← Chapters

အခန်း ၁၀၇

Vol. 11 Ch. 107

အခန်း ၁၀၇

Vol. 11 Ch. 107

အခန်း (၁၀၇) လူသင်ပေးတဲ့ပုံစံအတိုင်း သစ်ပင်တက်နေတဲ့ ကျားသစ်... ဒီလိုလည်း ရတာလား

[စနစ်ပိုင်ရှင်က အဆင့်မြင့်မဲဖောက်ခြင်းကို ရွေးချယ်လိုက်ပါသည်... မဲဖောက်နေပါပြီ]

[ဂုဏ်ယူပါတယ်... အဆင့်မြင့်ဆုတစ်ခု ရရှိပါသည်]

[အလိုအလျောက် ရေလောင်းစနစ် x 1 ... လယ်ယာခြံဝင်းတွင် ရေလောင်းရန် အဆင်ပြေစေမည့် အလိုအလျောက် ရေလောင်းစနစ်]

ငါးရံ့မည်းကြီးကို ဖမ်းမိပြီးနောက် ရွှီယန်က အဆင့်မြင့်မဲဖောက်ခွင့် တစ်ကြိမ် ရရှိခဲ့သည်။

ဆုလာဘ်က ထင်ထားသည်ထက် ပို၍ကောင်းမွန်နေ၏။

ယခုခေတ်သစ် လယ်ယာခြံဝင်းများစွာတွင် အလိုအလျောက် ရေလောင်းစနစ်ကို အသုံးပြုကြပြီး ကုန်ကျစရိတ်သက်သာကာ အကျိုးဖြစ်ထွန်းစေသည်။

အထူးသဖြင့် ဧကရာနှင့်ချီရှိသော လယ်ယာခြံဝင်းကြီးများတွင် လူအားဖြင့် ရေလောင်းပါက အချိန်ကုန် လူပန်းဖြစ်စေသော်လည်း အလိုအလျောက် ရေလောင်းစနစ်ဖြင့်ဆိုပါက လူနှစ်ယောက်တည်းဖြင့်ပင် လုံလောက်ပေသည်။

‘ပစ္စည်းကောင်းပဲ... ဒီလိုဆိုရင် ငါ့ရဲ့ တိရစ္ဆာန်အစာမြက်တွေနဲ့ အာလူးတွေအတွက် ရေလောင်းရတာ အဆင်ပြေသွားပြီ’

‘ရေလောင်းနိုင်တဲ့ ဧရိယာ ဘယ်လောက်ကျယ်လဲဆိုတာ ကြည့်ရဦးမယ်... ရေလောင်းစနစ် တပ်ဆင်ပြီးသွားရင် အဲဒီနေရာကို စိုက်ပျိုးရေးဇုန်အဖြစ် သတ်မှတ်လို့ရပြီ’

‘ဒါပေမဲ့ ဖန်လုံအိမ်တွေအတွက် နေရာနည်းနည်း ချန်ထားရဦးမယ်... နောက်ပိုင်းကျရင် ဖန်လုံအိမ် အသစ်တချို့ ထပ်ဆောက်ချင်သေးတယ်’

ရွှီယန်က စိတ်ထဲမှ တွက်ဆနေလိုက်သည်။

လယ်ယာခြံဝင်းကို နောက်ထပ် အစီအစဉ်အသစ်များ ထပ်ဆွဲရဦးမည် ဖြစ်သည်။

မကြာမီမှာပင် ကုမ္ပဏီဘက်မှ သူ့ထံ ဆက်သွယ်လာပြီး ရေလောင်းစနစ် လာရောက်တပ်ဆင်ပေးမည့် ဆရာသမားများက သန်ဘက်ခါမှသာ ရောက်လာနိုင်မည်ဟု ဆို၏။

ရွှီယန်ကလည်း ဝမ်းသာအားရ သဘောတူလိုက်သည်။

ဤသို့ဆိုလျှင် မနက်ဖြန်တွင် ဘာအလုပ်မှမရှိသဖြင့် ကောင်းကောင်း အနားယူနိုင်ပြီ ဖြစ်သည်။

နောက်တစ်နေ့ နံနက်ခင်း။

တောင်ခြေရှိ လယ်ယာခြံဝင်းလေးမှာ တောရွာဓလေ့ အငွေ့အသက်များဖြင့် ပြည့်နှက်နေပြီး ရွှီယန်က အိမ်ထဲမှထွက်လာကာ သက်သောင့်သက်သာဖြင့် အကြောဆန့်လိုက်သည်။

သူက ကုလားထိုင်တစ်လုံးရှာထိုင်ကာ လေညင်းခံရင်း အိပ်မှုန်စုံမွှား ဖျောက်ရန် ရည်ရွယ်လိုက်၏။

အပြင်ထွက်လိုက်သည်နှင့် သမင်ပြောက် ရှစ်ကောင် ကိုးကောင်ခန့်က ပုံစံဖမ်းကာ သူ့ကို ငြိမ်သက်စွာ ကြည့်နေကြသည်ကို မြင်လိုက်ရသည်။

ဤအကောင်များက အမြဲတမ်း ဤသို့ပင် ဖြစ်၏။

ရွှီယန်ကို ပထမဆုံး မြင်လိုက်ရချိန်တွင် လုံခြုံမှု ရှိမရှိကို အရင်ဆုံး စမ်းသပ်လေ့ရှိကြသည်။

ရွှီယန်က သူတို့ကို လှမ်းခေါ်လိုက်မှသာ သမင်ပြောက်များက အနားသို့ ဝိုင်းအုံလာကြတော့သည်။

“အလကား လာစားကြပြန်ပြီလား... ဘာစားချင်လဲ... မုန်လာဥနီလား ပြောင်းဖူးလား”

ရွှီယန်က ပြုံးရင်း မေးလိုက်သည်။

အရင်က ဒဏ်ရာရထားသော သမင်ပြောက်လေးမှာ ယခုအခါ လုံးဝ သက်သာသွားပြီဖြစ်ပြီး ပုံမှန်ဆိုလျှင် လယ်ယာခြံဝင်းတွင် မနေတော့ဘဲ တောထဲတွင်သာ သွားရောက်ဆော့ကစားလေ့ရှိ၏။

ဤသမင်ပြောက်များက နံနက်စောစော လာရသည်ကို အလွန် သဘောကျကြသည်။

ဤကိစ္စနှင့် ပတ်သက်၍ သူက ရဲစခန်းသို့ သတင်းပို့ထားပြီး ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ တောရိုင်း သမင်ပြောက်များမှာ နိုင်ငံတော်အဆင့် တစ် ကာကွယ်စောင့်ရှောက်ရမည့် တိရစ္ဆာန်များ ဖြစ်သောကြောင့် သတင်းပို့ရန် လိုအပ်ပေသည်။

ရဲစခန်းမှ ရဲအရာရှိများ ကြားသိရသောအခါတွင်လည်း အတော်လေး ထူးဆန်းနေသဖြင့် သူတို့ပေးသော အကြံပြုချက်မှာ သင့်သလိုသာ ကြည့်လုပ်ပါ ဟူ၍ ဖြစ်သည်။

ဤကိစ္စကို သူတို့လည်း ဖြေရှင်း၍ မရနိုင်ချေ။

၎င်းတို့က နံနက်စောစော လာကြခြင်း မဟုတ်ဘဲ သန်းခေါင်ယံ အချိန်လောက်ကတည်းက ဤနေရာသို့ လာရောက် အနားယူနေကြခြင်း ဖြစ်မည်ဟု ရွှီယန် တွေးလိုက်မိသည်။

လယ်ယာခြံဝင်းက အတော်လေး လုံခြုံသည် မဟုတ်ပါလား။

ရွှီယန်က အားပြည့်နေသော ဒရုန်းကို လွှတ်တင်လိုက်သော်လည်း လိုက်ဖ်မလွှင့်ဘဲ ဗီဒီယိုအတွက် ရိုက်ကူးမှု အချို့ကိုသာ ပြုလုပ်လိုက်၏။

ဤသမင်ပြောက်များကို အလကား ကျွေးထား၍ မရနိုင်သဖြင့် သူ၏ ဗီဒီယိုအတွက် သရုပ်ဆောင်များအဖြစ် အသုံးပြုရန် အနေတော်ပင် ဖြစ်သည်။

ဤကဲ့သို့ နွေးထွေးချစ်စရာကောင်းသော မြင်ကွင်းများကို လူများက အလွန် သဘောကျကြပေသည်။

ကြည့်ရှုသူများ၏ စိတ်ကို ပေါ့ပါးသွားစေ၏။

ရွှီယန်က မီးဖိုချောင်သို့ သွားကာ မုန်လာဥနီ အချို့နှင့် ပြောင်းဖူး အနည်းငယ်ကို ယူလာခဲ့သည်။

စားစရာများကို မြင်သောအခါ သမင်ပြောက်များက အနားသို့ တိုးကပ်လာကြ၏။

“အားလုံး ရမယ်... တစ်ကောင်ကို တစ်ခုစီနော်... မလုကြနဲ့”

ရွှီယန်က သမင်ပြောက်များကို စတင် အစာကျွေးတော့သည်။

ဤရာသီတွင် မုန်လာဥနီများ အလွန်ပေါများသဖြင့် ရွှီယန်က ဂုံနီအိတ် နှစ်အိတ်စာခန့် ဝယ်ယူထားပြီး ဖြစ်သည်။

တစ်ခါတစ်ရံတွင် တောရွာများ၌ ဟင်းသီးဟင်းရွက် ဝယ်ယူခြင်းက ဤသို့ပင် ဖြစ်၏။

ဥပမာအားဖြင့် မုန်ညင်းဖြူ ဝယ်မည်ဆိုပါက တစ်ခါဝယ်လျှင် ဂုံနီအိတ်များစွာ ဝယ်ယူကြပြီး သုံးဘီးဆိုင်ကယ်ဖြင့် သယ်ယူရလေ့ရှိသည်။

အာလူးများလည်း ထိုနည်းတူပင်ဖြစ်ကာ အာလူးစားလိုသော အိမ်တိုင်းက အများအပြား ဝယ်ယူသိုလှောင်ထားတတ်ကြ၏။

မည်သို့ပင်ဖြစ်စေ ဈေးနှုန်းက အလွန် သက်သာလှသဖြင့် ငွေအများကြီး မကုန်ကျနိုင်ချေ။

ဤသမင်ပြောက်များမှာ တောရိုင်း သမင်ပြောက်များ ဖြစ်ကြသဖြင့် အမွေးအမှင်များက ထူးကဲစွာ တောက်ပနေပြီး ခန္ဓာကိုယ်ကလည်း မွေးမြူရေး သမင်ပြောက်များထက် ပို၍ ကြီးမားသန်မာကြသည်။

ရွှီယန်က သမင်ပြောက်များ ဝိုင်းရံထားခြင်းကို ခံနေရပြီး ဟိုအကောင်ကို ပွတ်သပ်ပေးလိုက် ဒီအကောင်ကို ပွတ်သပ်ပေးလိုက်ဖြင့် အားလုံးကို မျှတအောင် ဂရုစိုက်ပေးနေ၏။

သူက သမင်ပြောက်များ၏ ဧရာမ သမင်ချိုကြီးများကို ကြည့်လိုက်သည်။

“မင်းတို့ရဲ့ သမင်ချိုတွေ ဘယ်တော့လောက် ကျွတ်ကျမှာလဲ... အဲဒါလေးတွေ ငါ့ကို ချန်ထားပေးရင် သိပ်ကောင်းမှာပဲ”

ရွှီယန်က ရယ်မောရင်း ပြောလိုက်သည်။

တောရိုင်း သမင်ပြောက်များ၏ သမင်ချိုများမှာ အလွန် လှပကြ၏။

မွေးမြူရေး သမင်ပြောက် အများစုမှာမူ သမင်ချို အဖုလေးများ ထွက်လာသည်နှင့် ချက်ချင်း အဖြတ်ခံရလေ့ရှိပြီး ထိုသို့ မာကြောမှု မရှိသေးသော အရာကို သမင်ချိုနု ဟု ခေါ်သည်။

ထို့ကြောင့် သမင်ချို အလွန်ကြီးမားသော အကောင်များမှာ အလွန် ရှားပါးလှပေသည်။

သမင်ပြောက်များက သူတို့၏ သမင်ချိုများကို ရွှီယန်က မျက်စိကျနေပြီ ဖြစ်ကြောင်း မသိကြချေ။

ဤအရာများက သူတို့အတွက် သိပ်အသုံးမဝင်လှဘဲ သမင်ချိုဖြင့်လည်း ရန်မဖြစ်တတ်ကြပေ။

မိတ်လိုက်ချိန်တွင် အလှဆင်ရန် အသုံးပြုသည့် အရာနှင့် ပိုတူ၏။

မိတ်လိုက်ရာသီ ပြီးဆုံးသွားသည်နှင့် ချက်ချင်းပင် သမင်ချိုများကို ခါချပစ်ကြတော့သည်။

ခေါင်းပြောင်ပြောင်ဖြင့် နေရသည်က ပို၍ ပေါ့ပါးသည် မဟုတ်ပါလား။

ထိုအချိန်တွင် သမင်ပြောက် နှစ်ကောင်က မုန်လာဥနီ တစ်ခုကို လုရင်း ရန်ဖြစ်ကြလေသည်။

အကြောင်းရင်းမှာ သမင်ပြောက် တစ်ကောင်က မိမိ၏ အစာကို စားပြီးသွားသော်လည်း အခြား သမင်ပြောက်၏ အစာကို ထပ်မံ စားလိုသောကြောင့် ဖြစ်၏။

ကျန်သမင်ပြောက်ကလည်း အလျှော့မပေးချေ။

ကောင်ဆိုးလေး နှစ်ကောင်လုံး ဒေါသထွက်လာကြပြီး ချက်ချင်းပင် ရန်စဖြစ်ကြတော့သည်။

သူတို့ ရန်ဖြစ်နေပုံက အတော်လေး ရယ်စရာကောင်းလှသည်။

နှစ်ကောင်လုံးက နောက်ခြေထောက်များဖြင့် ခန္ဓာကိုယ်ကို ထောက်ထားပြီး ရှေ့ခွာနှစ်ဖက်ဖြင့် တစ်ဖက်ရန်သူကို အလျင်အမြန် ပုတ်ခတ်နေကြ၏။

တိုက်ခိုက်မှုများက မိုးသီးမိုးပေါက်များ ကျဆင်းလာသကဲ့သို့ ဖြစ်နေပြီး ခွာသေးသေးလေးများဖြင့် ကန်ကျောက်နေမှုကလည်း အတော်လေး မြန်ဆန်လှသည်။

“ဟေ့... မင်းတို့ နှစ်ကောင်... ရန်မဖြစ်ကြနဲ့လေ”

ရွှီယန်က အမြန်ပြေးသွားကာ ရန်ဆွဲဖျက်လိုက်သည်။

သို့သော် အရွယ်ရောက်ပြီးသော သမင်ပြောက်များ၏ ခန္ဓာကိုယ် အရွယ်အစားမှာ အလွန် ကြီးမားလှပြီး မတ်တတ်ရပ်လိုက်ပါက လူတစ်ယောက်ထက်ပင် အရပ်ရှည်သဖြင့် ရန်ဆွဲဖျက်ရန် တကယ် မလွယ်ကူလှချေ။

“ရပ်ကြ... ရပ်ကြတော့လို့”

ရွှီယန်က အလယ်သို့ ဝင်သွားကာ သူတို့နှစ်ကောင်ကို ဆွဲခွာလိုက်ရာ ခွာဖြင့် အချက်အတော်များများ အကန်ခံလိုက်ရ၏။

ကံကောင်းသည်မှာ သမင်ပြောက်များ၏ ခွန်အားက သိပ်မကြီးမားသောကြောင့် ဖြစ်သည်။

“သွား... တခြားနေရာ သွားချကြ... ငါ့ဆီမှာ လာမရှုပ်ကြနဲ့”

ရွှီယန်က လက်ယမ်းကာ မောင်းထုတ်လိုက်သည်။

ဤသမင်ပြောက်များက ဘယ်သူ့ဆီက သင်ယူထားမှန်း မသိပေ။ ရန်ဖြစ်ချိန်တွင် ခွာသေးသေးလေးများကိုသာ အသုံးပြုတတ်ကြ၏။

တောဆိတ်များ ရန်ဖြစ်သည်ကို ကြည့်လိုက်ပါ... အားလုံးက ဂျိုများဖြင့် အချင်းချင်း ခေါင်းချင်းဆိုင် တိုက်ခိုက်ကြပြီး ဘယ်သူ့ခေါင်းက ပိုမာသလဲ ဆိုသည်ကို ယှဉ်ပြိုင်ကြသည်။

ရွှီယန် ဤသို့ မောင်းထုတ်လိုက်သောအခါ သမင်ပြောက်များက လယ်ယာခြံဝင်း အပြင်ဘက်သို့ ထွက်ပြေးသွားကြပြီးနောက် အတူတကွ အဝေးသို့ ပြေးသွားကာ တောအုပ်ထဲသို့ ပြန်ဝင်သွားကြတော့သည်။

သူတို့ ဤသို့ ဆူညံသွားကြသဖြင့် ရွှီယန်မှာ အိပ်ချင်မူးတူး ဖြစ်နေသည်များ လုံးဝ ပျောက်ကွယ်သွားတော့၏။

မီးဖိုချောင်ဘက်မှ မီးခိုးငွေ့ အနည်းငယ် ထွက်ပေါ်နေသည်။

နံနက်စောစော လီဆန်း ထလာပြီးနောက် ပေါင်းအိုးဖြင့် ယမန်နေ့က မန်ထိုများကို ပြန်ပေါင်းကာ ကြက်ဥ အချို့ကို ပြုတ်နေခြင်း ဖြစ်၏။

အသားပြုတ်ရည် အနည်းငယ်နှင့် ဟင်းရံ နှစ်ပွဲ ပေါင်းလိုက်ပါက ယနေ့အတွက် နံနက်စာ ဖြစ်သွားပြီ ဖြစ်သည်။

ဤဒေသရှိ မန်ထိုဆိုင်များတွင် လက်ဖြင့် နယ်ထားသော မန်ထိုများကိုသာ ရောင်းချကြပြီး လက်ဖြင့် နယ်ထားသော မန်ထိုများက ပို၍ တင်းကျစ်ကာ ဝါးစားရသည်မှာ ပို၍ အရသာရှိပေသည်။

စက်ဖြင့် ပြုလုပ်ထားသော မန်ထိုများကမူ စားရသည်မှာ အနည်းငယ် ပျော့စိစိ ဖြစ်နေသည်ဟု ခံစားရတတ်၏။

နံနက်ပိုင်း လယ်ယာခြံဝင်းကို တစ်ပတ်လှည့်လည် စစ်ဆေးပြီး ကြက် ဘဲ များကို လွှတ်ပေးကာ နံနက်စာ စားသောက်လိုက်သည်။

လုပ်စရာ အလုပ်မရှိတော့သဖြင့် ရွှီယန်က နောက်ဘက်တောင်ပေါ်သို့ သွားကာ ကျားသစ်ကို သွားကြည့်ရန် ရည်ရွယ်လိုက်၏။

ထိုမတိုင်မီ သူက နံနက်ပိုင်းက ရိုက်ကူးထားသော သမင်ပြောက် ဗီဒီယိုကို တည်းဖြတ်ကာ သူ၏ အကောင့်တွင် တင်လိုက်သည်။

ပရိသတ်များက မကြာမီမှာပင် သူ၏ ဗီဒီယိုကို မြင်တွေ့သွားကြတော့၏။

လူအများအပြားက ကွန်မန့်များ ဝင်ရေးကြလေသည်။

“သမင်ပြောက်တွေ ထပ်ရောက်လာပြန်ပြီ... တော်တော်လေး စည်ကားတာပဲ”

“တစ်ခါ ကျွေးလိုက်တာနဲ့ အတည်ပေါက် လာနေကြတော့တာပဲ”

သမင်ပြောက် နှစ်ကောင် ရန်ဖြစ်သည်ကို ရွှီယန်က ဝင်ဆွဲသည်ကို မြင်သောအခါ အားလုံးက ပို၍ပင် ရယ်မောသွားကြတော့၏။

“ရပ်လိုက်ကြပါ... မင်းတို့ ဆက်မချကြနဲ့တော့... မချကြနဲ့တော့နော်”

“ဟာ... သမင်ပြောက်တွေက ဒီလို ရန်ဖြစ်ကြတာလား... သမင်ချိုနဲ့ အသေအလဲ မခွေ့ရဘူးလား”

“ဟားဟား... လောင်ရွှီ အချက်တော်တော်များများ အကန်ခံလိုက်ရတယ်”

“ငါ့ရဲ့ ဖော်ဆန်း အရိပ်မဲ့ ခြေကန်ချက်ကို မြည်းစမ်းကြည့်လိုက်”

ကွန်မန့်များ၏ လေထုမှာ အမြဲတမ်း ပျော်ရွှင်စရာ ကောင်းလှ၏။

အားလုံးက ချစ်စရာကောင်းသော သမင်ပြောက်များကို မြင်သောအခါ ရွှီယန်၏ လယ်ယာခြံဝင်းကို ပို၍ပင် သဘောကျလာကြတော့သည်။

နံနက်ပိုင်း အချိန်တွင် ရွှီယန်က တောင်ပေါ်သို့ သွားကာ ကျားသစ်ကို ရှာဖွေလေသည်။

မိခင်ကျားသစ်မကြီးတွင် ပုံသေ နေထိုင်ရာ ဧရိယာ ရှိပြီး ရွှီယန်က မည်သည့်နေရာတွင် ရှိမှန်း သိထားသဖြင့် အမြဲတမ်း လွယ်ကူစွာ ရှာတွေ့နိုင်ပေသည်။

ရွှီယန် ရောက်လာသောအခါ ကျားသစ်နှစ်ကောင်လုံးက သစ်ပင်ပေါ်တွင် အနားယူနေကြ၏။

“ရှောင်ဟွာ... တားဟွာ... မင်းတို့ကို လာကြည့်တာ”

ရွှီယန်က ပြုံးရင်း လှမ်းခေါ်လိုက်သည်။

ရွှီယန်ကို မြင်သောအခါ ကြီးငယ် ကျားသစ် နှစ်ကောင်လုံးက သစ်ပင်ပေါ်မှ ချက်ချင်း ဆင်းလာကြပြီး ပျော်ရွှင်စွာဖြင့် ရွှီယန်ထံသို့ ပြေးလာကြတော့သည်။

မိခင်ကျားသစ်မကြီး၏ ဆင်းသက်ပုံက သွက်လက်ပေါ့ပါးသော်လည်း... ကျားသစ်ပေါက်လေးကတော့ တုံးအအ နည်းလမ်းကိုသာ အသုံးပြုကာ ဖင်ကို အောက်စိုက်၍ တဖြည်းဖြည်းချင်း တွယ်ဆင်းလာရ၏။

ရွှီယန်က သူတို့အတွက် စားစရာ အချို့ ယူလာခဲ့သည်။

တောရိုင်း တိရစ္ဆာန်များကို သဘောရှိ အစာမကျွေးသင့်သော်လည်း ရွှီယန်နှင့် သူတို့က အလွန် ရင်းနှီးနေပြီဖြစ်ရာ အစာအနည်းငယ် ကျွေးခြင်းက ဘာမှ ပြဿနာ မရှိနိုင်ချေ။

“ရှောင်ဟွာ... သစ်ပင်တက်တတ်ပြီလား”

ရွှီယန်က ကျူရှင်ဆရာ တစ်ယောက်က ကလေးနှင့် မိဘကို တွေ့သောအခါ ပညာရေး အခြေအနေကို မေးမြန်းချင်သကဲ့သို့ မေးလိုက်၏။

သူကလည်း ကျားသစ်ပေါက်လေး၏ ကြီးထွားလာမှု အခြေအနေကို အတော်လေး ဂရုစိုက်ပေသည်။

သူက နို့ဘူးကို ရှောင်ဟွာ အား တိုက်လိုက်ရာ အကောင်ပေါက်လေးက နို့သောက်ရန်သာ အာရုံရောက်နေပြီး ရွှီယန်၏ မေးခွန်းကို လုံးဝ ဂရုမစိုက်ချေ။

ရွှီယန်က မိခင်ကျားသစ်မကြီး အတွက်လည်း ကြက်ပေါင်စိမ်း နှစ်ခု ယူလာခဲ့ရာ တားဟွာ ကလည်း ဘေးတွင် ပျော်ရွှင်စွာ စားသောက်နေ၏။

ရွှီယန်က သူတို့နှစ်ကောင်၏ ဘေးတွင် ရပ်ကာ အဖော်ပြုပေးနေလိုက်သည်။

ဤမြင်ကွင်းကို မည်သူ လာရောက် မြင်တွေ့သည်ဖြစ်စေ သေချာပေါက် လခွမ်း ဟု ကျိန်ဆဲမိမည်မှာ အသေအချာပင်။

တောရိုင်း ကျားသစ်များနှင့် ဤသို့ ဆော့ကစားနိုင်သူမှာ သူ တစ်ယောက်တည်းသာ ရှိပေသည်။

သူတို့နှစ်ကောင် အဝစားပြီးသွားသောအခါ မိခင်ကျားသစ်မကြီးက ခုနစ်မီတာ ရှစ်မီတာခန့် အကွာသို့ ပြတ်သားစွာ ပြေးထွက်သွားပြီး နေရာတစ်ခုရှာကာ သက်သောင့်သက်သာ လှဲလျောင်းနေလိုက်ပြီး ရွှီယန်နှင့် ကျားသစ်ပေါက်လေး ရှိရာဘက်သို့ ကျောခိုင်းထားလိုက်၏။

၎င်းက တကယ်ကို တိတ်တိတ်ဆိတ်ဆိတ် နေချင်နေကြောင်း သိသာလှပေသည်။

ကျားသစ်ပေါက်လေးကတော့ စိတ်လှုပ်ရှားစွာဖြင့် ရွှီယန်၏ ခြေထောက်နားတွင် လှည့်ပတ် ဆော့ကစားနေတော့၏။

တိုက်တိုက်ဆိုင်ဆိုင် ဘေးတွင် တုတ်ခိုင်ဖြောင့်မတ်ပြီး မျက်နှာပြင် အလွန် ကြမ်းတမ်းသော သစ်ပင်ကြီး တစ်ပင် ရှိနေသဖြင့် ရွှီယန်က ကျားသစ်ပေါက်လေးကို သစ်ပင် မည်သို့တက်ရမည်ကို သင်ပေးရန် ရည်ရွယ်လိုက်သည်။

သူက အဝတ်အစား ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားပြီး ဘာပစ္စည်းမှလည်း ယူမလာခဲ့ချေ။

“ရှောင်ဟွာ... လာ... သစ်ပင်တက်နည်း သင်ပေးမယ်”

“သစ်ပင်တက်တာ အရမ်း လွယ်တယ်... ရှေ့လက်နှစ်ဖက်နဲ့ အားပြုပြီး ကုတ်ဆွဲမယ်... နောက်ခြေနှစ်ဖက်နဲ့ အားပြုပြီး ကန်တက်မယ်... ငါ့လိုမျိုးပေါ့”

ရွှီယန်က ကျားသစ်ပေါက်လေးကို သရုပ်ပြလိုက်သေး၏။

သူက သစ်စည်အတိုင်း အပေါ်သို့ တွယ်တက်သွားသည်။

လူသားများ သစ်ပင်တက်သည့် နည်းစနစ်က ကြောင်မျိုးရင်းဝင် သတ္တဝါများနှင့် မတူညီကြပေ။

ကြောင်မျိုးရင်းဝင်များ သစ်ပင်တက်ရာတွင် ရှေ့ခြေနှင့် နောက်ခြေကို ခွဲခြားထားပြီး လွယ်လွယ်ပြောရလျှင် ရှေ့လက်နှစ်ဖက်ဖြင့် သစ်စည်ကို အပေါ်သို့ တွယ်ကုတ်လိုက်ပြီးနောက် နောက်ခြေနှစ်ဖက်ဖြင့် အပေါ်သို့ ကန်တက်ကာ ထပ်မံ၍ ရှေ့လက်နှစ်ဖက်ဖြင့် အပေါ်သို့ တွယ်ကုတ်ခြင်း ဖြစ်၏။

ဆက်တိုက် လုပ်ဆောင်လိုက်ပါက တက်ရသည်မှာ အလွန် မြန်ဆန်ပြီး ပြေးလွှားနေသည်နှင့်ပင် တူပေသည်။

လူသားများတွင်မူ ထိုသို့ သွက်လက်သော ရှေ့လက်နှင့် နောက်ခြေများ မရှိကြချေ။

ထို့ကြောင့် ရွှီယန် သစ်ပင်တက်သည့် နည်းလမ်းမှာ ဘယ်ဘက်လက်ဖြင့် သစ်စည်ကို အပေါ်သို့ တွယ်ကုတ်ကာ ညာဘက်ခြေထောက်ဖြင့် အပေါ်သို့ တက်နင်းပြီးနောက်... ညာဘက်လက်ဖြင့် သစ်စည်ကို အပေါ်သို့ တွယ်ကုတ်ကာ ဘယ်ဘက်ခြေထောက်ဖြင့် အပေါ်သို့ တက်နင်းခြင်း ဖြစ်၏။

တစ်ရွေ့ချင်းစီ တက်ရခြင်း ဖြစ်သည်။

ဤလူတစ်ယောက်နှင့် ကျားသစ်တစ်ကောင်မှာလည်း ပညာစွမ်းရှိ၍ သတ္တိကောင်းကြသည်ဟု ဆိုရမည်။

တစ်ယောက်ကလည်း ရဲရဲဝံ့ဝံ့ သင်ပေးပြီး... အခြားတစ်ကောင်ကလည်း ရဲရဲဝံ့ဝံ့ သင်ယူလေသည်။

မိခင်ကျားသစ်မကြီး သင်ပေးချိန်တွင် ကျားသစ်ပေါက်လေးက လုံးဝ ဂရုမစိုက်သော်လည်း ရွှီယန် သင်ပေးချိန်တွင်မူ အကောင်ပေါက်လေးက အရသာခံကာ ကြည့်ရှုနေတော့၏။

ရွှီယန်က အပေါ်သို့ အကွာအဝေး တစ်ခုအထိ တွယ်တက်သွားပြီးနောက် ပေါ့ပါးစွာ ခုန်ဆင်းလိုက်သည်။

“မြင်ပြီလား... အဲဒီလို တက်ရတာ”

“မင်း စမ်းကြည့်”

ရွှီယန်က ကျားသစ်ပေါက်လေးကို ပွေ့ချီကာ သစ်စည်ပေါ်သို့ တင်ပေးလိုက်ပြီး အနောက်မှနေ၍ လက်ဆန့်တန်းကာ ကာကွယ်ပေးထားလိုက်၏။

အကောင်ပေါက်လေးက သစ်စည်ကို ခြေသည်းများဖြင့် ပေါ့ပါးစွာ ချိတ်တွယ်ထားပြီး ရွှီယန်၏ ပုံစံအတိုင်း အတုခိုးကာ တဖြည်းဖြည်းချင်း အပေါ်သို့ တက်သွားတော့သည်။

ဘယ်ဘက် ရှေ့လက်... ညာဘက် နောက်ခြေ... ညာဘက် ရှေ့လက်... ဘယ်ဘက် နောက်ခြေ...။

အလှည့်ကျ လုပ်ဆောင်နေ၏။

ခန္ဓာကိုယ်လေးကို တစ်ရွေ့ချင်းစီ ရွှေ့ကာ အပေါ်သို့ တကယ်ပင် တက်သွားတော့သည်။

“အေး... ဟုတ်ပြီ”

“ဒါဆို တတ်သွားပြီပေါ့”

ရွှီယန်က ချီးကျူးလိုက်သည်။

သူတို့၏ အနောက်ဘက်တွင် မိခင်ကျားသစ်မကြီးက ဤမြင်ကွင်းကို ကြည့်ကာ မျက်နှာတစ်ခုလုံးတွင် အံ့အားသင့်မှုနှင့် ထိတ်လန့်မှုများ ပြည့်နှက်နေတော့၏။

‘ဒါက ဘယ်လို နည်းလမ်းကြီးလဲ’

‘ကျားသစ်တွေက ဒီလို သစ်ပင်တက်လို့ ရသေးတာလား’

‘တစ်ရွေ့ချင်းစီ တက်ရတာလား’

‘ငါ့အမေ ငါ့ကို သင်ပေးခဲ့တာ မှားနေတာလား’

All Chapters