အခန်း ၁၀၉
Vol. 11 Ch. 109
အခန်း (၁၀၉) ဝမ်းသာအားရ ကြည့်ချင်စရာ မြင်ကွင်း... အရသာရှိတဲ့ ငါးလေးတွေ
နောက်တစ်နေ့ မနက်ပိုင်းတွင် အလိုအလျောက် ရေလောင်းစနစ် လာရောက်တပ်ဆင်ပေးမည့် အလုပ်သမားများ ရောက်ရှိလာကြသည်။ ရွှီယန်က သူတို့နှင့်အတူ ရေလောင်းမည့် ဧရိယာကို သတ်မှတ်ပေးရန် အလုပ်များနေသည်။
ဧက ၂၀ ခန့်ရှိသော မြေနေရာကို လွှမ်းခြုံရန် စီစဉ်ထားပြီး သိပ်မများလှသော်လည်း သေချာပေါက် နည်းပါးလွန်းသည်တော့ မဟုတ်ပေ။ ထိုမြေနေရာက လယ်ယာခြံဝင်း၏ အစွန်ဆုံးတွင် တည်ရှိကာ နေထိုင်ရာ အဆောက်အအုံများနှင့် ဖန်လုံအိမ်များမှ အနည်းငယ် ဝေးကွာလှသည်။
ရေလောင်းစနစ် ကိစ္စများ ပြီးစီးသွားမှသာ မြစ်ထဲတွင် ငါးဖမ်းကိရိယာ သုံးခု မြှုပ်ထားခဲ့သည်ကို ရွှီယန် သတိရသွားတော့သည်။
သူက လီဆန်းကို အလုပ်သမားများ လုပ်ကိုင်နေသည်ကို စောင့်ကြည့်ခိုင်းထားခဲ့ပြီးနောက် ဘဲပေါက်လေးများကို လွှတ်ပေးကာ ခွေးလေးများကို ခေါ်ဆောင်၍ လယ်ယာခြံဝင်း အပြင်ဘက်ရှိ တောရေကန်ဆီသို့ အပန်းဖြေရန် ထွက်လာခဲ့၏။
လမ်းကြုံသဖြင့် လိုက်ဖ်ကိုပါ တစ်ပါတည်း ဖွင့်လိုက်သည်။ အချိန်ဖြုန်းရင်း ကျော်ကြားမှုရမှတ်များ ရှာရန်ဖြစ်၏။
"လောင်ရွှီ မင်းရဲ့ ငါးဖမ်းတဲ့ ဗီဒီယိုရော"
"အဆုံးသတ်မှာ ငါးမိလား မမိဘူးလား"
ထင်ထားသည့်အတိုင်း လိုက်ဖ်ဖွင့်လိုက်သည်နှင့် ပရိသတ်များက လိုက်ဖ်ထဲတွင် ဆူညံစွာ မေးမြန်းနေကြတော့သည်။
အားလုံးက ငါးဖမ်းသည့် ရလဒ်ကို အလွန် သိချင်နေကြ၏။ အဓိကအားဖြင့် ရင်ထဲတွင် တစ်ခုခု တန်းလန်းကြီး ဖြစ်နေကာ ရလဒ်ကို မသိရပါက သက်သောင့်သက်သာ မဖြစ်သောကြောင့်ပင်။
စိတ်ဝင်စားအောင် ဆွဲဆောင်ခံထားရသည့် ခံစားချက်မျိုး ဖြစ်သည်။
ရွှီယန်က အမြန် တုံ့ပြန်လိုက်သည်။
"ဒီနေ့ မနက်ပိုင်း လယ်ယာခြံဝင်းထဲမှာ အလုပ်နည်းနည်း များသွားလို့ အဲဒီကိစ္စကို မေ့နေတာ... အခု သွားကြည့်မလို့... ဒါပေမဲ့ ကိစ္စမရှိပါဘူး ပြဿနာတော့ မရှိလောက်ဘူး"
သူ သွားမကြည့်ရသေးကြောင်း ကြားလိုက်ရသောအခါ အားလုံးက ပို၍ စိတ်ဝင်စားသွားကြ၏။ လိုက်ဖ်မှတစ်ဆင့် ရလဒ်ကို တိုက်ရိုက် ကြည့်ရသည်က ပို၍ စိတ်လှုပ်ရှားစရာ ကောင်းသည် မဟုတ်ပါလား။
မည်သို့ပင်ဆိုစေကာမူ ယခုအချိန်အထိ ဘာမှန်း မသိရသေးသော အခြေအနေတွင် ရှိနေဆဲဖြစ်သည်။
ရွှီယန်က ဘဲများ၏ အနောက်မှ ဆက်လက် လိုက်ပါသွား၏။
ယခုအခါ ဘဲများမှာ အမွေးအတောင်များ ထွက်လာပြီဖြစ်ကာ အရောင်မှာ အနည်းငယ် မီးခိုးရောင် သန်းနေပြီး ခြေထောက်တွင် လေတပ်ထားသကဲ့သို့ အလွန် မြန်ဆန်စွာ လမ်းလျှောက်နေကြရာ မြစ်ထဲသို့ အမြန်သွားဆော့ချင်နေကြောင်း သိသာလှပေသည်။
ဆော့လည်း ဆော့ရမည်ဖြစ်သလို လတ်ဆတ်သော ရေမှော်ပင်များလည်း စားရမည်ဖြစ်ရာ သူတို့က မြန်မြန် သွားချင်ကြမည်မှာ သေချာလှ၏။ ထို့အပြင် ယခုအချိန်တွင် အနည်းငယ် ဗိုက်ဆာနေပြီ ဖြစ်သည်။
ရွှီယန်နှင့် ခွေးနှစ်ကောင်က သက်တော်စောင့် သုံးယောက်အလား အနောက်မှ လိုက်ပါသွားကြသည်။
မကြာမီမှာပင် ရွှီယန်က ယမန်နေ့က လမ်းကြောင်းအတိုင်း လျှောက်လာပြီး မြစ်ကမ်းစပ်သို့ ရောက်ရှိလာခဲ့၏။
"ကဲ... အံ့ဖွယ်ကိစ္စကို မျက်မြင်ကိုယ်တွေ့ ကြည့်ရမယ့် အချိန် ရောက်ပြီ... ဒီလို မြစ်ငယ်လေးတွေထဲမှာ ငါးသေးလေးတွေ သေချာပေါက် အများကြီး ရှိတယ်... ငါးဖမ်းကိရိယာထဲမှာလည်း ပြည့်နေမှာ သေချာတယ်"
ရွှီယန်က မိမိ၏ ငါးဖမ်းစွမ်းရည်နှင့် ပတ်သက်၍ အတော်လေး ယုံကြည်ချက် ရှိနေသည်။
သူ ဤသို့ ပြောသည်ကို ကြားသောအခါ အင်တာနက်သုံးစွဲသူများက ပို၍ပင် မျက်တောင်မခတ်တမ်း စောင့်ကြည့်နေကြတော့၏။
"တကယ်ပဲ ငါးလေးတွေ အပြည့် မိမှာလား"
"အဲဒီဘူးက အလွတ်ကြီး ဖြစ်နေမယ်လို့ ငါ လောင်းရဲတယ်"
"သေချာပေါက် အလွတ်ကြီးပဲ နေမှာ"
"အလွတ်ကြီး... အလွတ်ကြီး"
အားလုံးက ဝိုင်းဝန်း လှောင်ပြောင်နေကြသည်။
ရွှီယန်က ဘောင်းဘီကို ခေါက်တင်ကာ ရေထဲသို့ ဆင်းသွားလိုက်၏။ သူက ယမန်နေ့က မြှုပ်ထားခဲ့သော ပထမဆုံး ထောင်ချောက်နေရာဖြစ်သည့် ရေစီးကြောင်း သုံးခု ဆုံရာ နေရာသို့ အရင်ဆုံး သွားလိုက်သည်။
ရွှီယန်က ခါးကို ကိုင်းကာ ရေအောက်ခြေဆီသို့ လက်လှမ်း၍ စမ်းကြည့်လိုက်၏။
ဒရုန်းက သူ့ကို အနီးကပ် ရိုက်ကူးပြသနေရာ အင်တာနက်သုံးစွဲသူများက သူ၏ လှုပ်ရှားမှုကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။
ဘူးထဲမှာ ငါးရှိပါ့မလား...
အားလုံးက တွေးတောနေကြ၏။
ထို့နောက် ရွှီယန်က အကြိမ်အနည်းငယ် စမ်းသပ်ကြည့်လိုက်ရာ ငါးကို မဆိုထားနှင့် ဘူးကိုပင် မစမ်းမိသည်ကို မြင်လိုက်ကြရသည်။
"လခွမ်း... တစ်ယောက်ယောက် နှိုက်သွားပြီ"
ရွှီယန်က မတ်တတ်ရပ်ကာ ကျိန်ဆဲလိုက်သည်။
ဟင်...
လိုက်ဖ်ကြည့်နေသည့် ပရိသတ်များ အနည်းငယ် ကြောင်အသွားကြ၏။ ရွှီယန်က ဆက်ပြောလိုက်သည်။
"မနေ့က ဒီနေရာမှာ မြှုပ်ထားခဲ့တာ... နေရာကို သေချာ မှတ်မိတယ်... ပြီးတော့ လိုက်ဖ်လည်း လွှင့်ထားခဲ့တာကိုး... ခုနက စမ်းကြည့်တာ ဘူးကို လုံးဝ မစမ်းမိဘူး... ဘူးကို ရေအောက်ခြေမှာ သေချာ မြှုပ်ထားခဲ့တာဆိုတော့ ရေစီးနဲ့ မျောပါသွားစရာ အကြောင်းမရှိဘူး... သေချာပေါက် အခိုးခံလိုက်ရတာပဲ... တကယ်ကို နောက်ဆို အလုပ်လုပ်ရင် ဂရုစိုက်မှ ရတော့မယ်"
လိုက်ဖ်ကြည့်နေသည့် ပရိသတ်များမှာ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အဆက်မပြတ် ရယ်မောကြတော့သည်။
"ဟားဟား... ဝမ်းသာအားရ ကြည့်ချင်စရာ မြင်ကွင်းကြီးပါလား... တကယ် ကြည့်လို့ကောင်းတာပဲ"
"လောင်ရွှီ... အမှန်တိုင်း ပြောရရင် ငါသာ ဒီမြစ်နားမှာ နေမယ်ဆိုရင် မင်းပစ္စည်းကို လာနှိုက်မှာပဲ"
"မင်းက နေရာကို အတိအကျ ပြထားတာဆိုတော့ သေချာပေါက် ပျောက်ပြီပေါ့"
"ဘယ်သူက ဒီလောက် ဉာဏ်ကောင်းနေတာလဲ... အရမ်း ရယ်ရတာပဲ"
လိုက်ဖ်ထဲရှိ လေထုမှာ အထူးပင် ဆူညံပွက်လောရိုက်သွားတော့၏။
ရွှီယန်က သက်ပြင်းချလိုက်ပြီး ယမန်နေ့က နောက်ထပ် ဘူးနှစ်ခုကို မြှုပ်ရာတွင် လိုက်ဖ်မလွှင့်ဘဲ တမင် ဖုံးကွယ်ထားခဲ့မိသည်မှာ ကံကောင်းသွားသည်ဟု တွေးလိုက်မိသည်။
'တကယ်ကို လူတွေရဲ့ စိတ်ထားက မရိုးသားကြတော့ဘူး... လူအုပ်ထဲမှာ လူဆိုးတွေ ရှိနေတာပဲ'
ရွှီယန်က ညည်းတွားလိုက်သည်။
"ကိစ္စမရှိပါဘူး... နောက်ထပ် နှစ်ခု ကျန်သေးတယ်... မြစ်က ဒီလောက် ကျယ်တာ... ဘယ်နေရာမှာ ထားခဲ့မှန်း မသိဘဲ ကျွန်တော့်ရဲ့ ငါးဖမ်းကိရိယာကို ရှာတွေ့ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်သလောက်ပဲ"
ရွှီယန်က နောက်တစ်ဖက်သို့ လှည့်ထွက်သွားလိုက်၏။
တကယ်တော့ ဘူးတစ်ဘူး ဆုံးရှုံးသွားခြင်းက ဘာမှ မဟုတ်ပေ။ ရွာတွင် ရွာ၏ စည်းကမ်းများ ရှိပြီး ယေဘုယျအားဖြင့် အိမ်မွေးတိရစ္ဆာန်များနှင့် ကြက်ဘဲများကို မည်သူကမျှ လာရောက် မနှောင့်ယှက်ကြသော်လည်း ပေါ့ပေါ့ဆဆ ထားထားသော ပစ္စည်းလေးများမှာ အလွန် ပျောက်လွယ်တတ်သဖြင့် သေချာ ဂရုစိုက်ရပေသည်။
အဓိကအားဖြင့် ပစ္စည်းသေးသေးလေးများက အိတ်ထဲထည့်၍ ဖုံးကွယ် ယူဆောင်သွားရန် လွယ်ကူသောကြောင့် ဖြစ်၏။ ကြက်ဘဲများကိုမူ ဖုံးကွယ်ရန် ခက်ခဲပြီး အလွယ်တကူ လူမိနိုင်သည်။
ရွာသူရွာသားများမှာ မျက်နှာ အလွန် ငဲ့တတ်ကြရာ ဤကိစ္စမျိုးကို လုပ်၍ရသော်လည်း လူမိခံ၍ မဖြစ်ပေ။ မျက်နှာ အပျက်မခံနိုင်ကြချေ။
ထို့ကြောင့် သူတစ်ပါး၏ ကြက်ဘဲ တိရစ္ဆာန်များကို ခိုးယူသူ အလွန် ရှားပါးပေသည်။
ရွှီယန်က မြစ်ကမ်းစပ်ဆီသို့ တောက်လျှောက် လျှောက်လာခဲ့သည်။
သူ၏ ဒုတိယ ငါးဖမ်းကိရိယာကို မြစ်ကမ်းစပ်ရှိ အနည်းငယ် နက်သော နေရာတစ်ခုတွင် မြှုပ်နှံထားခြင်း ဖြစ်၏။ သူက ခါးကို ကိုင်းကာ စမ်းသပ်ကြည့်လိုက်ရာ မကြာမီမှာပင် ဘူးကို စမ်းမိသွားတော့သည်။
"ဒီတစ်ခါတော့ တကယ့်ကို အံ့ဖွယ်ကိစ္စကို မျက်မြင်ကိုယ်တွေ့ ကြည့်ရမယ့် အချိန် ရောက်ပြီ"
ရွှီယန်က ဘူးကို ရေအောက်ခြေမှ ဆွဲနုတ်လိုက်ပြီး ကင်မရာရှေ့တွင် ပြသလိုက်သည်။
ဘူးထဲတွင် ရှည်လျားသော အနက်ရောင် ငါးငယ်လေးများ အများအပြား ပါရှိနေပြီး ငါးရှဉ့်လေးများကဲ့သို့ အမြီးများကို လျင်မြန်စွာ ခါရမ်းကာ ကူးခတ်နေကြသည်ကို မြင်တွေ့လိုက်ရ၏။
"ကြည့်... ကျွန်တော် ပြောသားပဲ ငါးရှိတယ်လို့... အပြည့်ကို ဖြစ်နေတာပဲ... ဒီဘက်မှာ ငါးသေးလေးတွေ များတယ်... ဆောင်းဦးရာသီ ရောက်ပြီဆိုရင် လူတော်တော်များများက မြစ်ထဲလာပြီး ငါးဆယ်ကြတယ်... ပြီးရင် အိမ်ယူသွားပြီး ငါးပိကြော် လုပ်စားကြတာ... အဲဒါက အရမ်း စားကောင်းတယ်"
ရွှီယန်က ရှင်းပြလိုက်သည်။
အင်တာနက်သုံးစွဲသူများမှာ အလွန် အံ့အားသင့်နေကြ၏။
'ဟာ... တကယ်ကြီး ငါးတွေ ရှိနေတာပဲ'
"လခွမ်း... အများကြီးပဲ... ဘူးကြီး တစ်ဘူးလုံး အပြည့်ပဲ"
"ဒီဘက်မှာ အဲဒီလို ငါးဖမ်းကြတာလား... တကယ့်ကို သဘာဝကျလွန်းနေပြီ"
"ဒီလောက် သေးတဲ့ ငါးလေးတွေက သေချာပေါက် စားမကောင်းလောက်ဘူး"
"မင်းက အရှေ့မြောက်ဒေသက ငါးပိကြော်ကို မစားဖူးလို့ပါ... ငါးသေးသေးလေးတွေနဲ့ လုပ်ရတာ... အရသာက တကယ်ကို ကောင်းတာကွ"
ကွန်မန့်များမှာ ချက်ချင်းပင် ဆူညံသွားတော့၏။
ဘူးတစ်ဘူး အပြည့်ပါလာသော ငါးများမှာ အလတ်ဆတ်ဆုံး အစားအစာများ ဖြစ်ပေသည်။ လယ်ယာခြံဝင်း နေထိုင်မှုဘဝတွင် တောဟင်းရွက် အနည်းငယ် တူးခြင်း... ငါးသေးလေးများ ဖမ်းခြင်း စသည်တို့မှာ အလွန် ပုံမှန်ကိစ္စများသာ ဖြစ်သည်။
ရွှီယန်က တတိယမြောက် ဘူးကို ထပ်မံ သွားရှာလိုက်ရာ ထိုဘူးကို ရေမှော်ပင် ပေါများသော နေရာတစ်ခုတွင် ဖုံးကွယ်ထားခြင်း ဖြစ်၏။
သူက ခါးကို ကိုင်းကာ ဘူးကို ထုတ်ယူလိုက်ရာ ထင်ထားသည့်အတိုင်းပင် ငါးငယ်လေးများ အပြည့် ပါလာပြန်သည်။
ဤဒေသရှိ မြစ်များထဲတွင် ငါးအလွန် ပေါများပေသည်။ ငါးစားချင်ပါက ဤနေရာသို့ လာရောက် ဖမ်းဆီးရုံသာ ဖြစ်၏။
ယခုအခါ အရှေ့မြောက်ဒေသတွင် စီးပွားရေး မကောင်းမွန်သဖြင့် လူဦးရေ ယိုစိမ့်မှု အလွန် ဆိုးရွားနေသော်လည်း အခြားတစ်ဖက်တွင်မူ ဂေဟစနစ်က ပို၍ ကောင်းမွန်လာခဲ့သည်။
တောရွာနေထိုင်မှုဘဝက သိပ်မချမ်းသာလှသော်လည်း အခြေခံ အရင်းအမြစ် မျိုးစုံ ပေါကြွယ်ဝလှပေသည်။ ရွှီယန်နှင့် အလွန် သင့်တော်လှ၏။
"မဆိုးဘူးပဲ... ဒီလောက် ငါးတွေဆို လုံလောက်ပြီ... ခဏလောက် ထပ်လျှောက်သွားလိုက်ဦးမယ်... ပြီးရင် လိုက်ဖ်ပိတ်ပြီး ရွာပြန်မယ်... အိမ်မှာ ငါးပိကြော် သွားစားမလို့... လိုက်ဖ် ဆက်မလွှင့်တော့ဘူး"
ရွှီယန်က အားလုံးကို ပြောလိုက်သည်။
ငါးများ အပြည့်ပါလာသော ဘူးကြီး နှစ်ဘူးကို မြင်ရသောအခါ အင်တာနက်သုံးစွဲသူများမှာ အလွန် အားကျနေကြ၏။
ဤကဲ့သို့ အလွယ်တကူ ကောက်ရလိုက်သည့် ခံစားချက်က တကယ်ကို ကောင်းမွန်လွန်းလှပေသည်။ မည်သို့ ချက်ပြုတ်ရမည်ကိုပါ သိထားပါက ပို၍ပင် အရသာရှိမည် ဖြစ်သည်။
"လောင်ရွှီ... ငါ့ကို ငါးပိကြော် နည်းနည်းလောက် ပို့ပေးပါလား"
"တစ်နေ့ တစ်နေ့... နေရတဲ့ ဘဝလေးက အရမ်း အေးချမ်းတာပဲ"
"အေးချမ်းပေမယ့် ပိုက်ဆံတော့ မရှိဘူးလေ... အားလုံး အတူတူပါပဲ"
"ထင်တဲ့အတိုင်းပဲ ငါးရတာပဲ... လိုက်ဖ်လွှင့်သူက တကယ် အစွမ်းရှိတာပဲ"
လူအများက လိုက်ဖ်ထဲတွင် အသီးသီး တုံ့ပြန်နေကြ၏။
ထို့နောက် ရွှီယန်က မြစ်ကမ်းစပ်တွင် ဘဲများကို ခဏမျှ ကြည့်ရှုနေလိုက်ပြီးနောက် ခွေးလေးများကို ခေါ်ဆောင်ကာ ရွာသို့ ပြန်လာခဲ့တော့သည်။
လိုက်ဖ်ကိုလည်း တစ်ပါတည်း ပိတ်လိုက်၏။
သူက အိမ်ရှိ စူပါမားကတ်သို့ ရောက်လာပြီးနောက် ငါးဘူး နှစ်ဘူးကို မိခင်ဖြစ်သူထံ ကမ်းပေးကာ ငါးပိကြော် စားချင်ကြောင်း ပြောလိုက်ရာ ရွှီယန်၏ မိခင်က ငါးဘူးများကို ယူ၍ မီးဖိုချောင်သို့ ဝင်သွားတော့သည်။
သူ ကိုယ်တိုင်ကတော့ စူပါမားကတ်၏ ငွေရှင်းကောင်တာတွင် ထိုင်ကာ ငွေရှင်းသည့် တာဝန်ကို ယူထားလိုက်၏။ မာလီနွိုက်ခွေးက သူ၏ ခြေထောက်နားတွင် ဝပ်နေပြီး ရှောင်ဟေးကတော့ တာ့ဟွမ်ကို သွားရှာလေသည်။
ကိုယ့်အိမ်ကိုယ်ပြန် ကိုယ့်အမေကိုယ်ရှာကြခြင်းပင်။
စူပါမားကတ် အလုပ်က လွယ်ကူသော်လည်း အချိန်ကုန် လူပန်းဖြစ်စေသည်။ သူက ကုလားထိုင်ပေါ်တွင် ထိုင်ကာ ဖုန်းသုံးနေပြီး လူလာပါက နှုတ်ဆက်ရုံသာ ဖြစ်၏။
အိမ်၏ အရောင်းအဝယ်က အတော်လေး ကောင်းမွန်လှပေသည်။
ရွှီဟုန်ရှန်း က စူပါမားကတ်တွင် မရှိဘဲ ပစ္စည်းသွားဝယ်သလား... တောင်ပေါ်တက်သွားသလား ဆိုတာ မသိရပေ။ သာမန် ပြည်သူလူထုများဖြစ်ကြရာ အချိန်ရပါက စီးပွားရေးအတွက် ပြေးလွှားလှုပ်ရှားကာ ငွေပိုရှာနိုင်ရန် ကြိုးပမ်းကြရသည် မဟုတ်ပါလား။
ယောက်ျားများအတွက် ငွေရှာရန်က အရေးကြီးပေသည်။
အိမ်ရှိ စူပါမားကတ်၏ အရွယ်အစားမှာ အတော်လေး ကြီးမားပြီး ရွှီယန်က ကုန်ပစ္စည်းစင်များပေါ်ရှိ ပစ္စည်းများကို ကြည့်လိုက်သော်လည်း ဘာမှ စားချင်စိတ် မရှိလှချေ။
ငယ်စဉ်ကတည်းက အများကြီး စားခဲ့ရသောကြောင့် ဖြစ်မည်... သူက သရေစာများကို သိပ်စိတ်မဝင်စားတော့ဘဲ တစ်ခါတစ်ရံ အစပ်ချောင်းလေး တစ်ထုပ်လောက် စားချင်သည်မှလွဲ၍ အခြား ဘာမှ စားချင်စိတ် မရှိတော့ပေ။
သို့သော် အချိုရည်နှင့် ရေခဲမုန့်များကိုတော့ အလွန် သဘောကျဆဲ ဖြစ်၏။
ထို့ကြောင့် သူက ရေခဲမုန့် တစ်ချောင်းကို ယူလိုက်ပြီး ငွေရှင်းကောင်တာတွင် ထိုင်ကာ ရေခဲမုန့် စားရင်း ဖုန်းထဲမှ ပရိသတ်များ၏ ကွန်မန့်များကို ဖတ်နေလိုက်သည်။
ကိုယ်ပိုင် စူပါမားကတ် ဖြစ်သဖြင့် သက်သောင့်သက်သာပင် နေထိုင်နေတော့၏။
အကယ်၍ ဆိုင်ခွဲ များပြားသော စူပါမားကတ်ကြီးများတွင်သာ ငွေရှင်းကောင်တာ ဝန်ထမ်းတစ်ယောက်က ရေခဲမုန့်စားရင်း ဖုန်းသုံးနေမည် ဆိုပါက မန်နေဂျာ၏ ဆူပူကြိမ်းမောင်းခြင်းကို ခံရမည်မှာ သေချာလှပေသည်။
"စူပါမားကတ်က မင်းအိမ်က ဖွင့်ထားတာ မှတ်နေလား... လုပ်ချင်ရာ လုပ်လို့ရမလား" ဟူ၍ပင်။
မာလီနွိုက်ခွေးက အောက်ဘက်မှနေ၍ ရွှီယန်၏ လက်ထဲရှိ ရေခဲမုန့်ကို ကြည့်ကာ နှုတ်ခမ်းသပ်နေသော်လည်း ငြိမ်သက်စွာပင် နေနေ၏။
မကြာမီမှာပင် ရွှီယန်၏ မိခင် ထွက်လာပြီး ပြောလိုက်သည်။
"အိမ်က ကြက်မကြီးတွေကို အကုန် သယ်သွားလိုက်တော့... အမေက နေ့တိုင်း ဆိုင်ကြည့်နေရပြီး မင်းအဖေကလည်း တောင်ပေါ်တက်လိုက် ပစ္စည်းဝယ်လိုက် လုပ်နေရတော့ သူတို့ကို ဂရုစိုက်ဖို့ အချိန်မရှိဘူး"
"ပြီးတော့ ကြက်သွန်မြိတ်တွေ ငရုတ်သီးတွေလည်း ရင့်နေပြီ... မြန်မြန် များများ သွားယူလိုက်... အခု မယူရင် တခြားလူတွေ အကုန် ယူသွားလိမ့်မယ်"
ထိုစကားကို ကြားသောအခါ ရွှီယန်က ခေါင်းညိတ်လိုက်၏။
"ဟုတ်ပြီ... ဒါဆို ကျွန်တော် ခဏနေရင် လီဆန်း ကို သုံးဘီးဆိုင်ကယ် ယူလာခိုင်းပြီး ကြက်မကြီးတွေကို အကုန် လာသယ်ခိုင်းလိုက်မယ်"
တစ်ခါတစ်ရံတွင် ဘဝက အတော်လေး အေးချမ်းလှပေသည်။ ရွှီယန်က ဆိုင်ကို နှစ်နာရီခန့် စောင့်ပေးပြီးနောက် အနောက်ဘက်သို့ သွားကာ ထမင်းစားလိုက်၏။
ငါးပိကြော်ကို ထမင်းဖြူပေါ် လောင်းချကာ နယ်လိုက်ရာ မွှေးပျံ့သော အနှစ်များက ထမင်းဖြူများကို ဖုံးလွှမ်းသွားပြီး ထမင်းများပင် ပို၍ မွှေးပျံ့လာစေသည်။
ကြော်ထားသော ငါးငယ်လေးများမှာ အနည်းငယ်မျှ ညှီနံ့ မထွက်တော့ဘဲ ငါးအသား၏ လတ်ဆတ်သော အရသာသာ ကျန်ရှိတော့၏။
ကြက်သွန်မြိတ် နှစ်ပင်ခန့်နှင့် တွဲဖက်ကာ ထမင်းတစ်ပန်းကန်လုံးကို အားပါးတရ စားသောက်လိုက်ရာ အလွန် နေလို့ကောင်းသွားတော့သည်။
ဤထမင်းတစ်နပ်မှာ တကယ်ကို အရသာရှိလှပေသည်။
ဤဒေသရှိ ဟင်းလျာ အများစုမှာ လတ်ဆတ်မှုကို အဓိကထား စားသုံးကြသော်လည်း အချို့သော ဟင်းလျာများကိုမူ တားမြစ်ထားပြီး ဖြစ်ရာ မတတ်နိုင်ပေ။
သို့သော် အိမ်တိုင်းလိုလို ချက်ပြုတ်နေကြဆဲ ဖြစ်သော ဟင်းလျာများမှာမူ အမှန်တကယ် လက်ရာမြောက်သော ဟင်းလျာများပင် ဖြစ်သည်။
ဥပမာအားဖြင့် ဤငါးပိကြော် ကဲ့သို့ပင်။
ထမင်းတစ်နပ်ကို အလွန် မြိန်မြိန်ရှက်ရှက် စားသောက်ပြီးနောက် ရွှီယန်က အိမ်၏ ခြံဝင်းထဲသို့ ဝင်သွားကာ လီဆန်းကို ခေါ်၍ အိမ်ရှိ ကြက်မကြီး အားလုံးကို သယ်ဆောင်သွားစေ၏။
ကြက်သွန်မြိတ်နှင့် ငရုတ်သီး အချို့ကိုလည်း တစ်ပါတည်း နုတ်ယူသွားသေးသည်။
အိမ်ပြန်လာသည်မှာ ဓားပြတိုက်နေသည်နှင့်ပင် တူနေတော့၏။
သို့သော် ကိုယ့်အိမ်ကိုယ်ပြန် ကိုယ့်ပစ္စည်း ယူခြင်းဖြစ်ရာ အလွန် ပုံမှန်ကိစ္စသာ ဖြစ်ပေသည်။
ရွှီယန် တောင်ပေါ်တက်၍ တောင်ထွက်ပစ္စည်းကောင်းများ ရှာတွေ့သည့် အချိန်တိုင်းတွင်လည်း မိဘများအတွက် အရင်ဆုံး ချန်ထားလေ့ရှိ၏။
အထူးသဖြင့် ခန္ဓာကိုယ်အတွက် အကျိုးရှိစေမည့် အရာများကို ပို၍ပင် ဦးစားပေးတတ်သည်။ ရွှီယန်တို့ မိသားစု၏ ဆက်ဆံရေး လေထုမှာ အမြဲတမ်း အလွန် ကောင်းမွန်ပေသည်။
ထို့နောက် ရွှီယန်က သုံးဘီးဆိုင်ကယ်ပေါ်သို့ တက်လိုက်၏။
လီဆန်း... ခွေးလေး နှစ်ကောင်... ကြက်မကြီး သုံးကောင်... ဒရုန်း အစရှိသည်တို့ကို တင်ဆောင်ကာ အပြန်လမ်းကို လျင်မြန်စွာ မောင်းနှင်လာခဲ့သည်။
လယ်ယာခြံဝင်း၏ သူဌေး ဖြစ်သည့်အားလျော်စွာ သူက သုံးဘီးဆိုင်ကယ်၏ ယာဉ်မောင်းနေရာတွင် ထိုင်လာခဲ့၏။
ယနေ့လည်း ဤသို့ပင် ကုန်ဆုံးသွားခဲ့ပြန်သည်။
"ရေလောင်းစနစ် တပ်လို့ ပြီးပြီလား"
လမ်းတွင် ရွှီယန်က အလုပ်လုပ်ငန်းစဉ် အခြေအနေကို မေးမြန်းလိုက်သည်။
"မြေကြီးတွေ တူးပြီးသွားပြီ... ရေပိုက်တွေ မြှုပ်နေတယ်... မနက်ဖြန် ပြီးနိုင်မယ်လို့ သူတို့ ပြောတယ်"
လီဆန်းက အမြန် ပြန်ဖြေလိုက်၏။
"ဟုတ်ပြီ... နောက်ဆို ရေလောင်း မြေသြဇာကျွေးရတာ ပိုအဆင်ပြေသွားပြီ... ဒီရေလောင်းစနစ်က ရေနဲ့ မြေသြဇာ တွဲပြီး လောင်းလို့ရတာ... မင်း သူတို့ဆီကနေ ဘယ်လို သုံးရမလဲဆိုတာ လေ့လာထားလိုက်ဦး"
ရွှီယန်က ထပ်မံ ညွှန်ကြားလိုက်သည်။
"အစ်ကိုယန်... စိတ်ချပါ... ကျွန်တော် လေ့လာနေပါတယ်"
လီဆန်းက ခေါင်းညိတ်ကာ ကတိပေးလိုက်တော့သည်။