အခန်း ၉၁
Vol. 10 Ch. 91
အခန်း (၉၁) တောဝက်နဲ့ သစ်ပင်ကို ပတ်ပြေးမယ်... နောက်ကြောမှာ ဓားကိုလွယ်
ချစ်စရာကောင်းသော ကျားသစ်ပေါက်လေးက သူနှင့် အပြန်အလှန် တုံ့ပြန်ရသည်ကို သဘောကျကြောင်း ရွှီယန် သတိထားမိလိုက်သည်။
"ရှောင်ဟွာ"
"မြောင်ဝူး"
"ရှောင်ဟွာ"
"မြောင်ဝူး"
လူတစ်ယောက်နှင့် ကျားသစ်တစ်ကောင်က မြက်ခင်းပြင်ပေါ်တွင် လမ်းလျှောက်နေကြပြီး ရွှီယန်က တစ်ခွန်းခေါ်လိုက်တိုင်း ကျားသစ်ပေါက်လေးက တစ်ခွန်း ပြန်ထူးလေသည်။
သူက ရွှီယန် ခေါ်နေမှန်းသိသဖြင့် အလွန်ပျော်ရွှင်နေ၏။
အင်တာနက်သုံးစွဲသူများက ဤမြင်ကွင်းကို ကြည့်ပြီး အလိုလို ပြုံးမိသွားကြသည်။
"ဒီကျားသစ်ပေါက်လေးက အရမ်းချစ်စရာကောင်းတာပဲ"
"လိုက်ဖ်လွှင့်သူ... သူ့ကို ကောင်းကောင်း ဆက်ဆံနော်... ဒီအကောင်လေးက သေချာပေါက် မင်းရဲ့ လူကြိုက်များမှု သော့ချက်လေးပဲ"
"ဟားဟား... ရှောင်ဟွာလေးတော့ နာမည်ကြီးတော့မှာပဲ"
"ငါ့နှလုံးသားလေးတောင် အရည်ပျော်သွားပြီ"
ရွှီယန်မှာ တကယ်ကို ဤကျားသစ်ပေါက်လေးကို သဘောကျနေမိ၏။ နို့နံ့မစင်သေးသည့် အရွယ်လေးဖြစ်ပြီး ချစ်စရာ ကောင်းလွန်းလှသည်။
ယခုအချိန်သည် အကောင်ပေါက်လေးများ၏ ငယ်ရွယ်စဉ်ကာလ ဖြစ်ရာ သေချာ ဂရုစိုက် ပျိုးထောင်ပေးရမည် ဖြစ်သည်။ ထို့မှသာ ကြီးလာသောအခါ အကျင့်စရိုက် ကောင်းမွန်မည် ဖြစ်၏။
ခြေလှမ်းအနည်းငယ်ခန့် လျှောက်လိုက်သောအခါ ခြေထောက်နားတွင် ဒန်းဒီလီယွန် ပန်းပွင့်အချို့ ပေါက်ရောက်နေသည်ကို ရွှီယန် သတိထားမိလိုက်သည်။
ထူးခြားသည်မှာ အရှေ့မြောက်ဒေသရှိ ဒန်းဒီလီယွန်များမှာ ကမ္ဘာပေါ်တွင် အကြီးမားဆုံး ဒန်းဒီလီယွန်များ ဖြစ်ကြသည်။
ရွှီယန်သည် ဤအချက်ကို သတိမထားမိသေးဘဲ ဆောင့်ကြောင့်ထိုင်ကာ တစ်ပွင့်ကို ခူးယူလိုက်သည်။ ဤသည်မှာလည်း ဒန်းဒီလီယွန်များ မျိုးပွားရန် ကူညီပေးခြင်း တစ်မျိုးပင် ဖြစ်၏။
"ဒီမှာ ဒန်းဒီလီယွန် တစ်ပွင့်ရှိတယ်"
"ကျွန်တော်တို့ဘက်မှာ တတိယလနဲ့ စတုတ္ထလတွေဆိုရင် ဒန်းဒီလီယွန်တွေ အရမ်းများတယ်... တချို့လူတွေဆိုရင် သီးသန့် ခူးပြီးတောင် စားကြသေးတယ်... အရသာ မဆိုးဘူး... ဒါပေမဲ့ ကျွန်တော်ကတော့ သိပ်မကြိုက်ဘူး"
"ဒီရာသီမှာလည်း ရှိနေတာပဲ"
ရွှီယန်က ဒန်းဒီလီယွန်ကို မြှောက်ကိုင်ထားရင်း အင်တာနက်သုံးစွဲသူများကို ပြောလိုက်သည်။
သူ့လက်ထဲမှ လက်သီးဆုပ်ခန့်ရှိသော ဒန်းဒီလီယွန်ကြီးကို မြင်လိုက်ရသောအခါ အင်တာနက်သုံးစွဲသူများမှာ အံ့သြမှင်သက် သွားကြတော့၏။
'မင်းက အဲဒါကို ဒန်းဒီလီယွန်လို့ ခေါ်တာလား... ဒါဆိုရင် ငါတို့ဘက်က ဟာတွေက ဘာတွေလဲ'
"ဟာ... ဒါက ဒန်းဒီလီယွန်လား... အရှေ့မြောက်ဒေသမှာ ဝိညာဉ်စွမ်းအင်တွေ ပြန်လည်နိုးထလာတာလား"
"လခွမ်း... ရုတ်တရက်ကြီး ဒီလောက်ကြီးတဲ့ အရာကြီးကို မြှောက်ပြလိုက်တော့ ငါတောင် ကြောင်သွားတယ်... ဒါဘာကြီးလဲ"
"မဟုတ်သေးပါဘူး... ငါတို့ဘက်က ဒန်းဒီလီယွန်တွေက သေးသေးလေးတွေပါ... ကြည့်ရတာ ပျော့ဖတ်ဖတ်လေးတွေ... ဘာလို့ မင်းတို့ဘက်က ဟာတွေက ဒီလောက် ကြီးနေရတာလဲ"
"အဲဒီဘက်က ဒန်းဒီလီယွန်တွေ အကုန်လုံးက ဒီလောက် ကြီးတာလား"
ဒန်းဒီလီယွန် တစ်ပွင့်က လူအများ၏ အံ့သြမှုကို ဤမျှအထိ ဆွဲဆောင်နိုင်လိမ့်မည်ဟု ရွှီယန် ထင်မထားခဲ့ပေ။
သူက နောက်ထပ်တစ်ပွင့်ကို ထပ်ခူးလိုက်ပြီး ဧရာမ ဒန်းဒီလီယွန်ကြီး နှစ်ပွင့်လုံးကို မြှောက်ကိုင်ကာ မေးလိုက်သည်။
"ဒန်းဒီလီယွန်ဆိုတာ ဒီပုံစံမျိုးချည်းပဲ မဟုတ်ဘူးလား... ခင်ဗျားတို့ပြောတာက မကြီးသေးတဲ့ အပွင့်တွေကို ပြောတာ နေမှာပါ"
"သေချာပေါက် ပြဿနာရှိတယ်"
"ကြီးလာရင်လည်း ပင်ပေါင်ဘောလုံး အရွယ်လောက်ပဲ ရှိတာလေ... အခုဟာက လက်သီးဆုပ်လောက်တောင် ဖြစ်နေပြီ"
ရွှီယန်က ဒန်းဒီလီယွန်ကို လက်ထဲတွင်ကိုင်ကာ အနည်းငယ် လှုပ်ယမ်းလိုက်ရာ ဒန်းဒီလီယွန် မျိုးစေ့များက အဆက်မပြတ် ကြွေကျလာပြီး မြက်ခင်းပြင်ဆီသို့ လွင့်မျောသွားကြသည်။
ကျားသစ်ပေါက်လေးက မြင်သောအခါ ချက်ချင်းပင် ထိုမျိုးစေ့များကို လိုက်လံဖမ်းဆီးရာ နှာခေါင်းထဲသို့ ဝင်သွားသဖြင့် နှာနှစ်ချေတောင် ဆက်တိုက် ချေလိုက်ရမှ ပုံမှန် ပြန်ဖြစ်သွားတော့၏။
ထိုပုံစံမှာ ကြည့်ရသည်မှာ အနည်းငယ် တုံးအအဖြစ်နေဆဲပင်။
"ဒီဘက်က ဒန်းဒီလီယွန်တွေက တကယ်ပဲ ကြီးတယ်... မျိုးစိတ် ပြဿနာကြောင့် ဖြစ်နိုင်တယ်... ဘာပဲဖြစ်ဖြစ် ရေမြေ မတူရင် ပေါက်လာတဲ့ အပင်တွေလည်း ကွာခြားမှာပဲလေ"
ရွှီယန်က ကျားသစ်ပေါက်လေးကို ခေါ်ကာ ခရီးဆက်လိုက်သည်။
လေထုမှာ မူလက ပေါ့ပေါ့ပါးပါးနှင့် ပျော်ရွှင်ဖွယ်ကောင်းနေ၏။
ကျားသစ်ပေါက်လေး တစ်ကောင်ကို ခေါ်ဆောင်ကာ တောင်ပေါ်တွင် ပစ္စည်းများ ရှာဖွေရသည်မှာ အတော်လေး ဆန်းကြယ်သော ခံစားချက်ကို ပေးစွမ်းသည်။
သို့သော် ထိုအချိန်မှာပင် ရွှီယန်သည် အေးစိမ့်သော ခံစားချက်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရပြီး သူ၏ ခန္ဓာကိုယ်က အလိုအလျောက် သတိပေးချက်များ ပေးလာတော့သည်။
သူက ချက်ချင်းပင် လှည့်ကြည့်လိုက်ရာ ဘေးဘက်တွင် ကလေး ငါးကောင် ခြောက်ကောင်ခန့်ကို ခေါ်ဆောင်လာသည့် တောဝက်ကြီး တစ်ကောင် ပေါ်လာသည်ကို မြင်လိုက်ရ၏။
ထိုတောဝက်ကြီး၏ အကြည့်များက ကျားသစ်ပေါက်လေးထံသို့ စူးစိုက်ကျရောက်နေသည်။
ရွှီယန် တုံ့ပြန်ချိန်ပင် မရလိုက်မီ ၎င်းက ကျားသစ်ပေါက်လေးဆီသို့ တိုက်ရိုက် ပြေးဝင်လာတော့၏။
"လခွမ်း"
ရွှီယန်၏ တုံ့ပြန်မှုက အလွန် မြန်ဆန်လှသည်။
သူက ကျားသစ်ပေါက်လေး၏ ခါးမှနေ၍ ပွေ့ချီကာ ချက်ချင်းပင် ထွက်ပြေးပါတော့သည်။
ထိုအချိန်မှာပင် ပတ်ဝန်းကျင်ကို အမြန်အကဲခတ်ကာ တက်ရလွယ်ကူမည့် သစ်ပင်များကို ရှာဖွေလိုက်၏။
ကံမကောင်းသည်မှာ ဤဘက်ရှိ သစ်ပင်များ အားလုံးက အလွန် ဖြောင့်မတ်နေပြီး အလွန်လည်း မြင့်မားကြသည်။
သူ့အတွက် သစ်ပင်တက်ရန် ပြဿနာ မရှိသော်လည်း အဓိက ပြဿနာမှာ အကောင်ပေါက်လေးအတွက် တက်ရခက်ခဲနေခြင်းပင်။
သူက လက်တစ်ဖက်ဖြင့် ကျားသစ်ပေါက်လေးကို ပွေ့ချီကာ အပေါ်သို့ တက်သွားမည် ဆိုလျှင်ပင် နင်းစရာ နေရာမရှိသဖြင့် အချိန်မရွေး ပြန်ပြုတ်ကျလာနိုင်ပေသည်။
ထို့ကြောင့် ရွှီယန်က အလွန် ပါးနပ်သော ရွေးချယ်မှုတစ်ခုကို ပြုလုပ်လိုက်သည်။ သူသည် အလွန်တုတ်ခိုင်သော သစ်ပင်ကြီးတစ်ပင်ကို ရှာတွေ့သွားပြီး ထိုသစ်ပင်ကို ပတ်၍ ပြေးလေတော့၏။
ဒရုန်းကလည်း တောဝက်၏ လှုပ်ရှားမှုကို ချက်ချင်း ဖမ်းယူနိုင်ခဲ့သည်။
တိုက်ခိုက်လာသော တောဝက်ကြီးပင်တည်း။
အင်တာနက်သုံးစွဲသူများမှာ ခုနကတင် ရယ်ရယ်မောမောဖြင့် စကားပြောနေကြရာမှ တောဝက်ကို မြင်လိုက်ရသောအခါ အားလုံးပင် ကြောင်အသွားကြတော့သည်။
'မဟုတ်သေးဘူး... ဘာဖြစ်သွားတာလဲ'
'ဘယ်က တောဝက်လဲ'
'ရုတ်တရက်ကြီး ဘာလို့ အခြေအနေက တင်းမာသွားတာလဲ'
"တောဝက်... ဟိုက်... တောဝက်ကြီး"
"သေပြီ... တကယ်ပဲ တောင်ပေါ်က အန္တရာယ်များတာပဲ"
"ကျားသစ်ပေါက်လေးဆီကို ပြေးလာနေတာ ထင်တယ်"
"အရွယ်ရောက်ပြီးသား တိရစ္ဆာန်တွေက သူတို့ရဲ့ ရန်သူတွေရဲ့ ကလေးတွေကို ကြိုတင်ပြီး သတ်ဖြတ်တတ်ကြတယ်... ဒါကလည်း သဘာဝပဲ"
"အစ်ကိုယန်... မြန်မြန်ပြေး"
ကွန်မန့်များမှာ ပြည့်နှက်သွားတော့သည်။
ထိုအချိန်တွင် လူအများအပြားမှာ အင်တာနက်ပေါ်၌ ပေါ့ပေါ့ပါးပါးဖြင့် ဗီဒီယိုတိုများ ကြည့်ရှုကာ အပျင်းဖြေနေကြခြင်း ဖြစ်သည်။
မူလက သက်သောင့်သက်သာ လှဲလျောင်းနေကြရာမှ ရွှီယန်၏ လိုက်ဖ်ထဲသို့ ရောက်သွားသောအခါ လိုက်ဖ်မြင်ကွင်းကို မြင်လိုက်ရပြီးနောက် သူတို့အားလုံး အံ့သြသွားကြကာ ခန္ဓာကိုယ်ကို အလိုအလျောက် မတ်မတ်ထိုင်လိုက်မိကြ၏။
'အခုခေတ် လိုက်ဖ်လွှင့်တာတွေက... ဒီလောက်တောင် ယှဉ်ပြိုင်မှု ပြင်းထန်နေပြီလား'
'ဒီလောက်တောင် စိတ်လှုပ်ရှားစရာ ကောင်းအောင် လုပ်ပြနေကြပြီလား'
လူတိုင်းက ဝင်ရောက် ကြည့်ရှုကြလေသည်။
ရွှီယန်၏ လိုက်ဖ် လူကြိုက်များမှုကလည်း အလွန် လျင်မြန်စွာ မြင့်တက်လာတော့၏။
ထိုအချိန်တွင် ရွှီယန်၏ အာရုံစိုက်မှုကလည်း အလွန် မြင့်မားနေသည်။
သူသည် ကျားသစ်ပေါက်လေးကို ပွေ့ချီကာ ခြေထောက်နှစ်ဖက်ကို ကားထားပြီး သစ်ပင်ကြီး၏ နောက်ကွယ်တွင် ရပ်နေကာ တောဝက်ကို ရှောင်တိမ်းနေ၏။
တောဝက်က ဘယ်ဘက်မှ လာလျှင် သူက ညာဘက်သို့ သွားသည်။
တောဝက်က ညာဘက်မှ လာလျှင် သူက ဘယ်ဘက်သို့ သွားသည်။
ထိုသို့ဖြင့်ပင် မိနစ်အတော်ကြာအောင် အကြိတ်အနယ် ယှဉ်ပြိုင်နေရတော့သည်။
အစပိုင်းတွင် လိုက်ဖ်ကြည့်နေသည့် ပရိသတ်များ၏ မျက်လုံးများထဲတွင် ကြောက်လန့်မှုနှင့် စိုးရိမ်ပူပန်မှုများ ရှိနေခဲ့ကြ၏။
အချိန်အနည်းငယ်ကြာ ကြည့်ရှုပြီးသောအခါ ကြောက်လန့်မှုများက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး မြင်ကွင်းက အလွန် ရယ်စရာ ကောင်းနေသဖြင့် အားလုံး၏ နှုတ်ခမ်းထောင့်များတွင် အပြုံးများ ပေါ်လာကြတော့သည်။
နောက်ပိုင်းတွင်မူ လုံးဝ အောင့်မထားနိုင်တော့ဘဲ ဟားတိုက် ရယ်မောကြပါတော့သည်။
"နောက်ကျောမှာ ဓားကိုလွယ်... နောက်ကျောမှာ ဓားကိုလွယ်"
"ဟားဟားဟား... ဂျင်းခယ် က ချင်ဘုရင်ကို လုပ်ကြံတဲ့ ဇာတ်ဝင်ခန်းကို အပြည့်အဝ ပြန်လည် ပုံဖော်ထားတာပဲ"
"မင်းကို တောထဲမှာ သွားရှာခိုင်းတာ... အခုတော့ တောဝက်ရဲ့ လိုက်ဖမ်းတာ ခံရပြီ မဟုတ်လား"
"အစောပိုင်းခေတ် တောဝက်တွေက လူတွေကို ယဉ်ပါးအောင် လုပ်ခဲ့တဲ့ တန်ဖိုးရှိ ဗီဒီယိုပါပဲ"
အင်တာနက်သုံးစွဲသူများက အမြဲတမ်း ဤသို့ပင် ဖြစ်သည်။ အကယ်၍ အခြေအနေက တကယ် အန္တရာယ်ရှိနေပါက အားလုံးက ရွှီယန်အတွက် စိုးရိမ်ပူပန်ပေးကြလိမ့်မည် ဖြစ်၏။
သို့သော် ရွှီယန်က အခြေအနေကို ကောင်းစွာ ထိန်းချုပ်ထားနိုင်ပုံရသည်ကို တွေ့လိုက်ရသောအခါ မျိုးစုံသော နောက်ပြောင်သည့် ကွန်မန့်များ ထွက်ပေါ်လာတော့သည်။
ချက်ချင်းပင် လိုက်ဖ်ထဲတွင် လူကြိုက်များမှုက အလွန် မြင့်တက်သွားတော့၏။
ကြည့်ရှုသူ အရေအတွက်ကလည်း ကြောက်ခမန်းလိမ့်မန်း တိုးလာခဲ့သည်။
တစ်သောင်း... နှစ်သောင်း... သုံးသောင်း... နောက်ဆုံး ငါးသောင်းကျော်အထိ တည်ငြိမ်သွားခဲ့သည်။
ရွှီယန်နှင့် တောဝက်တို့ သစ်ပင်ကို ပတ်ပြေးနေသည့် ဗီဒီယိုကို ဤမျှများပြားသော လူများက ဝိုင်းဝန်းကြည့်ရှုနေကြသည်ကို ရွှီယန် ကိုယ်တိုင်တောင် သတိမထားမိသေးချေ။
ယခုအချိန်တွင် ရွှီယန်၌လည်း တခြား ကောင်းမွန်သော နည်းလမ်း မရှိသဖြင့် တောဝက်နှင့်အတူ သစ်ပင်ကိုသာ ပတ်ပြေးနေရသည်။
ဤတောဝက်ကြီး စိတ်အေးသွားပါက ထွက်ခွာသွားလိမ့်မည် ဖြစ်၏။
အဓိကမှာ ကျားသစ်ပေါက်လေး ရှိနေသဖြင့် ရွှီယန်အတွက် အလုပ်လုပ်ရန် အဆင်မပြေခြင်း ဖြစ်သည်။ သို့မဟုတ်ပါက တုတ်တစ်ချောင်းဖြင့် တောဝက်နှင့် ရင်ဆိုင်တိုက်ခိုက်ရန် ပြဿနာ မရှိလှပေ။
ကျားသစ်ပေါက်လေးကမူ ဆော့ကစားနေသည်ဟု ထင်မှတ်ကာ ရွှီယန်၏ ရင်ခွင်ထဲတွင် အလွန် ပျော်ရွှင်နေ၏။
မျက်နှာတစ်ခုလုံးတွင် အပြုံးများ ပြည့်နှက်နေသည်။
တောဝက်ကမူ အီးအီးအာအာ အော်မြည်နေပြီး ကျားသစ်ပေါက်လေးကို ဆက်လက် တိုက်ခိုက်ရန် ကြိုးစားနေဆဲ ဖြစ်သည်။
သို့သော် ရွှီယန်က အလွန် သွက်လက်လှပြီး ၎င်းနှင့် အမြဲတမ်း သစ်ပင်တစ်ပင် ခြားထားကာ တောဝက်ကို လုံးဝ အထိမခံချေ။
"အစ်ကိုယန်... ခင်ဗျား သွားချလေဗျာ... လက်ဝှေ့ထိုးတာတောင် ဒိုင်လူကြီး အနောက်မှာ ပုန်းနေလို့ မရဘူးနော်"
"ဟားဟား... ကြည့်လေ ရယ်ရလေပဲ... ဆောရီးနော်"
"ခုနကတော့ ကျွန်တော့်ကို လန့်သေတော့မလို့... ဘယ်သူကများ ဒီလောက် ရယ်ရလိမ့်မယ်လို့ ထင်မှာလဲ"
"လိုက်ဖ်လွှင့်သူက အမြဲတမ်း မျှော်လင့်မထားတာတွေ လုပ်ပြတတ်တာပဲ"
မလှမ်းမကမ်းတွင်မူ တောဝက်ပေါက်လေး အချို့က ဤဘက်ကို ကြောက်လန့်တကြား ကြည့်နေကြပြီး အနီးသို့ မကပ်ရဲကြချေ။
အရွယ်ရောက်ပြီးသော တောဝက်ကြီးသည် ထပ်မံ၍ ကြိုးစားကြည့်သော်လည်း ရွှီယန်ကို လုံးဝ ထိတွေ့ခွင့် မရတော့သဖြင့် စိတ်မရှည်တော့ဘဲ ညည်းတွားဆဲဆိုကာ ထွက်ပြေးသွားတော့သည်။
၎င်း အဝေးသို့ ပြေးသွားသည်ကို မြင်သောအခါမှသာ ရွှီယန်သည် သက်ပြင်းချနိုင်သွားတော့၏။
"လန့်သွားတာပဲ"
"ဒီအကောင်က ရုတ်တရက်ကြီး ရောက်လာတာ"
"ကျွန်တော်တောင် အခြေအနေ မဟန်ဘူးလို့ ခံစားလိုက်ရတယ်"
ရွှီယန်က ကျားသစ်ပေါက်လေးကို အောက်ချပေးလိုက်ပြီး အင်တာနက်သုံးစွဲသူများကို ပြောလိုက်သည်။
သူက ဖုန်းကို ထုတ်ကာ လိုက်ဖ်ကို တစ်ချက် ကြည့်လိုက်ပြီး အားလုံး ဘာတွေ ပြောနေကြသနည်းဟု ကြည့်ရှုလိုက်သည်။
ရလဒ်အနေဖြင့် ကြည့်လိုက်သောအခါမှ လိုက်ဖ်ထဲတွင် လူ ၅ သောင်းကျော်က သူနှင့် တောဝက်တို့ သစ်ပင်ကို ပတ်ပြေးနေသည့် ဖြစ်စဉ်ကို ကြည့်ရှုနေကြကြောင်း တွေ့လိုက်ရ၏။
"ဒီလောက်တောင် များတာလား"
"တောင်ပေါ်မှာ တစ်ခါတလေ တောဝက်နဲ့ ဆုံတာကလည်း ပုံမှန်ပါပဲ... ပထမက တောဝက်... ဒုတိယက ဝက်ဝံ... တတိယက ကျား ဆိုတာက အလကား ပြောထားတာ မဟုတ်ပါဘူး"
"ဒါပေမဲ့ သူတို့မှာ သိပ်ဦးနှောက် မရှိဘူးလေ... လိုက်မမီတော့ဘူး ဆိုတာ သိတာနဲ့ ပြေးကြတာပဲ"
ရွှီယန်က ထပ်ပြောလိုက်သည်။
"ဟားဟား... တကယ့်ကို တောဝက်မြင်းစီး သူရဲကောင်းကြီး ပီသပါတယ်"
"ခင်ဗျား တောင်ပေါ်တက်တာကို ကြည့်ရတိုင်း တောဝက်ကို ဘယ်လိုရိုက်မလဲ ဆိုတာကိုပဲ ကြည့်ချင်တာ"
"ခုနက တကယ်ကို ရယ်ရတယ်"
ရွှီယန်က ကျားသစ်ပေါက်လေးကို ကြည့်လိုက်ပြီး ချော့မော့ရန် ရည်ရွယ်လိုက်သော်လည်း ၎င်း၏ ကြည်လင်၍ တုံးအအဖြစ်နေသော မျက်လုံးဝိုင်းကြီးများကို မြင်လိုက်ရသောအခါ ရွှီယန်မှာ မနေနိုင်ဘဲ ရယ်မောလိုက်မိတော့သည်။
ဒီအကောင်လေးက တကယ်ကို ဘာမှ သတိမထားမိတာပဲ။
"ကျားသစ်ပေါက်လေးကိုတော့ သေချာ စောင့်ကြည့်ထားမှ ရမယ်... တောင်ပေါ်မှာ အန္တရာယ်များတယ်"
"ကျားသစ်က အစာကွင်းဆက်ရဲ့ ထိပ်ဆုံးမှာ ရှိတယ် ဆိုပေမဲ့ အကောင်ပေါက်လေးတွေကတော့ အားနည်းသေးတော့ တခြား အမဲလိုက် သတ္တဝါတွေရဲ့ ပစ်မှတ် ဖြစ်နိုင်တယ်လေ"
"ကျွန်တော်လည်း သတိထားရမယ်"
ရွှီယန်က ရှေ့သို့ ဆက်လျှောက်သွားပြီး တောဝက်နှင့် ဆန့်ကျင်ဘက် လမ်းကြောင်းကို ရွေးချယ်လိုက်သည်။
ယနေ့ တောတောင်ရှာဖွေရသည့် အကျိုးအမြတ်မှာ သာမန်မျှသာ ဖြစ်ပြီး တောရိုင်း မှိုမည်းအချို့၊ မှိုအမျိုးအစား အနည်းငယ်နှင့် လင်ဇီးနီ အနည်းငယ်ကိုသာ ရှာတွေ့ခဲ့သည်။
သို့သော် တစ်ခုမဟုတ် တစ်ခု အမြဲတမ်း ရှာတွေ့နေရသဖြင့် စိတ်အခြေအနေလည်း ကောင်းမွန်နေ၏။
တောဝက်နှင့် ရင်ဆိုင်ရသည့် အဖြစ်အပျက် ပြီးဆုံးသွားသောအခါ လိုက်ဖ်ထဲရှိ လူဦးရေမှာ လျင်မြန်စွာပင် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြီး လူ တစ်သောင်းကျော်ခန့်တွင် တည်ငြိမ်သွားသည်။
တိုရင်န် ပလက်ဖောင်း၏ လူကြိုက်များမှု ဆိုသည်မှာ ဤသို့ပင် ဖြစ်ပြီး အပြောင်းအလဲ အလွန်မြန်ဆန်ကာ လူတိုင်းက စိတ်ဝင်စားစရာ ကောင်းသောအရာများကိုသာ ကြည့်ရှုလိုကြသည်။
ရွှီယန်က ဆက်လက်၍ တောင်ပေါ်တွင် ရှာဖွေနေသည်။ ရည်ရွယ်ချက်မရှိဘဲ ရှာဖွေရသည်မှာ ခက်ခဲသဖြင့် သူက ကျန်ရှိနေသေးသော ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်၏ အသုံးပြုခွင့်များကို အသုံးပြုလိုက်၏။
နောက်ဆုံး နှစ်ကြိမ်တွင် မှတ်သားပေးခဲ့သော အရာများမှာလည်း အတော်လေး ဆန်းကြယ်လှပြီး သမင်တစ်ကောင်၏ ဧရာမ သမင်ချို နှစ်ချောင်းဖြစ်ကာ ၈၀၀ မီတာခန့် ကွာဝေးသော နေရာများတွင် ဖြစ်သည်။
မီတာ ၈၀၀ အကွာအဝေးကို အထင်မသေးပါနှင့်။ အကယ်၍ ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် မရှိပါက သမင်ချို တစ်ချောင်း ရှာတွေ့ပြီးနောက် ဒုတိယမြောက်ကို ထပ်မံ ရှာတွေ့ရန်မှာ အလွန် ခက်ခဲလှပေသည်။
"ဒီနေ့ ကံကောင်းပြန်ပြီ... ဒီသမင်ချိုကြီးတွေ"
"အားလုံးပဲ မြေပြင်ပေါ်ကို ကြည့်လိုက်ပါ... ဒီအစေ့သေးသေးလေးတွေ အကုန်လုံးက သမင်ပြောက်တွေရဲ့ မစင်တွေလေ"
"ဒါက ဒီနေရာဟာ သမင်ပြောက်တွေ အဓိက နေထိုင်ကျက်စားတဲ့ နေရာဆိုတာကို ပြနေတာပဲ"
"ပြီးတော့ ဒီမြက်ပင်တွေ... အစားခံထားရတာ သိသာတယ်"
"အပင်စား တိရစ္ဆာန်တွေက အရမ်း ဂျီးများကြတယ်... သူတို့က ဘယ်မြက်ကိုမဆို အကုန်စားတာ မဟုတ်ဘူး... အခုဆို သစ်ပင်ပန်းမန်တွေ အရမ်း ဖြစ်ထွန်းနေတဲ့ အချိန်ဆိုတော့ လတ်ဆတ်တဲ့ မြက်ရွက်တွေ ဒါမှမဟုတ် သစ်သီးတွေကိုပဲ စားကြတာ"
"ပြီးတော့ သမင်တို့ သိုးတို့ဆိုတာ ဉာဏ်ကောင်းတယ်... သူတို့ ဒဏ်ရာရရင် ခန္ဓာကိုယ်ကို ကုသပေးနိုင်တဲ့ ဆေးပင်တွေကို စားတတ်ကြတယ်... ကိုယ်ဝန်ရှိရင်လည်း သန္ဓေတည်မြဲစေတဲ့ မြက်တွေကို စားတတ်ကြသေးတယ်"
"သတ္တဝါတိုင်းမှာ ကိုယ်ပိုင် ရှင်သန်နေထိုင်တဲ့ နည်းလမ်းတွေ ရှိကြတယ်... အဲဒါတွေကို လေ့လာကြည့်ရင် တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတယ်"
ရွှီယန်က အားလုံးကို ဆက်လက် ရှင်းပြနေသည်။
လူအများအပြားမှာ ကြားရသောအခါ အတော်လေး ဆန်းကြယ်သည်ဟု ခံစားရပြီး စိတ်ဝင်စားစရာ ကောင်းသည်ဟု ထင်မှတ်ကြ၏။
ရွှီယန်၏ လက်ထဲတွင် သမင်ချို နှစ်ချောင်းကို ကိုင်ထားသည်။ ဤသမင်ချို နှစ်ချောင်း ရှိရုံဖြင့် ယနေ့ တောင်ပေါ်တက်ရသည့် ခရီးစဉ်၏ အကျိုးအမြတ်က လုံလောက်နေပြီ ဖြစ်သည်။
"ကျွန်တော်တို့ ရွာမှာဆိုရင် သမင်ချို သီးသန့် ရှာတဲ့လူတွေ ရှိတယ်... လူခြောက်ယောက် ခုနစ်ယောက်လောက် ရှိမယ်... သမင်ပြောက်တွေရဲ့ သားပေါက်ရာသီ ကုန်သွားတိုင်း အထီးတွေလည်း ရန်မဖြစ်ကြတော့ဘူးဆိုရင် သမင်ချိုတွေက မကြာခဏ ကျွတ်ကျတတ်တယ်လေ"
"အဲဒီအချိန်ကျရင် သူတို့က အတူတူ တောင်ပေါ်တက်ပြီး မြေလှန်ရှာသလိုမျိုး သမင်ချိုတွေကို လိုက်ရှာကြတာ"
"လမ်းတစ်လျှောက်လုံး အချင်းချင်း အော်ဟစ်ခေါ်ဝေါ်ပြီး နေရာကို အတည်ပြုကြတယ်... မမျှော်လင့်ထားတဲ့ အန္တရာယ်တွေ မဖြစ်အောင်လို့လေ"
"ကျွန်တော် ငယ်ငယ်တုန်းကလည်း သူတို့နောက်ကို လိုက်ပြီး အကြိမ်တော်တော်များများ ဝင်ဖူးတယ်"
"အဲဒီတုန်းက တခြားလူတွေနဲ့ အတူတူ တောင်ပေါ်တက်ရတာကို အရမ်း သဘောကျခဲ့တာ... အခုတော့ တစ်ယောက်တည်း သွားရတာကို ပိုသဘောကျနေပြီ"
ရွှီယန်သည် အချိန်ကို ကြည့်လိုက်ရာ ပြန်ရန် အချိန်သင့်ပြီဖြစ်သဖြင့် အပြန်ခရီးကို စတင်လိုက်သည်။
သူက တောတောင်ရှာဖွေသူများ သမင်ချိုရှာဖွေသည့် ဇာတ်လမ်းများကို ပြောပြနေ၏။
သမင်ချိုများမှာ တကယ်ကို တန်ဖိုးရှိလှသည်။
သမင်ပြောက်များက အများအပြား ချွတ်ချတတ်သော်လည်း စုဆောင်းသူများက ပို၍ များပြားသဖြင့် ရောင်းလိုအားထက် ဝယ်လိုအားက ပိုမိုများပြားနေသည်။
ယခင်ကကဲ့သို့ပင် ရွှီယန်က သမင်ချိုများကို ယူဆောင်ကာ တောင်ထွက်ပစ္စည်း ဈေးကွက်သို့ သွားရောက်သည်နှင့် လာရောက် ဈေးမေးသူများ သေချာပေါက် ရှိလာမည်ဖြစ်သည်။
ယွမ် တစ်ထောင် နှစ်ထောင်ခန့် အမြတ်ရနိုင်သဖြင့် စိတ်အခြေအနေလည်း ကောင်းမွန်နေ၏။
"အချိန်နောက်ကျနေပြီ... ပြန်ရတော့မယ်"
"လမ်းကြုံရင် ကျားသစ်ပေါက်လေးကို သူ့အမေဆီ ပြန်အပ်ရဦးမယ်"
"ဒီအကောင်လေး ဆော့တာလည်း တော်တော်လေး လွန်နေပြီ... ပင်ပန်းလောက်ပြီ ထင်တယ်"
ရွှီယန်သည် အပြန်ခရီးကို စတင်လိုက်ပြီး ကျားသစ်ပေါက်လေးကလည်း ဆက်လက် လိုက်ပါလာသည်။
ဤဖြစ်စဉ်က အကောင်ပေါက်လေး၏ ခွန်အားကို လေ့ကျင့်ပေးနိုင်ပြီး သူ၏ ကြီးထွားမှုအတွက်လည်း အထောက်အကူ ဖြစ်စေပေသည်။
ဒရုန်းက ရွှီယန်နှင့် ကျားသစ်ပေါက်လေး၏ ကျောပြင်ကို အနောက်မှနေ၍ ရိုက်ကူးနေ၏။
ရွှီယန်မှာ ယခင်အတိုင်းပင် တည်ငြိမ်သွက်လက်နေဆဲ ဖြစ်သည်။
ကျားသစ်ပေါက်လေးကမူ ခုန်ပေါက်ပြေးလွှားနေပြီး အလွန် ချစ်စရာ ကောင်းလှသည်။
ကျားသစ်အချို့မှာ လမ်းလျှောက်ရင်းနှင့်ပင် ကြီးပြင်းလာတတ်ကြသည်။
နောင်တွင်လည်း ဤကဲ့သို့သော မြင်ကွင်းမျိုး မကြာခဏ ပေါ်လာဦးမည် ဖြစ်၏။
သို့သော် ကျားသစ်၏ အခြေအနေမှာမူ လုံးဝ ပြောင်းလဲသွားလိမ့်မည် ဖြစ်သည်။