← Chapters

အခန်း ၈၅

Vol. 9 Ch. 85

အခန်း ၈၅

Vol. 9 Ch. 85

အခန်း (၈၅) ငါက အရှေ့မြောက်ဒေသမှာ အုန်းပင်စိုက်မယ်

တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လိုက်ပြီးနောက် ရွှီယန်သည် အငှားကားတစ်စီးကို စီးကာ လယ်ယာခြံဝင်းဆီသို့ တောက်လျှောက် ပြန်လာခဲ့သည်။

မူလက တောင်ပေါ်တွင် နှစ်ရက်ခန့် ထပ်နေပြီး တောင်ထွက်ပစ္စည်းကောင်းများ ရှာဖွေရန် ရည်ရွယ်ထားခဲ့သော်လည်း တောင်ပေါ်တက်ပြီး မကြာမီမှာပင် ရတနာမြေနှင့် ကြုံတွေ့ခဲ့ရကာ အိတ်အပြည့်အမောက်ဖြင့် ပြန်လာခဲ့ရမည်ဟု ထင်မထားခဲ့ပေ။

ဤကိစ္စကို ဘယ်သူ့သွားပြောရမည်နည်း။

ရွှီယန်သည် ကားနောက်ခန်းထိုင်ခုံကို မှီလိုက်ရင်း ပေါ့ပါးစွာ ပြုံးကာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်သည်။

နောက်ဆက်တွဲအနေဖြင့် လယ်ယာခြံဝင်း တည်ဆောက်ရေးကိစ္စများကို ပြင်ဆင်ရမည်ဖြစ်သည်။

လက်ရှိ သူ၏ ခြံဝင်းကြီးမှာ ကျယ်ဝန်းလှသော်လည်း ဟာလာဟင်းလင်း ဖြစ်နေသေးရာ ဖန်လုံအိမ် အနည်းငယ် ထပ်မဆောက်ပါက နှမြောစရာပင်။

ဖန်လုံအိမ်တစ်လုံးလျှင် ဈေးပေါပါက ယွမ်တစ်သိန်းခန့် ကုန်ကျမည်ဖြစ်ပြီး ဈေးကြီးပါက ယွမ်နှစ်သိန်းခန့် ကုန်ကျနိုင်သည်။ အရင်က ငွေမရှိခဲ့သော်လည်း ယခုတော့ အထုပ်ကြီးအထည်ကြီး တစ်ခုကို ရှာဖွေနိုင်ခဲ့ပြီ ဖြစ်သည်။

ရွှီယန်က လယ်ယာခြံဝင်းသို့ တောက်လျှောက် ပြန်လာခဲ့သည်။

အပြင်ဘက်မှ ကားသံကို ကြားလိုက်ရသည်နှင့် ခွေးလေးနှစ်ကောင်က ထွက်၍ ဆီးကြိုကြသည်။ သူတို့၏ အမြီးတိုလေးများကို ပျော်ရွှင်စွာ လှုပ်ယမ်းနေကြ၏။

လီဆန်းကလည်း ပစ္စည်းများ ကူသယ်ပေးရန် ထွက်လာခဲ့သည်။ ရွှီယန် ယူဆောင်လာခဲ့သော ပစ္စည်းများမှာ အထုတ်ကြီး အထုပ်ငယ်ဖြင့် အတော်လေး များပြားလှသည်။

"အစ်ကိုယန်... ဒီနှစ်ရက်အတွင်း ခြံထဲက အခြေအနေတွေ အကုန်ပုံမှန်ပါပဲ... ဘလူးဘယ်ရီပင်တွေလည်း သန်သန်စွမ်းစွမ်း ကြီးထွားနေတယ်... ကြက်တွေ ဘဲတွေ ငန်းတွေ အကုန်လုံးလည်း ကျန်းကျန်းမာမာ ရှိပါတယ်"

လီဆန်းက နှစ်ရက်စာ လုပ်ငန်းခွင်အခြေအနေကို အစီရင်ခံလိုက်သည်။

"အေးပါ... ပင်ပန်းသွားပြီ... ကျောပိုးအိတ်ကိုတော့ ငါ့ဘာသာ လွယ်သွားလိုက်မယ်... မင်းက ဒီချာဂါမှိုနဲ့ တခြားမှိုတွေပါတဲ့ အိတ်ကြီးနှစ်အိတ်ကို သိုလှောင်ရုံထဲ သွားထားလိုက်"

"ဟုတ်ကဲ့"

ရွှီယန်က ကားပေါ်မှဆင်းကာ ကျောပိုးအိတ်ကိုလွယ်၍ သူ၏အခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။

မနက်ဖြန်တွင် ဂျင်ဆင်းများကို သွားရောင်းရန် ရည်ရွယ်ထားသည်။ သို့သော် ရွာနှင့်နီးသော မြို့နယ်လေးတွင် ရောင်းမည်မဟုတ်ဘဲ နေရာပြောင်းရောင်းမည်ဖြစ်သည်။

ချန်ပိုင်တောင်တန်းကြီးက ဤမျှကျယ်ဝန်းရာ တောင်ထွက်ပစ္စည်း ဈေးကွက်များလည်း အများအပြား ရှိသည်။ ရွှီယန်က ဤအရာများကို ကောင်းစွာ နားလည်ထားသဖြင့် မည်သည့်နေရာသို့ သွားရမည်ကို စိတ်ထဲတွင် သိနေသည်။

ထို့အပြင် တောင်ပိုင်းမှလာသော ဂျင်ဆင်းပွဲစားများကို တိုက်ရိုက်သွားရှာ၍လည်း ရနိုင်သည်။ ထိုသူများက တောင်ပိုင်းတွင် ဂျင်ဆင်းဈေးကွက်ကို ကိုင်တွယ်လုပ်ကိုင်နေကြပြီး ဂျင်ဆင်းလိုအပ်ချက် မြင့်မားသဖြင့် ဈေးကောင်းကောင်းဖြင့် ရောင်းချနိုင်ပေမည်။

ရွှီယန်သည် ရေချိုးပြီးနောက် အဝတ်အစား လဲလှယ်လိုက်သည်။ ထို့နောက် ရေခဲသေတ္တာထဲမှ အရှေ့မြောက်ဒေသထွက် ရေခဲမုန့်တစ်ချောင်းကို ယူကာ အပြင်ဘက်ရှိ ပက်လက်ကုလားထိုင်ပေါ်တွင် ထိုင်၍ အနားယူလိုက်သည်။

ခွေးလေးနှစ်ကောင်စလုံးက သူ့ဘေးတွင် တိတ်ဆိတ်စွာ အဖော်ပြုပေးနေကြ၏။

ရွှီယန်က ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သော်လည်း မြေခွေးပေါက်လေးများ၏ အရိပ်အယောင်ကို မတွေ့ရသကဲ့သို့ ချီလင်းကြောင်ကိုလည်း မမြင်ရပေ။ ဤအကောင်ပေါက်လေးများ မည်သည့်နေရာသို့ ရောက်နေကြသည်ကိုတော့ မသိနိုင်ချေ။

ဤအခိုက်အတန့်တွင် ရွှီယန်သည် အလွန်အမင်း ပေါ့ပါးလွတ်လပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ပြောပြ၍မတတ်နိုင်အောင် သက်သောင့်သက်သာ ရှိလှ၏။

ရေခဲမုန့်မှာ အလွန်အရသာရှိပြီး အတွင်းမွန်ဂိုလီးယားဘက်မှ နွားနို့ဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ ထိုဒေသသည် နွားနို့အထွက်နှုန်း များပြားပြီး နို့ထွက်ပစ္စည်းများ၏ အရသာမှာ အထူးမွှေးပျံ့လှသည်။

အနည်းငယ်မျှ ကိုက်စားလိုက်သည်နှင့် မွှေးပျံ့သော နို့နံ့များက လည်ချောင်းထဲမှတစ်ဆင့် စီးဆင်းသွားကာ တစ်ကိုယ်လုံး လန်းဆန်းသွားတော့သည်။

တောတောင်ရှာဖွေရသည့် ဖြစ်စဉ်က အလွန်ပင်ပန်းပြီး လေထဲ နေပူထဲတွင် အိပ်ရစားရသော်လည်း ပြီးဆုံးသွားပြီးနောက် ပြန်လည် တွေးတောကြည့်ပါက ဤအတွေ့အကြုံမှာ အတော်လေး ကောင်းမွန်သည်ဟု ခံစားရသည်။

ရွှီယန်သည် လောလောဆယ်တွင် မည်သည့်အရာကိုမျှ မတွေးတောတော့ဘဲ ဦးနှောက်ကို လုံးဝ အနားပေးထားလိုက်သည်။ ခန္ဓာကိုယ်၏ ပင်ပန်းနွမ်းနယ်မှုများမှာ တဖြည်းဖြည်း လွင့်စင်သွားတော့သည်။

နေဝင်ချိန်ဆီသို့ မျက်နှာမူကာ နီရဲနေသော နေမင်းကြီး တဖြည်းဖြည်း ဝင်ရောက်သွားသည်ကို ငေးကြည့်နေလိုက်၏။ ထို့နောက် ညစာစားပြီး စောစောစီးစီးပင် အိပ်ရာဝင်ခဲ့သည်။

ဒုတိယနေ့တွင် ရွှီယန်သည် မနက်စောစောစီးစီးပင် ဘေးဘက်မြို့ရှိ မြို့နယ်လေးတစ်ခုဆီသို့ ကားစီးကာ ထွက်လာခဲ့သည်။

တောရိုင်းဂျင်ဆင်းများကို ရောင်းချရန်ဖြစ်သည်။

တောရိုင်းဂျင်ဆင်း လေးပင်စလုံးမှာ အကောင်းစားများဖြစ်ပြီး တစ်ပင်လျှင် အနည်းဆုံး ယွမ်ခုနစ်သောင်း ရှစ်သောင်းမှ အများဆုံး ယွမ်နှစ်သိန်းအထိ တန်ဖိုးရှိသည်။

ဤမျှကောင်းမွန်သော ရတနာများမှာ ပစ္စည်းနားလည်သူကို ရှာတွေ့ပါက ဈေးကွက်အတွက် လုံးဝ ပူပန်စရာ မလိုပေ။

အရောင်းအဝယ်ပြုလုပ်သည့် ဖြစ်စဉ်မှာ ထင်သလောက် မရိုးရှင်းလှသော်လည်း ကံကောင်းစွာဖြင့် ဘေးအန္တရာယ်ကင်းစွာ ပြီးဆုံးသွားခဲ့သည်။ ရွှီယန် ထွက်ခွာလာချိန်တွင် သူ၏ ဘဏ်အကောင့်ထဲ၌ ယွမ်ငါးသိန်းနှစ်သောင်း တိုးလာခဲ့ပြီ ဖြစ်သည်။

သူ ဘာတွေ ကြုံတွေ့ခဲ့ရသည်ကိုတော့ သူ့ကိုယ်သူသာ အသိဆုံးဖြစ်သည်။ ဤသည်မှာလည်း လက်ရှိအချိန်အထိ သူရှာဖွေနိုင်ခဲ့သော အကြီးမားဆုံး ငွေကြေးပမာဏပင် ဖြစ်သည်။

ရွှီယန်က မြို့ပေါ်တွင် တစ်ရက်ခန့် နေထိုင်ခဲ့ပြီး နောက်တစ်နေ့ မနက်ပိုင်းရောက်မှသာ ဘေးဘက်မြို့မှနေ၍ ယန်ကျီး မြို့သို့ ပြန်လာခဲ့သည်။

နေ့လယ်စာစားပြီးနောက် မွန်းလွဲပိုင်းတွင် အကောင်းဆုံး ရေချိုးခန်းတစ်ခုသို့သွားကာ ရေချိုးပြီး ထိုင်းရိုးရာ နှိပ်နယ်မှုကိုပါ ခံယူလိုက်သေးသည်။

ကိုယ်လက်ပင်ပန်း နွမ်းနယ်နေပြီးနောက် နှိပ်နယ်လိုက်ရသည့် ခံစားချက်က တကယ်ကို ဇိမ်ကျလွန်းလှသည်။ ခန္ဓာကိုယ်ထဲတွင် စုပုံနေသော အညောင်းအညာများ အားလုံးကို နည်းနည်းချင်းစီ ဖိနယ် ဖြေလျှော့ပေးလိုက်ရာ ပင်ပန်းမှုအားလုံး ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားသကဲ့သို့ပင်။

ဂျင်ဆင်းများကို ရွှီယန်က သူကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းခဲ့သော်လည်း ချာဂါမှိုများနှင့် အခြားမှိုများကဲ့သို့သော ပစ္စည်းများကိုမူ တောင်ထွက်ပစ္စည်း ဈေးကွက်တွင် သွားရောင်းရန် ရွှီဟုန်ရှန်း ထံသို့ အပ်နှံထားခဲ့သည်။ သူကလည်း အများကြီး ဝင်မပါတော့ချေ။

ရွှီယန်က မြို့ပေါ်တွင် ပစ္စည်းများစွာ ဝယ်ယူခဲ့သည်။ သစ်သီးများ အသားများ အိမ်မွေးတိရစ္ဆာန် ကစားစရာများနှင့် နေ့စဉ်သုံး ပစ္စည်းများ စသည်တို့ ပါဝင်သည်။ ငွေရှိရသည့် ခံစားချက်က တကယ်ကို ကောင်းမွန်လှ၏။

သို့သော် ဤငွေပမာဏလေးက သူ့အတွက်တော့ လုံလောက်မှု မရှိသေးပေ။ ဥပမာအားဖြင့် သူက ကားတစ်စီး ဝယ်ချင်နေပြီး ပစ္စည်းများ တင်ဆောင်ရန် အဆင်ပြေမည့် ပစ်ကပ်ကားမျိုးဆိုလျှင် ပိုကောင်းမည်။ နေ့စဉ် သွားလာရေးအတွက် အဆင်ပြေမည့် အိမ်စီးကားလေး တစ်စီးကိုလည်း ဝယ်ချင်သေးသည်။

သို့မဟုတ်ပါကလည်း ခြံဝင်းကို ပြန်လည်မွမ်းမံပြီး ပိုမိုကောင်းမွန်အောင် တည်ဆောက်ချင်သေးသည်။ ထိုအရာများ အားလုံးအတွက် ငွေလိုပေသည်။

သို့သော် လောလောဆယ်တွင်မူ ဖန်လုံအိမ်များကို အရင် ရင်းနှီးမြှုပ်နှံရမည်ဖြစ်သည်။ လယ်ယာခြံဝင်း၏ အဓိက ဝင်ငွေမှာ ဖန်လုံအိမ်များအပေါ်တွင် မှီခိုနေရသည်။

သူက စနစ်၏ မဲဖောက်မှုမှတစ်ဆင့် မျိုးစေ့ကောင်းများကို ရရှိနိုင်ပြီး ထိုမှတစ်ဆင့် မျိုးပွားကာ မျိုးစိတ်ကောင်းများ ဖန်တီး၍ ကိုယ်ပိုင် အမှတ်တံဆိပ်တစ်ခုကို တည်ဆောက်နိုင်မည် ဖြစ်သည်။

ရွှီယန်က လယ်ယာခြံဝင်းသို့ ပြန်ရောက်လာပြီးနောက် အထုတ်ကြီး အထုပ်ငယ်များကို နေရာချထားလိုက်သည်။ ထို့နောက် ပက်လက်ကုလားထိုင်ပေါ်တွင် လှဲလျောင်းကာ အနားယူနေပြန်သည်။

လယ်ယာခြံဝင်းက ယခင်ကဲ့သို့ပင် တိတ်ဆိတ်အေးချမ်းပြီး လှပနေဆဲပင်။ ခြံဝင်းထဲတွင် လမ်းလျှောက်နေသော ကြက်ဖကြီးက ရွှီယန်၏ ရှေ့သို့ ရောက်လာပြီး သူ့ကို အကဲခတ်နေ၏။

"ဘာကြည့်နေတာလဲ... မှိုစားချင်လို့လား"

ရွှီယန်က မကြည့်ချင်သည့်ဟန်ဖြင့် မေးလိုက်သည်။

ကြက်ဖကြီးက အမြီးကို လှုပ်ခါပြီးနောက် လှည့်ထွက်သွားတော့သည်။

"တစ်နေ့နေ့တော့ မင်းကို ဟင်းရည်ဟင်းလုပ် သောက်ပစ်ဦးမယ်"

ရွှီယန်က ပေါ့ပေါ့ပါးပါးပင် ထပ်ပြောလိုက်သည်။

လယ်ယာခြံဝင်းတွင် ယခုအခါ တိရစ္ဆာန်လေးများ များပြားလာပြီဖြစ်ရာ တောင်ပေါ်မှ သားရဲတိရစ္ဆာန်များ ဆင်းလာမည်ကိုတော့ သတိထားရမည်ဖြစ်သည်။

မာလီနွိုက်ခွေးနှင့် ရှောင်ဟေးက တာဝန်ကျေပွန်ကြပြီး ညဘက်ဆိုလျှင် အလွန် နိုးကြားကြသော်လည်း ခွေးပေါက်လေးများသာ ဖြစ်သေးသဖြင့် လုံခြုံရေးတာဝန်ကို အပြည့်အဝ မထမ်းဆောင်နိုင်သေးချေ။

ရွှီယန်က စောင့်ကြည့်ကင်မရာ အစုံလိုက်ကို မှာယူထားပြီးဖြစ်သည်။ ကင်မရာ စုစုပေါင်း ရှစ်လုံးပါဝင်ပြီး ဖန်လုံအိမ် ကြက်ခြံ ဝက်ခြံနှင့် ခြံတံခါး စသည့် နေရာများကို စောင့်ကြည့်နိုင်မည်ဖြစ်သည်။

သို့မှသာ လယ်ယာခြံဝင်းသည်လည်း ခေတ်မီ စက်ကိရိယာအချို့ ရှိနေပြီဟု ဆိုနိုင်ပေမည်။

ညဘက်တွင် ရွှီယန်သည် မိမိ၏ ကျော်ကြားမှုရမှတ်များကို စစ်ဆေးကြည့်လိုက်သည်။ ဤနှစ်ရက်အတွင်း ဂျင်ဆင်းရောင်းသည့် ကိစ္စများဖြင့် အလုပ်များနေသဖြင့် ဝင်မကြည့်ဖြစ်ခဲ့ချေ။

လက်ရှိတွင် စုစုပေါင်း ကျော်ကြားမှုရမှတ် တစ်သိန်းလေးသောင်း ရှိနေပြီး တောင်ပေါ်တက်ခဲ့သည့် နှစ်ရက်အတွင်း ရရှိခဲ့သော ရမှတ်များက ထင်မှတ်မထားလောက်အောင် များပြားနေခဲ့သည်။

ရွှီယန်၏ စိတ်ထဲတွင် ရုတ်တရက် အနည်းငယ် စိတ်လှုပ်ရှားလာသည်။ သူက မဲဖောက်ရာမှ စိုက်ပျိုးရေး မျိုးစေ့များ ရရှိချင်နေခြင်းဖြစ်သည်။

ဤမျိုးစေ့များက လယ်ယာခြံဝင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန် အရေးပါလှသည်။ သို့သော် မျိုးစေ့များ ရရှိနိုင်မည့် ဖြစ်နိုင်ခြေ မည်မျှရှိသည်ကိုတော့ သူ မသိချေ။ ကိုယ့်ကံကိုကိုယ်သာ အားကိုးရတော့မည်။

"အရင်ဆုံး သာမန် မဲဖောက်တာ ၁၀ ခါ လုပ်လိုက်မယ်"

(ပိုင်ရှင်မှ သာမန်မဲဖောက်မှု ၁၀ ကြိမ်ကို ရွေးချယ်လိုက်ပါသည်... မဲဖောက်နေပါသည်)

(ဂုဏ်ယူပါတယ် ပိုင်ရှင်... သာမန်ဆု ၉ ခု ရရှိပါတယ်)

(နတ်ပန်း ၁၂ မျိုး ခြင်ဆေးရည် ၁ ဘူး - ခြင်နှင့် ပိုးမွှားများကို နှင်ထုတ်နိုင်သော အစွမ်းထက် ခြင်ဆေးရည်)

(ပန်းတမလန်း သစ်သားပုတီး ၁ ကုံး - အကောင်းစား ပန်းတမလန်း သစ်သားဖြင့် ပြုလုပ်ထားသော လက်ပတ်ပုတီး)

(သက်ကြီးရွယ်အိုစီး ရှူးဖိနပ် - ချော်မလဲစေသော အားကစား ရှူးဖိနပ်တစ်ရံ)

(မိကျောင်းရေ ခါးပတ် - ခိုင်ခံ့မှုအားကောင်းသော ခါးပတ်တစ်ကွင်း)

(အလှစိုက် နှင်းဆီ မျိုးစေ့ ၁၀၀ - အလှစိုက် နှင်းဆီပန်းများ စိုက်ပျိုးနိုင်ပါသည်)

(အထူး အာနိသင်ရှိ ဂလူးကို့စ် ၅ ပုလင်း - ခွန်အားဖြည့်တင်းရန် အသုံးပြုနိုင်သော ဂလူးကို့စ်များဖြစ်ပြီး အာနိသင်ကောင်းမွန်ကာ ခွန်အားကုန်ခမ်းချိန်တွင် အသုံးပြုရန် သင့်တော်ပါသည်)

(သာမန် သီးနှံမျိုးစေ့ သို့မဟုတ် ပျိုးပင် ၂၀၀ - သီးနှံအမျိုးအစားကို ရွေးချယ်နိုင်ပြီး စားနပ်ရိက္ခာ၊ သစ်သီးနှင့် ဟင်းသီးဟင်းရွက် စသည့် စိုက်ပျိုးရေးသီးနှံများသာ ကန့်သတ်ထားပါသည်)

(သာမန် သီးနှံမျိုးစေ့ သို့မဟုတ် ပျိုးပင် ၂၅၀ - သီးနှံအမျိုးအစားကို ရွေးချယ်နိုင်ပြီး စားနပ်ရိက္ခာ၊ သစ်သီးနှင့် ဟင်းသီးဟင်းရွက် စသည့် စိုက်ပျိုးရေးသီးနှံများသာ ကန့်သတ်ထားပါသည်)

(အိပ်မောကျ ခေါင်းအုံး ၁ လုံး - လူ့ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံနှင့် ကိုက်ညီအောင် ဒီဇိုင်းထုတ်ထားပြီး အိပ်ပျော်စေရန် အထောက်အကူပြုသော ခေါင်းအုံးတစ်လုံး)

စနစ်ထံမှ အသံထွက်ပေါ်လာသည်။

'မဲပေါက်ပြီဟေ့... တကယ်ကြီး ရှိတာပဲ'

ရွှီယန်က စိတ်ထဲမှ တွေးလိုက်ရင်း မျက်နှာပေါ်တွင် ဝမ်းသာသော အရိပ်အယောင်များ ပေါ်လာသည်။

သာမန်ဆုများမှာ ပစ္စည်းသေးသေးလေးများသာ ဖြစ်ကြပြီး အချို့မှာ လက်တွေ့အသုံးကျသော အထူးလုပ်ဆောင်ချက်များ ပါဝင်ကြသည်။ အလကားရသည်ဖြစ်ရာ မဆိုးလှဟု ဆိုရမည်။

(ဂုဏ်ယူပါတယ် ပိုင်ရှင်... အဆင့်မြင့်ဆု ၁ ခု ရရှိပါတယ်)

(ကျွမ်းကျင်မှု - ရေကူးကျွမ်းကျင်ခြင်း)

(ရေကူးကျွမ်းကျင်ခြင်း - ပိုင်ရှင်၏ ရေကူးစွမ်းရည်သည် ကျွမ်းကျင် အဆင့်သို့ ရောက်ရှိသွားပြီး ရေကူးဟန် မျိုးစုံကို အသုံးပြုနိုင်မည် ဖြစ်ပါသည်)

ထိုအချိန်တွင် အဆင့်မြင့်ဆု ရရှိကြောင်း အသံ ထွက်ပေါ်လာသည်။ သာမန် မဲဖောက်မှုများတွင် အဆင့်မြင့်ဆုများ ရရှိနိုင်သည့် ဖြစ်နိုင်ခြေမှာ ၁၀% ခန့် ရှိသည်။ အဆင့်မြင့် မဲဖောက်မှုများတွင်မူ အထူးအဆင့်ဆုများ ရရှိနိုင်သည့် ဖြစ်နိုင်ခြေ ရှိပေသည်။

'ရေကူးကျွမ်းကျင်တယ် ဟုတ်လား... ငါက တစ်နှစ်နေလို့တောင် ရေကူးဖြစ်တာ မဟုတ်ဘူး... ပင်လယ်ထဲ ဆင်းမှာလည်း မဟုတ်ဘဲနဲ့... ထားပါတော့လေ... မရှိတာထက်စာရင်တော့ ပိုကောင်းပါတယ်'

ရွှီယန်က စိတ်ထဲမှ တွေးလိုက်သည်။

ရွှီယန်သည် ဤတစ်ကြိမ် မဲဖောက်ရရှိသော ဆုများကို ယေဘုယျအားဖြင့် အလွန် ကျေနပ်မိသည်။ အထူးသဖြင့် သူ မျှော်လင့်နေသော သီးနှံမျိုးစေ့များကို ရရှိခဲ့ခြင်းကြောင့်ပင်။ သို့မှသာ သူက ဖန်လုံအိမ်များကို စတင် တည်ဆောက်နိုင်မည် ဖြစ်သည်။

သူက နောက်ထပ် ဖန်လုံအိမ် နှစ်လုံး ထပ်ဆောက်ရန် ရည်ရွယ်ထားပြီး အားလုံးတွင် ရှစ်ကျားသီးများ စိုက်ပျိုးမည်ဖြစ်သည်။ ဤသို့ဆိုလျှင် လယ်ယာခြံဝင်းတွင် ဖန်လုံအိမ် စုစုပေါင်း လေးလုံး ရှိလာမည်ဖြစ်သည်။

ဖန်လုံအိမ်တစ်လုံးတွင် ဘလူးဘယ်ရီ စိုက်မည်ဖြစ်ပြီး နောက်ထပ် နှစ်လုံးတွင် ရှစ်ကျားသီး စိုက်မည်ဖြစ်သည်။ ကျန်ရှိနေသေးသော ဖန်လုံအိမ် တစ်လုံး၏ သုံးပုံတစ်ပုံခန့်ကိုသာ ဖန်ရတနာပြောင်းဖူးများ စိုက်ပျိုးထားပြီး ကျန်နေရာလွတ်များတွင်မူ စတော်ဘယ်ရီ အနည်းငယ် စိုက်ပျိုးရန် ရွှီယန် ရည်ရွယ်ထားသည်။

သီးနှံတိုင်းကို သေချာစွာ ပြုစုပျိုးထောင်မည်ဖြစ်ပြီး အထွက်နှုန်းကို ကြည့်ကာ လိုအပ်သလို ပြုပြင်ပြောင်းလဲသွားမည် ဖြစ်သည်။

ပြောသည့်အတိုင်း ချက်ချင်းပင် အကောင်အထည် ဖော်လေတော့သည်။

ဒုတိယနေ့တွင် ရွှီယန်သည် ဖန်လုံအိမ်များ တည်ဆောက်ရန် ဆောက်လုပ်ရေးအဖွဲ့များကို စတင် ဆက်သွယ်လိုက်သည်။ စိုက်ပျိုးရေးတက္ကသိုလ်မှ ကျောင်းသားအချို့လည်း အလည်ရောက်လာကြ၏။

"ခြံရှင်ကြီး... ဒါက ဖန်လုံအိမ် လုပ်မလို့လား... ဘာတွေ စိုက်မလို့လဲဗျ"

သူတို့က အတော်လေး စပ်စုချင်နေကြသည်။

ဤတက္ကသိုလ်ကျောင်းသားများကို ဖုံးကွယ်ထားစရာ ဘာအကြောင်းမှ မရှိသဖြင့် ရွှီယန်က တိုက်ရိုက်ပင် ပြန်ဖြေလိုက်သည်။

"ရှစ်ကျားသီး စိုက်မလို့"

"ရှစ်ကျားသီး ဟုတ်လား"

ရွှီယန်၏ စကားကို ကြားလိုက်ရသည်နှင့် အားလုံးမှာ ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြသည်။

"ခေါင်းစဉ်သစ်ကြီးပဲ... ဒါက တောင်ပိုင်းအကျဆုံးက သီးနှံ မဟုတ်ဘူးလား... ဖန်လုံအိမ်ထဲမှာ ရှင်ပါ့မလား"

"ဒါသာ အသီးထွက်လာရင် ပြဋ္ဌာန်းစာအုပ်တောင် လုပ်လို့ရတယ်နော်"

"တကယ်ကြီး... တောင်ပိုင်းက အသီးကို မြောက်ပိုင်းမှာ စိုက်တာက ကျွန်တော်တို့ရဲ့ ဘာသာရပ်ကြီးတစ်ခုပဲ... ဘယ်သူကများ မြောက်ပိုင်းက ဖန်လုံအိမ်ထဲမှာ တောင်ပိုင်း အပူပိုင်းဒေသ သစ်သီးကို အောင်မြင်အောင် စိုက်နိုင်ခဲ့ရင် သူက ကျွန်တော်တို့ ကျောင်းရဲ့ နာမည်ကြီး ပုဂ္ဂိုလ်ဖြစ်သွားမှာပဲ"

ကျောင်းသားများမှာ အတော်လေး စိတ်လှုပ်ရှားနေပုံရသည်။ တောင်ပိုင်းမှ သစ်သီးများကို မြောက်ပိုင်းတွင် စိုက်ပျိုးရန်မှာ အလွန် ခက်ခဲလှသည်။

စကားပုံတစ်ခုရှိသည် မဟုတ်ပါလား။ လိမ္မော်ပင်သည် ဟွိုင်မြစ်၏ တောင်ဘက်တွင်ပေါက်လျှင် လိမ္မော်ပင်ဖြစ်ပြီး ဟွိုင်မြစ်၏ မြောက်ဘက်တွင်ပေါက်လျှင် ရှောက်ချဉ်ပင် ဖြစ်သွားသည် ဟူ၍ပင်။

မြေနှင့်ရေသည် စိုက်ပျိုးသီးနှံများကို ရှင်သန်စေနိုင်သော်လည်း နေရာပြောင်းလိုက်ပါက ရေမြေ ရာသီဥတုနှင့် မကိုက်ညီမှုများ ဖြစ်ပေါ်လာနိုင်သည်။ ထို့ကြောင့်ပင် အခြားဒေသမှ သစ်သီးများကို အောင်မြင်စွာ ပြုစုပျိုးထောင်နိုင်ခြင်းက ပို၍ အဖိုးတန် ရှားပါးနေခြင်းဖြစ်သည်။

"ရှစ်ကျားသီးက အောင်မြင်တဲ့ ဥပမာတွေ အများကြီး ရှိပါတယ်... ကျွန်တော် စမ်းကြည့်မလို့ပါ"

"ကျွန်တော် လေ့လာကြည့်ပြီးပြီ... နေ့နဲ့ည အပူချိန် ကွာဟချက် အရမ်းမကြီးဖို့နဲ့ အပူချိန် မှန်ကန်နေဖို့ပဲ လိုတာလေ"

"အခုက နွေရာသီဆိုတော့ ညဘက်လည်း အရမ်းမအေးဘူးပေါ့... ဆောင်းဦးရောက်သွားရင်တော့ ဖန်လုံအိမ်ကို အပူပေးရမှာပေါ့ဗျာ"

"သေချာ ဂရုစိုက်ပြီး စိုက်မယ်ဆိုရင် ပြဿနာ သိပ်မကြီးပါဘူး"

ရွှီယန်က ကျောင်းသားများနှင့် စကားပြောနေသည်။

ကျောင်းသားအချို့က ဆူညံစွာ ပြောဆိုနေကြသည်။

"ဒါက တကယ်ကို မဆိုးတဲ့ ခေါင်းစဉ်ပဲ... ရှစ်ကျားသီးက အခု တော်တော်လေး နာမည်ကြီးနေတာလေ"

"ငါ့ရဲ့ ဘွဲ့ယူ စာတမ်းအတွက်တောင် သုံးလို့ရတယ်ကွ... အဲဒီအချိန်ကျရင် ဆရာ့ဆီမှာ ဖန်လုံအိမ်မြေကွက်လေး တစ်ခုလောက် တောင်းရမယ်"

"မင်းက အုန်းပင်သာ စိုက်လိုက်ပါတော့လား... အရှေ့မြောက်ဒေသ အုန်းသီးဆိုရင် ကြားတဲ့လူတိုင်းက မင်းကို အထင်ကြီးသွားမှာ"

"ငါ တကယ် စဉ်းစားဖူးတယ်ကွ... အရှေ့မြောက်ဒေသမှာ အုန်းပင်စိုက်ဖို့လေ... ဒါမှမဟုတ်လည်း ငှက်ပျောတို့ ဖီးကြမ်းငှက်ပျောတို့ ဘာတို့ပေါ့"

"မင်း စိုက်ကြည့်လေ... အုန်းသီး ထွက်လာအောင် စိုက်နိုင်ရင် မင်းကို အဖေလို့ ခေါ်မယ်"

သူတို့ စကားပြောနေသည်ကို ကြားလိုက်ရသောအခါ ရွှီယန်မှာ အတော်လေး စိတ်ဝင်စားစရာ ကောင်းသည်ဟု ခံစားလိုက်ရသည်။

အုန်းပင်စိုက်မယ်... အရှေ့မြောက်ဒေသ အုန်းသီး...။

သူက မေးစေ့ကို ပွတ်သပ်ကာ တွေးတောနေမိ၏။ ကြည့်ရသည်မှာ မဖြစ်နိုင်စရာတော့ မရှိပေ။ ဘာပဲဖြစ်ဖြစ် နေရာနည်းနည်း ကျန်နေသေးသည်ဖြစ်ရာ အုန်းပင် နှစ်ပင်လောက် စိုက်ရန် ပြဿနာ မရှိနိုင်ချေ။

သို့သော် အုန်းပင်တစ်ပင် အသီးသီးရန် အချိန်မည်မျှကြာမည်ကိုရော မည်မျှကြာမှ ကြီးထွားလာမည်ကိုပါ ရွှီယန် သေချာ မသိပေ။ မည်သို့ပင်ဖြစ်စေ သူက အုန်းပင်ကိုပင် မြင်ဖူးသည်မဟုတ်ရာ အုန်းပင်စိုက်ရန်ဆိုသည်မှာ ပို၍ပင် ဝေးကွာနေသေးသည်။

'ငါက အရှေ့မြောက်ဒေသမှာ အုန်းပင်စိုက်မယ် ဟုတ်လား'

'ကြားရတာတော့ နည်းနည်း လွန်လွန်းတယ်နော်'

'ဒါပေမဲ့... တကယ်လို့များ စိုက်လို့ရခဲ့ရင်လေ'

'အရှေ့မြောက်ဒေသ အုန်းသီးဘုရင်ကြီး ဖြစ်သွားမှာပေါ့'

ရွှီယန်က စိတ်ထဲမှ တွက်ဆနေမိသည်။

သူက ထူးဆန်းအံ့သြဖွယ်ကောင်းသော အရာများကို စိုက်ပျိုးရသည်ကို အတော်လေး သဘောကျသည်။ အချို့အရာများမှာ ငွေရှာရန် စိုက်ပျိုးခြင်းဖြစ်သော်လည်း အချို့ကမူ ဝါသနာအရသာ ဖြစ်သည်။

အုန်းပင်များကို ဧရိယာအကျယ်ကြီး စိုက်ပျိုးရန် မဖြစ်နိုင်သော်လည်း အပင်နှစ်ပင်ခန့် စိုက်၍ လတ်ဆတ်သော အုန်းသီး အနည်းငယ် ရရှိရန်မှာမူ အခက်အခဲ သိပ်မကြီးလှပေ။

တက္ကသိုလ်ကျောင်းသားများ၏ ပေါ့ပေါ့ပါးပါး စကားဝိုင်းလေးက သူ့ကို အကြံဉာဏ်များ ပေးစွမ်းသွားခဲ့ခြင်းဖြစ်သည်။

စမ်းကြည့်သင့်ပေသည်။

"ခြံရှင်ကြီး... ခြံကို ဝင်ထွက်လည်ပတ်လို့ရတဲ့ ပုံစံမျိုး မလုပ်ချင်ဘူးလား... ဒီမှာ ခြံစည်းရိုးလေးတွေ ကာထားပြီး နွားပေါက်လေးတွေ သိုးပေါက်လေးတွေ လွှတ်ထားလေ... ပြီးတော့ ကောက်ရိုးပုံလေးတွေ ပုံထားပြီး ဓာတ်ပုံရိုက်လို့ရတဲ့ နေရာလေးတွေ... စခန်းချလို့ရတဲ့ နေရာလေးတွေ ဘာတွေ လုပ်ထားလိုက်ပေါ့"

"သေချာပေါက် နာမည်ကြီးသွားမှာဗျ"

ထိုအချိန်တွင် တက္ကသိုလ်ကျောင်းသား တစ်ယောက်က ရွှီယန်ကို အကြံပေးလိုက်သည်။

ရွှီယန်က ပြုံးရင်း ခေါင်းယမ်းလိုက်သည်။

"အဲဒီလောက် မလွယ်ပါဘူးကွာ... ဒီဘက်မှာ ဝင်ထွက်သွားလာတဲ့လူ မများဘူးလေ... မြို့နယ်နဲ့တောင် အလှမ်းဝေးသေးတာ မြို့ပေါ်ကနေ လာဖို့ဆိုတာ ပိုတောင် မလွယ်သေးတယ်"

"ပြီးတော့ ကျွန်တော်က အပိတ်လုပ်ထားတဲ့ လယ်ယာခြံဝင်းကိုပဲ တည်ဆောက်ချင်တာ... မင်းတို့လည်း သိမှာပါ... အပြင်ကလူတွေ လာရင် ရောဂါကူးစက်နိုင်တဲ့ အန္တရာယ် ရှိလာနိုင်တယ်လေ... အဲဒါက ကျွန်တော့်အတွက် ရတာနဲ့ပေးရတာ မကာမိဘူးဖြစ်နေမှာပေါ့"

ရွှီယန် ပြောသည်များကို သူတို့လည်း သိထားကြသည်။ အကြီးစား မွေးမြူရေးခြံများဆိုလျှင် အပြင်လူများကို လုံးဝ ဝင်ခွင့်မပြုကြပေ။

အဘယ်ကြောင့်ဆိုသော် အပြင်လူများက မည်သည့်နေရာမှ ဗိုင်းရပ်စ်များ သယ်ဆောင်လာမည်ကို မသိနိုင်သဖြင့် မွေးမြူရေးခြံအတွင်းရှိ တိရစ္ဆာန်အများအပြားကို သေဆုံးစေနိုင်သောကြောင့် ဖြစ်သည်။ ဗိုင်းရပ်စ်များတွင်လည်း ဒေသအလိုက် ကန့်သတ်ချက်များ ရှိကြသည်။

စိုက်ပျိုးသီးနှံများလည်း အလားတူပင်ဖြစ်သည်။ အများစုသော အခြေအနေများတွင် ရောဂါများမှာ အပြင်လူများ သယ်ဆောင်လာခြင်းဖြစ်ပြီး သီးနှံများ ရောဂါကျပြီဆိုလျှင် တစ်ဝက်ကျော်ခန့် သေဆုံးသွားတတ်သည်။

ထို့ကြောင့် အပိတ်စနစ်ဖြင့် လုပ်ကိုင်သော လယ်ယာခြံဝင်းများသည် စိုက်ပျိုးသီးနှံများ၏ ဘေးကင်းမှုကို ကာကွယ်ပေးနိုင်ပေသည်။

ရွှီယန် ဤသို့ပြောသည်ကို ကြားသောအခါ သူတို့အားလုံးက ခေါင်းညိတ် ထောက်ခံလိုက်ကြသည်။

တကယ်ပင် ဤသို့ကြည့်မည်ဆိုပါက ဝင်ထွက်လည်ပတ်နိုင်သော လယ်ယာခြံဝင်း ဖွင့်လှစ်ရန်မှာ လုံးဝ မလိုအပ်တော့ပေ။

All Chapters