← Chapters

အခန်း ၁၀၀

Vol. 10 Ch. 100

အခန်း ၁၀၀

Vol. 10 Ch. 100

အခန်း (၁၀၀) တောရွာက G-Class ထွန်စက်ကြီး မဲဖောက်ရရှိခြင်း

စိုက်ပျိုးရေးတက္ကသိုလ်နှင့် ပူးပေါင်းဆောင်ရွက်မှုမှာ အတော်လေး အဆင်ပြေချောမွေ့ခဲ့သည်။

သီးနှံတစ်မျိုး စိုက်ပျိုးရသည့် အချိန်ကာလမှာ အတော်လေး ကြာမြင့်သဖြင့် စိုက်ပျိုးရေးတက္ကသိုလ်တွင် တစ်ပြိုင်နက်တည်း လုပ်ဆောင်နေရသော ပရောဂျက်များ အများအပြား ရှိလေ့ရှိရာ တစ်ခါတစ်ရံတွင် ဂရုမစိုက်နိုင်သည်များလည်း ရှိတတ်၏။

အကယ်၍ တစ်စုံတစ်ယောက်က ကူညီစိုက်ပျိုးပေးပြီး သုတေသီများကို မျိုးစိတ်များ၏ ကြီးထွားမှု အခြေအနေကို စောင့်ကြည့်ခွင့် ပေးမည်ဆိုပါက ပို၍ပင် ကောင်းမွန်ပေသည်။

ရွှီယန်၏ အကြံအစည်မှာ ပို၍ ရိုးရှင်းလှ၏။ တစ်ဖက်က မျိုးကောင်းမျိုးသန့်များ ထောက်ပံ့ပေးပြီး အထွက်နှုန်းကိုတော့ သူတို့ မယူကြချေ။

အများဆုံး မြက်ပင် အနည်းငယ်ကိုသာ သုတေသန လုပ်ရန်အတွက် ယူဆောင်သွားကြမည် ဖြစ်သည်။

ဤမျှကောင်းသော ကိစ္စမျိုးကို မည်သည့်နေရာတွင် ရှာတွေ့နိုင်မည်နည်း။

ပူးပေါင်းဆောင်ရွက်မှုမှာ အလိုလိုပင် အဆင်ပြေသွားတော့၏။

မျိုးစေ့များ ရရှိပြီးသည်နှင့် ရွှီယန်က လယ်ယာလုပ်ငန်းများ စတင်ရန် လူများကို စီစဉ်လိုက်သည်။

ရွာထဲမှ ထွန်စက်မောင်းသမားများ အလျင်အမြန် ရောက်ရှိလာကြပြီး ရွှီယန် ဘာစိုက်မည်ကို စပ်စုနေကြ၏။

ဆောင်းဦးရာသီ ရောက်ခါနီးပြီဖြစ်ရာ အေးမြသော ပတ်ဝန်းကျင်ကို နှစ်သက်သည့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရန် အသင့်တော်ဆုံး ဖြစ်သည်။

ဥပမာအားဖြင့် မုန်ညင်း... မုန်ညင်းဖြူ... ဆီမုန်ညင်း... ဟင်းနုနွယ် စသည်တို့ ဖြစ်၏။

သို့သော် ထိုဟင်းသီးဟင်းရွက်များက အလွန် ပေါများလွန်းလှသည်။

ဆောင်းဦးပေါက်သည်နှင့် ရွာထဲရှိ အိမ်တိုင်းလိုလို ထိုအပင်များကို စိုက်ပျိုးကြသည်။

နေရာတိုင်းတွင် ရှိနေသဖြင့် ဈေးကောင်း မရနိုင်ချေ။

အမှန်တိုင်း ပြောရလျှင် ဤဒေသရှိ မုန်ညင်းဖြူများ၏ အရည်အသွေးမှာ အလွန် ကောင်းမွန်ပြီး အရွယ်အစားလည်း အလွန် ကြီးမားလှသည်။

ဆောင်းရာသီ ရောက်ခါနီးတိုင်း ရွာသူရွာသားများက အိတ်များစွာဖြင့် အိမ်သို့ သယ်ဆောင်လေ့ ရှိကြ၏။

ဆောင်းရာသီတွင် အများဆုံး တွေ့ရသော ဟင်းသီးဟင်းရွက်လည်း ဖြစ်သည်။

မြေကွက်ကျယ်ကြီးကို ထွန်ယက်ပြီး ပေါင်းပင်များကို ရှင်းလင်းလိုက်သည်။

ထို့နောက် သဘာဝမြေသြဇာများကို ကားများဖြင့် သယ်ယူလာပြီး မြေပြင်ပေါ်တွင် ဖြန့်ခင်းလိုက်၏။

တိုက်တိုက်ဆိုင်ဆိုင် ယနေ့ စိုက်ပျိုးရေးတက္ကသိုလ် ကျောင်းသားများ အတန်းရှိသဖြင့် လယ်ယာခြံဝင်းဘေးသို့ ရောက်လာကာ လာရောက် ကြည့်ရှုကြသည်။

"စက်နဲ့ လုပ်တာက ပိုကောင်းတာပဲ... ဆရာ့ကို သွားပြောပြီး ငါတို့ဘက်လည်း စက်နဲ့လုပ်ဖို့ ခွင့်တောင်းရမယ်... လူအားနဲ့တော့ မစိုက်နိုင်တော့ဘူး"

"စိတ်ကူးယဉ်မနေနဲ့... အခု စီနီယာတွေတောင် ကျောင်းမှာ စပါးရိတ်နေရတာ"

"မတတ်နိုင်ဘူးလေ... ငါတို့က တက္ကသိုလ်ကျောင်းသားတွေဆိုတော့ ငါတို့ရဲ့ လုပ်အားက အပေါဆုံးပဲလေ"

"တကယ့် ကျွဲနွားတွေပါပဲကွာ"

သူတို့က အင်္ကျီလက်ပြတ်အဖြူများ ဝတ်ဆင်ထားပြီး စစ်စိမ်းရောင်ဘောင်းဘီ၊ ဘွတ်ဖိနပ်ရှည်များနှင့် ကောက်ရိုးဦးထုပ်များ ဆောင်းထားကြရာ အတော်လေး ရယ်စရာကောင်းသော ပုံပေါက်နေ၏။

ရွှီယန်က လယ်ကွင်းဘေးမှနေ၍ စောင့်ကြည့်နေလိုက်သည်။

သူက မြက်စိုက်ရန် ဧက ၈၀ ခန့် နေရာသတ်မှတ်ထားရာ ဧရိယာ မသေးငယ်လှပေ။

လူအားဖြင့် စိုက်ပျိုးရန် အချိန်များစွာ ယူရမည်ဖြစ်သဖြင့် စက်များကိုသာ ငှားရမ်း အသုံးပြုလိုက်ခြင်း ဖြစ်၏။

နောက်ဆုံး မြေပုံခြင်း... မျိုးစေ့ချခြင်းနှင့် ပလတ်စတစ်စ ဖုံးအုပ်ခြင်းတို့ကိုသာ လူအားဖြင့် လုပ်ဆောင်ရမည် ဖြစ်သည်။

"မင်း ဘာစိုက်မလို့လဲ... ဒီလောက် အများကြီးကို"

လယ်ထွန်နေသော မြေတူးစက်မောင်းသမားက အလုပ်ပြီးသောအခါ ရွှီယန်ကို သိချင်စိတ်ဖြင့် မေးလိုက်၏။

ရွာသူရွာသားများမှာ အမြဲတမ်း စပ်စုတတ်ကြပြီး ကိစ္စများကို စုံစမ်းကာ အခြားသူများနှင့် စကားပြောရန် အကြောင်းအရာအဖြစ် အသုံးပြုလေ့ ရှိကြသည်။

"မြက်နည်းနည်းပါ... ဘာမှမဟုတ်ပါဘူး"

ရွှီယန်က အများကြီး ရှင်းမပြခဲ့ပေ။

သူက အလုပ်လုပ်နေသည့် အခြေအနေကိုသာ အာရုံစိုက်နေလိုက်၏။

မြက်စိုက်တယ် ဟုတ်လား။

မြေတူးစက်မောင်းသမားမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွား၏။ ဤဒေသရှိ လူများက တိရစ္ဆာန်အစာ မြက်မျိုးစိတ်များနှင့် မရင်းနှီးသေးသဖြင့် စိုက်ပျိုးသူ အလွန် နည်းပါးလှသည်။

သို့သော် ဤနှစ်များအတွင်း ဤမြေပေါ်တွင် မျိုးစုံ စိုက်ပျိုးနေကြပြီ ဖြစ်၏။

ဖန်လုံအိမ်များပင် မည်မျှများပြားနေပြီနည်း။

ထို့ကြောင့် သိပ်တော့ မဆန်းကြယ်လှပေ။

ထို့နောက် အလုပ်များ ဆက်တိုက် လုပ်ဆောင်ကြတော့သည်။

မြက်စိုက်ပျိုးရာတွင် အကြီးမားဆုံး ပြဿနာမှာ ပေါင်းပင်များ ရှင်းလင်းရန် ဖြစ်၏။

ရုပ်ပိုင်းဆိုင်ရာနှင့် ဓာတုဗေဒဆိုင်ရာ ဟူ၍ နည်းလမ်း နှစ်မျိုး ရှိသည်။ ရုပ်ပိုင်းဆိုင်ရာ နည်းလမ်းဆိုသည်မှာ မစိုက်ပျိုးမီ ပေါင်းပင်များကို ရှင်းလင်းခြင်း၊ ထွန်စက်ဖြင့် မြေကို အကြိမ်ကြိမ် ထွန်ယက်ခြင်းများ ဖြစ်ပြီး ဓာတုဗေဒ နည်းလမ်းမှာမူ သီးသန့် ပေါင်းသတ်ဆေးများ ဖျန်းခြင်း ဖြစ်သည်။

ရွှီယန် ရွေးချယ်လိုက်သည်ကတော့ ရုပ်ပိုင်းဆိုင်ရာ နည်းလမ်းပင် ဖြစ်၏။

တစ်နေ့လုံး အလုပ်များပြီးနောက် နောက်ဆုံးတော့ မြက်မျိုးစေ့များ အားလုံး စိုက်ပျိုးပြီးစီးသွားခဲ့သည်။

ယနေ့ လယ်ယာခြံဝင်းမှာ လူများ တိရစ္ဆာန်များဖြင့် စည်ကားနေ၏။

သမင်ပြောက် မလာသော်လည်း မြေခွေးပေါက်လေး သုံးကောင် ရောက်လာကြသည်။

ယခုအခါ ၎င်းတို့က လူများကို လုံးဝ မကြောက်ကြတော့ချေ။

တိတိကျကျ ပြောရလျှင် ရွှီယန်ကို မြင်နေရသရွေ့ အခြားသူများကို မကြောက်ကြတော့ခြင်း ဖြစ်သည်။

လူတစ်ယောက် လာသည်နှင့် မြေခွေးလေး သုံးကောင်က ရွှီယန်၏ ခြေထောက်နားသို့ အမြန် ပြေးသွားကြ၏။

ရွှီယန်၏ အနားတွင် ရှိနေပါက လုံခြုံသည် ဟု ခံစားရပုံရသည်။

အမြီးရှည် တောင်ငှက်ကလေး နှစ်ကောင်လည်း ရှိနေပြီး တစ်ခါတစ်ရံ မြင်ရကာ တစ်ခါတစ်ရံ မမြင်ရချေ။ ရွှီယန်က ၎င်းတို့အတွက် အသိုက်တစ်ခု လုပ်ပေးထားသော်လည်း ၎င်းတို့က သိပ်စိတ်ဝင်စားပုံ မရပေ။

တောအုပ်ထဲတွင်သာ ကိုယ့်ဘာသာ ဆက်လက် နေထိုင်နေကြဆဲ ဖြစ်၏။

ရွှီယန်လည်း ၎င်းတို့ သဘောအတိုင်းသာ လွှတ်ထားလိုက်သည်။

တောရိုင်း တိရစ္ဆာန်များ၏ ရွေးချယ်မှုအပေါ် သူ ဘယ်သောအခါမှ ဝင်မစွက်ဖက်ခဲ့ချေ။ လာချင်လျှင် လာနိုင်ပြီး မလာချင်လျှင်လည်း အခြားနေရာသို့ သွားနိုင်ပေသည်။

အရာအားလုံး ပြီးစီးသွားသောအခါ...

မူလက ပေါင်းပင်များ ဖုံးလွှမ်းနေသော မြေရိုင်းများမှာ စနစ်တကျ ပလတ်စတစ်စများ ဖုံးအုပ်ထားသော မြေမည်းခင်းကြီးတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ကြည့်ရသည်မှာ အလွန် သပ်ရပ်နေ၏။

ယနေ့ လိုက်ဖ်ကို အချိန်ပြည့် ဖွင့်ထားသော်လည်း အသံတော့ ပိတ်ထားခဲ့သည်။

လိုက်ဖ်၏ ခေါင်းစဉ်မှာ 'ဒီနေ့ လယ်ယာခြံဝင်းမှာ မြက်စိုက်နေတယ်' ဟု ဖြစ်၏။

ကြည့်ရှုသူများ၏ မြင်ကွင်းမှာ အပေါ်စီးမှ မြင်ကွင်းဖြစ်ပြီး လယ်ယာခြံဝင်း အလုပ်များနေသည့် အခြေအနေကို ကြည့်ရှုနိုင်ပေသည်။

တစ်ခါတစ်ရံတွင် လူအချို့ ဝင်ရောက်လာကာ လူတစ်စုနှင့် စက်ယန္တရားများ အလုပ်များနေသည်ကို ကြည့်ရှုရသည်မှာလည်း အတော်လေး စိတ်ဝင်စားစရာ ကောင်းလှ၏။

အလုပ်များ ပြီးစီးသွားသောအခါမှသာ ရွှီယန်က ဒရုန်းကို ပြန်လည် သိမ်းဆည်းလိုက်ပြီး အသိဉာဏ်ရှိသော အလိုအလျောက် ပျံသန်းသည့် စနစ်ကို ဖွင့်ကာ မိုက်ခရိုဖုန်းကို ရင်ဘတ်တွင် ချိတ်ဆွဲ၍ အသံဖွင့်လိုက်သည်။

လိုက်ဖ်ထဲတွင် လူ ၂၃၀၀ ကျော် ရှိနေ၏။

ယနေ့လည်း ကျော်ကြားမှုရမှတ် အတော်လေး ရရှိမည် ဖြစ်သည်။

"မြက်မျိုးစေ့တွေ အကုန် စိုက်ပြီးပြီ... ဒီနှစ် လယ်ယာခြံဝင်း တည်ဆောက်ရေးကတော့ ဒီလောက်ပါပဲ"

"အခုဆို သီးနှံတွေ မှည့်လာမယ့် အချိန်ကို စောင့်ပြီး ဘယ်လောက် ရောင်းရမလဲ... အရင်းကျေမလား ဆိုတာပဲ ကြည့်ရတော့မယ်"

"နောက်ပိုင်းမှာတော့ တခြားအရာတွေ နည်းနည်းပါးပါး ထပ်စိုက်ချင် စိုက်ဖြစ်မှာပါ"

"ကျွန်တော့် လယ်ယာခြံဝင်းက စိုက်ပျိုးရေးကို အဓိကထား လုပ်တာပါ"

ရွှီယန်က အားလုံးကို ပြောလိုက်သည်။

လိုက်ဖ်ကြည့်နေသူများမှာ ပရိသတ်ဟောင်းများ ဖြစ်ကြပြီး သူ၏ လိုက်ဖ်ကို ကြည့်ရသည်ကို သဘောကျကြ၏။

လူအများအပြားက သူ့ကို အားပေးစကားများ ပြောကြရာ ရွှီယန်ကလည်း ကျေးဇူးတင်စကားများ ပြန်လည် ပြောကြားလိုက်သည်။

တကယ်တမ်းတွင် လိုက်ဖ်လွှင့်ရသည့် ခံစားချက်ကလည်း မဆိုးလှပေ။ သာမန်စိတ်ထားဖြင့်သာ လွှင့်ပါက ပို၍ပင် စိတ်ဝင်စားစရာ ကောင်းသေး၏။

အကယ်၍ ဖုန်းစခရင်ကို အချိန်တိုင်း စိုက်ကြည့်နေပြီး ညာဘက် အောက်ထောင့်မှ လက်ဆောင်များ ရမရကိုသာ အမြဲတမ်း စောင့်ကြည့်နေမည် ဆိုပါက... အကျိုးအမြတ်ကိုသာ အာရုံစိုက်လွန်းနေသဖြင့် ဘာမှ စိတ်ဝင်စားစရာ ကောင်းတော့မည် မဟုတ်ချေ။

ရွှီယန်က အလုပ်မရှိသဖြင့် ဆောင့်ကြောင့်ထိုင်ချကာ မြေခွေးပေါက်လေး သုံးကောင်ကို စနောက်နေလိုက်သည်။

ရွှီယန်က ၎င်းတို့ကို ပွတ်သပ်လိုက်သည်နှင့် ၎င်းတို့က တအီအီ အော်မြည်ကာ အလွန် ပျော်ရွှင်နေကြ၏။

မြေခွေးများမှာ တအီအီ အော်တတ်သော အကောင်လေးများပင် ဖြစ်သည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လိုက်ဖ်ကြည့်နေသည့် ပရိသတ်များမှာ မနေနိုင်ဘဲ ပြုံးလိုက်မိကြ၏။

"ဒီမြေခွေး သုံးကောင်က တကယ့် မြေခွေးတွေရော ဟုတ်ရဲ့လား... အရမ်းကို ချွဲတတ်တာပဲ"

"မြေခွေးပေါက်လေးက ကျွန်တော့်ကို မြူဆွယ်နေတယ်... ကျွန်တော်လည်း သွားပွတ်ချင်လိုက်တာ"

"ဟားဟား... အတော်လေး ချစ်စရာ ကောင်းတယ်နော်"

လေထုမှာ ပေါ့ပါးပျော်ရွှင်နေဆဲ ဖြစ်၏။

ထို့နောက် ရွှီယန်က လယ်ယာခြံဝင်းထဲတွင် ဆက်လက် လမ်းလျှောက်နေပြီး ဤသို့ဖြင့် တစ်နေ့တာ ပြီးဆုံးသွားခဲ့သည်။

ညစာစားပြီးနောက် ရွှီယန်က စောစောစီးစီးပင် အိပ်ရာဝင်ခဲ့၏။

သူက အခန်းထဲသို့ ပြန်ဝင်ကာ စနစ်၏ ကျော်ကြားမှုရမှတ်များကို စစ်ဆေးကြည့်လိုက်သည်။

လက်ရှိ စုစုပေါင်း ကျော်ကြားမှုရမှတ်မှာ ၁ သိန်း ၂ သောင်း ရှိနေပြီ ဖြစ်၏။

ထိုအရာကို တွေးမိပြီး ရွှီယန်က အဆင့်မြင့် မဲဖောက်မှု တစ်ကြိမ်နှင့် သာမန် မဲဖောက်မှု နှစ်ကြိမ် ပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။

မဲဖောက်ရသည်က အမြဲတမ်း စိတ်ကျေနပ်စရာ ကောင်းလှ၏။

(ပိုင်ရှင်က သာမန် မဲဖောက်မှု နှစ်ကြိမ် ရွေးချယ်လိုက်ပါတယ်... မဲဖောက်နေပါပြီ)

(ပိုင်ရှင်ဟာ သာမန်ဆု နှစ်ခု ရရှိပါတယ်)

(လည်ပင်း နှိပ်စက် ၁ ခု... လည်ပင်းကို နှိပ်နယ်ပေးတဲ့ စက်ဖြစ်ပြီး အကြာကြီး ထိုင်ပြီး အလုပ်လုပ်ရသူတွေအတွက် သင့်တော်ပါတယ်)

(အရောင်စုံ အာလူးမျိုးစေ့ ၃၀၀... အရောင်စုံတဲ့ အာလူးတွေ စိုက်ပျိုးနိုင်တဲ့ အာလူးမျိုးစေ့ (အညှောက်ထွက်နေတဲ့ အာလူးတုံးလေးများ) ဖြစ်ပါတယ်)

သာမန် မဲဖောက်မှု နှစ်ကြိမ်၏ အသံ ထွက်ပေါ်လာ၏။

ရွှီယန် အနည်းငယ် အံ့အားသင့်သွားရသည်။

လည်ပင်း နှိပ်စက်ကတော့ ကိစ္စမရှိလှပေ။ သူကလည်း အသုံးမလိုချေ။ နေ့တိုင်း အပြင်ထွက် လှုပ်ရှားနေသဖြင့် လည်ပင်းနှင့် ခါးရိုးများ အလွန် ကျန်းမာနေသောကြောင့် ဖြစ်၏။

သို့သော် အရောင်စုံ အာလူးမျိုးစေ့မှာမူ အတော်လေး ဆန်းကြယ်လှပေသည်။

အနည်းဆုံးတော့ ဈေးကွက်တွင် အတွေ့ရနည်းပေသည်။

"အရောင်စုံ အာလူးတွေ ရှိတယ်ဆိုတာ ကြားတော့ ကြားဖူးပါတယ်... ဒါပေမဲ့ အရောင်တွေက ရှုပ်ယှက်ခတ်နေတော့ ဈေးကွက်မှာ လူကြိုက်များပါ့မလား"

ရွှီယန်က စိတ်ထဲမှ တွေးလိုက်သည်။

စိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင်ရာတွင် မြေပြင်နှင့် အဆက်အစပ် ရှိရန် လိုအပ်ပေသည်။

ယခုအခါ လူငယ်အချို့က ခေတ်ဆန်သော အရာများကို လုပ်ကိုင်လိုကြသော်လည်း စိုက်ပျိုးရေး ကဏ္ဍတွင်မူ သိပ်ပြီး အလုပ်မဖြစ်လှချေ။

အထူးသဖြင့် အကျယ်အပြန့် စိုက်ပျိုးရာတွင် ဖြစ်၏။

"ထားလိုက်ပါတော့... စိုက်လိုက်ပါမယ်... ဆောင်းဦးရာသီ အာလူးက အခု ၈ လပိုင်း ၉ လပိုင်းတွေမှာ စိုက်ကြတာပဲ... အချိန်အခါလည်း ကိုက်ညီနေတာပဲ"

"ရင်းနှီးမြှုပ်နှံမှု တစ်ခု ထပ်လုပ်ရဦးမယ်"

"အခုက ရင်းနှီးမြှုပ်နှံမှုတွေချည်းပဲ... နှစ်ကုန်ရင် ဘယ်လောက် ပြန်ရမလဲ ဆိုတာ မသိသေးဘူး"

ရွှီယန်က စိတ်ထဲမှ တွေးလိုက်သည်။

သူက ယခုအခါ ဘလူးဘယ်ရီ၊ ရှစ်ကျားသီး၊ ဖန်ရတနာ ပြောင်းဖူး၊ မြက် စသည်တို့ကို စိုက်ပျိုးထားပြီး စတော်ဘယ်ရီနှင့် နဂါးမောက်သီး အနည်းငယ်ကိုလည်း စိုက်ပျိုးထားသေး၏။

လယ်ယာခြံဝင်းမှာ စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်နေခြင်း ဖြစ်သည်။

စိုက်ပျိုးရေး လုပ်ငန်းမှာ စွန့်စားရမှု အတော်လေး နည်းပါးပြီး ကံဆိုး၍ ဈေးကွက် အခြေအနေ မကောင်းမှသာ ဈေးကောင်းမရခြင်းမျိုး ရှိတတ်သည်။

သူက ဖန်လုံအိမ်ဖြင့် စိုက်ပျိုးထားသဖြင့် သဘာဝဘေးအန္တရာယ် အတွက်လည်း သိပ်စိုးရိမ်စရာ မလိုချေ။

ထို့ကြောင့် လယ်ယာခြံဝင်း၏ ဖွံ့ဖြိုးတိုးတက်မှုမှာ အတော်လေး တည်ငြိမ်နေ၏။

ဆက်လက် လုပ်ကိုင်သွားနိုင်ပေသည်။

"မစိုက်ရင် ဘယ်ကနေ အထွက်နှုန်း ရနိုင်မှာလဲ... စိုက်ပျိုးရေး လုပ်ရင် အစပိုင်း ရင်းနှီးမြှုပ်နှံမှုကတော့ မဖြစ်မနေ လိုအပ်တာပဲ"

"ဒါမှ ဆောင်းဦးရာသီရောက်ရင် အများကြီး ရိတ်သိမ်းနိုင်မှာပေါ့"

ရွှီယန်က ဆုံးဖြတ်လိုက်သည်။

(ပိုင်ရှင်က အဆင့်မြင့် မဲဖောက်မှုကို ရွေးချယ်လိုက်ပါတယ်... မဲဖောက်နေပါပြီ)

(အဆင့်မြင့်ဆု တစ်ဆု ရရှိပါတယ်...)

(အရည်အသွေးမြင့် ထွန်စက်ငယ် ၁ စီး... စွမ်းဆောင်ရည် မြင့်မားတဲ့ ထွန်စက်တစ်စီး ဖြစ်ပြီး မြေဆွစက်... ထွန်စက်... မျိုးစေ့ချစက် စတဲ့ အပိုပစ္စည်းတွေ ပါဝင်ပါတယ်)

ထို့နောက် အဆင့်မြင့်ဆု၏ အသံ ထွက်ပေါ်လာ၏။

ထိုအသံကို ကြားသောအခါ ရွှီယန်မှာ ဝမ်းသာသွားသော်လည်း ချက်ချင်းပင် ငိုရခက် ရယ်ရခက် ဖြစ်သွားရပြန်သည်။

"ဟာ... ငါက ဒီနေ့မှ မြေ ၈၀ ဧက ကို လူငှားပြီး မြေထွန်... မျိုးစေ့ချ ခိုင်းထားတာလေ"

"ညကျမှ ထွန်စက်က ရောက်လာတယ်"

သူက စိတ်ထဲမှ တွေးလိုက်သည်။

တကယ်ကို မတတ်နိုင်သည့် ကိစ္စပင်။

သို့သော်လည်း မတတ်နိုင်ချေ။ ညဘက်ရောက်မှသာ ကျော်ကြားမှုရမှတ် ၁ သိန်းကျော် ပြည့်သွားသဖြင့် အဆင့်မြင့် မဲဖောက်မှုကို ပြုလုပ်နိုင်ခြင်း ဖြစ်ပြီး အရင်က မဲမဖောက်နိုင်ခဲ့ပေ။

ထွန်စက်... တောရွာက G-Class ကြီး... အမျိုးအစား အလွန် များပြားလှသည်။

အပေါဆုံး လက်ဆွဲထွန်စက်မှာ ယွမ် ထောင်ဂဏန်းခန့်ဖြင့် ဝယ်ယူနိုင်၏။

အကောင်းစား အကြီးစား ထွန်စက်ကြီးများဆိုလျှင်တော့ တစ်စီးကို ယွမ် တစ်သန်းခန့် ပေးရသည်။

မြေမည်းဒေသဘက်တွင် အကြီးစား ထွန်စက်ကြီးများ အများအပြား ရှိပြီး ယွမ် သန်းပေါင်းများစွာ တန်သော ထွန်စက်ကြီးများလည်း ရှိကာ မြေထွန်ယက်ချိန်တွင် တစ်ပြိုင်နက်တည်း မောင်းနှင်ကြရာ မြင်ကွင်းမှာ အလွန် ကြီးကျယ်ခမ်းနားလှပေသည်။

ထွန်စက်ငယ်များ၏ ဈေးနှုန်းမှာလည်း အမျိုးမျိုး ရှိပြီး အပေါဆုံး ယွမ် သုံးသောင်း လေးသောင်းမှ အကောင်းစား ယွမ် တစ်သိန်း နှစ်သိန်းအထိ ရှိတတ်၏။

ရွှီယန်က အသေးစိတ် အချက်အလက်များကို စစ်ဆေးကြည့်လိုက်ရာ သူ၏ ထွန်စက်မှာ ဈေးကွက်အတွင်းရှိ တွန်းအားလေးဘီးပါ Dongfanghong ME704 အမျိုးအစား ဖြစ်ပြီး ထွန်စက်ငယ်များထဲတွင် အရည်အသွေးမြင့် အမျိုးအစား ဖြစ်သည်။

ကိုယ်ထည် တစ်ခုလုံးက အနီရောင်ဖြစ်ပြီး ပုံစံမှာလည်း လှပကာ အမိုးမပါသဖြင့် အမိုးဖွင့်ကား တစ်စီးဟုပင် ဆိုရပေမည်။

ထွန်စက်မှာ ခေါင်းပိုင်းသာ ပါရှိပြီး အနောက်တွင် စိုက်ပျိုးရေး သုံးပစ္စည်းများ တပ်ဆင်နိုင်၏။

တိုက်တိုက်ဆိုင်ဆိုင် စနစ်က ဆုချပေးထားသော မြေဆွစက်၊ မြေထွန်စက်နှင့် မျိုးစေ့ချစက်များ ပါဝင်နေသဖြင့် အတော်ပင် ဖြစ်သွားသည်။

ဤသို့ဖြင့် အဆင်ပြေသွားပြီ ဖြစ်၏။ ထွန်စက် ရောက်လာသည်နှင့် အာလူးများ စတင် စိုက်ပျိုးရန်သာ ဖြစ်သည်။

လိုက်ဖ်လွှင့်ရန် အကြောင်းအရာလည်း ရသွားပြီ ဖြစ်၏။

ရွှီယန်က မိုးလေဝသ ခန့်မှန်းချက်ကို တစ်ချက် ကြည့်လိုက်သည်။

နောက်ထပ် သုံးရက်ကြာလျှင် မိုးရွာမည် ဖြစ်၏။

စကားပုံတစ်ခု ရှိသည် မဟုတ်ပါလား... 'ဆောင်းဦးမိုး တစ်ခါရွာတိုင်း တစ်ခါ ပိုအေးလာတယ်' ဟူ၍ပင်။

ပထမဆုံးအကြိမ် မိုးရွာပြီးနောက် ရက်အနည်းငယ်ကြာလျှင် ပြန်နွေးလာနိုင်သေးသည်။

သို့သော် ဒုတိယအကြိမ်၊ တတိယအကြိမ် မိုးရွာလာပါက ရာသီဥတုက တဖြည်းဖြည်း အေးလာပြီး အနွေးထည်များနှင့် ဘောင်းဘီရှည်များ ဝတ်ဆင်ရတော့မည် ဖြစ်၏။

ဤဒေသတွင် အေးသည်က ပိုမြန်သဖြင့် ဂွမ်းဘောင်းဘီများကိုပင် ပြင်ဆင်ထားရမည် ဖြစ်သည်။

မနက်ဖြန်တွင် ထွန်စက် ရောက်လာတော့မည် ဖြစ်၏။

စောစောစီးစီး အလုပ်လုပ်ရမည်။

ထို့နောက် ရွှီယန်က အိမ်သာသွားပြီးနောက် နှစ်ခြိုက်စွာ အိပ်ပျော်သွားလေတော့သည်။

နောက်တစ်နေ့...

ရွှီယန် အတော်လေး နောက်ကျမှ အိပ်ရာနိုးခဲ့ပြီး ကျယ်လောင်သော ကြက်တွန်သံက သူ့ကို နှိုးလိုက်ခြင်း ဖြစ်သည်။

ထိုအသံကို ကြားသည်နှင့် မနက် ၈ နာရီ ရှိနေပြီဖြစ်ကြောင်း ရွှီယန် သိလိုက်၏။

ဖုန်းကို ယူကြည့်လိုက်ရာ တကယ်ပင် ၈ နာရီ တိတိ ဖြစ်နေပြီး တစ်မိနစ်မျှပင် မလွဲချေ။

ယမန်နေ့က အနည်းငယ် အလုပ်များထားသဖြင့် ယနေ့ ပို၍ အိပ်လိုက်ခြင်း ဖြစ်သည်။

ဤကြက်ဖကလည်း ဉာဏ်ကောင်းလှ၏။ ရွှီယန်၏ အိမ်ခေါင်မိုးပေါ်သို့ ပျံတက်ကာ အော်တွန်လေ့ရှိပြီး အသံကလည်း အလွန်ကျယ်လောင်ကာ ဖောက်ထွင်းဝင်ရောက်နိုင်စွမ်း ရှိပေသည်။

ရွှီယန်က အတိုင်းသား ကြားနေရ၏။

နိုးလာပြီးနောက် သူက မျက်နှာသစ် သွားတိုက်ကာ အစာအနည်းငယ် စားလိုက်သည်။

ထို့နောက် ခြံဝင်းထဲတွင် ထိုင်ကာ လေအေးလေးများ တိုက်ခတ်မှုကို ခံစားရင်း မိနစ် ၂၀ ခန့် ငေးမောနေလိုက်၏။

ထို့နောက်တွင်တော့ တစ်နေ့တာ အလုပ်များကို စတင် လုပ်ဆောင်ရတော့မည် ဖြစ်လေသည်။

All Chapters