← Chapters

အခန်း ၁၀၅

Vol. 11 Ch. 105

အခန်း ၁၀၅

Vol. 11 Ch. 105

အခန်း (၁၀၅) လိုက်ဖ်လွှင့်သူက သိုင်းလောကစည်းကမ်းကို မလေးစားဘူး... ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တယ်ပေါ့

ရေကန်ပေါ်မှ မြင်ကွင်းက အင်တာနက်သုံးစွဲသူများ ထင်မှတ်ထားသည်ထက် ပိုလွန်နေ၏။

မြင်ကွင်းမှာ တကယ်ကို ရင်သပ်ရှုမောဖွယ် ကောင်းလှသည်။ လူတစ်ယောက်နှင့် ငါးတစ်ကောင် ရေကန်ထဲတွင် လုံးထွေးသတ်ပုတ်နေကြပြီး ရေစက်ရေပေါက်များ အရပ်မျက်နှာ အနှံ့သို့ လွင့်စင်နေ၏။

နီကျားလေး ပင်လယ်ကို မွှေနှောက်နေသည့် မြင်ကွင်းနှင့်ပင် တူနေတော့သည်။

အဲဒီတုန်းက နီကျားလေးသည် အရှေ့ပင်လယ်တွင် နဂါးမင်းသား အောင်ပင်း ကို စီးနင်းကာ ဟိုခုန်ဒီပေါက် လုပ်ခဲ့သကဲ့သို့ ယခု ရွှီယန်ကလည်း ချန်ပိုင်တောင်တန်းရှိ ရေကန်ငယ်လေးထဲတွင် ငါးရံ့မည်းကြီးကို ဖက်ကာ အကြိတ်အနယ် တိုက်ခိုက်နေခြင်း ဖြစ်၏။

မြင်ကွင်းက အနည်းငယ် သေးငယ်သွားသည်သာ ရှိပေမည်။

သို့တိုင်အောင် လိုက်ဖ်ကြည့်နေသည့် ပရိသတ်များအတွက်တော့ လုံလောက်အောင် စိတ်လှုပ်ရှားစရာ ကောင်းနေပြီ ဖြစ်သည်။

"အရမ်း ကြမ်းတာပဲ"

"လခွမ်း... တောင်ပေါ်တက်ပြီး မိစ္ဆာ လာနှိမ်နင်းနေတာလား"

"တကယ့် လူကြမ်းကြီးပဲ"

"ဒီလိုက်ဖ်က တော်တော်လေး စိတ်လှုပ်ရှားစရာ ကောင်းတယ်"

အားလုံးက ရွှီယန်နှင့် ငါးရံ့မည်းကြီးတို့၏ တိုက်ပွဲထဲတွင် နစ်မျောနေကြ၏။

ခုနက မြင်ကွင်းမှာ လူတိုင်း၏ မျှော်လင့်ချက်ထက် ကျော်လွန်နေခဲ့သည်။

ဇာတ်သိမ်းက ပို၍ပင် အားလုံးကို မှင်သက်သွားစေ၏။

ဧရာမ ငါးရံ့မည်းကြီးက လေထဲတွင် ခန္ဓာကိုယ်ကို လူးလွန့်ရင်း ပြီးပြည့်စုံသော အကွေးအဝိုက် လမ်းကြောင်းတစ်ခု ဖန်တီးကာ မြက်ခင်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်ကိုသာ မြင်လိုက်ကြရသည်။

ရွှီယန်လည်း သက်ပြင်းရှည်ကြီး တစ်ချက် ချနိုင်သွားတော့၏။

သူက ကမ်းစပ်ဘက်သို့ ဖြည်းညင်းစွာ ကူးသွားလိုက်သည်။

ကမ်းပေါ်သို့ တက်လာချိန်တွင် တစ်ကိုယ်လုံး စိုရွှဲနေပြီး အကြိမ်အနည်းငယ်ခန့် အမောတကော အသက်ရှူလိုက်ရမှသာ အနည်းငယ် ပြန်လည် သက်သာလာတော့၏။

"ဟူး... တော်တော်လေး ပင်ပန်းသွားတာပဲ... အဓိကက အသက်အောင့်ထားရတာ အရမ်းကြာသွားလို့... ဒီကောင်က တကယ် ခွန်အားကြီးတာ... ခိုးကြောင်ခိုးဝှက် မတိုက်ခိုက်လိုက်ရင် တကယ် ဖမ်းမိမှာ မဟုတ်ဘူး... ခုနက သတိမထားမိလိုက်ဘူး... အနည်းဆုံး ငါ့ကို ပါးချည်းပဲ အချက်ရေတော်တော်များများ ရိုက်သွားသေးတယ်... အိမ်ပြန်ရောက်ရင် သူ့ကို စွပ်ပြုတ်လုပ်ပစ်မယ်"

ရွှီယန်က အမောတကောဖြင့် ညည်းတွားလိုက်သည်။

သူ၏ စကားကို အင်တာနက်သုံးစွဲသူများ ကြားလိုက်ရသောအခါ မူလက အနည်းငယ် အံ့အားသင့်နေကြသော်လည်း ဤအခိုက်အတန့်တွင်မူ ရယ်မောသွားကြတော့၏။

"ဟားဟား... လူငယ်လေးက သိုင်းလောကစည်းကမ်းကို မလေးစားဘူး... ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တယ်ပေါ့"

"နေပါဦး... တကယ်ကြီး ငါးရံ့မည်းကြီးကို ဖမ်းမိသွားတာလား"

"ဒါ အကွက်ဆင်ပြီး ရိုက်ထားတာ ဖြစ်ရမယ်"

"ငါ့ရဲ့ ငါးမျှားဂရုကတော့ ဆူညံနေပြီ... ရေထဲဆင်းပြီး လက်ဗလာနဲ့ ငါးရံ့မည်းကို ဖမ်းတာ လိုက်ဖ်လွှင့်သူက တစ်ဦးတည်းသောသူပဲ"

ရွှီယန်က အနည်းငယ် သက်သာသွားသောအခါ ကမ်းပေါ်တွင် အင်္ကျီလက်တိုကို အရင် ကောက်ဝတ်လိုက်ပြီး အဖော်အချွတ် မဖြစ်စေရန် ကာကွယ်လိုက်သည်။

ငါးရံ့မည်းကြီးက မြက်ခင်းပြင်ပေါ်တွင် ဟိုခုန်ဒီပေါက် လုပ်နေဆဲ ဖြစ်၏။

ရေထဲတွင် ၎င်းက ပကတိ ဘုရင်တစ်ပါး ဖြစ်သော်လည်း ကမ်းပေါ် ရောက်လာသောအခါတွင်မူ မည်သည့် စွမ်းရည်မှ မရှိတော့ဘဲ ခြေတစ်လှမ်း ရွှေ့ရန်ပင် ခက်ခဲလှသည်။

ထို့ကြောင့် ပတ်ဝန်းကျင်က အလွန် အရေးကြီးပေသည်။

ရွှီယန်က ၎င်း ရုန်းကန်နေဆဲဖြစ်သည်ကို မြင်သောအခါ လက်သီးဖြင့် ၎င်း၏ ခေါင်းကို ညင်သာစွာ တစ်ချက် ထုလိုက်၏။

ငါးရံ့မည်းကြီးမှာ ခေါင်းမူးသွားပြီး ချက်ချင်း ငြိမ်ကျသွားတော့သည်။

"ဒီငါးကြီးက တကယ် ကြီးတာပဲ... အနည်းဆုံးတော့ အချိန် နှစ်ဆယ် သုံးဆယ်လောက်တော့ ရှိမယ်... ငါးရံ့မည်းဆိုတာ စားနိုင်သလောက် ကြီးလာတတ်တဲ့ ကောင်မျိုးလေ... တချို့ ရေချိုဒေသတွေက ငါးရံ့မည်းတွေဆိုရင် အချိန် လေးဆယ် ငါးဆယ်လောက်ထိ အလေးချိန် ရှိတယ်... ကမ္ဘာ့စံချိန်တင်ထားတဲ့ အကြီးဆုံး ငါးရံ့မည်းဆိုရင် ကီလိုဂရမ် ၁၀၀ ထိတောင် ရှိတယ်... အဲဒါက အချိန် ၂၀၀ လောက် ရှိတာပေါ့... မွေးမြူရေး ငါးရံ့မည်းတွေကတော့ ပုံမှန်အားဖြင့် အချိန် တစ်ဆယ် နှစ်ဆယ်လောက်ပဲ ရှိတာ... ဒီလို တောရိုင်း ငါးရံ့မည်းတွေနဲ့ ယှဉ်လို့မရဘူး"

ရွှီယန်က ဆောင့်ကြောင့်ထိုင်ချကာ ရော်ဘာဖိနပ်ရှည်များကို စီးလိုက်သည်။

ဤမျှ အကြိတ်အနယ် တိုက်ခိုက်လိုက်ရသဖြင့် သူလည်း အနည်းငယ် ပင်ပန်းသွား၏။

ထို့အပြင် ယနေ့ တောင်ပေါ်တွင် တော်တော်ဝေးဝေး လျှောက်ခဲ့ပြီးဖြစ်ရာ ရွှီယန်က အိမ်ပြန်ရန် ပြင်ဆင်လိုက်သည်။

လိုက်ဖ်ထဲတွင် လူအလွန် များပြားနေပြီး လောလောဆယ် အွန်လိုင်းတွင် ကြည့်ရှုသူ ၃ သောင်းကျော် ရှိနေ၏။

အဓိကအားဖြင့် ခုနက မြင်ကွင်းက အလွန် စိတ်လှုပ်ရှားစရာ ကောင်းလွန်းသဖြင့် လူအများအပြားကို ဆွဲဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။

ဗီဒီယို အပိုင်းအစများကိုလည်း အင်တာနက်သုံးစွဲသူများက တည်းဖြတ်ကာ အင်တာနက်ပေါ်တွင် ဖြန့်ဝေနေကြပြီ ဖြစ်၏။

ရွှီယန်က ဖိနပ်စီးပြီးနောက် မိုးကာအင်္ကျီကို ထပ်မဝတ်တော့ဘဲ ဝါးခြင်းတောင်းထဲရှိ မှိုများပေါ်တွင် အုပ်ထားလိုက်ကာ ငါးရံ့မည်းကြီးကို အပေါ်မှ တင်ထားလိုက်သည်။

ထိုသို့ဖြင့် ငါးကြီးတစ်ကောင်ကို ကျောတွင်လွယ်ကာ အပြန်လမ်းသို့ ဦးတည်လိုက်၏။

အနောက်ဘက်မှ ကြည့်လိုက်လျှင် ဤငါးကြီးမှာ တကယ်ကို ကြီးမားလှပြီး ရွှီယန်၏ ပခုံးအကျယ်ထက်ပင် ပိုမို ရှည်လျားနေသည်။

ထို့အပြင် ခန္ဓာကိုယ်ကလည်း တုတ်ခိုင်ပြီး ကြည့်ရသည်မှာပင် ကြောက်စရာ ကောင်းလှ၏။

ဤသို့သော တောရိုင်း ငါးရံ့မည်းကြီးများ၏ အရသာမှာ အလွန် ကောင်းမွန်ပေသည်။ တစ်ဖက်တွင် ၎င်းတို့က ရေချိုငါးများကို စားသုံးကာ ကြီးပြင်းလာကြသဖြင့် အသားက အရသာရှိပြီး... အခြားတစ်ဖက်တွင်မူ တောရိုင်း ငါးရံ့မည်းများက သွားလာလှုပ်ရှားရသည့် အချိန်ပိုများသဖြင့် ခန္ဓာကိုယ် တစ်ခုလုံးက ကြွက်သားများ ဖြစ်နေကာ အသားက ပို၍ စားကောင်းသောကြောင့် ဖြစ်၏။

မွေးမြူရေး ငါးရံ့မည်းများမှာ ငါးကန်များ သို့မဟုတ် ငါးမွေးကန်များထဲတွင်သာ နေထိုင်ရပြီး အဝေးကြီး ကူးခတ်ခွင့် မရသဖြင့် အသားအရည်အသွေးက အနည်းငယ် ညံ့ဖျင်းပေသည်။

ရွှီယန်က လယ်ယာခြံဝင်း ရှိရာဘက်သို့ ဦးတည် လျှောက်သွားလိုက်သည်။

အကျိုးအမြတ် များပြားသော နေ့တစ်နေ့ ဖြစ်ပြန်၏။

တစ်ချိန်တည်းမှာပင် ငါးမျှားဝါသနာရှင်များ၏ Wechat ဂရု တစ်ခုတွင်...

လူတစ်ယောက်က ရုတ်တရက် ဂရုထဲသို့ စာပို့လာ၏။

"ဆရာကြီး တစ်ယောက် ပေါ်လာပြီ... ရေကန်ထဲဆင်းပြီး လက်ဗလာနဲ့ ငါးရံ့မည်းကြီး တစ်ကောင်ကို ဖမ်းလာတာ... အနည်းဆုံး အချိန် နှစ်ဆယ် သုံးဆယ်လောက် ရှိမယ်"

ထိုမက်ဆေ့ချ်ကို မြင်သောအခါ အခြား ဂရုဝင်များက အသီးသီး တုံ့ပြန်ကြလေသည်။

"နောက်နေတာ ဖြစ်ရမယ်"

"လက်ဗလာနဲ့ ငါးရံ့မည်းကို ဖမ်းတယ် ဟုတ်လား... ငါးရံ့မည်းကို လူက လက်ဗလာနဲ့ ဖမ်းလို့ရနိုင်ပါ့မလား"

"ဒီလိုမျိုးတွေက အကွက်ဆင်ပြီး ရိုက်ထားတာတွေပါ... မယုံကြနဲ့"

"ငါးရံ့မည်း ဆိုတာ ငါ ငါးမျှားတံနဲ့တောင် မျှားလို့ မရတဲ့ကောင်ကို... လူက လက်ဗလာနဲ့ ဖမ်းလို့ ရနိုင်ပါ့မလား"

ငါးမျှားဂရုများက ယေဘုယျအားဖြင့် အလွန် စည်ကားလေ့ရှိ၏။ လူတစ်ယောက် စကားပြောလိုက်သည်နှင့် အခြားလူများက ချက်ချင်း တုံ့ပြန်တတ်ကြသည်။

ထို့နောက် အစပိုင်းက စကားစခဲ့သော ဘရာသာက အပိုစကားတွေ ဆက်မပြောတော့ဘဲ တည်းဖြတ်ထားသော ဗီဒီယိုကို တိုက်ရိုက် တင်ပေးလိုက်တော့၏။

ဂရုဝင်များ အားလုံးက ဗီဒီယိုကို နှိပ်၍ ကြည့်လိုက်ကြသည်။

ရွှီယန် ရေကန်ထဲသို့ ငုပ်ဆင်းသွားပြီး နှစ်မိနစ်အကြာတွင် ပြန်ပေါ်လာကာ ငါးရံ့မည်းကြီးကို ဖက်ထားရင်း ရေမျက်နှာပြင်ပေါ်တွင် အရူးအမူး လူးလွန့်ရုန်းကန်နေသည်ကို မြင်လိုက်ကြရ၏။

ရေစက်ရေပေါက်များ အရပ်မျက်နှာ အနှံ့သို့ လွင့်စင်နေတော့သည်။

အားလုံး၏ မျက်လုံးများ ချက်ချင်းပင် ပြူးကျယ်သွားကြတော့၏။

ဤမြင်ကွင်းမှာ အကွက်ဆင်ပြီး ရိုက်ထားလျှင်ပင် သာမန်လူများ လုံးဝ လုပ်နိုင်မည် မဟုတ်ချေ။

ငါးရံ့မည်းကြီး၏ ရုန်းကန်နေသော ခွန်အားက ဤမျှ ပြင်းထန်နေခြင်းမှာ တောရိုင်း ငါးရံ့မည်းကြီးသာ လုပ်နိုင်ကြောင်း သိသာထင်ရှားလှပေသည်။

ထို့အပြင် ဤနေရာက တောနက်ကြီးထဲတွင် ဖြစ်ရာ အကွက်ဆင် ရိုက်ကူးချင်လျှင်ပင် ဤမျှအထိ လုပ်နိုင်မည် မဟုတ်ပေ။

ဂရုဝင်များ၏ စကားလမ်းကြောင်းက ချက်ချင်း ပြောင်းလဲသွားတော့၏။

"လခွမ်း... ဒီလူက ဒီလောက်တောင် ကြမ်းတာလား"

"ဒရုန်းနဲ့ တောနက်ကြီးထဲအထိ တောက်လျှောက် လိုက်ဖ်လွှင့်ထားတာ... အကွက်ဆင်ပြီး ရိုက်တာ လုံးဝ မဖြစ်နိုင်ဘူး"

"သူက တကယ့် လူကြမ်းကြီးပဲ... အပြင်ဘက် လှုပ်ရှားမှု ကဏ္ဍမှာ တကယ့် အရည်အချင်းရှိတဲ့ တစ်ဦးတည်းသော သူပဲ"

"တောင်ပေါ်တက်တဲ့ အရည်အချင်းကတော့ ပြောစရာ မလိုအောင်ကို ဒီလူက အရမ်း မိုက်တာ"

"တကယ်ကြီး လက်ဗလာနဲ့ ငါးရံ့မည်းကို ဖမ်းတဲ့သူ ရှိတာလား... ဒါတောင် ဒီလောက်ကြီးတဲ့ ငါးကြီးကိုနော်... ငါတို့ ငါးမျှားအဖွဲ့ကြီးထဲမှာ ဘယ်တုန်းက ဒီလို ကြမ်းတဲ့ ဆရာကြီး ပေါ်လာတာလဲ"

လူအများက အသီးသီး ပြောဆိုနေကြ၏။

ရွှီယန်၏ ဤတိုက်ပွဲက ငါးမျှားဝါသနာရှင်များ၏ အသိုင်းအဝိုင်းတွင် တစ်ပွဲတည်းနှင့် နာမည်ကြီးသွားစေခဲ့သည်။

ငါးမျှားသည့် ဖိုရမ်များတွင်လည်း သူ၏အကြောင်း ရေးသားထားသော ပို့စ်များ အများအပြား ထွက်ပေါ်လာ၏။

နောက်ဆုံးတော့ တကယ် နာမည်ကြီးသွားခဲ့ပြီ ဖြစ်သည်။

ရွှီယန်ကမူ အင်တာနက်ပေါ်တွင် သူ မည်မျှ ဩဇာလွှမ်းမိုးနေကြောင်းကို မသိရှိချေ။

သူက မှိုများနှင့် ငါးရံ့မည်းကြီးကို လွယ်ကာ တောက်လျှောက် အိမ်ပြန်လာခဲ့၏။

မိုးရေဖြင့် ဆေးကြောခံထားရသဖြင့် သစ်တောက စိုစွတ်နေဆဲ ဖြစ်သည်။

တစ်ခါတစ်ရံတွင် အဝေးဆီမှ လာသည့်အလား ပဲ့တင်သံများ ပါဝင်နေသော ငြိမ့်ညောင်းသည့် ငှက်အော်သံ အချို့ကို ကြားနေရ၏။

ဤခရီးစဉ်က တကယ်ကို ပင်ပန်းလှပေသည်။

ကံကောင်းသည်မှာ စနစ်၏ မစ်ရှင်ကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီး ရွှီယန်လည်း အဆင့်မြင့် မဲဖောက်ခွင့် ဆုလာဘ်ကို အောင်မြင်စွာ ရရှိခဲ့၏။

အရေးအကြီးဆုံးမှာ ဤငါးရံ့မည်းကြီးကို ဖမ်းမိခဲ့ခြင်းပင် ဖြစ်သည်။

အချိန်အများစုတွင် အရာဝတ္ထုများက ကြီးလေ စားမကောင်းလေ ဖြစ်ပြီး အသက်ကြီးနေပြီ ဖြစ်တတ်၏။

သို့သော် ဤငါးရံ့မည်းကြီးကမူ ထိုသို့ မဟုတ်ပေ။

မွေးမြူရေးခြံမှ အချိန် နှစ်ဆယ် သုံးဆယ် ရှိသော ငါးရံ့မည်းများထက် သေချာပေါက် ပို၍ အရသာရှိမည် ဖြစ်သည်။

ရွှီယန်က ငါးကို မည်သို့ ချက်စားရမည်ကို စိတ်ထဲမှ တွက်ချက်နေလိုက်၏။

သူ့ခေါင်းထဲတွင် ချက်နည်း အတော်များများ ရှိနေပြီ ဖြစ်သည်။

လာတုန်းက ပေါ့ပါးပျော်ရွှင်စွာ လာခဲ့ရပြီး အပြန်တွင် ဝန်ကျယ်ကျယ်ဖြင့် ပြန်လာခဲ့ရ၏။

မှိုများလည်း အများအပြား ကောက်ယူနိုင်ခဲ့ပြီး ချန်ပိုင်တောင်တန်း ရေအေးငါးလေး တစ်ကောင်နှင့် ဧရာမ ငါးရံ့မည်းကြီး တစ်ကောင်ကိုပါ ဖမ်းမိခဲ့သေးသည်။

တကယ်ကို ပြီးပြည့်စုံလှပေသည်။

လိုက်ဖ်ကြည့်နေသည့် ပရိသတ်များက အော်ဟစ်နေကြ၏။

"အစ်ကိုယန်... ဒီလို အခြေအနေမျိုးဆို မင်း ရွာထဲမှာ အခေါက်ရေ တော်တော်များများ လျှောက်သွားပြီး မင်းဖမ်းလာတဲ့ ငါးကို ကြွားသင့်တယ်နော်"

"ငါသာ ဒီလောက်ကြီးတဲ့ ငါးကြီးကို မျှားမိလို့ကတော့ ဘာမှမလုပ်ဘဲ ကားစီးပြီး မြို့ထဲကို နှစ်ပတ်လောက် ပတ်မောင်းနေမှာ"

"ဒီလောက် ကြီးတဲ့ ငါးကြီးကို အခွင့်အရေးယူပြီး မကြွားလိုက်ရရင် နေရခက်မှာပဲ"

"လူဆိုတာ အသက်ရှင်နေသရွေ့ ကြွားဖို့ပဲ... မကြွားရရင် အသက်ရှင်ရတာ ဘာအဓိပ္ပာယ် ရှိတော့မှာလဲ"

ရွှီယန်က ကွန်မန့်များကို မြင်သောအခါ ပြုံးရင်း ပြောလိုက်သည်။

"အဲဒီလောက်လည်း မလိုပါဘူးဗျာ... လယ်ယာခြံဝင်းကို တန်းပြန်လိုက်ရင် ရပါပြီ"

သူ့အတွက်တော့ ရွာထဲတွင် နှစ်ပတ်လောက် ပတ်မောင်းနေရန် တကယ် မလိုအပ်ချေ။ သူက နှိမ့်ချစွာ နေလို၍ မဟုတ်ဘဲ ယခု လိုက်ဖ်လွှင့်နေသည် မဟုတ်ပါလား။ ကြွားစရာ ရှိသည်များကို ကြွားပြီးသွားပြီ ဖြစ်၏။

ထိုအချိန်က လိုက်ဖ်ထဲတွင် လူငါးသောင်းကျော် ကြည့်ရှုနေကြရာ ရွာထဲမှ လူများ ကြည့်ရသည်ထက် အများကြီး ပိုမကောင်းပေဘူးလား။

ထို့ကြောင့် လယ်ယာခြံဝင်းသို့ တန်းပြန်လိုက်ရုံသာ ဖြစ်၏။

သူ လက်ဗလာဖြင့် ဧရာမ ငါးရံ့မည်းကြီး ဖမ်းလာသည်ကို မည်သူက မသိဘဲ နေမည်နည်း။

'ကံကောင်းလို့ ဖောက်ထွင်းမြင်နိုင်တဲ့ အစွမ်း ရှိနေတာ... မဟုတ်ရင် တကယ် ဖမ်းမိမှာ မဟုတ်ဘူး'

ရွှီယန်က စိတ်ထဲမှ တွေးလိုက်၏။

သာမန်အခြေအနေတွင် လုံးဝ ဖမ်းမိနိုင်မည် မဟုတ်ဘဲ စနစ်၏ အကူအညီကြောင့်သာ အောင်မြင်ခဲ့ခြင်း ဖြစ်သည်။

အပြန်လမ်းမှာ စိုစွတ်ချောိနေသဖြင့် သိပ်သွားမကောင်းလှချေ။

ရွှီယန်က ခြေလှမ်းမှန်မှန်ဖြင့် လျှောက်လာပြီး ဖြတ်မရသော နေရာများနှင့် တွေ့ပါက လမ်းကွေ့ပတ် သွားလိုက်၏။

တစ်လမ်းလုံး ကွေ့ပတ် လျှောက်လာပြီးနောက် တောအုပ်ထဲမှ အောင်မြင်စွာ ထွက်လာနိုင်ခဲ့သည်။

ဤသည်မှာ ကျွမ်းကျင်မှု အလွန် လိုအပ်ပေသည်။

တောရိုင်းတောင်များက သွားရ လွယ်ကူသည် မဟုတ်ဘဲ လမ်းလျှောက်နေရင်း ရှေ့တွင် ချောက်ကမ်းပါး ဖြစ်နေကာ လမ်းလုံးဝ မရှိသည်မျိုးလည်း ဖြစ်နိုင်သလို အလုံပိတ် တောင်ကြားများ ဖြစ်နေပြီး ထွက်မရသည်မျိုးလည်း ဖြစ်နိုင်၏။

ထို့ကြောင့် လမ်းကြောင်း မှန်းဆနိုင်စွမ်းက အလွန် အရေးပါလှပေသည်။

ရွှီယန်၏ ဤစွမ်းရည်မှာ အလွန် အားကောင်းပြီး ငယ်စဉ်ကတည်းက လေ့ကျင့်လာခဲ့ခြင်း ဖြစ်၏။

တောင်ထဲမှ ထွက်ခါနီးတွင် ရွှီယန်က လိုက်ဖ်ပိတ်ရန် ပြင်ဆင်လိုက်သည်။

"ဒီနေ့ လိုက်ဖ်ကို ဒီမှာပဲ ရပ်လိုက်တော့မယ်... အိမ်ပြန်ရောက်ရင် ငါးချက်စားဖို့ ပြင်ဆင်ရမယ်... ပြီးရင် ငါးစွပ်ပြုတ် တစ်အိုးတည်ပြီး အဖေနဲ့အမေ့ဆီကိုလည်း နည်းနည်း သွားပို့ပေးမလို့... ဒီလောက်ကောင်းတဲ့ ငါးရံ့မည်းကြီးကို အလဟဿ အဖြစ်မခံနိုင်ဘူးလေ... ကျွန်တော် ချက်စားလို့ရမယ့် နည်းလမ်း ခုနစ်မျိုး ရှစ်မျိုးလောက်တောင် စဉ်းစားထားပြီးပြီ... ဥပမာ မာလာငါးရံ့မည်းလွှာ... မာလာကြက်သားတုံးတွေလို လုပ်စားမှာ... ငါးအသားလွှာ အခြောက်လေးတွေကို ကြော်လိုက်ရင် သေချာပေါက် အရမ်း မွှေးနေမှာပဲ... ဒါမှမဟုတ် ကြက်သွန်မြိတ်ဆီ ငါးရံ့မည်းလွှာ... ငါးရံ့မည်းလွှာကို ရေနွေးဖျောပြီး ကြက်သွန်မြိတ်ဆီရယ် ဟင်းခတ်အရည်ရယ် ဆမ်းစားရင် ဆီတဝင်းဝင်းနဲ့ ချောမွတ်ပြီး လတ်ဆတ်နေမှာပဲ... ကြက်သွန်ဖြူဆီချက် ငါးရံ့မည်းလွှာလည်း လုပ်စားလို့ရတယ်... ကြက်သွန်ဖြူဆီချက် အရသာကို ကျွန်တော် တော်တော် သဘောကျတာ... ငါးအသားလွှာ အိုးကင်းပူ လုပ်စားလို့လည်း ရသလို မာလာရေလုံပြုတ် လုပ်စားရင်လည်း အကိုက်ပဲ... ရွေးချယ်စရာတွေ တကယ် မနည်းဘူးပဲ"

ရွှီယန်က အားလုံးကို ပြောလိုက်သည်။

ပြောနေရင်းဖြင့် သူ၏ တံတွေးများပင် ထွက်လာတော့၏။

ဗိုက်လည်း ဆာလာပြီ ဖြစ်သည်။

သူ ဤသို့ ပြောသည်ကို ကြားသောအခါ အင်တာနက်သုံးစွဲသူများလည်း သွားရည်ကျလာကြတော့၏။

"ဆက်မပြောပါနဲ့တော့... ပြောနေရင်းနဲ့တောင် ကျွန်တော် ဗိုက်ဆာလာပြီ"

"ညကျရင် လိုက်ဖ်ဖွင့်ပါလား... မင်း ငါးချက်တာကို ကြည့်ချင်လို့"

"အခုတော့ နာမည်ကြီး လိုက်ဖ်လွှင့်သူ တစ်ယောက် ဖြစ်နေပြီပဲ"

အားလုံးက အသီးသီး တုံ့ပြန်ကြ၏။

ထို့နောက် ရွှီယန်က လိုက်ဖ်ကို ပိတ်လိုက်ပြီး တောင်ထဲမှ ဆက်လက် ထွက်လာခဲ့သည်။

တောက်လျှောက် လမ်းလျှောက်လာပြီး လယ်ယာခြံဝင်းသို့ ရောက်ရှိလာ၏။

ခွေးလေးများက အစောကြီးကတည်းက ကြိုဆိုရန် ပြေးလာကြသည်။

လယ်ယာခြံဝင်း၏ ပတ်ဝန်းကျင်က အလွန် ကောင်းမွန်လှပေသည်။

"အစ်ကိုယန်... ဒီနေ့ မြေခွေးပေါက်လေး တစ်ခေါက် ရောက်လာပြီးတော့ ပြန်ထွက်သွားတယ်... ဘယ်ရောက်သွားမှန်း မသိဘူး"

ရွှီယန် ပြန်လာသည်ကို မြင်သောအခါ လီဆန်းက ဝါးခြင်းတောင်းကို လှမ်းယူရင်း အမြန် ပြောလိုက်သည်။

သူက ဧရာမ ငါးရံ့မည်းကြီးကို မြင်သောအခါ မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ပြည့်နှက်သွား၏။

"အစ်ကိုယန်... ဒါကို အစ်ကို ဖမ်းလာတာလား... အရမ်း မိုက်တာပဲ"

လီဆန်းမှာ ယုံပင် မယုံနိုင်အောင် ဖြစ်သွားရသည်။ တောတောင်ထဲသွားပြီး ဤမျှကြီးမားသော ငါးရံ့မည်းကြီး ဖမ်းမိလာသည်မှာ တကယ်ကို အံ့သြစရာ ကောင်းလွန်းလှ၏။

နှစ်ပေါင်းများစွာ ရွာထဲရှိ လူများစွာ တောင်ပေါ်တက်ခဲ့ကြသော်လည်း မည်သူကမျှ ဤမျှကြီးမားသော ငါးကြီး ဖမ်းမိလာသည်ကို မမြင်ဖူးခဲ့ကြချေ။

"ကံကောင်းသွားလို့ပါ... အဆင်သင့်လို့ ဖမ်းမိသွားတာ"

ရွှီယန်က ခေါင်းညိတ်ကာ ပြန်ဖြေလိုက်၏။

"ငါးကို ငါ့ပေး... ငါ ခဏနေရင် မီးဖိုချောင်မှာ သွားပြင်ဆင်လိုက်ဦးမယ်... ဒီနေ့ အန်တီကျန်း ကို လာစရာမလိုတော့ဘူးလို့ ပြောလိုက်ပါ... မင်းက မှိုတွေကို ဂိုဒေါင်ထဲ သွားထားလိုက်... အဲဒီမှာက ခြောက်သွေ့တော့ သိမ်းရ ပိုလွယ်တယ်"

သူက ထပ်မံ စီစဉ်ညွှန်ကြားလိုက်သည်။

"ဟုတ်ကဲ့"

လီဆန်းက ဝါးခြင်းတောင်းကို လွယ်ကာ မှိုများ သွားထားရန် ထွက်သွား၏။

ရွှီယန်ကမူ ငါးရံ့မည်းကြီးကို ပွေ့ချီကာ မီးဖိုချောင်သို့ သွားပြီး ရေအရင် စိမ်ထားလိုက်သည်။

သူ အဝတ်အစားလဲ ရေချိုးပြီးမှသာ ဤအကောင်ကြီးကို ကိုင်တွယ် ဖြေရှင်းတော့မည် ဖြစ်၏။

ရေကန်ပေါ်တွင် လူတစ်ယောက်နှင့် ငါးတစ်ကောင် လုံးထွေးသတ်ပုတ်နေစဉ်က ငါးရံ့မည်းကြီး၏ ရုန်းကန်မှုက အလွန် ပြင်းထန်ပြီး အမြီးဖြင့် ရွှီယန်ကို အချက်ရေ အတော်များများ ရိုက်မိခဲ့သေးသည်။

ရွှီယန်နှင့် တစ်ယောက်ချင်း ယှဉ်ချရာတွင် အနည်းငယ်သာ ရှုံးနိမ့်သွားခဲ့သဖြင့် ဤအကောင်ကြီးမှာ သေရကျိုး နပ်သည်ဟု ဆိုရပေမည်။

All Chapters