အခန်း ၈၄
Vol. 9 Ch. 84
အခန်း (၈၄) ငါ့ကို ဘယ်ရောက်အောင် ခေါ်လာတာလဲဟ
ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်၏ နောက်ဆုံးအကြိမ် နှစ်ကြိမ် ရှာတွေ့ခဲ့သည်မှာ တောရိုင်းဂျင်ဆင်းများချည်းသာ ဖြစ်သည်။
အရွက်ငါးဆင့်များဖြစ်ကြပြီး သက်တမ်းမှာ အနှစ်ငါးဆယ်ဝန်းကျင်ခန့်ရှိကာ ယွမ်ခုနစ်သောင်း ရှစ်သောင်းခန့် တန်ဖိုးရှိသည့် အနေအထားမျိုးဖြစ်သော်လည်း ရွှီယန်အတွက်မူ အလွန်ပင် မြတ်စွန်းနေပြီ ဖြစ်သည်။
သူ၏ ဤတစ်ခေါက် ခရီးစဉ်သည် ရွာထဲမှ လူများ ဤနှစ်အတွင်း ရှာတွေ့သမျှ တောရိုင်းဂျင်ဆင်း အားလုံးကို ပေါင်းလိုက်သည်ထက်ပင် တန်ဖိုးပိုကြီးနေနိုင်ပေသည်။
အထူးသဖြင့် အစပိုင်းက တွေ့ခဲ့ရသော အရွက်ခြောက်ဆင့် ဂျင်ဆင်းနှစ်ပင်ကြောင့် ဖြစ်သည်။
ဤတစ်ကြိမ် တောင်ပေါ်တက်ရခြင်းမှာ သူဌေးဖြစ်သွားခြင်းပင်တည်း။
ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်သည် တကယ်ကို အသုံးဝင်လှပေသည်။
'မနက်ဖြန် တောင်အောက်ကို တန်းဆင်းမယ်... အရင်ဆုံး ပြန်ပြီး ဂျင်ဆင်းတွေကို ရောင်းထုတ်လိုက်ဦးမယ်... လက်ထဲ ပိုက်ဆံရောက်မှ စိတ်အေးရမှာ'
'ပြဿနာ တစ်ခုခုဖြစ်မှာ စိုးလို့'
'အဲဒီအချိန်ကျရင် ခရီးဝေးလေး ထွက်ပြီး တခြားမြို့က တောင်ထွက်ပစ္စည်း ဈေးကွက်မှာ သွားရောင်းလိုက်မယ်'
'ဒါဆိုရင် ဘယ်သူ့ရဲ့ အာရုံစိုက်မှုကိုမှ ခံရမှာ မဟုတ်ဘူး'
ရွှီယန်က စိတ်ထဲမှ တိတ်တဆိတ် တွက်ချက်နေလိုက်သည်။
ဤတစ်ခေါက် ရတနာရှာဖွေမှုသည် သူ ထင်မှတ်မထားလောက်အောင်ပင် ဖြစ်ခဲ့ပြီး အဖိုးတန် တောရိုင်းဂျင်ဆင်း လေးပင်ကို ပေါင်းလိုက်ပါက ယွမ်ငါးသိန်းနီးပါးခန့် တန်ဖိုးရှိပေသည်။
ဤသို့သော တောရိုင်းဂျင်ဆင်း တစ်ပင်ချင်းစီတိုင်းသည် တမင်တကာ သွားရှာ၍ မရဘဲ ကံကြမ္မာက ဖန်တီးပေးမှသာ တွေ့ရတတ်ခြင်းမျိုး ဖြစ်သည်။
အကယ်၍ တစ်ယောက်ယောက်က တစ်ပင်တူးမိသွားခဲ့လျှင်ပင် ရွာထဲ၌ သတင်းများ ပျံ့နှံ့သွားမည်မှာ သေချာသကဲ့သို့ လာရောက် ဂုဏ်ပြုပေးမည့်သူများပင် ရှိနေဦးမည်ဖြစ်သည်။ အနည်းဆုံးတော့ စားပွဲတစ်ဝိုင်းခန့် ခင်းကျင်းပြီး လူအချို့ကို ဖိတ်ကျွေးရမည် ဖြစ်၏။
သို့သော် ရွှီယန်မှာမူ တစ်ခါတည်းနှင့် လေးပင်တိတိ တူးမိခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် နေရာတစ်ခုတည်းတွင် တူးမိခဲ့ခြင်းဖြစ်ရာ ဤသည်မှာ တကယ်ကို ချဲ့ကားလွန်းရာ ကျနေပေသည်။
ဤနေရာတွင် ဤမျှများပြားသော ရတနာများ ရှိနေလိမ့်မည်ဟု သူကိုယ်တိုင်ပင် မထင်ထားခဲ့မိချေ။
ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို အကြိမ်ရေများများ သုံးလေလေ ပစ္စည်းကောင်းများကို သေချာပေါက် ရှာတွေ့နိုင်လေလေ ဖြစ်သည်။
ရွှီယန်သည် ဂျင်ဆင်းများကို တစ်ပင်ပြီးတစ်ပင် သေချာစွာ သိမ်းဆည်းကာ ကျောပိုးအိတ်ထဲသို့ ထည့်လိုက်သည်။
ကောင်းကင်သည် တဖြည်းဖြည်း မှောင်ရီပျိုးလာပြီ ဖြစ်သည်။ တိရစ္ဆာန် အတော်များများသည် ညနေစောင်းအချိန်များတွင် ထွက်၍ လှုပ်ရှားတတ်ကြသည်ဖြစ်ရာ ဤအချိန်သည် အန္တရာယ်အများဆုံး အချိန်လည်း ဖြစ်ပေသည်။
ရွှီယန်သည် တဲဆီသို့ တောက်လျှောက် ပြန်လာခဲ့ပြီး အစားအစာ အနည်းငယ် စားကာ ရေအနည်းငယ် သောက်လိုက်သည်။
တစ်နေ့လုံး တောင်ပေါ်တက်ရခြင်းမှာ အလွန်ပင် ပင်ပန်းလှပြီး ခွန်အားများစွာ ကုန်ခမ်းခဲ့သည်ဖြစ်ရာ စောစောအိပ်ရန် သူ စဉ်းစားလိုက်၏။
တဲမှာ အတော်လေး ခိုင်ခံ့သည်ဖြစ်ရာ ယေဘုယျအားဖြင့် ပြဿနာ မရှိနိုင်ပေ။
ရွှီယန်သည်လည်း အသေအချာကြီး အိပ်မောကျသွားမည် မဟုတ်ချေ။
သူသည် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားပြီးဖြစ်ရာ အကယ်၍များ ကျားနှင့် ဝက်ဝံညိုကဲ့သို့ အကောင်ကြီးများက တဲကို အတင်း ဖြဲဝင်လာမည်ဆိုပါက မျက်လုံးဖွင့်ဖွင့်ချင်း လူကောင်းကတ် ကို သုံးလိုက်ရန် ရည်ရွယ်ထားသည်။
အားလုံးကို သေချာ တွက်ချက်ထားပြီးဖြစ်သဖြင့် ရွှီယန်သည် စောစောစီးစီးပင် အိပ်ပျော်သွားတော့သည်။
ညဘက် သစ်တောအုပ်မှာ အန္တရာယ်များလှ၏။
မြွေများနှင့် ပိုးမွှားများမှာ အနံ့ကြောင့် ပြေးသွားကြပြီး တဲအနီးသို့ မကပ်ကြပေ။
မြေခွေးတစ်ကောင်သည် တဲနားသို့ ရောက်လာပြီး အနံ့လာခံကြည့်ပြီးနောက် အဝေးသို့ ပြေးထွက်သွားသည်။
ဝက်ဝံမည်း တစ်ကောင်သည်လည်း တဲဘေးမှ ဖြတ်သွားသော်လည်း တဲကို မည်သည့် အနှောင့်အယှက်မျှ မပေးခဲ့ချေ။
အမှောင်ထုထဲတွင် တိရစ္ဆာန်များ၏ လှုပ်ရှားမှုက ပို၍ များပြားလာသည်။ ယုန်များနှင့် ကြွက်များအတွက်မူ အမှောင်ထုက ၎င်းတို့ကို အကာအကွယ်ပေးထားပြီး အမဲလိုက် သတ္တဝါများ အလွယ်တကူ မတွေ့နိုင်ရန် ကူညီပေးပေသည်။
အသားစား သတ္တဝါများအတွက်မူ ဤအချိန်သည် ပုန်းကွယ်ရန် ပို၍ သင့်တော်ပြီး အမဲလိုက် အောင်မြင်နိုင်ခြေကလည်း ပိုများသည်။
ထို့ကြောင့် ညဘက် သစ်တောအုပ်သည် ပို၍ပင် အသက်ဝင် လှုပ်ရှားနေတတ်၏။
ဒုတိယနေ့ နံနက် ၅ နာရီခန့်သို့ ရောက်သောအခါ။
ရွှီယန်သည် မျက်လုံးဖွင့်လိုက်ပြီး မြေပြင်ပေါ်မှ ထိုင်လိုက်သည်။ သူ၏ ကိုယ်ပေါ်တွင် လေကာအင်္ကျီ တစ်ထည်ကို ခြုံထားပြီး အအေးဒဏ်ကို အတော်အသင့် ကာကွယ်နိုင်ပေသည်။
ခန္ဓာကိုယ်သည် ပင်ပန်းနွမ်းနယ်မှုများမှ တဖြည်းဖြည်း ပြန်လည် နာလန်ထူလာ၏။
ယမန်နေ့က တစ်နေ့လုံး တောင်ပေါ်လမ်း လျှောက်ခဲ့ရသဖြင့် ခန္ဓာကိုယ်မှ အားအင်များစွာ ကုန်ခမ်းခဲ့သည်ဖြစ်ရာ အခုမှ နိုးခါစတွင် တင်းပုတ်နှင့် အထုခံထားရသကဲ့သို့သော ခံစားချက်မျိုး ဖြစ်ပေါ်နေသည်။
တဖြည်းဖြည်းနှင့်မှ ထိုခံစားချက်က ပျောက်ကွယ်သွားတော့သည်။
ရွှီယန်သည် တဲထဲမှ ထွက်လာပြီး အပြင်ဘက်သို့ ကြည့်လိုက်သည်။
နံနက် ၅ နာရီ၏ အပူချိန်မှာ အနည်းငယ် အေးနေပြီး အထူးသဖြင့် တောင်ပေါ်တွင်ဖြစ်ရာ ပို၍ပင် အေးစက်စက်နိုင်နေ၏။
ညလုံးပေါက် အင်တာနက်ဆိုင်မှ ထွက်လာသည့် ခံစားချက်မျိုးနှင့် ဆင်တူလှသည်။
ရွှီယန်သည် လေကာအင်္ကျီကို ဝတ်လိုက်ပြီး အစားအစာ အနည်းငယ်စားကာ နေရာကို ရှင်းလင်းပြီးနောက် ကျောပိုးအိတ်ကို စတင် ပြင်ဆင်လေတော့သည်။
ယမန်နေ့က တူးထားသော ဂျင်ဆင်းများ အားလုံးရှိနေပြီး ကျောပိုးအိတ်ထဲတွင် အကုန်ထည့်ထားသည်။
ဂျင်ဆင်းများကို မြေကြီးများနှင့် မြက်ခြောက်များဖြင့် ထုပ်ပိုးထားသဖြင့် ကျောပိုးအိတ်မှာ အနည်းငယ် လေးလံနေ၏။
အပြန်လမ်းသည် သွားရသည်မှာ သိပ်မလွယ်ကူလှချေ။
သို့သော် လူကြီးများ ပြောသကဲ့သို့ပင် ပေါင်တစ်ရာလေးသော လူတစ်ယောက်ကို ကုန်းပိုးခိုင်းပါက ပိုးနိုင်မည် မဟုတ်သော်လည်း ပေါင်တစ်ရာလေးသော ရွှေကို ထမ်းခိုင်းမည်ဆိုပါက ထမ်းနိုင်ရုံသာမက ပြေးပင် ပြေးနိုင်သေးသည်။
ဤမြေကြီး အနည်းငယ်မျှ၏ အလေးချိန်မှာ ရွှီယန်အတွက်တော့ ပြောပလောက်စရာ မဟုတ်ပေ။
ပစ္စည်းများ သိမ်းဆည်းပြီးသွားသောအခါ တဲကိုလည်း လိပ်၍ ကျောပိုးအိတ်ပေါ်တွင် ထိုးစိုက်လိုက်သည်။ ရွှီယန်သည် ဒရုန်းကို ဖွင့်ကာ လိုက်ဖ်ကို စတင်လိုက်ပြီး ခရီးဆက်လေတော့သည်။
သို့သော် ဤတစ်ကြိမ်တွင်မူ လမ်းကြောင်း ပြောင်းသွားခဲ့၏။
သူသွားမည့် နေရာသည် ချာဂါမှိုတောကို ဖြတ်သွားရမည်ဖြစ်ပြီး တောင်ကုန်းကို ကျော်လိုက်သည်နှင့် တောင်ပတ်လမ်းသို့ ရောက်ရှိသွားမည်ဖြစ်သည်။
ခြောက်နာရီခန့် အချိန်ယူရမည်ဟု ရွှီယန် ခန့်မှန်းထားသည်။
အလာတုန်းကထက်တော့ အနည်းငယ် ပိုမြန်၏။
လမ်းကြုံရင်း လိုက်ဖ်လည်း လွှင့်၍ရပေသည်။
လိုက်ဖ်ဖွင့်လိုက်သည်နှင့် ဝင်လာသူ အများအပြားရှိပြီး အချိန်တိုအတွင်းမှာပင် လူနှစ်သောင်းကျော်သွားသည်။
ဤသို့ တောနက်ထဲဝင်သော လိုက်ဖ်မျိုးသည် အင်တာနက် တစ်ခွင်လုံးတွင် မည်သူမျှ မရှိချေ။ အဘယ်ကြောင့်ဆိုသော် တောထဲတွင် အရှေ့မြောက်ကျားများနှင့် ဝက်ဝံညိုများ ရှိကြောင်း သိထားကြသဖြင့် မည်သူမျှ ဝင်ရောက်၍ လိုက်ဖ်မလွှင့်ရဲကြသောကြောင့်ပင်။
ထို့ကြောင့် ရွှီယန်၏ လိုက်ဖ်မှာ လူကြိုက်များမှု တဖြည်းဖြည်း မြင့်တက်လာနေခြင်း ဖြစ်သည်။
သူ၏ အကောင့်ရှိ ဖော်လိုဝါ အရေအတွက်မှာလည်း အလွန်မြန်ဆန်စွာ တက်လာပြီး ယခုဆိုလျှင် ခုနစ်သိန်းကျော်သွားပြီ ဖြစ်သည်။
"ဒီနေ့ တန်ဖိုးရှိတဲ့ တောင်ထွက်ပစ္စည်းလေးတွေ ရှိမရှိ ထပ်ရှာကြည့်ရဦးမယ်... တောနက်ထဲမှာ ပစ္စည်းကောင်းတွေ အများကြီး ရှိသေးတယ်လေ"
"ဥပမာ လင်ဇီးနီတို့... မှိုတို့... ချာဂါမှိုတို့ပေါ့"
"တွေ့ရင် အကုန်လုံး ခူးသွားမှာပါ"
ရွှီယန်က ခရီးသွားရင်း ရှင်းပြနေသည်။
ခြေလှမ်း အနည်းငယ်မျှ လျှောက်လိုက်သည်နှင့် သူတစ်ခုခုကို တွေ့သွားပြန်၏။
မြေပြင်ပေါ်တွင် အရွယ်အစား ကြီးမားသော မှိုကြီးအချို့ ပေါက်ရောက်နေသည်ကို တွေ့လိုက်ရသဖြင့် ရွှီယန်၏ မျက်နှာတွင် ဝမ်းသာသော အမူအရာများ ပေါ်လာပြီး သွားရောက် ခူးယူလိုက်လေသည်။
"အရည်အသွေးကောင်းတဲ့ ခေါင်းကြီးမှိုတွေ... အဲဒါကို နွားအသည်းမှို လို့လည်း ခေါ်တယ်"
"ဒီမှိုတွေကို သဘောကျတယ်... တန်ဖိုးလည်း ကြီးသလို အရသာလည်း ကောင်းတယ်လေ"
"မရောင်းရရင်တောင် ကိုယ်တိုင် ချက်စားလို့ ရတယ်"
ရွှီယန်က ခေါင်းကြီးမှိုများကို ပြသလိုက်သည်။
အင်တာနက်သုံးစွဲသူများက ဤမြင်ကွင်းကို မြင်သောအခါ ရယ်မောကြပါတော့သည်။
"မှိုနတ်မင်းကြီး... မှိုပဲ သီးသန့်ခူးတာ"
"တကယ်ကို ခေါင်းထွက်လာတာနဲ့ အစိမ်းလိုက် ဖြတ်ခံရတာပဲ"
"လောင်ရွှီ မှိုခူးတာက တစ်ဖက်ကမ်းခတ်နေပြီ"
လိုက်ဖ်ထဲရှိ လေထုမှာ အလွန်ကို စည်ကားနေသည်။
ရွှီယန်သည် ရှေ့သို့ တောက်လျှောက် ဆက်လျှောက်သွားနေသည်။ တောင်ပေါ်လမ်းမှာ ကြမ်းတမ်းပြီး အနိမ့်အမြင့်များ မညီညာချေ။ ထို့အပြင် တစ်ခါတစ်ရံ အပေါ်သို့ တက်ရသကဲ့သို့ တစ်ခါတစ်ရံ အောက်သို့ ဆင်းရသည်။
သူသည် ယခု တောင်တန်းဒေသ၏ အလယ်ပိုင်းတွင် ရောက်ရှိနေခြင်းဖြစ်ပြီး တောင်တစ်လုံးနှင့် တစ်လုံး ဆက်နေသော နေရာဖြစ်သဖြင့် အမြဲတမ်း တက်နေခြင်းမျိုး ဆင်းနေခြင်းမျိုး မဟုတ်ပေ။
မတ်စောက်သော တက်လမ်း ဆင်းလမ်းများ တွေ့ပြီဆိုလျှင် ယေဘုယျအားဖြင့် တောင်တန်းဧရိယာ၏ အပြင်ဘက်သို့ ရောက်သွားပြီ ဖြစ်သည်။
နှစ်နာရီခန့် အကြာတွင်တော့ ရွှီယန်သည် ချာဂါမှိုတော တစ်ခုကို ရှာတွေ့သွားခဲ့သည်။
"ဟိုမှာကြည့်... ချာဂါမှိုပင်တွေ... နောက်ဆုံးတော့ ရှာတွေ့သွားပြီ"
"ဒီတစ်ခေါက် တောင်ပေါ်တက်လာတာကလည်း ချာဂါမှို ရှာဖို့လေ"
"ဒီရာသီမှာ ချာဂါမှိုတွေ အများကြီး ပေါက်တတ်တယ်... တောနက်ထဲက အန္တရာယ်များလို့ နှိုင်းယှဉ်ကြည့်ရင် တောင်ပေါ်တက်တဲ့ လူလည်း နည်းတယ်ပေါ့"
"ဒါကြောင့် အလွယ်တကူ ရှာတွေ့နိုင်တာပါ"
ရွှီယန်သည် ချာဂါမှိုတောကို လက်ညှိုးထိုးပြရင်း အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။
အင်တာနက်သုံးစွဲသူများက လိုက်ဖ်မြင်ကွင်းကို ကြည့်လိုက်ရာ သစ်ပင်များ ပြည့်နှက်နေပြီး အရပ်မြင့်မြင့် ဖြောင့်ဖြောင့်တန်းတန်း သစ်ပင်များကိုသာ မြင်တွေ့ရသည်။
အားလုံးမှာ သစ်တောအုပ် တစ်ခုကိုသာ မြင်ရပြီး သူပြောသော ချာဂါမှိုများက မည်သည့်နေရာတွင် ရှိနေသည်ကို လုံးဝ မမြင်ရချေ။
တကယ်တမ်းတွင် သစ်ပင်များပေါ်၌ အမည်းရောင် အဖုအထစ်လေးများ ရှိနေပြီး ၎င်းမှာ မှိုတစ်မျိုးပင် ဖြစ်ကာ ထိုအရာကို ချာဂါမှိုဟု ခေါ်ဆိုခြင်း ဖြစ်သည်။
ရွှီယန်သည် သစ်တောအုပ်ထဲသို့ ဝင်သွားပြီး အထက်သို့ မော့ကြည့်ကာ မည်သည့်နေရာတွင် ချာဂါမှိုများ ရှိမည်ကို သေချာ လိုက်ရှာနေသည်။
ထိုအချိန်တွင် ဒရုန်းက အကောင်းဆုံး ရှုထောင့်မှနေ၍ ပံ့ပိုးပေးနေ၏။
ရွှီယန်က ဖုန်းကို ထုတ်ယူကာ ဒရုန်းကို လက်ဖြင့် ကိုယ်တိုင် ထိန်းချုပ်လိုက်သကဲ့သို့ ဗီဒီယိုမြင်ကွင်းကိုပါ တစ်ပြိုင်တည်း ကြည့်ရှု၍ ရသွားသည်။
ဤသို့ဆိုလျှင် ရှာဖွေရသည်မှာ အလွန် လွယ်ကူသွားပေမည်။
ထို့နောက် ၎င်းမှာ သူ၏ ကိုယ်ခံပညာ စွမ်းရည်များကို ပြသရမည့် အချိန်ပင် ဖြစ်သည်။
ခြေရောလက်ပါ အသုံးပြုကာ သစ်ပင်တစ်ပင်ကို ဖက်၍ အပေါ်သို့ တက်သွား၏။
အပေါ်သို့ ရောက်သွားသောအခါ ချာဂါမှိုများကို အလွယ်တကူ ခူးယူနိုင်ပြီ ဖြစ်သည်။
လိုက်ဖ်ထဲတွင် အံ့သြသံများ ဆက်တိုက် ထွက်ပေါ်လာတော့သည်။
"ဟိုက်"
"ဒီလိုက်ဖ်လွှင့်သူက အရမ်းကို သွက်လက်တာပဲ... မျောက်နှစ်ဖွားလား"
"ဒါက သိုင်းဆရာကြီးပဲ"
ပရိသတ်ဟောင်း အချို့ကလည်း မှတ်ချက်များ ရေးနေကြသည်။
"အသားကျသွားပါလိမ့်မယ်... သူ သိုင်းတတ်တယ်လို့တောင် ငါ ထင်နေတာ"
"အရည်အချင်း မရှိဘဲ တောနက်ထဲ ဝင်ရဲပါ့မလား"
"ချန်ပိုင်တောင်တန်းက နံပါတ်တစ် လူကြမ်းကြီးပဲ"
ဤသို့သော မြင်ကွင်းမျိုးမှာ လိုက်ဖ်ထဲတွင် အမြဲတမ်း ပါဝင်နေကျဖြစ်ပြီး ပြသလိုက်တိုင်းတွင် လူကြိုက်များမှုက အထူးကို မြင့်တက်သွားတတ်သည်။
လူများကလည်း ကြည့်ရှု၍ မဝနိုင်ကြချေ။
သူ အမြင့်ကြီးသို့ တက်သွားပြီး သွက်လက်ပေါ့ပါးနေသည့် ပုံစံမျိုးကို လူများက သဘောကျကြခြင်း ဖြစ်သည်။
"ချာဂါမှိုက တကယ်ကို ပစ္စည်းကောင်းပဲ"
"နောက်ဆုံးတော့ ပစ္စည်းကောင်း ရှာတွေ့သွားပြီ"
ရွှီယန်က ဝမ်းသာအားရ ပြောလိုက်သည်။
သူ၏စကားများမှာ ရိုးသားလှ၏။ တောတောင်ရှာဖွေရင်းဖြင့် အနည်းငယ် ပိုရှာ၍ရပါက ပိုရှာချင်သည်သာ ဖြစ်သည်။
ရွှီယန်သည် ဤသို့ဖြင့်ပင် ချာဂါမှိုများကို စနစ်တကျ ခူးယူနေလိုက်သည်။
ဤနေရာတွင် ချာဂါမှိုများ အများအပြားရှိပြီး အချိန်အနည်းငယ် ပေးလိုက်ရသော်လည်း အိတ်နှစ်အိတ် အပြည့်ခန့် ခူးယူနိုင်ခဲ့၏။
အင်တာနက်သုံးစွဲသူများကလည်း စိတ်ဝင်တစား မေးမြန်းကြသည်။
"ဒီချာဂါမှိုတွေက ဘယ်လောက် တန်လဲ"
ရွှီယန်က အိတ်ကို ချိန်ဆကြည့်ရင်း ပြန်ဖြေလိုက်သည်။
"ယွမ် နှစ်ထောင်ကျော်လောက်တော့ ရမယ် ထင်တယ်... အဲဒီဈေးလောက်တော့ ရောင်းရမှာပါ"
သူက တစ်ရက်ကို ယွမ် နှစ်ထောင် သုံးထောင်ခန့် ရှာနိုင်သည်ဆိုသည်ကို ကြားသောအခါ အားလုံးက အနည်းငယ်တော့ အားကျသွားကြ၏။ သို့သော် ဤသည်မှာ သူရသင့်ရထိုက်သည်ဟုလည်း တွေးမိကြသည်။
တကယ်တမ်းတွင် ရွှီယန် ရှာနိုင်သော ငွေမှာ ဤထက် အများကြီး ပိုမိုများပြားလှသည်။
ဤတစ်ခေါက်မှာတော့ အပြည့်အဝ အောင်မြင်ခဲ့ခြင်းပင် ဖြစ်သည်။
ချာဂါမှိုများ ခူးယူပြီးသွားသောအခါ ရွှီယန်သည် အချိန်မဆွဲတော့ဘဲ ပစ္စည်းများကို အကုန်ယူကာ တောင်ပေါ်မှ စတင် ဆင်းလေတော့သည်။
ပစ္စည်းများ များပြားသဖြင့် လမ်းလျှောက်ရသည်မှာ အနည်းငယ်တော့ ပင်ပန်းလှ၏။
သူ၏ ကိုယ်ပေါ်တွင် ချွေးများ ရွှဲနစ်နေပြီ ဖြစ်သည်။
ရာသီဥတုကလည်း အနည်းငယ် ပူအိုက်နေသည်။
ရွှီယန်သည် ဘာမျှ ထပ်မပြောတော့ဘဲ အပြင်ဘက်သို့ တောက်လျှောက် လျှောက်သွားနေလိုက်သည်။
လူများက ကြည့်ရှုလေလေ ပို၍ လေးစားလာလေလေပင် ဖြစ်သည်။
"လောင်ရွှီရဲ့ ကိုယ်ကာယစွမ်းရည်က တကယ်ကို ကောင်းတာပဲ... ဒီလောက် ပစ္စည်းတွေ အများကြီး လွယ်ထားတာတောင် အချိန်အကြာကြီး တောင်တက်နိုင်သေးတယ်"
"ဘာပြောစရာရှိသေးလဲ... အရမ်းကို စွမ်းတာပဲ"
"တောင်ပေါ်မှာ ကြီးပြင်းလာသူမို့ ခန္ဓာကိုယ် တောင့်တင်းတာ သေချာတာပေါ့"
"ဒီပိုက်ဆံက သူ ရှာသင့်တာပါ"
အင်တာနက်သုံးစွဲသူများသည် တကယ့် အရည်အချင်းရှိသော လိုက်ဖ်လွှင့်သူများကို ပို၍ သဘောကျကြသည်။
အစီအစဉ်ကောင်းကောင်း တင်ဆက်နိုင်ခြင်းဖြစ်စေ၊ တကယ် စွမ်းဆောင်နိုင်ခြင်းဖြစ်စေ ဤသို့သော လူမျိုးများက ပို၍ လူကြိုက်များတတ်ကြသည်။
ရွှီယန်၏ အရည်အချင်းကို သံသယဝင်စရာ မရှိသည်ဖြစ်ရာ လူကြိုက်များမှုကလည်း ပိုပို၍ မြင့်တက်လာနေ၏။
ယခုအချိန်တွင် ရွှီယန်သည် ပင်ပန်းသည်ဟု မခံစားရသည့်အပြင် လွတ်လပ်ပေါ့ပါးနေသည်ဟုပင် ခံစားနေရသည်။
အချို့အချိန်များတွင် ချွေးထွက်ရခြင်းက အလွန်ပင် ကောင်းမွန်လှ၏။
အထူးသဖြင့် အလေးချိန်စီးသော ဂျင်ဆင်းများကို လွယ်ထားရသည့် အချိန်မျိုးတွင် ဖြစ်သည်။
ဤတစ်ခေါက် တောတောင်ရှာဖွေသည့် အတွေ့အကြုံက သူ့ကို ရက်အနည်းငယ်ခန့် ဝမ်းသာနေစေရန် လုံလောက်ပေသည်။
လမ်းလျှောက်နေရင်းဖြင့် ယနေ့အတွက် ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်၏ အကြိမ်ရေက ပြန်ပြည့်သွားပြီဖြစ်ရာ ရွှီယန်သည် အားလုံးကို အသုံးပြုလိုက်ရန် ရွေးချယ်လိုက်သည်။
သိပ်မကြာမီမှာပင် သံလိုက်အိမ်မြှောင်က ရတနာရှိသည့်နေရာကို မှတ်သားပေးလိုက်ရာ သူက အေးအေးဆေးဆေး သွားကြည့်လိုက်သောအခါ အလွန် ကြီးမားလှသော အဖြူရောင် မြင်းချေးထုတ် ကြီး ဖြစ်နေသည်။
မြင်းချေးထုတ်ကို ဖားဥမှို ဟုလည်း ခေါ်ကြပြီး မြင်းချေးတုံးနှင့် တူသဖြင့် လူများက မြင်းချေးထုတ်ဟု ခေါ်ကြခြင်း ဖြစ်သည်။
၎င်းမှာ မှိုတစ်မျိုးဖြစ်ပြီး အောက်ဆီဂျင်ကို နှစ်သက်ကာ မှိုမျှင်များက ဆက်တိုက် ကြီးထွားလာပြီး တဖြည်းဖြည်း ဖောင်းကားလာကာ ယခုကဲ့သို့ ကြီးမားလာခြင်း ဖြစ်၏။
မြင်းချေးထုတ် အသေးလေးများကို ညှစ်ကြည့်ပါက အဝါရောင် အခိုးအငွေ့များ ထွက်လာတတ်ပြီး တကယ်တော့ ၎င်းမှာ မှိုစပိုးများပင် ဖြစ်သည်။
ဤအရာကို သွေးတိတ်ဆေးအဖြစ် အသုံးပြု၍ရပြီး အများအပြား စုဆောင်းထားပါက တန်ဖိုးကလည်း မြင့်မားပေသည်။
"ဟိုမှာကြည့်... ဒီလောက်ကြီးတဲ့ မြင်းချေးထုတ်ကြီးကို ကျွန်တော် ပထမဆုံးအကြိမ် မြင်ဖူးတာပဲ"
"တောင်ထွက်ပစ္စည်း ဈေးကွက်မှာ ဒီအရာတွေက တော်တော်များတယ်လေ"
"ဒီမြင်းချေးထုတ်က အဖြူရောင်ဆိုတော့ အရည်အသွေး ကောင်းတယ်... အေးအေးဆေးဆေး စားလို့ရတယ်"
ရွှီယန်က ရေရွတ်လိုက်သည်။
'မြင်းချေးထုတ် ဟုတ်လား’
အင်တာနက်သုံးစွဲသူများက ဤနာမည်ကို ကြားသောအခါ အနည်းငယ် သဘောကျသွားကြ၏။
တောင်ပေါ်တွင် ထူးဆန်းသော အရာများစွာရှိပြီး လူများကလည်း မသိကြပေ။ သို့သော် ဤနာမည်ကတော့ တကယ်ကို ရယ်ချင်စရာ ကောင်းနေသည်။
ရွှီယန်က သေချာကြည့်ရှုလိုက်ပြီး ပလတ်စတစ်အိတ် တစ်လုံးကို ရှာကာ မြင်းချေးထုတ်ကို ထည့်လိုက်သည်။
ဤမှိုသည် တောင်အောက်တွင် ရောင်းချပါက ယွမ် ရာဂဏန်းခန့် ရရှိနိုင်ပေသည်။
အလကားရသော ပစ္စည်းကို မယူဘဲ ဘာကြောင့် နေရမည်နည်း။
တစ်လမ်းလုံး မရပ်မနားဖြင့် ရွှီယန်သည် တောင်များကို ကျော်ဖြတ်ပြီး နောက်ဆုံးတွင်တော့ တောင်ပတ်လမ်းကို မြင်တွေ့လိုက်ရသည်။
ဤလမ်းပေါ်တွင် ကားများ ဘာမျှ မရှိသလောက်ပင် ဖြစ်၏။
အငှားကားသမားကို ဖုန်းခေါ်မည်ဆိုလျှင်တောင် တည်နေရာ ပို့ပေးမှ ရမည်ဖြစ်သည်။ မဟုတ်ပါက မည်သည့်နေရာဆိုသည်ကို လုံးဝ သိမည်မဟုတ်ချေ။
ရွှီယန်က အချိန်ကို ကြည့်လိုက်ရာ ညနေ လေးနာရီ ရှိနေပြီ ဖြစ်သည်။
တောင်ပေါ်တွင် အချိန်အကြာကြီး နေပြီးမှ ထွက်လာနိုင်ခြင်း ဖြစ်၏။
ဒရုန်းကလည်း ဘက်ထရီ ၁၀% အောက် ရောက်နေပြီဟု သတိပေးချက်များ ပြသနေသည်။
"ငါ့ကို ဘယ်ရောက်အောင် ခေါ်လာတာလဲဟ"
ရွှီယန်က သစ်တောအုပ်ထဲမှနေ၍ တောင်ပေါ်လမ်းသို့ ရောက်လာပြီး ပတ်ဝန်းကျင်မှ စိမ်းသက်နေသော နေရာများကို ကြည့်ကာ အံ့သြတကြီး ပြောလိုက်သည်။
"ဒါ တရုတ်ပြည်ထဲမှာပဲ ရှိသေးတာလား"
သူ၏ပုံစံကို မြင်သောအခါ အားလုံးက ဟန်မဆောင်နိုင်တော့ဘဲ အော်ဟစ် ရယ်မောကြပါတော့သည်။