အခန်း ၁၀၄
Vol. 11 Ch. 104
အခန်း (၁၀၄) ဟာ... သူနဲ့ ငါးရံ့မည်းကြီးတို့ ချနေကြပြီဟ
ရွှီယန်၏ ခန္ဓာကိုယ်သည် ရေကန်ထဲသို့ ဝင်ရောက်သွားပြီး သူ၏ အကြည့်များက ငါးရံ့မည်းကြီးထံသို့ စူးစိုက်ကျရောက်နေ၏။
ဤအမည်မသိ တောရေကန်လေးမှာ အလုံပိတ် ဂေဟစနစ်ငယ်လေး တစ်ခုဖြစ်သည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးလာပြီး ရေများ လျှံတက်လာရာ ရက်စက်ကြမ်းကြုတ်သော ငါးရံ့မည်းကြီးက ဤနေရာသို့ ရောက်ရှိလာခြင်း ဖြစ်သည်။
၎င်း ဤနေရာသို့ ရောက်လာခြင်းက အပြတ်အသတ် အသာစီးရယူခြင်းဖြစ်ပြီး ဤဂေဟစနစ်ငယ်လေး၏ ပကတိ ဘုရင်တစ်ပါး ဖြစ်လာတော့သည်။
၎င်းက ရေကန်ထဲတွင် အခြား ရေချိုငါးများကို ချောင်းမြောင်းတိုက်ခိုက်နေ၏။
သို့သော် ယခုအခါ ငါးရံ့မည်းကြီး မသိသည်မှာ ၎င်းကိုယ်တိုင်က လူသားတစ်ယောက်၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရပြီ ဖြစ်ကြောင်းပင်။
ဤအလုံပိတ် ဂေဟစနစ်ထဲသို့ နောက်ထပ် အမဲလိုက်သူ တစ်ဦးဖြစ်သော ကြောက်မက်ဖွယ် ခြေနှစ်ချောင်းသတ္တဝါကြီး ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
သို့သော် ရေထဲတွင် ရွှီယန်၏ ရေကူးနှုန်းက အလွန် နှေးကွေးလွန်းလှရာ ငါးများနှင့် နှိုင်းယှဉ်ရန် လုံးဝ မဖြစ်နိုင်ချေ။
ထို့ကြောင့် အခြားနည်းလမ်းတစ်ခုကို စဉ်းစားရမည် ဖြစ်၏။
ရွှီယန်က ခေါင်းကို ရေပေါ်ဖော်ထားပြီး ဒရုန်းကလည်း အလွန် နိမ့်ကျစွာ ပျံသန်းနေသည်။
သူက မိုက်ခရိုဖုန်း၏ ဘလူးတုသ်ချိတ်ဆက်မှုကို ပိတ်လိုက်ရာ ဒရုန်းက အသံကို တိုက်ရိုက် ဖမ်းယူနိုင်မည် ဖြစ်၏။
ရွှီယန်က ဒရုန်းကို ကြည့်ကာ လှမ်းအော်ပြောလိုက်သဖြင့် အားလုံး ကြားနိုင်ပေသည်။
"ဒီနေရာမှာ ငါးတွေ တကယ်များတယ်... ကျွန်တော် အကောင်တော်တော်များများကို တွေ့နေရပြီ... ရေထဲဆင်းပြီး ငါးနည်းနည်းလောက် အရင် ဖမ်းလိုက်ဦးမယ်... ငယ်ငယ်တုန်းက ခဏခဏ ငါးဆင်းဖမ်းဖူးတယ်လေ"
ရွှီယန်မှာ ငါးရံ့မည်းကြီးကို ဖမ်းရန် ရည်ရွယ်ထားသော်လည်း အခြေအနေပေးအောင် ဟန်ဆောင်ရမည် မဟုတ်ပါလား။
ထို့အပြင် သူက တကယ်လည်း ငါးအချို့ကို ဖမ်းယူလိုသေး၏။
မိုးရွာပြီးကာစဖြစ်သဖြင့် မြစ်ထဲတွင် ပေါ်လာသော ငါးများ အတော်လေး များပြားရာ ငါးဖမ်းရန် အကောင်းဆုံး အချိန်ပင် ဖြစ်သည်။
"ဟားဟား... ဒါကမှ တကယ့် အလုပ်ခိုးတာ... အဲလေ ငါးခိုးဖမ်းတာ"
"တိုက်ဆိုင်လိုက်တာ အစ်ကိုယန်ရေ... ကျွန်တော်လည်း ရုံးမှာ အလုပ်ခိုးလုပ်ပြီး လိုက်ဖ်ကြည့်နေတာ"
"ကျွန်တော်လည်း အတန်းထဲမှာ စာခိုးလုပ်နေတာ"
"တစ်အင်တာနက်လုံးမှာ နံပါတ်တစ် အလုပ်ခိုးတဲ့ လိုက်ဖ်လွှင့်သူကြီး"
အားလုံးက ရယ်မောကာ အသီးသီး တုံ့ပြန်ကြ၏။
ရွှီယန်က ရေထဲသို့ ဒိုင်ဗင်ထိုးဆင်းသွားသည်။
မြစ်ရေမှာ အလွန် ကြည်လင်နေပြီး ရေထဲတွင် ရွှီယန်၏ ခန္ဓာကိုယ် ကူးခတ်နေသည်ကို အားလုံးက မြင်တွေ့နေရ၏။
ရေတိမ်ပိုင်းတွင် ငါးအချို့ ရှိနေပြီး ရွှီယန်က စမ်းသပ် ဖမ်းကြည့်လိုက်သော်လည်း ငါးများက အလွန် ချောကျိနေသဖြင့် ရွှီယန်၏ လက်ထဲမှ အလွယ်တကူ လွတ်ထွက်သွားတော့သည်။
ဤသည်မှာ အဆုံးမဟုတ်သေးချေ။
ငါးအချို့က ရွှီယန်၏ ဘေးတွင် တမင် လာရောက် ကူးခတ်နေကြ၏။
ရွှီယန်က ဖမ်းလိုက်သည်နှင့် ငါးများက ထွက်ပြေးသွားကြသည်။
မူလက မြစ်ထဲရှိ ငါးများမှာ ဖမ်းရခက်ခဲသဖြင့် ဤသည်မှာ အလွန် ပုံမှန်ကိစ္စ တစ်ခုပင်။
သို့သော် ဤမြင်ကွင်းကို အပေါ်မှ ဒရုန်းက ရှင်းလင်းစွာ ရိုက်ကူးထားသဖြင့် အင်တာနက်သုံးစွဲသူများမှာ ချက်ချင်းပင် ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ချေ။
"လောင်ရွှီ... မင်းရဲ့ ငါးဖမ်းစွမ်းရည်က မဟန်ပါဘူးကွာ"
"ဒီငါးတွေက မင်းဘေးနားလေးတင် ရှိနေတာ... မင်းကို တမင် သရော်နေတာပဲ"
"ငါတောင် အကောင်တော်တော်များများ မြင်နေရတာကို... သူက တစ်ကောင်မှ ဖမ်းမမိဘူး"
"ဟားဟား... လိုက်ဖ်လွှင့်သူက ငါးတွေရဲ့ သရော်တာ ခံနေရတယ် ထင်တယ်"
ရွှီယန်က ကွန်မန့်များကို မမြင်ရသော်လည်း အသက်တစ်ဝဝရှူကာ ရေအောက်သို့ ဆင်းပြီး နှစ်မိနစ်ခန့် ဆက်တိုက် ဖမ်းသော်လည်း ငါးတစ်ကောင်မှ မမိခဲ့ပေ။
ထို့ကြောင့် ရွှီယန်က ရေပေါ်သို့ ပြန်ပေါ်လာခဲ့၏။
သူက အသက်ကို ဆက်တိုက် ရှူလိုက်ပြီးနောက် ပြောလိုက်သည်။
"ဒီကောင်တွေက ငါ့ဘေးနားမှာ တမင် လာကူးနေတာ... ငါ့ကိုယ်လုံးကို လာပွတ်သွားတာတောင် ခံစားမိတယ်... တကယ် သည်းမခံနိုင်တော့ဘူး"
သူ ဤသို့ ပြောသည်ကို ကြားသောအခါ အားလုံးက ပို၍ပင် ပျော်ရွှင်စွာ ရယ်မောကြတော့၏။
ရွှီယန်က ထပ်ပြောလိုက်သည်။
"ဒါပေမဲ့ မြစ်ရေအပေါ်ယံလွှာက ငါးတွေက ပိုပြီး သွက်လက်တော့ ဖမ်းရတာ သိပ်မလွယ်ဘူး... မြစ်အောက်ခြေက ငါးတွေကမှ ဖမ်းရပိုလွယ်တာ... ငါးဖမ်းချင်ရင် ရေအောက်ကို ငုပ်ရတယ်... ငါးဖမ်းတယ်ဆိုတာ ဒီလိုပဲ ဖမ်းရတာ... အလင်းရောင် သိပ်မရှိတဲ့ နေရာမျိုးမှာ ငါးတွေ နားနေတဲ့အချိန်ကို အမိအရ ဖမ်းရတာ"
ရွှီယန်က အသက်ရှူမှန်အောင် ပြန်ထိန်းလိုက်၏။
ငါးအချို့က ဘာကြောင့် သူ့အနားတွင် လာဝိုင်းနေသနည်း ဆိုသည်ကို သူလည်း သိထားသည်။
လူသားများကို နောက်ပြောင်လို၍တော့ တကယ် မဟုတ်ပေ။
ဤငါးများက အလွန် သတိကြီးကြပြီး ငါးရံ့မည်းကြီးကို တွေ့ရှိသွားသောအခါ ရေထဲတွင် ဟိုဟိုဒီဒီ မသွားရဲကြတော့ချေ။
တိုက်တိုက်ဆိုင်ဆိုင် ရွှီယန် ပေါ်လာပြီး ရေကူးနှုန်း နှေးသော်လည်း ခန္ဓာကိုယ် ကြီးမားသဖြင့် ငါးရံ့မည်းကြီးကို အနားမကပ်ရဲအောင် ခြိမ်းခြောက်နိုင်ပေသည်။
ဤငါးများက ရွှီယန်ကို အကာအကွယ်ပေးမည့် ထီးတစ်လက်အဖြစ် သတ်မှတ်ထားကြခြင်း ဖြစ်၏။
သဘာဝတရား၏ အားနည်းသူကို အားကြီးသူက စားသုံးသည့် နိယာမက အလွန် ရက်စက်လှသည်။
ဤငါးများ မသိသည်မှာ ရွှီယန်သည် အစာကွင်းဆက်၏ ထိပ်ဆုံးတွင် ရပ်တည်နေသော အမဲလိုက်သူ ဖြစ်ပြီး သူကိုယ်တိုင်ကလည်း ငါးဖမ်းမည် ဆိုသည်ကိုပင်။
ဤတစ်ကြိမ်တွင် ရွှီယန်က အောက်ဘက်သို့ တောက်လျှောက် ငုပ်ဆင်းသွားပြီး မြစ်အောက်ခြေဆီသို့ တိုက်ရိုက် ဦးတည်သွားတော့သည်။
ရေထဲတွင် ရေမှော်ပင် အချို့ ပေါက်နေသော်လည်း အားလုံးက မြက်ခင်းပြင်ရှိ မြက်များကဲ့သို့ သေးငယ်နုနယ်သဖြင့် မည်သည့် အန္တရာယ်မှ မရှိနိုင်ပေ။
အချို့သော ငါးများက ရေမှော်ပင်များကြားတွင် ပုန်းအောင်းနေကြ၏။
ဤအချိန်သည် ငါးဖမ်းရန် အလွယ်ကူဆုံး ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ငါးများက ပတ်ဝန်းကျင်ကိုသာ မြင်နိုင်ပြီး ခေါင်းပေါ်ကို သတိမထားမိသောကြောင့် ဖြစ်၏။
အထက်ဘက်သည် ၎င်းတို့၏ မျက်ကွယ်နယ်မြေ ဖြစ်ပေသည်။
၎င်းတို့က ရေမှော်ပင်များကြားတွင် ပုန်းအောင်းနေပြီး သူတို့ကိုယ်သူတို့ လုံခြုံပြီဟု ထင်မှတ်နေကြသော်လည်း အဆင့်မြင့် သတ္တဝါတစ်ဦး၏ ပစ်မှတ်ထားခြင်းကို ခံနေရပြီဆိုသည်ကိုမူ မသိကြချေ။
ရွှီယန်က ရေမှော်ပင်များကြားတွင် ပုန်းအောင်းနေသော ငါးတစ်ကောင်ကို မြင်လိုက်ရသည်။
ဤငါးက ရေကူးနှုန်း အလွန်နှေးကွေးပြီး ကြည့်ရသည်မှာ တုံးအအ ပုံစံမျိုး ဖြစ်နေ၏။
ဤသည်မှာ ချန်ပိုင်တောင်တန်း၏ ရေချို ထွက်ကုန်တစ်မျိုးဖြစ်သော ချန်ပိုင်တောင်တန်း ရေအေးငါး ပင် ဖြစ်သည်။
ဤဒေသတွင်သာ စားသုံးနိုင်သော အရသာရှိသည့် အစားအစာ တစ်မျိုး ဖြစ်၏။
ရေအေးငါး၏ ပတ်လည်တွင် ရေမှော်ပင်များ ရှိနေသဖြင့် ၎င်းက လုံးဝ လုံခြုံသည်ဟု ထင်မှတ်နေသည်။
ဤငါးမျိုးမှာ ဖမ်းရ အလွယ်ဆုံးဖြစ်ကြောင်း ရွှီယန် သိထား၏။
အပေါ်ဘက်မှနေ၍ ဖမ်းလိုက်ပါက တစ်ခါတည်းနှင့် အမိဖမ်းနိုင်ပေသည်။
သူက အရှိန်ကို ထိန်းကာ အပေါ်မှနေ၍ အောက်ဘက်သို့ ထိုရေအေးငါး ရှိရာဆီသို့ ကူးခတ်သွားတော့သည်။
ထိုအချိန်တွင် ရေအေးငါးလေးမှာ ရေမှော်ပင်များကြားတွင် တိတ်ဆိတ်စွာ မျောပါနေ၏။
ရုတ်တရက် ၎င်းက အခြေအနေ မဟန်ကြောင်း ခံစားလိုက်ရသည်။
'ဘာလို့ တစ်ကိုယ်လုံး အေးစိမ့်စိမ့် ဖြစ်နေရတာလဲ... တစ်စုံတစ်ခုရဲ့ ပစ်မှတ်ထားခံလိုက်ရတာလား... မဖြစ်နိုင်ပါဘူး... ငါ ဒီမှာ သေချာ ပုန်းနေတာပဲဟာကို... ဘယ်လိုလုပ် ပစ်မှတ်ထားခံရမှာလဲ'
သို့သော် နောက်တစ်စက္ကန့်တွင် ကရုဏာကင်းမဲ့သော လက်ကြီးတစ်စုံက ကောင်းကင်မှ ကျဆင်းလာပြီး ၎င်းကို တစ်ချက်တည်း ဖမ်းဆုပ်လိုက်တော့သည်။
ရေအေးငါးက ရုန်းကန်ချင်သေးသော်လည်း ရွှီယန်၏ လက်ထဲမှ မည်သို့ ထွက်ပြေးနိုင်မည်နည်း။
ဤငါးမျိုးက ငါးသေးမျိုး ဖြစ်သဖြင့် ခွန်အား သိပ်မကောင်းလှချေ။
ထို့ကြောင့် ရွှီယန်က ၎င်းကို လွယ်ကူစွာ ဖမ်းဆီးနိုင်ခဲ့သည်။
နောက်တစ်စက္ကန့်တွင် ရွှီယန်က ငါးကို ဆုပ်ကိုင်ကာ အပေါ်သို့ ရေကူးတက်သွားတော့၏။
ဝုန်း ခနဲ အသံနှင့်အတူ ရွှီယန်က မြစ်ရေထဲမှ ထွက်ပေါ်လာသည်။
ဒရုန်းကလည်း ချက်ချင်းပင် လိုက်ပါလာ၏။
လိုက်ဖ်ကြည့်နေသည့် ပရိသတ်များ၏ အကြည့်များက မြင်ကွင်းပေါ်သို့ စုပုံသွားပြီး ရွှီယန်၏ လက်ထဲတွင် ငါးပါလာသည်ကို မြင်လိုက်ရသောအခါ ကွန်မန့်များ ချက်ချင်းပင် ဆူညံသွားတော့သည်။
"တကယ် ဖမ်းမိသွားတာပဲ"
"အရမ်း မိုက်တယ်"
"တကယ် အစွမ်းရှိတာပဲ"
"ထင်ထားတဲ့အတိုင်းပဲ"
အားလုံးက အသီးသီး ချီးကျူးနေကြ၏။
ရွှီယန်က ငါးကို ကိုင်ကာ မြစ်ကမ်းစပ်သို့ ကူးသွားပြီး အိတ်တစ်လုံးရှာ၍ ရေအနည်းငယ် ထည့်ကာ ရေအေးငါးကို ထည့်ပြီးနောက် သစ်ကိုင်းပေါ်တွင် ချိတ်ဆွဲထားလိုက်သည်။
ရေအေးငါးမှာ လတ်လတ်ဆတ်ဆတ် ချက်စားမှ ပို၍ အရသာရှိပေသည်။
"ချန်ပိုင်တောင်တန်း ရေအေးငါး တစ်ကောင်ပါ... ကျွန်တော်တို့ဆီက ထွက်ကုန်ပေါ့... မွေးမြူရေး လုပ်တဲ့သူတွေလည်း များတယ်... အားလုံးပဲ ဒီဘက်ကို အလည်လာရင် စားလို့ရပါတယ်"
ရွှီယန်က အားလုံးကို မိတ်ဆက်ပေးလိုက်၏။
ထို့နောက် ရွှီယန်က အခြေအနေ ဖန်တီးထားသည်မှာ လုံလောက်ပြီဟု ထင်သဖြင့် ဆက်ပြောလိုက်သည်။
"ခုနက ရေထဲမှာ အကောင်ကြီးကြီး တစ်ကောင် တွေ့လိုက်တယ်... ရေသတ္တဝါဆန်းကြီးများလား လို့တောင် လန့်သွားတာပဲ... ခဏနေရင် အဲဒီငါးကို ဖမ်းလို့ ရမရ စမ်းကြည့်လိုက်ဦးမယ်"
ရွှီယန်၏ စကားက လူများ၏ အာရုံစိုက်မှုကို ဆွဲဆောင်သွား၏။
ရေသတ္တဝါဆန်းကြီး ဟုတ်လား...
"လောင်ရွှီ... မင်း ဘာတွေ ထပ်လုပ်ဦးမလို့လဲ"
"ဘယ်က ရေသတ္တဝါဆန်းကြီးလဲ... မင်းက ရုပ်ရှင်ရိုက်နေတယ် ထင်နေတာလား"
"ဒီလောက် သေးတဲ့ တောရေကန်လေးထဲမှာ ငါးကြီး ရှိနိုင်လို့လား"
ရွှီယန်၏ စကားကို ကြားသောအခါ အားလုံးက လုံးဝ မယုံကြည်ကြပေ။
သို့သော် ရွှီယန်ကမူ ပြင်ဆင်မှု အပြည့်အဝ လုပ်ထားပြီး ဖြစ်သည်။
လက်ချည်းသက်သက်ဖြင့် ငါးရံ့မည်းကြီးကို ဖမ်းမိရန် ဆိုသည်မှာ မူလက လုံးဝ မဖြစ်နိုင်သောအရာ ပင်။
ငါးရံ့မည်းက အလွန် သတိကြီးလှသည်။
သို့သော် ရွှီယန်၏ အကြီးမားဆုံး အားသာချက်မှာ သူ့ထံတွင် ငါးရံ့မည်း၏ မြင်ကွင်း ရှိနေခြင်း ဖြစ်၏။
တောထဲတွင် အမဲလိုက်သည့် ကစားသမား တစ်ယောက်အတွက် မြေပုံတစ်ခုလုံး၏ မြင်ကွင်းကို ရရှိထားခြင်းက အလွန် အရေးပါလှပေသည်။
အခြားတစ်နည်းဖြင့် ပြောရလျှင် ယခုလက်ရှိ ရွှီယန်မှာ တကယ်ပင် ဖောက်ထွင်းမြင်နိုင်စွမ်းကို ဖွင့်ထားခြင်း ဖြစ်သည်။
သူက ငါးရံ့မည်းကို မြင်နိုင်၏။
ထို့ကြောင့် ၎င်းကို ဖမ်းဆီးရန် အခွင့်အရေး တစ်ကြိမ် ရရှိသွားခြင်းပင် ဖြစ်သည်။
ရွှီယန်က ရေကန်ထဲသို့ ထပ်မံ ဝင်ရောက်သွားသည်။
သူ၏ အကြည့်များက ရေအောက်သို့ ဦးတည်သွားရာ ငါးရံ့မည်းကြီးက ရေအောက် မြစ်ကမ်းစပ်ဘက်တွင် ငြိမ်ဝပ်စွာ ပုန်းအောင်းနေသည်ကို မြင်လိုက်ရ၏။
ထိုနေရာတွင် ငါးရံ့မည်းကြီး ပုန်းအောင်းရန် လုံလောက်သော တွင်းပေါက် တစ်ခု ရှိနေသည်။
ရွှီယန်က ငါးရံ့မည်းကြီး၏ အထက်သို့ သတိကြီးစွာဖြင့် ကူးသွားလိုက်သည်။
ဤအခိုက်အတန့်တွင် သူလည်း အနည်းငယ် စိတ်လှုပ်ရှားလာတော့၏။
အကောင်းဆုံး အခွင့်အရေး ဆိုသည်မှာ တစ်ကြိမ်သာ ရှိပေသည်။
ရွှီယန်၏ လှုပ်ရှားမှုက နှေးကွေးနေသော်လည်း ခန္ဓာကိုယ်ထဲရှိ အက်ဒရီနယ်လင်း ဟော်မုန်းများကမူ အမြင့်ဆုံးသို့ ရောက်ရှိနေ၏။
ဤအချိန်တွင် ငါးရံ့မည်းကြီးက အနားယူနေခြင်း ဖြစ်မည်။
၎င်းက အစာဝနေပြီး ခန္ဓာကိုယ်ထဲမှ အာဟာရဓာတ်များကို ချေဖျက်နေခြင်း ဖြစ်သည်။
ငါးများ၏ ကြီးထွားမှုနှုန်းမှာ အလွန် မြန်ဆန်လှ၏။
ငါးရံ့မည်းဆိုလျှင် ပို၍ပင် ဆိုးရွားပြီး စားလေ ကြီးလေ ဖြစ်သည်။
ထို့နောက် ရွှီယန်က ရေကန်အောက်ခြေဆီသို့ တောက်လျှောက် ကူးဆင်းသွားလိုက်သည်။
သူက ငါးရံ့မည်းကြီးနှင့် ပို၍ပို၍ နီးကပ်လာတော့၏။
ဤအချိန်တွင် ငါးရံ့မည်းကြီးကလည်း အခြေအနေ မဟန်ကြောင်းကို ခံစားမိသွား၏။
ဤသို့သော ရက်စက်ကြမ်းကြုတ်သည့် ရေချိုငါးများက သတိအလွန်ကြီးပြီး ရေစီးကြောင်း ပြောင်းလဲမှုကိုလည်း ခံစားသိရှိနိုင်ပေသည်။
လူသားများ၏ ခန္ဓာကိုယ်မှာ ကြီးမားလှသဖြင့် အောက်ဘက်သို့ ကူးဆင်းချိန်တွင် အောက်ခြေရှိ ရေစီးကြောင်းကို သေချာပေါက် သက်ရောက်မှု ရှိစေမည် ဖြစ်သည်။
ရွှီယန်က အသက်အောင့်ထားပြီး လေအချို့ကို မှုတ်ထုတ်လိုက်ကာ ခန္ဓာကိုယ်ကို လွတ်လပ်စွာ အောက်ဘက်သို့ ကျဆင်းသွားစေလိုက်၏။
ငါးရံ့မည်း ဆိုသည်မှာ ရေချိုထဲရှိ အစွမ်းအထက်ဆုံး အမဲလိုက် သတ္တဝါများထဲမှ တစ်ကောင်ဖြစ်ပြီး အားနည်းချက် လုံးဝ မရှိသလောက်ပင် ဖြစ်ကြောင်း သူ သိထားသည်။
အလွန် ကြမ်းကြုတ်ပြီး လှုပ်ရှားမှု အလွန်မြန်ဆန်ကာ ခွန်အားလည်း ကြီးမားသည့်အပြင် အကိုက်အခဲလည်း အလွန် ကြမ်းတမ်းလှ၏။
သေချာသည်မှာ လူသားများ၏ ခန္ဓာကိုယ်ကြီးက ငါးရံ့မည်း၏ ပါးစပ်ထဲသို့ ဝင်မည်မဟုတ်သဖြင့် ၎င်းက ကိုက်၍မရနိုင်ချေ။
တစ်ခုတည်းသော အန္တရာယ်ရှိသည့် အရာမှာ လက်ချောင်းများသာ ဖြစ်သည်။
အခြား အရေးကြီးသော နေရာတစ်ခုကလည်း သေချာစွာ ကာကွယ်ထားသဖြင့် တိုက်ခိုက်ခံရမည် မဟုတ်ပေ။
ငါးရံ့မည်းကြီးမှာ ပို၍ ဂဏာမငြိမ် ဖြစ်လာပြီး ၎င်း၏ ခန္ဓာကိုယ်က ညင်သာစွာ စတင် လူးလွန့်လာတော့၏။
အမဲလိုက် သတ္တဝါတစ်ကောင်၏ သဘာဝ အသိစိတ်က အန္တရာယ်ကို အလိုလို ခံစားမိနေစေသည်။
ဤအချိန်တွင် ရွှီယန်၏ ခန္ဓာကိုယ်က အောက်ဘက်သို့ စောင်းနေ၏။
ခေါင်းက အောက်ဘက်တွင်ရှိပြီး ခြေနှစ်ဖက်က အပေါ်ဘက်တွင် ရှိနေသည်။
ဤသို့ဆိုလျှင် လက်နှစ်ဖက်ကို ပို၍ မြန်ဆန်စွာ လှုပ်ရှားနိုင်မည် ဖြစ်၏။
'ငါ့အကြံက သူ့ကိုဖက်ပြီး ရေပေါ်တက်မယ်... ပြီးရင် အားကုန်သုံးပြီး ကမ်းစပ်ကို ပစ်တင်လိုက်မယ်'
ရေထဲတွင် ငါးရံ့မည်း၏ နယ်မြေဖြစ်သော်လည်း ကမ်းပေါ်ရောက်သွားပါက ၎င်းသည် စဉ်းတီတုံးပေါ်မှ ငါးသားကဲ့သို့သာ ဖြစ်ပြီး အလွယ်တကူ သတ်ဖြတ်ခံရမည် ဖြစ်၏။
ဒရုန်းက အနိမ့်ပိုင်းတွင် ပျံသန်းကာ ရေမျက်နှာပြင်ကို ရိုက်ကူးနေသည်။
ရေမျက်နှာပြင်မှာ လေငြိမ်ရေသက် ဖြစ်နေပြီး ဘာမှ မရှိချေ။
ရွှီယန်၏ အရိပ်အယောင်ကိုလည်း မတွေ့ရပေ။
"လောင်ရွှီ ရော... နှစ်မိနစ်တောင် ရှိတော့မယ်... ဘာမှ မဖြစ်ပါစေနဲ့"
"နည်းနည်း အန္တရာယ်များတယ်လို့ ခံစားရတယ်နော်"
အင်တာနက်သုံးစွဲသူများက စိုးရိမ်တကြီး မေးမြန်းလာကြသည်။
ထိုစဉ်မှာပင် ရွှီယန်၏ ခန္ဓာကိုယ်က ပို၍ပို၍ နိမ့်ဆင်းလာပြီး ရေကန်အောက်ခြေနှင့် နီးကပ်လာတော့၏။
သူက အလွန် ပြတ်သားသူ တစ်ယောက်ဖြစ်ရာ အချိန်ကျပြီ ဖြစ်ကြောင်း မြင်သည်နှင့် ချက်ချင်း လက်လှမ်းလိုက်ပြီး ငါးရံ့မည်းကြီးကို တစ်ချက်တည်း ဖမ်းဆုပ်ကာ ရင်ခွင်ထဲသို့ ဖက်ထားလိုက်တော့သည်။
အရာအားလုံးက မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်း ဖြစ်ပျက်သွားခြင်းပင်။
ငါးရံ့မည်းကြီးမှာ ရေချိုထဲမှ ရက်စက်ကြမ်းကြုတ်သော သားရဲ ဖြစ်သည့်အားလျော်စွာ အမြန်နှုန်းက အလွန် မြန်ဆန်လှရာ ချက်ချင်းပင် ခန္ဓာကိုယ်ကို အပြင်းအထန် လူးလွန့်ကာ ရုန်းကန်တော့ရာ မြစ်အောက်ခြေရှိ ရွှံ့နွံများ အများအပြား လွင့်စင်လာပြီး မြစ်အောက်ခြေ တစ်ခုလုံး နောက်ကျိသွားတော့သည်။
ရွှီယန်လည်း မတတ်နိုင်ဘဲ မျက်လုံးကိုသာ မှိတ်ထားလိုက်ရသော်လည်း လက်ထဲမှ ခွန်အားကို ပိုသုံးကာ အပေါ်သို့ အမြန် ကူးတက်သွားလိုက်၏။
တိုက်တိုက်ဆိုင်ဆိုင် ငါးရံ့မည်းကြီးကလည်း အပေါ်သို့ တက်လိုနေသည်။
ထိုသို့ဖြင့် ရွှီယန်က ငါးရံ့မည်းကြီးကို တင်းကျပ်စွာ ဖက်ထားရင်း ရေကန်အောက်ခြေမှနေ၍ တိုက်ရိုက် ရေကူးတက်လာခဲ့တော့သည်။
"လာပြီ... လာပြီ"
အင်တာနက်သုံးစွဲသူများက ရေကန်ထဲမှ လူရိပ်ကို သတိထားမိသွားပြီး အံ့သြတကြီး အော်ဟစ်လိုက်ကြသည်။
သို့သော် နောက်တစ်စက္ကန့်တွင် သူတို့၏ မျက်စိရှေ့ရှိ မြင်ကွင်းကြောင့် အားလုံး အံ့အားသင့်သွားကြတော့၏။
ရွှီယန်က ရေမျက်နှာပြင်ကို ဖောက်ထွက်လာပြီး ရေစက်ရေပေါက်များ အဆက်မပြတ် လွင့်စင်လာသည်ကို မြင်လိုက်ရသည်။
သူ၏ ရင်ခွင်ထဲတွင် လက်မောင်းတစ်ဖက်စာခန့် အရွယ်အစားရှိသော ငါးရံ့မည်းကြီး တစ်ကောင် ပါလာပြီး ၎င်း၏ ခန္ဓာကိုယ်ကို အပြင်းအထန် လူးလွန့်နေ၏။
ဤငါးမျိုးက တစ်ကိုယ်လုံး ကြွက်သားများဖြင့် ဖွဲ့စည်းထားပြီး ခွန်အား အလွန်ကြီးမားလှသည်။
ရွှီယန်၏ ခန္ဓာကိုယ်ပင်လျှင် လိုက်ပါ ယိမ်းခါနေရတော့၏။
လူတစ်ယောက်နှင့် ငါးတစ်ကောင် ရေမျက်နှာပြင်ပေါ်တွင် အားပြိုင်မှု စတင်နေပြီ ဖြစ်သည်။
နေရာတိုင်းတွင် ရေစက်ရေပေါက်များ လွင့်စင်နေ၏။
လိုက်ဖ်ကြည့်နေသည့် ပရိသတ်များ အားလုံး မှင်သက်သွားကြတော့သည်။
'လခွမ်း... ဒါ ဘာအခြေအနေကြီးလဲ... လောင်ရွှီ က မိစ္ဆာ နှိမ်နင်းနေတာလား...'
ဤမြင်ကွင်းမှာ သိုင်းတတ်သော တာအိုဘုန်းကြီး တစ်ပါးက ငါးမိစ္ဆာ တစ်ကောင်ကို နှိမ်နင်းနေသည်နှင့်ပင် တူနေတော့၏။
ခုနလေးတင် ရွှီယန် တက်လာစဉ်က တောရွာဓလေ့ ငါးဖမ်းသည့် ပုံစံလေးသာ ဖြစ်နေခဲ့သေးသည်။
ယခု တက်လာသောအခါ မြင်ကွင်းက ဘာကြောင့် ရုတ်တရက် ဤမျှ စိတ်လှုပ်ရှားစရာ ကောင်းသွားရသနည်း။
"လခွမ်း... လောင်ရွှီ ဘာလုပ်နေတာလဲ"
"ဟာ... သူနဲ့ ငါးမိစ္ဆာတို့ ချနေကြပြီဟ"
"ဒီတောင်ပေါ်မှာ ဝိညာဉ်စွမ်းအင်တွေများ ပြန်လည်နိုးထလာတာလား"
"အကောင်ကြီးလိုက်တဲ့ ငါးကြီး"
"ဘာအခြေအနေကြီးလဲ"
ကွန်မန့်များက အရူးအမူး လိမ့်တက်လာတော့သည်။
ရွှီယန်က လိုက်ဖ်ထဲတွင် အံ့သြစရာ ကိစ္စကြီး တစ်ခု ထပ်လုပ်ပြလိုက်ပြန်ပြီ ဖြစ်၏။
ဤအခိုက်အတန့်တွင် ရွှီယန်မှာလည်း အကျပ်ရိုက် နေရသည်။
သူ၏ အကြံအစည်မှာ ရေပေါ်ရောက်သည်နှင့် ငါးရံ့မည်းကြီးကို ကမ်းစပ်သို့ ပစ်တင်ရန် ဖြစ်၏။
သို့သော် ရေပေါ်ရောက်လာသောအခါ ငါးရံ့မည်းကြီး၏ ခွန်အားက အလွန် ကြီးမားနေမှန်း သိလိုက်ရပြီး သူက ခန္ဓာကိုယ်ကို စောင်းကာ ငါးရံ့မည်းကြီးကို ဖက်ထားရင်း ရုန်းကန်နေရသဖြင့် ငါးကို ပစ်ရန် အခွင့်အရေး လုံးဝ မရခဲ့ချေ။
အားပြုစရာ နေရာ မရှိပေ။
'ငါ့ကို ခါးဆန့်ခွင့် ပေးလိုက်ရင် ရပြီ'
ရွှီယန်က စိတ်ထဲမှ တွေးလိုက်သည်။
သို့သော် ငါးရံ့မည်းကြီး၏ ရုန်းကန်မှုက ပို၍ပို၍ ပြင်းထန်လာ၏။
ဤအကောင်ကြီးက ပင်ပန်းသည်ကို မသိသကဲ့သို့ ပိုရုန်းလေ ပိုကြမ်းလေ ဖြစ်နေသည်။
အခွင့်အရေးက တစ်ကြိမ်သာ ရှိသည်။
ဤအမှန်တရားကို ရွှီယန် ကောင်းကောင်း သိထား၏။
ဤတစ်ကြိမ် ငါးရံ့မည်းကြီးကို အလွတ်ပေးလိုက်ပါက နောက်တစ်ကြိမ် ပြန်ဖမ်းရန် လုံးဝ မဖြစ်နိုင်တော့ချေ။
ထိုအရာကို တွေးမိပြီး ရွှီယန်က ပို၍ တင်းကျပ်စွာ ဖက်ထားလိုက်သည်။
ယခုအချိန်က အကြိတ်အနယ် အားပြိုင်နေရသော အချိန်ပင် ဖြစ်၏။
လူတစ်ယောက်နှင့် ငါးတစ်ကောင်က တစ်ဖက်လူ အားနည်းချက် ပေါ်လာမည့် အချိန်ကို စောင့်ဆိုင်းနေကြသည်။
အားကုန်ထုတ်၍ ရုန်းကန်နေကြရာ မည်သူ့ခွန်အား အရင်ကုန်ခမ်းသွားသနည်း... ထိုအရာက တစ်ဖက်လူအတွက် အခွင့်အရေးပင် ဖြစ်၏။
ရွှီယန်က တစ်ဖက်တွင် သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုနှင့် ခံနိုင်ရည်ကို အားကိုးပြီး အခြားတစ်ဖက်တွင်တော့ ဇွဲလုံ့လကို အားကိုးထားသည်။
ဤသို့ဖြင့် မိနစ်အနည်းငယ်ကြာပြီးနောက် ငါးရံ့မည်းကြီးက ရုတ်တရက် ရုန်းကန်မှုကို ရပ်တန့်လိုက်၏။
၎င်းက အသက်ရှူဝအောင် ခဏနားလိုခြင်း ဖြစ်သည်။
ဤခဏလေးကပင် ရွှီယန်အား ခန္ဓာကိုယ် အနေအထား ပြင်ဆင်ရန် အခွင့်အရေး ရသွားစေခဲ့သည်။
ခန္ဓာကိုယ် အနေအထား ပြင်ဆင်ပြီးသွားပါက ခွန်အားများကို အပြည့်အဝ အသုံးချနိုင်ပြီ ဖြစ်၏။
သူက ခွန်အား အကုန်သုံးကာ ငါးရံ့မည်းကြီးကို ပွေ့ချီပြီး အပေါ်သို့ အားကုန်လွှဲ၍ ပစ်ပေါက်လိုက်တော့သည်။
လူနှင့်ငါးတို့၏ တိုက်ပွဲကြီးကတော့ နောက်ဆုံးတွင် အနိုင်အရှုံး ပေါ်သွားခဲ့ပြီ ဖြစ်လေသည်။