အခန်း ၉၇
Vol. 10 Ch. 97
အခန်း (၉၇) ဒီငှက်လေးနှစ်ကောင် ဘာဖြစ်သွားတာလဲ... ကြောက်လန့်ပြီး ကြောင်သွားတာလား
ရွှီယန်သည် သစ်သီးများကို လက်ထဲတွင် မြှောက်ကိုင်ထားလိုက်သည်။
ကျားသစ်ပေါက်လေးက ဘေးမှနေ၍ စပ်စုချင်စိတ်ဖြင့် ကြည့်နေပြီး ကြည်လင်သော မျက်လုံးကြီးများထဲတွင် တုံးအအဖြစ်မှုများသာ ပြည့်နှက်နေ၏။
၎င်းက ရွှီယန် ဘာကြောင့် ငြိမ်သက်သွားသနည်းဟု သံသယ ဝင်နေပုံရသည်။ အကောင်ပေါက်လေးက နားမလည်နိုင်သဖြင့် ရွှီယန်၏ ခြေထောက်နားတွင် ဟိုခုန်ဒီခုန် လုပ်နေတော့၏။
"ရှောင်ဟွာ... လျှောက်မလှုပ်နဲ့... ငြိမ်ငြိမ်နေစမ်း"
ရွှီယန်က ပါးစပ် မလှုပ်ဘဲ တိုးတိုးလေး သတိပေးလိုက်သည်။
ရွှီယန်၏ စကားကို ကြားသောအခါ ကျားသစ်ပေါက်လေးက မျက်တောင်လေး တဖျပ်ဖျပ်ခတ်ကာ ရွှီယန်၏ ခြေခုံပေါ်တွင် တိုက်ရိုက် လှဲချလိုက်ပြီး လုံးဝ မလှုပ်တော့ချေ။ ၎င်းက ဂိမ်းကစားနေသည်ဟု ထင်မှတ်နေပုံရ၏။
ရွှီယန်က မုန့်လုံးလေး နှစ်ကောင်ကို ဆွဲဆောင်ရန် ကြိုးစားနေသည်။
လိုက်ဖ်ထဲတွင်လည်း လေထုက အလွန် ပူပြင်းလာတော့၏။
"ဒါကိုသာ တကယ် ဆွဲဆောင်နိုင်ရင် ကျွန်တော် ဇောက်ထိုးမတ်တတ် ခေါင်းလျှော်ပြမယ်"
"လောင်ရွှီ ရဲ့ ဉာဏ်နီဉာဏ်နက်တွေက တကယ် များတာပဲ"
"မူလတန်းတုန်းက ဖတ်ခဲ့ရတဲ့ သင်ခန်းစာ တစ်ခုကို သွားသတိရမိတယ်... ကလေးတစ်ယောက်က အင်္ကျီအထူကြီးဝတ်ပြီး နာရီအတော်ကြာအောင် ရပ်နေတာ... ရှဉ့်တွေ သူ့ကိုယ်ပေါ် တက်လာအောင်လို့လေ"
"လိုက်ဖ်လွှင့်သူက နာရီအတော်ကြာ ရပ်နေရတော့မှာလား"
ထိုအချိန်တွင် မုန့်လုံးလေး နှစ်ကောင်သည် သစ်ကိုင်းပေါ်တွင် ဆော့ကစားနေကြပြီး ပျော်ရွှင်စွာဖြင့် တကျီကျီ အော်မြည်နေကြ၏။
ထိုစဉ်မှာပင် မွှေးပျံ့ချိုမြိန်သော အနံ့တစ်ခုက လွင့်ပျံ့လာပြီး ၎င်းတို့၏ နှာခေါင်းထဲသို့ တိုးဝင်လာတော့သည်။
မုန့်လုံးလေး နှစ်ကောင်က ထိုအနံ့ကို ရသောအခါ စိတ်လှုပ်ရှားစွာဖြင့် ဟိုခုန်ဒီခုန် လုပ်လာကြ၏။ ၎င်းတို့က အနံ့ထွက်လာရာ နေရာကို စတင် ရှာဖွေကြပြီး မကြာမီမှာပင် ရွှီယန်၏ လက်ဖဝါးကို သတိထားမိသွားကြသည်။ သို့သော် ထိုနေရာမှာ ကြည့်ရသည်က အလွန် အန္တရာယ်များသည့် ပုံပေါ်နေ၏။
ငှက်များ၏ သဘာဝ အာရုံခံနိုင်စွမ်းကြောင့် ၎င်းတို့သည် ချက်ချင်း အနားမကပ်ရဲကြချေ။ ထို့နောက် အစားမက်ခြင်းနှင့် သတိထားခြင်းတို့အကြား အားပြိုင်မှု စတင်လာတော့သည်။
မုန့်လုံးလေး၏ ခေါင်းထဲတွင် အသံနှစ်သံ ထွက်ပေါ်လာသကဲ့သို့ပင်။ တစ်သံက 'ဟိုသစ်သီးက အရမ်း စားကောင်းမယ့် ပုံပဲ' ဟု ပြောပြီး... အခြားတစ်သံကမူ 'မင်းပြောတာ မှန်တယ်လို့ ငါထင်တယ်' ဟု ပြောနေသယောင်ပင်။
နောက်ဆုံးတွင်တော့ အစားမက်သော မုန့်လုံးလေး တစ်ကောင်က အနံ့၏ မြှူဆွယ်မှုကို မခံနိုင်တော့ဘဲ အတောင်ပံ ခတ်ကာ ပျံတက်သွားတော့၏။ ပျံသန်းနေသော မုန့်လုံးလေး တစ်လုံးနှင့်ပင် တူနေတော့သည်။
"ပျံလာပြီ... တကယ်ကြီး ပျံလာနေပြီ"
လိုက်ဖ်ကြည့်နေသည့် အင်တာနက်သုံးစွဲသူများက အဆက်မပြတ် အံ့သြအော်ဟစ်နေကြသည်။
နောက်ထပ် မုန့်လုံးလေး တစ်ကောင်မှာမူ အနည်းငယ် သတိထားနေဆဲဖြစ်ပြီး အနောက်မှနေ၍ တကျီကျီ အော်မြည်ကာ တားဆီးရန် ကြိုးစားနေ၏။ သို့သော် အဖော်ဖြစ်သူက အစားမက်လွန်းနေသည် မဟုတ်ပါလား။
မုန့်လုံးလေး နှစ်ကောင်သည် လေထဲတွင် ပျံသန်းနေပြီး ရွှီယန်၏ လက်ဖဝါးနှင့် ပို၍ပို၍ နီးကပ်လာတော့သည်။
အင်တာနက်သုံးစွဲသူများ အားလုံး၏ အကြည့်များကလည်း ထိုအကောင်လေး နှစ်ကောင်ထံသို့ စူးစိုက်ကျရောက်နေကြ၏။
'တကယ်ပဲ သစ်သီးနဲ့ ငှက်ကလေးတွေကို ဆွဲဆောင်လို့ ရတာလား'
'ဒီလောက်တောင် လွယ်လွန်းနေတာလား'
ရွှီယန်က လုံးဝ မလှုပ်ရှားသေးပေ။ သူ၏ မျက်နှာပေါ်တွင်လည်း မည်သည့် အမူအရာ အပြောင်းအလဲမှ မရှိချေ။ ငှက်ကလေးများမှာ အလွန် သတိကြီးကြောင်း သူ သိထားသည်။ အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် ချက်ချင်း ပျံပြေးသွားမည်မှာ သေချာလှ၏။ ထို့ကြောင့် ငြိမ်ငြိမ်လေး နေရန် လိုအပ်ပေသည်။
ထိုအချိန်တွင် အစားမက်သော မုန့်လုံးလေးမှာ ရွှီယန်၏ လက်ဖဝါးပေါ်တွင် ရပ်တန့်ပျံသန်းနေပြီး ဤနေရာသည် လုံခြုံမှု ရှိမရှိကို အကဲခတ်နေ၏။
'ဘာဖြစ်လို့ ကိုယ်လုံးက အေးစိမ့်စိမ့် ဖြစ်နေရတာလဲ... အခြေအနေက မဟန်ဘူးထင်တယ်' လို့ တွေးနေပုံရသည်။
လိုက်ဖ်ကြည့်နေသည့် အင်တာနက်သုံးစွဲသူများမှာ အထူးပင် စိတ်လှုပ်ရှားနေကြသည်။ ငှက်ကလေး တစ်ကောင်ကို ကြည့်နေရုံဖြင့် ဤမျှအထိ စိတ်လှုပ်ရှားလာလိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့ကြချေ။
ရွှီယန်က အလွန် တည်ငြိမ်နေဆဲဖြစ်ပြီး မည်သည့်လှုပ်ရှားမှုမျှ မလုပ်ခဲ့ပေ။ သူ၏ လက်ဖဝါးပေါ်သို့ မုန့်လုံးလေး၏ အတောင်ပံ ခတ်လိုက်သည့် လေပြည်လေးများ ရိုက်ခတ်နေသည်ကိုပင် သူ ရှင်းလင်းစွာ ခံစားနေရ၏။ သို့သော် သူက လုံးဝ မလှုပ်ရှားခဲ့ပေ။
လွန်ကျူးသွားပါကလည်း မကောင်းသဖြင့် ဤအချိန်မျိုးတွင် စိတ်ရှည်သည်းခံနိုင်စွမ်း လိုအပ်ပေသည်။ ဤသည်မှာလည်း ထူးချွန်သော မုဆိုးတစ်ယောက်အတွက် မရှိမဖြစ် လိုအပ်သော အရည်အချင်းပင် ဖြစ်၏။
ထို့နောက် မုန့်လုံးလေးမှာ နောက်ဆုံးတွင် မအောင့်နိုင်တော့ဘဲ ပေါ့ပါးစွာ ဆင်းသက်လာတော့သည်။ ၎င်း၏ ခြေသည်းလေးများက ရွှီယန်၏ လက်ချောင်းများပေါ်သို့ လာနားရာ အလွန် ပေါ့ပါးပြီး အနည်းငယ် ယားကျိကျိ ဖြစ်သွားစေ၏။ ထို့နောက် အကောင်လေးက ခေါင်းငုံ့ကာ ရွှီယန်၏ လက်ဖဝါးထဲမှ သစ်သီးများကို ညင်သာစွာ စတင် စားသောက်လေတော့သည်။
နောက်ထပ် မုန့်လုံးလေး တစ်ကောင်မှာ မူလက အနည်းငယ် သတိထားနေသော်လည်း အဖော်ဖြစ်သူက သစ်သီး စားနေသည်ကို မြင်သောအခါ ချက်ချင်းပင် ပျံဆင်းလာတော့၏။ အကောင်လေး နှစ်ကောင်က ရွှီယန်၏ လက်ဖဝါးထဲတွင် အတူတကွ အားပါးတရ စားသောက်နေကြလေတော့သည်။
"လခွမ်း... တကယ်ကြီး ပျံဆင်းလာတာပဲ"
"အရမ်း မိုက်တာပဲ... ဒါကြီးက တကယ် အလုပ်ဖြစ်တာလား"
"ခုနက ချေးစားမယ်ဆိုတဲ့ လူ ဘယ်ရောက်သွားလဲ... အစာစားဖို့ အချိန်တန်ပြီနော်"
"ငါပြောတာက အိုရီအို ကို ပြောတာလေ... မင်း အမြင်မှားနေတာ"
"ဒီငှက်လေးနှစ်ကောင်က အရမ်းချစ်စရာကောင်းတာပဲ... တကယ်ကို ချစ်စရာလေးတွေ"
လိုက်ဖ်ထဲတွင် ဆူညံပွက်လောရိုက်သွားတော့၏။ ကွန်မန့်များလည်း အဆက်မပြတ် တက်လာနေသည်။ အားလုံးက ဝမ်းသာအားရ အော်ဟစ်နေကြ၏။
မူလက ရွှီယန်၏ စိတ်ကူးယဉ်မှုသာ ဖြစ်သည်ဟု ထင်ထားခဲ့ကြသော်လည်း မုန့်လုံးလေးများက တကယ်ပင် ပျံဆင်းလာကြလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ တကယ်ကို မယုံနိုင်စရာပင်။
"ရတနာရှာဖွေရေး မစ်ရှင် အောင်မြင်စွာ ပြီးဆုံးသွားပါပြီ"
"ဆုလာဘ် ရရှိပါတယ်... မြောက်ပိုင်း အမြီးရှည် တောင်ငှက်ကလေးရဲ့ သံယောဇဉ်"
ထိုအချိန်တွင် စနစ်၏ အသိပေးသံက အချိန်ကိုက် ထွက်ပေါ်လာ၏။
ထိုအသံကို ကြားသောအခါ ရွှီယန်က ပြုံးလိုက်သည်။ နောက်ဆုံးတော့ ပြီးသွားခဲ့ပြီပဲ။
ထိုအချိန်တွင် အင်တာနက်သုံးစွဲသူ အများအပြားက လိုက်ဖ်ထဲတွင် ဝင်ရောက် သတိပေးနေကြ၏။
"လောင်ရွှီ... အမြန်ဖမ်းလိုက်တော့လေ... မင်းလက်ဖဝါးပေါ်တောင် ရောက်နေပြီကို"
"မြန်မြန် မဖမ်းဘူးလား"
အားလုံးက ရွှီယန်သည် သစ်သီးများကို မြှားစာအဖြစ် အသုံးပြုကာ မြောက်ပိုင်း အမြီးရှည် တောင်ငှက်ကလေးများကို လက်ဖြင့် ဖမ်းမည်ဟု ထင်နေကြခြင်း ဖြစ်သည်။
သို့သော် တကယ်တမ်းတွင် ရွှီယန်သည် ၎င်းတို့ကို ဖမ်းရန် လုံးဝ မတွေးထားခဲ့ချေ။ ထိုသို့ အကြမ်းဖက် ဖမ်းဆီးခြင်းက ငှက်ကလေးများကို ကြောက်လန့်သွားစေရုံသာ ရှိပေမည်။ ရွှီယန်က အနည်းငယ် လှုပ်ရှားလိုက်၏။
"ကျွန်တော် သူတို့ကို ဖမ်းဖို့ မရည်ရွယ်ပါဘူး... သစ်သီးလေး နည်းနည်း ကျွေးချင်ရုံ သက်သက်ပါ... ဒီအကောင်လေးတွေက တော်တော် ချစ်စရာ ကောင်းတယ်လေ"
ရွှီယန်၏ အသံက လိုက်ဖ်ထဲသို့ ထွက်ပေါ်လာသည်။
သူ ဤသို့ ပြောလိုက်သည်ကို ကြားသောအခါ ငှက်ဖမ်းရန် အကြံပေးနေသော အသံများလည်း ချက်ချင်းပင် ရပ်တန့်သွားကြတော့၏။ တကယ်တော့လည်း ဤသို့ပြုလုပ်ခြင်းက ပို၍ ကောင်းမွန်ပေသည်။
ရွှီယန်က ငှက်ကလေး နှစ်ကောင်ကို လက်ဖြင့် ပင့်ကာ မိမိ၏ မျက်လုံးရှေ့သို့ ယူဆောင်လာခဲ့သည်။ အကောင်လေး နှစ်ကောင်မှာ သစ်သီးစားရန်သာ အာရုံရောက်နေပြီး ရွှီယန်၏ လက်ဖဝါးပေါ်တွင် ရှိနေသည်ကိုပင် လုံးဝ သတိမထားမိကြချေ။
"ဒီအကောင်လေး နှစ်ကောင်က စွန်းဝူခုန်းလိုမျိုး ဒီမှာ ရောက်ဖူးကြောင်း စာရေးပြီး သေးပေါက်သွားဦးမလား မသိဘူး"
"ဟားဟား... သူတို့က လောင်ရွှီ ရဲ့ လက်ဖဝါးထဲကနေ လွတ်လမ်းမရှိတော့ဘူးပေါ့"
"ဒီလိုက်ဖ်လွှင့်သူက ဉာဏ်နီဉာဏ်နက် တကယ်များတာပဲ... တကယ်ကို အစွမ်းအစ ရှိတာ"
"အစ်ကိုယန်က တောင်ပေါ်မှာဆိုရင် တကယ်ကို အံ့မခန်းပဲ... အရမ်း ကျွမ်းကျင်တာ"
"ကြာကြာ ကြည့်လာတာနဲ့အမျှ သူ့ဆီမှာ တောင်ပေါ်တက်တဲ့ စွမ်းရည်တွေ အများကြီး ရှိတယ်ဆိုတာ သိလာရတယ်... တခြားလူတွေက အနည်းဆုံး နှစ်ယောက်လောက်မှ တောင်ပေါ်တက်ရဲကြတာကို သူက အမြဲတမ်း တစ်ယောက်တည်း တက်ရဲတာ အံ့သြစရာ မဟုတ်တော့ပါဘူး"
"မင်း ကျားသစ် တစ်ကောင်ကို မေ့နေပြီ ထင်တယ်"
အားလုံးက လိုက်ဖ်ထဲတွင် စကားစမြည် ပြောနေကြ၏။
မကြာမီမှာပင် မုန့်လုံးလေး နှစ်ကောင်က သစ်သီးများကို အကုန်အစင် စားသောက်သွားကြသည်။ ထို့နောက် ၎င်းတို့က ရွှီယန်၏ လက်ဖဝါးပေါ်တွင် ရပ်ကာ ရွှီယန်ကို ကြည့်နေကြ၏။
ဘာကြောင့်မှန်းမသိ ၎င်းတို့က ရွှီယန်မှာ 'ခြေနှစ်ချောင်း သတ္တဝါ' ဖြစ်ကြောင်း သိသော်လည်း ရင်းနှီးသည့် ခံစားချက်ကို ရရှိနေကြသည်။ ရွှီယန်၏ မျက်လုံးများထဲတွင် ၎င်းတို့ကို အန္တရာယ်ပေးမည့် အရိပ်အယောင် လုံးဝ မတွေ့ရချေ။
"သစ်သီး ကုန်သွားပြီ"
ရွှီယန်က ၎င်းတို့ကို သတိပေးလိုက်သည်။
ဤစကားကို ပြောပြီးသွားသော်လည်း ငှက်ကလေး နှစ်ကောင်က ထွက်မသွားကြသေးချေ။ ထိုသို့ဖြင့်ပင် ရွှီယန်ကို တုံးအအဖြင့် ကြည့်နေကြ၏။
"ဒီငှက်လေးနှစ်ကောင်က ဘာဖြစ်သွားတာလဲ... ကြောက်လန့်ပြီး ကြောင်သွားတာလား"
အင်တာနက်သုံးစွဲသူ အချို့က သံသယ ဝင်လာကြသည်။
ထိုအချိန်တွင် ရွှီယန်က အခြားလက်တစ်ဖက်မှ လက်ညှိုးဖြင့် မုန့်လုံးလေး၏ ခေါင်းလေးကို ညင်သာစွာ ပွတ်သပ်ပေးလိုက်၏။ အကောင်လေး နှစ်ကောင်က လုံးဝ မရုန်းကန်ကြချေ။
"သူတို့ ကျွန်တော့်ကို သိပ်မကြောက်ကြဘူးထင်တယ်"
ရွှီယန်က လိုက်ဖ်ကြည့်နေသည့် ပရိသတ်များကို ရှင်းပြလိုက်သည်။
သူက မုန့်လုံးလေး နှစ်ကောင်ကို လက်ဖဝါးပေါ် တင်ကာ ရှေ့သို့ ဆက်လျှောက်သွားလိုက်၏။
ကျားသစ်ပေါက်လေးက အမြန်လိုက်လာပြီး တစ်ခါတစ်ရံ ခေါင်းမော့ကာ ကြည့်တတ်ပြီး ရွှီယန်၏ လက်ထဲတွင် အရသာရှိသော အစားအစာများ ရှိနေသည်ဟု ထင်မှတ်နေပုံရသည်။
ဤအရာများကိုတော့ ကျားသစ်ပေါက်လေးကို ကျွေး၍ မရနိုင်ချေ။ ချစ်စရာကောင်းသော မုန့်လုံးလေး နှစ်ကောင်၏ သံယောဇဉ်ကို အလွန်ခက်ခဲစွာ ရယူထားရခြင်းဖြစ်ရာ အကယ်၍ ကျားသစ်ပေါက်လေး စားသွားပါက တကယ်ကို အရှုံးကြီး ရှုံးသွားမည် ဖြစ်သည်။
"လိုက်ဖ်လွှင့်သူ... ခင်ဗျား မှော်ပညာ တစ်ခုခုများ သုံးလိုက်တာလား"
"ဘာလို့ မုန့်လုံးလေးတွေက ထွက်မပြေးကြတာလဲ"
"ဟာ... ဒီလိုနဲ့ပဲ သိမ်းသွင်းလိုက်နိုင်ပြီလား"
"ကျွန်တော့်အိမ်မှာလည်း သစ်သီးလေးတွေ ရှိတယ်... ခဏနေရင် စာကလေး နှစ်ကောင်လောက် လက်ပေါ် လာနားမလား သွားစမ်းကြည့်လိုက်ဦးမယ်"
တစ်နာရီခန့် အကြာတွင်...
"လခွမ်း... လိုက်ဖ်လွှင့်သူက ကျွန်တော့်ကို လိမ်တယ်... ကျွန်တော် ခြံထဲမှာ သစ်သီးကိုင်ပြီး တစ်နာရီလောက် ရပ်နေတာတောင် စာကလေး တစ်ကောင်မှ ဆင်းမလာဘူး... သူတို့က ကျွန်တော့်ကို အရူးတစ်ယောက်လို ကြည့်သွားကြတာ"
လိုက်ဖ်ထဲတွင် အမြဲတမ်း စည်ကားနေတတ်၏။
ရွှီယန်သည် မုန့်လုံးလေးများကို လက်ပေါ်တင်ကာ ခဏမျှ လမ်းလျှောက်ပြီးနောက် ၎င်းတို့ကို အလွတ်ပေးလိုက်ပြီး လွတ်လပ်စွာ သွားလာခွင့် ပြုလိုက်သည်။
အကောင်လေး နှစ်ကောင်က သစ်ကိုင်းပေါ်တွင် နားကာ ရွှီယန်ကို ကြည့်နေကြ၏။ ၎င်းတို့က တောအုပ်ထဲတွင် လွတ်လပ်စွာ လှုပ်ရှားသွားလာနေဆဲ ဖြစ်သော်လည်း တစ်ခါတစ်ရံတွင်မူ ရွှီယန်၏ ပခုံးပေါ်သို့ ကိုယ်တိုင် လာနားတတ်ကြသည်။
ဟိုမြေခွေးပေါက်လေး သုံးကောင်ကဲ့သို့ပင် တောအုပ်ထဲတွင် နေ့တိုင်း ဆော့ကစားနေကြပြီး ပျင်းလာပါက လယ်ယာခြံဝင်းသို့ လာကာ မုန့်စားတတ်ကြသည် မဟုတ်ပါလား။
ရွှီယန်ကလည်း ၎င်းတို့ကို ကန့်သတ်ချုပ်ချယ်ရန် မတွေးထားဘဲ ၎င်းတို့ သဘောကျသလို နေခွင့်ပြုထားလိုက်၏။ လွှတ်ပေးထားခြင်းကလည်း မေတ္တာ တစ်မျိုးပင် ဖြစ်သည်။
ရွှီယန်က တောင်ပေါ်တွင် ဆက်လက် လှည့်လည်နေလိုက်သည်။ ဤနေရာမှာ သူ တစ်ခါမျှ မရောက်ဖူးသေးသော နယ်မြေပင် ဖြစ်၏။
သူက လမ်းအခြေအနေကို စစ်ဆေးကာ တောင်ပေါ်တက်သည့် လမ်းကြောင်းကို တွက်ချက်ရင်း ပတ်ဝန်းကျင် အခြေအနေကိုလည်း မှတ်သားနေလိုက်သည်။
ခဏ လမ်းလျှောက်လိုက်ပြီးနောက် ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို အသုံးပြုလိုက်၏။
သို့သော် ဤကဲ့သို့ ရွာနှင့် နီးသော တောရိုင်းတောင်များတွင် လူတို့ ရှာဖွေတွေ့ရှိနိုင်သော ဂျင်ဆင်းများ ရှိရန်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။
လွန်ခဲ့သော ဆယ်နှစ် နှစ်ဆယ်ခန့် တောရိုင်းဂျင်ဆင်း တူးဖော်မှု အလွန်များပြားခဲ့သော ကာလများတွင် ဤနေရာများကို လူများက အကုန်အစင် ရှာဖွေခဲ့ပြီးဖြစ်ရာ နောက်ထပ် ရှိနိုင်တော့မည် မဟုတ်ချေ။
ယခုနှစ်များတွင်မူ စိုက်ပျိုးရေး ဂျင်ဆင်းများ အများအပြား ဈေးကွက်သို့ ဝင်ရောက်လာခြင်းကြောင့် တောရိုင်းဂျင်ဆင်း အရေအတွက် ပို၍ပို၍ နည်းပါးလာပြီး ဂျင်ဆင်းတူးသူများလည်း နည်းပါးသွားခြင်း ဖြစ်သည်။
သို့သော် သူက အခြားသော ပစ္စည်းကောင်းများကိုမူ ရှာတွေ့နိုင်ဆဲပင်။ ဥပမာ - မှိုများ... လင်ဇီးများနှင့် ဆေးပင်များ စသည်တို့ ဖြစ်သည်။
ယခုအခါ ချန်ပိုင်တောင်တန်းတွင် ဗီဒီယိုရိုက်ကူးသော တောတောင်ရှာဖွေသူ အများစုမှာ ဂျင်ဆင်းတူးသည့် ဗီဒီယိုများကိုသာ အဓိကထား ရိုက်ကူးကြပြီး ထိုသို့ရိုက်ကူးခြင်းက လူကြိုက်ပိုများမည်ဟု ထင်မှတ်ကြသည်။
တကယ်တမ်းတွင် ထိုအရာများ အားလုံးမှာ ကိုယ်ပိုင် ခြံဝင်းထဲရှိ တောင်ပေါ်တွင် တူးဖော်ကြခြင်းဖြစ်ပြီး တောင်ပေါ်တွင် စိုက်ပျိုးထားသော ဂျင်ဆင်းများ အများအပြား ရှိနေကာ ဗီဒီယို ရိုက်ကူးရန်အတွက်သာ တမင်တကာ လုပ်ဆောင်ကြခြင်း ဖြစ်သည်။
သို့သော် ထိုသို့ ရိုက်ကူးခြင်းက အလွန် တုပလွန်းသဖြင့် ကြည့်ရှုသူ များများစားစား မရှိလှပေ။ ရွှီယန်ကဲ့သို့ ဂျင်ဆင်းကို အလွယ်တကူ ရှာမတွေ့ဘဲ အခြား တောင်ထွက်ပစ္စည်းများကိုသာ ရှာတွေ့သည့် ဗီဒီယိုများကသာ ပို၍ အစစ်အမှန်နှင့် တူပေသည်။
မကြာမီမှာပင် ရွှီယန်သည် ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် ညွှန်ပြသော နေရာတစ်ခုသို့ ရောက်ရှိသွားတော့၏။
သူက သေချာစွာ ကြည့်ရှုလိုက်ရာ မြေကြီးနှင့် သစ်ရွက်ဆွေးများ ကြားတွင် ပြန့်ကျဲနေသော အစိမ်းရောင် အလုံးလေးများကို တွေ့လိုက်ရသည်။
"နောက်ဆုံးတော့ ပစ္စည်းကောင်းလေး တွေ့ပြီ... ဒီနေ့ လာရကျိုးနပ်သွားပြီပဲ"
"ဟိုဘက်ကို ကြည့်လိုက်... ချန်ပိုင်တောင်တန်းက တောရိုင်း ဆောင်းသစ်ကြားသီး တွေလေ"
"ငယ်ငယ်တုန်းက အရမ်း ကြိုက်ခဲ့တာ... မီးဖိုထဲ ထည့်ကင်ပြီး မှည့်သွားတဲ့အခါ ဓားနဲ့ခွဲပြီး အထဲက အသားကို ကော်စားရတာ တကယ်ကို အရသာရှိတယ်"
"ဒီသစ်ကြားသီးက ဈေးကွက်မှာလည်း လူကြိုက်များတယ်"
"ပုံမှန်ဆိုရင် ၉ လပိုင်းလောက်မှ မှည့်တာ... အခုမှ ၈ လပိုင်းပဲ ရှိသေးတယ်ဆိုတော့ ဒီဘက်က သစ်ကြားသီးတွေက စောစော မှည့်တာပဲ"
"တစ်လ နှစ်လလောက် စောမှည့်ရင် ဈေးပိုရနိုင်တယ်"
ရွှီယန်က ပြုံးရင်း ပြောလိုက်သည်။
သူက ခြင်းတောင်းကို ချထားကာ မြေကြီးပေါ်ရှိ သစ်ကြားသီးများကို စတင် ကောက်ယူလိုက်၏။ သန့်ရှင်းပြီး ရုပ်ထွက်ကောင်းသော အရာများ အားလုံးကို ခြင်းတောင်းထဲသို့ ထည့်လိုက်သည်။ သဘာဝတရား၏ လက်ဆောင်များကို ကျေးဇူးတင်ရမည့် အချိန် ရောက်လာပြန်ပြီ ဖြစ်၏။
"လောင်ရွှီ က ပစ္စည်းကောင်း ထပ်တွေ့ပြန်ပြီ"
"တောရိုင်း သစ်ကြားသီး... တကယ်ကို စားကောင်းတယ်... ဒါပေမဲ့ ဒီသစ်ကြားသီးကို ခွဲရတာ အရမ်း ခက်တယ်... ကျွန်တော် ငယ်ငယ်တုန်းကဆိုရင် အိမ်တံခါးမှာညှပ်ပြီး ခွဲတာ တံခါးတောင် ပျက်သွားသေးတယ်"
"ကြည့်နေရင်းနဲ့တောင် တောရိုင်း သစ်ကြားသီး စားချင်လာပြီ... အရမ်း သတိရတာပဲ"
"တောင်ပေါ်က တကယ်ကို ကောင်းတာပဲ... တောင်ပေါ်တက်ရုံနဲ့ ပိုက်ဆံရှာလို့ ရနေပြီ"
"ပိုက်ဆံရှာချင်ရင် အမြန်သွားလေ... ကျွန်တော်က ဒေသခံပါ... တောနက်ထဲတော့ လုံးဝ မဝင်ရဲဘူး... ဝက်ဝံတွေ ကျားတွေက နောက်ပြောင်စရာ ကိစ္စ မဟုတ်ဘူးနော်"
ရွှီယန်က ဤနေရာတွင် သစ်ကြားသီးများ ကောက်ယူနေပြီး ကျားသစ်ပေါက်လေးကလည်း ဘေးတွင် ဆော့ကစားနေ၏။ အဖြူရောင် မုန့်လုံးလေး နှစ်ကောင်ကလည်း ရွှီယန်၏ အနောက်သို့ လိုက်ပါလာကြသည်။ ၎င်းတို့က သစ်ကိုင်းပေါ်တွင် နားကာ ချစ်စရာ ကောင်းနေကြ၏။ မြင်ကွင်းမှာ အမြဲတမ်းလိုလို လှပနေတော့သည်။