အခန်း ၉၈
Vol. 10 Ch. 98
အခန်း (၉၈) လောင်ရွှီ... မင်းခေါင်းပေါ်မှာ ငှက်တစ်ကောင် ပေါက်နေတယ်
ခြင်းတောင်းထဲရှိ သစ်ကြားသီးများက ကောက်လေ များလေ ဖြစ်လာသည်။
ဆောင်းဦးရာသီမှသာ မှည့်တတ်သော သစ်ကြားသီးများက ဤနေရာတွင်တော့ အတော်လေး များပြားနေ၏။
တောင်ထွက်ပစ္စည်း ဈေးကွက်သို့ နောက်တစ်ခေါက် သွားရန် အနေတော်ပင် ဖြစ်သည်။
"ဒီတောင်ပေါ်မှာ နှစ်ခေါက် ဆက်တိုက် လျှောက်ကြည့်ပြီးပြီ... ဒီတောင်က ထွက်ကုန်တွေ တော်တော် ပေါကြွယ်ဝတာပဲ"
"မှိုတွေ... သစ်ကြားသီးတွေ... တောသစ်သီးတွေနဲ့ ဆေးပင်တွေ ရှိတယ်"
"ပြီးတော့ ကျားသစ်နဲ့ တောဝက်ကလွဲရင် အာရှဝက်ဝံမည်းတွေ ဝက်ဝံညိုတွေ သွားလာလှုပ်ရှားနေတဲ့ အရိပ်အယောင် လောလောဆယ် မတွေ့ရသေးဘူး"
"အတော်လေးတော့ လုံခြုံပါတယ်"
ရွှီယန်က သစ်ကြားသီး နှစ်လုံးကို ခြင်းတောင်းထဲ ထည့်ရင်း ပြောလိုက်သည်။
ဤတောင်မှာ သူ၏ လယ်ယာခြံဝင်းနှင့် နီးကပ်သဖြင့် တောင်ပေါ်ရှိ ယေဘုယျ အခြေအနေကို သေချာစွာ စူးစမ်းထားရမည် ဖြစ်၏။
တောင်တစ်လုံးနှင့် တစ်လုံးမှာ မတူညီကြပေ။
အချို့တောင်များတွင် သစ်ပင်များသာ ထူထပ်စွာ ပေါက်ရောက်နေပြီး အပင်မျိုးစိတ် မများပြားသလို တောသစ်သီးများလည်း မရှိသဖြင့် တိရစ္ဆာန်များ သွားလာလှုပ်ရှားသည့် အရိပ်အယောင်လည်း အလွန် နည်းပါးပေသည်။
တိရစ္ဆာန်များသည်လည်း လူများကဲ့သို့ပင် ထွက်ကုန် ပေါကြွယ်ဝသော ဧရိယာများတွင် နေထိုင်လိုကြ၏။
ဤတောင်မှာ အလွန် အနေတော် ဖြစ်သည်။
မကြာမီမှာပင် ခြင်းတောင်းမှာ တောရိုင်း သစ်ကြားသီးများဖြင့် ပြည့်သွားတော့၏။
ရွှီယန်က ဆောင့်ကြောင့်ထိုင်ချကာ ခြင်းတောင်းကို လွယ်လိုက်သည်။
ပြောစရာမလိုအောင်ပင် သစ်ကြားသီး အပြည့်ပါသော ခြင်းတောင်းမှာ အတော်လေး လေးလံလှ၏။
ကျောက်တုံးကြီး တစ်တုံးကို လွယ်ထားရသကဲ့သို့ ခံစားရသည်။
"တော်တော်လေး လေးတာပဲ... ကောက်တာ နည်းနည်း များသွားတယ်"
"ခြင်းတောင်း ခံနိုင်ရည်ရှိဖို့ မျှော်လင့်ရတာပဲ"
ရွှီယန်က ညည်းတွားလိုက်သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အင်တာနက်သုံးစွဲသူများလည်း စိတ်ထဲမှ လေးစားသွားကြ၏။
"လိုက်ဖ်လွှင့်သူက ခွန်အား ကောင်းတာပဲ... သစ်ကြားသီး တစ်တောင်းက အရမ်း လေးတာ... ငါ့အထင် အနည်းဆုံး ၂၅ ကီလိုဂရမ် ၃၀ ကီလိုဂရမ် လောက်တော့ ရှိမယ်"
"တောင်ပေါ် ခဏခဏ တက်တဲ့ တောတောင်ရှာဖွေသူတွေက ခွန်အား မကောင်းလို့ ဘယ်ရမလဲ"
"ဒီလိုက်ဖ်လွှင့်သူက ရပ်နေတဲ့ ပုံစံကို ကြည့်ရုံနဲ့တင် အရမ်း သန်မာမှန်း သိသာတယ်"
"တကယ့်ကို အစွမ်းထက်တဲ့ လူပဲ"
"အစ်ကိုယန် လို့ ခေါ်ကြ"
ရွှီယန်၏ ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် အသုံးပြုခွင့် တစ်ကြိမ် ကျန်နေသေးသဖြင့် တစ်ခါတည်း အသုံးပြုလိုက်၏။
ခွေးတောက်ရွက်ခင်း တစ်ခု ဖြစ်နေသည်။
သို့သော် အတော်လေး ရင့်နေသော ခွေးတောက်ရွက်များသာ ဖြစ်ပြီး လတ်ဆတ်သည်များက အနည်းငယ်သာ ရှိသည်။
ခွေးတောက်ရွက် စားချင်လာပါက လာရောက် တူးယူ၍ ရနိုင်ပေသည်။
"ခွေးတောက်ရွက် ရှိတဲ့နေရာ... သစ်ကြားသီး ရှိတဲ့နေရာ... အကုန်လုံး မှတ်ထားလိုက်ပြီ"
ရွှီယန်က စိတ်ထဲမှ တွေးလိုက်သည်။
ဤသည်မှာ အတော်လေး အဆင်ပြေလှ၏။
နောင်တွင် အချိန်တစ်ခုရောက်ပါက တောင်ပေါ်တက်၍ တိုက်ရိုက် လာတူးနိုင်ပေသည်။
ရွှီယန်သည် လယ်ယာခြံဝင်းသို့ ပြန်ရန် ပြင်ဆင်လိုက်သည်။
လာရာလမ်းအတိုင်း ပြန်လျှောက်ရဦးမည် ဖြစ်၏။
ရှေ့လမ်းကို မသိရသည့် အခြေအနေမျိုးတွင် လာရာလမ်းအတိုင်း ပြန်ခြင်းက အလုံခြုံဆုံး နည်းလမ်းပင် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ သူက လယ်ယာခြံဝင်းသို့ ပြန်ရမည် မဟုတ်ပါလား။
ယခင်က တောနက်ကြီးထဲတွင် သွားရမည့် ခရီးပန်းတိုင် မရှိပါက အနီးဆုံး တောင်ပတ်လမ်းကို ရှာဖွေပြီး ကားငှားကာ ပြန်လေ့ရှိ၏။
"အချိန်တော်လောက်ပြီ... ပြန်ရတော့မယ်"
"ပြန်ရောက်ရင် ညနေပိုင်း တောင်ထွက်ပစ္စည်း ဈေးကွက်ကိုတောင် အမီ သွားလို့ရသေးတယ်"
"ခြောက်နာရီကျော်ဆိုတာ အစည်ကားဆုံး အချိန်လေ"
ရွှီယန်က တစ်လမ်းလုံး ပြန်လျှောက်လာခဲ့သည်။
ကျားသစ်ပေါက်လေးက ချက်ချင်း လိုက်ပါလာ၏။
အကောင်ပေါက်လေးက ခွန်အားလည်း ကောင်းမွန်ရာ တစ်နေ့လုံး ကစားထားသော်လည်း အလွန် တက်ကြွလန်းဆန်းနေဆဲ ဖြစ်သည်။
စမ်းချောင်းလေး တစ်ခုကို ဖြတ်သွားသောအခါ ရွှီယန်က ရပ်တန့်လိုက်ပြီး ကျားသစ်ပေါက်လေးကို ရေအနည်းငယ် တိုက်လိုက်ပြီးမှ ဖြည်းညင်းစွာ ဆက်လျှောက်လာခဲ့၏။
သစ်ကြားသီး တစ်တောင်းကို လွယ်ထားရသဖြင့် ရွှီယန်၏ ခြေလှမ်းများက အနည်းငယ် လေးလံနေသော်လည်း စိတ်ခံစားမှုကမူ ပေါ့ပါးနေသည်။
ဤမျှများပြားသော သစ်ကြားသီးများက အကြီးအကျယ် အကျိုးအမြတ် ရရှိခြင်းပင် ဖြစ်၏။
တောတောင်ရှာဖွေသူများအတွက် တမင်ရှာ၍မရနိုင်သော အရာမျိုး ဖြစ်သည်။
လုံးဝကို ဝမ်းသာပျော်ရွှင်စရာ ကောင်းသော ကိစ္စတစ်ရပ်ပင်။
မုန့်လုံးလေး နှစ်ကောင်ကလည်း ရွှီယန်၏ အနောက်မှ တကောက်ကောက် လိုက်ပါလာဆဲ ဖြစ်၏။
ပျံသန်းရသည်မှာ ပင်ပန်းသွား၍ထင်သည်။ ၎င်းတို့က နေရာတစ်ခု ရှာကာ အနားယူရန် ရည်ရွယ်ထားပုံရသည်။
မုန့်လုံးလေး တစ်ကောင်က ရွှီယန် လွယ်ထားသည့် သစ်ကြားသီးများပေါ်သို့ မျက်စိကျသွားပြီး စမ်းသပ်သည့် သဘောဖြင့် ဝင်ရပ်ကြည့်လိုက်ရာ အနည်းငယ် လှုပ်ခါနေသော်လည်း ရပ်၍ရသဖြင့် ထိုနေရာတွင်ပင် လှဲချကာ အနားယူလေတော့သည်။
အခြား မုန့်လုံးလေး တစ်ကောင်ကမူ ရွှီယန်၏ ကောက်ရိုးဦးထုပ်ကို မျက်စိကျသွားပြီး ဦးထုပ်ပေါ်သို့ တိုက်ရိုက် လာနားရာ ကင်းထောက်စစ်သား တစ်ယောက်နှင့်ပင် တူနေတော့၏။
ပုံစံလေးက အလွန် ချစ်စရာ ကောင်းလှသည်။
ဤမြင်ကွင်းကို ဒရုန်း၏ ကင်မရာက ဖမ်းယူရိုက်ကူးနိုင်ခဲ့၏။
အင်တာနက်သုံးစွဲသူများမှာ ချက်ချင်းပင် ရယ်မောသွားကြတော့သည်။
"လောင်ရွှီ... မင်းခေါင်းပေါ်မှာ ငှက်တစ်ကောင် ပေါက်နေတယ်"
"ဒါက စကားပုံထဲက ခေါင်းပေါ် ငှက်ရောက်နေတာ မျိုးများလား"
"ဟားဟား... ဒီအကောင်လေးက နေရာရှာတတ်တာပဲ"
"ဒါက လိုက်ဖ်လွှင့်သူအတွက် ကင်းစောင့်ပေးဖို့လား"
မုန့်လုံးလေး နှစ်ကောင်မှာ တကယ်ကို ချစ်စရာ ကောင်းလှ၏။
ပထမ မုန့်လုံးလေးမှာ မူလက ခြင်းတောင်းပေါ်တွင် ရှိနေသော်လည်း ကောက်ရိုးဦးထုပ်ပေါ်တွင် နေရာလွတ် ရှိနေသေးသည့်အပြင် မြင်ကွင်းလည်း ပိုကောင်းသဖြင့် အတောင်ပံ ခတ်ကာ ရွှီယန်၏ ခေါင်းပေါ်သို့ ပျံသန်း လာနားတော့သည်။
ရွှီယန်က အကောင်လေး နှစ်ကောင် ရှိနေကြောင်း ခံစားသိရှိနေ၏။
သူက တတ်နိုင်သမျှ ခေါင်းကို ဖြောင့်မတ်အောင် ထားပြီး လျှောက်မယမ်းဘဲ နေလိုက်သည်။
ထိုသို့ဖြင့် ငှက်ကလေး နှစ်ကောင်ကို ခေါင်းပေါ်တင်ကာ အပြန်လမ်းကို ဆက်လျှောက်လာခဲ့၏။
တောတောင်ရှာဖွေသည့် အဖွဲ့လေးမှာ ပို၍ ကြီးမားလာပြန်ပြီ ဖြစ်သည်။
ချစ်စရာကောင်းသော အကောင်လေး နှစ်ကောင် တိုးလာခဲ့၏။
ဤအကောင်လေး နှစ်ကောင်ကလည်း ရွှီယန်ကို အားကိုးသွားသကဲ့သို့ ထွက်မသွားကြတော့ချေ။
မည်သို့ပင်ဖြစ်စေ တောင်ငှက်ကလေးများမှာ မျိုးပွားချိန်တွင် အသိုက်ဖွဲ့သည်မှလွဲ၍ ယေဘုယျအားဖြင့် အတည်တကျ နေထိုင်လေ့မရှိဘဲ ပျံသန်းရောက်ရှိရာ နေရာတွင် နေထိုင်လေ့ရှိကြသည်။
နားခိုစရာ နေရာတစ်ခု ရရှိခြင်းကလည်း မဆိုးလှပေ။
စည်းကမ်းတကျ နေထိုင်ရသည့် ဘဝမျိုးကို စမ်းသပ်ကြည့်ခြင်းပင်။
ရွှီယန်က တစ်လှမ်းချင်း ရှေ့သို့ လျှောက်သွားနေပြီး ကျောပေါ်မှ ဝန်က အလွန် လေးလံနေသော်လည်း စိတ်ထဲတွင်မူ ပေါ့ပါးနေ၏။
သူ့အတွက် အကြီးမားဆုံးသော အကျိုးအမြတ်မှာ ဤသစ်ကြားသီး တစ်တောင်း မဟုတ်ဘဲ သူနှင့် ရင်းနှီးသွားသော ငှက်ကလေး နှစ်ကောင်သာ ဖြစ်သည်။
ဤသည်မှာ တကယ်ကို မမျှော်လင့်ထားသော ဝမ်းသာစရာ ကိစ္စတစ်ခုပင်။
သူ၏ လယ်ယာခြံဝင်းသို့ တစ်ခါတစ်ရံတွင် အမြီးရှည် တောင်ငှက်ကလေးများ လာရောက်တတ်ကြပြီး ထိုအကောင်လေးများက ခြံစည်းရိုးပေါ်တွင် တစ်တန်းတည်း တန်းစီ၍ ပြွတ်သိပ် ရပ်နေတတ်ကြသည်။
အဖြူရောင် သိုးမွေးလုံးလေးများနှင့်ပင် တူနေတော့၏။
ထိုအချိန်ကတည်းက ရွှီယန်သည် "ငါသာ နှစ်ကောင်လောက် မွေးထားနိုင်ရင် သိပ်ကောင်းမှာပဲ" ဟု တွေးခဲ့ဖူးသည်။
ယခုတော့ တကယ်ပင် ရောက်လာခဲ့ပြီ ဖြစ်၏။
အပြန်လမ်းမှာ သိပ်သွားမကောင်းလှဘဲ တစ်ခါတစ်ရံ တောင်ဆင်းလမ်းက အတော်လေး မတ်စောက်သဖြင့် အချိန်တိုင်း သတိထားနေရသည်။
အထူးသဖြင့် သစ်ကြားသီး တစ်တောင်းကို လွယ်ထားရချိန်မျိုးတွင် ဖြစ်၏။
ကံကောင်းသည်မှာ သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှု အလွန် ကောင်းမွန်သဖြင့် နှစ်နာရီခန့် လမ်းလျှောက်ပြီးနောက် တောအုပ်ထဲမှ ဖြည်းညင်းစွာ ထွက်လာနိုင်ခဲ့ပြီး တောင်ခါးပန်းမှနေ၍ သူ၏ လယ်ယာခြံဝင်းကိုပင် မြင်နေရပြီ ဖြစ်သည်။
"နောက်ဆုံးတော့ အပြင်ရောက်တော့မယ်... တောင်ပေါ်က လမ်းတွေက တကယ်ကို သွားရခက်တာပဲ"
"ဒီနေ့ လိုက်ဖ်ကို ဒီမှာပဲ ရပ်လိုက်တော့မယ်... ခဏနေရင် တောင်ထွက်ပစ္စည်း ဈေးကွက်မှာ သစ်ကြားသီး သွားရောင်းမလို့"
"ရောင်းရတာ အရမ်း မြန်မယ်လို့ ထင်တယ်"
ရွှီယန်က လိုက်ဖ်ထဲရှိ ပရိသတ်များကို ပြောလိုက်သည်။
"လောင်ရွှီ... သစ်ကြားသီး ရောင်းတဲ့ မြင်ကွင်းကိုလည်း လိုက်ဖ်လွှင့်ပါလား"
"ဟုတ်တယ်... တောင်ထွက်ပစ္စည်း ဈေးကွက်က အတော်လေး စိတ်ဝင်စားစရာ ကောင်းတယ်"
"ကျွန်တော်တို့က အစစ်အမှန် တောင်ထွက်ပစ္စည်း ဈေးကွက်ကို ကြည့်ချင်တာ"
အားလုံးက အသီးသီး တုံ့ပြန်ကြ၏။
ရွှီယန်က ကွန်မန့်များကို မြင်သောအခါ ပြုံးရင်း ပြောလိုက်သည်။
"ကောင်းပါပြီ... ဒါဆို ကျွန်တော် လိုက်ဖ် အရင်ပိတ်လိုက်မယ်... ခဏနေမှ ပြန်ဖွင့်မယ်နော်"
"ပြန်ပြီး ခဏလောက် အနားယူ ပြင်ဆင်လိုက်ဦးမယ်"
"အဲဒီမတိုင်ခင် ကျားသစ်ပေါက်လေးကို အရင် ပြန်ပို့ရဦးမယ်"
ထို့နောက် ရွှီယန်က လိုက်ဖ်ကို ပိတ်လိုက်၏။
ပြီးနောက် ကျားသစ်ပေါက်လေးကို ခေါ်ကာ မိခင်ကျားသစ်မကြီး ရှိရာသို့ သွားရှာလေသည်။
မိခင်ကျားသစ်မကြီး အနားယူသော နေရာမှာ ပုံသေဖြစ်ပြီး ဤနေရာဝန်းကျင်တွင်သာ ဖြစ်နိုင်ခြေ အများဆုံး ဖြစ်၏။
ရွှီယန်က ထိုနေရာသို့ ဝင်ရောက်သွားပြီး တားဟွာ ကို အသံကျယ်ကျယ်ဖြင့် စတင် ခေါ်လိုက်သည်။
အချက်အနည်းငယ် အော်ခေါ်လိုက်ပြီးနောက် မိခင်ကျားသစ်မကြီးက တောအုပ်ထဲမှ ပြေးထွက်လာသည်ကို မြင်လိုက်ရ၏။
သူမ ပြေးလာပုံက အလွန် သွက်လက်ပေါ့ပါးပြီး ထူထဲသော ခြေသည်းများဖြင့် မြက်ခင်းကို နင်းလိုက်ရာ စပရိန်ဖိနပ် စီးထားသကဲ့သို့ အလွန် အဟုန်ပြင်းလှပေသည်။
ရွှီယန်၏ ကလေးထိန်း ခရီးစဉ် ပြီးဆုံးသွားပြီ ဖြစ်၏။
ကလေးကို ပြန်ပေးရမည့် အချိန် ရောက်ပြီ ဖြစ်သည်။
မိခင်ကျားသစ်မကြီးမှာ အလွန် ပျော်ရွှင်နေပြီး ကလေးထိန်းပေးသည့် ခြေနှစ်ချောင်း သတ္တဝါ ရှိသဖြင့် သူမကိုယ်တိုင်လည်း အနည်းငယ် အနားရခဲ့သည် မဟုတ်ပါလား။
ကျားသစ်များသည် ယေဘုယျအားဖြင့် တစ်ကောင်တည်း နေထိုင်လေ့ရှိပြီး အေးအေးချမ်းချမ်း နေထိုင်ရသည်ကို သဘောကျကြသည်။
ကလေးရလာသောအခါ ကလေးကို စောင့်ရှောက်နေရသဖြင့် ကိုယ်ပိုင် လွတ်လပ်ချိန် မရှိတော့ချေ။
"ကလေးကို ပြန်ပေးပြီနော်... ငါသွားတော့မယ်"
ရွှီယန်က ကျားသစ်ကြီး၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။
ကျားသစ်ကြီးကလည်း သူမ၏ ခေါင်းဖြင့် ရွှီယန်၏ ခန္ဓာကိုယ်ကို လာရောက် ပွတ်သီးပွတ်သပ် ပြုလုပ်လေ၏။
ရွှီယန်က ကျားသစ် နှစ်ကောင်ကို နှုတ်ဆက်လိုက်သည်။
ထို့နောက် သစ်ကြားသီး တစ်တောင်းကို လွယ်ကာ အဖြူရောင် မုန့်လုံးလေး နှစ်ကောင်ကို ခေါ်ဆောင်၍ လယ်ယာခြံဝင်းသို့ တောက်လျှောက် ပြန်လာခဲ့၏။
တောင်ခြေသို့ ရောက်သည်နှင့် ခွေးလေးနှစ်ကောင်က မြားတစ်စင်းကဲ့သို့ သူ့ဆီသို့ ပြေးလာသည်ကို မြင်လိုက်ရသည်။
မာလီနွိုက်ခွေး၏ အမြန်နှုန်းက အလွန် မြန်ဆန်လှရာ ဝှစ် ခနဲဆို ပြေးထွက်သွားသည်ကို မြင်လိုက်ရ၏။
ရှောင်ဟေး၏ အမြန်နှုန်းက အနည်းငယ် နှေးကွေးပြီး ပြေးရင်းဖြင့် ဝုတ်ဝုတ် ဟု အော်ဟောင်နေရာ မာလီနွိုက်ခွေးကို ဆဲဆိုနေပုံရသည်။
အကောင်လေး နှစ်ကောင်မှာ ပုံမှန်အားဖြင့် ဆက်ဆံရေး ကောင်းမွန်သော်လည်း အစွမ်းပြခွင့် ရသည်နှင့် မာလီနွိုက်ခွေးက တစ်ရာနှစ်ဆယ် ရာခိုင်နှုန်းခန့် အစွမ်းပြလေ့ရှိ၏။
ရှောင်ဟေးမှာ ဘာပြောရမှန်းပင် မသိတော့ချေ။
"မင်းပဲ မျက်နှာသာပေးခံရအောင် လုပ်နေလိုက်... ဘယ်သူက မင်းကို ယှဉ်နိုင်မှာလဲ"
တောရွာရှိ ခွေးများက သခင်ကို ဆီးကြိုခြင်းမှာ အလွန် ပုံမှန်ကိစ္စ တစ်ခုပင်။
ယခင်က ရွှီယန် မြို့နယ်လေးတွင် အလယ်တန်း တက်စဉ်ကရော မြို့ပေါ်တွင် အထက်တန်း တက်စဉ်ကပါ စနေတနင်္ဂနွေ အိမ်ပြန်ရောက်တိုင်း တာ့ဟွမ် က အမြဲတမ်း စောစောစီးစီး လာကြိုလေ့ရှိသည်။
ထိုအချိန်က တာ့ဟွမ် မှာ သေးသေးလေးသာ ရှိသေး၏။
ယခုတော့ ၎င်း၏ သားဖြစ်သူ ရှောင်ဟေးက ရွှီယန်ကို လာကြိုနေပြီ ဖြစ်သည်။
မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းခြင်းပင် ဖြစ်၏။
"လာ... အိမ်ပြန်မယ်... ခဏနေရင် ငါနဲ့ တောင်ထွက်ပစ္စည်း ဈေးကွက်ကို လိုက်ခဲ့"
ရွှီယန်က ခွေးလေးနှစ်ကောင်ကို ခေါ်ကာ ရှေ့သို့ လျှောက်သွားလိုက်သည်။
တောင်ထွက်ပစ္စည်း ဈေးကွက် ဆိုသည့် စကားလုံးကို ကြားသောအခါ အကောင်လေး နှစ်ကောင်၏ အမြီးများက အဆက်မပြတ် လှုပ်ယမ်းသွားကြ၏။
၎င်းတို့က ရိုးရှင်းသော နေရာအမည်များကို နားလည်ကြပြီး အပြင်ထွက်ရမည်ကို သိသဖြင့် ပျော်ရွှင်နေကြခြင်း ဖြစ်သည်။
လယ်ယာခြံဝင်းသို့ ပြန်ရောက်သောအခါ ရွှီယန်က ခြင်းတောင်းကို လျှပ်စစ် သုံးဘီးဆိုင်ကယ်ပေါ် တင်လိုက်သည်။
မုန့်လုံးလေး နှစ်ကောင်မှာ မည်သည့်နေရာသို့ ပျံသန်းသွားသည် မသိရဘဲ လယ်ယာခြံဝင်း၏ ပတ်ဝန်းကျင်ကို အကဲခတ်နေကြပုံရ၏။
သမင်ပြောက်မှာ ဒဏ်ရာကို ကုသနေဆဲဖြစ်သော်လည်း လက်တွေ့တွင် ၎င်း၏ ဒဏ်ရာက လုံးဝ ပြန်ကောင်းသွားပြီဖြစ်ပြီး ရောင်ရမ်းခြင်းလည်း မရှိတော့သဖြင့် အစောကြီးကတည်းက ထွက်သွား၍ ရနေပြီ ဖြစ်သည်။
ယခုအခါ ၎င်းဘာသာ မသွားချင်၍ နေနေခြင်း သက်သက်သာ ဖြစ်၏။
မည်သို့ပင်ဖြစ်စေ ၎င်းကို အမြဲတမ်း မြင်တွေ့နေရသည်။
တစ်ခါတစ်ရံ သမင်ပြောက် အချို့ကိုပင် ခေါ်လာတတ်သေး၏။
သဘောပါပဲလေ။
ရွှီယန်မှာလည်း ဂရုမစိုက်တော့ချေ။
သူ၏ ဟင်းခင်းထဲမှ ဟင်းသီးဟင်းရွက်များကို မစားလျှင် ရပြီ ဖြစ်သည်။
ရွှီယန်က အဝတ်အစားပင် မလဲတော့ဘဲ ကားကို တိုက်ရိုက် မောင်းနှင်ကာ ခွေးလေးနှစ်ကောင်ကို ခေါ်ဆောင်၍ တောင်ထွက်ပစ္စည်း ဈေးကွက်သို့ ထွက်လာခဲ့၏။
တောရိုင်း သစ်ကြားသီးများ အများအပြား ကောက်လာခဲ့သဖြင့် ခဏလောက် ရောင်းရမည်ဖြစ်ရာ စောစောသွားပါက စောစော ပြန်လာနိုင်ပေသည်။
တောင်ထွက်ပစ္စည်း ဈေးကွက်မှာ စည်ကားနေဆဲ ဖြစ်၏။
ရွှီယန် ရောက်လာသည်နှင့် အားလုံး၏ အကြည့်များက ဝိုင်းအုံလာကြတော့သည်။
အပေါက်ဝတွင် လမ်းလျှောက်နေသော ပွဲစားများက ကားပေါ်ရှိ တောင်ထွက်ပစ္စည်းကို ချက်ချင်း အတည်ပြုကြ၏။
သစ်ကြားသီး ဖြစ်နေသည်ကို မြင်သောအခါ လူအချို့က ဝယ်ယူရန် စကားဟလာကြသည်။
"ကျွန်တော် နေရာတစ်ခု ရှာပြီး ဈေးခင်းလိုက်ဦးမယ်... အပေါက်ဝမှာ ပိတ်ပြီး ရောင်းလို့ မရဘူးလေ"
ရွှီယန်က ပြန်လည် ဖြေကြားလိုက်သည်။
ထို့နောက် သူက သုံးဘီးဆိုင်ကယ်ကို မောင်းနှင်ကာ နေရာလွတ် တစ်ခုကို ရှာ၍ သစ်ကြားသီးများကို ခင်းကျင်းလိုက်၏။
ပြီးနောက် ဒရုန်းကို ဖွင့်ကာ အနည်းငယ် လုပ်ဆောင်ပြီးနောက် ဒရုန်းကို လေထဲသို့ ပျံသန်းစေလိုက်သည်။
ယခုအခါ အရှေ့မြောက်ဒေသတွင် ဗီဒီယိုတို လုပ်သူများနှင့် လိုက်ဖ်လွှင့်သူများ အလွန်များပြားသဖြင့် အားလုံးက အထူးအဆန်း မဖြစ်ကြတော့ချေ။
သို့သော် နာမည်ကြီးနိုင်သူကတော့ နည်းပါးလှသည်။
ရွှီယန်မှာ ထိုအထဲမှ တစ်ယောက်ဖြစ်ရာ အမြဲတမ်း လူများ၏ စိတ်ဝင်စားစွာ ပြောဆိုခြင်းကို ခံရ၏။
"ပြန်လွှင့်ပြီဟေ့"
"သစ်ကြားသီးတွေတောင် စရောင်းနေပြီပဲ"
"ကျွန်တော် ပြောချင်တာက တိုက်ရိုက် လင့်ခ်ချပြီး ရောင်းပါလား... ခင်ဗျား ရှာတွေ့လာတဲ့ ပစ္စည်းကောင်းတွေကို အင်တာနက်သုံးစွဲသူတွေက သေချာပေါက် ဝယ်ချင်ကြမှာပဲ"
"ကျွန်တော် တကယ်ပဲ နည်းနည်းလောက် ဝယ်ချင်နေတာ"
လိုက်ဖ်ဖွင့်လိုက်သည်နှင့် ကွန်မန့်များ ချက်ချင်း စည်ကားလာတော့၏။
ရွှီယန်ကလည်း လိုက်ဖ်ထဲမှ ကိစ္စများကို သိပ်ဂရုမစိုက်ဘဲ ဖောက်သည်များကို ဧည့်ခံရန်သာ အလုပ်များနေသည်။
သစ်ကြားသီးမှာ ပစ္စည်းကောင်း ဖြစ်ပြီး ဆောင်းဦးရာသီတွင် ပို၍များပြားသော်လည်း ယခုအချိန်က ဆောင်းဦးရာသီသို့ မရောက်သေးချေ။
"ဟား... ဒီအချိန်တောင် သစ်ကြားသီး ကောက်လို့ ရနေပြီလား... ကြည့်ရတာ ဆောင်းဦးရာသီ ရောက်တော့မယ် ထင်တယ်"
အဘိုးကြီး တစ်ယောက်က သစ်ကြားသီးများကို စစ်ဆေးရင်း ညည်းတွားလိုက်သည်။
"ဒီအသုတ်က စောစော မှည့်တာပါ... အကြာကြီး ကောက်ရမှ ဒီလောက် ရတာ"
"နောက်တစ်လလောက် နေရင်တော့ ဒီက သစ်ကြားသီးတွေ အရမ်းများလာတော့မှာ"
ရွှီယန်က ပြုံးရင်း ဖြေကြားလိုက်၏။
"နှစ်ကျင်းလောက် ပေးပါ... ငါလည်း မီးဖိုပေါ် တင်ကင်ပြီး စားမလို့"
"ဟုတ်ကဲ့... ပြဿနာ မရှိပါဘူး"
ရွှီယန်က သစ်ကြားသီး အချို့ကို ပလတ်စတစ်အိတ်ထဲသို့ ကျွမ်းကျင်စွာ ထည့်လိုက်ပြီး ဒီဂျစ်တယ် ချိန်ခွင်ပေါ်သို့ တင်လိုက်သည်။
၁.၉၄ ကျင်း ဖြစ်နေသည်ကို မြင်သောအခါ ရွှီယန်က သစ်ကြားသီး နှစ်လုံး ထပ်ထည့်လိုက်ရာ ဂဏန်းက ၂.၀၉ ကျင်း သို့ ရောက်သွား၏။
"နှစ်ကျင်းပဲ ထားလိုက်ပါတော့... တစ်ကျင်းကို ၁၅ ယွမ်ပါ"
ရွှီယန်က ပလတ်စတစ်အိတ်ကို ကမ်းပေးလိုက်သည်။
သူ၏ ဈေးနှုန်းကို ဆိုင်းဘုတ်ပေါ်တွင် ရေးမှတ်ထား၏။
ယေဘုယျအားဖြင့် တောရိုင်း သစ်ကြားသီးများ၏ ဈေးနှုန်းမှာ အတော်လေး မြင့်မားပြီး သာမန် သစ်ကြားသီးများထက် အနည်းငယ် ပို၍ ဈေးကြီးပေသည်။
ရှားပါးချိန်ဆိုလျှင် တစ်ကျင်းကို ယွမ် ၃၀ အထိ ရောင်းရနိုင်သော်လည်း ပုံမှန်အားဖြင့် ၈ ယွမ်မှ ၁၅ ယွမ် ကြားတွင်သာ ရှိတတ်သည်။
အဘိုးကြီးက ငွေပေးချေပြီးနောက် ကျေနပ်စွာဖြင့် ထွက်ခွာသွားတော့၏။
သစ်ကြားသီး လာဝယ်သူ အလွန်များပြားလှသည်။
ရွှီယန်၏ ဈေးဆိုင်ရှေ့တွင် အရောင်းအဝယ် အဆက်မပြတ် ဖြစ်နေ၏။
"လောင်ရွှီ ရဲ့ အရောင်းအဝယ် ကောင်းတာပဲ"
"ရောင်းရတာ အရမ်း မြန်တယ်လို့ ခံစားရတယ်"
"ပစ္စည်းကောင်းဆိုရင် လုဝယ်ကြတာချည်းပဲ... ရောင်းရတာ အရမ်း မြန်တယ်လေ"
"ဒီလိုပြောရမယ်... ကျွန်တော်တို့ဘက်က တောတောင်ရှာဖွေသူတွေက လတ်လတ်ဆတ်ဆတ် ရှာတွေ့လာတဲ့ ပစ္စည်းဆိုရင် အခြေခံအားဖြင့် အဲဒီနေ့မှာပဲ အကုန်ရောင်းရတာပဲ"
အားလုံးကလည်း အသီးသီး မှတ်ချက်ပေးနေကြလေတော့သည်။