အခန်း ၈၁
Vol. 9 Ch. 81
အခန်း (၈၁) ထူးဆန်းသော တောင်ထွက်ပစ္စည်း... ခေါင်းပေါ်က ပုလဲတစ်လုံး
မြေခွေးပေါက်လေးမှာ ချီလင်းကြောင်၏ အရိုက်ခံလိုက်ရသဖြင့် ငိုနေသည်ကို မြင်သောအခါ ရွှီယန်လည်း မည်သူ့ကို ကူညီပေးရမည်မှန်း မသိဖြစ်သွားသည်။
ဤမြေခွေးပေါက်လေးက တော်တော်လေး ငိုတတ်သည့် အကောင်လေးဖြစ်သည်။ အရင်တစ်ခေါက်ကလည်း ရွှီယန် ဖမ်းမိပြီး လှောင်အိမ်ထဲ ထည့်ထားစဉ်က ဝမ်းနည်းပက်လက်နှင့် အသံကုန်ဟစ် ငိုခဲ့ဖူးသည်။ ထိုစဉ်က ရွှီယန်က စပျစ်သီးအချို့ ကျွေးလိုက်မှသာ ပုံမှန်ပြန်ဖြစ်သွားခဲ့ခြင်းဖြစ်သည်။ ယခုလည်း ချီလင်းကြောင် အရိုက်ခံရပြီး ထပ်ငိုနေပြန်ပြီဖြစ်ကြောင်း သူ ထင်မထားခဲ့ပေ။
မြေခွေးပေါက်လေးက အရွယ်မရောက်သေးသဖြင့် လက်ရှိ အရွယ်အစားမှာ ချီလင်းကြောင်နှင့် သိပ်မကွာလှပေ။ ခန္ဓာကိုယ်အလေးချိန်တွင် အသာစီးမရသလို ကြောင်များလောက်လည်း မသွက်လက်သဖြင့် သေချာပေါက် ယှဉ်ချနိုင်မည် မဟုတ်ပေ။
ဤချီလင်းကြောင်က ရွာထဲရှိ ကြောင်ခေါင်းဆောင်ဖြစ်ရာ ပြဿနာရှာသည့် ကြောင်များနှင့် တွေ့လျှင် စကားများမနေဘဲ တိုက်ရိုက်ပင် လက်ပါတတ်သည်။
ချီလင်းကြောင်များတွင်လည်း အမျိုးအစား ခွဲခြားထားသည်။ ချီလင်းကြောင် အချို့မှာ ခြေထောက်လေးဖက်စလုံး အဖြူရောင်ဖြစ်နေသဖြင့် ခြေအိတ်ဖြူ အားကစားသမား ဟု ခေါ်ဝေါ်ကြသည်။ သို့သော် မျက်စိရှေ့မှ ဆန်းဗျောင်းကမူ ခြေထောက်လေးဖက်စလုံး အမည်းရောင်စစ်စစ် ဖြစ်နေ၏။ ဤကဲ့သို့သော ခြေအိတ်မည်း အားကစားသမားများက ပို၍ ဖိအားပေးနိုင်စွမ်း ရှိကြသည်။
"ဆန်းဗျောင်း... သူတို့က ခြံထဲက သူငယ်ချင်းတွေလေ... သွားမရိုက်နဲ့ကွာ"
"မင်းက ကြွက်ဖမ်းပေးရင် ရပြီပေါ့"
"သူတို့က မင်းကို ပြဿနာမရှာပါဘူးကွ"
ရွှီယန်က မြေခွေးပေါက်လေးကို ပွေ့ချီကာ ချော့မော့လိုက်ပြီး ဆန်းဗျောင်းကိုလည်း စကားကောင်းလေးများ ပြောပေးနေရသည်။ ချီလင်းကြောင်က ဤဘက်သို့ စက္ကန့်အနည်းငယ်ခန့် ကြည့်လိုက်ပြီးနောက် ဂရုမစိုက်ဟန်ဖြင့် ထွက်ခွာသွားတော့သည်။
မြေခွေးများကို ချော့ရသည်မှာ အလွန်လွယ်ကူသည်။ ရွှီယန်၏ အခန်းထဲတွင် စားစရာများစွာရှိပြီး သစ်သီးခြောက်များနှင့် အမဲသားခြောက်တုံးလေးများလည်း ရှိသည်။ သူက အခန်းထဲသို့ပြန်ဝင်ကာ သစ်သီးခြောက်များ ယူလာပြီး ထိုင်ခုံပေါ်တွင်ထိုင်၍ မြေခွေးလေးကို ခွံ့ကျွေးလိုက်သည်။
တကယ်ပင် ခုနက သနားစရာကောင်းလောက်အောင် ငိုယိုနေသော မြေခွေးလေးမှာ သစ်သီးခြောက်ကို စားရသည်နှင့် ချက်ချင်းပင် အငိုတိတ်သွားတော့သည်။
ဤအကောင်ပေါက်လေးမှာ မိုးရွာလိုက် နေပူလိုက်ကဲ့သို့ စိတ်ခံစားချက် အပြောင်းအလဲ အလွန်မြန်ဆန်လှသည်။ အချို့သော တိရစ္ဆာန်များဆိုလျှင် အနိုင်ကျင့်ခံရပါက နာရီပေါင်းများစွာကြာအောင် ငိုယိုနေတတ်ပြီး ချော့၍ပင် မရနိုင်ချေ။ ဥပမာအားဖြင့် ပန်ဒါများနှင့် ကိုအာလာဝက်ဝံများပင် ဖြစ်သည်။ ဤမြေခွေးပေါက်လေးကမူ ပုံမှန်အခြေအနေသို့ မြန်မြန်ဆန်ဆန် ပြန်ရောက်သွားသည်။
တကယ်တမ်းတွင် ထိုမြေခွေးလေးမှာ ဘာမှမဖြစ်ခဲ့ပေ။ ချီလင်းကြောင်ထံ သွားရောက်ဆော့ကစားချင်ရုံသာဖြစ်သော်လည်း ချီလင်းကြောင်က ဆက်တိုက် ပါးသုံးချက် ချပစ်လိုက်ခြင်းဖြစ်သည်။ မြေခွေးပေါက်လေးမှာ ဝမ်းနည်းသွားသဖြင့် ရွှီယန်ထံ ပြေးလာကာ ငိုယိုတိုင်တန်းခြင်းဖြစ်သည်။
ချီလင်းကြောင် ခုနက လျှောက်လာရခြင်းမှာလည်း မည်သို့ဖြစ်သွားသည်ကို လာရောက်ကြည့်ရှုခြင်းဖြစ်သည်။ ဘာလို့များ ဒီကောင်က ငိုနေရတာလဲ။ ယေဘုယျအားဖြင့် ကြောင်များသည် ငိုလေ့မရှိကြဘဲ အရိုက်ခံရလျှင် အရှုံးပေးလိုက်ခြင်း သို့မဟုတ် ကြောက်လန့်တကြား ထွက်ပြေးသွားခြင်းမျိုးသာ ရှိတတ်သည်။ ထို့ကြောင့် ဆန်းဗျောင်းမှာ အနည်းငယ် ကြောင်တောင်တောင် ဖြစ်သွားခြင်းဖြစ်သည်။
တကယ်ပင် မြေခွေးပေါက်လေး ဤသို့ ငိုယိုလိုက်သောအခါ ဆန်းဗျောင်းက နောက်နောင်တွင် ၎င်းတို့ကို အနိုင်မကျင့်တော့ရန် ဆုံးဖြတ်လိုက်သည်။ ရန်ဖြစ်သည်နှင့် ငိုတတ်သော အကောင်မျိုးကို ဘယ်သူက ခံနိုင်ရည်ရှိမည်နည်း။
အရသာရှိသော သစ်သီးခြောက်များကို စားရပြီးနောက် မြေခွေးပေါက်လေး သုံးကောင်လုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွားကြသည်။ ရွှီယန်က သူတို့နှင့် ခဏမျှ ကစားပေးလိုက်ပြီးနောက်မှသာ ထိုအကောင်ပေါက်လေးများက လယ်ယာခြံဝင်းမှ ပျော်ရွှင်စွာ ထွက်ခွာသွားကြပြီး အိပ်ရန်အတွက် ကိုယ်ပိုင် အသိုက်များဆီသို့ ပြန်သွားကြတော့သည်။
ရွှီယန်သည်လည်း ဒီနေ့ စောစောအိပ်ရာဝင်လိုက်သည်။ ဒရုန်းနှင့် လက်ကိုင်ဖုန်းကို အားအပြည့်သွင်းထားပြီး ပါဝါဘန့်တစ်ခုကိုလည်း ယူဆောင်ထားသည်။ ကျန်ရှိနေသည်များမှာ ရိုးရှင်းသော တဲတစ်လုံးနှင့် ကိရိယာအချို့သာ ဖြစ်သည်။
တောင်ပေါ်တက်ရာတွင် ယူဆောင်သွားသည့် ပစ္စည်းများမှာ မများပြားလှပေ။ မည်သို့ပင်ဖြစ်စေ အပြန်တွင် တောင်ထွက်ပစ္စည်းများ သယ်ဆောင်လာရမည် မဟုတ်ပါလား။
ရွှီယန်က သစ်ပင်ပေါ်တက်ကာ ခူးယူနိုင်မည့် ချာဂါမှို အစုလိုက်ကို ရှာတွေ့ရန် မျှော်လင့်နေသည်။ တောရိုင်းမှိုများမှာ ဈေးကောင်းရသဖြင့် ငွေများစွာ ရနိုင်ပေမည်။
နောက်တစ်နေ့တွင် ရာသီဥတုက သာယာကြည်လင်နေသည်။ ရွှီယန်က အငှားကားတစ်စီးကို ခေါ်လိုက်ပြီး တောင်ပေါ်သို့ တောက်လျှောက် ထွက်လာခဲ့သည်။
ဤတစ်ကြိမ် သွားရမည့်နေရာမှာလည်း တောနက်ကြီးသာ ဖြစ်သည်။ ကားမောင်းရုံဖြင့်ပင် တစ်နာရီခန့် အချိန်ယူရသည်။
တောင်၏ အမြင့်ဆုံးနေရာသို့ တက်သွားပါက ချန်ပိုင်တောင်တန်း၏ ကောင်းကင်ရေကန်ကြီးကို မြင်တွေ့နိုင်သည်။ ကောင်းကင်ရေကန်ကြီးမှာ 5A အဆင့်ရှိသော ရှုခင်းသာတစ်ခုဖြစ်ပြီး လက်ရှိတွင် အများပြည်သူအတွက် ဖွင့်လှစ်ထားရာ ဝင်ကြေးပေးရုံဖြင့် တက်ရောက်နိုင်သည်။
သို့သော် ရွှီယန် ရွေးချယ်ထားသောနေရာမှာ တောနက်ပိုင်းရှိ လူသူကင်းမဲ့ရာ တောရိုင်းတောင်တန်းများသာ ဖြစ်သည်။
အမျိုးသား သစ်တောပန်းခြံ နယ်မြေထဲသို့ မဝင်ရောက်လျှင် ရပြီဖြစ်သည်။ ခရီးဆုံးသို့ ရောက်သွားသောအခါ ရွှီယန်က ကိရိယာများကို ကျောပိုးကာ တောင်ပေါ်သို့ တက်လာခဲ့သည်။
အရင်အတိုင်းပင် တောင်တစ်လုံး၏ တောင်ကြောကို ကျော်ဖြတ်ကာ တောင်တန်းဧရိယာ၏ အတွင်းပိုင်းသို့ ဝင်ရောက်သွားမှသာ တောင်တန်းကြီးထဲသို့ အမှန်တကယ် ဝင်ရောက်သွားခြင်းမည်ပေသည်။
ရွှီယန်က လောလောဆယ် လိုက်ဖ်မဖွင့်သေးပေ။ ဤသို့ပြုလုပ်ခြင်းက ကောင်းကျိုးတစ်ခုရှိပြီး အခြားသူများက သူ မည်သည့်နေရာတွင် ရှိနေသည်ကို အတိအကျ မသိနိုင်ခြင်းဖြစ်သည်။ လိုက်ဖ်ဖွင့်လိုက်ချိန်တွင် အားလုံးမြင်တွေ့ရမည်မှာ စိမ်းလန်းစိုပြည်နေသော သစ်ပင်များသာဖြစ်ပြီး သူ၏ ခရီးစဉ်လမ်းကြောင်းကို သိနိုင်မည် မဟုတ်ချေ။
အကယ်၍ တောရိုင်း သစ်တောဖားများ သို့မဟုတ် ပထမအဆင့် ကာကွယ်စောင့်ရှောက်ရမည့် အပင်များစသည်တို့ကို တွေ့ရှိပါကလည်း ကာကွယ်ပေးနိုင်သည့် အာနိသင်ကို ရရှိစေသည်။ လူဆိုးအချို့ နောက်ပိုင်းမှ လာရောက်ခူးယူမည်ကို ရှောင်ရှားနိုင်ရန်ဖြစ်သည်။
မနက် ကိုးနာရီကျော်ခန့်သို့ ရောက်သောအခါ ရွှီယန်က တောနက်ထဲသို့ ဝင်ရောက်သွားပြီဖြစ်ရာ သူက လိုက်ဖ်စတင် ဖွင့်လှစ်လိုက်သည်။ မြင်ကွင်းမှာ ယခင်အတိုင်း စိမ်းလန်းစိုပြည်နေဆဲပင်။
"နောက်ဆုံးတော့ လိုက်ဖ်လွှင့်လာပြီဟေ့"
"အစ်ကိုယန်"
"တောနက်ထဲ ဝင်သွားပြီလား"
ကွန်မန့်များက ချက်ချင်းပင် များပြားလာတော့သည်။ ရွှီယန်က လွန်ခဲ့သည့် နှစ်ရက်ခန့်က ဗီဒီယိုတစ်ခု တင်ခဲ့ပြီး ဒီနေ့ တောနက်ထဲဝင်၍ လိုက်ဖ်လွှင့်မည့်အကြောင်း ကြိုတင် ကြေညာထားခဲ့ရာ လူအတော်များများက သူ လိုက်ဖ်လွှင့်မည့်ကိစ္စကို သိထားကြသည်။ လိုက်ဖ်ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် လူကြိုက်များမှုက မြင့်တက်လာတော့သည်။
"အခု တောင်ပေါ်ရောက်နေပြီ... ဒီနေ့တော့ တောနက်ပိုင်းကို ဆက်သွားမယ်လေ"
"အရင်က ကျွန်တော်ပြောခဲ့သလိုပဲ... ချန်ပိုင်တောင်တန်းက အရမ်းကို ကျယ်ဝန်းပြီး နေရာတိုင်းက ရတနာတွေချည်းပဲ... အခု ကျွန်တော် လျှောက်သွားခဲ့တဲ့ နေရာတွေဆိုရင် တောင်တန်းကြီးရဲ့ တစ်ထောင်ပုံ တစ်ပုံတောင် ပြည့်ချင်မှ ပြည့်မှာ"
"ဒီနေ့တော့ ဘယ်လို တောင်ထွက်ပစ္စည်းကောင်းတွေ ရှာတွေ့မလဲဆိုတာ ကြည့်ကြတာပေါ့"
"ကျွန်တော် အဓိက ရှာမှာက ချာဂါမှိုရယ် လင်ဇီးနီရယ် ဂျင်ဆင်းရယ်ပေါ့"
ရွှီယန်က အင်တာနက်သုံးစွဲသူများကို ပြောလိုက်သည်။ ရင်းနှီးကျွမ်းဝင်နေသော မြင်ကွင်းမျိုးသာဖြစ်ပြီး အချိန်တိုင်း ရှင်းပြနေရန်ပင် မလိုဘဲ အတွင်းဘက်သို့ တောက်လျှောက် ဝင်သွားရုံသာ ဖြစ်သည်။
ဒရုန်း၏ ရှုထောင့်က အလွန်ကောင်းမွန်လှရာ အင်တာနက်သုံးစွဲသူများမှာ တကယ့်လူသားတစ်ဦး၏ တောတွင်း ရှင်သန်ရေး အစီအစဉ်ကို ကြည့်နေရသကဲ့သို့ပင်။ တစ်ခါတစ်ရံ လိုက်ဖ်မြင်ကွင်းထဲမှနေ၍ တောကြက်များနှင့် တောယုန်များ ထွက်ပေါ်လာတတ်ရာ အကြိမ်တိုင်းတွင် အင်တာနက်သုံးစွဲသူများ၏ အံ့သြသံများကို ဆွဲဆောင်နိုင်ခဲ့သည်။
အားလုံးက သာမန်အချိန်များတွင် အစစ်အမှန် တောရိုင်းတိရစ္ဆာန်များကို မြင်တွေ့ရသည်မှာ အလွန်နည်းပါးလွန်းလှသည်။ အများစုမှာ ဗီဒီယိုများထဲတွင်သာ ဖြစ်သည်။ ယခုလို လိုက်ဖ်ထဲတွင် တိုက်ရိုက် မြင်တွေ့ရသောအခါ သဘာဝကျကျပင် ပို၍ စိတ်လှုပ်ရှားကြသည်။
ရွှီယန် ဝင်ရောက်လာသော နေရာမှာ အတော်လေး နက်ရှိုင်းနေပြီဖြစ်သည်။ သူက လမ်းလျှောက်ရင်း ကောက်ယူနိုင်မည့် တောင်ထွက်ပစ္စည်းများကို လိုက်လံရှာဖွေနေ၏။ ငယ်စဉ်ကတည်းက တောရွာလေးထဲတွင် ကြီးပြင်းလာခဲ့သူဖြစ်ရာ တောတောင်ရှာဖွေသည့် ဘဝကို အသားကျနေပြီဖြစ်သည်။
"ဒီမှာကြည့်... တောဟင်းရွက်တွေ တစ်အုပ်ကြီးပဲ... အကုန်လုံး သန်သန်စွမ်းစွမ်း ကြီးထွားနေကြတာပဲ"
"နှမြောစရာက တောနက်ကြီးထဲမှာ ဖြစ်နေတာပဲ... မဟုတ်ရင် ကျွန်တော် သေချာပေါက် နည်းနည်းလောက် တူးသွားပြီး အိမ်ရောက်ရင် ကြော်စားမှာကွာ"
ရွှီယန်၏ အရှေ့ဘက်တွင် အပင်ပုလေးများဖြစ်သော တောဟင်းရွက်များ ထွက်ပေါ်လာသည်။ ဘေးဘက်ရှိ စိမ်းလန်းစိုပြည်နေသော ပေါင်းပင်များနှင့် ယှဉ်လိုက်ပါက ဤတောဟင်းရွက်များမှာ ဖွံ့ဖြိုးမှုအားနည်းနေသကဲ့သို့ ထင်ရသည်။ သို့သော် အရသာကတော့ အလွန်ကောင်းမွန်ပြီး ဟင်းကြော်စားပါက အလွန်မွှေးပျံ့လှသည်။
ရွှီယန်က ဆက်လက်ရှာဖွေနေလိုက်သည်။ ခြေလှမ်းအနည်းငယ်ခန့် လျှောက်သွားပြီးသည်နှင့် ယခင်က ခူးယူဖူးသော တောင်ထွက်ပစ္စည်းတစ်မျိုးကို တွေ့လိုက်ရသဖြင့် ချက်ချင်းပင် ရေရွတ်လိုက်သည်။
"ဒီမှာကြည့်... ဒါကို ခေါင်းပေါ်က ပုလဲတစ်လုံးလို့ ခေါ်တယ်... အရွက်သုံးရွက်ဖရဲသီး ဒါမှမဟုတ် ကိုရီးယားဖရဲသီးလို့လည်း ခေါ်သေးတယ်... ရုက္ခဗေဒ နာမည်ကတော့ ယန်လင်ချောင် ပေါ့"
"အရင်ကတော့ ပစ္စည်းကောင်းပဲ... တော်တော်လေး ဈေးရတယ်လေ... အခုတော့ စိုက်တဲ့လူတွေ အရမ်းများလာလို့ တောရိုင်းအပင်တွေကို ခူးဖို့ လုံးဝ မလိုတော့တာပေါ့"
"ကျွန်တော် ငယ်ငယ်ကဆိုရင် ဒါကို သီးသန့်လာခူးပြီး မုန့်ဖိုးလေး ဘာလေး ရှာခဲ့ဖူးတယ်"
ရွှီယန်က ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး မျက်စိရှေ့ရှိ အပင်တစ်ပင်ကို ကြည့်ရင်း ယခင်က တောတောင်ရှာဖွေခဲ့စဉ်က ဇာတ်လမ်းများကို ပြန်လည်သတိရသွားသည်။
လိုက်ဖ်မြင်ကွင်းထဲတွင် သေးသွယ်ရှည်လျားသော အစိမ်းရောင် အပင်တစ်ပင် ပေါ်လာသည်။ အရွက်သုံးရွက်မှာ ပန်ကာဒလက်သုံးခုနှင့် တူပြီး အရွက်များ၏ အလယ်တွင် အဖြူရောင် ပန်းပွင့်ငယ်လေးတစ်ပွင့် ပွင့်လန်းနေကာ ကြည့်ရသည်မှာ အလွန်လှပနေ၏။
"သူက အခု ပန်းပွင့်တဲ့ရာသီလေ... ဆောင်းဦးပေါက်ရောက်သွားရင် ဒီပန်းပွင့်ပေါ်မှာ အသီးလေးတစ်လုံး သီးလာလိမ့်မယ်... မီးပုံးလေးတစ်ခုလိုမျိုးဆိုတော့ အဲဒါကြောင့် သူ့ကို ခေါင်းပေါ်က ပုလဲတစ်လုံးလို့ ခေါ်ကြတာပေါ့"
"အသီးကတော့ သိပ်ဈေးမရပါဘူး... အဓိကက သူ့ရဲ့ အမြစ်ပိုင်းက ဈေးရတာပါ"
"အခုက အရမ်းကို တွေ့ရများနေပြီလေ... အရင်ကဆိုရင် တစ်ဆင့်ခံပွဲစားတွေက တောင်ထွက်ပစ္စည်းဈေးကွက်မှာ သီးသန့်လာဝယ်ကြသေးတယ်... အခုတော့ ဝယ်တဲ့လူကိုတောင် မမြင်ရတော့ဘူး"
ရွှီယန်က ခေါင်းပေါ်က ပုလဲတစ်လုံး အပင်၏ လက်ရှိ ဈေးကွက်အခြေအနေကို ရှင်းပြနေသည်။ အင်တာနက်သုံးစွဲသူများမှာ တောင်ထွက်ပစ္စည်း ဈေးကွက်၏ အချက်အလက်များကို သိပ်နားမလည်ကြသော်လည်း ဆန်းသစ်ပြီး တန်ဖိုးရှိသော တောရိုင်းအပင်ကို မြင်တွေ့ရသောအခါ ပို၍ အာရုံစိုက် ကြည့်ရှုနေကြ၏။ မည်သို့ပင်ဖြစ်စေ တန်ဖိုးရှိသော ရတနာများ မဟုတ်ပါလား။
"ဒီတောမြက်ပင်လေးက ကြည့်လို့ကောင်းသားပဲ"
"ဒါကြောင့်လည်း တန်ဖိုးရှိတာကိုး... သာမန်မြက်ပင်တွေနဲ့ကို မတူတာ"
"နာမည်ပေးထားတာလေးကလည်း တော်တော်လှတယ်"
"ကိုယ်တိုင် စိုက်လို့ရမလားဟင်... တစ်ပင်လောက် စိုက်ကြည့်ချင်လို့"
ပန်းမန် သစ်ပင်များ စိုက်ပျိုးရသည်ကို ဝါသနာပါသူများ မနည်းလှပေ။ လူအများအပြား၏ အိမ်တွင် ပန်းအိုးများစီတန်းထားသော လသာဆောင်တစ်ခု အမြဲရှိတတ်ရာ ရှားပါးအပင်များကို မြင်သည်နှင့် စိုက်ပျိုးလိုကြသည်။
ရွှီယန်က ပြုံးရင်း ပြောလိုက်သည်။
"မွေးမြူစိုက်ပျိုးလို့ရတယ်ဆိုတော့ သေချာပေါက် စိုက်လို့ရတာပေါ့... စိုက်ချင်ရင် စမ်းကြည့်လို့ရတယ်လေ"
"ဒါပေမဲ့ သူတို့က တောင်တောထဲမှာ ကြီးပြင်းလာတာဆိုတော့ ပန်းအိုးထဲက ပတ်ဝန်းကျင်နဲ့ အသားကျချင်မှ ကျမှာ"
"ပြီးတော့ ပွင့်လာတဲ့ ပန်းပွင့်လေးက အရမ်းသေးတော့ အဲဒီလောက်ကြီးလည်း ကြည့်မကောင်းပါဘူး"
ထိုအချိန်တွင် ရွှီယန်က နောက်ထပ် ရှာဖွေတွေ့ရှိသွားပြန်သည်။ မြေပြင်ပေါ်ရှိ ရွှံ့များထဲတွင် အနည်းငယ် ဖောင်းကြွနေသည်ကို မြင်လိုက်ရသဖြင့် သူက လက်လှမ်းကာ ထိုအရာများကို ကော်ထုတ်လိုက်ရာ ရွှံ့များပေကျံနေသော သီဟိုဠ်စေ့များနှင့် တူနေ၏။
"ဒါလေးတွေကို ကြည့်ဦး... ထင်းရှူးစေ့ အကြီးစားတွေပဲ"
"အကုန်လုံး အောက်ကို ကြွေကျနေတာတွေလေ"
"ထင်းရှူးစေ့တွေက မဆိုးဘူးကွ... သာမန် ထင်းရှူးစေ့တွေဆိုရင် တစ်ကျင်းကို ယွမ်ငါးဆယ်လောက် ပေါက်တယ်... ဒါက အရွယ်အစားကြီးတော့ တစ်ကျင်းကို ယွမ်ခုနစ်ဆယ် ရှစ်ဆယ်လောက်တော့ ရမယ်"
"နည်းနည်းပါးပါး ကောက်သွားလည်း ရတာပဲ... အဆင်သင့် ဖြစ်နေတာကိုး"
ရွှီယန်က ဤနယ်မြေတွင် ထင်းရှူးစေ့များ အလွန်များပြားကြောင်း တွေ့ရှိလိုက်သည်။ မြေပြင်ပေါ်သို့ ကြွေကျပြီးနောက် မြေကြီးထဲတွင် နစ်မြုပ်သွားကာ တစ်ဝက်ခန့်သာ အပြင်သို့ ထွက်နေ၏။ အပေါ်ယံရှိ ရွှံ့များကို အနည်းငယ် သုတ်သင်လိုက်ပါက အိတ်ထဲသို့ ထည့်သိမ်းနိုင်ပြီဖြစ်သည်။
သူက ထင်းရှူးစေ့များကို ပျော်ရွှင်စွာ ရှာဖွေနေသည်။ ထိုအချိန်တွင် လူလည်ကျချင်နေသည့်ပုံစံလေးဖြင့် ရှဉ့်လေးတစ်ကောင်က သစ်စည်ပေါ်မှ ဆင်းလာပြီး မြေပြင်ပေါ်တွင် ထင်းရှူးစေ့များ လိုက်လံရှာဖွေနေ၏။
ရှဉ့်လေးက အတော်လေး ဂျီးများပြီး ရွှံ့များပေကျံနေသော ထင်းရှူးစေ့များကို မယူချေ။ မည်သို့ပင်ဖြစ်စေ ပါးစပ်ထဲတွင် ငုံ၍ သိမ်းဆည်းရမည် မဟုတ်ပါလား။ ဤအကောင်ပေါက်လေးက ရှာဖွေနေရင်းမှ ရုတ်တရက် ရွှီယန်ကို မြင်လိုက်ရသောအခါ တစ်ခဏမျှ ကြောင်အသွားတော့သည်။
"ဒီမှာကြည့်... ရှဉ့်လေး တစ်ကောင်ရှိတယ်"
"ချန်ပိုင်တောင်တန်းက ဆောင်းရာသီ ရောက်တာစောတယ်လေ... သူတို့တွေက ဒီအချိန်ဆို နေ့တိုင်း အစာတွေ လိုက်ရှာပြီး ဆောင်းခိုဖို့ ပြင်ဆင်နေကြတာပေါ့"
"ဒီအကောင်ပေါက်လေးတွေရဲ့ ဘဝကလည်း မဆိုးပါဘူး"
"သစ်ခေါင်းတစ်ခုလုံးမှာ သစ်သီးမျိုးစုံ အပြည့်ဖြည့်ထားပြီး သူရယ် သူ့မိန်းမရယ်က အဲဒီသစ်သီးတွေပေါ်မှာ လှဲအိပ်နေကြတာ... သစ်ခေါင်းထဲမှာကလည်း နွေးနေတာပဲလေ"
"ဆောင်းတွင်းကြီး ကုန်လွန်သွားတဲ့အထိ အဲဒီလိုပဲ နေကြတာပေါ့"
"လူတွေ အိမ်ထဲမှာ အောင်းနေသလိုမျိုးလေ"
"လူတွေမှာလည်း ရှဉ့်စိတ်ဓာတ် ဆိုတဲ့ ဈေးဝယ်တဲ့ အလေ့အထတစ်ခု ရှိတယ်... ဘာပဲဝယ်ဝယ် အများကြီးဝယ်ပြီး အရင်စုဆောင်းထားတာမျိုးပေါ့... ပြီးမှ နည်းနည်းချင်းစီ ထုတ်သုံးတာ... မုန့်တွေဆိုလည်း အဲဒီလိုပဲလေ"
"အဲဒီလို စိတ်နေစိတ်ထားရှိတဲ့ လူတွေက ပျော်ရွှင်မှု ခံစားရနှုန်း ပိုမြင့်တတ်ကြတယ်"
ရွှီယန်က ရှဉ့်လေးကို မြင်သောအခါ မနေနိုင်ဘဲ ရယ်မောလိုက်သည်။ ရှဉ့်လေးက ရွှီယန်ထံတွင် အန္တရာယ်ရှိမရှိ တွက်ဆနေ၏။
ရွှီယန်ကမူ ထင်းရှူးစေ့အကြီး အနည်းငယ်ကို သန့်ရှင်းအောင်သုတ်လိုက်ပြီး ရှဉ့်လေးထံ လှမ်းပေးလိုက်သည်။ အကောင်ပေါက်လေးမှာ အနည်းငယ် ကြောင်တောင်တောင်ဖြစ်နေဆဲဖြစ်ပြီး မြေပြင်ပေါ်တွင် ဘာမှမလှုပ်ဘဲ ငေးကြောင်ကြောင် ရပ်နေ၏။
ရွှီယန်က ထိုသို့ဖြစ်နေသည်ကို မြင်သောအခါ ထင်းရှူးစေ့များကို ရှဉ့်လေး၏ ဝမ်းဗိုက်ပေါ်သို့ တိုက်ရိုက် တွန်းတင်ပေးလိုက်သည်။ ရှဉ့်လေးက အလိုအလျောက် စက်ရုပ်တစ်ရုပ်ကဲ့သို့ လက်သည်းသေးသေးလေး နှစ်ဖက်ကို ပူးကပ်လိုက်ပြီး ထင်းရှူးစေ့များကို ရင်ခွင်ထဲတွင် ပွေ့ဖက်ထားလိုက်သည်။
"ရှဉ့်တွေကလည်း လူတွေနဲ့ ရင်းနှီးတတ်တယ်... တစ်ခါလောက် အစာကျွေးလိုက်ရင် နောက်ပိုင်း နေ့တိုင်း လာတော့မှာ"
"ထင်းရှူးစေ့တွေ တောသစ်သီးတွေလိုမျိုး လက်ဆောင်တွေတောင် ယူလာပေးတတ်သေးတယ်"
"ဒါပေမဲ့ တောင်ပေါ်က ရှဉ့်တွေကတော့ အဲဒီလို မလုပ်တတ်ပါဘူး... ဘာပဲဖြစ်ဖြစ် လူတွေ ဘယ်မှာနေမှန်း သူတို့မှ မသိတာကိုး"
ရွှီယန်က ထင်းရှူးစေ့များကို ရှဉ့်လေးအား ပေးလိုက်ပြီးနောက် မတ်တတ်ရပ်ကာ ရှေ့သို့ ဆက်လျှောက်သွားခဲ့သည်။ ခင်မင်ရင်းနှီးမှု အပြည့်ရှိသော ဤမြင်ကွင်းလေးကြောင့် အင်တာနက်သုံးစွဲသူများမှာ ရယ်မောသွားကြသည်။
အထူးသဖြင့် ထင်းရှူးစေ့များကို ပွေ့ဖက်ထားရင်း ကြောင်တောင်တောင် ဖြစ်နေသည့် ရှဉ့်လေး၏ မျက်နှာပေးက ပို၍ပင် ချစ်စရာ ကောင်းနေသည်။
ရွှီယန်က ငယ်စဉ်ကတည်းက တောရိုင်းတိရစ္ဆာန်များကို အလွန်များပြားစွာ မြင်တွေ့ခဲ့ရသဖြင့် အသားကျနေပြီဖြစ်သည်။ အင်တာနက်သုံးစွဲသူများကမူ ဤမြင်ကွင်းကို မြင်သောအခါ အလွန် ဆန်းကြယ်နေသည်ဟု ခံစားရ၏။ လိုက်ဖ်ထဲတွင်လည်း ပို၍ပင် စည်ကားလာတော့သည်။