← Chapters

အခန်း ၈၂

Vol. 9 Ch. 82

အခန်း ၈၂

Vol. 9 Ch. 82

အခန်း (၈၂) ဒီတစ်ခါတော့ အကြီးအကျယ် မြတ်ပြီ

တောနက်ထဲက တိုက်ရိုက်ထုတ်လွှင့်မှုတွေက အမြဲတမ်း စိတ်လှုပ်ရှားစရာကောင်းသည်။ အထူးသဖြင့် ချန်ပိုင်တောင်တန်းအတွင်းပိုင်းတွင် ကြမ်းတမ်းသော တောရိုင်းတိရစ္ဆာန်များက မနည်းလှပေ။

ရွှီယန်က လမ်းလျှောက်လိုက် ရပ်လိုက်နှင့် တောင်ထွက်ပစ္စည်းတစ်ခုခုများ ရှိမလားဟု ရှာဖွေနေရင်း ပတ်ဝန်းကျင်ကိုပါ အကဲခတ်နေသည်။

သူ့တွင် အန္တရာယ် အာရုံခံနိုင်စွမ်း ဆိုသော စွမ်းရည်တစ်ခုလည်း ရှိသေး၏။ တကယ်လို့ တောရိုင်းတိရစ္ဆာန်တစ်ကောင်က သူ့ကို ပစ်မှတ်ထားလိုက်ပြီဆိုပါက သူက အန္တရာယ်ကို ကြိုတင် ခံစားသိရှိနိုင်မည်ဖြစ်သည်။ ဒါကြောင့်လည်း ရွှီယန်၏ အခြေအနေက အတော်လေး ပေါ့ပါးနေခြင်းဖြစ်သည်။

သူက သစ်တောနက်ကြီးထဲတွင် လမ်းလျှောက်နေရင်း တိုးတိုးလေး ရှင်းပြလိုက်သည်။

"ချန်ပိုင်တောင်တန်းမှာ တောရိုင်းတိရစ္ဆာန်တွေ အများကြီးရှိတယ်... အကောင်ကြီးတဲ့ သားရဲတွေဆိုရင် အဓိကအားဖြင့် အရှေ့မြောက်ကျား... ဝက်ဝံညို... ကျားသစ်... တောခွေး... ဝံပုလွေနဲ့ တောကြောင်ကတိုး တွေပေါ့"

"လူတွေအတွက် အန္တရာယ်အကြီးဆုံးကတော့ အရှေ့မြောက်ကျားနဲ့ ဝက်ဝံညိုတွေပဲ"

"ဝက်ဝံညိုတွေရဲ့ ခန္ဓာကိုယ်က အရမ်းကြီးတယ်... အနက်ရောင်ဝက်ဝံတွေထက် အများကြီး ပိုကြီးတာ... ဘာပဲဖြစ်ဖြစ် မြောက်ဘက်ပိုင်းနဲ့ နီးတော့ ဝက်ဝံတွေက ပိုကြီးကြတယ်လေ"

"ပြီးတော့ ဝက်ဝံညိုတွေက အနက်ရောင်ဝက်ဝံတွေကိုတောင် အမဲလိုက်သေးတာ... ဒီအကောင်တွေ ဒေါသထွက်လာရင် အရမ်းကြောက်စရာကောင်းတယ်... တောအုပ်ထဲမှာ အရှေ့မြောက်ကျားကို မျက်နှာချင်းဆိုင် ရင်ဆိုင်ရဲတဲ့ တစ်ခုတည်းသော သတ္တဝါတွေပေါ့"

သူ့စကားကို ကြားလိုက်ရသောအခါ အင်တာနက်သုံးစွဲသူများမှာ ရင်ထိတ်သွားကြသည်။

"လောင်ရွှီ မင်းက ဒါတွေသိရက်နဲ့ ဒီလောက်တောင် အေးဆေးဖြစ်နေတာလား... ငါကတော့ မင်းအတွက် အရမ်းစိတ်ပူနေပြီ"

"တကယ်လို့များ တကယ်တွေ့ခဲ့ရင် မလွယ်ဘူးနော်"

"အစ်ကိုယန်က တိုရင်န်ပလက်ဖောင်းမှာ နံပါတ်တစ် သူရဲကောင်းကြီးပဲ"

"အခုမှ ရောက်လာတဲ့သူတွေ စိတ်မပူကြနဲ့... ဒီလိုက်ဖ်လွှင့်သူက အမြဲတမ်း ဒီလိုပဲ သတ္တိကောင်းတာ... ကျားသစ် နှစ်ကောင်တောင် မွေးထားသေးတာကွ"

နောက်ထပ် လူတစ်ယောက်ကလည်း မေးလာခဲ့ပြန်သည်။

"တကယ်လို့ တောထဲမှာ အရှေ့မြောက်ကျားနဲ့ တကယ်ဆုံခဲ့ရင် ဘယ်လိုလုပ်မလဲ"

တကယ်တော့ ရွှီယန်တွင် နည်းလမ်းရှိပါသည်။ လျှောတိုက်ပြီး ရှောင်တာတို့၊ နောက်ဆုတ်ပြေးတာတို့တော့ မဟုတ်ပေ။ ရွှီယန်က အားလုံးကို ရှင်းပြလိုက်သည်။

"အရှေ့မြောက်ကျားနဲ့ တွေ့ရင် နည်းလမ်းတစ်ခုရှိတယ်... အဲဒါက သစ်ပင်ကိုပတ်ပြီး ပြေးဖို့ပဲ"

"ပြေးရင်တော့ အရှေ့မြောက်ကျားကို ဘယ်လိုမှ မမီနိုင်ဘူး... သစ်ပင်တက်လို့လည်း မရသလို ရေကူးလို့လည်း မလွတ်ဘူးလေ"

"ဒါပေမဲ့ သစ်ပင်ကိုပတ်ပြီးတော့ ပြေးလို့ရတယ်"

"အရှေ့မြောက်ကျားရဲ့ ကျောရိုးက ကွေးလို့မရဘူး... ခင်ဗျားက သစ်ပင်နောက်မှာ ပုန်းနေရင် သူက အကွေ့ကြီးကွေ့ပြီးမှ ဖမ်းလို့ရမှာလေ"

"သေချာတာကတော့ သူ့လက်သည်းနဲ့ အခြစ်မခံရအောင် သတိထားရမယ်ပေါ့"

အင်တာနက်သုံးစွဲသူများကတော့...

'အရှေ့မြောက်ကျားနဲ့ သစ်ပင်ကိုပတ်ပြေးမယ် ဟုတ်လား'

'မင်းကများ ချင်ရှီဟွမ် ဧကရာဇ် ဖြစ်နေလို့လား... သေလမ်းပဲ ရှိတာ မဟုတ်ဘူးလား'

"နောက်ထပ် နည်းလမ်းတစ်ခုလည်း ရှိသေးတယ်... အဲဒါက အရှေ့မြောက်ကျားကို ကြည့်ပြီး အော်ပြောလိုက်ဖို့ပဲ"

"အစ်ကိုကြီး... ကျွန်တော်က ဒီက ဒေသခံပါဗျ"

"အဲဒီလိုပြောလိုက်ရင် အရှေ့မြောက်ကျားက ကျွန်တော့်ကို လွှတ်ပေးချင် လွှတ်ပေးသွားမှာပေါ့"

ရွှီယန်က အစီအစဉ်လေး စိတ်ဝင်စားဖို့ကောင်းအောင် တမင် နောက်ပြောင်ပြောလိုက်ခြင်းဖြစ်သည်။ တကယ်ပင် သူပြောပြီးသွားသည်နှင့် လိုက်ဖ်ထဲတွင် ချက်ချင်း စည်ကားသွားတော့သည်။

ရွှီယန်က ခရီးကိုသာ ဆက်လက် အာရုံစိုက်သွားနေလိုက်သည်။ ဖုန်းကိုထုတ်ပြီး မြေပုံကို ကြည့်လိုက်ရာ သူယခုရောက်နေသည့် နေရာမှာ အတော်လေး နက်ရှိုင်းနေပြီဖြစ်သည်။

အရှေ့ဘက်ကို နည်းနည်း ထပ်သွားပြီး တောင်ကြောတစ်ခုကို ကျော်လိုက်ပါက မြောက်ကိုရီးယား နယ်မြေထဲသို့ပင် ရောက်သွားနိုင်သည်။

တကယ်တမ်းတွင် ဤဘက်အခြမ်းမှာ မြောက်ကိုရီးယားနှင့် အလွန်နီးကပ်လှသည်။ ထို့အပြင် ချန်ပိုင်တောင်တန်း၏ ကောင်းကင်ရေကန်ကြီးမှာ တရုတ်နိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံတို့ ပူးတွဲပိုင်ဆိုင်ထားခြင်းဖြစ်ပြီး ရေကန်၏ တစ်ဖက်ကမ်းနယ်မြေမှာ မြောက်ကိုရီးယားပင် ဖြစ်သည်။

ရွှီယန် လမ်းတစ်လျှောက် သတိထားမိသည်မှာ သူတွေ့ခဲ့ရသော ဆေးဖက်ဝင်အပင် အရေအတွက်မှာ မနည်းလှပေ။ ဤသည်က ဤနယ်မြေ၏ မြေဆီလွှာ အတော်လေး ကောင်းမွန်ကြောင်း ပြသနေသည်။

သူက တောရိုင်းဂျင်ဆင်း တစ်ပင်လောက် ရှာတွေ့ပါစေဟု စိတ်ထဲမှ တိတ်တဆိတ် ဆုတောင်းနေမိ၏။ တောနက်ထဲသို့ ဝင်လာပါက တန်ဖိုးအကြီးဆုံးမှာ ဂျင်ဆင်းပင် ဖြစ်သည်။

ထို့ကြောင့် ရွှီယန်က ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို ပထမဆုံးအကြိမ် စတင်အသုံးပြုရန် ရွေးချယ်လိုက်သည်။

မျက်စိဖြင့် မမြင်နိုင်သော စကင်ဖတ်မှု တစ်ချက်အပြီးတွင် စနစ်က ရတနာရှိသည့်နေရာ တစ်ခုကို မှတ်သားပေးလိုက်သည်။ ဤနေရာက သူ့ထံမှ တစ်ကီလိုမီတာခန့် ကွာဝေး၏။

သူက ဦးတည်ရာကို သေချာမှတ်သားပြီး ပစ်မှတ်နေရာဆီသို့ ဖြည်းညင်းစွာ ချဉ်းကပ်သွားလိုက်သည်။ ပစ္စည်းကောင်းအချို့ ရှာတွေ့နိုင်ရန် မျှော်လင့်နေမိသည်။

ဤဘက်တွင် မြက်ပင်များ မထူထပ်သော်လည်း သစ်ပင်များကမူ အတော်လေး မြင့်မားကြရာ သစ်ပင်များကြားမှ လွတ်လပ်စွာ ဖြတ်သန်းသွားလာနိုင်သည်။ ဒရုန်းကလည်း သူ့နောက်မှ ကပ်ပါလာ၏။

ရတနာကို လိုက်ဖ်မလွှင့်ပြမီ ရွှီယန်က ဘာများဖြစ်မလဲဆိုတာကို ကိုယ်တိုင် အရင်ကြည့်ရန် ရည်ရွယ်လိုက်သည်။

မှတ်သားထားသော ရတနာကို သေချာ မြင်လိုက်ရသောအခါ သူ၏စိတ်ထဲတွင် အနည်းငယ် စိတ်ပျက်သွားမိသည်။ ၎င်းမှာ တောရိုင်း အိုမီဂျာသီးများ ဖြစ်နေ၏။

အိုမီဂျာသီးဆိုသည်မှာ တောငရုတ်ကောင်း တစ်မျိုးဖြစ်ပြီး အခိုင်လိုက် သီးတတ်ကြသည်။ လောလောဆယ်တွင် အစိမ်းရောင်ဖြစ်နေသေးပြီး အချိန်ကြာလာလျှင် အနီရောင် ပြောင်းသွားတတ်သည်။ ၎င်း၏ ဆေးဘက်ဝင်တန်ဖိုးမှာ အလွန်မြင့်မားလှသည်။

လက်ရှိ ဈေးကွက်ပေါက်ဈေးအရ တောရိုင်း အိုမီဂျာသီးများမှာ တစ်ကျင်းလျှင် ယွမ် ၅၀ ခန့် ရှိသည်။ ၁၀ ကျင်းလောက် ခူးနိုင်ပါက ယွမ် ၅၀၀ ရမည်ဖြစ်သည်။

"တွေ့ပြီ... ဒီမှာကြည့်... ဒါတွေအကုန်လုံးက အိုမီဂျာသီးတွေချည်းပဲ"

"တောနက်ထဲမှာ အိုမီဂျာသီးတွေ တော်တော်များတာပဲ... ဒီလောက် အများကြီးကို ဘယ်သူမှ မခူးရသေးဘူး"

"ချန်ပိုင်တောင်တန်းက အိုမီဂျာသီးတွေက အရမ်းနာမည်ကြီးပြီး အရောင်းရသွက်တယ်လေ"

"သာမန် တောင်ပေါ်သားတွေတောင် အားနေရင် ဒီအသီးတွေကို ခဏခဏ လာခူးတတ်ကြတယ်... များများစုမိသွားရင် ပိုက်ဆံရတယ်လေ"

"ပြီးတော့ အားလုံး မသိကြတာက တောတောင်ရှာဖွေသူတွေထဲမှာ တချို့လူတွေက တောင်ထွက်ပစ္စည်း တစ်မျိုးတည်းကိုပဲ သီးသန့်ရှာကြတာ"

"ဥပမာ အိုမီဂျာသီး မုဆိုးတို့... ထင်းရှူးသီး မုဆိုးတို့... ချာဂါမှို မုဆိုးတို့ပေါ့"

"အဲဒီလူတွေက သူတို့ ရင်းနှီးကျွမ်းဝင်တဲ့ တောင်ထွက်ပစ္စည်းကိုပဲ ရှာကြတာ... ရှာလာလိုက်တာ ဆယ်နှစ်ကျော်တောင် ရှိပြီ... နှစ်တိုင်း ပုံသေလမ်းကြောင်းအတိုင်းပဲ သွားရှာကြတာလေ"

ရွှီယန်က ပလတ်စတစ်အိတ်ကို ထုတ်ယူကာ စတင် ခူးဆွတ်လိုက်သည်။

အိုမီဂျာသီးဆိုသည်မှာ အပင်၏ အသီးများသာဖြစ်ရာ မြေပြင်ပေါ်သို့ အနည်းငယ် ချန်၍ ပစ်ချခဲ့ရုံဖြင့် ၎င်းတို့ဘာသာ မျိုးပွားနိုင်ပြီး နောက်နှစ်တွင် ပို၍ပင် ရှင်သန်ဖြစ်ထွန်းလာမည်ဖြစ်သည်။ ကျန်ရှိသော အသီးများကိုမူ အားလုံး ခူးယူသွားနိုင်သည်။

အစိမ်းရောင် အစေ့လေးများ ပါဝင်သော အသီးခိုင်များကို ရွှီယန်က ပလတ်စတစ်အိတ်ထဲသို့ ထည့်လိုက်သည်။ မကြာမီမှာပင် ပလတ်စတစ်အိတ်မှာ အပြည့်ဖြစ်သွားတော့သည်။

ခုနစ်ကျင်း ရှစ်ကျင်းခန့် ရှိမည်ဖြစ်ပြီး ယွမ် သုံးလေးရာခန့် ရောင်းရနိုင်သည်။

ရွှီယန်က ယခင်နည်းလမ်းအတိုင်းပင် ပလတ်စတစ်အိတ်ကို ချိတ်ဆွဲထားရန် နေရာတစ်ခု ရှာလိုက်သည်။ ကိုဩဒိနိတ်ကို သေချာ မှတ်သားထားရမည့်အပြင် ထင်ရှားသော မှတ်တိုင်အချို့ကိုလည်း ရှာထားရမည်ဖြစ်သည်။

ဥပမာ လည်ပင်းလိမ်နေသော သစ်ပင်မျိုး သို့မဟုတ် ပုံစံထူးဆန်းသော ကျောက်တုံးမျိုးတို့ ဖြစ်သည်။ ထိုသို့ပြုလုပ်ထားပါက တောင်အောက်ဆင်းချိန်တွင် ပြန်ရှာရန် လွယ်ကူပေမည်။

အင်တာနက်သုံးစွဲသူများက သူ ဘာလုပ်နေမှန်း သိကြသဖြင့် အတော်များများက အစီအစဉ် ပိုမိုမြိုင်ဆိုင်လာစေရန် ကွန်မန့်များ ပေးနေကြသည်။

"လိုက်ဖ်လွှင့်သူက နေရာတစ်ခုကို မှတ်သားလိုက်ပြီဟေ့"

"မင်း ပြန်လာတဲ့အချိန် အိုမီဂျာသီးတွေ ပျောက်နေမှဖြင့်"

"တောင်ထဲမှာ လည်ပင်းလိမ်နေတဲ့ သစ်ပင်တွေက အများကြီးပဲ... ပြန်ရှာမတွေ့ရင်တော့ ရယ်ရမှာပဲ"

"ဗီဒီယိုဖြတ်ပိုင်း လုပ်တဲ့ ဘလော့ဂါတွေ ဘယ်ရောက်နေလဲ... သူ ပြန်ရှာမတွေ့ရင် ဗီဒီယိုဖြတ်ပိုင်းလေး သေချာလုပ်ပေးလိုက်ဦး"

အင်တာနက်သုံးစွဲသူများ၏ စိတ်ထဲတွင်မူ ရွှီယန် အိုမီဂျာသီးများကို ပြန်ရှာမတွေ့စေရန် မျှော်လင့်နေကြ၏။ ထိုသို့ဆိုပါက ကြည့်ရသည်မှာ ပို၍ စိတ်ဝင်စားစရာ ကောင်းမည်မဟုတ်ပါလား။

သို့သော် အားလုံး မျှော်လင့်သလို ဖြစ်လာမည် မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ ဒရုန်း၏ အချက်ပြစနစ်က ကောင်းမွန်နေပြီး အင်တာနက်လိုင်းရော ဂြိုဟ်တု တည်နေရာပြစနစ်ပါ ပါဝင်သဖြင့် တည်နေရာအတိုင်း ပြန်သွားပါက ရှာမတွေ့စရာ အကြောင်းမရှိချေ။

ရွှီယန်က မြေပုံပေါ်တွင် စက်ဝိုင်းတစ်ခု မှတ်သားလိုက်သည်။

ဤနယ်မြေအတွင်းတွင်တော့ ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို ထပ်သုံးတော့မည် မဟုတ်ပေ။

အကောင်းဆုံးအရာက အိုမီဂျာသီး ဖြစ်နေသဖြင့် သိပ်တန်ဖိုးမရှိလှချေ။

တောနက်ကြီးထဲတွင် အကောင်းဆုံးအရာမှာ တောရိုင်းဂျင်ဆင်းသာဖြစ်ပြီး ရွှီယန် ရှာချင်နေသည်ကလည်း ဂျင်ဆင်းပင် ဖြစ်သည်။

ကြည့်ရသည်မှာ မြက်ပင်နှင့် သစ်ပင်များ ထူထပ်စွာ ပေါက်ရောက်နေသော နေရာများသို့ သွားရှာမှ ရမည်ထင်သည်။ ရွှီယန်က ကျောပိုးအိတ်ကို လွယ်ကာ ခရီးဆက်လိုက်သည်။

သစ်တောထဲတွင် တောရိုင်းတိရစ္ဆာန်များ မနည်းလှပေ။ မြစ်တစ်စင်းကို ဖြတ်သန်းသွားစဉ် ရွှီယန်က ပြန့်ပြူးသော နေရာတစ်ခု၌ နားခိုနေကြသည့် မြင်းသမင်တစ်အုပ်ကို တွေ့လိုက်ရသည်။

မြင်းသမင်များလျှင် သမင်ချိုလည်း များမည်ဖြစ်သည်။

သူက သမင်ချို အတော်များများကို မြင်လိုက်ရသော်လည်း အချိန်ကြာမြင့်နေပြီဖြစ်သဖြင့် သမင်ချိုများမှာ တိုက်စားခံရကာ ပျက်စီးယိုယွင်းနေပြီး တန်ဖိုးမရှိတော့ချေ။

ဤကဲ့သို့သော စုဆောင်းစရာ ပစ္စည်းများအတွက် အရေးအကြီးဆုံးမှာ အပြင်ပန်း အသွင်အပြင်ပင် ဖြစ်သည်။ ဥပမာအားဖြင့် ရှေးဟောင်းဒင်္ဂါးပြားများဆိုလျှင် ဒင်္ဂါးတစ်ပြားတွင် အနာအဆာ အနည်းငယ် ရှိနေရုံဖြင့် တန်ဖိုးက တစ်ဝက်တိတိ ကျဆင်းသွားတတ်သည်။ အပြင်ပန်း အသွင်အပြင် အလွန်ဆိုးရွားနေပါက အဆမတန် ဈေးနှိမ်ခံရနိုင်သည်။

ထို့ကြောင့် ရွှီယန်လည်း ကောက်မယူခဲ့ပေ။

ဤလမ်းတစ်လျှောက်လုံး ဝင်လာခဲ့ရာတွင် ကြီးကြီးမားမား အကျိုးအမြတ် မရှိခဲ့ဘဲ တိုလီမုတ်စ ပစ္စည်းအချို့လောက်သာ ရခဲ့သည်။

ရွှီယန်က တောင်ထွက်ပစ္စည်း အတော်များများကို သိထားသဖြင့် အနည်းငယ်တော့ ကောက်ယူနိုင်ခဲ့၏။

သို့သော် သူ၏ စိတ်နေစိတ်ထားက အလွန်ကောင်းမွန်လှသည်။ ထို့အပြင် တောနက်ကြီးထဲသို့ ဝင်လာကာ တောရိုင်းတိရစ္ဆာန်များ၏ အစစ်အမှန် အနေအထားကို ကြည့်ရှုရသည်မှာလည်း အတော်လေး ခံစားရကောင်းလှသည်။

ထိုသို့ဖြင့် နှစ်နာရီကျော်ခန့် လမ်းလျှောက်ပြီးသောအခါ အချိန်သင့်ပြီဟု ယူဆသဖြင့် ရွှီယန်က ဒုတိယအကြိမ် ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို အသုံးပြုရန် ရွေးချယ်လိုက်သည်။

"တောင်ပေါ်မှာ တောင်ထွက်ပစ္စည်းရှာရတာ မလွယ်ဘူး... အထူးသဖြင့် တောနက်ထဲမှာ ဂျင်ဆင်းသွားရှာရတာမျိုးပေါ့"

"တစ်ခါတလေ ဆယ်ရက် လဝက်လောက် အချိန်ယူရတာတောင် တစ်ပင်မှ ရှာမတွေ့နိုင်ဘူးလေ"

"လူများရင်တော့ ရှာရလွယ်ပေမဲ့ ဝေစုကျတော့ နည်းသွားပြန်ရော"

"တောတောင်ရှာဖွေတယ်ဆိုတာ ဘဝနေမှုပုံစံ တစ်ခုပါ... အတွေ့အကြုံများရင်တော့ ပင်ပန်းခံပြီး ပိုက်ဆံနည်းနည်းပါးပါး ရှာလို့ရတာပေါ့"

"ဒါပေမဲ့ ညတွင်းချင်း သူဌေးဖြစ်ချင်တယ်ဆိုရင်တော့ ထီပေါက်မယ့် အခွင့်အရေးလောက်ပဲ ရှိမှာပါ"

ရွှီယန်က တောတောင်ရှာဖွေသူများ၏ အခြေအနေကို အားလုံးအား ရှင်းပြလိုက်သည်။

သေချာသည်မှာ သူကိုယ်တိုင်ကတော့ ချွင်းချက်ပင် ဖြစ်သည်။ ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် ရှိနေသဖြင့် သူ ထီပေါက်နိုင်မည့် အခွင့်အရေးက အလွန်မြင့်မားလှသည်။

သတ်မှတ်ထားသော နယ်မြေတစ်ခုအတွင်း၌ တောရိုင်းဂျင်ဆင်းသာ ရှိနေပါက သူ သေချာပေါက် ရှာတွေ့နိုင်မည်ဟုပင် ဆိုနိုင်သည်။

ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်က ဒုတိယမြောက် ရတနာရှိရာနေရာကို မှတ်သားပေးလိုက်ရာ ရွှီယန်က အလျင်စလို မရှိဘဲ လျှောက်သွားလိုက်သည်။

ရောက်သွားသည်နှင့် တစ်ပြိုင်နက် ဂျင်ဆင်း၏ အရွက်များကို သူ မြင်လိုက်ရတော့သည်။

ဂျင်ဆင်း။

အစစ်အမှန် တောရိုင်းဂျင်ဆင်းပင်။

ရွှီယန်က ဟန်မပျက် နေလိုက်သည်။ ဤကဲ့သို့သော ရတနာမျိုးကို လိုက်ဖ်ထဲတွင် မပြသချင်ပေ။

သူ၏ နှုတ်ခမ်းထောင့်တွင် ပျော်ရွှင်မှု အရိပ်အယောင်များ ပေါ်လာသော်လည်း ချက်ချင်းပင် ပြန်လည် ထိန်းချုပ်လိုက်သည်။

ဒါက သရုပ်ဆောင်တစ်ယောက်ရဲ့ ကျင့်ဝတ်ပဲလေ။

လိုက်ဖ်ဖွင့်ထားသည်မှာ ကျော်ကြားမှုရမှတ်များ ရှာဖွေရန်ဖြစ်သော်လည်း အချို့အရာများကိုတော့ သူ လိုက်ဖ်ထဲတွင် မထုတ်လွှင့်ချင်ချေ။

"ဒီနယ်မြေမှာ ဆေးဖက်ဝင်အပင်တွေ အတော်များတယ်... ပစ္စည်းကောင်းတွေ ရှိနိုင်တယ်"

"ကျွန်တော် ခဏလောက် အနားယူလိုက်ဦးမယ်... အားလုံးကို တောတောင်ရှုခင်းတွေ လိုက်ဖ်လွှင့်ပြမယ်လေ"

ရွှီယန်က ဒရုန်း၏ ကင်မရာကို လှည့်ကာ အဝေးရှိ တောင်တန်းကြီး၏ ရှုခင်းများကို ရိုက်ကူးလိုက်သည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုနေရာတွင် တောဝက်အချို့ လှုပ်ရှားနေသဖြင့် အင်တာနက်သုံးစွဲသူများ၏ အာရုံစိုက်မှုမှာ တောဝက်များထံသို့ ရောက်သွားတော့သည်။

ရွှီယန်ကမူ မိုက်ကို ပိတ်လိုက်ပြီး ဂျင်ဆင်း၏ အခြေအနေကို သွားရောက် ကြည့်ရှုလိုက်သည်။

ဤနယ်မြေက တကယ်ကို ကောင်းမွန်လှသည်။

ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို ပထမဆုံးအကြိမ် အသုံးပြုရုံဖြင့်ပင် ဂျင်ဆင်းကို ရှာတွေ့ခဲ့ပြီ မဟုတ်ပါလား။

သူက ဂျင်ဆင်း၏ အရွက်များကို သေချာကြည့်လိုက်သည်။ သေးသွယ်သော ပင်စည် ခြောက်ချောင်းပေါ်တွင် စိန်ပွင့်ပုံစံ အရွက်များ ပေါက်ရောက်နေ၏။

တကယ်ကို အရွက်ခြောက်ဆင့် ဂျင်ဆင်းပင် ဖြစ်သည်။

သက်တမ်းကိုတော့ လောလောဆယ် ခန့်မှန်း၍ မရသေးသော်လည်း အနည်းဆုံးတော့ နှစ်ငါးဆယ်အထက်တွင် ရှိပေမည်။

ရွှီယန်က ကြိုးနီလေးကို ထုတ်ယူကာ ပင်စည်တွင် ချည်နှောင်လိုက်သည်။ ထို့နောက် သမင်ချို ပေါက်ပြားလေးကို ထုတ်ကာ မြေကြီးကို နည်းနည်းချင်းစီ စတင်တူးဖော်တော့သည်။

ဂျင်ဆင်းတူးရာတွင် အလွန် ဂရုစိုက်ရပြီး သတိကြီးကြီးထားရန် လိုအပ်သည်။

ရွှီယန်၏ စိတ်ထဲတွင် အလွန် ပျော်ရွှင်နေ၏။ ဤရာသီတွင် တောတောင်ရှာဖွေသူများ နေ့စဉ် တောင်ပေါ်တက်ကြသည်မှာ တောရိုင်းဂျင်ဆင်းကို ရှာတွေ့ပြီး ငွေအများကြီး ရရန်အတွက်ပင် ဖြစ်သည်။

အချို့လူများမှာ တောနက်ထဲသို့ တစ်ကြိမ်ဝင်လျှင် ရက်ပေါင်းများစွာ ကြာတတ်သော်လည်း မကြာခဏဆိုသလို လက်ဗလာဖြင့်သာ ပြန်လာရပြီး သာမန် တောင်ထွက်ပစ္စည်း အချို့ကိုသာ ရတတ်ကြသည်။

ရွှီယန်ကမူ အလွယ်တကူ ရှာတွေ့နိုင်ခဲ့သည်။

တွက်ကြည့်မည်ဆိုပါက ဤတစ်လအတွင်း သူကိုယ်တိုင် ရှာတွေ့ခဲ့သော တတိယမြောက် တောရိုင်းဂျင်ဆင်းပင် ဖြစ်သည်။

နာရီဝက်ခန့် အချိန်ယူပြီးမှသာ ရွှီယန်က အပြည့်အစုံ ပါဝင်သော ဂျင်ဆင်းကို တူးဖော်နိုင်ခဲ့သည်။ အချိန်ယူရသော်လည်း အမြစ်မြွှာများ အားလုံးကို အကောင်းပကတိအတိုင်း ထိန်းသိမ်းထားနိုင်ခဲ့သဖြင့် အကျိုးနပ်လှသည်။

'အနှစ်ခုနစ်ဆယ်လောက်တော့ ရှိမယ်... ယွမ်တစ်သိန်းကျော်လောက်တော့ ရနိုင်တယ်'

'ဒီတစ်ခါတော့ အကြီးအကျယ် မြတ်တာပဲ'

ရွှီယန်မှာ အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။

ယခုအခါ တောရိုင်းဂျင်ဆင်း၏ ဈေးကွက်အခြေအနေမှာ အနည်းငယ် အတက်အကျ ရှိသော်လည်း နှစ်ခုနစ်ဆယ် သက်တမ်းရှိ တောရိုင်းဂျင်ဆင်းကို ယွမ်တစ်သိန်းကျော်ဖြင့် ရောင်းချရန်မှာ ပြဿနာမရှိပေ။

အင်တာနက်ပေါ်တွင် ယွမ်သိန်းချီ သန်းချီ ရသည်ဟု ပြောဆိုနေကြသည်မှာ အခြေခံအားဖြင့် မဟုတ်မမှန် ကြော်ငြာခြင်းများသာဖြစ်ပြီး ဂျင်ဆင်းပွဲစားများ၏ ကြော်ငြာနည်းဗျူဟာများသာ ဖြစ်သည်။

အမှန်တကယ် အရောင်းအဝယ်ပြုလုပ်သည့် ဈေးနှုန်းမှာ ဤမျှသာ ဖြစ်သည်။

သူက ပလတ်စတစ်အိတ် တစ်လုံးကို ယူလာပြီး ရွှံ့အချို့ ထည့်လိုက်ကာ ဂျင်ဆင်းကို ထိုရွှံ့များထဲတွင် မြှုပ်၍ ထုပ်ပိုးလိုက်သည်။

ယခုလောလောဆယ် ရေညှိဖတ်များ ရှာရခက်နေသဖြင့် မူလနေရာမှ ရွှံ့မြေများဖြင့် ထုပ်ပိုးထားခြင်းကလည်း ဂျင်ဆင်း၏ လတ်ဆတ်မှုကို ထိန်းသိမ်းထားနိုင်ပေသည်။

ရွှီယန်က အိတ်ကို သေချာချည်နှောင်ပြီး ကျောပိုးအိတ်ထဲသို့ ထည့်လိုက်သည်။

ထို့နောက် ထိုနေရာ၌ပင် ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို နောက်တစ်ကြိမ် ထပ်မံအသုံးပြုရန် ရွေးချယ်လိုက်သည်။

ယေဘုယျအားဖြင့်ဆိုလျှင် ဂျင်ဆင်းများမှာ တစ်ပင်တည်း ရှိတတ်သည်မဟုတ်ပေ။

သူက ဤနယ်မြေကို ရတနာမြေဟု ယူဆထားသဖြင့် ထပ်မံ၍ အကြိမ်အနည်းငယ်မျှ ရှာဖွေကြည့်သင့်သည်ဟု ထင်မြင်မိသည်။

All Chapters