အခန်း ၇၈
Vol. 8 Ch. 78
အခန်း (၇၈) တောဝက်မြင်းစီးသူရဲကောင်း... ကောက်ရိုးဦးထုပ်ကောင်လေး... တောရွာက လမ်းသရဲ... လယ်ယာခြံဝင်းပိုင်ရှင်
'အကောင်းဆုံးနည်းလမ်းကတော့ ပုံမှန်မဲဖောက်တာကနေ သီးနှံမျိုးစေ့ရဖို့ပဲ'
'ဒီလိုဆိုရင် ငါ ရှစ်ကျားသီးကို ရွေးပြီး စိုက်လို့ရပြီ'
'ငါ ခြံဖွင့်ရတာ တခြားလူတွေထက် အသာစီးရဆုံးအချက်က စနစ်ရှိနေတာပဲ'
'စနစ်ကပေးတဲ့ မျိုးစေ့တွေက ပုံမှန်မျိုးစေ့တွေထက် ပိုကောင်းပြီး အပင်ပေါက်နှုန်းလည်း ပိုများတယ်လေ'
ရွှီယန်က ရှစ်ကျားသီးကို ဘယ်လိုစိုက်ရမလဲဆိုတာကို စိတ်ထဲမှာ တွက်ချက်နေသည်။
ယခုအခါ ဖန်လုံအိမ်စိုက်ပျိုးရေး ပြိုင်ဆိုင်မှုက အလွန်ပြင်းထန်လှသည်။ စွန့်စားရမှုများပြီး ရင်းနှီးမြှုပ်နှံမှု မြင့်မားသကဲ့သို့ အကျိုးအမြတ်ကလည်း မြင့်မားလှသည်။
အကယ်၍သာ အောင်မြင်သွားပါက ဖန်လုံအိမ်တစ်ခုမှ ယွမ်နှစ်သိန်းခန့် အမြတ်ရရန်မှာ မခက်ခဲလှပေ။ သို့သော် ဤဒေသတွင် မြေယာများစွာရှိပြီး စိုက်ပျိုးသူများလည်း မရေမတွက်နိုင်အောင် ရှိနေကာ စိုက်ပျိုးရေးအမြတ်အစွန်းမှာ ယေဘုယျအားဖြင့် မမြင့်မားလှသဖြင့် ထူးချွန်ပေါက်မြောက်ရန်မှာ အနည်းငယ်တော့ ခက်ခဲနေသေးသည်။
ရွှီယန်က သူ့ကိုယ်ပိုင် အားသာချက်များကို စဉ်းစားနေ၏။ သူ့တွင် အဆက်အသွယ်မရှိသလို ဈေးကွက်လည်း မရှိပေ။ လက်ရှိ အကြီးမားဆုံး အားသာချက်မှာ စနစ်မှပေးသော မျိုးစေ့ကောင်းများပင် ဖြစ်သည်။ ထို့ကြောင့် မဲဖောက်နိုင်ရန် နည်းလမ်းရှာရမည် ဖြစ်သည်။
'ဟိုတစ်ခေါက်က ဘလူးဘယ်ရီ မျိုးစေ့ကို ပုံမှန်မဲဖောက်တာကနေ ရခဲ့တာ'
'အခု ငါ့မှာ ကျော်ကြားမှုရမှတ် သုံးသောင်းရှိနေပြီ... တစ်သိန်းအထိ စုပြီး ဆယ်ခါဆက်တိုက် မဲဖောက်လိုက်ရင် အခွင့်အရေး ပိုများနိုင်တယ်'
'ရှစ်ကျားသီး စိုက်ဖို့ကလည်း အခုလောလောဆယ် သိပ်မလောသေးပါဘူးလေ'
ရွှီယန် တွက်ဆနေမိသည်။
လိုက်ဖ်လွှင့်ရမည်သာ ဖြစ်သည်။ လက်ရှိတွင် ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို သုံးကြိမ်အထိ စုဆောင်းထားနိုင်ပြီဖြစ်ရာ တောင်ပေါ်တက်ရန် လောစရာမလိုသေးပေ။ သို့သော် မကြာသေးမီက ရွာသူရွာသားများမှာ အတော်လေး စိတ်အားထက်သန်နေကြပြီး နေ့တိုင်းလိုလို တောင်ပေါ်သို့ပြေးကာ တောင်ထွက်ပစ္စည်းများ သွားရှာနေကြသည်။ ပစ္စည်းကောင်းအချို့လည်း ရှာတွေ့နိုင်သေးသည်။
'နောက်တစ်ခါကျရင် တောနက်ထဲကို နည်းနည်းထပ်ဝင်ရမယ်... တောင်ပေါ်မှာ နှစ်ရက်လောက်နေပြီး ကျော်ကြားမှုရမှတ်တွေ တစ်ခါတည်း အများကြီး ရှာလိုက်မယ်'
ရွှီယန် ဆုံးဖြတ်ချက်ချလိုက်သည်။
ယခုအချိန်မှာ မနက်ခင်းဖြစ်ပြီး နေရောင်ခြည်က တောက်ပနေ၏။
ခြံဝင်းထဲတွင် ချီလင်းကြောင်က မြက်ခင်းပေါ်၌ အေးအေးဆေးဆေး လှဲလျောင်းနေသည်။ ရှောင်ဟေးက ၎င်းကိုမြင်သောအခါ သွားနှုတ်ဆက်ချင်သော်လည်း မရဲသဖြင့် ချီလင်းကြောင်ဘေးတွင် ခေါင်းတယိမ်းယိမ်းနှင့် လှည့်ပတ်သွားလာနေသည်။
ချီလင်းကြောင်က ခေါင်းမော့၍ ရှောင်ဟေးကို တစ်ချက် ကြည့်လိုက်၏။ ၎င်း၏ မျက်လုံးများထဲတွင် သံသယအချို့ ဖြစ်ပေါ်လာပြီး 'ဒီကောင်လေး တစ်ခုခု ရူးနေတာလား... အနားများ ကပ်လာရဲရင်တော့ ပါးနှစ်ချက် အချခံရမယ်မှတ်' ဟု တွေးနေပုံရသည်။
ဤသည်မှာလည်း ခွေးနှင့် ကြောင်တို့၏ ခန္ဓာကိုယ်အမူအရာ ကွာခြားချက်ပင် ဖြစ်သည်။ ခွေးများက ခေါင်းယိမ်းပြီး ဖင်လှုပ်ခြင်းမှာ သူငယ်ချင်းဖွဲ့ခြင်းဟု ထင်မှတ်ကြသော်လည်း ကြောင်များကမူ အမဲလိုက်ရန် ခုန်မအုပ်မီအချိန်လေးတွင်သာ ခေါင်းယိမ်းပြီး ဖင်လှုပ်လေ့ရှိကာ သာမန်အချိန်များတွင် ထိုသို့မလုပ်တတ်ကြပေ။
ချီလင်းကြောင်၏ အရှိန်အဝါက ကြီးမားနေဆဲဖြစ်ရာ ရှောင်ဟေးက အနားမကပ်ရဲချေ။ မာလီနွိုက်ခွေးကတော့ ဘေးမှသာ ရပ်ကြည့်နေသည်။
ယမန်နေ့ညက ရွှီယန် ချီလင်းကြောင်ကို အစာကျွေးခဲ့သည်ကို ခွေးလေးနှစ်ကောင်လုံး မြင်တွေ့ခဲ့ရရာ ဤချီလင်းကြောင်မှာ လယ်ယာခြံဝင်း၏ အဖွဲ့ဝင်ဖြစ်ကြောင်း လက်ခံထားကြသည်။ ထို့ကြောင့် မာလီနွိုက်ခွေးက ၎င်းကို မောင်းထုတ်မည် မဟုတ်ပေ။
ချီလင်းကြောင်ကလည်း ဤလယ်ယာခြံဝင်းမှာ မဆိုးလှကြောင်း ပတ်ဝန်းကျင်လည်းကောင်းမွန်သလို ကြွက်များကလည်း အရွယ်အစားမကြီးဘဲ စားရသည်မှာ နူးညံ့သည်ဟု ခံစားရသည်။ ဤနေရာသို့လာ၍ အနားယူရသည်မှာ အလွန်သက်သောင့်သက်သာရှိသဖြင့် ၎င်းက ဤနေရာတွင်ပင် နေထိုင်လိုက်တော့သည်။
ဆန်းဗျောင်းကို တကယ် ဖိတ်ခေါ်နိုင်လိမ့်မည်ဟု ရွှီယန် ထင်မထားခဲ့ပေ။ ကြောင်များမလာပါက ကြောင်ပေါက်လေး အနည်းငယ် မွေးရန်ပင် ရည်ရွယ်ထားခဲ့သေးသည်။
"ဆန်းဗျောင်း... မနက်ခင်းပါကွာ"
"ကြွက်တွေ အများကြီး ထပ်ဖမ်းပေးဦးနော်... မင်းကို ဝက်အူချောင်း ကျွေးမယ်"
ရွှီယန်က ဆန်းဗျောင်းကို နှုတ်ဆက်လိုက်သည်။
ချီလင်းကြောင်က ခေါင်းပင်မလှည့်ဘဲ အမြီးကိုသာ နှစ်ချက်ခန့် ဖြည်းညင်းစွာ လှုပ်ယမ်းပြလိုက်ပြီး သူကြားကြောင်း အသိအမှတ်ပြုလိုက်၏။
ဤကြောင်လေးက အတော်လေး မာနကြီးသည်။ ဘာပဲဖြစ်ဖြစ် ရန်ဖြစ်ပြီးမှ ထွက်လာသည့် အကောင်ဆိုတော့ ချစ်စရာကောင်းသည့်ဘက်ကို ပြသ၍ မရနိုင်ပေ။ အခြားတောကြောင်များသာ မြင်သွားပါက သူ့ကို ဘယ်လိုများ ထင်သွားမည်မသိချေ။
ရွှီယန်က လယ်ယာခြံဝင်းထဲမှ ကိစ္စအနည်းငယ်ကို လုပ်ကိုင်လိုက်သည်။ ဒီနေ့ မနက်ခင်း ရာသီဥတု ကောင်းမွန်ချိန်ကို အခွင့်ကောင်းယူကာ လယ်ယာခြံဝင်း၏ နေ့စဉ်ဘဝကို လိုက်ဖ်လွှင့်ပြီး ကျော်ကြားမှုရမှတ်များ ရှာဖွေရန် ရည်ရွယ်လိုက်သည်။
ရွှီယန်က လိုက်ဖ်ဖွင့်လိုက်ပြီး ဘဲများကို အပြင်သို့ လွှတ်ပေးလိုက်သည်။
ဤဘဲများကလည်း စကားနားထောင်ကြသည်။ မွေးမြူရေးခြံမှ ဘဲများကို ၄၅ ရက်ခန့်သာ မွေးမြူကြပြီး အသားစားဘဲ၏ အနိမ့်ဆုံး စံနှုန်းနှင့် ကိုက်ညီသည်နှင့် အလျင်စလို ရှင်းထုတ်လေ့ရှိကြသည်။ အနည်းငယ် ပိုကောင်းသော ဘဲများဆိုလျှင် လေးလမှ ခြောက်လအထိ ကြာမှ ရောင်းချကြသည်။ အချို့မှာ ရှစ်လ သို့မဟုတ် တစ်နှစ်အထိပင် ရှိတတ်သည်။ တစ်နှစ်ကျော်သွားပါက ဘဲသားက ရင့်သွားတော့သည်။
ရွှီယန်၏ အစီအစဉ်ကတော့ ခြောက်လကြာလျှင် စတင်စားသောက်ရန်ဖြစ်ပြီး ထို့နောက် အနည်းငယ် ထပ်မွေးရန်ဖြစ်သည်။ ဘဲလေးများက ဤမျှချစ်စရာကောင်းရာ ဘဲကင်လုပ်စားပါက သေချာပေါက် အလွန်အရသာရှိမည် ဖြစ်သည်။
ဒရုန်းက အမြင့်သို့ ပျံတက်သွားပြီး လိုက်ဖ်ခေါင်းစဉ်ကတော့ "လယ်ယာခြံဝင်း နေ့စဉ်ဘဝ... ဒီနေ့ ဘဲလေးတွေကို မြစ်ဆိပ်ကိုခေါ်သွားပြီး လေညင်းခံထွက်မယ်" ဟု ဖြစ်သည်။
မကြာမီတွင် အင်တာနက်သုံးစွဲသူများက လိုက်ဖ်ထဲသို့ တဖွဲဖွဲ ဝင်ရောက်လာကြသည်။
"ပထမ"
"လောင်ရွှီ... အလုပ်ဆင်းရမယ်ဆိုတာကို မှတ်မိသေးတယ်ပေါ့"
"အရှေ့မြောက်ကျားကို ဘယ်တော့ တောင်ပေါ်တက် ရှာမှာလဲ"
"လောင်ရွှီ... ခင်ဗျား အရှေ့မြောက်ကျားနဲ့ ရန်ဖြစ်တာကို ကြည့်ချင်တယ်ဗျာ"
ကွန်မန့်များက ချက်ချင်းပင် စည်ကားသွားတော့သည်။ လွန်ခဲ့သည့် နှစ်ရက်အတွင်း ရွှီယန်က လယ်ယာခြံဝင်းထဲရှိ တိရစ္ဆာန်လေးများ၏ ဗီဒီယိုအချို့ကို တင်ပေးခဲ့ရာ ချစ်စရာကောင်းသော တိရစ္ဆာန်လေးများကို အားလုံးက သဘောကျကြသည်။
လယ်ယာခြံဝင်းက ပုံမှန် ပရိသတ်တစ်စုကို ပိုင်ဆိုင်နေပြီ ဖြစ်သည်။
ရွှီယန်က အပြင်သို့ တောက်လျှောက် ထွက်လာခဲ့ပြီး သူ့အနောက်တွင် ဘဲပေါက်လေး တစ်အုပ်က ကပ်ပါလာသည်။ ခွေးနှစ်ကောင်ကလည်း အတူတူ လိုက်ပါလာကြ၏။ ဤမြင်ကွင်းမှာ အလွန်စိတ်ဝင်စားစရာကောင်းလှသည်။
ရွှီယန်က ထိုသို့ပင် မနှေးမမြန် ရှေ့သို့ လျှောက်သွားနေသည်။ ဘဲလေးများက နှစ်လှမ်းခန့်လျှောက်ပြီး ရပ်လိုက်ကြကာ တစ်စုတစ်ရုံးတည်း ပြန်စုမိချိန်တွင် အရှိန်မြှင့်၍ ရွှီယန်နောက်သို့ လိုက်ပါလာကြသည်။
"ဒီနေ့တော့ သူတို့ကို မြစ်ထဲဆင်းကစားဖို့ ခေါ်သွားမလို့... ဘာပဲဖြစ်ဖြစ် သူတို့လည်း ရေကူးတတ်နေပြီလေ"
"အခု ရာသီဥတုကောင်းတုန်းလေး သွားရမှာ"
"ဆောင်းဦးရောက်သွားရင် ဒီဘက်မှာ အေးတာ အရမ်းမြန်တော့ မြစ်ထဲဆင်းလို့မရတော့ဘူးပေါ့"
ရွှီယန်က လိုက်ဖ်ကြည့်နေသည့် ပရိသတ်များကို ပြောလိုက်သည်။
သူ့လိုက်ဖ်က အမြဲတမ်း စိတ်ဝင်စားစရာ ကောင်းနေတတ်သည်။ တစ်ခါတစ်ရံ လူသူကင်းမဲ့ပြီး တောရိုင်းငှက်များ သားရဲများနှင့် ငါးများသာရှိသော အစစ်အမှန် တောနက်ကြီးထဲတွင် ဖြစ်သည်။ တစ်ခါတစ်ရံတွင်မူ လူသားများ နေထိုင်ရာနေရာ၌ ပေါ့ပါးသော တောတောင်နေထိုင်မှု နေ့စဉ်ဘဝကို လိုက်ဖ်လွှင့်တတ်သည်။ သူက ပရိသတ်များ၏ စိတ်နှလုံးကို အမြဲတမ်း ဖမ်းစားထားနိုင်စွမ်း ရှိသည်။
ရွှီယန်က ခန္ဓာကိုယ်ရော စိတ်ပါ ပေါ့ပါးလန်းဆန်းစွာဖြင့် ဖြည်းညင်းစွာ လမ်းလျှောက်နေပြီး လိုက်ဖ်ကိုလည်း အထူးတလည် ဂရုမစိုက်နေချေ။ သူ၏ အေးချမ်းလွတ်လပ်နေမှုက ရှင်းလင်းသိသာလှသည်။
ဘဲလေးများမှာ အပြင်သို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ရာ အနည်းငယ် သတိထားနေကြသည်။ တိရစ္ဆာန်များက စိမ်းသက်သော ပတ်ဝန်းကျင်သို့ ရောက်လျှင် ဤသို့ချည်းသာဖြစ်ရာ ၎င်းတို့က ရွှီယန်နောက်သို့ ပို၍ပင် ကပ်ပါလာကြသည်။
ခွေးနှစ်ကောင်ကတော့ ဤသို့ဖြစ်နေကျပင်။ သခင်သွားရာ သူတို့ လိုက်မည်သာ ဖြစ်သည်။
အင်တာနက်သုံးစွဲသူတစ်ဦးက နောက်ပြောင်လိုက်သည်။
"တောရွာက လမ်းသရဲကြီး တိရစ္ဆာန်တစ်အုပ်ကို ခေါ်ပြီး လမ်းလျှောက်ထွက်လာတာလား"
ထိုကွန်မန့်ကို မြင်လိုက်ရသောအခါ အခြားအင်တာနက်သုံးစွဲသူများလည်း ရယ်မောသွားကြသည်။
"လောင်ရွှီ... ခင်ဗျားက လမ်းသရဲ မဟုတ်ဘူးလို့ ပြောနေသေးတယ်မလား"
"လမ်းသရဲ ဘုရင်ကြီးဗျာ"
"မင်းတို့ရှေ့မှာ ရပ်နေတာကတော့ တောဝက်မြင်းစီးသူရဲကောင်း... ကောက်ရိုးဦးထုပ်ကောင်လေး... တောရွာက လမ်းသရဲ... လယ်ယာခြံဝင်းပိုင်ရှင်... ရွှီယန်ပဲ"
တိုက်တိုက်ဆိုင်ဆိုင်ပင် ရွှီယန်က အားနေသဖြင့် ကွန်မန့်များကို တစ်ချက်ကြည့်လိုက်သည်။ အားလုံး၏ မှတ်ချက်များကို မြင်လိုက်ရသောအခါ သူက မတတ်သာစွာဖြင့် ရယ်မောလိုက်တော့သည်။
"လမ်းလျှောက်ထွက်တာနဲ့ လမ်းသရဲလုပ်တာက ကွာခြားချက် ရှိတယ်လေ"
"ကျွန်တော်က ဒီအကောင်ပေါက်လေးတွေကို ခေါ်ပြီး လမ်းလျှောက်ထွက်လာတာ... ရွာထဲကလူတွေ လမ်းလျှောက်ထွက်တာ ပုံမှန်ကိစ္စပါဗျ"
ဤအင်တာနက်သုံးစွဲသူများက အမြဲတမ်း ခွန်းတုံ့ပြန်ချင်ကြရာ ဘာပြောပြော နားမထောင်ကြချေ။
"သိပါပြီ... လမ်းသရဲကြီးရယ်"
"အရှေ့မြောက်ဒေသမှာ လမ်းသရဲလို့ ခေါ်တာက လူမိုက်လေးလို့ ခေါ်တာနဲ့ အတူတူပဲနော်"
"ဟားဟား... လောင်ရွှီ ခင်ဗျား ရှင်းမပြနေနဲ့တော့... နေ့တိုင်း ခင်ဗျား လိုက်ဖ်ကြည့်နေတာ ခင်ဗျား လမ်းပဲ လျှောက်နေတာလေ"
"တောင်ပေါ်လမ်းသရဲလို့ ခေါ်သင့်တယ် ထင်တယ်"
လိုက်ဖ်ထဲရှိ လေထုမှာ အလွန်ကောင်းမွန်နေသည်။
ရွှီယန်က တောင်ပေါ်ကားလမ်းအတိုင်း အတန်ကြာ လျှောက်လာခဲ့ပြီးနောက် ဘေးဘက်တွင် လူများနင်းထားသော လမ်းငယ်လေးတစ်ခု ပေါ်လာသည်။ မြေကြီးများမှာ အတော်လေး ခိုင်မာနေအောင် အနင်းခံထားရပြီး အရောင်ပင် ပြောင်နေပြီဖြစ်သည်။
ရွှီယန်က ထိုလမ်းငယ်လေးအတိုင်း ဝင်သွားလိုက်သည်။
ဘဲလေးများက သူ့ကို စူးစမ်းချင်စိတ်ဖြင့် လှမ်းကြည့်လိုက်ကြပြီးနောက် အရှိန်မြှင့်ကာ အလုအယက် လိုက်ပါလာကြသည်။ ဤအကောင်ပေါက်လေးများက ဘယ်သွားရမည်ကို မသိသေးသဖြင့် အနည်းငယ် စိတ်လှုပ်ရှားနေကြ၏။
ခဏအကြာတွင် စမ်းချောင်းရေစီးသံများကို လိုက်ဖ်ထဲ၌ ကြားလိုက်ရသည်။
ဤဒေသတွင် ရေအရင်းအမြစ် ပေါများပြီး ရွာဘေးတွင် မြစ်တစ်စင်း ဖြတ်သန်းစီးဆင်းနေသည်။ ထို့ကြောင့် ရေစပ်တွင် ဆော့ကစားရသည်မှာ အလွန်ပုံမှန်ကိစ္စပင် ဖြစ်သည်။
ထို့အပြင် ဤကဲ့သို့သော ရေများမှာ ညစ်ညမ်းမှု မရှိပေ။ အများဆုံးရှိလှ လူအချို့ အဝတ်လျှော်ခြင်း၊ သစ်သီးများ ဆေးကြောခြင်းလောက်သာ ရှိသည်။ နွေရာသီရောက်ပါက ဖရဲသီးကို ပုံးထဲထည့်ကာ စမ်းချောင်းရေထဲတွင် စိမ်ထားတတ်သူများပင် ရှိသေးသည်။
စမ်းချောင်းရေက အေးစက်နေသဖြင့် သဘာဝရေခဲသေတ္တာဟုပင် ဆိုနိုင်ကာ ဖရဲသီးကို ခဏစိမ်ထားပြီး ပြန်ထုတ်စားပါက အတွင်းရောအပြင်ပါ အေးမြနေပြီး စားရသည်မှာ အလွန်အရသာရှိလှသည်။
ရွှီယန်က မြစ်ကမ်းစပ်သို့ ရောက်လာခဲ့သည်။
"လာ... ဘဲလေးတွေ... ဆင်းကစားကြ"
ရွှီယန်က ရေအတော်လေးတိမ်ပြီး ရေစီးနှုန်းနှေးသော နေရာတစ်ခုကို ရွေးချယ်လိုက်သည်။ ရေထဲတွင် ကျောက်စရစ်ခဲများစွာ ရှိနေ၏။
သူက ဒီနေ့ တောတောင်ရေမြေ သဘာဝရှုခင်းများကို လိုက်ဖ်လွှင့်ပြီး ကျော်ကြားမှုရမှတ်များ ရှာဖွေမည်ဖြစ်သည်။
ဘဲလေးများက စမ်းချောင်းဘေးရှိ မြက်ခင်းထဲတွင် ရပ်ကာ ဂွတ် ဂွတ် ဂွတ် ဟု အော်နေကြသည်။ အစစ်အမှန် မြစ်ကြီးကို မြင်လိုက်ရသဖြင့် သူတို့ အနည်းငယ် စိတ်လှုပ်ရှားနေကြ၏။
မကြာမီတွင် ဘဲတစ်ကောင်က မနေနိုင်ဘဲ စမ်းချောင်းထဲသို့ ဝင်သွားတော့သည်။ တစ်ကောင်ဆင်းသွားသည်နှင့် အခြားဘဲများကလည်း နောက်မှ တဖွဲဖွဲ ဆင်းသွားကြတော့သည်။
ရွှီယန်က ကမ်းစပ်တွင် ရပ်ကြည့်နေသည်။
ခွေးနှစ်ကောင်ကလည်း လှမ်းကြည့်နေကြ၏။
တောတောင်၏ အလှတရားများက လိုက်ဖ်ထဲတွင် ပေါ်လွင်လာတော့သည်။
တောရွာလေးရှိ ဘဝက တကယ်တမ်းတွင် သိပ်မအေးချမ်းလှဘဲ ညစ်ပတ်ပြီး ပင်ပန်းသော အလုပ်များစွာ အမြဲလုပ်နေရတတ်သည်။
သို့သော် အနည်းဆုံးတော့ ယခုအချိန်တွင် ပေါ်ထွက်လာသော မြင်ကွင်းက တောတောင်များကြားတွင်သာ ရနိုင်သော တောဓလေ့ သိုးကျောင်းသားဘဝမျိုး ခံစားချက်ကို ပေးစွမ်းနေသည်။ လူများက ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ စိတ်ထဲတွင် ပေါ့ပါးအေးချမ်းမှုများ တိုးပွားလာကြတော့သည်။