← Chapters

အခန်း ၇၉

Vol. 8 Ch. 79

အခန်း ၇၉

Vol. 8 Ch. 79

အခန်း (၇၉) ဒီမြစ်ထဲမှာ တကယ်ပဲ ရွှေတွေရှိနေတာပဲ

"ငါ့ဘဲတွေ ဘယ်ရောက်သွားတာလဲ... ခုနကတင် အများကြီးရှိနေတဲ့ ငါ့ဘဲတွေလေ"

ရွှီယန် တစ်ချက်လေး ငေးသွားသည့် အချိန်အတွင်းမှာပင် ဘဲများအားလုံး ပျောက်ချင်းမလှ ပျောက်သွားတော့သည်။

ဤအကောင်ပေါက်လေးများက ရေကူးတတ်သွားပြီးနောက် အလွန်မြန်ဆန်စွာ ကူးခတ်နိုင်ကြသည်။ နွေးထွေးချစ်စရာကောင်းသော မြင်ကွင်းလေးကို လိုက်ဖ်လွှင့်ပြချင်ခဲ့သော်လည်း ဤဘဲများက ဤမျှ အရိုင်းဆန်နေမည်ဟု ထင်မထားခဲ့ပေ။

ပျောက်သွားသည်ဆိုလျှင်ပဲ တကယ်ကို ပျောက်သွားတော့သည်။

ရွှီယန်က ကမ်းစပ်တွင်ရပ်ကာ မြစ်ရေထဲသို့ လှမ်းကြည့်လိုက်သော်လည်း ဘဲများ၏ အရိပ်အယောင်ကို လုံးဝ မတွေ့ရတော့ချေ။

အင်တာနက်သုံးစွဲသူများကတော့ အော်ဟစ်ရယ်မောနေကြသည်။

“ဟားဟား လောင်ရွှီ ခင်ဗျားက လာပြီး ဘေးမဲ့လွှတ်နေတာလား”

“ဘဲလေးတွေက တာ့တာနော် ငါတို့ကတော့ သွားပြီလို့ ပြောသွားတာပဲ”

“ဒါက ရာဇဝင်ထဲက တောဘဲတွေဆိုတာများလား”

“ငါကတော့ တစ်ခုခု ဖြစ်တော့မယ်လို့ ထင်နေတာပဲ”

ထိုအချိန်မှာပင် အရှေ့ဘက် မြစ်ကွေ့နေရာမှ ဘဲလေးများက ဂွတ် ဂွတ် ဂွတ် နှင့် အော်မြည်ကာ ပြန်ကူးလာကြသည်ကို မြင်လိုက်ရသည်။

ခုနက သူတို့က စိတ်အားထက်သန်စွာဖြင့် မြစ်ရေစီးကြောင်းအတိုင်း အပြင်ဘက်သို့ ခဏမျှ ကူးသွားကြပြီး မြစ်ကွေ့ကို ကျော်သွားသည်နှင့် ပျောက်သွားခဲ့ခြင်းဖြစ်သည်။ သူတို့လည်း ရွှီယန်ကို မတွေ့ရသောအခါ အနည်းငယ် စိတ်ပူသွားကြပြီး ချက်ချင်းပင် လှည့်ကာ ပြန်ကူးလာကြခြင်းဖြစ်သည်။

မြင်ကွင်းလေးက အမြဲလိုလို စိတ်ဝင်စားစရာ ကောင်းနေတတ်သည်။

အကောင်ပေါက်လေးများက တောက်လျှောက် ပြန်ကူးလာကြပြီး ရွှီယန်၏ အနီးအနားတွင် ဟိုဟိုဒီဒီ လှည့်ပတ်နေကြ၏။ ထိုအခါမှသာ ရွှီယန်လည်း သက်ပြင်းချနိုင်သွားတော့သည်။

"တကယ်တော့ သူတို့ နည်းနည်းပိုကြီးလာရင် ကိုယ့်ဘာသာကိုယ် လာလို့လည်း ရတယ်... ခြံနဲ့ ဒီနေရာက နီးနီးလေးလေ"

"ဒါပေမဲ့ နည်းနည်းတော့ အန္တရာယ်များတယ်... ဘာပဲဖြစ်ဖြစ် တောအုပ်လေးတစ်ခုကို ဖြတ်သွားရတာကိုး"

"တောရွာဘက်မှာဆိုရင်တော့ ဖြတ်သွားရတဲ့ နေရာတွေက ရွာတွေချည်းပဲဆိုတော့ လုံခြုံတယ်လေ... ဘဲတွေကို သူတို့ဘာသာ သွားခိုင်းထားလို့ စိတ်ချရတယ်ပေါ့"

ရွှီယန်က ရှင်းပြလိုက်သည်။

ဘဲလေးများက ကမ်းစပ်ရှိ ရေမှော်ပင်များကို စိတ်လှုပ်ရှားစွာဖြင့် ဆိတ်ယူစားသောက်နေကြသည်။

ဘဲများက ကျူပင်များ၊ ရေမှော်များ၊ ဗေဒါပင်များ စသည့် ရေနေအပင်များကို စားရသည်ကို နှစ်သက်ကြသည်။ သူတို့ကို အပြင်ခေါ်လာရခြင်းမှာလည်း သဘာဝအပင်အချို့ကို စားစေချင်၍ဖြစ်သည်။ ထိုသို့ဆိုလျှင် သူတို့၏ အသားကလည်း ပိုမို ချိုမြိန်အရသာရှိလာမည် ဖြစ်သည်။

အကောင်ပေါက်လေးများက ဆူညံစွာ အော်မြည်နေကြ၏။

ရွှီယန်ကတော့ မြစ်ထဲတွင် မြက်စားငါး သို့မဟုတ် ခေါင်းကြီးပုစွန် ကဲ့သို့သော ရေချိုသတ္တဝါများ ရှိမရှိ လိုက်လံကြည့်ရှုနေသည်။ အပြန်လမ်းတွင် နှစ်ကောင်လောက် ဖမ်းသွားနိုင်ပါက ညစာအတွက် ဟင်းရမည်မဟုတ်ပါလား။

"အခု ငါးတွေ ရှားသွားပြီ... သူတို့ပဲ ပါးနပ်သွားတာလား မသိပါဘူး... ပုံမှန်ဆိုရင် ဒီလို ရေတိမ်တဲ့နေရာတွေမှာ သိပ်မနေကြတော့ဘူး"

သူက မြစ်ကမ်းစပ်ကို လိုက်ကြည့်လိုက်သော်လည်း ဘာမှ မရခဲ့ပေ။ ထို့နောက် ရွှီယန်က လိုက်ဖ်ကြည့်နေသည့် ပရိသတ်များကို ကြိုတင်အသိပေးလိုက်သည်။

"သန်ဘက်ခါ တောင်ပေါ် တစ်ခေါက်တက်မလို့... ဒီတစ်ခါလည်း တောနက်ထဲကိုပဲ သွားမှာ... တဲရယ် ပါဝါဘန့် ရယ် ယူသွားမယ်"

"ပစ္စည်းကောင်းတွေ အခုမရှာရင် နောက်ဆို ရှာလို့ရမှာ မဟုတ်တော့ဘူးလေ"

ရွှီယန် တောနက်ထဲဝင်မည်ကို ကြားလိုက်ရသည်နှင့် အားလုံးက စိတ်ဝင်စားသွားကြပြန်သည်။

တောနက်ထဲဝင်သည့် လိုက်ဖ်က ကြည့်ရသည်မှာ ကောင်းလှသည်။ အရှေ့မြောက်ကျားများနှင့် ကျားသစ်များ သွားလာကျက်စားရာ တောနက်ကြီးထဲသို့ တစ်ယောက်တည်း ဝင်ရောက်ကာ လိုက်ဖ်လွှင့်ရဲသူမှာ အင်တာနက်တစ်ခွင်လုံးတွင် သူတစ်ယောက်တည်းသာ ရှိသည်။

သစ်တောစောင့်များပင်လျှင် ယခုအခါ နှစ်ယောက်တစ်တွဲသာ လှည့်ကင်းထွက်ရဲကြသည်။

ထို့နောက် ရွှီယန်က ကမ်းစပ်တွင် အနားယူရင်း ဘဲများ အစာစားသည်ကို ကြည့်နေလိုက်သည်။ သူတို့ အစားဝလောက်ချိန်တွင် ရွှီယန်က ကုန်းပေါ်တက်ရန် လှမ်းခေါ်လိုက်သည်။

အကောင်ပေါက်လေးများမှာ ဒီနေ့ ပျော်ရွှင်စွာ ကစားခဲ့ရသဖြင့် တစ်ကောင်ပြီးတစ်ကောင် ကုန်းပေါ်သို့ တက်လာကြပြီး ဖင်လုံးလုံးလေးများကို ခပ်မြန်မြန် ခါရမ်းကာ ရေစက်များကို သုတ်သင်လိုက်ကြသည်။ ထို့နောက် တစ်စုတစ်ရုံးတည်း စုပေါင်းကာ ရွှီယန်၏အနောက်မှ ပြန်လိုက်လာကြတော့သည်။

ဒီနေ့ ဘဲကျောင်းထွက်ရသည်မှာ နွားကျောင်း သိုးကျောင်းသည်နှင့် အတူတူပင်။ အပြင်ထုတ်ကာ ရေမှော်များ စားစေပြီး ဗိုက်ဝလျှင် အိမ်ပြန်ရုံသာဖြစ်သည်။

ခွေးလေးနှစ်ကောင်ကလည်း အနောက်မှ ဆက်လက်လိုက်ပါလာ၏။ ကြိုးချည်ထားစရာ မလိုဘဲ သူတို့က လျှောက်ပြေးမည် မဟုတ်ပေ။

အိမ်မွေးခွေး အတော်များများကတော့ ဤသို့မဟုတ်ကြချေ။ ကြိုးဖြုတ်ပေးလိုက်သည်နှင့် ထိုခွေးများက ပိုင်ရှင်ဖြစ်သူအား လွှတ်တာနဲ့ ပျောက် ဆိုသည်မှာ ဘာလဲဆိုသည်ကို သေချာပေါက် သိစေမည်ဖြစ်သည်။

တောရွာလမ်းလေးထက်တွင် ပုရစ်အော်သံများနှင့် ပိုးကောင်ငယ်လေးများ၏ အော်မြည်သံများက အဆက်မပြတ် ထွက်ပေါ်နေသည်။ ၎င်းမှာ နွေရာသီ၏ အသံများပင် ဖြစ်သည်။

ဘဲလေးများကလည်း ဂွတ် ဂွတ် နှင့် အော်မြည်နေကြပြီး ၎င်းတို့၏ အသံထဲတွင် စိတ်လှုပ်ရှားမှုများနှင့် အားမရသေးသည့် ခံစားချက်များ ပါဝင်နေသည်။

ရွှီယန်၏ ကိုယ်ပေါ်တွင်တော့ ပျင်းရိပျင်းတွဲ အငွေ့အသက်အချို့ လွှမ်းမိုးနေ၏။

သူက စိတ်ကို လုံးဝ လွှတ်ထားလိုက်ပြီး ဦးနှောက်ထဲတွင် ဘာကိုမှ မတွေးတောတော့ဘဲ ဖြည်းညင်းစွာ လမ်းလျှောက်နေလိုက်သည်။ လိုက်ဖ်မြင်ကွင်းလေးမှာ ထိုသို့ပင် ပေါ့ပါးအေးချမ်းနေဆဲ ဖြစ်သည်။

မွန်းလွဲပိုင်းတွင် ရွှီယန်က တောင်ပေါ်တက်ရန် လိုအပ်သော ပစ္စည်းကိရိယာများကို ပြင်ဆင်လိုက်သည်။

ယခု သူ့တွင် သံယောဇဥ်ကတ်ည တစ်ကတ်နှင့် မြွေဆိပ်ဖြေဆေး တစ်ပုလင်း ရှိနေပြီဖြစ်သည်။ ထိုအရာများက တောနက်ထဲဝင်ရန်အတွက် စနစ်မှ ဆုချထားသော ထောက်ပံ့ရေးပစ္စည်းများ ဖြစ်သည်။

ဤအရာနှစ်ခု ရှိနေပါက တောနက်ထဲ ဝင်ရောက်ရန် အန္တရာယ်များလွန်းတော့မည် မဟုတ်ပေ။

အရှေ့မြောက်ကျားနှင့် တွေ့လျှင်တောင် ရန်သူမှ မိတ်ဆွေအဖြစ် တိုက်ရိုက် ပြောင်းလဲပစ်လိုက်ရုံသာ ဖြစ်သည်။

နောက်တစ်နေ့တွင် ရွှီယန်မှာ အားမနေခဲ့ချေ။

မနက်စောစောစီးစီးတွင် သူက ကျောပိုးအိတ်ကို လွယ်ကာ ရေပုံးတစ်ပုံးကို ဆွဲ၍ တောင်ပေါ်သို့ တက်လာခဲ့သည်။

လီဆန်းကတော့ ရွှီယန်တစ်ယောက် လိုက်ဖ်လွှင့်ရန် သို့မဟုတ် တောင်ထွက်ပစ္စည်းရှာရန် တောင်ပေါ်တက်သွားသည်ဟုသာ ထင်နေခဲ့၏။ ရွှီယန် ဒီနေ့ လုပ်မည့်ကိစ္စမှာ ကြီးမားသော အလုပ်ကြီးတစ်ခုဖြစ်မှန်း သူ မသိခဲ့ပေ။

ထိုအလုပ်မှာ ရွှေကျင်ခြင်း ပင်ဖြစ်သည်။

ရွှေကျင်သည်ဆိုသော ကိစ္စက သေချာပေါက် တိတ်တဆိတ် လုပ်ဆောင်ရမည်သာ ဖြစ်သည်။

နိုင်ငံ၏ ဥပဒေအရ ရွှေတွင်းများကို ခွင့်ပြုချက်မရှိဘဲ တူးဖော်ခြင်းက ပြစ်မှုမြောက်သော်လည်း ရွှေတွင်းများနှင့် ဝေးကွာသော မြစ်များထဲတွင် ရွှေကျင်ခြင်းကိုမူ ခွင့်ပြုထားသည်။ ယခုအခါတွင် ရွှေကျင်သည့် ဗီဒီယိုများကို ရိုက်ကူးနေသူများပင် ရှိနေသေးသည်။

ရွှီယန် တွေ့ရှိထားသော ရွှေမြစ်မှာ တောင်တောထဲရှိ လူသူကင်းမဲ့ရာ ဒေသမှ သာမန်မြစ်တစ်စင်းသာဖြစ်ပြီး ပတ်ဝန်းကျင်တွင်လည်း မည်သည့် တွင်းထွက်သတ္တုမှ မရှိချေ။

ထို့ကြောင့် ဥပဒေနှင့် ညိစွန်းမည်ကို စိုးရိမ်စရာ မလိုပေ။

သူက မြစ်ကမ်းစပ်သို့ တောက်လျှောက် လာခဲ့သည်။

ရွှေကျင်သည့် လုပ်ငန်းစဉ်က မရှုပ်ထွေးသော်လည်း အတော်လေး ပင်ပန်းသည်။ အလွယ်ပြောရလျှင် မြစ်ထဲမှ ရွှံ့သဲများကို စစ်ထုတ်သည့် ပျဉ်ပြားတစ်ခုပေါ်သို့ တင်လိုက်ခြင်းဖြစ်သည်။ ထိုအခါ မြစ်ရေက ကျောက်တုံးကြီးများနှင့် ရွှံ့သဲများကို တိုက်စားသွားမည်ဖြစ်ပြီး သဲမှုန်လေးများနှင့် ရွှေမှုန်လေးများကတော့ စစ်ထုတ်သည့် ပျဉ်ပြားပေါ်တွင် ကျန်ရစ်ခဲ့မည်ဖြစ်သည်။

ထို့နောက် ထိုပျဉ်ပြားထဲမှ ရွှေမှုန်လေးများကို ပြန်လည် ရှာဖွေရခြင်း ဖြစ်သည်။

ရွှီယန် တောင်ပေါ်သို့ ရောက်သည်နှင့် ကျားသစ်သားအမိ နှစ်ကောင်က သူ့ဆီသို့ လျှောက်လာနေသည်ကို မြင်လိုက်ရသည်။

သူတို့က နောက်ဘက်တောင်ပေါ်တွင် နေထိုင်ကြခြင်းဖြစ်သည်။

ထို့အပြင် ကျားသစ်များ၏ အမြင်အာရုံက အလွန်ကောင်းမွန်လွန်းလှရာ ရွှီယန် ပေါ်လာသည်နှင့် သူတို့က စောစောစီးစီးကပင် မြင်တွေ့သွားနိုင်ခဲ့သည်။

"ရှောင်ဟွာ... ထပ်ကြီးလာပြန်ပြီပဲ"

ရွှီယန်က ပြုံးရင်း ရှောင်ဟွာလေးကို ပွေ့ချီလိုက်သည်။

အကောင်ပေါက်လေးမှာ အခုဆိုလျှင် အနည်းငယ် ဝလာပြီး သူ့ကို ပထမဆုံးအကြိမ် တွေ့ခဲ့ရစဉ်ကထက် ပိုလေးနေ၏။ သို့သော် အရင်လိုပင် သွက်လက်တက်ကြွနေဆဲဖြစ်သည်။

"ဒီနေ့ ငါနဲ့အတူ တောင်ပေါ်လိုက်ပြီး အလုပ်လုပ်ရမယ်"

"ရွှေတူးကြမယ်ကွ"

"အဲဒါတွေက အကုန်လုံး ရတနာတွေချည်းပဲ"

ရွှီယန်က အကောင်ပေါက်လေးကို အောက်ချပေးလိုက်ပြီးနောက် ကျောပိုးအိတ်ထဲမှ စမ်းသပ်ရှာဖွေလိုက်ရာ နို့ဘူးတစ်ဘူးကို ထုတ်ယူလိုက်သည်။

၎င်းမှာ ရွှီယန်က ကျားသစ်ပေါက်လေးအတွက် သီးသန့် ယူဆောင်လာခဲ့ခြင်းဖြစ်သည်။

နို့ကို မြင်လိုက်ရသည်နှင့် ရှောင်ဟွာလေးက ချက်ချင်းပင် ပျော်ရွှင်စွာဖြင့် မြောင်အူး မြောင်အူး ဟု အော်မြည်လိုက်ပြီး ရွှီယန်က နို့ဘူးကို လှမ်းပေးလိုက်သည်နှင့် ချက်ချင်းပင် နို့ဘူးကို ဖက်ထားကာ လက်မလွှတ်တော့ချေ။

ဤအကောင်ပေါက်လေးမှာ ဤအရွယ်ရောက်နေပြီဖြစ်သော်လည်း နို့သောက်ရသည်ကို နှစ်သက်နေဆဲပင်။

မိခင်ကျားသစ်မကြီးက ယခုအခါတွင် သူ့ကို နို့မတိုက်တော့ဘဲ ယုန် သို့မဟုတ် တောကြက် ဖမ်းမိချိန်မျိုးတွင်သာ အကောင်ပေါက်လေးကို စားခိုင်းတော့သည်။

ထို့ကြောင့် နို့ဘူးကို မြင်လိုက်ရသောအခါ အကောင်ပေါက်လေးက ဤမျှ ပျော်ရွှင်သွားခြင်းဖြစ်သည်။

ဘာပဲဖြစ်ဖြစ် နို့က ပိုအရသာရှိသည် မဟုတ်ပါလား။

အခုချိန်ကို အသာထားလိုက်ဦး၊ ရှောင်ဟွာလေးက နောက်ပိုင်း ကြီးလာသည့်တိုင်အောင် နို့သောက်ရသည်ကို နှစ်သက်နေဆဲဖြစ်ရာ တကယ့်ကို နို့စို့ကျားသစ်လေးပင် ဖြစ်သည်။

ရွှီယန်က သူ့ကို နို့တိုက်ပြီးနောက် ဆက်လက် ခရီးထွက်လာခဲ့ရာ ကျားသစ်ကြီးရော ကျားသစ်ငယ်ပါ သူ့နောက်မှ လိုက်ပါလာကြသည်။ တောက်လျှောက် လျှောက်လာခဲ့ပြီးနောက် ရွှေမြစ်ဆီသို့ ရောက်လာခဲ့သည်။

ရွှေမြစ်ဆိုသည်မှာ ရွှီယန်က ဤမြစ်ကို ပေးထားသော နာမည်ဖြစ်သည်။ ဤကဲ့သို့သော မြစ်မျိုးက တောင်ပေါ်တွင် အများအပြား ရှိတတ်ပြီး အားလုံးမှာ မြစ်ကြီးများ၏ မြစ်လက်တက်များ ဖြစ်ကြသည်။

သူက ရေစီးအနည်းငယ် သန်သော နေရာတစ်ခုကို ရှာလိုက်သည်။ ထို့နောက် အိတ်ထဲမှ စစ်ထုတ်သည့် ပျဉ်ပြားကို ထုတ်ယူကာ မြစ်ရေထဲတွင် စောင်း၍ ထိုးစိုက်လိုက်သည်။

ရေစီးကြောင်းက ပျဉ်ပြားပေါ်မှ လျင်မြန်စွာ ဖြတ်သန်းစီးဆင်းသွား၏။

သူက ဤနေရာတွင် အလုပ်များနေပြီး ကျားသစ်နှစ်ကောင်ကတော့ ဘေးမှနေ၍ ကြည့်နေကြသည်။

ကျားသစ်ကြီးရော ကျားသစ်ငယ်ပါ အနည်းငယ် ကြောင်တောင်တောင် ဖြစ်နေကြပြီး ရွှီယန် ဘာလုပ်နေမှန်း နားမလည်နိုင်ကြချေ။ မိခင်ကျားသစ်မကြီးမှာလည်း စူးစမ်းချင်စိတ်များ ဖြစ်ပေါ်နေသည်။

ရွှီယန်က စစ်ထုတ်သည့် ပျဉ်ပြားကို တပ်ဆင်ပြီးသွားသည်နှင့် မြစ်အောက်ခြေမှ ရွှံ့နွံများကို စတင်ကော်ယူလိုက်ပြီး ပျဉ်ပြားပေါ်သို့ တစ်ပြားပြီးတစ်ပြား တင်လိုက်သည်။

ရွှံ့မြေများ တစ်ပြား တင်လိုက်တိုင်း အမှုန်ငယ်လေးများက ပျဉ်ပြားပေါ်တွင် ကျန်ရစ်ခဲ့ပြီး ကျောက်တုံးများနှင့် ရွှံ့သဲများ အားလုံးကိုတော့ သန်စွမ်းသော ရေစီးကြောင်းက ဆေးကြောသယ်ဆောင်သွားတော့သည်။

ထိုသို့ဖြင့် တစ်ပြားပြီးတစ်ပြား ကော်တင်နေလိုက်သည်။

စစ်ထုတ်သည့် ပျဉ်ပြားပေါ်တွင် အရွယ်အစားမျိုးစုံရှိသော သဲမှုန်များနှင့် ကျောက်စရစ်ခဲများ အပြည့်ဖြစ်သွားသည့်တိုင်အောင်ပင်။

ရွှီယန်က ပျဉ်ပြားပေါ်ရှိ သဲမှုန်များ အားလုံးကို ရေပုံးထဲသို့ ထည့်ကာ သန့်စင်သွားအောင် ဆေးကြောလိုက်ပြီးနောက် ဆန်ခါတစ်ခုကို ကိုင်ကာ နည်းနည်းချင်းစီ စစ်ထုတ်လိုက်သည်။

ရွှေကျင်ရသည်မှာ ပင်ပန်းသော အလုပ်ဖြစ်သည်။

သို့သော် မြစ်ထဲတွင် ရွှေရှိမှန်း သိနေပြီဖြစ်ရာ သေချာပေါက် လာကျင်ရမည်သာ ဖြစ်သည်။

သူက ပတ်ဝန်းကျင်ကို တစ်ချက် လှည့်ပတ်ကြည့်ရှုလိုက်သည်။

အရပ်လေးမျက်နှာစလုံးတွင် သစ်ပင်ပန်းမန်များ ထူထပ်စွာ ပေါက်ရောက်နေသော သစ်တောရိုင်းများသာဖြစ်ပြီး ပိုးကောင်အော်သံများနှင့် ငှက်မြည်သံများ ရှိသော်လည်း အခြားသော သားရဲတိရစ္ဆာန်များနှင့် လူသားများ သွားလာလှုပ်ရှားသည့် အရိပ်အယောင်များကိုတော့ မတွေ့ရပေ။

ဤနေရာက အလွန်ခေါင်ပြီး လာရောက်သူ အလွန်နည်းပါးလှသည်။ သို့သော်လည်း အဆိုးဆုံးအခြေအနေကို ကာကွယ်ထားရမည်ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ဤအချိန်တွင် တောင်ပေါ်တက်သူများက မနည်းလှချေ။

"တားဟွာ... ငါ့အတွက် နည်းနည်း စောင့်ကြည့်ပေးထားနော်... လူလာရင် ငါ့ကို ပြောပြဦး"

ရွှီယန်က မိခင်ကျားသစ်မကြီးကို လှမ်းပြောလိုက်သည်။

မိခင်ကျားသစ်မကြီးက ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး လေးလံသော နှာမှုတ်သံတစ်ချက် ပြုလုပ်ကာ တုံ့ပြန်လိုက်သည်။ နားလည်သလားဆိုသည်ကိုတော့ မသိရပေ။

ရွှီယန်က ဆန်ခါဖြင့် နည်းနည်းချင်းစီ ဆက်လက်စစ်ထုတ်နေလိုက်ပြီး ဆန်ခါထဲတွင် သဲမှုန်များနှင့် ကျောက်စရစ်ခဲများ သိပ်မကျန်တော့ချိန်တွင် မျက်စိဖြင့် စတင်ရွေးချယ်တော့သည်။

အလွန်သေးငယ်သော ရွှေမှုန်လေး ခုနစ်မှုန်၊ ရှစ်မှုန်ခန့်ကို တွေ့လိုက်ရပြီး တစ်ခုချင်းစီမှာ ဝ.၅ ဂရမ်ပင် ပြည့်မည်မထင်ပေ။ သို့သော် နည်းနည်းချင်းစီ စုဆောင်းသွားပါက အားလုံးပေါင်းလိုက်လျှင် တန်ဖိုးက နည်းမည်မဟုတ်ပေ။

ရွှေမှုန်များ၏ အရည်အသွေးက အလွန်ကောင်းမွန်လှရာ အပိုဆောင်း ပြုပြင်မွမ်းမံရန်ပင် မလိုဘဲ တိုက်ရိုက်ရောင်းချ၍ ရသည်။ သေချာသည်ကတော့ ရွှီယန်အနေဖြင့် ရွှေရောင်းမည်ဆိုပါက ကိုယ်တိုင် ပြုပြင်မွမ်းမံမည်သာ ဖြစ်သည်။

ရွှီယန်က ရွှေမှုန်လေးများကို စုဆောင်းလိုက်ရာ စိတ်ထဲတွင် အတော်လေး စိတ်လှုပ်ရှားနေမိ၏။

'ဒီမြစ်ထဲမှာ တကယ်ပဲ ရွှေတွေရှိနေတာပဲ'

'ရွှေမြစ်'

'ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို အားကိုးပြီး ဒီလိုနေရာမျိုးကို ရှာတွေ့လိမ့်မယ်လို့ ထင်မထားခဲ့ဘူး'

'တောင်ပေါ်မှာ တကယ်ကို နေရာတိုင်းက ရတနာတွေချည်းပဲ’

All Chapters