← Chapters

အခန်း ၁၀၃

Vol. 11 Ch. 103

အခန်း ၁၀၃

Vol. 11 Ch. 103

အခန်း (၁၀၃) လိုက်ဖ်လွှင့်သူက ငယ်ငယ်ကတည်းက ဒီလိုပဲ ဆော့ခဲ့တာလား

လယ်ယာခြံဝင်း၏ ကနဦး ဖွံ့ဖြိုးတိုးတက်မှုများက ပုံပေါ်လာခဲ့ပြီ ဖြစ်သည်။

နောက်ထပ် လုပ်ရမည့်အရာမှာ ဤသီးနှံများ ရင့်မှည့်လာမည့် အချိန်ကို စောင့်ဆိုင်းရန်ပင်တည်း။

ဤနည်းဖြင့် ရွှီယန်သည်လည်း ငွေအများကြီး ရနိုင်ပေမည်။

တစ်နှစ်အတွင်း အရင်းမည်မျှ ပြန်ရမည်ကိုတော့ မသိသေးပေ။

ပုံမှန်အားဖြင့် နှစ်နှစ်အတွင်း အရင်းကျေပြီး တတိယနှစ်မှစ၍ အမြတ်ရပါက အတော်လေး အခြေအနေကောင်းသည်ဟု ဆိုရမည်။

ကံကောင်းသည်မှာ သူ့ထံတွင် လိုက်ဖ်လွှင့်ခြင်းနှင့် တောင်ပေါ်တက်ခြင်းမှ ရရှိသော ဝင်ငွေများ ရှိနေသေးသဖြင့် ထွက်ငွေချည်း သက်သက်သာ ဖြစ်မနေခဲ့ပေ။

နောက်တစ်နေ့တွင်...

ရွှီယန်သည် မိုးကာအင်္ကျီနှင့် ရော်ဘာဖိနပ်ရှည်များကို ဝတ်ဆင်ကာ ကျောတွင် ဝါးခြင်းတောင်းကို လွယ်၍ တောင်ပေါ်သို့ ထပ်မံ တက်လာခဲ့သည်။

ယနေ့ တောင်ပေါ်တက်ရခြင်းမှာ မှိုရှာရန် ဖြစ်၏။

သူ၏ အသုံးအဆောင်များမှာလည်း ယခုလို အချိန်မျိုးတွင် တောင်ပေါ်တက်သူများအတွက် စံသတ်မှတ်ချက်များပင် ဖြစ်သည်။

မိုးကာဝတ်ဆင်ခြင်းမှာ မိုးခိုရန် မဟုတ်ဘဲ တောထဲတွင် သွားလာလှုပ်ရှားနေချိန် သစ်ရွက်များပေါ်ရှိ ရေပေါက်များကြောင့် တစ်ကိုယ်လုံး စိုရွှဲမသွားစေရန် ကာကွယ်ခြင်း ဖြစ်သည်။

အကယ်၍ မိုးကာအင်္ကျီသာ မပါခဲ့ပါက ခန္ဓာကိုယ်မှာ ချက်ချင်းပင် စိုရွှဲသွားမည်မှာ သေချာလှ၏။

လိုက်ဖ်ကို ပုံမှန်အတိုင်း ဖွင့်လှစ်လိုက်သည်။

ကျော်ကြားမှုရမှတ်များမှာလည်း အလျင်အမြန် စုဆောင်းမိလာပြန်၏။

ရက်အနည်းငယ်မျှ လိုက်ဖ်မလွှင့်ခဲ့သော်လည်း ရွှီယန်၏ လူကြိုက်များမှုမှာ လျော့ကျမသွားဘဲ ပို၍ပင် တိုးလာခဲ့သည်။

"နောက်ဆုံးတော့ လိုက်ဖ်လွှင့်ပြီပဲ"

"တောင်ပေါ်တက်တာပဲ... မဆိုးဘူး"

"လောင်ရွှီ... အခု ဘယ်သွားမလို့လဲ"

ပရိသတ်ဟောင်း အချို့က အသီးသီး နှုတ်ဆက်ကြလေသည်။

"ဒီနေ့ မှိုရှာဖို့ တောင်ပေါ်တက်လာတာ... အခုမှ မရှာရင် တွေ့ရတော့မှာ မဟုတ်ဘူး... မနေ့ကတင် တောတောင်ရှာဖွေသူ တော်တော်များများ တောင်ပေါ်တက်ကြလောက်တယ်"

ရွှီယန်က ပြန်လည် ဖြေကြားလိုက်သည်။

သူက ခြေလှမ်းအနည်းငယ် လျှောက်သွားပြီးနောက် အရှေ့ဘက်ရှိ မြက်ခင်းပြင်တစ်ခုတွင် မြေတူးဆွထားသော အရိပ်အယောင်များကို မြင်လိုက်ရသဖြင့် လက်ညှိုးထိုးပြကာ ပြောလိုက်၏။

"ဒီဘက်ကို ကြည့်လိုက်... မနေ့က လူလာသွားတယ်... အခြေအနေကြည့်ရတာ ဟွမ်းချီ ဆေးမြစ်တွေ ဖြစ်ရမယ်... အကုန်လုံး တူးသွားကြပြီ... ဟွမ်းချီ ဆေးမြစ်က သစ်မြစ်တွေလိုပဲ ရှုပ်ယှက်ခတ်နေတာ... နာမည်ကြီး တရုတ်တိုင်းရင်းဆေး တစ်မျိုးဖြစ်ပြီး ဈေးကွက်မှာလည်း တော်တော် တန်ဖိုးရှိတယ်... အားလုံးက လက်သွက်ကြတာပဲ"

သစ်တောထဲရှိ အပင်များမှာ ထူးကဲစွာ စိမ်းလန်းစိုပြည်နေသည်။

နေရာတိုင်းတွင် အပင်များကို ရေတွက်၍မရနိုင်လောက်အောင် တွေ့မြင်နေရ၏။

ရွှီယန်၏ ယနေ့ အဓိက ရည်မှန်းချက်မှာ မှိုဖြစ်သဖြင့် မှိုများ ပေါက်ရောက်လေ့ရှိသော ဧရိယာများကိုသာ အာရုံစိုက်ထားလိုက်သည်။

သူက မိမိ၏ ကျွမ်းကျင်မှုကို အသုံးချကာ မှိုထွက်လာသည်နှင့် ချက်ချင်း တွေ့ရှိနိုင်၏။

စိုစွတ်နေသော သစ်ရွက်ဆွေးပုံများ ကြားတွင် ပေါက်နေသော မှိုများကို အမြဲတမ်းလိုလို ရှာတွေ့နိုင်ပေသည်။

အင်တာနက်သုံးစွဲသူများမှာ တစ်ခါတစ်ရံတွင် အလွန် အံ့သြသွားတတ်ကြသည်။

ဟိုနေရာမှာ မှိုရှိနေတာကို သူ ဘယ်လိုလုပ် မြင်သွားတာလဲ...

အကြိမ်များစွာတွင် ကင်မရာက အချိန်အတော်ကြာ ရိုက်ကူးနေသော်လည်း အင်တာနက်သုံးစွဲသူများက မှိုဘယ်နေရာတွင် ရှိနေသည်ကို ရှာမတွေ့ခဲ့ကြချေ။

ရွှီယန်က သစ်ရွက်ဆွေးများကို ဖယ်ရှားလိုက်သောအခါမှသာ အောက်တွင် ကောင်းမွန်စွာ ကြီးထွားနေသော မှိုများကို အားလုံး မြင်တွေ့လိုက်ကြရ၏။

"ဒီလိုက်ဖ်လွှင့်သူက အတွင်းမြင် မျက်လုံး ပါနေတာလားမသိဘူး"

"အသားကျသွားမှာပါ... အရင်ကတော့ လောင်ရွှီ အမြင်မှားတာ နေမှာပါ လို့ အမြဲတွေးခဲ့တာ... တကယ်တမ်းကျတော့ အခေါက်တိုင်း ပစ္စည်းကောင်းတွေ ရှာတွေ့တာချည်းပဲ"

"လောင်ရွှီ ရဲ့ အရည်အချင်းကို ဘယ်သူမှ သံသယမဝင်ကြပါဘူး... အရမ်းကို ကျွမ်းကျင်တာ"

"ချန်ပိုင်တောင်တန်းက တကယ် လူတော်တွေ ထွက်တာပဲ... အရင်က ဂူဖောက်တဲ့ အစ်ကိုကြီး ရှိတယ်... အခုက တောတောင်ရှာဖွေတဲ့ အစ်ကိုကြီး ပေါ့"

"ဟားဟား... တောတောင်ရှာဖွေတဲ့ အစ်ကိုကြီးတဲ့... တကယ်ကို ကွက်တိပဲ"

ရွှီယန်က မှိုရှာတွေ့လိုက်တိုင်း အံ့သြချီးကျူးသံများ အဆက်မပြတ် ထွက်ပေါ်လာတော့သည်။

ယနေ့ တောင်ပေါ်တက်ရသည်မှာ ပေါ့ပါးပျော်ရွှင်စရာ ကောင်းလှ၏။

တောအုပ်ထဲရှိ နေရာများစွာတွင် သစ်ရွက်ဆွေးများ ထူထပ်စွာ စုပုံနေပြီး မိုးရွာပြီးနောက် သစ်ရွက်များ ကပ်နေသဖြင့် သစ်ရွက်များပေါ် နင်းလျှောက်ရသည်မှာလည်း ရွှံ့ဗွက်ထနေသည့် ပုံမပေါက်တော့ချေ။

ထို့အပြင် ရွှီယန်က ရော်ဘာဖိနပ်ရှည်နှင့် မိုးကာဝတ်ဆင်ထားသဖြင့် လုံခြုံနေသော်လည်း တောင်ပေါ်ရှိ လေထုမှာ စိုစွတ်အေးမြနေသဖြင့် အတော်လေး လန်းဆန်းနေပေသည်။

တောင်ခြေနှင့် နီးသော နေရာများရှိ မှိုများကို လူများ ကောက်ယူသွားကြပြီ ဖြစ်၏။

ထို့ကြောင့် ရွှီယန်က မတ်စောက်သော လမ်းတစ်လမ်းကို ရွေးချယ်ကာ တောက်လျှောက် ဝင်ရောက်သွားခဲ့သည်။

နေရာတစ်ခုဆိုလျှင် ငါးမီတာ ခြောက်မီတာခန့် အမြင့်ကိုပင် တွယ်တက်ရသဖြင့် ကြည့်နေရင်းပင် ရင်တထိတ်ထိတ် ဖြစ်ရပေသည်။

တစ်လမ်းလုံး ရရှိခဲ့သည့် တောင်ထွက်ပစ္စည်းများမှာ သိပ်မများလှသော်လည်း ရွှီယန်ထံတွင် ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် ရှိနေသည်။

ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို နှစ်ကြိမ်ခန့် အသုံးပြုပြီးနောက် သူက မှိုများ အစုလိုက်အပြုံလိုက် ပေါက်ရောက်နေသော ဧရိယာတစ်ခုကို ရှာတွေ့သွားခဲ့၏။

ချက်ချင်းဆိုသလိုပင် ခြင်းတောင်းတစ်ဝက်ခန့် အပြည့် မှိုများကို ကောက်ယူနိုင်ခဲ့သည်။

ဤသည်ကပင် အားလုံးကို အံ့သြမှင်သက်သွားစေတော့သည်။

ယနေ့ သူက တောင်ပေါ်သို့ တစ်ယောက်တည်း တက်လာခြင်းဖြစ်ပြီး ကျားသစ်ပေါက်လေးကို မခေါ်လာသဖြင့် လှုပ်ရှားမှုများက အများကြီး ပိုမြန်ဆန်နေ၏။

အထဲသို့ ဆက်ဝင်သွားပြီးနောက် ရွှီယန်က ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို ဆက်လက် အသုံးပြုလိုက်သည်။

'ပိုင်ရှင်က ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် အသုံးပြုရန် ရွေးချယ်လိုက်ပါတယ်... ရတနာရှာဖွေနေပါပြီ'

'ကျပန်း ရတနာရှာဖွေရေး မစ်ရှင် ထွက်ပေါ်လာပါပြီ - ရက်စက်ကြမ်းကြုတ်တဲ့ တောရိုင်း ငါးရံ့မည်းကြီး'

'မစ်ရှင် သတ်မှတ်ချက် - ၂၄ နာရီ အတွင်း တောရိုင်း ငါးရံ့မည်းကြီးကို ဖမ်းဆီးပါ'

'မစ်ရှင် အသေးစိတ် - မိုးသည်းထန်မှုကြောင့် ရေကြီးလာပြီး ဧရာမ ငါးရံ့မည်းကြီး တစ်ကောင်က ရေကန်တစ်ခုထဲမှာ ပိတ်မိနေပါတယ်... သူက ရေကန်ထဲက ရေချိုငါးတွေကို မျိုချနေပါတယ်... တောရိုင်း ငါးရံ့မည်းကြီးကို ဖမ်းဆီးပေးပါ'

'မစ်ရှင် ဆုလာဘ် - အဆင့်မြင့် မဲဖောက်ခွင့် တစ်ကြိမ်'

'ပံ့ပိုးပေးမယ့် ပစ္စည်း - ငါးဖမ်းပိုက်ကွန်... ငါးရံ့မည်း တည်နေရာပြစနစ် (အမြင်အာရုံ လမ်းညွှန်)'

ရုတ်တရက် ထွက်ပေါ်လာသော အသိပေးသံကြောင့် ရွှီယန်၏ ခြေလှမ်းများပင် ရပ်တန့်သွားရ၏။

'ရတနာရှာဖွေရေး မစ်ရှင် ထပ်ပေါ်လာပြန်ပြီပဲ... ကောင်းတာပေါ့'

ဤမစ်ရှင်၏ ဆုလာဘ်မှာ အဆင့်မြင့် မဲဖောက်ခွင့် တစ်ကြိမ် ဖြစ်ပြီး တွက်ကြည့်မည်ဆိုပါက ကျော်ကြားမှုရမှတ် တစ်သိန်းနှင့် ညီမျှပေသည်။

ဤဆုလာဘ်က အတော်လေး ကောင်းမွန်လှ၏။

ငါးရံ့မည်း ဆိုသည်ကို ရွှီယန် ကောင်းကောင်း သိထားသည်။ အလွန် ကြမ်းကြုတ်သော ရေချိုငါး အမျိုးအစားဖြစ်ပြီး အကုန်စားကာ စားလေ ကြီးလေ ဖြစ်၏။

ထို့အပြင် ငါးရံ့မည်းက ရပ်တန့်နေမည် မဟုတ်ဘဲ အကယ်၍ အလုံပိတ် ရေကန်တစ်ခုထဲသို့သာ ရောက်သွားပါက ထိုရေကန်ထဲရှိ ရေချိုငါး အားလုံးကို တဖြည်းဖြည်းချင်း အကုန်အစင် စားပစ်မည် ဖြစ်သည်။

တစ်ကောင်မှ အသက်ရှင်နိုင်မည် မဟုတ်ချေ။ လုံးဝ အသက်ရှင်ခွင့် မပေးပေ။

ငါးပေါက်လေးများကိုပင် ချန်ထားမည် မဟုတ်ပေ။

၎င်းက ရေထဲတွင် ပုန်းအောင်းနေကာ ရက်စက်သော သားကောင်ဖမ်းချင်စိတ်များ ပြည့်နှက်နေပြီး ရေချိုငါးများကို မြင်သည်နှင့် အပြင်းအထန် တိုက်ခိုက်တော့မည် ဖြစ်၏။

ဤအကောင်မှာ တိုက်ခိုက်လိုစိတ် အလွန် ပြင်းထန်လှသည်။

ထို့အပြင် ရေကူးနှုန်းကလည်း အလွန် မြန်ဆန်ပေသည်။

ရွှီယန်က စိတ်ထဲမှ တွေးတောနေလိုက်၏။

'ငါးရံ့မည်း အကြောင်းကို ငါ ကောင်းကောင်း သိပါတယ်... ဆောင်းဦးပေါက် အချိန်မှာ လူးဝါး ငါးမျှားနည်းနဲ့ ငါးရံ့မည်း မျှားဖို့ အသင့်တော်ဆုံးပဲ... ဒီအချိန်က သူတို့ အတက်ကြွဆုံး အချိန်လေ... ဒါပေမဲ့ ငါက ငယ်ငယ်ကတည်းက ငါးမျှားတာ နည်းတယ်... ငါးဖမ်းပိုက်နဲ့ ခပ်တာကိုတော့ တော်တော် ကျွမ်းကျင်တယ်'

ရွှီယန်၏ ငါးမျှားစွမ်းရည်မှာ သာမန်သာ ဖြစ်သော်လည်း မြစ်ထဲဆင်း၍ ငါးဖမ်းပိုက်ဖြင့် တိုက်ရိုက် ခပ်ယူရသည်ကို သဘောကျသည်။

ရွာအနောက်ဘက်ရှိ မြစ်ရေမှာ အလွန် သန့်ရှင်းကြည်လင်ပြီး အရသာရှိသော ငါးငယ်လေးများ အများအပြား ရှိ၏။ ဒေသ၏ ထူးခြားချက် တစ်ခုဟုပင် ဆိုရပေမည်။

ရာသီရောက်လာပါက မြစ်ထဲဆင်း၍ ဖမ်းရုံသာ ဖြစ်သည်။

ငါးကြီးများကို ဆီကြော်စားပြီး ငါးသေးများကိုတော့ ငါးပိကြော် လုပ်စားနိုင်ပေသည်။

ဤဒေသရှိ အိမ်တိုင်းလိုလို ပဲငါးပိ ပြုလုပ်ကြပြီး ရွှီယန်တို့ အိမ်တွင်လည်း ရှိရာ ရွှီယန်က တစ်ခါတစ်ရံ အိမ်ပြန်၍ ယူလာတတ်သေး၏။

ဤမစ်ရှင်က မလွယ်ကူလှပေ။

ငါးရံ့မည်း တစ်ကောင် ဖမ်းမိရန် ဆိုသည်မှာ ထင်သလောက် မလွယ်ကူချေ။

သို့သော် မစ်ရှင် ကျလာပြီဖြစ်ရာ သေချာပေါက် စမ်းကြည့်ရမည် ဖြစ်၏။

ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်မှ စုဆောင်းထားသော အကြိမ်ရေများကို အလဟဿ အဖြစ်မခံနိုင်ပေ။

သံလိုက်အိမ်မြှောင်က ၎င်းကို ရတနာ တစ်ခုအဖြစ် သတ်မှတ်ပေးထားပြီ ဖြစ်ရာ ရွှီယန် သိမ်းယူလိုက်ခြင်းကလည်း ယုတ္တိရှိလှပေသည်။

ရေကန်ထဲရှိ အခြား ရေချိုငါးများအတွက် ဘေးအန္တရာယ် ရှင်းလင်းပေးလိုက်သည်ဟုပင် သဘောထားလိုက်တော့မည်။

မကြာမီမှာပင် ရွှီယန်သည် ပစ်မှတ်နေရာသို့ ရောက်ရှိသွားတော့၏။

"ဟိုဘက်ကို ကြည့်လိုက်... ရေကန်တစ်ခု ရှိတယ်... မိုးရွာလို့ ရေတက်လာတာ... နေရာတော်တော်များများမှာ ရေတွေ မကျသေးတော့ ရေကန်ရဲ့ ရေမျက်နှာပြင်က အတော်လေး မြင့်နေတယ်... ချန်ပိုင်တောင်တန်းမှာ ငါးတွေလည်း အရမ်းများတယ်... အချိန်ရရင် ရွာပြန်ပြီး မြစ်ထဲမှာ ငါးသွားဖမ်းရမယ်... ဆီကြော်စားရင် အရမ်း စားကောင်းတာ"

ရွှီယန်က လိုက်ဖ်ကြည့်နေသည့် ပရိသတ်များကို ရှင်းပြလိုက်သည်။

သူက ရေကန်ဘေးတွင် ရပ်ကာ ရေကန်ထဲသို့ လှမ်းကြည့်လိုက်သည်။ စနစ်၏ တည်နေရာပြမှုကြောင့် ရွှီယန်က ငါးရံ့မည်းကြီး၏ တိကျသော တည်နေရာကို တကယ်ပင် မြင်တွေ့နေရ၏။

ရေနက်ပိုင်းတွင် ငြိမ်ဝပ်စွာ ပုန်းအောင်းနေသည်။

မူလက ငါးရံ့မည်းကြီးမှာ လုံးဝ ငြိမ်သက်နေသော်လည်း ထိုအချိန်မှာပင် တစ်ခုခုကို တွေ့ရှိသွားသကဲ့သို့ ရုတ်တရက် အရှေ့သို့ ပြေးထွက်သွားတော့၏။

ထို့နောက် ခဏမျှ လိုက်လံ ဖမ်းဆီးပြီးနောက် တစ်ခုခုကို ကိုက်မိသွားပုံရကာ ခန္ဓာကိုယ်ကို အပြင်းအထန် ခါရမ်းနေတော့သည်။

ထို့နောက် မျိုချသည့် လှုပ်ရှားမှု အချို့ လုပ်ဆောင်ပြီးနောက် ပြန်လည် ငြိမ်သက်သွားပြန်၏။

ဤအကောင်ကြီးက တကယ်ကို ရက်စက်ကြမ်းကြုတ်လှသည်။

ရွှီယန် မျက်မှောင်ကြုတ်သွား၏။

ငါးရံ့မည်းကြီးမှာ သူ ထင်ထားသည်ထက် အများကြီး ပိုကြီးမားနေပြီး လူတစ်ယောက်၏ လက်မောင်းတစ်ဖက်စာခန့် ရှည်လျားကာ ပို၍ပင် တုတ်ခိုင်နေသေးသည်။

လှုပ်ရှားမှုကလည်း အလွန် သွက်လက်လှ၏။

ဤအကောင်ကို ဖမ်းမိရန် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင်။

'အခက်အခဲက တော်တော် မြင့်တာပဲ... ကိရိယာ ဆိုလို့လည်း ငါးဖမ်းပိုက်ကွန်ပဲ ရှိတာ... ငါက ဘယ်လိုလုပ်ပြီး ခပ်တင်နိုင်မှာလဲ... ဒီငါးရံ့မည်းမျိုးက ခွန်အားလည်း အရမ်း ကောင်းတာ... ငါ့အထင် ငါးမျှားတံနဲ့ မျှားရင်တောင် ဆွဲတင်နိုင်ဖို့ မလွယ်ဘူး... ငါးမျှားတံတောင် ကျိုးသွားနိုင်သေးတယ်... ထင်တဲ့အတိုင်းပဲ... ကျော်ကြားမှုရမှတ် တစ်သိန်းတန် ဆုလာဘ် ဆိုတာ အဲဒီလောက် ယူရလွယ်တာ မဟုတ်ဘူး'

ရွှီယန်က စိတ်ထဲမှ တွက်ဆနေလိုက်၏။

သူက အလွယ်တကူ လက်လျှော့တတ်သူမျိုး လုံးဝ မဟုတ်ပေ။

ထို့အပြင် ယနေ့ တောင်ပေါ်တက်လာရာမှ မှို ခြင်းတောင်းတစ်ဝက်သာ ရထားပြီး သိပ်ပြီး တန်ဖိုးမရှိလှသဖြင့် အကျိုးအမြတ်တစ်ခုခုတော့ ရအောင် ယူသွားရမည် ဖြစ်သည်။

ထိုအချိန်တွင် ရေချိုငါး နှစ်ကောင်က ရေမျက်နှာပြင်မှ ခုန်တက်လာပြီး လေထဲသို့ ပျံတက်သွားရာ ကခုန်နေသကဲ့သို့ပင် ဖြစ်နေ၏။

ရေစက်ရေပေါက်များ လွင့်စင်သွားတော့သည်။

လိုက်ဖ်ကြည့်နေသည့် ပရိသတ်များမှာ ဤမြင်ကွင်းကို မြင်သောအခါ အလွန် အံ့အားသင့်သွားကြ၏။

"ဟိုမှာကြည့်... ငါးတွေတောင် ခုန်ထွက်လာပြီ"

"ဂေဟစနစ်က တကယ် ကောင်းတာပဲ"

"ဘုရားရေ... တောကြက်တွေ ထမင်းအိုးထဲ ပျံဝင်လာတာတင် မကဘူး... ငါးတွေလည်း ထမင်းအိုးထဲ ပျံဝင်လာနိုင်တာလား"

"ဒီငါးနှစ်ကောင်က ကခုန်နေတာလား... မြင်ကွင်းက အရမ်း လှတာပဲ"

လူအများမှာ သဘာဝတရား၏ အလှအပတွင် မိန်းမောသွားကြတော့သည်။

ဤငါးနှစ်ကောင်က သူတို့ကို ကြိုဆိုသည့်အနေဖြင့် ကခုန်နေသည်ဟု အားလုံးက ထင်မှတ်နေကြ၏။

ရွှီယန်ကမူ ဤငါးနှစ်ကောင် ကခုန်နေခြင်း မဟုတ်ကြောင်း ကောင်းကောင်း သိထားသည်။ ငါးရံ့မည်းကြီးကို မြင်ပြီး ကြောက်လန့်တကြား အသက်လု ထွက်ပြေးရန် ခုန်ထွက်လာခြင်း ဖြစ်မည်ဟု သူ ခန့်မှန်းမိ၏။

အကယ်၍ ငါးများသာ အင်တာနက်သုံးစွဲသူများ၏ ကွန်မန့်များကို မြင်လိုက်ရပါက မနေနိုင်ဘဲ ခုန်ထွက်လာပြီး ဆဲဆိုကြမည် ဖြစ်သည်။

"မင်းတို့သာ ကနေတာ... မင်းတို့ တစ်မိသားစုလုံး ကနေကြတာ... ဝင်ကချင်တဲ့ကောင် ဝင်ကကြ"

ရွှီယန်က အများကြီး ရှင်းမပြတော့ဘဲ အားလုံး၏ စကားလမ်းကြောင်းအတိုင်း လိုက်ပြောလိုက်သည်။

"ဒီမြစ်ထဲမှာ ငါးတွေ အရမ်းများတယ်... ကျွန်တော် ဒီနေ့ ငါးဖမ်းပိုက်ကွန်တောင် တမင် ယူလာခဲ့သေးတယ်... မူလကတော့ ရေကျသွားပြီး မြစ်ထဲ ပြန်မရောက်သွားတဲ့ ငါးတွေကို တွေ့ရင် ခပ်ယူဖို့ ရည်ရွယ်ထားတာပါ"

ရွှီယန်က ကင်မရာကို ကျောခိုင်းလိုက်ပြီး စနစ်က ထောက်ပံ့ပေးထားသော ငါးဖမ်းပိုက်ကွန်ကို ခြင်းတောင်းထဲမှ ထုတ်ယူလိုက်သကဲ့သို့ ဟန်ဆောင်လိုက်၏။

"ဒီနေရာက တော်တော်လေး ကောင်းတယ်... ကျွန်တော် ရေထဲဆင်းပြီး နှစ်ကောင်လောက် ဖမ်းလိုက်ဦးမယ်... အိမ်ပြန်ရောက်ရင် ငါးစွပ်ပြုတ် ချက်သောက်မလို့... ကျွန်တော် ငယ်ငယ်တုန်းက တောထဲက ရေကန်တွေမှာ ရေဆော့ရင်း ငါးဖမ်းလေ့ရှိတယ်... တောကန်တွေက အဲဒီလောက်ပဲ ရှိတာဆိုတော့ ငါးဖမ်းရတာ အရမ်းလွယ်တယ်... ဖမ်းလိုက်တာနဲ့ မိတာချည်းပဲ... ဒီနေရာကလည်း ကြည့်ရတာ သိပ်မကြီးပါဘူး... အားလုံးကို အစွမ်းပြရဦးမယ်"

ရွှီယန်က ငါးရံ့မည်းကို လက်ဗလာဖြင့် ဖမ်းနိုင်မလား အရင် စမ်းကြည့်ရန် ရည်ရွယ်ထားသဖြင့် ရေထဲဆင်းရန် အကြောင်းပြချက် တစ်ခု ရှာလိုက်ခြင်း ဖြစ်၏။

ထို့နောက် ရွှီယန်က မိုးကာအင်္ကျီ... ရော်ဘာဖိနပ်... အပေါ်အင်္ကျီနှင့် ခြေအိတ်များကို ချွတ်လိုက်သည်။

ဘောင်းဘီရှည် တစ်ထည်သာ ကျန်တော့၏။

အိတ်ကပ်ထဲရှိ ပစ္စည်းများကိုလည်း အကုန် ထုတ်ထားလိုက်သည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အားလုံးက ချက်ချင်းပင် စိတ်ဝင်စားသွားကြတော့သည်။

လိုက်ဖ်ထဲမှာ အပိုခံစားခွင့်တွေတောင် ပါသေးတာပဲ။

ရွှီယန်၏ ခန္ဓာကိုယ် အချိုးအစားမှာ ပြောစရာ မလိုအောင်ပင် လှပပေသည်။ တောင်ပေါ်သို့ အမြဲတမ်း ပြေးလွှားနေရပြီး လေ့ကျင့်ခန်း မျိုးစုံ လုပ်ဆောင်နေသဖြင့် ခန္ဓာကိုယ် အချိုးအစား မလှလျှင်ပင် မဖြစ်နိုင်ချေ။

ထို့အပြင် သူ၏ ကိုယ်ဟန်သွင်ပြင်နှင့် အရှိန်အဝါကလည်း ကောင်းမွန်လှသည်။

ချက်ချင်းဆိုသလိုပင် ကွန်မန့်များ ဆူညံပွက်လောရိုက်သွားတော့၏။

"လိုက်ဖ်လွှင့်သူက ခန္ဓာကိုယ် အချိုးအစား တော်တော်မိုက်တာပဲ"

"ဟာ... ဒါ သေချာပေါက် လေ့ကျင့်ထားတာပဲ"

"ဒီလို အပိုခံစားခွင့်တွေတောင် ပါသေးတာလား... တကယ်ကို တန်သွားပြီ"

ယေဘုယျအားဖြင့် ဗီဒီယိုတို ပလက်ဖောင်းများက လိုက်ဖ်လွှင့်သူများ အဝတ်အစား ဟော့ဟော့ရမ်းရမ်း ဝတ်ဆင်ခြင်းကို ခွင့်မပြုကြချေ။ ဤသည်မှာ ညစ်ညမ်းမှုများကို ကာကွယ်ရန် ဖြစ်၏။

သို့သော် ရေကူးခြင်း ကဲ့သို့သော သီးသန့် အခြေအနေများတွင်မူ ခွင့်ပြုထားပေသည်။

ရွှီယန်က အပေါ်ပိုင်း ဗလာကျင်းနေသော်လည်း သူ၏ လိုက်ဖ်အကြောင်းအရာမှာ ညစ်ညမ်းမှုများနှင့် လုံးဝ သက်ဆိုင်ခြင်း မရှိသဖြင့် လိုက်ဖ်ကို စောင့်ကြည့် ကြီးကြပ်နေသူများက မြင်သော်လည်း ရွှီယန်ကို သတိပေးခြင်းပင် မပြုခဲ့ကြချေ။

အဓိကမှာ ကြီးကြပ်သူ ကိုယ်တိုင်ကလည်း ကြည့်ရသည်ကို သဘောကျနေသောကြောင့် ဖြစ်၏။

ထို့ကြောင့် ရွှီယန်၏ လိုက်ဖ်မှာ ပုံမှန်အတိုင်းသာ ဆက်လက် လွှင့်နေနိုင်ပေသည်။

"ကျွန်တော် ရေထဲဆင်းပြီး ငါးနှစ်ကောင်လောက် စမ်းဖမ်းလိုက်ဦးမယ်... ငယ်ငယ်ကလည်း အမြဲတမ်း ဒီလိုပဲ လုပ်နေကျဆိုတော့ ကျွန်တော့်ရဲ့ ရေကူးစွမ်းရည်ကလည်း မဆိုးပါဘူး... ဒီနေရာမှာ သတိပေးချင်တာက... ကျွန်တော်က မြစ်ဘေးမှာ ကြီးပြင်းလာတာမို့ ဒီလို တောရေကန်ထဲ ဆင်းတာက ပြဿနာမရှိပေမယ့် တခြားလူတွေကတော့ လုံးဝ လိုက်မလုပ်ကြပါနဲ့... ဒီအပြုအမူက အန္တရာယ်များပါတယ်"

ရွှီယန်က ဗဟုသုတ အနည်းငယ် ပေးရန်လည်း မမေ့လျော့ခဲ့ချေ။

"လောင်ရွှီ... စိတ်ချပါ... ကျွန်တော်တို့ ကိုယ့်အတိုင်းအတာ ကိုယ်သိပါတယ်"

"ဟားဟား... အင်တာနက်သုံးစွဲသူတွေကိုတောင် ဂရုစိုက်တတ်သေးတယ်... စိတ်ဝင်စားစရာပဲ"

"ငါ လိုက်ဖ်လွှင့်သူ ကိုယ်စား ဘာသာပြန်ပေးမယ်... ငါက အရမ်း စွမ်းတယ်... ရေထဲဆင်းလို့ရတယ်... မင်းတို့လို အသုံးမကျတဲ့ ကောင်တွေကတော့ လုံးဝ မဆင်းနဲ့ လို့ ပြောတာ"

"လိုက်ဖ်လွှင့်သူက ငယ်ငယ်ကတည်းက ဒီလိုပဲ ဆော့ခဲ့တာလား... အခုထိ အသက်ရှင်နေတာကိုက ကံကောင်းလို့ပဲ"

ပရိသတ်များလည်း စိတ်ပါဝင်စားလာကြပြီး အသီးသီး တုံ့ပြန်ကြလေသည်။

လိုက်ဖ်ထဲရှိ လေထုမှာ အထူးပင် စည်ကားနေတော့၏။

ရွှီယန်သည် ယခင်က 'ရေကူး ကျွမ်းကျင်မှု' စွမ်းရည်ကို ရရှိထားခဲ့ဖူးပြီး ငယ်စဉ်ကတည်းက ရေအောက်တွင် အသက်အောင့်နိုင်သူ ဖြစ်သဖြင့် ရေကန်ထဲတွင် ရေကူးခြင်းမှာ သူ့အတွက် တကယ်ပင် အသေးအမွှား ကိစ္စလေး တစ်ခုသာ ဖြစ်ပေသည်။

ထို့အပြင် ခန္ဓာကိုယ်တွင် ဓားမြှောင်တစ်လက်လည်း ဆောင်ထားသဖြင့် ရေမှော်ပင်များ ငြိတွယ်လာပါကလည်း ဖြတ်တောက်၍ လွတ်မြောက်နိုင်ပေသည်။

လုံးဝ သေချာသော စွမ်းရည်ရှေ့တွင် အန္တရာယ်ဆိုသည်မှာ အန္တရာယ် မဟုတ်တော့ချေ။

All Chapters