← Chapters

အခန်း ၈၀

Vol. 8 Ch. 80

အခန်း ၈၀

Vol. 8 Ch. 80

အခန်း (၈၀) ဝမ်းနည်းလွန်း၍ အသံကုန်ဟစ်ငိုနေသော မြေခွေးပေါက်လေး

ရွှီယန်သည် တောင်ပေါ်တွင် ဆက်လက်၍ ရွှေကျင်နေ၏။ မြစ်တစ်ဝိုက်တွင် စိမ်းလန်းစိုပြည်သော သစ်တောကြီးများသာရှိပြီး လူသားများ ဖြတ်သန်းသွားလာထားသည့် အရိပ်အယောင် လုံးဝမရှိပေ။

ဤနေရာသည် အန္တရာယ်များ နေရာတိုင်းတွင် ပြည့်နှက်နေသော တောနက်ကြီးဖြစ်သည်။ တိရစ္ဆာန်များအတွက်မူ မြစ်ကမ်းဘေးသို့ ရေသောက်ဆင်းလျှင်ပင် သတိကြီးစွာ ထားနေရတတ်သည်။ မည်သည့်နေရာမှ သားရဲတိရစ္ဆာန်တစ်ကောင် ရုတ်တရက် ခုန်ထွက်လာမည်ကို မသိနိုင်ပေ။

ရွှီယန်ကမူ သတိထားနေရသည့်ပုံစံ လုံးဝမရှိချေ။ ထို့ထက် သူ၏အာရုံများသည် မြစ်ရေထဲတွင်သာ ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် ကမ်းစပ်တွင် သူ့ကို အဖော်ပြုပေးနေသော ကျားသစ်နှစ်ကောင် ရှိနေသောကြောင့်ပင်။

မိခင်ကျားသစ်မကြီး မြက်ခင်းပေါ်တွင် လှဲနေသည်ဖြစ်ရာ မည်သည့်တိရစ္ဆာန်မျှ အနားသို့ မကပ်ရဲကြချေ။

အချိန်အနည်းငယ်ကြာသော် သမင်ပြောက်လေးတစ်ကောင်သည် မြစ်ကမ်းဘေးသို့ ရေသောက်ရန် ခုန်ပေါက်ကာ ရောက်လာခဲ့သည်။ အပြင်သို့ ထွက်လာသည်နှင့် မိခင်ကျားသစ်မကြီးနှင့် မျက်လုံးချင်း သွားဆုံလေတော့သည်။

သမင်ပြောက်လေးသည် လန့်ဖျပ်သွားပြီး ခြေကုန်သုတ် ပြေးတော့သည်။ အမြင့်သို့ ခုန်တက်သွားကာ မျက်စိတစ်မှိတ်အတွင်းမှာပင် တောအုပ်ထဲသို့ ပျောက်ကွယ်သွား၏။ မိခင်ကျားသစ်မကြီးမှာ ယခုလောလောဆယ် ဗိုက်မဆာသေးသဖြင့် အမဲလိုက်လိုစိတ် မရှိပေ။

ရွှီယန်သည် သူ၏ရွှေကျင်ခရီးစဉ်ကို ဆက်လက်လုပ်ဆောင်နေသည်။ ကိုယ်တိုင် ကြိုးစားအားထုတ်မှုဖြင့် ထိရောက်စွာ ငွေရှာနိုင်သော ခံစားချက်က အလွန်ပင် ကောင်းမွန်လွန်းလှ၏။

သူသည် သဲများကို ဂေါ်ပြားဖြင့် သုံးလေးကြိမ်ခန့် ကော်ယူကာ စစ်ထုတ်သည့် ပျဉ်ပြားပေါ်သို့ တင်လိုက်သည်။ ထို့နောက် ခဏမျှ ငြိမ်သက်စွာ စောင့်နေလိုက်ပြီး သဲမှုန်များနှင့် ကျောက်စရစ်ခဲများ အားလုံးကို ရေပုံးထဲသို့ ထည့်စိမ်လိုက်၏။ ထို့နောက် ဆန်ခါဖြင့် သုံးလေးကြိမ်ခန့် ပြန်လည် စစ်ထုတ်လိုက်သည်။

ထိုသို့ပြုလုပ်ပါက ၎င်းအထဲမှနေ၍ ရွှေရောင်တလက်လက် တောက်ပနေသော ရွှေမှုန်လေးများကို ရွေးထုတ်၍ ရသွားပြီဖြစ်သည်။

မြစ်ထဲမှ ရွှေများ၏ အရောင်အဆင်းမှာ အနည်းငယ် မှိုင်းပြီး အလွန်အမင်း မတောက်ပလှသော်လည်း အရည်အသွေးကမူ တကယ်ကို ကောင်းမွန်လှသည်။

သေချာသည်မှာ ရွှေကျင်ခြင်းသည် ကံတရားအပေါ်တွင်လည်း အများကြီး မူတည်နေသည်။

တစ်ခါတစ်ရံတွင် သုံးလေးကြိမ်ခန့် စစ်ထုတ်သည့်တိုင် ရွှေမှုန်လေး တစ်မှုန်မျှ မရသည်မျိုးလည်း ရှိတတ်ရာ နေရာပြောင်း၍ ထပ်ကျင်ရတော့သည်။

ကျားသစ်သားအမိနှစ်ကောင်ကမူ မြစ်ထဲတွင် အလုပ်များနေသော ရွှီယန်ကို နားမလည်နိုင်စွာဖြင့် ကြည့်နေကြ၏။ သူတို့သည် လူသားများ၏ လုပ်ငန်းဆောင်တာများကို နားမလည်နိုင်ကြပေ။

ကျားသစ်ပေါက်လေးသည် ပျင်းရိလာသဖြင့် ရွှီယန်ကို ကြည့်ကာ ညောင် ညောင် ဟု နှစ်ခါခန့် လှမ်းအော်လိုက်သေးသည်။

"အလုပ်များနေတယ်ကွ... ခဏနေရင် တက်ခဲ့မယ်"

ရွှီယန်က လက်ကာပြရင်း တုံ့ပြန်လိုက်သည်။

ဤမြင်ကွင်းသည် တကယ်ကို အံ့သြမှင်သက်စရာ ကောင်းသည်ဟု ဆိုရမည်။ လူတစ်ယောက်တည်း တောနက်ထဲတွင် အလုပ်လုပ်နေပြီး ဘေးတွင် ကျားသစ်နှစ်ကောင်က အဖော်ပြုပေးနေခြင်းပင်။ ဤသို့သော မြင်ကွင်းမျိုးကို တောတောင်ထဲတွင် မြင်တွေ့ရရန်မှာ မလွယ်ကူလှပေ။

ရွှီယန်သည် ဤသို့ဖြင့်ပင် အလုပ်များ ဆက်တိုက် လုပ်ဆောင်နေခဲ့သည်။ ခေါင်းပေါ်မှ နေရောင်ခြည်သည်လည်း ပို၍ ပို၍ စူးရှလာ၏။

ကံကောင်းသည်မှာ အေးမြသော ကောက်ရိုးဦးထုပ်လေးကို ဆောင်းထားပြီး နေလောင်ဒဏ်ကို ကာကွယ်ပေးသည့် အလိုအလျောက် စွမ်းရည်လေးပါ ရှိနေခြင်းဖြစ်သည်။ သို့မဟုတ်ပါက ဤကဲ့သို့ နှစ်ရက်ခန့် ပင်ပင်ပန်းပန်း လုပ်လိုက်လျှင် အသားအရေသည် တက္ကသိုလ် ပထမနှစ် စစ်ပညာသင်တန်းမှ ပြန်လာသူကဲ့သို့ မည်းတူးသွားမည်မှာ သေချာလှသည်။

မွန်းတည့်ချိန်သို့ ရောက်သောအခါ ရွှီယန်သည် မြစ်ကမ်းဘေးတွင်ထိုင်၍ အနားယူလိုက်သည်။ ထို့နောက် ကြက်သွန်မြိတ် ပေါက်စီကြော် နှစ်ခုနှင့် ရေသန့်တစ်ဗူးကို ထုတ်ယူကာ နေ့လယ်စာအဖြစ် စားသောက်လိုက်၏။

ကျားသစ်ပေါက်လေးသည် သူ အရသာရှိရှိ စားသောက်နေသည်ကို မြင်သောအခါ အနားသို့လျှောက်လာပြီး ပေါက်စီကြော်အနံ့ကို လာရောက် ရှူရှိုက်ကြည့်သည်။

"စားကြည့်ချင်လို့လား... မင်းက တောရိုင်းကျားသစ်လေ... ဒီလိုဟာတွေ စားလို့ မရဘူးကွ"

"နောက်ဆိုရင် မင်းဘာသာ အမဲလိုက်ပြီး တိရစ္ဆာန်ငယ်လေးတွေကို ဖမ်းစားရမှာပေါ့"

"ကြိုပြောထားမယ်နော်... ငါ့လယ်ယာခြံဝင်းကို လာရင် ငါမွေးထားတဲ့ အကောင်တွေကိုတော့ ဒုက္ခမပေးနဲ့... အဆိုးဆုံး ငါ မင်းကို အသားနည်းနည်းပါးပါး ကျွေးလို့ရတယ်လေ"

ရွှီယန်သည် အကောင်ပေါက်လေး၏ ခေါင်းကို ပွတ်သပ်ပေးရင်း ပြုံးကာ ပြောလိုက်သည်။

ကျားသစ်များသည် အရွယ်အစားကြီးမားသော ကြောင်မျိုးရင်းဝင် တိရစ္ဆာန်များဖြစ်ကြပြီး ထိပ်တန်း အမဲလိုက် သတ္တဝါများလည်း ဖြစ်ကြသည်။ သဘာဝတရားကြီး၏ ကောင်းမွန်သော ဂေဟစနစ်သည် ဤထိပ်တန်း အမဲလိုက် သတ္တဝါများမပါဘဲ အသက်ဆက်၍ မရနိုင်ပေ။

သို့သော် ရှောင်ဟွာလေးတွင်မူ ကိုယ်ပိုင် အကြံအစည်လေး ရှိနေပုံရသည်။ သူသည် အောင် အောင် ဟု နှစ်ခါခန့် အော်လိုက်သော်လည်း ရွှီယန်ကမူ မည်သည့်အဓိပ္ပာယ်ဖြစ်ကြောင်း နားမလည်ခဲ့ချေ။

ရွှီယန်သည် နေ့လယ်စာစားပြီး ရေသောက်လိုက်၏။ ထို့နောက် သူ ကျင်ထားသော ရွှေများကို ပြန်လည် စစ်ဆေးကြည့်လိုက်သည်။

အလွန်သေးငယ်သော ရွှေမှုန်လေးများသာဖြစ်ပြီး အားလုံးပေါင်းလိုက်ပါက ၇ ဂရမ် မှ ၁၀ ဂရမ်ခန့် အလေးချိန် ရှိသည်။

ရွှေတစ်ဂရမ်လျှင် ယွမ် ၅၀၀ ကျော် ဈေးပေါက်သည်ဖြစ်ရာ မနက်ခင်း တစ်ပိုင်းတည်းနှင့်ပင် ဝင်ငွေ ယွမ် ၅၀၀၀ ခန့် ရရှိနေပြီဖြစ်သည်။

ရွှေကျင်ရခြင်း၏ အကျိုးအမြတ်သည် တကယ်ကို မြင့်မားလွန်းလှ၏။

သေချာသည်မှာ ဤသို့ဖြစ်ရသည့် အကြောင်းရင်း နှစ်ချက် ရှိနေသည်။

ပထမတစ်ချက်မှာ ရွှီယန်နှင့် လုကျင်မည့်သူ မရှိခြင်းပင်။ အကယ်၍သာ လူအုပ်ကြီးက ဤနေရာသို့ လာရောက် ရွှေကျင်ကြမည်ဆိုပါက ရွှေမှုန်လေး တစ်မှုန် ရရန်ပင် ကံကောင်းမှ ရနိုင်မည်ဖြစ်သည်။

ဒုတိယအချက်မှာ ဤနေရာသည် ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ဖြင့် နေရာချထားသော ရွှေထွက်သည့်မြစ် ဖြစ်နေပြီး မည်သူမျှ ရှာဖွေမတွေ့ရှိသေးသောကြောင့်ပင်။

အချိန်အခါ အခွင့်အရေး စနစ် ဤအရာအားလုံးက ပြည့်စုံနေသည်ဖြစ်ရာ သူ ရှာတွေ့နိုင်သည့် ရွှေပမာဏ များပြားနေသည်မှာ သဘာဝပင်ဖြစ်သည်။

'ဝင်ငွေက မဆိုးဘူးပဲ'

'ညနေကျရင် ထပ်ပြီး ကြိုးစားလိုက်ဦးမယ်'

'ဒါပေမဲ့ ရွှေကျင်တာကလည်း အရမ်းကြီး အများကြီး လုပ်လို့မရဘူးလေ... နောက်ပိုင်း ရွှေတွေကို ဘယ်လို ပြန်ရောင်းရမလဲဆိုတာ ပြဿနာတစ်ခုပဲ'

ရွှီယန်က စိတ်ထဲမှ တွေးလိုက်သည်။

ဤကဲ့သို့သော ကိစ္စမျိုးကို ဖြည်းဖြည်းချင်းသာ လုပ်ဆောင်ရမည်ဖြစ်သည်။

ယခုလောလောဆယ် လယ်ယာခြံဝင်းမှာ စတင် လည်ပတ်ခါစသာ ရှိသေးသည်။ လုပ်စရာကိုင်စရာများ အများအပြား ကျန်ရှိနေသေးပြီး ဖန်လုံအိမ်ကလည်း နှစ်လုံးတည်း ရှိသည်ဖြစ်ရာ သေးလွန်းသည်ဟုပင် ဆိုနိုင်၏။

မိသားစုလုပ်ငန်းငယ်လေး တစ်ခုထက် အနည်းငယ်မျှသာ ပိုသာသည်။ တောရွာထဲရှိ အချို့မိသားစုများဆိုလျှင် တစ်အိမ်တည်းနှင့်ပင် ဖန်လုံအိမ် သုံးလေးလုံးခန့် ငှားရမ်း လုပ်ကိုင်နေကြသည် မဟုတ်ပါလား။

သို့သော် ရွှီယန်အတွက်မူ ဖန်လုံအိမ်တစ်လုံး ရင်းနှီးမြှုပ်နှံရန် ယွမ်တစ်သိန်းခန့် လိုအပ်သည်။ သူ၏လက်ထဲတွင် ငွေသိပ်မရှိသဖြင့် အနည်းငယ်တော့ ဖိအားရှိနေ၏။ ထို့ကြောင့် တစ်ဆင့်ချင်းစီသာ သွားရမည်ဖြစ်သည်။

မြစ်ကမ်းဘေးတွင် ခဏမျှ အနားယူပြီးနောက် ရွှီယန်သည် ကျားသစ်ပေါက်လေးနှင့် သွားရောက် ကစားလိုက်သည်။

အကောင်ပေါက်လေးက ရွှီယန်နှင့် ဆော့ကစားရသည်ကို အလွန်သဘောကျ၏။

ရွှီယန်က သူ့ကို ပွတ်သပ်ပေးသောအခါ မြေပြင်ပေါ်သို့ လှဲချကာ ဝမ်းဗိုက်လေးကို လှန်ပြထားတတ်သည်။ ထူထဲသော လက်သည်းကြီး နှစ်ဖက်ကိုလည်း ရုပ်သိမ်းထားပြီး သဘောရှိ ပွတ်သပ်ခွင့်ပေးထားသည့် ပုံစံမျိုး လုပ်ပြနေ၏။ အကျင့်စရိုက်လေးက အလွန်လိမ္မာပြီး ချစ်စရာ ကောင်းလှသည်။

ကျားသစ်ပေါက်လေး၏ ကိုယ်ပေါ်ရှိ အစက်အပြောက်လေးများက အလွန်ကြည့်ကောင်းသည်။ ထူးဆန်းသည်မှာ ရွှီယန်၏ မျက်လုံးထဲတွင် ကျားသစ်ကွက် အဝတ်အစားများဆိုပါက ကပ်ဘေးတစ်ခုကဲ့သို့ပင် လုံးဝ ကြည့်မရချေ။ သို့သော် ကျားသစ်ပေါက်လေး၏ တစ်ကိုယ်လုံးရှိ ကျားသစ်ကွက်များကမူ အလွန်လှပနေပြန်သည်။

ဤဒေသတွင် ကျားသစ်ကွက် အပေါ်ထပ် အင်္ကျီ သို့မဟုတ် ဘောင်းဘီများကို ဝတ်ဆင်ရသည်ကို သဘောကျသူများ ရှိသည်။ ရွှီယန်က မြင်ရတိုင်း အကျည်းတန်လွန်းသည်ဟု ခံစားရ၏။

သေချာသည်မှာ သူသည် အပြင်ပန်းတွင်မူ ဘာမျှမသိသကဲ့သို့သာ နေလိုက်သည်။ မိမိ၏ အလှအပ ခံစားမှုစံနှုန်းကို မိမိသိလျှင် ရပြီဖြစ်သည်။ အခြားသူများ၏ ရွေးချယ်မှုကိုလည်း လေးစားရမည်သာ။

သို့သော် ကျားသစ်ပေါက်လေး၏ ကိုယ်ပေါ်ရှိ ကျားသစ်ကွက်များနှင့် မိခင်ကျားသစ်မကြီး ကိုယ်ပေါ်ရှိ ကျားသစ်ကွက်များကမူ အလွန် ကြည့်ကောင်းနေပြန်သည်။ အမည်းရောင် အစက်အပြောက်လေးများက တလက်လက် တောက်ပနေသကဲ့သို့ပင်။ တကယ်ကို သဘာဝအတိုင်းက အကောင်းဆုံးပင်ဖြစ်သည်။

"ကဲ... ငါ အလုပ်လုပ်ရဦးမယ်"

"မင်း အရင်နားနေလိုက်ဦးပေါ့"

ရွှီယန်သည် အရှည်လည်တိုင်ပါသော ရာဘာဖိနပ်ကို စီးကာ မတ်တတ်ရပ်လိုက်၏။ ထို့နောက် မြစ်ရေထဲသို့ ထပ်မံဆင်းသွားပြီး သူ၏ ရွှေကျင်သည့် အလုပ်ကြီးကို ဆက်လုပ်ပါတော့သည်။

ရွှေကျင်နေသရွေ့ သူ၏ကိုယ်ပေါ်တွင် သုံး၍မကုန်နိုင်သော ခွန်အားများ ရှိနေသကဲ့သို့ပင်။

ဂေါ်ပြားဖြင့် ကော်တင်လိုက်သည့် အကြိမ်တိုင်းက မသိနိုင်သော အရာများဖြစ်သည်။ ၎င်းအထဲတွင် ရွှေများ ပါကောင်းပါနိုင်သကဲ့သို့ မပါသည်လည်း ဖြစ်နိုင်သည်။ ဤသို့သော ခံစားချက်က လူကို အလွန်ပင် စွဲလမ်းစေ၏။

မွန်းတည့်ချိန် နေရောင်က အနည်းငယ် ပြင်းထန်နေပြီး မြစ်ရေသည် နေရောင်ကြောင့် ပို၍ ကြည်လင်တောက်ပနေသည်။

ရွှီယန်သည် ကောက်ရိုးဦးထုပ်ကို ဆောင်းထားပြီး တစ်ကိုယ်လုံး ချွေးများရွှဲနေသော်လည်း သက်သောင့်သက်သာ မဖြစ်သည့် ခံစားချက်မျိုး လုံးဝ မရှိချေ။ ကောက်ရိုးဦးထုပ်၏ အရိပ်က မျက်နှာကို ကာကွယ်ပေးထားပြီး လည်ပင်းတွင်လည်း တဘက်တစ်ထည်ကို ချိတ်ဆွဲထားသည်။ လက်နှစ်ဖက်ခန့်သာ အပြင်သို့ ထွက်နေသည်ဖြစ်သော်လည်း အလွန်ပင် ပေါ့ပါးလန်းဆန်းနေဆဲဖြစ်သည်။

ဤသို့ နေပူပြင်းသော အခြေအနေမျိုးဆိုလျှင် လူအတော်များများမှာ ညဘက် အိမ်ပြန်ရောက်သည်နှင့် အသားများ နီရဲလာပြီး အရေခွံများပင် ကွာကျသွားနိုင်သည်။

စနစ်က ဆုချထားသော အလိုအလျောက် စွမ်းရည်လေးဖြစ်သည့် ထိရောက်သော နေလောင်ကာကွယ်မှု က ဤအချိန်တွင် တကယ့်ကို အရေးပါနေတော့သည်။

ရွှီယန်သည် ဤသို့ဖြင့်ပင် တောင်ပေါ်၌ တစ်ယောက်တည်း ရွှေကျင်နေလိုက်၏။

အသံတိတ်ကာ အလုပ်ကြီးအကိုင်ကြီး လုပ်ဆောင်နေခြင်းဖြစ်သည်။ သူသည် စိတ်ရှည်သည်းခံနိုင်စွမ်းရှိသော လူတစ်ယောက်ဖြစ်၏။

ဤသို့သော အကျင့်စရိုက်မျိုးက လိုက်ဖ်လွှင့်သူများကြားတွင် အတော်လေး ရှားပါးလှသည်။ အဘယ်ကြောင့်ဆိုသော် လိုက်ဖ်လွှင့်သူ အများစုမှာ ကိစ္စလေးတစ်ခု ရှိသည်နှင့် တစ်ကမ္ဘာလုံး သိအောင် ကြေညာချင်ကြသောကြောင့်ပင်။

စစ်ထုတ်သည့် ပျဉ်ပြားဖြင့် နောက်ထပ် သုံးလေးကြိမ်ခန့် ထပ်မံစစ်ကြည့်သော်လည်း ထွက်လာသော သဲမှုန်များထဲတွင် ရွှေမှုန် တစ်မှုန်မျှ မပါလာချေ။

ရွှီယန်သည် အနည်းငယ် စိတ်ပျက်သွားသော်လည်း အလောတကြီး မရှိဘဲ ဆက်လက်၍ ရွှေကျင်နေလိုက်၏။

သို့သော် ဤတစ်ကြိမ် စစ်ထုတ်လိုက်သော သဲမှုန်များနှင့် ကျောက်စရစ်ခဲများထဲတွင်မူ ကြယ်လေးများကဲ့သို့ တောက်ပနေသော ရွှေမှုန်လေးအချို့ ပါလာခဲ့သည်။ ၎င်းအထဲမှ ရွှေမှုန်တစ်မှုန်ဆိုလျှင် အလေးချိန် ၁ ဂရမ်ခန့် ရှိပြီး ဒီနေ့အတွက် အကြီးဆုံး ရွှေမှုန်လေးပင် ဖြစ်သည်။

'ဒီနယ်မြေက ရွှေတွေက ငါထင်ထားတာထက် ပိုများနေတာပဲ'

'ဘာလို့လဲဆိုတော့ ဒီနေရာက မြစ်ကြမ်းပြင်က နည်းနည်း နိမ့်နေလို့လေ... မြစ်ရေက ဒီနေရာကို ဖြတ်စီးသွားတဲ့အခါ အလေးချိန်စီးတဲ့ သတ္တုတွေနဲ့ ကျောက်ခဲတွေက အောက်ခြေမှာ စုပုံသွားတာပေါ့'

'တောင်ကြောထဲမှာ ဒါမှမဟုတ် မြေအောက်မှာ ရွှေကြော ရှိနေလို့လည်း ဖြစ်နိုင်တယ်... ရွှေမှုန်လေးတွေက မြေအောက်ရေနဲ့အတူ ပါလာတာ ဖြစ်မယ်လေ'

ရွှီယန်က စိတ်ထဲမှ တွေးလိုက်၏။

ဤနေရာသည် တကယ်ကို သူ၏ နေရာသစ်လေး တစ်ခု ဖြစ်လာခဲ့ပြီဖြစ်သည်။ နောက်ပိုင်း အလုပ်မရှိပါက တောင်ပေါ်သို့တက်၍ ရွှေလာကျင်ရန်သာ ရှိတော့သည်။

ညနေ သုံးနာရီကျော်ခန့်သို့ ရောက်သောအခါ ရွှီယန်သည် အိမ်ပြန်ရန် ပြင်ဆင်လိုက်သည်။

အိမ်ပြန်ရန်အတွက် တောင်ပေါ်လမ်းကို နှစ်နာရီကျော်ခန့် လမ်းလျှောက်ရဦးမည်ဖြစ်သည်။ ထို့အပြင် အပြန်လမ်းတွင် တောင်ထွက်ပစ္စည်းလေးများကိုပါ ထပ်ရှာချင်သေး၏။ တန်ဖိုးမရှိသည့်အရာများဆိုလျှင်လည်း ရသည်။

သူသည် မြစ်ကမ်းဘေးသို့ လျှောက်သွားပြီး ပေါ့ပါးသော အားကစားဖိနပ်ကို လဲစီးကာ ကိရိယာများကို သိမ်းဆည်းလိုက်သည်။

ထို့နောက် ကျောပိုးအိတ်ကို လွယ်ကာ လက်တစ်ဖက်က အနီရောင် ရေပုံးကို ဆွဲပြီး နောက်လက်တစ်ဖက်က ဂေါ်ပြားကို ကိုင်ကာ တောင်အောက်သို့ ဆင်းလာခဲ့၏။

ရွှေမှုန်လေးများမှာ အိတ်တစ်အိတ် အပြည့်ဖြစ်နေပြီဖြစ်ပြီး တွက်ကြည့်မည်ဆိုပါက ၂၀ ဂရမ်ခန့် ရှိသည်။

တစ်နေ့တာ ဝင်ငွေ ယွမ် တစ်သောင်းပင်။

ဤအကျိုးအမြတ်သည် တကယ်ကို ချဲ့ကားပြောနေသကဲ့သို့ပင် ဖြစ်သည်။

သို့သော် ရွှေများကို မည်သို့ ပြန်ရောင်းရမည်ဆိုသည်မှာ နောက်ထပ် ပြဿနာတစ်ခုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤပစ္စည်းများသည် စစ်ဆေးမှု တင်းကျပ်ပြီး ရွှေ အရောင်းအဝယ် လုပ်မည်ဆိုပါက ရင်းမြစ်ကို ရှင်းပြရသောကြောင့်ပင်။

အကယ်၍ မှောင်ခိုဈေးကွက်သို့ သွားမည်ဆိုပါက ဝယ်ယူမည့်ဈေးမှာ အနည်းငယ် နှိမ်ထားခံရမည်ဖြစ်သည်။ သို့သော် မှောင်ခိုဈေးကွက်တွင် ပြဿနာ တစ်ခုခု တက်ခဲ့ပါကလည်း ရွှေ၏ ရင်းမြစ်ကို လိုက်လံစုံစမ်းခံရမည်သာ ဖြစ်သည်။ ထို့ကြောင့် ဤသို့သော ငွေမျိုးကို အများကြီး ရှာ၍ မရနိုင်ပေ။

ရွှီယန်သည် တောက်လျှောက် ထွက်လာခဲ့ပြီး လမ်းတွင် မှိုများနှင့် သစ်ရွက်မှိုများကို တွေ့သောအခါ အနည်းငယ်ခူးယူကာ လက်ထဲတွင် ဆွဲလာခဲ့၏။

လမ်းတစ်ဝက်ရောက်သောအခါ မိခင်ကျားသစ်မကြီးသည် ကျားသစ်ပေါက်လေးကို ခေါ်၍ သူမ၏ပိုင်နက်ကို လှည့်လည်ကြည့်ရှုရန် ထွက်သွားတော့သည်။

ရွှီယန်သည် ရွာ၏ နောက်ကျောဘက် တောင်ပေါ်မှ ဖြတ်သွားရမည့် လမ်းတစ်ခုကို ရွေးချယ်လိုက်၏။ နောက်ဘက် တောင်ပေါ်တွင် တောင်ပေါ်တက်သော ရွာသူရွာသားများ ရှိနေတတ်သည်။

ရွာသားနှစ်ယောက်သည် ရွှီယန်နှင့် ဆုံမိသွားပြီး သူက ရေပုံးနှင့် ဂေါ်ပြားကို ဆွဲလာသည်ကို မြင်သောအခါ မေးလိုက်ကြသည်။

"တောင်ထွက်ပစ္စည်း လာရှာတာလား... ဘယ်လိုလဲ ဘာတွေရခဲ့လဲ"

ရွှီယန်က လက်ကာပြရင်း သက်ပြင်းချလိုက်သည်။

"ဒီနေ့ ဘာပစ္စည်းကောင်းမှ မရဘူးဗျာ... သစ်ရွက်မှိုနဲ့ မှိုဝါ နည်းနည်းပဲ ရတယ်လေ"

"ဒီသစ်ရွက်မှိုတွေကိုပဲ အိမ်ပြန်ပြီး အသုပ်သုပ်စားရတော့မှာပေါ့"

"အလကား အပင်ပန်းခံလိုက်ရတာပဲ"

ရွှီယန်၏ ပုံစံကို မြင်သောအခါ သူတို့နှစ်ယောက်သည်လည်း မသိမသာလေး ရယ်မောလိုက်ကြ၏။

"အခုချိန်က ရှာရခက်တယ်လေ... တောနက်ထဲ ဝင်မှရတာကိုး"

ရွှီယန်က ခေါင်းညိတ်လိုက်သည်။

"ဟုတ်ပါ့ဗျာ"

နှုတ်ဆက်ပြီးသည်နှင့် သူသည် ရေပုံးကိုဆွဲကာ တည့်တည့်သာ ထွက်လာခဲ့၏။

ကျောက်ပုံဆန်း က ပြောဖူးသည်။ ကျွန်တော်တို့ဆီတွင် မကောင်းသော ယဉ်ကျေးမှု အလေ့အထတစ်ခု ရှိသည်၊ ၎င်းမှာ တခြားလူများ သနားစရာ ကောင်းနေပါက အရမ်းသဘောကျတတ်ပြီး တခြားလူများ အလွန် အဆင်ပြေနေပါကမူ စိတ်ထဲတွင် မသက်မသာ ဖြစ်တတ်ကြခြင်းပင် ဖြစ်သည်။

ရွှီယန်က ဤသဘောတရားကို ကောင်းစွာ နားလည်ထားသည်။

လိုက်ဖ်လွှင့်နေချိန်တွင် ပစ္စည်းကောင်းများ ရှာတွေ့ခဲ့လျှင်တောင် နှိမ့်ချထားပြီး ကံကောင်း၍သာ ဖြစ်ကြောင်း ပြောလေ့ရှိသည်။ ရွာသားများနှင့် ဆုံလျှင်တော့ ကိုယ် ပစ္စည်းကောင်း ရှာတွေ့ခဲ့သည်ဆိုသည်ကို ပို၍ပင် မပြောသင့်တော့ပေ။

မည်သို့ပင်ဖြစ်စေ မိမိ၏ဘဝကို မိမိသာ ဖြတ်သန်းရမည် မဟုတ်ပါလား။

သူသည် တောက်လျှောက် လျှောက်လာခဲ့ပြီး ရွာထဲသို့ ရောက်လာခဲ့၏။ သူ၏ လယ်ယာခြံဝင်းနှင့် ၅ ကီလိုမီတာခန့် ဝေးသေးသည်။

ရွှီယန်သည် တကယ်ကို လမ်းဆက်မလျှောက်ချင်တော့သဖြင့် အိမ်ရှိ ဆိုင်သို့သွားကာ ခူးလာသော သစ်ရွက်မှိုများကို မိဘများထံ ပေးထားခဲ့သည်။ ထို့နောက် ဖခင်ဖြစ်သူကို ဗင်ကားလေး မောင်း၍ သူ့ကို ပြန်ပို့ခိုင်းလိုက်၏။

အလုပ်များသော နေ့တစ်နေ့ပင် ဖြစ်သည်။

လယ်ယာခြံဝင်းသို့ ပြန်ရောက်သောအခါ ရွှီယန်သည် အရင်ဆုံး ရေချိုးပြီး အဝတ်အစား လဲလိုက်သည်။ ပေါ့ပါးသော ညှပ်ဖိနပ်ကို စီးကာ ရွှေများ အားလုံးကို အဖြူရောင် ဆေးပုလင်းလေးထဲသို့ ထည့်လိုက်၏။

ထို့နောက် ဆေးပုလင်းကို ဆောင်းတွင်းမှ စီးသော ဂွမ်းဖိနပ်တစ်ရန်ထဲတွင် ဖွက်ထားလိုက်ပြီး ဂွမ်းဖိနပ်ကို ဖိနပ်ဘူးထဲ ထည့်ကာ သူ၏ကုတင်ဘေးရှိ စားပွဲပုလေးအောက်တွင် ထားလိုက်သည်။

သူက ချိန်တွယ်ကြည့်လိုက်ပါသေးသည်။ ဒီနေ့ကျင်၍ရသော ရွှေမှာ ၂၂ ဂရမ် ရှိပြီး အရင်က ရထားသော အနည်းငယ်ကြီးသည့် ရွှေမှုန် ၄ ခုနှင့်ပါ ပေါင်းလိုက်လျှင် ဤသဲရွှေများ အားလုံးပေါင်း ၁၁၅ ဂရမ် ရှိသည်။

စုစုပေါင်းတန်ဖိုး ယွမ် ငါးသောင်းကျော်ခန့် ရှိ၏။

ရွှေ၏ ဆွဲဆောင်မှုကို ဤနေရာမှတစ်ဆင့် မြင်တွေ့နိုင်ပေသည်။

၎င်းသည် သူ၏ ရွှေတိုက်ငယ်လေးတစ်ခုဟုပင် ဆိုနိုင်သည်။ လယ်ယာခြံဝင်းပိုင်ရှင် တစ်ယောက်အနေဖြင့် ရွှေတိုက်ငယ်လေး တစ်ခုရှိသည်မှာ ပုံမှန်ပင်ဖြစ်သည်။

ညနေဘက်တွင်မူ သေချာစွာ အနားယူရန် သူ ရည်ရွယ်ထား၏။ မနက်ဖြန်တွင် အင်တာနက်သုံးစွဲသူများကို တောင်ပေါ်တက်၍ လိုက်ဖ်လွှင့်မည်ဟု ကတိပေးထားသေးသည်။

အဓိကအားဖြင့် ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်၏ အကြိမ်ရေ စုဆောင်းထားမှုမှာ လုံလောက်နေပြီဖြစ်ရာ တောင်ပေါ်တက်ပြီး လျှောက်လည်ရတော့မည်ဖြစ်သည်။

'ဒီတစ်ခါ တောင်ပေါ်က ပြန်လာရင်တော့ မြို့ထဲသွားပြီး နှိပ်နယ်ရမယ်... သန့်သန့်ပြန့်ပြန့်ရှိတဲ့ ရေချိုးခန်းတစ်ခုကို သွားပြီး ခြေထောက်လေး ဘာလေး နှိပ်ရမယ်လေ'

ရွှီယန်က စိတ်ထဲမှ တွေးလိုက်သည်။

ခြေထောက်နှိပ်ရသည်မှာ အတော်လေး စိတ်ဝင်စားစရာ ကောင်းသည်။ တကယ်လို့ နှိပ်ပေးသူက ရုပ်ရည်လေး အနည်းငယ် ချောမည်ဆိုပါက ပို၍ပင် စိတ်ဝင်စားစရာ ကောင်းမည်ဖြစ်သည်။

ရွှီယန်သည် ခွေးခြေခုံလေးကို ယူလာပြီး ခြံဝင်းထဲတွင် ထိုင်ကာ လေညင်းခံနေလိုက်၏။

နေဝင်ဆည်းဆာ အချိန်ဖြစ်ပြီး လေကလည်း မပြင်းမပျော့ တိုက်ခတ်နေသည်ဖြစ်ရာ အလွန်ပင် နေ၍ကောင်းလှသည်။

ထိုအချိန်တွင်ပင် ရွှီယန်သည် အူး အူး ဆိုသော အော်သံလေးများကို ရုတ်တရက် ကြားလိုက်ရသည်။

သူက လှည့်ကြည့်လိုက်သောအခါ မြေခွေးပေါက်လေး တစ်ကောင်က သူ့ဆီသို့ ပြေးလာနေသည်ကို မြင်လိုက်ရ၏။ ဝမ်းနည်းပက်လက်နှင့် အသံကုန်ဟစ် အော်လာခြင်းဖြစ်ပြီး ငိုပင် ငိုထားသည့်ပုံပင်။

"ဟ... ဘယ်လိုဖြစ်တာလဲ"

ရွှီယန်က ချက်ချင်း မတ်တတ်ရပ်လိုက်သည်။

မြေခွေးပေါက်လေးက ရွှီယန်၏ရှေ့သို့ ရောက်လာသောအခါ ဆက်၍ ဟန်မဆောင်နိုင်တော့ဘဲ အသံကုန်ဟစ် ငိုချပါတော့သည်။

"ဘယ်သူ အနိုင်ကျင့်လိုက်တာလဲ... မင်းအစ်ကိုနဲ့ ရန်ဖြစ်ပြီး ရှုံးလာတာလား"

ရွှီယန်က အကောင်ပေါက်လေး၏ ခေါင်းကို ပွတ်သပ်ပေးရင်း ချော့မော့လိုက်၏။

အထီး မြေခွေးပေါက်လေး နှစ်ကောင်မှာ ခဏခဏ ရန်ဖြစ်တတ်သော်လည်း ပုံမှန်အားဖြင့်မူ ဆော့ကစားရုံလောက်သာဖြစ်သည်။ တစ်ဖက်ကို ငိုသည့်အထိတော့ မလုပ်တတ်ကြပေ။

ထိုအချိန်တွင်ပင် ကျန်သော မြေခွေးပေါက်လေး နှစ်ကောင်ကလည်း ပြေးလာကြသည်။ သူတို့၏ ပုံစံက ပုံမှန်ပင်ဖြစ်သည်။ ဤမြေခွေးပေါက်လေးကို ငိုအောင် လုပ်လိုက်သူမှာ တခြားသူ ဖြစ်နေပုံရ၏။

မည်သူကများ မြေခွေးပေါက်လေးကို ငိုအောင် လုပ်လိုက်သနည်းဟု ရွှီယန် တွေးနေစဉ်မှာပင် ချီလင်းကြောင် ဆန်းဗျောင်း က အလောတကြီး မရှိဘဲ လျှောက်လာနေသည်ကို မြင်လိုက်ရသည်။

ချီလင်းကြောင်ကို မြင်လိုက်ရသည်နှင့် မြေခွေးပေါက်လေး နှစ်ကောင်က ချက်ချင်းပင် ရွှီယန်၏ အနောက်သို့ ပြေးသွားပြီး သွားဖြီးပြနေကြ၏။

ဝမ်းနည်းနေသော မြေခွေးပေါက်လေးကမူ တစ်ဖက်က ငိုနေပြီး တစ်ဖက်က ဆန်းဗျောင်းကို စိုက်ကြည့်နေသည်။ ကောင်းကင်ကြီး ပြိုကျမတတ် ဝမ်းနည်းသွားသကဲ့သို့ ပို၍ပင် ကျယ်ကျယ်လောင်လောင် အော်ငိုလာပါတော့သည်။

ရွှီယန်မှာ ငိုရခက် ရယ်ရခက် ဖြစ်သွားပြီး မြေခွေးပေါက်လေးကို အမြန် ပွတ်သပ် ချော့မော့နေရပါတော့သည်။

All Chapters