← Chapters

အခန်း ၇၇

Vol. 8 Ch. 77

အခန်း ၇၇

Vol. 8 Ch. 77

အခန်း (၇၇) ချီလင်းကြောင်တစ်ကောင်ရှိတယ်... သူ့နာမည်က ဆန်းဗျောင်းတဲ့

တောရွာတွေမှာ ချီလင်းကြောင်တွေကတော့ အတော်လေးပေါလှသည်။ အိမ်တိုင်းလိုလိုမှာ ရှိကြပြီး အများစုက လွှတ်ကျောင်းထားကြခြင်း ဖြစ်သည်။

အများစုမှာ အမည်းရောင် ချီလင်းကြောင်များ ဖြစ်ကြသည်။ ထိုကြောင်မျိုးက သတ္တိကောင်းပြီး မွေးမြူရ လွယ်ကူသလို ခန္ဓာကိုယ်ကလည်း အလွန်တောင့်တင်းကြံ့ခိုင်လှသည်။

မျိုးကောင်းမျိုးသန့် ကြောင်များကတော့ တောင်ပေါ်ဒေသတွင် မွေးမြူရန် အတော်လေး ခက်ခဲသည်။ အိမ်ထဲတွင်သာ အမြဲမွေးထားလျှင်တော့ အန္တရာယ် သိပ်မရှိဘဲ အဆင်ပြေနိုင်သော်လည်း အပြင်လွှတ်ထားမည်ဆိုပါက ရောဂါရရန် အလွန်လွယ်ကူသည်။

တောရွာလေးထဲတွင် ကြောင်ခေါင်းဆောင်များ ရှိတတ်ကြသည်။ ဤမျှကြီးမားသော ရွာကြီးထဲတွင် အလွန်စွမ်းသည့် ချီလင်းကြောင် အနည်းငယ်တော့ ရှိစမြဲပင်။ ထိုကြောင်များ ထွက်လာသည်နှင့် အခြားကြောင်များက ဖယ်ရှောင်ပေးကြရသည်။ ကြောင်ဆိုသည်မှာ အလွန်ဉာဏ်ကောင်းသော တိရစ္ဆာန်မျိုး ဖြစ်သည်။

ရွှီယန်က အိမ်ရှိ ဆိုင်ထဲမှ ဝက်အူချောင်း အနည်းငယ်ကို ယူလာခဲ့ပြီး ရွာထဲရှိ လမ်းပေါ်သို့ ရောက်လာခဲ့သည်။ ဤဝက်အူချောင်းများမှာ သူပြင်ဆင်လာခဲ့သော လစာ များပင် ဖြစ်သည်။

မြို့ပြရှိ လူနေရပ်ကွက်အချို့တွင် အိမ်မွေးကြောင် ပျောက်သွားပြီး ဘယ်ရောက်သွားမှန်း မသိတော့လျှင် ပိုင်ရှင်ဖြစ်သူက ရပ်ကွက်ထဲရှိ လမ်းဘေးကြောင်များကို အစာကျွေးလေ့ရှိသည်။ ထို့နောက် ၎င်းတို့၏ အိမ်မွေးကြောင် ဓာတ်ပုံကိုပါ ထိုလမ်းဘေးကြောင်များကို ပြသကြသေး၏။

“ဒါငါ့ကြောင်လေး... အိမ်မပြန်လာတော့လို့... ကူရှာပေးလို့ရမလား”

အချို့လူများက လမ်းဘေးကြောင်များကို အကူအညီတောင်းမိသည်မှာ အံကိုက်ဖြစ်သွားပြီး နောက်တစ်နေ့တွင် သူတို့၏ အိမ်မွေးကြောင်လေး အိမ်ပြန်ရောက်လာတတ်သည်။ သို့သော် ပြန်ရောက်လာချိန်တွင်တော့ မျက်နှာငယ်လေးများနှင့် ဖြစ်နေတတ်ပြီး အရိုက်ခံရကာ အိမ်ပြန်အမောင်းခံလိုက်ရမှန်း သိသာလှသည်။

လမ်းဘေးကြောင်များက အတော်လေး ဉာဏ်ကောင်းကြသည်။ ကြောင်စာစားပြီးသည်နှင့် အလုပ်ကူလုပ်ပေးကြ၏။

ရွှီယန်၏ အကြံအစည်မှာ အရင်ဆုံး အစွမ်းထက်သည့် ကြောင်ဝန်ထမ်း နှစ်ကောင်ခန့်ကို ရှာဖွေရန် ဖြစ်သည်။ လမ်းဘေးချီလင်းကြောင်မျိုး ဖြစ်ရမည့်အပြင် ကြောင်ဘုရင်အဆင့်လည်း ဖြစ်ရဦးမည်။ ထိုသို့သော ကြောင်မျိုးကို ရွှီယန်က တကယ်ပင် နှစ်ကောင်ခန့် သိထားသည်။

သူက လမ်းပေါ်တွင် လမ်းလျှောက်နေလိုက်သည်။ ခဏအကြာတွင် ရွာထဲရှိ ရွာကော်မတီရုံးနားသို့ ရောက်လာခဲ့သည်။

ရွာကော်မတီရုံးရှေ့တွင် ခြံဝင်းတစ်ခုရှိပြီး ၎င်းရှေ့၌ ကျယ်ဝန်းသော မြေကွက်လပ်တစ်ခုနှင့် ပိတ်ထားသော သက်ကြီးရွယ်အိုများ အပန်းဖြေစင်တာတစ်ခု ရှိသည်။ ယေဘုယျအားဖြင့် မွန်းလွဲပိုင်း အေးချမ်းချိန်ရောက်လျှင် ဤနေရာတွင် သက်ကြီးရွယ်အိုများ စုဝေးကာ စကားစမြည် ပြောဆိုလေ့ရှိကြသည်။ ဘဝ၏ နောက်ဆုံးအချိန်များကို အတူတကွ ဖြတ်သန်းကြခြင်းဖြစ်သည်။ သာမန်အချိန်များတွင်တော့ လူသူ သိပ်မရှိလှပေ။

သို့သော် ဤနေရာတွင် ကြောင်များ အတော်လေး များပြားသည်။ ဤနေရာ၌ အလွန်စွမ်းပြီး အလွန်ခန့်ညားသော ချီလင်းကြောင်တစ်ကောင် ရှိသည်ကို ရွှီယန် မှတ်မိနေသည်။ ချစ်စရာကောင်းသော ကြောင်မျက်နှာလေး ရှိသော်လည်း မျက်လုံးများကတော့ အလွန်ရက်စက်ကြမ်းကြုတ်ပုံပေါ်ပြီး လူသတ်ချင်စိတ်များ ကိန်းအောင်းနေသကဲ့သို့ပင်။ သာမန်ကြောင်များက သူ့ကို မစရဲကြချေ။

ယခင်က ကြောင်တစ်ကောင်က သူ့ကို လာရောက်စိန်ခေါ်ဖူးရာ ဤချီလင်းကြောင်က တစ်ဖက်ကြောင်၏ ခေါင်းကို သူ့ခေါင်းနှင့် တိုက်ရိုက်တေ့ထားပြီး မျက်လုံးများဖြင့် စူးစူးရဲရဲ စိုက်ကြည့်နေခဲ့သည်။

ကြည့်ရသည်မှာ...

‘ငါ့ကို တည့်တည့်ကြည့်စမ်း... အကောင်ပလောင်လေး’

ဟု ပြောနေသကဲ့သို့ပင်။

တစ်ဖက်ကြောင်မှာ လန့်လွန်း၍ ခန္ဓာကိုယ်ပင် ကိုင်းညွတ်သွားပြီး ပါးနှစ်ချက် အချခံလိုက်ရပြီးနောက် လှည့်ပြေးတော့ရာ မီတာပေါင်းများစွာ အဝေးအထိ လိုက်လံနှင်ထုတ်ခံခဲ့ရသည်။ ရွှီယန်က ဤချီလင်းကြောင်ကို ဆန်းဗျောင်း ဟု နာမည်ပေးထားသည်။

သူများအိမ်က အိမ်မွေးကြောင်များက အိမ်ထဲတွင် မီမီ ဟု ခေါ်ပြီး အပြင်ထွက်လျှင်တော့ ဆန်းဗျောင်း ဟု ခေါ်ကြသည်။ ဤချီလင်းကြောင်ကတော့ တကယ့်ကို အစစ်အမှန် ဆန်းဗျောင်း ပင် ဖြစ်သည်။ တကယ့် ဆန်းဗျောင်း အစစ်ကြီးပင်။

ဒီနေ့ သူ ဒီနေရာသို့ လာရခြင်းမှာ ဆန်းဗျောင်းကို လယ်ယာခြံဝင်းဆီသို့ ဖိတ်ခေါ်၍ ရမရ စမ်းကြည့်ချင်၍ဖြစ်သည်။ အနည်းဆုံးတော့ တစ်ခါတစ်ရံ လယ်ယာခြံဝင်းဆီသို့ လာလည်လျှင်တောင် ရပြီဖြစ်သည်။ ရွှီယန်က မြေကွက်လပ်လေးဆီသို့ ရောက်လာပြီး ဆန်းဗျောင်း၏ အရိပ်အယောင်ကို ရှာဖွေလိုက်သည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် ဆန်းဗျောင်းက နံရံဘေးမှနေ၍ ဖြည်းညင်းသော ခြေလှမ်းများဖြင့် ထွက်ပေါ်လာသည်။ မိမိ၏ ပိုင်နက်ကို လှည့်လည်ကြည့်ရှုနေသကဲ့သို့ အလွန်တည်ငြိမ်နေ၏။ ချီလင်းကြောင်များက ရန်ဖြစ်ရသည်ကို ဝါသနာပါကြပြီး တောကြောင်များထဲတွင် အမည်းရောင် ချီလင်းကြောင်နှင့် အဝါရောင် ချီလင်းကြောင်များက ရန်အဖြစ်ဆုံးဖြစ်သည်။ အမည်းရောင်က ယေဘုယျအားဖြင့် ပို၍ စွမ်းကြသည်။

လျှောက်လာသော ဆန်းဗျောင်းကို ကြည့်ရင်း ရွှီယန်က ဝက်အူချောင်းကို ချက်ချင်းထုတ်ကာ အခွံကို ခွာလိုက်သည်။

“ဆန်းဗျောင်း”

“ဆန်းဗျောင်း”

ရွှီယန်က ချီလင်းကြောင်ရှိရာဘက်သို့ လှမ်းခေါ်လိုက်သည်။

ကြောင်လေးက အခေါ်အဝေါ်ကို ကြားလိုက်ရသဖြင့် ရွှီယန်ရှိရာဘက်သို့ လှမ်းကြည့်လာသည်။ ရွှီယန်က သူ့ကို ကြည့်နေပြီး လက်ထဲတွင်လည်း ဝက်အူချောင်းကို လှုပ်ယမ်းပြနေသည်ကို မြင်လိုက်ရသောအခါ ချီလင်းကြောင်က ချက်ချင်းပင် ခြေလှမ်းများကို ခပ်သွက်သွက်လှမ်းကာ မြောင် မြောင် ဟု အော်ရင်း ပြေးလာတော့သည်။

လမ်းဘေးကြောင်များကို အစာကျွေးရာတွင် ဘေးကင်းရေးကို သတိထားရမည်။ ယခင်က လူတစ်ယောက် လမ်းဘေးကြောင်ကို အစာကျွေးရာတွင် လက်ထဲ၌ ဝက်အူချောင်းကို ကိုင်ထားပြီး အနည်းငယ်ချိုး၍ ကျွေးလိုက်သည်နှင့် နောက်တစ်စက္ကန့်တွင် လမ်းဘေးကြောင်က အင်္ကျီပေါ်သို့ တိုက်ရိုက် တွယ်တက်လာခဲ့သည်။ ထို့အပြင် အစာကျွေးသူ၏ လက်ကိုပင် ကုတ်ခြစ်မိသွားနိုင်သေးသည်။

ဤအကောင်များက ဆာလောင်နေသည်မှာ ကြာပြီဖြစ်သလို အမဲလိုက်စွမ်းရည်လည်း မြင့်မားကာ အရိုင်းစိတ်များ ပြည့်နှက်နေတတ်သည်။ လမ်းဘေးခွေးများနှင့် မတူပေ။ ခွေးများက ယေဘုယျအားဖြင့် အတိုင်းအတာကို သိကြပြီး တိတ်ဆိတ်စွာ စောင့်ဆိုင်းနေတတ်သဖြင့် အစာကျွေးရာတွင် အနည်းငယ် နှေးကွေး၍ ရသည်။

ရွှီယန်က ဝက်အူချောင်း၏ အဖျားပိုင်းကို ကိုင်ထားပြီး လှမ်းပေးလိုက်သည်။ ချီလင်းကြောင်က ပါးစပ်ဟကာ ဝက်အူချောင်းကို အမြန်ကိုက်ဖြတ် စားသောက်တော့သည်။ အလွန်စားကောင်းနေပုံရ၏။ အဓိကအားဖြင့် ဝက်အူချောင်းက အနံ့မွှေးပြီး အရသာကောင်းမွန်သဖြင့် ကြောင်များ အကြိုက်ဆုံး အစားအစာပင် ဖြစ်သည်။

ဤချီလင်းကြောင်ကတော့ အတော်လေး အတိုင်းအတာ သိပုံရသည်။ ဝက်အူချောင်းစားနေစဉ် ရွှီယန်ကို ကြည့်နေပြီး အလွန်အကျွံ လှုပ်ရှားမှုများ မရှိချေ။ ဤသည်မှာလည်း အတော်လေး ဉာဏ်ကောင်းသော ကြောင်တစ်ကောင်ဖြစ်ကြောင်း သက်သေပြနေသည်။

“ဆန်းဗျောင်း... ဒါက အစောင့်ခပေးတာကွ”

“ငါ ခြံတစ်ခုဖွင့်ထားတယ်... အဲဒီမှာ ကြွက်တွေ ထွက်လာနေပြီ... မင်း လာလည်လှည့်ပါဦးကွာ”

“ငါ့ကို ကြွက်လေး ဘာလေး ကူဖမ်းပေးပေါ့”

ရွှီယန်က ချီလင်းကြောင်ကို အစာကျွေးရင်း ပြောလိုက်သည်။

ကြောင်လေး နားလည်မလည်ကိုတော့ သူ မသိပေ။ သို့သော် ချီလင်းကြောင်များက အတော်လေး အစွမ်းထက်ကြသည်။ ချီလင်းကြောင်က ရွှီယန်၏ စကားကို နားထောင်ရင်း ဝက်အူချောင်းကို တစ်လုတ်ပြီးတစ်လုတ် မျိုချနေ၏။ ရွှီယန်က နောက်ဆုံးအကျန် အခွံကိုပါ ခွာလိုက်ပြီး ဝက်အူချောင်း တစ်ခုလုံးကို ကျွေးလိုက်သည်။ ထို့နောက် ဒုတိယမြောက် တစ်ချောင်းကို ထုတ်ကာ အခွံခွာပြီး ထပ်ပေးလိုက်သည်။ လူမိုက်ငှားရာတွင်လည်း စေတနာပါမှ ရမည်မဟုတ်ပါလား။

“အဆင်ပြေမယ်ဆိုရင်... မင်းရဲ့ တပည့်လေးတွေကိုပါ ခေါ်လာခဲ့လို့ရတယ်နော်”

“ကြွက်တွေအပြင်... တောင်ပေါ်မှာ နှင်းခွေးတွေလည်း ရှိသေးတာကွ”

“မင်းပဲ စောင့်ကြည့်ပေးဖို့ အားကိုးရတော့မယ်”

ရွှီယန်က ထပ်ပြောလိုက်သည်။

ကြောင်များကို နှင်းခွေးများ၏ မွေးရာပါ ရန်သူဟု သတ်မှတ်၍ရပြီး ကြောင်သတ်၍ သေသွားသော နှင်းခွေး အရေအတွက်မှာလည်း မနည်းလှပေ။ သို့သော် အခြေအနေ အများစုတွင်တော့ ကြောင်များက ၎င်းတို့ကို ဂရုစိုက်ရန် ပျင်းရိတတ်ကြသည်။ ဘာပဲဖြစ်ဖြစ် ကြောင်များအတွက်တော့ နှင်းခွေးများက ကြွက်များလောက် စား၍ မကောင်းချေ။

ချီလင်းကြောင်က ဒုတိယမြောက် ဝက်အူချောင်းကို စားပြီးသွားသောအခါ ခေါင်းမော့၍ ရွှီယန်ကို ကြည့်လိုက်သည်။ ပုံစံလေးက အတော်လေး ကြည့်ကောင်းနေ၏။ ချီလင်းကြောင်များ၏ ရုပ်ရည်က အလွန်ချောမောပြီး အထူးသဖြင့် ဤတစ်ကောင်က ခန္ဓာကိုယ် ပိုမိုတောင့်တင်းကာ ခေါင်းကလည်း ကြီးမားဝိုင်းစက်နေသည်။ မျက်လုံးများကသာ အနည်းငယ် စူးရှနေခြင်းဖြစ်သည်။ ကြောင်များ၏ အမြင်တွင်တော့ ချီလင်းကြောင်များမှာ သေချာပေါက် နတ်သားလေးများပင် ဖြစ်သည်။

သူက ရွှီယန်၏ လက်ထဲတွင် အခြားဝက်အူချောင်း မရှိတော့သည်ကို မြင်လိုက်ရသောအခါ အမြီးကိုထောင်ကာ ဖြည်းညင်းစွာ ထွက်ခွာသွားတော့သည်။ နားလည်သွားသလား ဆိုသည်ကိုတော့ မသိရပေ။ သို့သော် ချီလင်းကြောင်များက အမြဲတမ်း မိမိလုပ်ချင်ရာလုပ်တတ်သော သဘာဝရှိသည်။

ရွာထဲတွင် လူအတော်များများက ကြောင်မွေးထားကြပြီး အားလုံးက လွှတ်ကျောင်းထားကြခြင်း ဖြစ်သည်။ ဤအကောင်များက အတော်လေး ပါးနပ်ကြပြီး သာမန်အချိန်များတွင် ဘယ်ရောက်နေမှန်း မသိရသော်လည်း ထမင်းစားချိန်ရောက်သည်နှင့် ပြန်ရောက်လာတတ်ကြသည်။ ညဘက်ဆိုလျှင် အိမ်ပြန်လာအိပ်ပြီး မနက် ၅ နာရီ ၆ နာရီလောက်ဆိုလျှင် အပြင်ထွက်ဆော့ကြတော့သည်။ တစ်ခါတစ်ရံ ပြန်ရောက်လာချိန်တွင် တစ်ကိုယ်လုံး ဒဏ်ရာများချည်း ဖြစ်နေတတ်သည်။ လူများကလည်း ဤသည်ကို အသားကျနေပြီဖြစ်သည်။ ရွာထဲရှိ ကြောင်များက ထိုသို့ချည်းသာ ဖြစ်သည်။

တစ်ခါတစ်ရံ ပွဲတော်ရက်များတွင် မြို့ပေါ်မှ လူငယ်များ ပြန်လာကြလျှင် သူတို့မွေးထားသော အိမ်မွေးကြောင်များကိုပါ ခေါ်လာတတ်ကြသည်။ ထိုအခါ တောရွာရှိ ကြောင်များက ဤအိမ်မွေးကြောင်များကို လာရောက် ဝိုင်းအုံကြည့်ရှုတတ်ကြ၏။ ဤအိမ်မွေးကြောင်များက သားဆက်ခြားထားပြီးဖြစ်သလို အမွေးအမျှင်များကလည်း အလွန်သန့်ရှင်းနေကာ အဝတ်အစားလေးများပင် ဝတ်ဆင်ထားသေးသည်။

တောကြောင်များက တစ်ဖက်ကြောင်မှာ မိန်းမလျာ ဖြစ်နေမှန်း သိလိုက်ရသောအခါ နားမလည်နိုင်သည့် မျက်နှာပေးမျိုးဖြင့်...

‘မြို့ကြောင်တွေ သန့်ရှင်းတယ်ဆိုတာ ငါသိပါတယ်... ဒါပေမဲ့ ဒီလောက်ကြီး သန့်ရှင်းနေလိမ့်မယ်လို့ မထင်ထားဘူး’

ရွှီယန်က ချီလင်းကြောင်ကို အစာကျွေးပြီးသည်နှင့် ထွက်လာခဲ့သည်။ လမ်းတွင် သူက နောက်ထပ် ကြောင်နှစ်ကောင်ကိုပါ အစာကျွေးလိုက်သေးပြီး သူ့လယ်ယာခြံဝင်းဆီ လာလည်ရန်နှင့် ကြွက်လာဖမ်းပေးရန် စသည့် စကားများကိုပါ ပြောခဲ့သေး၏။

ရွှီယန် မသိလိုက်သည်မှာ သူ ထွက်သွားပြီးနောက် ထိုကြောင်နှစ်ကောင်လုံး ဆန်းဗျောင်း၏ ရိုက်နှက်ခြင်းကို ခံလိုက်ရခြင်းပင်။ ထိုမျှမက အနောက်မှ လိုက်လံရိုက်နှက်ခဲ့ရာ မြေကြီးပေါ် လှဲကျကာ အရှုံးပေးလိုက်မှသာ လွှတ်ပေးတော့သည်။

ထိုအဓိပ္ပာယ်က...

‘မင်းတို့က ဘယ်အဆင့်မို့လို့... ငါနဲ့ တူတူ ဝက်အူချောင်း လာစားရတာလဲ’

ညဘက်တွင် ရွှီယန်က လယ်ယာခြံဝင်းထဲ၌ အနားယူနေသည်။ တစ်နေ့လုံး အလုပ်များခဲ့ရပြန်သည်။ ထိုစဉ် ရုတ်တရက် အလောတကြီး အော်နေသော ကြောင်အော်သံများကို သူ ကြားလိုက်ရ၏။

“မြောင်... မြောင်... မြောင်...”

ရွှီယန်က အသံကို ကြားလိုက်ရသဖြင့် အသံလာရာဘက်သို့ ချက်ချင်း လျှောက်သွားလိုက်သည်။ ရည်ရွယ်ထားသောနေရာသို့ ရောက်သွားချိန်တွင်မှ ဆန်းဗျောင်းက ဘယ်အချိန်ကတည်းက လယ်ယာခြံဝင်းဆီသို့ ရောက်နေမှန်း မသိရဘဲ ပါးစပ်ထဲတွင်လည်း မီးခိုးရောင် ကြွက်တစ်ကောင်ကို ကိုက်ချီထားသည်ကို မြင်လိုက်ရသည်။

ကြောင်အချို့က ကြွက်ဖမ်းမိလျှင် ပိုင်ရှင်ကို ကြွားလုံးထုတ်ရသည်ကို နှစ်သက်ကြပြီး ပိုင်ရှင် မြင်ပြီးမှသာ စားတတ်ကြသည်။ ဘာပဲဖြစ်ဖြစ် အလုပ်လုပ်တာကို သူဌေးမှ မမြင်ရင် အလကား လုပ်ရသလို ဖြစ်နေမှာပေါ့။

“ဆန်းဗျောင်း... မင်း တကယ် ရောက်လာတာပဲကိုး”

“တော်လှချည်လားကွ”

ရွှီယန်က အံ့သြဝမ်းသာစွာဖြင့် ချီးကျူးလိုက်သည်။

ထိုစကားကို ကြားသော်လည်း ဆန်းဗျောင်းက တည်ငြိမ်နေဆဲ မျက်နှာပေးမျိုးသာ ဖြစ်သည်။ ထို့နောက် ၎င်းက ကြွက်ကို ကိုက်ချီထားရင်း လေညင်းခံထွက်သကဲ့သို့ ဖြည်းညင်းစွာ ထွက်ခွာသွားတော့သည်။

သို့သော် အမြီးကတော့ အမြင့်ကြီး ထောင်နေပြီး ဖြည်းညင်းစွာ ယိမ်းခါနေသေး၏။ ချီးကျူးခံလိုက်ရသဖြင့် သူ အတော်လေး သဘောကျသွားမှန်း သိသာလှပေသည်။

All Chapters