← Chapters

အခန်း ၈၈

Vol. 9 Ch. 88

အခန်း ၈၈

Vol. 9 Ch. 88

အခန်း (၈၈) ရှောင်ဟေး - ဒီလိုအချိန်မျိုးမှာ ဒီလောက် စကားနားထောင်ပြစရာ မလိုပါဘူးကွာ

ဖန်လုံအိမ်ကို ဆက်လက် တည်ဆောက်နေဆဲဖြစ်သည်။

ရွှီယန်က ဖန်လုံအိမ် တပ်ဆင်နေသည့် ပညာရှင်ကို မေးလိုက်သည်။

"ဆရာ... ကျွန်တော့်ရဲ့ အဟောင်းနှစ်လုံးကိုလည်း အပူချိန်ထိန်းနိုင်တဲ့ ဖန်လုံအိမ်အဖြစ် ပြောင်းချင်တာ... ရနိုင်မလား"

ထိုသူက ရွှီယန်၏ ဖန်လုံအိမ်အဟောင်း နှစ်လုံးကို သွားရောက် စစ်ဆေးပြီးပြီ ဖြစ်သည်။

"ပြောင်းလို့ မရဘူးကွ... သံဘောင်တွေလည်း မတူသလို မိုးကာစတွေကလည်း မတူဘူးလေ"

"ဖြိုပြီး အသစ်ပြန်ဆောက်မှ ရမယ်... ဒါပေမဲ့ အောက်ခံအုတ်မြစ် ရှိနေတော့ အသစ်ဆောက်တာထက် စာရင်တော့ နည်းနည်း သက်သာမှာပေါ့"

ဆရာက ပြန်ဖြေလိုက်၏။

ရွှီယန်က ခေါင်းညိတ်လိုက်သည်။

"ဟုတ်ပြီ... သဘောပေါက်ပြီ"

ပုံမှန် ဖန်လုံအိမ်များဖြင့်လည်း ရာသီဥတု ပြောင်းပြန် သစ်သီးနှင့် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးနိုင်သော်လည်း အားထုတ်မှု ပိုမိုလိုအပ်သည်။ ပြုပြင်ပြောင်းလဲ၍ မရပါက နောက်မှသာ ထပ်စဉ်းစားတော့မည်။

ဤကာလအတွင်း လယ်ယာခြံဝင်းတွင် အလုပ်များ စတင်လုပ်ဆောင်နေပြီဖြစ်ရာ ရွှီယန်သည်လည်း နံပါတ် ၂ ဖန်လုံအိမ်တွင် စိုက်ပျိုးရေးကိစ္စများဖြင့် အလုပ်များနေသည်။

ဖန်ရတနာပြောင်းဖူးများအပြင် နေရာလွတ် အနည်းငယ် ကျန်ရှိနေသေးရာ ရွှီယန်က စတော်ဘယ်ရီနှင့် နဂါးမောက်သီးများကို စိုက်ပျိုးရန် ရွေးချယ်လိုက်သည်။ နံပါတ် ၁ ဖန်လုံအိမ်တွင် ဘလူးဘယ်ရီကို စိုက်ပျိုးပြီး နံပါတ် ၂ တွင် ဖန်ရတနာပြောင်းဖူး၊ စတော်ဘယ်ရီနှင့် နဂါးမောက်သီးတို့ကို စိုက်ပျိုးမည်ဖြစ်သည်။ နံပါတ် ၃ နှင့် နံပါတ် ၄ ဖန်လုံအိမ်များတွင်မူ ရှစ်ကျားသီးကို စိုက်ပျိုးမည်ဖြစ်သည်။ ဤသည်မှာ သူ၏ အစီအစဉ်ပင် ဖြစ်သည်။

ကြက်ဥများကို ခြင်းတောင်းတစ်လုံးတည်းတွင် အကုန်မထည့်သင့်ပေ။ သစ်သီးတစ်မျိုး၏ ဈေးကွက်အခြေအနေ မကောင်းပါက အခြားသစ်သီးများဖြင့် အစားထိုးနိုင်ပေသည်။ အကယ်၍ စိုက်ပျိုးထားသော သစ်သီးများ အားလုံး၏ ဈေးကွက်အခြေအနေ မကောင်းပါကမူ ကောင်းကင်ဘုံက မိမိအား ဒုက္ခပေးနေခြင်းဖြစ်ရာ မတတ်နိုင်တော့ချေ။

ရွှီယန်၏ ဖခင်သည်လည်း ဤနှစ်ရက်အတွင်း လယ်ယာခြံဝင်းတွင် လာရောက် ကူညီပေးနေသည်။ ဆွေမျိုးအချို့လည်း ပါဝင်ကြ၏။

ရွှီယန်က ရွှီဟုန်ရှန်းထံ သွား၍ ပြောလိုက်သည်။

"အဖေ... ကျွန်တော် ယန်ကျီးကို တစ်ခေါက် သွားလိုက်ဦးမယ်... ပြီးရင် ချန်ချွန်းကိုပါ တစ်ခေါက် သွားမလို့"

"အေးအေး... ဒီဘက်မှာ အဖေ ကြည့်ထားလိုက်မယ်... မြို့ပေါ်ကို ဘာသွားလုပ်မလို့လဲ"

"ဈေးကွက် အခြေအနေကို သွားလေ့လာမလို့... ပစ္စည်းရောင်းဖို့ဆိုရင် သေချာ စုံစမ်းရမယ် မဟုတ်လား"

"ကောင်းပြီ... ဒါဆိုလည်း သွားလေ"

ရွှီယန်သည် ရှစ်ကျားသီး၏ အခြေအနေကို စုံစမ်းရန် ရည်ရွယ်ထားသည်။ ဤအသီးမှာ အပူပိုင်းဒေသ သစ်သီးဖြစ်ပြီး မြောက်ပိုင်းတွင် အလွန်ရှားပါးလှရာ သိရှိသူပင် အလွန်နည်းပါးပြီး ရောင်းချသူများအကြောင်း ဆိုလျှင်တော့ ပို၍ပင် ဝေးကွာနေသေးသည်။

သို့သော် ဤသို့ဖြစ်နေခြင်းကပင် အခွင့်အလမ်းတစ်ရပ် ဖြစ်နေ၏။ ရွှီယန်သည် မြို့ပေါ်သို့သွား၍ လေ့လာရန် ရည်ရွယ်ထားသည်။ ယန်ကျီးဘက်တွင် ရောင်းချသူ မရှိနိုင်သော်လည်း ချန်ချွန်းမှာ ပြည်နယ်အတွင်း အစည်ကားဆုံးမြို့ဖြစ်ရာ သေချာပေါက် ရှိနိုင်ပေသည်။

ယခုအခါတွင် သူသည် အရှေ့မြောက်ဒေသရှိ သူဌေးပေါက်စလေး တစ်ယောက်နှင့် တူနေ၏။ ချိုင်းကြားတွင် သားရေအိတ်အမည်းလေး တစ်လုံးညှပ်ကာ သားမွေးအင်္ကျီကို ဝတ်ဆင်ပြီး အလွန်တုတ်ခိုင်သော ရွှေဆွဲကြိုးကြီးကို ဆွဲထားမည်ဆိုပါက ပို၍ပင် တူသွားပေမည်။ ကျားသစ်ကွက် သားရေစကတ် ဝတ်ဆင်ထားသော ကောင်မလေးတစ်ယောက်ကိုပါ ခေါ်သွားမည်ဆိုပါက ရာခိုင်နှုန်းပြည့်ပင် ဖြစ်သွားတော့မည်။

သေချာသည်မှာ ရွှီယန်က ထိုသို့ ဝတ်ဆင်မည်မဟုတ်ပေ။ သူသည် ပေါ့ပါးသော အားကစားဝတ်စုံကိုသာ ဝတ်ဆင်ထားပြီး တစ်ကိုယ်လုံးတွင် ပေါ့ပါးလန်းဆန်းသော အသွင်အပြင်မျိုး ရှိနေသည်။

သူလုပ်ရမည့် အလုပ်မှာလည်း ရိုးရှင်းလှသည်။ မြို့ပေါ်ရှိ အကြီးဆုံး စူပါမားကတ်များနှင့် သစ်သီးလက်ကား ဈေးကွက်အချို့ကို လှည့်လည်သွားလာပြီး ရှစ်ကျားသီး၏ ဈေးနှုန်းကို မေးမြန်းရန်သာ ဖြစ်သည်။

မည်သည့်အရာမဆို ခေါင်းတစ်ချက် ပုတ်လိုက်ရုံဖြင့် ဆုံးဖြတ်ချက် ချ၍မရပေ။ ဥပမာအားဖြင့် ဆိုင်ခန်းတစ်ခန်း ဖွင့်မည်ဆိုပါက ဆိုင်ခန်းမငှားရမ်းမီတွင် ရေတွက်စက်တစ်လုံးကို ယူကာ ဆိုင်ရှေ့၌ တစ်ရက်နှင့်တစ်ည အချိန်ယူ၍ ရုံးဖွင့်ရက်များနှင့် စနေ တနင်္ဂနွေနေ့များတွင် ဆိုင်ရှေ့မှ ဖြတ်သွားဖြတ်လာသည့် လူဦးရေကို ရေတွက် မှတ်သားရသည်။

ထိုလူဦးရေအပေါ် အခြေခံ၍ ဤနေရာသည် ဆိုင်ဖွင့်ရန် သင့်တော်ခြင်း ရှိမရှိကို ဆုံးဖြတ်ရခြင်းဖြစ်သည်။ သို့မဟုတ်ပါက အရှုံးနှင့်သာ ရင်ဆိုင်ရမည် ဖြစ်သည်။

သို့သော် အချို့လူများမှာ ဤအလုပ်များကို လုပ်ရန် ပျင်းရိကြပြီး ကံစမ်းလိုစိတ်ဖြင့်သာ လုပ်ကိုင်တတ်ကြရာ များသောအားဖြင့် အကြီးအကျယ် ရှုံးနိမ့်သွားတတ်ကြသည်။

ရွှီယန်သည် အလုပ်လုပ်ရာတွင် စိတ်အားထက်သန်မှု ရှိသော်လည်း တည်ငြိမ်သေချာမှုကို အဓိကထားပြီး လုပ်သင့်လုပ်ထိုက်သော စုံစမ်းလေ့လာမှုများကို အမြဲ ပြုလုပ်လေ့ရှိသည်။ ထို့ကြောင့် သူ တစ်ယောက်တည်း စုံစမ်းလေ့လာရန် ခရီးထွက်လာခဲ့၏။

စီးပွားရေးလုပ်ငန်း စတင်ရသည်မှာ မလွယ်ကူလှချေ။

လယ်ယာခြံဝင်းမှ ဖန်လုံအိမ်များကို တည်ဆောက်နေဆဲဖြစ်သည်။ ရွှီယန်သည် ယန်ကျီးနှင့် ချန်ချွန်း မြို့နှစ်မြို့ရှိ သစ်သီးဈေးကွက်များတွင် ကူးသန်းသွားလာနေ၏။ ဤလုပ်ငန်းစဉ်မှာ အမြဲတမ်း ပေါ့ပါးလွယ်ကူနေသည်တော့ မဟုတ်ပေ။ သို့သော် ရွှီယန်၏ လူမှုဆက်ဆံရေး စွမ်းရည်မှာ အတော်လေး ကောင်းမွန်လှသည်။ အချို့လူများအတွက် သူစိမ်းများနှင့် စကားပြောဆိုဆက်သွယ်ခြင်းမှာ ခက်ခဲသော ကိစ္စဖြစ်သော်လည်း ရွှီယန်အတွက်မူ မခက်ခဲလှချေ။

ထို့ကြောင့် သူသည် သတင်းအချက်အလက် အများအပြားကို ရရှိခဲ့သည်။

အံ့သြစရာအကောင်းဆုံးမှာ ချန်ချွန်းဘက်တွင် ဖြစ်သည်။ အကြီးဆုံး လတ်ဆတ်သော အစားအစာ စူပါမားကတ်ကြီးထဲတွင် ရှစ်ကျားသီး တစ်ကျင်းလျှင် ၈၀ ယွမ်အထိ ရောင်းချနေပြီး အထူးတန်းဝင် သစ်သီးအဖြစ် သတ်မှတ်ထားသည်။ ထို့အပြင် အလွယ်တကူလည်း မတွေ့ရပေ။

ဆောင်းရာသီတွင်ပါ ကုန်ပစ္စည်း တင်သွင်းနိုင်မည်ဆိုပါက... ဝင်ငွေမှာ သေချာပေါက် မြင့်မားမည်ဖြစ်သည်။

သူ စီးပွားရေးအခွင့်အလမ်းကို ရှာတွေ့သွားခဲ့ပြီ။ တကယ့် စီးပွားရေးအခွင့်အလမ်း စစ်စစ်ပင် ဖြစ်သည်။ သေချာသည်မှာ ဤအခွင့်အရေးကို ဖမ်းဆုပ်နိုင်ရန်အတွက် အဆင့်မြင့် ဖန်လုံအိမ်တစ်လုံး ရှိရန်လိုအပ်ပြီး အပူပိုင်းဒေသ သစ်သီးဖြစ်သော ရှစ်ကျားသီးကို အောင်မြင်စွာ ပြုစုပျိုးထောင်နိုင်ရန်လည်း လိုအပ်ပေသည်။

အခွင့်အရေးဆိုသည်မှာ ပြင်ဆင်ထားသူများအတွက်သာ ဖြစ်သည်။

'တကယ်ကို စိုက်လို့ရတယ်... ဈေးကွက်က မကြီးပေမဲ့ ဈေးနှုန်းကတော့ အရမ်းမြင့်တယ်'

'ဘလူးဘယ်ရီရဲ့ ဈေးနှုန်းကလည်း မဆိုးဘူး'

'သေချာ လည်ပတ်နိုင်ရင်တော့ လယ်ယာခြံဝင်းရဲ့ အစက သေချာပေါက် ပြဿနာမရှိတော့ဘူး'

ရွှီယန်က စိတ်ထဲမှ တွေးလိုက်သည်။

ရှစ်ကျားသီး ရောင်းချသူမှာ အလွန်နည်းပါးလှသည်။ မြောက်ပိုင်းတွင် အများသိ သစ်သီး မဟုတ်သော်လည်း ဤဘက်ရှိ ဈေးကွက်တွင် ပေါ်လာပါက ဈေးနှုန်းမှာ အလွန်မြင့်မားပေသည်။ လူအများအပြားက အရသာကို မြည်းစမ်းကြည့်ချင်ကြ၏။

စိုက်ပျိုး၍ ရနိုင်သည်။ သို့သော် ဧရိယာအကျယ်ကြီး စိုက်ပျိုးရန်တော့ မသင့်တော်ပေ။ ဈေးကွက်က ထိုမျှ မကြီးမားသလို ရှစ်ကျားသီး စားသုံးသူမှာလည်း မများပြားလှသဖြင့် ဖန်လုံအိမ် နှစ်လုံးစာဆိုလျှင် အနေတော်ပင် ဖြစ်သည်။

စုံစမ်းလေ့လာမှုများ ပြီးစီးသွားသောအခါ ရွှီယန်၏ စိတ်ထဲတွင် ယုံကြည်မှုများ ရရှိလာခဲ့သည်။ ထို့အပြင် သူ၏ သစ်သီးများ မှည့်လာချိန်တွင် မည်သည့်နေရာသို့သွား၍ ဈေးကွက်ရှာရမည်ကိုပါ ရွှီယန် သိရှိသွားခဲ့ပြီ ဖြစ်သည်။

နောက်ထပ် နှစ်ရက်ခန့် အချိန်ယူပြီးနောက် ထိုနေ့ညတွင် ရွှီယန်သည် လယ်ယာခြံဝင်းသို့ ပြန်ရောက်လာခဲ့သည်။ ဖန်လုံအိမ်၏ ဘောင်များအားလုံးကို တပ်ဆင်ပြီးဖြစ်ရာ အတွင်းဘက်ရှိ ပေါင်းစပ်ရေပိုက်များကို တပ်ဆင်ရန် ပြင်ဆင်နေကြ၏။

ခွေးလေးနှစ်ကောင်က သူပြန်လာသည်ကို တွေ့သောအခါ ဆီးကြိုရန် ပြေးထွက်လာကြသည်။ ညဘက်ဖြစ်သဖြင့် အလင်းရောင် အနည်းငယ် မှိန်နေ၏။ ဤဘက်ရှိ ကားလမ်းများတွင် လမ်းမီးတိုင် တစ်တိုင်နှင့် တစ်တိုင် အတော်လေး ဝေးကွာစွာ တပ်ဆင်ထားရာ မီတာတစ်ရာခန့် ကွာဝေးပြီး လယ်ယာခြံဝင်းသို့ ဝင်သော လမ်းငယ်လေးတွင်မူ လမ်းမီးတိုင်ပင် မရှိချေ။

လယ်ယာခြံဝင်းသည် မှောင်မည်းနေပြီး အိမ်နှင့် ဖန်လုံအိမ်များ၏ ပုံသဏ္ဌာန်ကိုသာ ခပ်ရေးရေး မြင်ရသည်။

ရွှီယန်က အမှောင်ထုထဲရှိ လယ်ယာခြံဝင်းကို ကြည့်ရင်း အလွန်ပင် ကျေနပ်အားရနေမိ၏။ ဤသည်မှာ သူ၏ လယ်ယာခြံဝင်းပင် ဖြစ်သည်။

"မင်းတို့နှစ်ကောင် အိပ်ဖို့ လှောင်အိမ်ထဲ သွားကြလေ... ဘာလို့ အပြင်ထွက်လာကြတာလဲ... ညဘက် တောကြောင်ကတိုး ကိုက်ချီသွားရင် ဘယ်လိုလုပ်မလဲ"

"အကောင်ကြီးတဲ့ ခွေးတွေတောင် ကိုက်ချီခံရတာ... မင်းတို့နှစ်ကောင်လို အကောင်သေးသေးလေးတွေဆို ပြောမနေနဲ့တော့"

"ဘယ်လိုများ အပြင်ရောက်နေတာလဲ"

ရွှီယန်က ခွေးလေးနှစ်ကောင်ကို ကြည့်ကာ ဆူပူလိုက်သည်။

သူက ခွေးလေးနှစ်ကောင်ကို ခေါ်၍ လှောင်အိမ်ရှိရာသို့ လျှောက်သွားခဲ့သည်။ ၎င်းတို့သည် လှုပ်ရှားသွားလာရန် နေရာအလုံအလောက်ရှိသော ခွေးလှောင်အိမ် အကြီးစားတစ်ခုတွင် နေထိုင်ကြပြီး အတွင်း၌ အိပ်ရန်အတွက် ဂွမ်းကပ်များ ခင်းပေးထား၏။

ခွေးလေးနှစ်ကောင်မှာ ယခုအခါ သင့်မြတ်စွာ နေထိုင်နိုင်ပြီဖြစ်ရာ ရွှီယန်ကလည်း သူတို့ကို အတူတူ နေထိုင်စေလိုက်သည်။ မာလီနွိုက်ခွေးမှာ မာနကြီးပြီး သခင်အပေါ်သာ သစ္စာရှိသော်လည်း ရှောင်ဟေးကမူ အလွန်ခင်မင်တတ်ကာ မျက်နှာပြောင်တိုက်လွန်းသဖြင့် မာလီနွိုက်ခွေးကလည်း တဖြည်းဖြည်းနှင့် သူ့ကို လက်ခံလာခဲ့ခြင်း ဖြစ်သည်။

"ဝင်သွား"

ရွှီယန်က လှောင်အိမ်ရှေ့သို့ ရောက်သောအခါ ပြောလိုက်သည်။

မာလီနွိုက်ခွေးက ဝှစ် ခနဲဆို လှောင်အိမ်ထဲသို့ တိုးဝင်သွားပြီး ရှောင်ဟေးကလည်း အနောက်မှ လိုက်ဝင်သွား၏။

"ဘယ်လိုများ ထွက်လာကြတာလဲ"

ရွှီယန်က သံကလန့်ကို ထိုးချလိုက်ပြီး သူတို့နှစ်ကောင်ကို ကြည့်ကာ မေးလိုက်သည်။

ရွှီယန်၏ စကားကို ကြားသောအခါ မာလီနွိုက်ခွေးက ချက်ချင်းပင် သရုပ်ပြလေတော့သည်။ သူက သံတံခါး၏ တံခါးပေါက်တွင် မျက်နှာကို ကပ်ထားပြီး လျှာကိုထုတ်ကာ အဆက်မပြတ် လျက်လေသည်။ ထိုသို့ဖြင့် သံကလန့်ကို အတင်း လျက်၍ ဖွင့်ပစ်လိုက်ခြင်းပင်။

ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက် မာလီနွိုက်ခွေးမှာ ချီးကျူးခံရမည်ကို စောင့်မျှော်နေသကဲ့သို့ အလွန်ပင် ပျော်ရွှင်နေပုံရ၏။ ထိုပုံစံမှာ အလွန်ပင် အထာကျလွန်းနေသည်။

ရှောင်ဟေးကမူ အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေ၏။

‘မင်းများ ရူးနေသလား... ဒီလိုအချိန်မျိုးမှာ ဒီလောက် စကားနားထောင်ပြစရာ မလိုပါဘူးကွာ... မင်းတစ်ကောင်တည်း စွမ်းနေတယ်ပေါ့လေ... ဆရာမက ဒီနေ့ ဘာလို့ အိမ်စာမပေးတာလဲဆိုပြီး သွားမေးတဲ့ ကျောင်းသားကောင်းကြီးလို အရူးမျိုးပဲ…’

ရွှီယန်က ခေါင်းညိတ်ကာ ချီးကျူးလိုက်သည်။

"တော်တယ်... ပြန်အိပ်တော့"

စကားပြောပြီးသည်နှင့် ရွှီယန်က သံကလန့်ကို ထိုးချလိုက်ပြီး ဘေးမှ သော့တစ်လောက်ကို ယူကာ သံကလန့်တွင် ခတ်ထားလိုက်သည်။ ဤသို့ဆိုလျှင် လုံးဝ လျက်၍ ဖွင့်နိုင်တော့မည် မဟုတ်ချေ။

"မင်းတို့နှစ်ကောင် နည်းနည်း ပိုကြီးလာမှ ငါ အပြင်ထုတ်သိပ်မယ်"

"အခုကတော့ မရသေးဘူး"

"မနက်ဖြန် လီဆန်းထလာမှ မင်းတို့ကို အပြင်ထုတ်ပေးလိမ့်မယ်"

ရွှီယန်က လှောင်အိမ်ကို ပုတ်ကာ သူတို့နှစ်ကောင်ကို ပြောလိုက်သည်။ မာလီနွိုက်ခွေးကမူ သစ္စာရှိသော မျက်နှာထားဖြင့် ရှိနေဆဲပင်။ ရှောင်ဟေးမှာမူ ဂွမ်းကပ်ပေါ်သို့ တက်ကာ အိပ်နေပြီ ဖြစ်သည်။

သူက အတော်လေး စိတ်ပျက်နေ၏။ 'ကဲ... ဒါဆို ဒီညတော့ ခိုးထွက်လို့ မရတော့ဘူးပေါ့’

ခွေးပေါက်လေးများက ဆော့ကစားရန်သာ တွေးကြသော်လည်း ရွှီယန်ကမူ ၎င်းတို့၏ အသက်အန္တရာယ်ကို စဉ်းစားပေးခြင်း ဖြစ်သည်။

ညဘက်သို့ ရောက်သောအခါ လယ်ယာခြံဝင်း၏ ကြက်ခြံနှင့် ဘဲခြံများကို တင်းကျပ်စွာ ပိတ်ထားပြီး ခွေးများကိုလည်း လှောင်အိမ်ထဲတွင် ပိတ်လှောင်ထားသည်။

ဝက်များမှာမူ ယခုအခါ ခန္ဓာကိုယ် အရွယ်အစား အတော်လေး ကြီးမားလာပြီဖြစ်ပြီး သားရေကလည်း ထူထဲကြမ်းတမ်းသဖြင့် လောလောဆယ်တွင် လုံခြုံမှု ရှိနေသည်။

တကယ်တမ်းတွင် ဝက်များ၏ တိုက်ခိုက်နိုင်စွမ်းမှာ အလွန် ပြင်းထန်လှသည်။ အိမ်မွေးဝက်များက တောဝက်များထက်ပင် ပို၍ သန်မာကြပြီး ၎င်းတို့၏ တွန်းတိုက်မှု အင်အားမှာ နောက်ပြောင်စရာ ကိစ္စတစ်ခု မဟုတ်ပေ။ တောကြောင်ကတိုးသာ လာရောက် တိုက်ခိုက်ရဲပါက အိမ်မွေးဝက်များ အားလုံး စုပေါင်း၍ တွန်းတိုက်လိုက်ပါက ၎င်းအနေဖြင့် ခံနိုင်ရည်ရှိမည် မဟုတ်ချေ။

ညဘက် လယ်ယာခြံဝင်းမှာ အနည်းငယ်တော့ အန္တရာယ်ရှိလှသည်။ ရွှီယန်သည်လည်း သူ၏ အခန်းထဲသို့ ပြန်လည် ဝင်ရောက်၍ အိပ်စက်လေတော့သည်။ နှစ်ရက်ခန့် ကူးသန်းသွားလာခဲ့ရသဖြင့် သူသည်လည်း အနည်းငယ် ပင်ပန်းနေခဲ့ပြီ ဖြစ်သည်။

နောက်တစ်နေ့... သာယာကြည်လင်သော နေ့တစ်နေ့ ဖြစ်၏။ ယခုအချိန်မှာ မိုးရာသီသို့ မရောက်သေးသဖြင့် နေသာသော ရက်များသာ များပြားသည်။

မနက်ပိုင်းတွင် အလုပ်သမားများ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြပြီး ဖန်လုံအိမ် တည်ဆောက်ရေး ကိစ္စများကို ဆက်လက် လုပ်ဆောင်ကြသည်။ ရွှီဟုန်ရှန်းသည်လည်း ကူညီပေးရန် လူနှစ်ယောက်ကို ခေါ်လာခဲ့၏။

လွန်ခဲ့သော အချိန်ကာလများက ရွှီဟုန်ရှန်းသည် ဂျင်ဆင်းရှာဖွေရေး အဖွဲ့များနှင့်အတူ တောင်ပေါ်သို့ အကြိမ်အနည်းငယ် လိုက်ပါသွားခဲ့ဖူးသည်။ ပထမ နှစ်ကြိမ်တွင် အကျိုးအမြတ် အနည်းငယ် ရရှိခဲ့သော်လည်း နောက်ပိုင်းတွင် တောရိုင်းဂျင်ဆင်းများကို ရှာဖွေရန် ခက်ခဲလာခဲ့သည်။ ထို့ကြောင့် သူသည် တောင်ပေါ်သို့ ထပ်မသွားတော့ချေ။

ယခုအခါ တောတောင်ရှာဖွေသူများ အလွန်များပြားနေပြီဖြစ်ရာ တန်ဖိုးရှိသော တောင်ထွက်ပစ္စည်းတိုင်းမှာ ရှာဖွေတွေ့ရှိရန် မလွယ်ကူလှတော့ပေ။

ရွှီယန်မှာ နှစ်ရက်ခန့် လိုက်ဖ်မလွှင့်ဖြစ်ခဲ့သဖြင့် မနက်စောစောတွင်ပင် လိုက်ဖ်ကို ဖွင့်လှစ်ကာ လယ်ယာခြံဝင်း၏ နေ့စဉ်လုပ်ငန်းဆောင်တာများကို လိုက်ဖ်လွှင့်ပြလေသည်။

ပရိသတ်ဟောင်းများက သူ၏ လယ်ယာခြံဝင်း တည်ဆောက်ရေး လုပ်ငန်းများကို ကြည့်ရှုရသည်ကို အတော်လေး သဘောကျကြသည်။ ဖန်လုံအိမ်ကြီး တစ်စတစ်စ ပေါ်ထွက်လာသည်ကို ကြည့်ရသည်မှာလည်း ခံစားချက်ကောင်းတစ်ခု ဖြစ်သည်။

ရွှီယန်က ဒရုန်း၏ အမြင့်ကို အတော်လေး မြင့်မားစွာ ချိန်ညှိထားပြီး အပေါ်စီးမှနေ၍ ရိုက်ကူးထားသဖြင့် လယ်ယာခြံဝင်း၏ အစိတ်အပိုင်းတိုင်းကို ကြည့်ရှုသူများ၏ မျက်စိရှေ့သို့ ရောက်ရှိစေသည်။

ဤသည်မှာ သူ၏ လိုက်ဖ်လွှင့်မှုတွင် အထူးခြားဆုံး အချက်ပင် ဖြစ်သည်။

အင်တာနက်သုံးစွဲသူများက လိုက်ဖ်မြင်ကွင်းမှတစ်ဆင့် ကြည့်ရှုလိုက်ရာ လူများ စက်ယန္တရားများ ခွေးနှင့် ကြောင်များ လယ်ယာခြံဝင်းအတွင်း ဟိုဟိုဒီဒီ လှုပ်ရှားသွားလာနေသည်ကို မြင်တွေ့ရသဖြင့် လက်တစ်ဆုပ်စာ လယ်ယာခြံဝင်းလေးတစ်ခုကဲ့သို့ ခံစားရစေသည်။

တစ်ခါတစ်ရံ ဝင်ရောက်ကြည့်ရှုကာ ကွန်မန့်အနည်းငယ် ချန်ထားခဲ့ရသည်မှာလည်း အတော်လေး စိတ်ဝင်စားစရာ ကောင်းလှ၏။

ရွှီယန်က လိုက်ဖ်ဖွင့်ထားသည်မှာ အချိန်ဖြုန်းနေခြင်းမျှသာ ဖြစ်ပြီး သူက ဖန်လုံအိမ်၏ အခြေအနေကို ကြီးကြပ်နေရသည်။

ပေါင်းစပ်ရေကန်ကြီးကို တပ်ဆင်ပြီးစီးသွားပြီဖြစ်ပြီး မကြာမီ မိုးကာစ နှစ်ထပ်ကို ဖုံးအုပ်ရတော့မည်ဖြစ်ရာ ရေကန်၏ အသုံးပြုနိုင်စွမ်းကို အရင်ဆုံး စမ်းသပ်ကြည့်ရမည် ဖြစ်သည်။

မွန်းတည့်ချိန်ခန့်တွင် အလုပ်များ ပြီးစီးသွားသလောက် ဖြစ်သွားသောအခါ ရွှီယန်က ဒရုန်းကို အောက်ချလိုက်ပြီး လူကိုယ်တိုင် ပါဝင်၍ လိုက်ဖ်လွှင့်လေတော့သည်။

"ဒီနှစ်ရက်လုံး ဖန်လုံအိမ် တပ်ဆင်တဲ့ ကိစ္စတွေနဲ့ အလုပ်များနေလို့ လောလောဆယ် တောင်ပေါ်မတက်ဖြစ်သေးဘူး... နောက်နှစ်ရက်လောက်နေရင်တော့ ဝင်ဖြစ်မှာပါ... ဆောင်းဦးရာသီ ရောက်တော့မယ်ဆိုတော့ တောင်ထွက်ပစ္စည်း အသစ်တွေ ထွက်လာတော့မှာလေ... သွားရှာကြည့်ရဦးမယ်"

ရွှီယန်က အင်တာနက်သုံးစွဲသူများကို ပြောလိုက်သည်။

"မင်းရဲ့ ကျားသစ်တွေကော... အားပေးပါဦးကွာ"

"ဘယ်တော့ တောင်ပေါ်တက်မလဲဆိုတာ ကြိုပြီး အသိပေးဦးနော်... တောင်ပေါ်တက်ပြီး လိုက်ဖ်လွှင့်တာက တကယ်ကို စိတ်လှုပ်ရှားစရာ ကောင်းတာ"

"ဟုတ်တယ်ဗျာ... အင်တာနက် တစ်ခွင်လုံးမှာ ခင်ဗျားရဲ့ အပြင်ထွက် လိုက်ဖ်က အစစ်အမှန်ဆုံးပဲ... တကယ်ကို အသက်နဲ့ရင်းပြီး လုပ်နေတာ"

"လောင်ရွှီကတော့ ပိုက်ဆံရှိတာပဲ... ဆောက်တာတောင် အဆင့်မြင့် ဖန်လုံအိမ်ကြီးတွေချည်းပဲ"

အင်တာနက်သုံးစွဲသူများက လိုက်ဖ်ထဲတွင် အသီးသီး တုံ့ပြန် ပြောဆိုနေကြသည်။

"ဒီဘက်မှာ နေမယ်ဆိုရင် ဖန်လုံအိမ်ကို အားကိုးမှ ရမှာပေါ့... မဟုတ်ရင် ဝင်ငွေ မရှိဘူးလေ... အခုကတော့ အကုန်လုံးက ရင်းနှီးမြှုပ်နှံမှုတွေချည်းပါပဲ... ပိုက်ဆံပြန်ရဖို့ မျှော်လင့်ရတာပေါ့... ကျွန်တော် တောင်ပေါ်တက်တာကလည်း မိသားစု စားဝတ်နေရေးအတွက် အထောက်အပံ့ ဖြစ်အောင်ပါ"

ရွှီယန်က အားလုံးကို ပြုံးရင်း ပြောလိုက်သည်။

"လောင်ရွှီ... မင်း သေချာလေး တောင်ပေါ်တက်ပြီး လိုက်ဖ်လွှင့်ရင် ရတဲ့ ဝင်ငွေက ဒီထက် အများကြီး ပိုများမှာ သေချာတယ်ကွ"

"ကြိုးစားလိုက်ပါ... အပြင်ထွက် လိုက်ဖ်လွှင့်တဲ့ ကဏ္ဍမှာ နာမည်ကြီး တစ်ယောက် ဖြစ်လာမှာပါ"

ပရိသတ်များက အားပေး စကားများ ပြောဆိုကြသည်။ တကယ်ပင် အင်တာနက်သုံးစွဲသူများ ပြောသကဲ့သို့ လိုက်ဖ်လွှင့်ခြင်းက အတော်လေး ဝင်ငွေကောင်းလှသည်။

ရွှီယန် လိုက်ဖ်လွှင့်သည်မှာ တစ်လပြည့်သွားပြီဖြစ်ပြီး သူ၏ လက်ဆောင်များမှ ရရှိသော ဝင်ငွေမှာ ယွမ် လေးသောင်းခန့် ရှိပေသည်။

သေချာသည်မှာ ဤသည်က သူ တောနက်ထဲဝင်ရသည်မှာ အန္တရာယ်များခြင်းနှင့် ခွဲခြား၍မရပေ။ ဤငွေများမှာလည်း သူ ရသင့်ရထိုက်သော ငွေများပင် ဖြစ်လေတော့သည်။

All Chapters