← Chapters

အခန်း ၉၂

Vol. 10 Ch. 92

အခန်း ၉၂

Vol. 10 Ch. 92

အခန်း (၉၂) အစ်ကိုယန်က အရမ်းကို စွမ်းတာပဲ

မိခင်ကျားသစ်မကြီးသည် သာယာသော နေ့တစ်နေ့ကို ဖြတ်သန်းခဲ့ရသည်။

သူမသည် မြက်ခင်းပြင်ပေါ်တွင် လှဲလျောင်းကာ နေပူဆာလှုံရင်း မွန်းလွဲပိုင်းအထိ အိပ်စက်နေခဲ့၏။

နောက်ဆုံးတော့လည်း ကောင်းကောင်း အနားယူခွင့် ရသွားခဲ့ပြီ ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ကလေးထိန်းပေးမည့်သူ ရှိနေသည် မဟုတ်ပါလား။

သူမက ရွှီယန်အပေါ် ခြွင်းချက်မရှိ ယုံကြည်ထားလေသည်။

တကယ်တမ်းတွင် လူကောင်းကတ်မှာ တိရစ္ဆာန်များနှင့် ရွှီယန်ကို အစောပိုင်းတွင် သံယောဇဉ် တွယ်လာစေရန်သာ ပြုလုပ်ပေးနိုင်ပြီး နောက်ပိုင်း ဆက်ဆံရေး အခြေအနေကတော့ အပြန်အလှန် ပေါင်းသင်းဆက်ဆံမှုအပေါ်တွင်သာ မူတည်ပေသည်။

ရွှီယန်နှင့် ကျားသစ်နှစ်ကောင်တို့ အလွန်သင့်မြတ်စွာ နေထိုင်နိုင်ကြောင်း သိသာထင်ရှားလှ၏။

ရွှီယန်သည် ကျားသစ်ပေါက်လေးကို ခေါ်ဆောင်ကာ လာရာလမ်းအတိုင်း ပြန်လာခဲ့ပြီး မကြာမီမှာပင် မိခင်ကျားသစ်မကြီး အနားသို့ ရောက်ရှိလာခဲ့သည်။

မိခင်ကျားသစ်မကြီးက သူတို့ ပြန်လာသည်ကို မြင်သောအခါ မတ်တတ်ရပ်ကာ ရှေ့ခြေနှစ်ဖက်ကို ဆန့်တန်း၍ ဖင်ကို ကော့ကာ အပျင်းကြောဆန့်လိုက်လေသည်။

ကြောင်မျိုးရင်းဝင် တိရစ္ဆာန်များ အပျင်းကြောဆန့်သည့် ပုံစံမှာ အကုန်လုံး အတူတူပင် ဖြစ်သည်။

ကျားသစ်ပေါက်လေးမှာ အလွန် ပင်ပန်းနေပြီဖြစ်ရာ မိခင်ကျားသစ်မကြီး အနားသို့ ပြေးသွားပြီး ချက်ချင်းပင် လှဲချကာ အနားယူတော့၏။

"ကဲ... ကလေးကို လာပို့ပေးတာ... ငါသွားတော့မယ်"

"မင်းတို့နှစ်ကောင် ကောင်းကောင်း နေခဲ့ကြ"

"တခြားလူတွေကိုတော့ သတိထားဦး"

ရွှီယန်က ကျားသစ်ကြီးကို ပွတ်သပ်ပေးလိုက်ပြီးနောက် လှည့်ထွက်လာခဲ့သည်။

ယခုအခါ မွန်းလွဲ ၄ နာရီ ရှိနေပြီဖြစ်ရာ တောင်အောက်ဆင်းပါက တောင်ထွက်ပစ္စည်း ဈေးကွက်သို့ သွားရန် အချိန်မီသေးသည်။

လယ်ယာခြံဝင်းနှင့် နီးသဖြင့် လယ်ယာခြံဝင်းသို့ အရင်ပြန်မည် ဖြစ်၏။

ထို့နောက် သုံးဘီးဆိုင်ကယ်ကို စီးသွားပါက ပို၍ အဆင်ပြေပေမည်။

"လိုက်ဖ်ကို ဒီမှာပဲ ရပ်လိုက်တော့မယ်... အချိန်ရရင် ထပ်လွှင့်မယ်နော်"

"အားလုံးပဲ... ဘိုင်ဘိုင်"

ရွှီယန်က ဒရုန်းကို လက်ပြနှုတ်ဆက်လိုက်သည်။

လိုက်ဖ်ထဲရှိ အင်တာနက်သုံးစွဲသူများကလည်း အသီးသီး တုံ့ပြန်ကြ၏။

"အစ်ကိုယန်... စောစော လိုက်ဖ်ပြန်လွှင့်နော်"

"နောက်တစ်ခါမှ ပြန်တွေ့ကြမယ်"

လိုက်ဖ်ကို ပိတ်လိုက်သော်လည်း ရွှီယန်က ဒရုန်းကို ပြန်မသိမ်းခဲ့ပေ။

ကျောပိုးအိတ်ထဲ ထည့်လွယ်ထားရသည်မှာ ပင်ပန်းသဖြင့် ၎င်းဘာသာ ပျံသန်းစေခြင်းက ပို၍ ကောင်းမွန်ပေသည်။

ဖန်လုံအိမ်များတွင် မိုးကာစများ အုပ်ပြီးသွားပြီဖြစ်ရာ မကြာမီ တည်ဆောက်ပြီးစီးတော့မည်ဖြစ်ပြီး စိုက်ပျိုးရေးကိစ္စများကိုလည်း အစီအစဉ်ဆွဲရတော့မည် ဖြစ်သည်။

ရွှီယန် စိုက်ပျိုးချင်သော အရာများက အလွန်များပြားလှ၏။ ဘလူးဘယ်ရီများကို စိုက်ပျိုးကာ ကိုယ်ပိုင် အမှတ်တံဆိပ်တစ်ခု ဖန်တီးချင်သကဲ့သို့ အသစ်အဆန်းဖြစ်သော ရှစ်ကျားသီးကိုလည်း စမ်းသပ်စိုက်ပျိုး ကြည့်ချင်သေးသည်။

ယခုအချိန်သည် လယ်ယာခြံဝင်း၏ အစပိုင်းကာလ ဖြစ်သဖြင့် သူက စမ်းသပ်မှုများစွာ ပြုလုပ်နိုင်ပြီး နောင်အတွက် စံသတ်မှတ်ချက်များ ချမှတ်နိုင်ရန်လည်း အထောက်အကူ ဖြစ်စေပေသည်။

လယ်ယာခြံဝင်းသို့ ပြန်ရောက်သောအခါ ရွှီယန်က ဖန်လုံအိမ် တည်ဆောက်ရေး အခြေအနေကို ရိုးရှင်းစွာ ကြည့်ရှုစစ်ဆေးလိုက်ပြီးနောက် သုံးဘီးဆိုင်ကယ်ကို စီးကာ တောင်ထွက်ပစ္စည်း ဈေးကွက်သို့ သွားရန် ပြင်ဆင်လိုက်သည်။

လျှပ်စစ် သုံးဘီးဆိုင်ကယ်ကို ထုတ်လိုက်သည်နှင့် ခွေးလေးနှစ်ကောင်က ဘေးသို့ ချက်ချင်း ပြေးလာကြပြီး အမြီးများကို အဆက်မပြတ် လှုပ်ယမ်းနေကြ၏။

"မင်းတို့နှစ်ကောင်ကော လိုက်ချင်လို့လား"

"ကောင်းပြီလေ... တက်"

ရွှီယန်က လှမ်းအော်လိုက်သည်။

စကားဆုံးသည်နှင့် မာလီနွိုက်ခွေးက အမြန်ပြေးလာပြီး အပေါ်သို့ အမြင့်ကြီး ခုန်တက်ကာ သုံးဘီးဆိုင်ကယ်ပေါ်သို့ ရောက်ရှိသွားတော့၏။

ဤသည်မှာ ၎င်း၏ မွေးရာပါ စွမ်းရည်ပင် ဖြစ်သည်။ စစ်ခွေး လေ့ကျင့်ရေးများတွင် ခက်ခဲသော လှုပ်ရှားမှု အများအပြားကို ၎င်းတို့က ကောင်းစွာ လုပ်ဆောင်နိုင်ကြသည်။

ရှောင်ဟေးမှာမူ အောက်ဘက်တွင် ရပ်ကာ ဝုတ်ဝုတ် ဟု နှစ်ချက် ဟောင်လိုက်ပြီး အနည်းငယ် စိတ်ပျက်နေပုံရသည်။

မာလီနွိုက်ခွေးမှာ သာမန် ကျောင်းသားကောင်း များနှင့် တူပြီး ကဏ္ဍတိုင်းတွင် အလွန် ထူးချွန်သော်လည်း အလွန် အစွမ်းပြချင်လွန်းသည်။

အခွင့်အရေးရသည်နှင့် အကုန်လုံးကို ထုတ်ပြချင်နေတော့၏။

ရွှီယန်က ရှောင်ဟေးကိုလည်း ကားပေါ်သို့ ပွေ့တင်ပေးလိုက်ပြီးနောက် တောင်ထွက်ပစ္စည်း ဈေးကွက်ရှိရာသို့ မောင်းနှင်သွားတော့သည်။

အကောင်ပေါက်လေး နှစ်ကောင်က ကားခြင်းတောင်းရှေ့တွင် ကပ်ကာ ခန္ဓာကိုယ်ကို အပြင်ဘက်သို့ ထုတ်၍ လေညင်းခံနေကြ၏။

ရွှီယန်က ထိုသို့ဖြင့်ပင် ကားမောင်းကာ ၎င်းတို့နှစ်ကောင်ကို ခေါ်ဆောင်၍ ထွက်ခွာလာခဲ့ရာ မကြာမီမှာပင် မြို့နယ်လေး၏ တောင်ထွက်ပစ္စည်း ဈေးကွက်သို့ ရောက်ရှိသွားတော့သည်။

လယ်ယာခြံဝင်းနှင့် မြို့နယ်လေးမှာ မဝေးလှဘဲ ၇ ကီလိုမီတာ ၈ ကီလိုမီတာခန့်သာ ကွာဝေးသဖြင့် အမြန်ပင် ရောက်ရှိသွား၏။

ယခုအခါ ရွှီယန်မှာ လူကြိုက်များလာပြီဖြစ်ရာ လူအများအပြားက သူ့ကို သိနေကြပြီ ဖြစ်သည်။

သူ ပေါ်လာသည်နှင့် ချက်ချင်းပင် လူအချို့က လှမ်းကြည့်ကြလေသည်။

အားလုံးက သူ့ထံတွင် မည်သို့သော တောင်ထွက်ပစ္စည်းကောင်းများ ပါလာမည်ကို မျှော်လင့်နေကြပြီး အချို့မှာမူ သူ၏ လိုက်ဖ်ကို ကြည့်ထားသဖြင့် ရွှီယန်က သမင်ချိုလာရောင်းခြင်းဖြစ်ကြောင်း သိနေကြ၏။

သူ တောင်ထွက်ပစ္စည်း ဈေးကွက်ထဲသို့ပင် မဝင်ရသေးမီမှာပင် လူအချို့က ဝိုင်းအုံလာကြတော့သည်။

လာသူများမှာ ဖောက်သည်များပင် ဖြစ်ရာ ဤနေရာ၌ လွတ်လပ်စွာ အရောင်းအဝယ် ပြုလုပ်နိုင်သဖြင့် ဈေးစကား အနည်းငယ် ပြောဆိုပြီးနောက် သူ ယူဆောင်လာသော သမင်ချို၊ မှိုမည်းနှင့် အခြား မှိုများ အားလုံးကို ဝယ်ယူသွားကြလေသည်။

ဤဒေသတွင် စစ်မှန်သော တောရိုင်း တောင်ထွက်ပစ္စည်းများမှာ အလွန် ရောင်းကောင်းလှသည်။

တောတောင်ရှာဖွေသူ များပြားသော်လည်း နေ့တိုင်း ပစ္စည်းကောင်းများ တွေ့နိုင်မည်မဟုတ်ဘဲ တောင်ထွက်ပစ္စည်း တွေ့ရှိနိုင်ခြင်း ရှိမရှိမှာ ကံတရားအပေါ်တွင်သာ မူတည်ပေသည်။

'ရောင်းရတာ တော်တော်မြန်တယ်... ဈေးကွက်ထဲတောင် မဝင်ရသေးဘူး ကုန်သွားပြီ'

'ဈေးတောင် ခင်းစရာ မလိုတော့ဘူး'

ရွှီယန်က စိတ်ထဲမှ ညည်းတွားလိုက်သည်။

သို့သော် လာပြီးပြီဖြစ်ရာ ဈေးထဲတွင် လျှောက်ကြည့်ကာ ပစ္စည်းကောင်းလေးများ ရှိပါက အိမ်သို့ ဝယ်သွားရန် ရည်ရွယ်လိုက်၏။

ဤနေရာတွင် သဘာဝအတိုင်း ထွက်ရှိသော တောင်ထွက်ပစ္စည်းများ အများအပြား ရှိပြီး တန်ဖိုးနည်းသော ဂျင်ဆင်းများလည်း ရှိရာ ဂျင်ဆင်းတစ်ပင်လျှင် ယွမ် အနည်းငယ်မျှသာ ရှိသည်။

ဝယ်သွားပြီး အရက်စိမ်သောက်ပါကလည်း အတော်လေး ကောင်းမွန်ပေသည်။

ရွှီယန်က သုံးဘီးဆိုင်ကယ်ကို ရပ်လိုက်ရာ ကားရပ်သည်နှင့် မာလီနွိုက်ခွေးက သူ့ဘာသာ ခုန်ဆင်းသွားတော့သည်။

ရှောင်ဟေးကိုတော့ ရွှီယန်က ပွေ့ချမှသာ ရလေသည်။

"မင်းတို့နှစ်ကောင် အနားကနေ ကပ်လိုက်ခဲ့နော်... လျှောက်မပြေးနဲ့"

ရွှီယန်က မှာကြားလိုက်ပြီးနောက် ဆိုင်ခန်းများတစ်လျှောက် လျှောက်ကြည့်နေလိုက်၏။

လူအများအပြားက သူ့ဘက်သို့ လှမ်းကြည့်နေကြသည်။

ဈေးကွက်ထဲတွင် လူအများအပြား ရှိပြီး အိမ်မွေးတိရစ္ဆာန် ခေါ်လာသူများလည်း မနည်းလှပေ။ ထိုအထဲတွင် လူကြိုက်အများဆုံးမှာ လည်ပင်းတွင် လည်စည်းအနီလေး ပတ်ထားသည့် သမင်ပြောက်လေး ဖြစ်ပြီး ကြည့်ရသည်မှာ အလွန် ချစ်စရာ ကောင်းလှသည်။

ရွှီယန် မွေးထားသော ခွေးနှစ်ကောင်မှာလည်း အတော်လေး လူကြိုက်များကြ၏။ ရှောင်ဟေးမှာ ရုပ်ရည်သန့်ပြန့်ပြီး ဖွံ့ဖြိုးမှု အလွန်ကောင်းကာ ခန္ဓာကိုယ် အရွယ်အစားမှာ အတော်လေး ကြီးမားသော အမျိုးအစားတွင် ပါဝင်သည်။

အဓိကမှာ သူ၏ဖခင်ဖြစ်သော တာ့ဟွမ် ၏ ခန္ဓာကိုယ် အရွယ်အစားက ကြီးမားလှသဖြင့် ရှောင်ဟေးသည်လည်း သေချာပေါက် ညံ့မည်မဟုတ်ပေ။

တစ်ပတ်ခန့် လျှောက်ကြည့်ပြီးနောက် ရွှီယန်က တောရိုင်း သစ်သီးအနီလေးများ အနည်းငယ်၊ မှိုအနည်းငယ်နှင့် သကြားမပါသော ဂျင်ဆင်းနီပြား အချို့ကို ဝယ်ယူခဲ့သည်။

ဤနေရာတွင် ခရီးသွားအချို့လည်း ရှိနေပြီး ဒါကဘာလဲ၊ ဟိုဟာကဘာလဲ စသည်ဖြင့် အဆက်မပြတ် မေးမြန်းနေကြ၏။

တောတောင်ရှာဖွေသူများကလည်း သူတို့ကို ရှင်းပြပေးနေကြသည်။

ဈေးကွက်မှာ အတော်လေး စည်ကားနေပြီး လူသံများဖြင့် ဆူညံနေသည်။

ရွှီယန်သည်လည်း တောတောင်ရှာဖွေသူ တစ်ယောက်ဖြစ်ရာ ဤတောင်ထွက်ပစ္စည်းများ အားလုံးကို ကောင်းစွာ သိရှိနားလည်သည်။ လိုအပ်သော ပစ္စည်းအချို့ ဝယ်ယူပြီးနောက် သူက သုံးဘီးဆိုင်ကယ်ကို စီးကာ ပြန်လာခဲ့၏။

လမ်းကြုံ၍ သားသတ်ရုံသို့ ဝင်ကာ ဝက်ခြေထောက် ခုနစ်ချောင်း ရှစ်ချောင်းခန့် ဝယ်ယူခဲ့ပြီး အိမ်တွင် ကိုယ်တိုင် ချက်စားရန် ရည်ရွယ်လိုက်သည်။

ရွှီယန်မှာ ဝက်ခြေထောက် စားရသည်ကို အတော်လေး နှစ်သက်သည်။

ယခုအခါ စည်းကမ်းများ တင်းကျပ်လာပြီဖြစ်ရာ မိမိဘာသာ ဝက်သတ်ခွင့် မရှိတော့ဘဲ သားသတ်ရုံသို့ မဖြစ်မနေ ပို့ဆောင်ရမည် ဖြစ်သည်။

ရွှီယန် မှတ်မိနေသေးသည်မှာ သူငယ်စဉ်က နှစ်သစ်ကူးခါနီးအချိန် ရောက်တိုင်း လူအများအပြားက ဝက်သတ်သမားများကို ငှားရမ်းကာ ရွာထဲရှိ ကွင်းပြင်များတွင် တိုက်ရိုက် ဝက်သတ်လေ့ ရှိကြသည်။

ဝိုင်းကြည့်သော လူများကလည်း အလွန်များပြားလှ၏။

ထိုအချိန်က ပစ္စည်းပစ္စယများ ရှားပါးသဖြင့် မည်သည့်အိမ်က ဝက်သတ်သည်ဖြစ်စေ အားလုံးက သွားရောက် ကြည့်ရှုကြပြီး လူအများအပြားက နေရာမှာပင် ငွေပေး၍ အသားများကို ဝယ်ယူကြရာ နှစ်သစ်ကူး ဝက်တစ်ကောင် သတ်ပါက အတော်လေး မြတ်စွန်းလေ့ရှိသည်။

ယခုအခါတွင်မူ ထိုသို့သော မြင်ကွင်းများကို မတွေ့ရတော့ချေ။

အချို့ရွာများတွင် ရှိကောင်းရှိနိုင်သေးသော်လည်း တိတ်တဆိတ် လုပ်ဆောင်ရခြင်းမျိုးသာ ဖြစ်ပြီး တစ်ယောက်ယောက်က တိုင်ကြားလိုက်ပါက သေချာပေါက် ပြဿနာ တက်မည်ဖြစ်သည်။ ဝက်သားကို မိမိဘာသာ စားသုံးရန် သီးသန့် ဆိုလျှင်တော့ တစ်မျိုးပေါ့။

တစ်နေ့တာလုံး အလုပ်များခဲ့မှုမှာ ဤနေရာတွင် ပြီးဆုံးသွားပြီဖြစ်ပြီး ကျန်ရှိနေသည်မှာ အနားယူရန်သာ ဖြစ်သည်။

သို့သော် အင်တာနက်ပေါ်ရှိ ဆူညံပွက်လောရိုက်မှုများကမူ ယခုမှ စတင်တော့မည် ဖြစ်၏။

ရွှီယန်နှင့် တောဝက်တို့ သစ်ပင်ကို ပတ်ပြေးနေသည့် ဗီဒီယိုမှာ အလျင်အမြန်ပင် နာမည်ကြီးသွားတော့သည်။

မြင်ကွင်းမှာ အလွန်ကို ရယ်စရာ ကောင်းလွန်းလှ၏။

ကျားသစ်ပေါက်လေးကို ပွေ့ချီထားသည့် လူတစ်ယောက်က သစ်ပင်စည်ကို အာရုံစိုက်ကာ ကြည့်နေပြီး တောဝက်က ဟိုဘက်မှ လာလျှင် သူက ဒီဘက်သို့ ပြေးရာ ဉာဏ်ရည်ဖြင့် လုံးဝ အသာစီးရနေသည့် မြင်ကွင်းမျိုးပင်။

ရွှီယန်မှာ တောဝက်နှင့် ဖူးစာဆုံနေသကဲ့သို့ပင်။ သူ၏ ဗီဒီယို အတော်များများမှာ တောဝက်များနှင့် ပတ်သက်နေသည်။

ဤသည်မှာလည်း အင်တာနက်သုံးစွဲသူများ အကြိုက်တွေ့သော ဗီဒီယိုအကြောင်းအရာများ ဖြစ်ရာ လူအများအပြားက ကွန်မန့်များ ဝင်ရေးကြလေသည်။

"ဟားဟား... ဟိုတောတောင်ရှာဖွေတဲ့ လိုက်ဖ်လွှင့်သူပဲ မလား... သူ့ကို မြင်ရတိုင်း တကယ်ကို ရယ်ရတယ်"

"သူက တောနက်ထဲကို ခဏခဏ ဝင်တာဆိုတော့ သားရဲတိရစ္ဆာန်တွေနဲ့ ဆုံရတာ ပုံမှန်ပါပဲ"

"ဘာလို့ ကျားသစ်တစ်ကောင်ကို ဖက်ထားရတာလဲ"

"အဲဒီကျားသစ်က သူ့သားလေ... အရမ်းကို စကားနားထောင်တာ"

"အစ်ကိုယန်က အရမ်းကို စွမ်းတာပဲ"

ဗီဒီယိုများ နာမည်ကြီးလာမှုကြောင့် ရွှီယန်၏ ဖော်လိုဝါ အရေအတွက်မှာလည်း ထပ်မံ တိုးလာပြန်ပြီး ၉ သိန်းအထိ ရောက်ရှိလာရာ မကြာမီ ဖော်လိုဝါ တစ်သန်းရှိသော လိုက်ဖ်လွှင့်သူ တစ်ယောက် ဖြစ်လာတော့မည်။

နာမည်ကြီးလာသည်မှာ တကယ်ကို မြန်ဆန်လွန်းလှ၏။

ညဘက်တွင် ရွှီယန်က ခွေးလေးများကို ခဏမျှ စနောက်ဆော့ကစားပြီးနောက် အခန်းထဲသို့ ပြန်ဝင်ကာ အနားယူလေတော့သည်။

သူက ယနေ့ တောင်ပေါ်တက်ခဲ့သဖြင့် ရရှိလာသော ကျော်ကြားမှုရမှတ်များကို တွက်ချက်ကြည့်လိုက်သည်။

(ယနေ့ လိုက်ဖ်ကြည့်ရှုသူ အရေအတွက် - ၉၃၁၂၃ ယောက်၊ ပျမ်းမျှ ကြည့်ရှုချိန် - ၀.၇ နာရီ၊ ရရှိသော ကျော်ကြားမှုရမှတ် - ၆၅၁၈၆)

(လက်ရှိ စုစုပေါင်း ကျော်ကြားမှုရမှတ် - ၁၀၉၄၀၀၀)

ပြီးခဲ့သည့်တစ်ခေါက် စိုက်ပျိုးရေး မျိုးစေ့များ မဲဖောက်စဉ်က ရွှီယန်တွင် ကျော်ကြားမှုရမှတ် ၄ သောင်းခန့် အသုံးမပြုရသေးဘဲ ကျန်ရှိနေခဲ့ရာ ယနေ့ရရှိသော ရမှတ်များနှင့် ပေါင်းလိုက်ပါက ၁ သိန်းကျော်သွားပြီ ဖြစ်သည်။

"လူ ၉ သောင်းကျော်တောင် ကြည့်ခဲ့တာလား... ဒီလောက် အများကြီးလား"

ရွှီယန်က လိုက်ဖ်လွှင့်သည့် အချက်အလက်များကို သိပ်သတိမထားမိခဲ့သဖြင့် အနည်းငယ် အံ့သြသွားရ၏။

အဓိကအားဖြင့် ယခုအခါ ဗီဒီယိုတို ကြည့်ရှုသူ အလွန်များပြားနေပြီး သူနှင့် တောဝက်တို့ သစ်ပင်ကို ပတ်ပြေးနေသည့် မြင်ကွင်းမှာလည်း အလွန် စိတ်လှုပ်ရှားစရာ ကောင်းသဖြင့် လိုက်ဖ်ထဲသို့ လူများ အဆက်မပြတ် ဝင်ရောက်လာကြခြင်း ဖြစ်သည်။

ကျော်ကြားမှုရမှတ် ၁ သန်းကျော်သွားသည်ကို မြင်သောအခါ ရွှီယန်က အဆင့်မြင့် မဲဖောက်မှုကို ပြုလုပ်ရန် ရွေးချယ်လိုက်သည်။

(ပိုင်ရှင်က အဆင့်မြင့် မဲဖောက်မှုကို ရွေးချယ်လိုက်ပါတယ်... မဲဖောက်နေပါပြီ)

(အဆင့်မြင့် ဆုတစ်ဆု ရရှိပါတယ် - ကျပန်း ကျွမ်းကျင်မှု)

(ရရှိသော ကျွမ်းကျင်မှု - အချက်အပြုတ် အဆင့်တက်ခြင်း)

(ပိုင်ရှင်၏ အချက်အပြုတ် စွမ်းရည် တိုးတက်လာပြီး အိမ်တွင်း ဟင်းလျာများ ချက်ပြုတ်ရာတွင် အာနိသင် သိသိသာသာ ထက်မြက်လာမည် ဖြစ်ပါသည်)

ဤတစ်ကြိမ် မဲဖောက်ရရှိမှုမှာ ရွှီယန် ထင်မှတ်မထားသော အရာပင် ဖြစ်သည်။

'အချက်အပြုတ် အဆင့်တက်ခြင်း ဟုတ်လား’

'ဒါကတော့ တကယ် အသုံးဝင်တဲ့ အရာပဲ’

သူကိုယ်တိုင် ထမင်းချက်လေ့ သိပ်မရှိသော်လည်း တောရွာတွင် နေထိုင်ရာ၌ ထမင်းဟင်းချက်တတ်ခြင်းမှာ မရှိမဖြစ် ကျွမ်းကျင်မှု တစ်ခုပင် ဖြစ်သည်။

ဤကျွမ်းကျင်မှုမှာ သေချာပေါက် လက်တွေ့ အသုံးကျပေမည်။

နောင်တွင် စားချင်သော အစားအစာများ ရှိပါကလည်း ကိုယ်တိုင် လေ့လာ ချက်ပြုတ်ကြည့်၍ ရနိုင်ပေသည်။

သူ၏ ခြံဝင်းထဲတွင် မီးဖိုတစ်ခု ရှိသော်လည်း မီးမွှေးလေ့ သိပ်မရှိဘဲ မီးဖိုချောင်ဘက်တွင်သာ သွားရောက် စားသောက်လေ့ ရှိသည်။

နောက်တစ်နေ့တွင် လယ်ယာခြံဝင်း၌ လုပ်ငန်းများ ထပ်မံ စတင်နေပြန်သည်။

ဖန်လုံအိမ်မှာ မကြာမီ အမိုးအုပ်ပြီးစီးတော့မည်ဖြစ်ပြီး တပ်ဆင်ရေး ပညာရှင်များမှာလည်း နေ့တိုင်း အပေါ်တက်လိုက် အောက်ဆင်းလိုက်ဖြင့် အလုပ်များနေကြ၏။

လယ်ယာခြံဝင်းရှိ အကောင်ပေါက်လေးများမှာလည်း သတ္တိပိုကောင်းလာကြပြီး လူများနေသော်လည်း မြေခွေးပေါက်လေးများက လယ်ယာခြံဝင်းထဲသို့ ဝင်ရောက်ကာ ပွဲကြည့်ရဲနေကြပြီ ဖြစ်သည်။ သို့သော် ရွှီယန်မှလွဲ၍ ကျန်လူများကိုမူ အထိမခံကြချေ။

ချီလင်းကြောင်ကတော့ တစ်ခါတစ်ရံ ရောက်လာတတ်ပြီး ကြွက်များ ရှိမရှိ လှည့်လည် စစ်ဆေးကာ အထာကျကျ ပြန်ထွက်သွားတတ်သည်။

ချီလင်းကြောင်နှင့် ပတ်သက်၍ ပြောရမည်ဆိုလျှင် ရွှီယန်၏ အကောင်းဆုံးသော အရောင်းအဝယ်ဟု ဆိုရပေမည်။

ဝက်အူချောင်း အနည်းငယ်မျှဖြင့် ကြွက်သတ်သမား တစ်ကောင်ကို ဝယ်ယူနိုင်ခဲ့ခြင်းပင်။

တကယ်ကို အမြတ်ကြီး အမြတ်နေတော့၏။

ရွှီယန်သည်လည်း ဖန်လုံအိမ် ကိစ္စများဖြင့် အလုပ်များနေသည်။

ဖန်လုံအိမ် တည်ဆောက်ပြီးစီးသွားပါက သူသည် မြေဆွခြင်း၊ မြေသြဇာကျွေးခြင်းနှင့် ရှစ်ကျားသီး ပျိုးပင်များကို စိုက်ပျိုးခြင်းများ ပြုလုပ်ရမည် ဖြစ်သည်။

ပျိုးပင်များကို တိုက်ရိုက် ဝယ်ယူနိုင်ပြီး မည်သည့်နေရာမှ ဝယ်ယူလာသည်ကိုတော့ အခြားသူများ မသိနိုင်ပေ။ မနက်စောစောတွင် ရွှီယန်က ဒီဇယ်သုံးဘီးဆိုင်ကယ်ကို မောင်းနှင်ထွက်သွားပြီး ညနေပိုင်း ပြန်ရောက်လာသောအခါ ကားနောက်ခန်းတွင် ပျိုးပင်များ အပြည့်ပါလာသည်ကိုသာ သိရှိကြ၏။

ထို့နောက် သူက လူငှား၍ စိုက်ပျိုးစေသည်။

စိုက်ပျိုးနည်းမှာလည်း တွင်းတူးကာ ပျိုးပင်ကို ထည့်၍ မြေဖုံးလိုက်ရုံသာ ဖြစ်သည်။

ရှစ်ကျားသီး ပြုစုပျိုးထောင်ရာတွင် အပင်ပန်းဆုံး အပိုင်း နှစ်ပိုင်း ရှိသည်။ ပထမတစ်ခုမှာ အသီးများ ကောင်းစွာ ရင့်မှည့် ကြီးထွားနိုင်စေရန် သင့်လျော်သော အချိန်တွင် ကိုင်းဖြတ်ပေးရခြင်း ဖြစ်သည်။ ဒုတိယတစ်ခုမှာ ပိုးမွှားအန္တရာယ်မှ ကာကွယ်ရန် အသီးမမှည့်မီ အချိန်တွင် ကြိုတင်၍ အိတ်စွပ်ပေးရခြင်း ဖြစ်သည်။

နှစ်ခုစလုံးမှာ အလုပ်ကြမ်းများ ဖြစ်ကြသည်။

အလုပ်များနေသည့်ကြားမှပင် လယ်ယာခြံဝင်း၏ တည်ဆောက်ရေး လုပ်ငန်းများမှာ ပို၍ပို၍ ကောင်းမွန်လာတော့သည်။

ညနေစောင်းအချိန်သို့ ရောက်သောအခါ...

ဆယ်ရက်ကျော်ခန့် အလုပ်များနေခဲ့သော လယ်ယာခြံဝင်းမှာ နောက်ဆုံးတော့ တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြီ ဖြစ်သည်။

ပတ်ဝန်းကျင် တစ်ခုလုံး အလွန် တိတ်ဆိတ်နေ၏။

ရွှီယန်က ထုံးစံအတိုင်း ခွေးလေးများကို ခေါ်ကာ လယ်ယာခြံဝင်းအတွင်း လမ်းလျှောက် ထွက်လာခဲ့သည်။

ထိုအချိန်တွင် လယ်ယာခြံဝင်း အပြင်ဘက်ရှိ လမ်းမပေါ်၌ အရွယ်ရောက်ပြီးသော တောခွေး တစ်ကောင်က ဤဘက်သို့ လှမ်းကြည့်နေသည်ကို သူ မြင်လိုက်ရ၏။

ရွှီယန်က ဤခွေးမှာ ရှောင်ဟေး၏ မိခင်ဖြစ်ကြောင်း မှတ်မိလိုက်သည်။

သူ၏ အမြင်အာရုံမှာ အမြဲတမ်း ကောင်းမွန်လှ၏။

တောတောင်ရှာဖွေသူများအတွက် မရှိမဖြစ် လိုအပ်သော ကျွမ်းကျင်မှုပင်တည်း။

ရှောင်ဟေးကလည်း မြင်တွေ့သွားပြီး နေရာတွင်ပင် ရပ်ကာ အဝေးသို့ လှမ်းကြည့်နေသော်လည်း မိမိ၏ မိခင် ဟုတ်မဟုတ်ကိုမူ သေချာ မသိသေးချေ။

ခဏမျှ ကြည့်ရှုပြီးနောက် အကြည့်ချင်း ဆုံသွားသောအခါ ရှောင်ဟေးက ၎င်း၏မိခင်ဖြစ်ကြောင်း သိလိုက်ရသဖြင့် ချက်ချင်းပင် အမြီးကို လှုပ်ယမ်းကာ ပျော်ရွှင်စွာ ပြေးသွားတော့သည်။

ခွေးအမေကြီးက ရှောင်ဟေးနှင့် အပြန်အလှန် နှုတ်ဆက်ရင်း ရွှီယန်ရှိရာဘက်သို့လည်း လှမ်းကြည့်နေ၏။

ဤတောခွေးများမှာ လူ့သဘာဝကို အလွန် နားလည်ကြသည်။

ကလေးများကို အခြားသူများထံ ပေးအပ်ပြီးနောက် တစ်ခါတစ်ရံတွင် လမ်းကြုံသလို ဟန်ဆောင်ကာ ကလေးများကို လာရောက် ကြည့်ရှုတတ်ကြပြီး ကလေး၏ သခင် မျက်နှာရိပ်မျက်နှာကဲကိုလည်း ကြည့်တတ်ကြသေးသည်။

ရွှီယန်က ဤသို့ အပြန်အလှန် ဆက်သွယ်မှုလေးမှာ အလွန် ကြည်နူးစရာ ကောင်းသည်ဟု ခံစားရ၏။

သူက အော်ငေါက်ခြင်း မပြုဘဲ ပြုံး၍သာ ကြည့်နေလိုက်သည်။

ရွှီယန်၏ အပြုံးကို မြင်သောအခါ ခွေးအမေကြီးလည်း စိတ်အေးသွားတော့သည်။

ခွေးနှစ်ကောင်က အမြီးများ လှုပ်ယမ်းကာ အပြန်အလှန် နှုတ်ဆက်နေကြသည့် မြင်ကွင်းမှာ အလွန် လှပလှပေတော့သည်။

All Chapters