်ပျိုးထားတတ်ကြသည်။

တကယ်တမ်းတွင် ဖန်လုံအိမ်စိုက်ပျိုးရေးက အတော်လေး ခက်ခဲသည်။ ရင်းနှီးမြှုပ်နှံမှု မြင့်မားသလို စွန့်စားရမှုလည်းများပြီး အလုပ်လည်း ရှုပ်သည်။

ဤဒေသတွင် 'မြန်မြန်ဆင်းရဲချင်ရင် ဖန်လုံအိမ်မှာ ဟင်းသီးဟင်းရွက်စိုက်' ဟူသော စကားပုံတစ်ခုပင် ရှိသည်။

ကောင်းမွန်သော ဖန်လုံအိမ်တစ်ခုအတွက် ရင်းနှီးမြှုပ်နှံငွေက ယွမ်နှစ်သိန်းခန့် ကုန်ကျသည်။ ရွှီယန် ရင်းနှီးမြှုပ်နှံထားသော ဖန်လုံအိမ်အတွက်ကတော့ ယွမ်ခုနစ်သောင်း၊ ရှစ်သောင်းခန့်သာ ကုန်ကျထားသည်။ ဆောင်းတွင်းနှင်းကျချိန်တွင် ပြိုကျသွားမည်ကို စိုးရိမ်သဖြင့် သူက အနည်းငယ် ထပ်မံခိုင်ခံ့အောင် လုပ်ရန်ပင် စဉ်းစားနေသေး၏။

ထို့အပြင် အလုပ်လုပ်ရသည်မှာလည်း ရှိသေးသည်။ ဖန်လုံအိမ်ထဲတွင် အလုပ်လုပ်ရသည်မှာ နေပူပြီး ပူအိုက်ကာ စိုထိုင်းဆများသဖြင့် အဆစ်အမြစ်ရောင်ရောဂါ ရလွယ်သည်။

သို့သော်လည်း ဤမျှပင်ပန်းသည့်တိုင် လူအများအပြား လုပ်ကိုင်နေကြသည်မှာ ဖန်လုံအိမ်စိုက်ပျိုးရေးက တကယ်ကို ဝင်ငွေကောင်းသောကြောင့်ပင်။

ရွှီယန်က သူ့ဖန်လုံအိမ်ထဲရှိ ဘလူးဘယ်ရီသီးများကို ဈေးကွက်ပေါက်ဈေးအတိုင်း တွက်ကြည့်ရာ အားလုံးသာ အသီးထွက်လာပါက တစ်ဧကလျှင် ယွမ်တစ်သိန်းခွဲခန့် ရောင်းရနိုင်မည်ဟု ခန့်မှန်းထားသည်။

ဖန်လုံအိမ်က အလျား မီတာ ၁၀၀ နှင့် အနံ ၁၃ မီတာရှိပြီး အမြင့်ဆုံးနေရာတွင် ၇ မီတာရှိသည်။ ထိုအထဲရှိ စိုက်ပျိုးမြေဧရိယာက ၂ ဧကခန့် ရှိသည်။

တစ်နှစ်လျှင် ယွမ်သုံးသိန်းဖိုး ရောင်းရပြီး ကုန်ကျစရိတ် ယွမ်တစ်သိန်းကို နုတ်လိုက်ပါက အမြတ် ယွမ်နှစ်သိန်းခန့် ကျန်နိုင်မည်ဖြစ်သည်။

ဘလူးဘယ်ရီပင်များ ပုံမှန်အတိုင်း ကြီးထွားလာနိုင်မည်ဆိုပါကပေါ့။

ရွှီယန်က လက်ကားဈေးကွက်သို့ ရောက်သောအခါ သူ့ဆွေမျိုးကို ရှာလိုက်သည်။ သူက အရက်တစ်ပုလင်းနှင့် အသင့်စား ဟင်းလျာများ၊ အသုပ်များကို ယူလာခဲ့ပြီး အတူတူထိုင်ကာ ဈေးကွက်အခြေအနေအကြောင်း စကားစမြည် ပြောကြသည်။

"စတော်ဘယ်ရီက အဆင်မပြေဘူး စိုက်တဲ့လူတွေ အရမ်းများလွန်းတယ် ပြီးတော့ ဖန်လုံအိမ်တွေ အများကြီးကို တစ်စုတည်းပေါင်းပြီး စိုက်ခင်းကြီးတွေလုပ် ကြော်ငြာတွေလုပ်ပြီး လူတွေကို ကိုယ်တိုင်လာခူးခိုင်းကြတာလေ"

"စတော်ဘယ်ရီတင်မကဘူး နဂါးမောက်သီးတွေ ခရမ်းချဉ်သီးလေးတွေပါ ရှိသေးတာ"

"ဒီလိုမျိုးတွေက သီးသန့်လာခူးဖို့လုပ်ထားတဲ့ ဖန်လုံအိမ်တွေလေ အသေးစားဝယ်လက်တွေဆီကနေ ပိုက်ဆံရှာတာပေါ့ ရာသီချိန်ရောက်ရင်တော့ တော်တော်လေး စည်ကားတာပဲ"

"မင်းရဲ့ လယ်ယာခြံဝင်းလေးကို ကိုယ်တိုင်လုပ်မယ်ဆိုရင်တော့ ဒီလိုအတွေ့ရများတဲ့ အသီးတွေ မစိုက်ဖို့ အကြံပေးချင်တယ်"

"ဘလူးဘယ်ရီကတော့ တော်တော်လေးကောင်းတယ် မင်း ဈေးကွက်လမ်းကြောင်းလေးတွေ လိုက်ချိတ်ကြည့်ပေါ့ လမ်းကြောင်းကောင်းရင် ရောင်းရမှာပဲ ပုံမှန်ဝယ်လက်တွေ ရသွားရင်တော့ ပိုတောင်ကောင်းသေး"

"ဒါပေမဲ့ မင်းဆီက အထွက်နှုန်းက နည်းနည်း နည်းနေတော့ သစ်သီးပွဲရုံကြီးတွေက မျက်စိကျချင်မှ ကျမှာနော်"

ရွှီယန်၏ ဤဆွေမျိုးမှာ လျိုကျန့်ကော် ဟုခေါ်ပြီး အသက် ၄၀ ကျော်အရွယ် အဝေးဆွေမျိုးတစ်ဦး ဖြစ်သည်။ လျိုကျန့်ကော်က သစ်သီးလက်ကားရောင်းဝယ်ရေးကို အမြဲလုပ်ကိုင်လာခဲ့ရာ နှစ်ပေါင်းများစွာအတွင်း အလွန်ကြီးကျယ်အောင် မလုပ်နိုင်ခဲ့သော်လည်း အခြေအနေကတော့ တည်ငြိမ်သည်။ လုပ်ငန်းအတွေ့အကြုံများသဖြင့် အတွင်းရေးများကို သေချာပေါက် ပိုနားလည်ပေမည်။

"ကျွန်တော်လည်း လမ်းကြောင်းချိတ်ဖို့ စဉ်းစားထားပါတယ် အသီးမှည့်လာရင် နမူနာတချို့ယူပြီး လူသွားရှာရမှာပေါ့"

"အရောင်းအဝယ်အခြေအနေ ကောင်းမယ်ဆိုရင် ဒုတိယနှစ်ကျရင် ရင်းနှီးမြှုပ်နှံမှု ထပ်တိုးမယ်လေ"

"ကိုင်းကူးပြီး ပျိုးပင်ဖောက်ဖို့လည်း စဉ်းစားသေးတယ် ဖန်လုံအိမ်တစ်ခုထဲမှာ ပျိုးပင်သောင်းချီ ပျိုးပြီး အပြင်ကိုရောင်းမလို့လေ ဒါပေမဲ့ တကယ်တမ်းကျတော့ အဲဒီလောက်အထိ အင်အားမရှိဘူးဖြစ်နေတာ"

"စိုက်ခင်းကြီးလုပ်ဖို့တော့ မရည်ရွယ်ထားပါဘူး ကျွန်တော့်ခြံက အပိတ်လုပ်ထားတာ ဝင်ထွက်လည်ပတ်တဲ့ စီးပွားရေးမျိုး မလုပ်ဘူးလေ"

"ဘာစိုက်ရင် အမြတ်ပိုရမလဲဆိုတာလေးကိုပဲ နားလည်အောင် လေ့လာနေတာပါ"

ရွှီယန်က မြေပဲစေ့အနည်းငယ်ကို စားလိုက်ရင်း မေးလိုက်သည်။

"အခုက ဘာစိုက်စိုက် ဒီလိုပါပဲကွာ နှစ်တိုင်း ဖန်လုံအိမ်စိုက်ပျိုးရေး လုပ်တဲ့လူတွေ အများကြီးရှိပေမဲ့ အောင်မြင်တဲ့လူက လက်ချိုးရေလို့ရတယ်"

"မင်းက သေချာပေါက် အကျိုးအမြတ်ရချင်ရင်တော့ စတော်ဘယ်ရီနဲ့ နဂါးမောက်သီးကို စိုက်ပေါ့ ဒါပေမဲ့ အမြတ်နည်းတယ် ဈေးကောင်းမရဘူးလေ"

"ဒါမှမဟုတ်ရင်လည်း တောင်ကုန်းတစ်ခုကို ငှားပြီး ကိုင်းကူးတာတွေလုပ် ပန်းသီးတို့ သစ်တော်သီးတို့ စိုက်ပေါ့ အဲဒါတွေက အမြတ်အစွန်း မဆိုးဘူးကွ"

"ဖရဲသီးလည်း စိုက်လို့ရတယ် ရာသီဥတုပြောင်းပြန်ဖြစ်တဲ့ ဖရဲသီးလေ အချိန်ကိုသေချာကိုင်တွယ်ပြီး ဆောင်းတွင်းရောက်မှ ထုတ်ရောင်းမယ်ဆိုရင် အမြတ်က မဆိုးလှဘူး"

လျိုကျန့်ကော်က အရက်တစ်ငုံသောက်လိုက်ရင်း ရှင်းပြလိုက်သည်။

"ဦးလေး... ရှစ်ကျားသီးဆိုတာကိုရော ကြားဖူးလား"

ထိုစဉ် ရွှီယန်က တူကိုချလိုက်ပြီး လျိုကျန့်ကော်ဘက်သို့လှည့်ကာ မေးလိုက်သည်။

"ရှစ်ကျားသီး ဟုတ်လား ငါတို့ဘက်မှာတော့ တကယ်မရှိဘူးကွ"

"ဒါပေမဲ့ အဲဒီအသီးက တောင်ပိုင်းမှာတော့ တော်တော်လေး နာမည်ကြီးတယ်ထင်တယ် ငါတို့ဘက်က ဈေးကွက်အခြေအနေက ဘယ်လိုရှိလဲဆိုတာတော့ မသိဘူး"

လျိုကျန့်ကော်က ခဏမျှ စဉ်းစားလိုက်ပြီး ပြောလိုက်သည်။

ရှစ်ကျားသီး၏ မြန်မာအမည်မှာ သြဇာသီး ဖြစ်ပြီး ကွမ်ရှီးဒေသတွင် ယန်ပေါ်လော့ ဟုခေါ်ကာ ကွမ်တုန်းဘက်တွင်မူ လင်ချင် သို့မဟုတ် ဖန်းကွေလိကျီး ဟု ခေါ်ကြသည်။

မူလပေါက်ရောက်ရာဒေသမှာ မက္ကဆီကို၊ ကိုလံဘီယာစသည့် အပူပိုင်း အမေရိကဒေသများဖြစ်သည်။

နောက်ပိုင်းတွင် တရုတ်နိုင်ငံတွင်းသို့ တင်သွင်းလာခဲ့ပြီး ပြည်တွင်းရှိ ကျွန်းဒေသများ၊ ကွမ်တုန်းနှင့် ကွမ်ရှီးဒေသများ၊ ကျန်းဆူးနှင့် ကျဲ့ကျန်းဒေသများတွင် အများအပြား စိုက်ပျိုးလာကြသည်။

ဤသစ်သီးမှာ လိုင်ချီးသီးကဲ့သို့ပင် ချောမွတ်သော အရသာရှိပြီး အလွန်စားကောင်းသည်။

ရွှီယန်က ဖန်လုံအိမ်စိုက်ပျိုးရေး လုပ်မည်ဆိုကတည်းက ပထမဆုံး စဉ်းစားထားသည့်အရာမှာ တောင်ပိုင်းမှ သစ်သီးများကို မြောက်ပိုင်းတွင် စိုက်ပျိုးရန်ပင် ဖြစ်သည်။

ဆိုလိုသည်မှာ တောင်ပိုင်းမှ သစ်သီးများကို မြောက်ပိုင်းရှိ ဖန်လုံအိမ်ထဲတွင် စိုက်ပျိုးခြင်းဖြစ်သည်။ ထိုသို့ဆိုလျှင် ဈေးကြီးသော သယ်ယူပို့ဆောင်ရေးစရိတ်များကို သက်သာစေနိုင်မည်။

ရွှီယန်၏ နောက်ထပ် အဓိကပရောဂျက်အဖြစ် ရည်ရွယ်ထားသည်မှာ ရှစ်ကျားသီးပင် ဖြစ်သည်။

"ဒီလိုပဲ စပ်စုကြည့်တာပါ ဈေးကွက်မရှိလည်း ကိစ္စမရှိပါဘူး"

ရွှီယန်က ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။

လယ်ယာခြံဝင်း ဖွင့်လှစ်ရသည်မှာ တွေးထင်ထားသလောက် မရိုးရှင်းပေ။ ရွှီယန်ကလည်း ဦးနှောက်သုံးရသည်ကို နှစ်သက်သူဖြစ်သည်။ ဘာပဲလုပ်လုပ် အမြဲတမ်း ပိုတွေးပြီး ပိုစဉ်းစားတတ်သည်။

"မင်းက ငယ်ငယ်ကတည်းက ကိုယ်ပိုင်အကြံဉာဏ်ရှိတယ်လေ တခြားလူတွေ တားလို့လည်း မရပါဘူး ရှစ်ကျားသီးကသာ စိုက်လို့ထွက်လာရင် သေချာပေါက် အကျိုးအမြတ်ရှိမှာပဲ"

"ပြဿနာက မင်းရဲ့ ဖန်လုံအိမ်က စိုက်လို့ရမရ ဆိုတာပဲ"

"အဲဒီအကောင်က အပူပိုင်းက လာတာဆိုတော့ စိုက်ရတာ ဘယ်လွယ်ပါ့မလဲ"

လျိုကျန့်ကော်က စဉ်းစားလိုက်ပြီး အလေးအနက် ပြောလိုက်သည်။

ဖန်လုံအိမ်စိုက်ပျိုးရေးထဲတွင် အတတ်ပညာများစွာ ပါဝင်ပြီး သီးနှံအမျိုးအစားပေါ်မူတည်၍ စိုက်ပျိုးနည်းများလည်း ကွာခြားသည်။ ထို့အပြင် စွန့်စားရမှုလည်း ကြီးမားလှသည်။ အကယ်၍ သီးနှံများတွင် ရောဂါတစ်စုံတစ်ရာ ကျရောက်သွားပါက တစ်ခင်းလုံး ကူးစက်သွားတတ်ပြီး အရင်းပင် ပြုတ်သွားနိုင်သည်။

"တခြားလူတွေ မစိုက်နိုင်လို့ ကျွန်တော်က စိုက်နိုင်တယ်ဆိုမှ ပိုက်ဆံရနိုင်မှာပေါ့"

"ကျွန်တော် စမ်းကြည့်ပါဦးမယ်"

ရွှီယန်က ပေါ့ပေါ့ပါးပါးပင် တုံ့ပြန်လိုက်သည်။

ပါးစပ်ကသာ ဒီလိုပြောလိုက်သော်လည်း မျက်လုံးအစုံ၏ နက်ရှိုင်းသောနေရာတွင်မူ ပျောက်ကွယ်မသွားနိုင်သော အလေးအနက်ထားမှုများ ကိန်းအောင်းနေ၏။

တကယ်တမ်းတွင် သူက ဆုံးဖြတ်ချက်ချပြီးသားဖြစ်ကာ လျိုကျန့်ကော်ထံ လာရှာရခြင်းမှာ အခြားသစ်သီးများ၏ ဈေးကွက်အခြေအနေကို နားလည်ရန်သက်သက်သာ ဖြစ်သည်။

ထမင်းစားပြီးနောက် ရွှီယန်က လျိုကျန့်ကော်ကို နှုတ်ဆက်ကာ ဆိုင်ကယ်စီးပြီး ထွက်လာခဲ့သည်။ ကားမောင်းလျှင် အရက်မသောက်ရသလို အရက်သောက်လျှင်လည်း ကားမမောင်းရပေ။

ရွှီယန်မှာ မွန်းလွဲပိုင်းတွင် ကိစ္စရှိသေးသဖြင့် စောစောက အရက်မသောက်ခဲ့ဘဲ စကားသက်သက်သာ ပြောခဲ့ခြင်းဖြစ်သည်။ ဆွေမျိုးအရင်းအချာများဖြစ်သလို လျိုကျန့်ကော်ကလည်း ရွှီယန် အရက်မသောက်တတ်သည်ကို သိထားသဖြင့် ဘာမျှမခံစားရပေ။

ရွှီယန်က လယ်ယာခြံဝင်းဆီသို့ တောက်လျှောက် ပြန်လာခဲ့သည်။

လီဆန်းက ဖန်လုံအိမ်ထဲတွင် အလုပ်များနေ၏။

ယခုအချိန်က နေဝင်ချိန်ဖြစ်၍ ဖန်လုံအိမ်အတွင်းရှိ အပူချိန်မှာ အနည်းငယ် ကျဆင်းသွားပြီဖြစ်ရာ ဝင်ရောက်အလုပ်လုပ်ရန် အဆင်ပြေသည်။ နေ့လယ်ပိုင်းအချိန်များဆိုလျှင်တော့ ဖန်လုံအိမ်ထဲတွင် ပေါင်းအိုးကြီးတစ်လုံးလို ပူအိုက်နေတတ်ပြီး ဝင်သွားသည်နှင့် တစ်ကိုယ်လုံး ချွေးများ ရွှဲနစ်သွားကာ အလုပ်လုပ်ရန် လုံးဝ မဖြစ်နိုင်ပေ။

ရွှီယန်လည်း ဖန်လုံအိမ်ထဲဝင်ကာ ကူညီလုပ်ကိုင်ပေးလိုက်သည်။

သူတို့နှစ်ယောက်က ဘလူးဘယ်ရီပျိုးပင်များ၏ အခြေအနေကို စစ်ဆေးရင်း ပေါင်းပင်များကိုလည်း ရှင်းလင်းလိုက်ကြသည်။

ဖန်လုံအိမ်တစ်ခုလုံးတွင် ဘလူးဘယ်ရီပျိုးပင်များ အပြည့်ဖြစ်ရာ ပေါင်းတစ်ခါရှင်းရသည်မှာ အတော်လေး အချိန်ယူရသည်။ သို့သော် ဤအလုပ်များကို မလုပ်၍မရပေ။ ပေါင်းပင်များ ကြီးလာလျှင် နှုတ်ရပိုခက်သွားမည်ဖြစ်သည်။

ဘလူးဘယ်ရီပျိုးပင်များမှာ ညှိုးနွမ်းသည့် အခြေအနေမျိုး လုံးဝမရှိဘဲ ရှင်သန်ကြီးထွားနေကြသဖြင့် ရွှီယန်မှာ သက်ပြင်းချနိုင်သွားသည်။ ဖန်လုံအိမ်စိုက်ပျိုးရေး လုပ်ရာတွင် သီးနှံများ ရောဂါကျမည်ကို အကြောက်ဆုံးဖြစ်ပြီး ရောဂါကျသွားလျှင် ကုသရန် အခြေခံအားဖြင့် အလွန်ခက်ခဲသည်။

"မနက်ဖြန် ငါ တောင်ပေါ် တစ်ခေါက်တက်ရဦးမယ် အဲဒီအချိန်ကျရင် မင်းပဲ ခြံကိုစောင့်ပေးထား ပြီးတော့ ကြက်တွေ ဘဲတွေ ဘာတွေကို အစာလေး ကျွေးပေးထားဦးနော်"

ရွှီယန်က လီဆန်းကို မှာကြားလိုက်သည်။

"ရတယ် အစ်ကိုယန် စိတ်သာချထား ပြဿနာမရှိဘူး"

လီဆန်းက အမြန် သဘောတူလိုက်၏။

"ငါ နောက်ဘက်တောင်ပေါ်မှာ တောင်ပိုင်နတ်ကွန်းလေးတစ်ခု သွားဆောက်မလို့ ငါတို့ခြံက တောင်နဲ့ကပ်နေတာဆိုတော့ ဘေးကင်းအောင် ဆုတောင်းတဲ့သဘောပေါ့"

ရွှီယန်က စကားစလိုက်သည်။

သူ့လယ်ယာခြံဝင်း၏ အနောက်ဘက်တွင် တောင်ရှိပြီး တစ်ကီလိုမီတာခန့်သာ ကွာဝေးသည်။ ယေဘုယျအားဖြင့်ဆိုလျှင် လယ်ယာခြံဝင်းများကို ကျယ်ဝန်းသော မြေရိုင်းများတွင် တည်ဆောက်တတ်ကြပြီး အတော်လေး အေးချမ်းကြသည်။ အနောက်ဘက်တွင် တောင်ရှိနေပါက တောရိုင်းတိရစ္ဆာန်များ လယ်ယာခြံဝင်းထဲသို့ အလွယ်တကူ ဝင်ရောက်လာနိုင်သည်။

သို့သော် ဤနေရာက ရွာနှင့်နီးသလို မြေဆီလွှာလည်း အလွန်ကောင်းမွန်သည်။ ထို့အပြင် တောင်တစ်လုံးရှိနေသည်မှာ အတော်လေးကောင်းသည်ဟု ရွှီယန် ခံစားရသည်။ နောင်တွင် ချမ်းသာလာပါက ထိုတောင်ကိုပါ ငှားရမ်းပစ်လိုက်မည်လေ။

"အစ်ကိုယန် ဆောက်ပြီးသွားရင် ကျွန်တော် သွားကန်တော့လို့ ရမလား"

လီဆန်းက မေးလိုက်သည်။

"ငါက နတ်ကွန်းသေးသေးလေးတစ်ခု ဆောက်ရုံပါ ကိုယ်ပိုင်မှ မဟုတ်တာ ဘယ်သူမဆို သွားကန်တော့လို့ ရတာပေါ့"

"သွားချင်ရင် သွားလေ"

"အခု ခြံက စတင်တဲ့အဆင့်ပဲ ရှိသေးတာ အကယ်လို့ အထွက်နှုန်းလေး ဘာလေးကောင်းရင် နောက်နှစ်ကျရင် ငါ ရင်းနှီးမြှုပ်နှံမှု ထပ်တိုးပြီး ဖန်လုံအိမ် တချို့ ထပ်ဆောက်မယ်လေ"

"အဲဒီအချိန်ကျရင် လူထပ်ငှားရမှာပေါ့ မဟုတ်ရင် မင်းတစ်ယောက်တည်း နေရတာ တစ်ခါတလေကျရင် ကြောက်စရာ မကောင်းဘူးလား"

ရွှီယန်က ထပ်မေးလိုက်သည်။

လယ်ယာခြံဝင်းထဲတွင် တစ်ယောက်တည်း နေရသည်မှာ အနည်းငယ်တော့ ကြောက်စရာကောင်းသည်။ သတ္တိနည်းသူများဆိုလျှင် ဤနေရာတွင် တစ်ယောက်တည်းနေရန် သေချာပေါက် ရဲမည်မဟုတ်ပေ။ သို့သော် ရွာသူရွာသားများကတော့ သတ္တိကောင်းသဖြင့် ဤအရာများကို မကြောက်ကြချေ။

"ဒါတွေက ကိစ္စမရှိပါဘူး အစ်ကိုယန် ကျွန်တော့်အတွက် ဘာပြဿနာမှ မရှိဘူး"

"ကျွန်တော်က တစ်ယောက်တည်းနေရတာ အသားကျနေပြီလေ ကိုယ့်ဘာသာကိုယ် အလုပ်လေးလုပ် ဝက်လေးတွေ ဘာလေးတွေ အစာကျွေးရတာ ပိုတောင်ကောင်းသေးတယ် အေးချမ်းတာပေါ့"

လီဆန်းက အမြန်ပြောလိုက်သည်။

"အေးပါ ဘာကိစ္စရှိရှိ ပြောနော်"

"ဒီနေ့တော့ ပင်ပန်းသွားပြီ ပေါင်းနှုတ်ရတာလည်း မသက်သာဘူးဆိုတော့ စောစောနားလိုက်တော့"

ရွှီယန်က ဖန်လုံအိမ်ထဲမှ ထွက်လာပြီး ခေါင်းပေါ်ရှိ ချွေးများကို သုတ်လိုက်သည်။

ထို့နောက် ရှောင်ဟေးနှင့် ယွမ်ပေါင်ကို ခေါ်ကာ လယ်ယာခြံဝင်းထဲတွင် ခဏမျှ လမ်းလျှောက်ထွက်လိုက်၏။

တစ်နေ့တာက ဤနေရာတွင် ပြီးဆုံးသွားတော့သည်။

All Chapters