အခန်း ၈၆
Vol. 9 Ch. 86
အခန်း (၈၆) မာနကြီးတဲ့ ချီလင်းကြောင်လေး
ယာဉ်များသည် ရွှီယန်၏ လယ်ယာခြံဝင်းဆီသို့ မောင်းနှင်ဝင်ရောက်လာကြပြီး အလုပ်သမားအချို့က ဖန်လုံအိမ်များကို တပ်ဆင်နေကြ၏။
ကျေးရွာထဲရှိ အလုပ်မရှိ အကိုင်မရှိ အားလပ်နေသူတချို့က လမ်းပေါ်တွင်ရပ်ကာ ဤဘက်သို့ လှမ်းကြည့်နေကြသည်။
တောရွာဘဝသည် အတော်လေး ပျင်းရိဖွယ်ကောင်းလှရာ မည်သည့်အိမ်က အဆောက်အအုံဆောက်လုပ်သည်ဖြစ်စေ ရွာသားများစွာ လာရောက်ဝိုင်းအုံကြည့်ရှုတတ်ကြပေသည်။
အခြားဘာမျှလုပ်ရန်မဟုတ်ဘဲ စက်ယန္တရားများ အလုပ်လုပ်နေသည့် မြင်ကွင်းကို ကြည့်ရှုရုံသက်သက်သာ ဖြစ်လေသည်။
ရွှီယန်သည်လည်း ဖန်လုံအိမ် တည်ဆောက်ရေးကိစ္စများဖြင့် အလုပ်များနေသည်။
ဤတစ်ကြိမ် တည်ဆောက်မည့် ဖန်လုံအိမ်မှာ အရည်အသွေးပိုမိုကောင်းမွန်သဖြင့် ဆောက်လုပ်ရာတွင် ထိုမျှမမြန်ဆန်နိုင်ဘဲ အနည်းဆုံး တစ်ပတ်ခန့် အချိန်ယူရမည်ဖြစ်သည်။
ရွှီဟုန်ရှန်းသည်လည်း ရောက်ရှိလာပြီး ရွှီယန်ထံတွင် ငွေကြေးမည်သို့ရလာသနည်း... ချေးငွေများ ယူထားသလားဟူသည့် ကိစ္စကို စိုးရိမ်တကြီး မေးမြန်းနေ၏။
ဤဒေသတွင် စိုက်ပျိုးရေးလုပ်ကိုင်ရန် ချေးငွေယူခြင်းမှာ အလွန်အတွေ့ရများသော ကိစ္စတစ်ခုဖြစ်သည်။
အားလုံးက ချေးငွေဖြင့် မြေတစ်ကွက်ငှားရမ်းကာ တစ်နှစ်ခန့် စိုက်ပျိုးကြပြီး နှစ်ကုန်တွင် သီးနှံများ ရောင်းချပြီးမှသာ ချေးငွေပြန်ဆပ်ကြခြင်းဖြစ်ရာ ၎င်းကို အကြွေးဆပ်ခြင်း ဟုလည်း ခေါ်ဆိုကြသည်။
ရွှီယန်ကမူ ထိုကဲ့သို့သော ဖိအားမျိုးကို မလိုချင်ပေ။
ထို့အပြင် သူ၏အခြေအနေအရလည်း မလိုအပ်ချေ။
တောင်ပေါ်သို့ နောက်ထပ် အကြိမ်အနည်းငယ်ခန့် တက်လိုက်ရုံဖြင့် လယ်ယာခြံဝင်းကို လည်ပတ်ရန် လုံလောက်နေပြီ ဖြစ်သည်။
ရွှီယန်က ရွှီဟုန်ရှန်းကို ပြန်လည်ဖြေကြားလိုက်သည်။
"ချေးငွေ မယူထားပါဘူးဗျ... သား မှာမလိုပါဘူး... တောင်ပေါ်မှာ ဂျင်ဆင်းတွေ့လို့ ပိုက်ဆံရလာတာလေ... အဲဒီကိစ္စကိုတော့ အပြင်ကို သိပ်မပြောချင်လို့ပါ"
ချေးငွေ မယူထားကြောင်း ကြားလိုက်ရမှသာ ရွှီဟုန်ရှန်းမှာ သက်ပြင်းချနိုင်သွားပြီး ရွှီယန်အား လိုအပ်သည်များရှိပါက အိမ်ကိုပြောရန် ထပ်မံမှာကြားလေသည်။
ရွှီယန်ကမူ ပြုံးရုံသာ ပြုံးနေလိုက်၏။
သူ့ထံတွင် လျှို့ဝှက်လက်နက်ဖြစ်သော ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် ရှိနေပြီဖြစ်ရာ မိသားစုအပေါ် မည်သည့်ဖိအားမျှ ထပ်မပေးတော့ရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။
ဖန်လုံအိမ်များကို တပ်ဆင်နေပြီး လေးလုံးယှဉ်လျက် တည်ဆောက်ထားရာ မြင်ရသည်မှာ အတော်လေး ခမ်းနားလှသည်။
ခွေးလေးနှစ်ကောင်က အလုပ်သမားများကို သတိကြီးစွာဖြင့် စောင့်ကြည့်နေကြ၏။
သို့သော် ရွှီယန်က ၎င်းတို့အား လူကောင်းများဖြစ်ကြောင်း အသိအမှတ်ပြုပေးထားသဖြင့် ခွေးလေးများက မောင်းထုတ်ခြင်းမျိုး မပြုလုပ်ကြပေ။
ရွှီယန် လှည့်ကြည့်လိုက်သောအခါ ချီလင်းကြောင် ဆန်းဗျောင်းသည် မြက်ခင်းပေါ်တွင် လမ်းလျှောက်နေသည်ကို မြင်လိုက်ရသည်။
သူသည် စိတ်ဝင်စားသွားကာ အနီးသို့လျှောက်သွားပြီး ချီလင်းကြောင်အား လှမ်းခေါ်လိုက်၏။
"ဆန်းဗျောင်း... လာ... ဒီလာခဲ့... ငါ သပ်ပေးမယ်"
ချီလင်းကြောင်သည် ရွှီယန်၏ အခေါ်ကို ကြားသောအခါ ခြေလှမ်းများ ရပ်တန့်သွားပြီး ရွှီယန်ရှိရာဘက်သို့ လှည့်ကြည့်လာသည်။
"လာခဲ့လေ... ရွှစ်ရွှစ်ရွှစ်"
ရွှီယန်သည် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး လက်ကမ်းပေးကာ ကြောင်အား ပွတ်သပ်ရန် ပြင်လိုက်သည်။
ချီလင်းကြောင်၏ မျက်လုံးများထဲတွင် မတတ်သာသည့် အရိပ်အယောင်အချို့ ပေါ်လာပြီး လှည့်ထွက်သွားကာ အခြားတစ်ဖက်သို့ ပြောင်းသွားလေသည်။
သိပ်မလာချင်သည့် ပုံစံမျိုးဖြင့် ရွှီယန်ဆီသို့ ဖြည်းညင်းစွာ ချဉ်းကပ်လာ၏။
ရွှီယန်နှင့် တစ်မီတာခန့် အကွာသို့ ရောက်သောအခါ ချီလင်းကြောင်က လှဲချလိုက်တော့သည်။
ဤအကောင်မှာ အတော်လေး ပါးနပ်လှသည်။ ဤသို့ လှဲချလိုက်သောကြောင့် ရွှီယန်က ရှေ့သို့ တိုးသွားရတော့မည် ဖြစ်သည်။
ထိုသို့ပြုလုပ်ခြင်းက ရွှီယန်ကသာ သူ့ထံသို့ တမင်တကာ လာခဲ့ခြင်းဖြစ်ပြီး သူက ရွှီယန်ထံ သွားခြင်းမဟုတ်ကြောင်း ပြသနေသကဲ့သို့ပင်။
ရွှီယန်သည် ရှေ့သို့ နှစ်လှမ်းခန့် တိုးသွားပြီး ချီလင်းကြောင်၏ ရှေ့တွင်ရပ်ကာ လက်လှမ်း၍ ကြောင်၏ခေါင်းကို စတင် ပွတ်သပ်ပေးလိုက်၏။
ချီလင်းကြောင်၏ မျိုးရိုးက တကယ်ကို ကောင်းမွန်သည်ဖြစ်ရာ အမွေးများက တိုပြီး သိပ်သည်းနေကာ ခန္ဓာကိုယ်ကလည်း အတော်လေး တောင့်တင်းလှသည်။
ချီလင်းကြောင်သည် မျက်လုံးမှိတ်ကာ အပွတ်သပ်ခံရခြင်းကို အပြည့်အဝ ခံစားနေသော်လည်း မျက်နှာပေါ်တွင်မူ မည်သည့်ခံစားချက်မျှ မပေါ်လွင်ချေ။
ရွှီယန်က အမြီးပေါ်ရှိ အနည်းငယ်မာသော နေရာကို ပွတ်သပ်ပေးလိုက်မှသာ ဆန်းဗျောင်းသည် မသိမသာ ဖင်ကို အမြင့်ကြီး ထောင်လိုက်တော့သည်။
'ဒီနေရာကို နည်းနည်း ခပ်နာနာလေး လုပ်ပေးပါ'
ဤကြောင်လေးမှာ တကယ်ကို မာနကြီးလှသည်။ ကြောင်များမှာ ဤသို့ပင် မျက်နှာ အလွန်ပူတတ်ကြ၏။
အကယ်၍များ မိုက်ရူးရဲဆန်ဆန် ရှက်စရာကောင်းသော ကိစ္စတစ်ခုခုကို လုပ်မိပြီး သခင်က ရယ်လိုက်ပါက ၎င်းတို့သည် ခြေဖဝါးကို လျှာဖြင့်လျက်ကာ ဘာမျှမဖြစ်ခဲ့သကဲ့သို့ ဟန်ဆောင်တတ်ကြလေသည်။
ရွှီယန်က ချီလင်းကြောင်အား ပြောလိုက်သည်။
"ကြွက်တွေ များများဖမ်းပေးဦးနော်... ဒီအကောင်လေးတွေကို မင်းပဲ စောင့်ကြည့်ပေးရမှာ... ညဘက် နှင်းခွေးတွေ လာရင်လည်း မင်းပဲ တာဝန်ယူလိုက်... တကယ်လို့ တောကြောင်ကတိုးတို့ ရှာလမန်းတို့လိုမျိုး တွေ့ရင်တော့ ထားလိုက်တော့"
တောကြောင်ကတိုး ဆိုသည်မှာ ကျားသစ်ကြောင်များပင် ဖြစ်သည်။
အဆင့်နှစ် ကာကွယ်စောင့်ရှောက်ရမည့် တိရစ္ဆာန်များဖြစ်ကြပြီး ၎င်းတို့သည် တကယ့် တောကြောင်စစ်စစ်များ ဖြစ်ကြ၏။
ချီလင်းကြောင်များထက်ပင် ပို၍ အရိုင်းဆန်ကြပြီး တစ်ကိုယ်လုံးတွင် ကျားသစ်ကွက် အစက်အပြောက်များနှင့် ကြက်ခိုးရာတွင် တစ်ဖက်ကမ်းခတ် ကျွမ်းကျင်ကြလေသည်။
တောင်သူ အတော်များများ၏ ကြက်များသည် ဤတောကြောင်ကတိုးများ၏ ဖျက်ဆီးခြင်းကို ခံခဲ့ရဖူးသည်။
ရှာလမန်း မှာမူ ကြောင်အရွယ်အလတ်စား တိရစ္ဆာန်တစ်မျိုးဖြစ်ပြီး နားရွက်ပေါ်တွင် အင်တင်နာလေးကဲ့သို့ အမွေးစုလေးများ ပါရှိသည်။
ကိုယ်ခန္ဓာမှာ ပို၍ သွက်လက်ပေါ့ပါးပြီး တစ်ခါတစ်ရံတွင် ကြက်များကို ခိုးစားတတ်ကြ၏။
ဤအကောင်များကိုတော့ ချီလင်းကြောင်က သေချာပေါက် ယှဉ်နိုင်မည် မဟုတ်ပေ။
ရှာလမန်းမှာ သိပ်မတွေ့ရတတ်သလို တောင်အောက်သို့ ဆင်းလေ့ဆင်းထလည်း သိပ်မရှိပေ။ သို့သော် တောကြောင်ကတိုးများကတော့ တောရွာအနီးတစ်ဝိုက်တွင် မကြာခဏ လှုပ်ရှားသွားလာတတ်ကြသည်။
ရွှီယန် အစိုးရိမ်ဆုံးအချက်မှာ လယ်ယာခြံဝင်းမှ ကြက်များကို တောကြောင်ကတိုးများက ပစ်မှတ်ထားခံရမည်ကိုပင်။
ဤအကောင်များမှာ ကြက်ဘဲခိုးရာတွင် အလွန်ကို ကြမ်းတမ်းလွန်းလှသည်။ စစ်မှန်သော တောရိုင်းတိရစ္ဆာန်များဖြစ်ကြပြီး လူသားများ မွေးမြူထားသော ကြက်ခြံများကို ၎င်းတို့၏ အမဲလိုက်ကွင်းသဖွယ် သဘောထားတတ်ကြ၏။
တစ်ခါတစ်ရံ ဗိုက်ဝနေလျှင်ပင် ကြက်များနှင့် ဘဲများကို သတ်ပစ်တတ်ကြသေးသည်။ တောရွာထဲရှိ ကြက်ဘဲများ အသက်ရှင်သန်ရန်မှာ မလွယ်ကူလှပေ။
သေချာသည်မှာ အသက်ရှင်နေလျှင်တောင် လူသားများ၏ အစားခံရမည့် ကံကြမ္မာသာ ရှိသည် မဟုတ်ပါလား။
ရွှီယန်၏ ကြက်ခြံမှာ အပိတ်စနစ် အတော်လေး ကောင်းမွန်သည်။ တံခါးပိတ်လိုက်ပါက လေဝင်လေထွက်ပေါက် သေးသေးလေး အချို့သာ ရှိတော့သဖြင့် လောလောဆယ်တွင် ကြက်များ ဘဲများနှင့် ငန်းများ အကုန်လုံး အသက်ရှင်လျက် ရှိနေဆဲပင်။
ဤအကောင်လေးများကို လူကိုယ်တိုင် စောင့်ကြည့်ပေးရန် လိုအပ်သေး၏။
ရွှီယန်က ချီလင်းကြောင်ကို ခဏမျှ ပွတ်သပ်ပေးပြီးနောက် ကြက်ခြံဘက်သို့ သွားကာ ကြက်စာ ဘဲစာများ သွားကျွေးလိုက်သည်။
ချီလင်းကြောင်က ရွှီယန်ကို တစ်ချက်လှည့်ကြည့်ပြီး မတ်တတ်ရပ်ကာ လမ်းဆက်လျှောက်ရင်း မိမိ၏ပိုင်နက်ကို စစ်ဆေးနေတော့သည်။
ကြက်ပေါက် ဘဲပေါက်လေးများမှာ ကြီးထွားနှုန်း အလွန်မြန်ဆန်လှ၏။ လဝက်ကျော်ခန့်သာ ရှိသေးသော်လည်း အတောင်ပံများ ပြည့်စုံနေပြီး အမွေးများ အကုန်ထွက်လာပြီ ဖြစ်သည်။
မြင်ရသည်မှာ ပို၍ပင် စားချင်စရာ ကောင်းလာတော့သည်။
ဤတစ်ခေါက် လယ်ယာခြံဝင်းတွင် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များမှာ အတော်လေး ကြီးမားလှသည်။
ဖန်လုံအိမ် နှစ်လုံး ဆောက်လုပ်ရမည်ဖြစ်ပြီး စောင့်ကြည့်ကင်မရာစနစ် တပ်ဆင်ရမည်ဖြစ်သည်။ ထို့အပြင် ဘလူးဘယ်ရီ ဖန်လုံအိမ်အတွင်း၌ ရေဖျန်းစနစ်ကိုပါ တပ်ဆင်ရဦးမည် ဖြစ်၏။
ယခင်က ဖန်လုံအိမ်ကို ရေလောင်းရန် လီဆန်းက ရေပိုက်ကို ဆွဲ၍ လောင်းရသဖြင့် ရေပမာဏကို ထိန်းချုပ်ရန် ခက်ခဲလှသည်။
ရေဖျန်းစနစ် ရှိသွားပါက ရေလောင်းခြင်းသည် ခလုတ်နှိပ်လိုက်ရုံသာဖြစ်ပြီး အလိုအလျောက် ရေလောင်းရန် အချိန်သတ်မှတ်ထား၍ပင် ရနိုင်သေးသည်။
လီဆန်းသည် ဘလူးဘယ်ရီ ဖန်လုံအိမ်အတွင်း၌ အလုပ်သမားများ တပ်ဆင်နေသည်ကို စောင့်ကြည့်နေ၏။ ဘလူးဘယ်ရီပင်များကို ထိခိုက်သွားမည်ကို စိုးရိမ်နေသောကြောင့်ပင်။
ရေပိုက်များကို ဖန်လုံအိမ် အပေါ်မှနေ၍ သွယ်တန်းထားပြီး ရေဖျန်းခေါင်းလေးများ တစ်ခုပြီးတစ်ခု တွဲလောင်းကျနေသည်မှာ နည်းပညာ၏ အငွေ့အသက်များကို ပေးစွမ်းနေလေသည်။
ရွှီယန်မှာ အားနေသဖြင့် လိုက်ဖ်ခဏ ဖွင့်ရန် ရည်ရွယ်လိုက်သည်။ ယနေ့ လယ်ယာခြံဝင်းမှာ အတော်လေး စည်ကားနေ၏။
လိုက်ဖ်ခေါင်းစဉ်ကိုတော့ လယ်ယာခြံဝင်း တည်ဆောက်ရေးဆဲ ဟု ပေးထားလိုက်သည်။
လိုက်ဖ်ဖွင့်လိုက်သည်နှင့် ပရိသတ်များက တဖွဲဖွဲ ဝင်ရောက်လာကြလေသည်။
"လောင်ရွှီ... လိုက်ဖ်ဖွင့်ပြီဟေ့"
"မနက်ခင်းပါဗျ"
"လယ်ယာခြံဝင်း တိုးတက်တာ မြန်သားပဲ"
ဒရုန်းဖြင့် ရိုက်ကူးထားသော ရှုထောင့်မှာ တကယ်ကို ကောင်းမွန်လွန်းလှပြီး ဆူညံသံများလည်း သိပ်မရှိချေ။
လိုက်ဖ်ထဲတွင် လူအနည်းငယ် များလာသောအခါ ရွှီယန်က စကားစလိုက်၏။
"ကျွန်တော် ဖန်လုံအိမ် နှစ်လုံး ထပ်ရင်းနှီးလိုက်တယ်... ပစ္စည်းကောင်းလေးတွေ စိုက်မလို့လေ... တောင်ပိုင်းက သစ်သီးတချို့ကို စိုက်ကြည့်မလို့... အောင်မြင်မလားတော့ မသိဘူးပေါ့... အခုလောလောဆယ် လယ်ယာခြံဝင်းက စတင်တဲ့ အဆင့်ပဲ ရှိသေးတယ်... အကျိုးအမြတ် မရသေးပါဘူး... ကျွန်တော်လည်း စမ်းတဝါးဝါးနဲ့ လုပ်နေရတာပါ... လယ်ယာခြံဝင်း ဖွင့်ရတာ မလွယ်ပါဘူး... စတင်တဲ့ အဆင့်က အရေးအကြီးဆုံးပဲ... အကျိုးအမြတ်ရရင်တော့ ဆက်လုပ်နိုင်မှာပေါ့... အရှုံးပေါ်ရင်တော့ လက်လျှော့ရမှာပါပဲ"
လယ်ယာခြံဝင်း ဖွင့်လှစ်ခြင်းသည် စီးပွားရေး လုပ်ငန်းတစ်ခု စတင်ခြင်းနှင့် အတူတူပင် ဖြစ်သည်။
လူအများအပြားက လယ်ယာခြံဝင်း ဖွင့်ရသည်မှာ သက်တောင့်သက်သာ ရှိသည်ဟု ထင်ကြသော်လည်း တကယ်တမ်းတွင် အလုပ်များ မနိုင်မနင်း ဖြစ်လာပြီး နောက်ဆုံး၌ အရှုံးပေါ်ကာ ဝမ်းနည်းစွာဖြင့် ထွက်ခွာသွားရတတ်သည်။ ဤသို့သော ဥပမာများက အများအပြားပင် ရှိလေသည်။
ရွှီယန်မှာ တောရွာလေးတွင် ကြီးပြင်းလာသူဖြစ်ပြီး ငယ်စဉ်ကတည်းကလည်း ဉာဏ်ကောင်းသူဖြစ်ရာ လောလောဆယ်တွင် လယ်ယာခြံဝင်းသည် တည်တည်ငြိမ်ငြိမ်ဖြင့် တိုးတက်နေပေသည်။
အင်တာနက်သုံးစွဲသူများက သူ့ကို အကြံဉာဏ်များ အသီးသီး ပေးနေကြသည်။
"လောင်ရွှီ... မင်းက တောတောင်ရှာဖွေတဲ့ လိုက်ဖ်လွှင့်သူ အဖြစ်ပဲ သေချာလုပ်ဖို့ အကြံပေးချင်တယ်... လိုက်ဖ်လွှင့်တာက ပိုက်ဆံပိုရတယ်ဗျ"
"ဟုတ်တယ်လေ... တောင်ပေါ်တက်ပြီး တောဝက်တွေ သွားရိုက်လေ... အဲဒါ ပိုက်ဆံရတာပဲ မဟုတ်လား"
"မင်း ခေတ်စားနေတာတွေကို ဖမ်းဆုပ်ထားရမယ်... တောဝက်နဲ့ ရန်ဖြစ်တဲ့ လိုက်ဖ်မျိုး သုံးလေးခါလောက် လွှင့်လိုက်... သေချာပေါက် ပေါက်သွားမှာပဲ... ကြည့်တဲ့လူ တစ်သိန်းကျော်တောင် ဖြစ်သွားနိုင်တယ်"
အင်တာနက်ပေါ်တွင် တကယ်ကို အရည်အချင်းရှိသော လူများစွာရှိပြီး အသုံးဝင်သော အကြံဉာဏ်များကို ပေးစွမ်းနိုင်ကြ၏။
ဥပမာအားဖြင့် ကိုဘီ ကို အတုခိုးသူများ၊ ကောင်းချီချန် ကို အတုခိုးသူများ၊ ဂိမ်းဇာတ်ကောင်ကို အတုခိုးသူများဆိုလျှင် တစ်လလျှင် ဝင်ငွေ သောင်းဂဏန်းခန့်အထိ ရရှိနိုင်ပေသည်။
သူတို့ပြောသကဲ့သို့ အားလပ်ချိန်တွင် တောင်ပေါ်တက်ကာ တောဝက်များကို သွားရှာပြီး တုတ်တစ်ချောင်းရှာ၍ တောဝက်ကို ရိုက်မည်ဆိုပါက ရွှီယန်မှာ တကယ်ပင် နာမည်ကြီးလာနိုင်ပေသည်။
သို့သော် ထိုသို့သော လိုက်ဖ်အစီအစဉ်မျိုးမှ ဆွဲဆောင်နိုင်မည့် ပရိသတ်များမှာ ပွဲကြည့်လိုသူများသာ ဖြစ်ကြ၏။
ထို့အပြင် ခဏတာ နာမည်ကြီးပြီးသွားပါက လူများ ရိုးအီသွားမည်ဖြစ်ရာ သူသည် ကျရှုံးသွားရန် သေချာနေပေသည်။
အရေးအကြီးဆုံးအချက်မှာ ရွှီယန်က ထိုသို့သော ဘဝမျိုးကို မနှစ်သက်ခြင်းပင် ဖြစ်သည်။
မည်သူကများ အားနေလျှင် တောဝက်နှင့် သွားရောက် ရန်ဖြစ်နေမည်နည်း။ နာမည်ရရန်အတွက်နှင့် ဘာမဆို လျှောက်လုပ်၍ မရပေ။
လိုက်ဖ်လွှင့်သော လောကတွင် တကယ်ကို ရေရှည် ရပ်တည်လိုပါက ကိုယ်ရည်ကိုယ်သွေး ဆွဲဆောင်မှု ရှိရန် လိုအပ်သည်။
၎င်းမှာ အခြားသူများက ဤလိုက်ဖ်လွှင့်သူသည် လူကောင်းတစ်ယောက်ဖြစ်ပြီး စိတ်ဝင်စားစရာ ကောင်းသည်ဟု ခံစားရအောင် ပြုလုပ်နိုင်မှသာ လူများကို ဆွဲဆောင်နိုင်မည် ဖြစ်သည်။
ရွှီယန်က လက်ကာပြရင်း ပြန်လည်ဖြေကြားလိုက်သည်။
"ကျွန်တော်ကတော့ အေးအေးချမ်းချမ်းနဲ့ပဲ လယ်ယာခြံဝင်းပိုင်ရှင် လုပ်ပါတော့မယ်... လိုက်ဖ်လွှင့်တာက ဝါသနာပါလို့ပါ... အားလုံးကို တောရွာက စိတ်ဝင်စားစရာ ကိစ္စလေးတွေ မျှဝေပေးရုံပါပဲ... ဘာအလုပ်ကြီးမှ ထလုပ်မှာ မဟုတ်ပါဘူး"
သူ ဤသို့ပြောလိုက်သည်ကို ကြားသောအခါ လူအများအပြားက ထောက်ခံအားပေးကြောင်း ပြောဆိုကြ၏။ ဤသို့သော လိုက်ဖ်မျိုးကမှ ကြည့်ရှု၍ ကောင်းသည် မဟုတ်ပါလား။
ထိုအချိန်တွင် မာလီနွိုက်ခွေးက ပျော်ပျော်ရွှင်ရွှင်ဖြင့် ပြေးလာသည်။ ရွှီယန်က ခွေးလေးကို စနောက်လိုက်၏။
"ယွမ်ပေါင်... ထိုင်"
အကောင်ပေါက်လေးမှာ အလွန်ဉာဏ်ကောင်းပြီး ထိုင်ခိုင်းသည်နှင့် ချက်ချင်းပင် ထိုင်ချလိုက်သည်။
ဤခွေးလေးသည် အင်တာနက်ပေါ်တွင်လည်း လူကြိုက်များပြီး သူ၏ အမိန့်နာခံမှုနှင့် အလုပ်လုပ်နိုင်စွမ်းမှာ အလွန်အားကောင်းကြောင်း အားလုံးက သိကြပေသည်။
ထိုအချိန်တွင် ပြဿနာရှာတတ်သော အင်တာနက်သုံးစွဲသူများက ပြဿနာရှာရန် စဉ်းစားလာကြပြန်သည်။
"အစ်ကိုယန်... ယွမ်ပေါင်က ဒီလောက် စကားနားထောင်တာ... သူ့ကို ကိုယ့်ကိုကိုယ် ကိုက်ခိုင်းရင် ဘယ်လိုနေမလဲ"
"ဟားဟား... ဟုတ်တယ်နော်... သူက ဒီလောက် သစ္စာရှိတာ... ကိုက်ခိုင်းရင် ကိုက်မလား မသိဘူး"
"မြန်မြန် စမ်းကြည့်ပါဦး"
ရွှီယန်က အားလုံး၏ မှတ်ချက်များကို တစ်ချက် ကြည့်လိုက်၏။ လူတိုင်းက ဤကိစ္စကို ပြောနေကြသည်ကို မြင်သောအခါ သူက ပြုံးရင်း ပြောလိုက်သည်။
"ယွမ်ပေါင်က ကျွန်တော့်ကို သေချာပေါက် မကိုက်ပါဘူး... သူက မကြားချင်ယောင်ဆောင်ပြီး အရမ်း အလုပ်များနေသလို ဟန်ဆောင်နေမှာပါ... ကျွန်တော် စမ်းကြည့်မယ်နော်"
ရွှီယန်က ယွမ်ပေါင်ကို လှမ်းခေါ်လိုက်သည်။
"ယွမ်ပေါင်... လာခဲ့"
မာလီနွိုက်ခွေးသည် ဝမ်းသာအားရ ပြေးလာ၏။
"ယွမ်ပေါင်... ထိုင်"
မာလီနွိုက်ခွေးက ချက်ချင်း ထိုင်ချလိုက်သည်။
"ယွမ်ပေါင်... လှည့်"
မာလီနွိုက်ခွေးက အမြန် တစ်ပတ်လှည့်လိုက်၏။
ထိုအချိန်တွင် ရွှီယန်က ယွမ်ပေါင်၏ရှေ့သို့ လက်မောင်းကို ဆန့်တန်းပေးလိုက်သည်။
"ယွမ်ပေါင်... ငါ့ကိုကိုက်"
ဤအမိန့်ကို ကြားသောအခါ မာလီနွိုက်ခွေးက အနည်းငယ် ကြောင်အသွားပြီး လူများ၏ အံ့သြနေသော အကြည့်များအောက်မှာပင် သူက ခေါင်းငုံ့ကာ ရှေ့ခြေသည်း နှစ်ဖက်ဖြင့် မြေကြီးကို အမြန် ကုတ်ဖဲ့ပါတော့သည်။
ထိုပုံစံမှာ အလွန်စိတ်ဝင်စားစရာ ကောင်းလှပေသည်။ ခွေးများသည် အနေရခက်သော အချိန်မျိုးတွင် အလွန် အလုပ်များနေသကဲ့သို့ ဟန်ဆောင်တတ်ကြလေသည်။
'ကျွန်တော် အရမ်း အလုပ်များနေတယ်... သခင် ကျွန်တော့်ကို မမြင်ဘူး မဟုတ်လား... မမြင်ဘူး မဟုတ်လား'
ရွှီယန်က လက်မောင်းကို ရှေ့သို့ အနည်းငယ် ထပ်တိုးပေးလိုက်ပြီး အော်လိုက်ပြန်သည်။
"ယွမ်ပေါင်... ငါ့ကိုကိုက်"
မာလီနွိုက်ခွေးက အူးအူး ဟု အော်လိုက်ပြီး နေရာပြောင်းကာ ရှေ့ခြေသည်းများဖြင့် မြေကြီးကို ဆက်လက် အမြန်ကုတ်ဖဲ့နေပါတော့သည်။
ဤမြင်ကွင်းက အင်တာနက်သုံးစွဲသူများကို ဟားတိုက် ရယ်မောသွားစေတော့၏။
ရွှီယန်က လက်မောင်းကို ပြန်ရုပ်သိမ်းလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။
"ကဲပါ... ဟန်ဆောင်မနေနဲ့တော့... ကိုက်စရာ မလိုပါဘူး"
အမိန့်ရသွားသောအခါ မာလီနွိုက်ခွေးက ချက်ချင်းပင် ဝမ်းသာအားရ ပြုံးရယ်သွားလေသည်။
သစ္စာရှိသော ခွေးများသည် သခင်ကို အန္တရာယ် မပေးတတ်ချေ။ အမိန့်ရလျှင်တောင် အချို့ခွေးများက ဟန်ဆောင်၍ ဖွဖွလေး ကိုက်တတ်ကြပြီး သွားရာပင် မကျန်ခဲ့သည့် အနေအထားမျိုးဖြစ်သည်။
မာလီနွိုက်ခွေးကမူ မကြားချင်ယောင် ဆောင်နေလိုက်ခြင်းပင်။
ဤသည်မှာလည်း ဉာဏ်ကောင်းသည့် လက္ခဏာ တစ်ရပ်ပင် ဖြစ်သည်။ ညွှန်ကြားချက်ကို မလိုက်နာခြင်းမှာ သူ အလွန် အလုပ်များနေပြီး မကြားရသောကြောင့် ဆိုသည့် သဘောမျိုးပင်တည်း။
သေချာသည်မှာ လူများ၏ အမြင်တွင်မူ ဤအပြုအမူက အလွန်ပင် ရယ်ချင်စရာ ကောင်းနေလေသည်။ လိုက်ဖ်ထဲရှိ လေထုမှာလည်း ပေါ့ပေါ့ပါးပါး ဖြစ်နေ၏။
ရွှီယန်သည် ဖန်လုံအိမ် တည်ဆောက်ရေး အခြေအနေကို သွားရောက် စစ်ဆေးလိုက်ပြန်သည်။
ဖန်လုံအိမ်များကို အဆင့်ခွဲခြားထားပြီး အချို့ဖန်လုံအိမ်များက မိုးကာစဖြင့် အုပ်ထားရုံမျှဖြင့် အပူချိန်ကို ထိန်းသိမ်းပေးနိုင်သော အာနိသင် ရှိသည်။
အချို့ဖန်လုံအိမ်များကမူ အသုံးပြုထားသော မိုးကာစက အရည်အသွေး ပိုမြင့်ပြီး အအေးဒဏ်ကို ကာကွယ်ကာ အပူဓာတ်ကို ထိန်းသိမ်းပေးနိုင်သဖြင့် ဆောင်းရာသီတွင်တောင် အတွင်း၌ ပူနွေးနေတတ်၏။
ထို့အပြင် အဆင့်မြင့်ဆုံးဖြစ်သော ဓာတ်ခွဲခန်းသုံး ဖန်လုံအိမ်များလည်း ရှိပြီး အတွင်း၌ အပူချိန်ကို ထိန်းချုပ်ထားနိုင်ပေသည်။
ရွှီယန် အသစ်ဆောက်လုပ်သော ဖန်လုံအိမ်များက အဆင့်မြင့် အမျိုးအစားဖြစ်ပြီး အလွှာနှစ်ထပ်ပါသော ဖန်လုံအိမ်များ ဖြစ်ကြသည်။
မိုးကာစ နှစ်လွှာပါဝင်ပြီး အလယ်တွင် လေဟာနယ် အခြေအနေ ဖြစ်ပေါ်စေသဖြင့် အပူချိန်ကို ပိုမိုကောင်းမွန်စွာ ထိန်းသိမ်းပေးနိုင်၏။
လေဝင်လေထွက်ပေါက်က ဖန်လုံအိမ်၏ နောက်ဘက်တွင်ရှိပြီး နောက်ဘက်မှနေ၍ လေဝင်လေထွက် ပြုလုပ်သော ဖွဲ့စည်းပုံကို အသုံးပြုထားသည်။
တံခါးဝင်ဝင်ချင်းတွင် အသိဉာဏ်ရှိသော ထိန်းချုပ်မှု စနစ်တစ်ခုရှိပြီး ဖန်လုံအိမ်၏ အပူချိန်ကို ထိန်းချုပ်နိုင်သကဲ့သို့ ဖုန်းနှင့် ချိတ်ဆက်ကာ အဝေးမှလည်း ထိန်းချုပ်နိုင်ပေသည်။
အပူချိန်ကို ထိန်းညှိရန် အသိဉာဏ်ရှိသော အပူပေး ရေကန်စနစ်ကို အသုံးပြုထား၏။
ရေကန်များသည် နံရံကိုကပ်လျက် တစ်တန်းလုံး ရှိနေကာ နေ့ဘက်တွင် နေရောင်ခြည် စွမ်းအင်ကို စုပ်ယူပြီး ညဘက်၌ အပူဓာတ်ကို ထောက်ပံ့ပေးနိုင်သည်။
အကြီးစား အပူပေးစက်ကြီးဟု နားလည်ထား၍ ရပေသည်။
ဤသည်မှာ အရှေ့မြောက်ဒေသတွင် ယခုလက်ရှိ ကိုယ်စားပြုနိုင်ဆုံး အဆင့်မြင့် ဖန်လုံအိမ်ပင် ဖြစ်သည်။
မီတာ ၁၀၀ ရှည်သော ဖန်လုံအိမ် တစ်လုံးကို ရင်းနှီးမြှုပ်နှံရန် ယွမ်နှစ်သိန်းနီးပါး ကုန်ကျလေသည်။
မည်သို့ပင်ဖြစ်စေ ငွေများမှာ ထားထားလျှင်လည်း ဤအတိုင်းပင် ဖြစ်နေမည်ဖြစ်ရာ ရင်းနှီးမြှုပ်နှံလိုက်သည်က ပိုကောင်းပေသည်။
ဖန်လုံအိမ် စိုက်ပျိုးရေးမှ အမြတ်ရခြင်းမှာ စကားလုံး သုံးလုံးတည်းသာ ဖြစ်သည်။ ရာသီဥတု ပြောင်းပြန် ဆိုသည်ပင်။
ဆောင်းရာသီ ရောက်လာလျှင် ဧရိယာအကျယ်ကြီးဖြင့် ဟင်းသီးဟင်းရွက် သစ်သီးများ မထွက်နိုင်တော့သည့် အချိန်ကျပါက ဖန်လုံအိမ်များ၏ ခေတ်ရောက်လာပြီ ဖြစ်၏။
ထို့ကြောင့် ရွှီယန်သည်လည်း ယခု ချက်ချင်း အမြန်စိုက်ပျိုးရန် လောနေခြင်းဖြစ်သည်။ ဤဒေသတွင် ဆောင်းရာသီ ရောက်သည်မှာ စောပြီး အေးမည်ဆိုပါက ချက်ချင်း အေးသွားတတ်သောကြောင့်ပင်။
ထိုအချိန်ကျလျှင် သစ်သီးများ မှည့်လာပါက ဈေးကောင်းကောင်းဖြင့် ရောင်းရမည် ဖြစ်လေသည်။