← Chapters

အခန်း ၈၉

Vol. 9 Ch. 89

အခန်း ၈၉

Vol. 9 Ch. 89

အခန်း (၈၉) ချစ်စရာလေးနော်... ခဏနေရင်တော့ သေလောက်အောင် ချစ်စရာကောင်းသွားတော့မှာ

တိုက်တိုက်ဆိုင်ဆိုင် မြေခွေးပေါက်လေးများ ထပ်ရောက်လာသဖြင့် လိုက်ဖ်ထဲတွင်လည်း ပို၍ စည်ကားသွားလေသည်။

ရွှီယန်သည် မီးဖိုချောင်ထဲသို့ ဝင်သွားကာ မြေခွေးများကို ပန်းသီးတစ်လုံး အခွံနွှာကျွေးရန် ရည်ရွယ်လိုက်၏။

လွန်ခဲ့သည့်ရက်အနည်းငယ်က ပန်းသီးများ ဝယ်ထားခဲ့သည်ကို သူ မှတ်မိနေပြီး ထားထားသည်မှာလည်း ရက်အတော်ကြာနေပြီ ဖြစ်သည်။

ထိုအချိန်တွင် ရွှီယန်သည် သူ့အား အနည်းငယ် အံ့အားသင့်သွားစေသော အရာတစ်ခုကို တွေ့ရှိသွားတော့သည်။

သူသည် ပန်းသီးတစ်လုံး၏ အပေါ်တွင် မှိုများ ပေါက်နေသည်ကို မြင်လိုက်ရ၏။

ပန်းသီး၏ အညှာပေါ်တွင် မှိုတစ်ပွင့် ပေါက်ရောက်နေခြင်း ဖြစ်သည်။

"ဘာတွေဖြစ်ကုန်တာလဲ... ပန်းသီးပေါ်မှာ မှိုပေါက်နေပါလား"

"ညစ်ပတ်နေတဲ့ အဝတ်အစားတွေပေါ်မှာ မှိုပေါက်နိုင်တယ်လို့ပဲ ကြားဖူးတာပါ"

"ဒီလောက်တောင် ဖြစ်နိုင်လို့လား"

"ဒါက ပန်းသီးကပဲ ဖောက်ပြန်သွားတာလား... မှိုကပဲ အီဆွဲသွားတာလား"

ရွှီယန်မှာ အနည်းငယ် အံ့သြသွားရသည်။

လိုက်ဖ်လွှင့်နေချိန်နှင့် တိုက်ဆိုင်နေသဖြင့် သူသည် ကောင်းမွန်သော ပန်းသီးနှစ်လုံးကို အခွံနွှာလိုက်ပြီး မှိုပေါက်နေသော ပန်းသီးကိုပါ ယူဆောင်ကာ အပြင်ဘက်သို့ ထွက်လာခဲ့၏။

ဒရုန်း၏ ကင်မရာက သူ့ထံသို့ အာရုံစိုက်သွားသည်။

ရွှီယန်သည် မှိုပေါက်နေသော ပန်းသီးကို မြှောက်ပြရင်း ပြောလိုက်သည်။

"ထူးဆန်းတာတစ်ခု တွေ့ခဲ့တယ်... ပန်းသီးပေါ်မှာ မှိုပေါက်နေတာဗျ... ဒီမှိုက တော်တော်လေးတောင် ကြီးထွားနေသေးတာ"

"ဒီလိုမှိုမျိုး ကျွန်တော် ပထမဆုံးအကြိမ် မြင်ဖူးတာပဲ"

"တကယ်ကို လွန်လွန်းတယ်ဗျာ"

သူ၏စကားကို ကြားသောအခါ အင်တာနက်သုံးစွဲသူများက ပန်းသီးပေါ်သို့ ကြည့်လိုက်ကြရာ တကယ်ပင် မီးခိုးရောင်နှင့် အဖြူရောင်စပ်နေသော မှိုတစ်ပွင့်ကို မြင်တွေ့လိုက်ရလေသည်။

အားလုံးမှာ ချက်ချင်းပင် စိတ်ဝင်စားသွားကြတော့၏။

"လောင်ရွှီ... ခင်ဗျား ပန်းသီးကို ဘာတွေများ လုပ်လိုက်တာလဲ"

ထိုကွန်မန့်ကို မြင်လိုက်ရသောအခါ ရွှီယန်မှာ ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ပေ။

"မဟုတ်သေးဘူးလေ... ပန်းသီးပေါ် မှိုပေါက်တာက ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ"

"တကယ်ကြီး မှိုလား... ပေါက်လာတာလား"

"ဒါက တကယ်ကို ထူးဆန်းတာပဲ"

"နည်းနည်းတော့ လွန်လွန်းနေပြီ"

"တောင်ပေါ်က အရာတွေက တကယ်ကို ထူးဆန်းတာပဲ... သိပ္ပံနည်းကို မကျတာ"

ကွန်မန့်များမှာ ချက်ချင်းပင် စည်ကားလာတော့သည်။

မူလက သာမန်ကိစ္စလေးတစ်ခုသာ ဖြစ်သဖြင့် ရွှီယန်ကလည်း သိပ်အရေးမလုပ်ခဲ့ချေ။

ထိုအချိန်တွင် ကွန်မန့်တစ်ခုက အထူးတလည် စိတ်လှုပ်ရှားနေကြောင်း တွေ့လိုက်ရ၏။

"လိုက်ဖ်လွှင့်သူ... ဒီပန်းသီးက သုတေသနလုပ်ဖို့အတွက် အရမ်းတန်ဖိုးရှိတယ်... ကျွန်တော့်ကို ရောင်းပေးလို့ ရမလား... ကျွန်တော် နောက်နေတာ မဟုတ်ဘူးနော်"

သူက ကွန်မန့်များ ဆက်တိုက် ရေးသားနေသဖြင့် အထူးပင် သိသာထင်ရှားနေသည်။

ရွှီယန်က ဖုန်းကိုကိုင်ကာ ထိုကွန်မန့်ကို မြင်သောအခါ ၎င်း၏ ပရိုဖိုင်ထဲသို့ ဝင်ကြည့်လိုက်ရာ ဗီဒီယိုများနှင့် အတ္ထုပ္ပတ္တိအရ ထိုသူသည် ယူနန်ပြည်နယ် ခွန်းမင် သုတေသနဌာနမှ ပါရဂူဘွဲ့ ယူနေဆဲ ကျောင်းသားတစ်ဦးဖြစ်ကြောင်း သိလိုက်ရ၏။

"သုတေသနတန်ဖိုး ရှိတယ်ပေါ့... ရပါတယ်... ဘာပဲဖြစ်ဖြစ် ကျွန်တော်က လွှင့်ပစ်မလို့ပဲ ရည်ရွယ်ထားတာ"

"အဆိပ်များ ရှိနေမလားလို့တောင် စိုးရိမ်နေတာ"

ရွှီယန်က ပြန်လည် ဖြေကြားလိုက်သည်။

တစ်ဖက်လူမှာ ရွှီယန်ကို ဒူးထောက်ကန်တော့ချင်စိတ်ပင် ပေါက်သွားတော့၏။

မှိုများကို သုတေသနပြုနေသော သူ့အတွက်တော့ ဤအရာသည် အသက်ဝင်နေသော ရတနာတစ်ပါးပင် ဖြစ်ပေသည်။

မှိုဆိုသည့်အရာမှာ အလွန်ထူးဆန်းလှပြီး တောရိုင်းထဲတွင် မည်သည့်နေရာ၌မဆို ပေါက်ရောက်နိုင်သော်လည်း ဓာတ်ခွဲခန်းထဲတွင်တော့ လုံးဝ မပေါက်ရောက်ချေ။

တောရိုင်းထဲရှိ မှိုများက... 'ဒီနေရာမှာ အက်ကွဲကြောင်းလေး ရှိတယ်... ပေါက်လို့ရတယ်'

ဓာတ်ခွဲခန်းထဲရှိ မှိုများက... 'ဒီနေ့ အပူချိန် တစ်ဒီဂရီ တက်သွားတယ်... ဆက်မရှင်တော့ဘူး'

ထိုသို့ဖြင့် မှိုများကို သုတေသနပြုနေသော ကျောင်းသားများမှာ ရူးလုမတတ် ဖြစ်နေကြရသည်။

‘မင်းတို့ကို အကောင်းဆုံး မွေးမြူရေးဖန်ခွက်တွေထဲမှာ ထားပြီး ကောင်းကောင်းမွန်မွန် ကျွေးမွေးပြုစုထားတာတောင်... သေချင်တဲ့အချိန် ချက်ချင်း သေသွားကြတာပဲ’

ဘာလုပ်ရမှန်းကို မသိတော့ပေ။

ထို့နောက် လိုက်ဖ်ထဲတွင်လည်း မည်သည့်နေရာများ၌ မှိုပေါက်ဖူးသနည်း ဟူသည့် ဆွေးနွေးမှုများ စတင်လာတော့သည်။

ကြမ်းတိုက်တံပေါ်မှာ... အဝတ်အစားတွေပေါ်မှာ... တီဗီစင်ပေါ်မှာ... ဒိန်ချဉ်ထဲမှာ စသည်ဖြင့်ပေါ့။

အချို့ကလည်း အတွင်းခံဘောင်းဘီကို ရေစိမ်ထားပြီး နောက်နေ့မှ လျှော်မည်ဟု ရည်ရွယ်ထားခဲ့သော်လည်း ရက်အတော်ကြာမှ သတိရသဖြင့် သွားကြည့်သောအခါ အတွင်းခံဘောင်းဘီပေါ်တွင် မှိုများ အပြည့်ပေါက်နေပြီဖြစ်ကြောင်း ပြောဆိုကြသည်။

ပန်းသီးတစ်လုံးကြောင့် ဤမျှ စည်ကားသွားလိမ့်မည်ဟု ရွှီယန် ထင်မထားခဲ့ချေ။

သူက ရွှင့်ဖုန်း အမြန်ချောပို့ကို ခေါ်ကာ ခွန်းမင် မှိုသုတေသနဌာနမှ ထိုပါရဂူကျောင်းသားထံသို့ ပန်းသီးကို ပို့ဆောင်ပေးလိုက်သည်။

ပါရဂူကျောင်းသားက ရွှီယန်ထံသို့ သီးသန့် မက်ဆေ့ချ်ပို့ကာ ဆက်သွယ်လာပြီး အမြန်ချောပို့ခနှင့် ကျေးဇူးဆပ်ငွေများကို ကိုယ်တိုင် ပေးချေခဲ့သည့်အပြင် ရွှီယန်ကို အဆက်မပြတ် ကျေးဇူးတင်နေခဲ့၏။

ရွှီယန်ကမူ ဘာမျှမဖြစ်ပါဘူးဟုသာ ထင်မြင်မိပြီး လိုက်ဖ်ကြည့်နေသည့် ပရိသတ်တစ်ယောက် ဖြစ်နေသဖြင့် ပန်းသီးပေးလိုက်ရခြင်းမှာ ပြဿနာ မရှိလှပေ။

သိပ္ပံသုတေသနအတွက် အထောက်အကူ ဖြစ်စေသည်မှာလည်း ကောင်းသောကိစ္စပင် ဖြစ်သည်။

ထို့နောက် ရွှီယန်သည် ထိုင်ခုံပေါ်တွင် ထိုင်ကာ မြေခွေးပေါက်လေးများကို အစာကျွေးနေလိုက်၏။

မြေခွေးများ အစာစားသည့်ပုံစံမှာ အလွန်ချစ်စရာကောင်းပြီး ၎င်းတို့က နောက်သွားများဖြင့် ပန်းသီးကို ကိုက်စားကြရာ အလွန် အရသာရှိရှိ စားနေသည့် ခံစားချက်မျိုးကို ပေးစွမ်းသည်။

"ဒီကောင်လေးသုံးကောင် အစာစားတာကို ခဏလောက် လိုက်ဖ်လွှင့်ပြမယ်... စားပြတဲ့ အစီအစဉ်လေးပေါ့"

"ကျွန်တော့်ရဲ့ လယ်ယာခြံဝင်းထဲမှာ အလကား စားနေလို့တော့ မရဘူးလေ"

"အလုပ်လုပ်ရမယ်"

"အားလုံးပဲ သူတို့ကို ကြည့်နေကြလိုက်"

ရွှီယန်က ဒရုန်း၏ ကင်မရာကို မြေခွေးပေါက်လေးများထံသို့ သေချာ ချိန်ရွယ်ပေးလိုက်ပြီး ပြောလိုက်သည်။

ရွှီယန် ဤသို့ပြောသည်ကို ကြားသောအခါ အင်တာနက်သုံးစွဲသူများမှာ မပြုံးဘဲ မနေနိုင်ကြတော့ချေ။

"လောင်ရွှီ... ခင်ဗျားရဲ့ ဒီလုပ်ရပ်က ကလေးအလုပ်သမား ခိုင်းစေမှုထဲ အကျုံးဝင်တယ်နော်"

"ဟားဟား... တကယ့် မြေရှင်ကြီးရဲ့ လုပ်ရပ်မျိုးပဲ"

"မပြောနဲ့လေ... အတိတ်ခေတ်ကဆိုရင် သူက တကယ့် မြေရှင်ကြီး စစ်စစ်ပဲ"

"မြေရှင်ကြီးကို တိုက်ခိုက်ပြီး လယ်ယာမြေတွေကို ခွဲဝေကြဟေ့"

ရွှီယန်က မြေခွေးပေါက်လေးများကို ပန်းသီး ပေးလိုက်ပြီး ဖုန်းပေါ်ရှိ ကွန်မန့်များကို ကြည့်နေလိုက်သည်။

ဤအင်တာနက်သုံးစွဲသူများ၏ ကွန်မန့်များက တစ်ခါတစ်ရံတွင် အလွန် စိတ်ဝင်စားစရာ ကောင်းလှ၏။

အရည်အချင်းရှိသူများ အလွန်များပြားလှပေသည်။

"ကျွန်တော်က ဘယ်က မြေရှင်ကြီး ဖြစ်ရမှာလဲ... ဒီမြေတွေ အကုန်လုံးက ငှားထားတာတွေချည်းပဲ"

"အရင်ခေတ်က မြေရှင်ကြီးတွေရဲ့ မြေတွေဆိုတာ သူတို့ကိုယ်ပိုင်တွေလေ"

ရွှီယန်က ပြုံးရင်း ပြောလိုက်သည်။

"ဒါပေမဲ့ ပေတကျဟွမ်း ဘက်မှာတော့ တကယ့် မြေရှင်ကြီးတွေ ရှိတယ်... မြေယာတွေက ကိုယ်ပိုင်တွေလေ... နှစ်တိုင်း မြေငှားစားရုံနဲ့တင် ပိုက်ဆံအများကြီး ရတာ"

"ဒါပေမဲ့ အဲဒါတွေက သူတို့ ရသင့်ရထိုက်တာပါ... ပေတကျဟွမ်းကို စတင် ရှာဖွေဖော်ထုတ်ခဲ့တဲ့ လူတွေလေ... ဒုက္ခတွေ ဘယ်လောက်တောင် ခံခဲ့ရပြီးမှ ဒီမြေတွေကို ဖော်ထုတ်နိုင်ခဲ့လို့ မြေတွေ ခွဲဝေရရှိခဲ့တာ"

"နှောင်းလူတွေက ရှေးလူတွေရဲ့ ကျေးဇူးကို ခံစားနေကြရတာပေါ့"

"သေချာတာပေါ့... ကျွန်တော့်အိမ်မှာလည်း မြေရှိပါတယ်... ဒါပေမဲ့ သိပ်မများဘူး... အားလုံးကို ဗဟုသုတလေးတစ်ခု ပြောပြမယ်... အရှေ့မြောက်ဒေသက တောရွာတွေမှာ စကားစပ်ကြရင် ယေဘုယျအားဖြင့် ကားတွေ အိမ်တွေ အကြောင်း မမေးကြဘူး... ခင်ဗျားတို့အိမ်မှာ မြေဘယ်လောက်ရှိလဲ လို့ပဲ မေးကြတာ"

"မြေဆိုတာက ပိုင်ဆိုင်မှုကို ကိုယ်စားပြုတာလေ"

"တချို့လူတွေက လှည့်စားပြီး ပြောတတ်တယ်... သူတို့ကိုယ်တိုင် မြေဧကဆယ်ဂဏန်းလောက် စိုက်ထားတယ် ဆိုတာမျိုးပေါ့... အဲဒီလိုလူတွေက ချေးငွေယူပြီး မြေငှားစိုက်တာ များပါတယ်... သူတို့မှာ ကိုယ်ပိုင် လယ်ယာမြေ မရှိဘူး"

"ကိုယ်ပိုင်မြေရှိတဲ့ လူတွေကတော့ ငါ့မှာ မြေဘယ်လောက် ဘယ်လောက် ရှိတယ် လို့ပဲ တိုက်ရိုက် ပြောကြတာ"

ရွှီယန်က သူတို့ဒေသ၏ ဓလေ့စရိုက်များကို ပြောပြနေသည်။

အင်တာနက်သုံးစွဲသူများက ကြားသောအခါ အတော်လေး ဆန်းကြယ်သည်ဟု ထင်မှတ်သွားကြ၏။

"ဟင်"

"တိုက်ရိုက်ပဲ တစ်ဖက်လူမှာ မြေဘယ်လောက်ရှိလဲလို့ မေးကြတာလား"

"အရှေ့မြောက်ဒေသက ဒီလောက်တောင် ကြွယ်ဝတာလား"

နေရာအတော်များများတွင် မြေယာဟူသည့် အယူအဆပင် လုံးဝ မရှိကြချေ။

"မြေယာတွေ အကုန်လုံးက နိုင်ငံတော်ပိုင် မဟုတ်ဘူးလား... ပုဂ္ဂလိကပိုင်တွေ ရှိသေးလို့လား"

ကွန်မန့်များ စည်ကားလာပြီး လူအများအပြားမှာ သံသယ ဝင်နေကြသည်။

ရွှီယန်က ပြန်လည် ဖြေကြားလိုက်၏။

"စိုက်ပျိုးမွေးမြူရေး လုပ်တဲ့သူတွေမှာ မြေရှိတာ ပုံမှန်ပါပဲ... ဘေးက အတွင်းမွန်ဂိုလီးယား ဘက်မှာဆိုရင် တချို့ မွေးမြူရေးခြံပိုင်ရှင်တွေက တစ်ယောက်တည်းကိုတင် မြက်ခင်းပြင် ဧက သောင်းဂဏန်းလောက် ပိုင်ကြတာ... နှစ်တိုင်း မြက်ရောင်းရုံနဲ့တင် ယွမ် သိန်းဂဏန်းလောက် ရတယ်လေ"

"ဒီလိုမျိုးက ရှိရင်လည်း ရှိတာပါပဲ... အားကျနေလို့လည်း မရဘူး"

"ကျင်းတိုတို့ ကွမ်ကျိုးတို့လို နေရာတွေက အိမ်ရှင်တွေလိုမျိုးပေါ့... အိပ်နေရင်းနဲ့ကို ပိုက်ဆံရနေတာ"

သူက နောက်ဆုံးကျန်နေသော ပန်းသီးလေးကို မြေခွေးပေါက်လေးအား ခွံ့ကျွေးလိုက်ပြီး မတ်တတ်ရပ်ကာ မိမိ၏ လယ်ယာခြံဝင်းကို ကြည့်လိုက်သည်။

သူ၏ လယ်ယာခြံဝင်းမှာ မကြီးမားလှသော်လည်း ငှားရမ်းခ သက်သာသည့် အားသာချက် ရှိပေသည်။

ဤဒေသတွင် မြေမရှားပါးချေ။ မည်သူမဆို မြေငှားပြီး လယ်ယာခြံဝင်း ဖွင့်လိုပါက နေရာတိုင်းတွင် ရှိနေသည်။

ရွှီယန်က ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်ရာ မူလက လယ်ယာခြံဝင်း၏ တိုးတက်မှုကို ကြည့်ရှုလိုခြင်းသာ ဖြစ်သည်။

သူ၏ အမြင်အာရုံက အလွန်ကောင်းမွန်ပြီး လှုပ်ရှားနေသော အရာဝတ္ထုများကို အမြဲတမ်း လျင်မြန်စွာ ဖမ်းယူသိရှိနိုင်ရာ ဤသည်မှာလည်း တောင်ပေါ်တက်ရန်အတွက် အာမခံချက်တစ်ခုပင် ဖြစ်၏။

ထိုသို့ ကြည့်လိုက်စဉ်မှာပင် ရွှီယန်သည် လက်ဖဝါးအရွယ်ခန့်ရှိသော မီးခိုးရောင် ကြွက်လေးတစ်ကောင်ကို မြင်လိုက်ရသည်။

မြောက်ပိုင်းရှိ ကြွက်များမှာ အတော်လေး သေးငယ်ကြပေသည်။

အနည်းငယ်ပင် ချစ်စရာ ကောင်းနေသေး၏။

တောင်ပိုင်းရှိ ကြွက်များကမူ တကယ်ကို မည်းနက်ပြီး ကြီးမားလှရာ တစ်ခါတစ်ရံ ကြွက်ကြီးတစ်ကောင် လမ်းဖြတ်ကူးသည်ကို မြင်လိုက်ရပါက ကြောင်နက်ကြီး တစ်ကောင်နှင့်ပင် တူနေတတ်သည်။

သို့မဟုတ်ပါကလည်း ကြောင်နက်ရဲအုပ်ကြီး ကာတွန်းကားထဲတွင် နားရွက်တစ်ဖက်ပြတ် ကြွက်က ဒဏ်ရာရပြီးနောက် တောင်ပိုင်းမှ ဆွေမျိုးများကို သွားရောက်ခေါ်ယူကာ လက်စားချေခိုင်းမည် မဟုတ်ပေ။

၎င်း၏ ဆွေမျိုးများတွင် တကယ်ပင် ထိုသို့သော စွမ်းရည်မျိုး ရှိနေပေသည်။

"အားလုံးပဲ ဟိုမှာ ကြည့်လိုက်... ကြွက်ပေါက်လေး တစ်ကောင် ရှိတယ်"

"ကြွက်ဆိုတဲ့ အရာကတော့ ရှောင်လွှဲလို့ မရပါဘူး... မြောက်ဝန်ရိုးစွန်းမှာ ငါးမျှားရင်တောင် တွင်းထဲကနေ ကြွက်တွေ ထွက်လာတာကို တွေ့ရသေးတာပဲ... တောင်ပေါ်မှာဆိုရင်တော့ ပိုတောင် များသေး"

"ကျွန်တော်တို့ဘက်က ရာသီဥတုက အေးတာမြန်တော့ ကြွက်တွေက သိပ်မကြီးနိုင်ဘူး... အဲဒီအကောင်လေးကို ကြည့်လိုက်... တော်တော်လေး ချစ်စရာ ကောင်းတယ်မလား"

ရွှီယန်က ဒရုန်းကို ထိန်းချုပ်ကာ ကင်မရာကို အဝေးသို့ ချိန်ရွယ်လိုက်သည်။

ကြွက်ငယ်လေး တစ်ကောင်က တွင်းထဲမှနေ၍ အလွန်သေးငယ်သော ခေါင်းလေးကို ထုတ်ကာ အပြင်ဘက်ကို သတိကြီးစွာဖြင့် အကဲခတ်နေသည်ကို မြင်တွေ့လိုက်ရ၏။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ တောင်ပိုင်းမှ အင်တာနက်သုံးစွဲသူများမှာ ချက်ချင်းပင် အံ့သြသွားကြတော့သည်။

"ဟာ... ဒါက မြောက်ပိုင်းက ကြွက်လား... ဒီလောက် သေးသေးလေးလား"

"ငါတို့ဘက်က ကြွက်တွေက ကြီးလည်း ကြီးတယ်... ညစ်လည်း ညစ်ပတ်တာ... ယှဉ်လို့ကို မရဘူး"

"ဘာလို့ ရွံစရာကောင်းတဲ့ တိရစ္ဆာန်တွေ အကုန်လုံးက တောင်ပိုင်းမှာ ကြီးပြီး မြောက်ပိုင်းမှာ သေးနေရတာလဲ... မတရားဘူးကွာ"

"တကယ်ပဲ... ကျွန်တော်က မြောက်ပိုင်းသားပါ... ကွမ်ကျိုးကို ပထမဆုံးအကြိမ် အလုပ်ကိစ္စနဲ့ သွားတုန်းက အဲဒီ ဧရာမ ပိုးဟပ်ကြီးက အတောင်ပံ ဖြန့်လိုက်တဲ့အချိန်မှာ ကျွန်တော် တစ်ညလုံး မအိပ်ရဲတော့ဘူး"

လူအများအပြားက ဤကြွက်လေးမှာ ချစ်စရာကောင်းကြောင်း ပြောဆိုနေကြသည်။

ထိုအချိန်တွင် ရွှီယန်၏ တည်ငြိမ်သော အသံက လိုက်ဖ်ထဲမှ ထွက်ပေါ်လာသည်ကို အားလုံး ကြားလိုက်ရ၏။

"ကြွက်ပေါက်လေး ချစ်စရာကောင်းတယ် မလား... ခဏနေရင်တော့ သေလောက်အောင် ချစ်စရာကောင်းသွားတော့မှာ"

ရွှီယန်က မြေခွေးပေါက်လေးကို ပွေ့ချီကာ ရှေ့သို့ လက်ညှိုးထိုးပြလိုက်သည်။

"မင်းတို့ သုံးကောင်... ဟိုမှာ ကြည့်လိုက်... ဟိုမှာ"

သူက မြေခွေးပေါက်လေးများကို ဦးတည်ရာ ပြပေးလိုက်သည်။

အကောင်ပေါက်လေး သုံးကောင်သည် ရွှီယန်၏ အဓိပ္ပာယ်ကို နားလည်သွားကြပြီး မကြာမီမှာပင် ခေါင်းပြူထွက်နေသော ကြွက်ငယ်လေးကို မြင်တွေ့သွားကြတော့၏။

၎င်းတို့အထဲမှ မြေခွေးပေါက်လေး တစ်ကောင်က ချက်ချင်းပင် ပြေးထွက်သွားလေသည်။

မြေခွေးများ၏ အစားအစာ စာရင်းတွင် ကြွက်မှာ ပထမနေရာ၌ ရှိသင့်ပေသည်။

ဆောင်းရာသီတွင် မြေခွေးများသည် ဆီးနှင်းလွှာအောက်ရှိ ကြွက်ငယ်လေးများကို သီးသန့် ဖမ်းယူလေ့ရှိပြီး ဖမ်းလိုက်တိုင်း တစ်ကောင်မှ မလွတ်တတ်ချေ။

အင်တာနက်သုံးစွဲသူများက ရွှီယန်၏ စကားကို ကြားသောအခါ အနည်းငယ် ကြောင်အသွားကြသည်။

"ခဏနေရင် သေလောက်အောင် ချစ်စရာကောင်းသွားတော့မှာ... ဟုတ်လား"

"ဒါမှမဟုတ်..."

အားလုံးမှာ သံသယဖြစ်နေဆဲမှာပင် မြေခွေးက မြေတွင်းဆီသို့ အမြန်ပြေးသွားသည်ကို မြင်လိုက်ရ၏။

ကြွက်ငယ်လေးက အခြေအနေ မဟန်မှန်း သိလိုက်သဖြင့် ခေါင်းပြန်သွင်းကာ ပြေးရန် ပြင်သော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

မြေခွေးပေါက်လေးက မြေတွင်းထဲသို့ ခေါင်းစိုက်ဝင်သွားပြီး ကိုယ်တစ်ပိုင်းလုံး ဝင်သွားကာ နောက်ခြေနှစ်ဖက်မှာ ဖြောင့်တန်းနေပြီး အလွန်အားစိုက်နေကြောင်း သိသာလှပေသည်။

ခဏအကြာတွင် ၎င်းက အပေါ်ပိုင်းကို ပြန်ထုတ်လာရာ ပါးစပ်ထဲ၌ ကြွက်ငယ်လေး တစ်ကောင်ကို ကိုက်ချီထားပြီ ဖြစ်၏။

ကွန်မန့်များ ချက်ချင်းပင် ကျဆင်းလာတော့သည်။

"ငါ့ရဲ့ ဂျယ်ရီလေး... ဟင့်အင်း... ငါ့ရဲ့ ဂျယ်ရီလေးကို လွှတ်ပေးလိုက်ပါ"

"ဘယ်သူက ဂျယ်ရီကို လိုချင်လို့လဲ... ခင်ဗျားအိမ်မှာ ဂျယ်ရီကောင် ၁၀၀ လောက် ထားပေးလိုက်ရမလား... ခင်ဗျား လိုချင်သေးလားလို့ ကြည့်ရသေးတာပေါ့"

"ဟားဟား... ကြွက်ချစ်သူများက ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်... ဒါပေမဲ့ ကြွက်ကို ကျွန်တော့်ဆီ လာပေးမယ်ဆိုရင်တော့ ဘာမှမပြောတော့ဘူးလို့ မှတ်လိုက်ပါ"

"မြေခွေးပေါက်လေးက တော်တော် အသိအမှတ်ပြုတတ်တာပဲ... ပန်းသီးကို အလကား မစားရဘူးဆိုတာ သိနေတယ်"

"ခင်ဗျားဆီက ပန်းသီးတစ်လုံး စားထားလို့ ကြွက်တစ်ကောင် ဖမ်းပေးတာလေ... ပန်းသီးဆယ်လုံး စားထားရင် ကြွက်ဆယ်ကောင် ဖမ်းပေးမှာပေါ့"

လေထုမှာ ချက်ချင်းပင် ပျော်ရွှင်ဖွယ် ဖြစ်သွားတော့၏။

ရွှီယန်က ရယ်မောလိုက်သည်။ တောရွာလေးတွင် တိရစ္ဆာန်များ များပြားသဖြင့် ဤကဲ့သို့သော ကိစ္စများမှာ အလွန် ပုံမှန်ပင် ဖြစ်သည်။

ယေဘုယျအားဖြင့် ကြောင်များကသာ ကြွက်ဖမ်းလေ့ရှိသော်လည်း တစ်ခါတစ်ရံတွင် မြေခွေးများကလည်း ကိုယ်စား လုပ်ပေးနိုင်ပေသည်။

ဤမြေခွေး သုံးကောင်မှာ ဉာဏ်ကောင်းပြီး လူများနှင့် ရင်းနှီးလွယ်ကြသည်။ ၎င်းတို့ကို အစာကျွေးပြီးနောက် သတ္တိလည်း ပိုကောင်းလာကာ နေ့တိုင်း လာရောက်တတ်ကြ၏။

အလားတူ အခြေအနေမျိုး ဖြစ်ဖူးသည်။ လယ်ယာခြံဝင်းပိုင်ရှင် တစ်ယောက်က မြေခွေးပေါက်လေး တစ်ကောင်ကို အစာကျွေးခဲ့ရာ နောက်တစ်နေ့တွင် ခြံဝင်းထဲ၌ မြေခွေး အကောင်များစွာ ရောက်လာခဲ့ပြီး နောက်ပိုင်းတွင် မြေခွေးများက ခြံဝင်းထဲ၌ပင် သားပေါက်ကြရာ မြေခွေးပေါက်လေးများမှာလည်း လူများနှင့် အလွန် ရင်းနှီးကြလေသည်။

ဤအကောင်များက ကိုယ့်အတွက်ကိုယ် နေရာရှာတတ်ကြပေသည်။

"လုပ်တာ မဆိုးဘူးပဲ... မင်းဘာသာ စားလိုက်တော့... ဒီဘက် ယူမလာနဲ့နော်"

ရွှီယန်က မြေခွေးပေါက်လေး အနားလာချင်နေသည်ကို မြင်သောအခါ အမြန် လက်ကာပြလိုက်၏။

မြေခွေးပေါက်လေးက ထပ်မံ နားလည်သွားပြန်ပြီး လှည့်၍ ပြေးထွက်သွားသည်။

အခြား မြေခွေးပေါက်လေး နှစ်ကောင်ကလည်း အမြန်လိုက်သွားကာ ၎င်းနှင့်အတူ အဝေးသို့ ပြေးသွားကြတော့၏။

ရွှီယန်ကမူ အားနေသဖြင့် အားလုံးကို ဖန်လုံအိမ် တည်ဆောက်ရေး အခြေအနေများ လိုက်လံ ပြသနေလိုက်သည်။

ထို့အပြင် နောက်ထပ် နှစ်ရက်ကြာလျှင် တောင်ပေါ်တက်၍ လိုက်ဖ်လွှင့်မည်ဖြစ်ကြောင်းနှင့် တောနက်ကြီးထဲပင် ဖြစ်ကြောင်း ကြိုတင် ကြေညာလိုက်သေး၏။

အင်တာနက်သုံးစွဲသူများကမူ ဤကိစ္စအပေါ် အလွန် မျှော်လင့်နေကြလေတော့သည်။

All Chapters