← Chapters

အခန်း ၁၁၀

Vol. 11 Ch. 110

အခန်း ၁၁၀

Vol. 11 Ch. 110

အခန်း (၁၁၀) ငါ့ခြံက ဘဲတွေက နိုင်ငံတော်အဆင့်(၁) ကာကွယ်ရမယ့် တိရစ္ဆာန် နှစ်ကောင်ကို ခေါ်လာတယ်

လယ်ယာခြံဝင်းသို့ ပြန်ရောက်ပြီးနောက် ရွှီယန်သည် ကြက်မကြီးများကို နေရာချပေးကာ အလိုအလျောက် ရေလောင်းစနစ် တပ်ဆင်နေမှုကို သွားရောက် စစ်ဆေးကြည့်ရှုခဲ့သည်။

အလိုအလျောက် ရေလောင်းစနစ်ဆိုသည်မှာ မြက်ခင်းများတွင် ရေလောင်းရာ၌ အသုံးပြုလေ့ရှိသော ရေပန်းခေါင်းမျိုးဖြစ်ပြီး အရပ်မျက်နှာအနှံ့သို့ ရေပန်းများကို ဖြန်းပစ်နိုင်ပေသည်။

အကယ်၍ ရေလောင်းရမည့် ဧရိယာ ကျယ်ဝန်းပါက ဤနည်းလမ်းကို အသုံးပြုခြင်းဖြင့် ရေလောင်းရာတွင် အလွန် မြန်ဆန်ထိရောက်မှု ရှိစေနိုင်သည်။

ထို့အပြင် လူတစ်ယောက်တည်းဖြင့်လည်း ပြီးစီးနိုင်ပေသည်။

ရွှီယန်၏ လယ်ယာခြံဝင်းမှာ အပြင်ဘက်မှ ကြည့်လျှင် သာမန်ရိုးရှင်းသော ပုံစံမျိုး ရှိသည်။

အပြင်ဘက်တွင် သစ်သားခြံစည်းရိုးများ ကာရံထားပြီး အရှေ့ဘက်ဆုံးတွင် အနီရောင်အုတ်များဖြင့် ဆောက်လုပ်ထားသော နေထိုင်ရာ အဆောက်အအုံများ... မွေးမြူရေး အဆောက်အအုံများနှင့် ဂိုဒေါင်အချို့ ရှိကာ အခြားတစ်ဖက်တွင်တော့ ဖန်လုံအိမ် လေးလုံး ရှိပေသည်။

သို့သော် လက်တွေ့တွင် လယ်ယာခြံဝင်း၏ စိုက်ပျိုးရေးအပိုင်းမှာ ခေတ်မီအလိုအလျောက် စနစ်များကို အသုံးပြုထားပြီ ဖြစ်သည်။

ရေလောင်းစနစ် တပ်ဆင်မှုမှာ အလွန် ချောမွေ့နေပြီး ရေပိုက်များအားလုံး မြှုပ်ပြီးသွားပြီဖြစ်ကာ ရေပန်းခေါင်းများ တပ်ဆင်ပြီး စမ်းသပ်ကြည့်ရန်သာ ကျန်တော့သည်။

ပြဿနာ မရှိကြောင်း သေချာသွားသောအခါ ရွှီယန်က အနားယူလိုက်သည်။

သာယာလှပသော နေ့တစ်နေ့ ဖြစ်ပြန်သည်။

သူက ဤကဲ့သို့သော နေထိုင်မှုဘဝကို အလွန် သဘောကျပြီး အရာအားလုံးက စနစ်တကျ ရှိနေသည်။

ဘဝဆိုသည်မှာ မမျှော်လင့်ထားသော အဖြစ်အပျက်များကို အကြောက်ဆုံးဖြစ်ပြီး အကယ်၍ တစ်ခုခု ဖြစ်ပေါ်လာပါက မိမိကိုယ်တိုင် ပြေးလွှားလှုပ်ရှားနေရမည် ဖြစ်သည်။

ရွှီယန်က သက်သောင့်သက်သာဖြင့် အနားယူနေစဉ် သူ မွေးမြူထားသော ဘဲများက တန်းစီကာ ကွိကွိကွာကွာ အော်မြည်ရင်း လယ်ယာခြံဝင်း၏ အရှေ့ဘက်တွင် ပေါ်လာကြသည်။

ဒီကောင်လေးတွေ ဆော့ကစားပြီး ပြန်လာကြပြီပဲ။

ယနေ့ သူတို့က ရွှီယန်နှင့်အတူ အပြင်ထွက်ခဲ့ကြပြီး ညနေစောင်းမှသာ ပြန်လာကြခြင်း ဖြစ်သည်။

ဘဲများမှာ တကယ်ကို ဆော့မက်ကြပေသည်။

သူတို့ ယနေ့ ဘာတွေ ကြုံတွေ့ခဲ့ရသည်ကိုတော့ မသိနိုင်ပေ။

ရွှီယန်က ဘဲများကို လှမ်းကြည့်လိုက်ပြီး အရေအတွက် ပြည့်မပြည့် စစ်ဆေးကြည့်ရန် ရည်ရွယ်လိုက်သည်။

သူက ဘဲအကောင် ၄၀ မွေးမြူထားရာ အကောင်ပေါက်ဘဝက နှစ်ကောင် သေဆုံးသွားခဲ့သဖြင့် ယခုအခါ ၃၈ ကောင်သာ ကျန်ရှိတော့သည်။

စုပေါင်းနေကြသဖြင့် အရေအတွက်ကတော့ အတော်လေး များပြားနေဆဲ ဖြစ်သည်။

ဘဲများက တောက်လျှောက် လျှောက်လာကြပြီး ရွှီယန်က တစ်ချက်ကြည့်ရုံဖြင့် တစ်ခုခု မှားယွင်းနေကြောင်းကို ချက်ချင်း သတိထားမိလိုက်သည်။

သူက မူလက သက်သောင့်သက်သာ ထိုင်နေရာမှ ချက်ချင်းပင် မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ပြည့်နှက်သွားကာ မတ်တတ်ရပ်လိုက်မိတော့သည်။

သူ၏ ဘဲအုပ်ထဲတွင် အလွန် ထူးခြားသော ပုံပန်းသဏ္ဍာန်ရှိသည့် ဘဲနှစ်ကောင်ကို မြင်လိုက်ရသည်။

ဘဲတစ်ကောင်၏ ခေါင်းပေါ်တွင် ပိုးကြိုးမျှင်ကဲ့သို့သော အမွေးအစုအဝေး တစ်ခု ရှိနေပြီး ခေါင်းပေါ်ရှိ အမွေးအမှင်များမှာ အနီရောင်ဖျော့ဖျော့ ရှိနေကာ အခြား ဘဲတစ်ကောင်၏ ခေါင်းမှာ အနက်ရောင်ဖြစ်ပြီး အမွေးအစုအဝေးတော့ မပါရှိပေ။

ဘဲနှစ်ကောင်က ထိတ်လန့်တကြားဖြင့် ဟိုဟိုဒီဒီ လှည့်ကြည့်နေကြရင်း ရွှီယန်၏ လယ်ယာခြံဝင်းမှ ဘဲများ၏ နောက်သို့ တကောက်ကောက် လိုက်ပါလာကြသည်။

သူတို့က ဘဲအုပ်နှင့် အတူတကွ လျှောက်လာကြရာ အုပ်စုတစ်ခုတည်းဟုပင် ထင်ရပေသည်။

ရွှီယန်က မျက်လုံးကို ပွတ်သပ်လိုက်သည်။

'ငါ အမြင်မှားနေတာတော့ မဟုတ်ပါဘူးနော်... အဲဒါ တရုတ်ပြည်က ချူးရှားဘဲတွေ မဟုတ်လား'

ရွှီယန် လုံးဝ မယုံကြည်နိုင်အောင် ဖြစ်သွားရသည်။ ချူးရှားဘဲများက သူ၏ ဘဲများနှင့်အတူ အိမ်အထိ လိုက်လာကြလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးထားခဲ့ဖူးပေ။

သူက သေချာစွာ ထပ်မံ အတည်ပြုလိုက်သည်။

ချူးရှားဘဲ အမျိုးအစား အများအပြား ရှိပြီး အများဆုံး တွေ့ရသည်မှာ သာမန် ချူးရှားဘဲများ ဖြစ်ကာ အရေအတွက် အတော်လေး များပြားပေသည်။

ထိုအထဲတွင် အရှားပါးဆုံး အမျိုးအစားမှာ တရုတ် ချူးရှားဘဲပင် ဖြစ်သည်။

ဤဘဲများက ရေခဲခေတ်ကတည်းက ယနေ့အထိ ရှင်သန်လာခဲ့ကြသဖြင့် ငှက်လောက၏ ကျောက်ဖြစ်ရုပ်ကြွင်း ဟုပင် တင်စားခေါ်ဝေါ်ကြပြီး မျိုးစိတ်အရေအတွက်မှာ အလွန် နည်းပါးလှပေသည်။

ယခုလက်ရှိ တရားဝင် စာရင်းဇယားများအရ ကမ္ဘာတစ်ဝန်းလုံးရှိ တရုတ် ချူးရှားဘဲ စုစုပေါင်း အရေအတွက်မှာ ၂၄၀၀ မှ ၄၅၀၀ ကြားတွင်သာ ရှိတော့သည်။

တရုတ် ချူးရှားဘဲများမှာ အစစ်အမှန် နိုင်ငံတော်အဆင့်(၁) ကာကွယ်စောင့်ရှောက်ရမည့် တိရစ္ဆာန်များ ဖြစ်ကြောင်း သံသယဝင်စရာပင် မလိုပေ။

ပန်ဒါ... ရွှေကျားသစ်တို့နှင့် အဆင့်တူပင် ဖြစ်သည်။

"လခွမ်း... တကယ်ပဲ တရုတ် ချူးရှားဘဲတွေပဲ"

"ငါ့အိမ်က ဘဲတွေက ဘယ်လို အစွမ်းတွေ ရှိနေလို့ ဒီလို မျိုးတုံးလုနီးပါး တိရစ္ဆာန်တွေကိုတောင် အိမ်အထိ ခေါ်လာနိုင်ရတာလဲ"

ရွှီယန်က ချက်ချင်းပင် ဖုန်းကို ထုတ်ကာ ဗီဒီယို အရင်ရိုက်လိုက်ပြီးနောက် ရဲစခန်းသို့ ဖုန်းဆက်လိုက်သည်။

မတတ်နိုင်ပေ။ ဤအကောင်နှစ်ကောင်၏ အဆင့်အတန်းက အရမ်း မြင့်မားလွန်းလှပြီး ထောင်ချောက်တိရစ္ဆာန် ဟုပင် ခေါ်ဆိုကြသည်။

အကယ်၍ သူတို့သာ တစ်ခုခု ဖြစ်သွားပါက ဖြေရှင်းရ အတော်လေး ခက်ခဲသွားမည် မဟုတ်ပါလား။

နှစ်စဉ် နွေဦးရာသီ ရောက်တိုင်း တရုတ် ချူးရှားဘဲများက ချန်ပိုင်တောင်တန်းသို့ ပြန်လာကာ နေထိုင်ကြပြီး အမြင့်ပိုင်း နေရာများတွင် အသိုက်ဖွဲ့ကာ မျိုးပွားလေ့ရှိကြပြီး အချိန်အတိုင်းအတာ တစ်ခုအထိ နေထိုင်ပြီးနောက် ဆောင်းဦးရာသီတွင် တောင်ဘက်သို့ ဆောင်းခိုရန် ထွက်ခွာသွားလေ့ ရှိကြသည်။

တကယ်တမ်းတွင် ၎င်းတို့ မျိုးပွားသည့် အရေအတွက်မှာ မနည်းလှသော်လည်း ၎င်းတို့၏ အပြုအမူများကြောင့်သာ အရေအတွက် နည်းပါးရခြင်း ဖြစ်သည်။

ပထမအချက်မှာ ၎င်းတို့က အသိုက်ကို အလွန် မြင့်မားသော နေရာများတွင် ဖွဲ့လေ့ရှိကြရာ ဘဲပေါက်လေးများ မွေးပြီး မကြာမီမှာပင် ဆယ်ထပ်တိုက်ခန့် အမြင့်မှနေ၍ ခုန်ချရလေ့ရှိသည်။

ခုန်ချပြီးနောက် အသက်ရှင်ကျန်ရစ်ပါက မိခင်ကို အမြန် ရှာရပြီး...

ခုန်ချပြီးနောက် အသက်မရှင်ပါကတော့ ယမမင်းထံသို့ တိုက်ရိုက် သွားရတော့မည် ဖြစ်သည်။

ဒုတိယအချက်မှာ ဤကောင်များက ရေအရည်အသွေးကို အလွန် ရွေးချယ်တတ်ကြပြီး ရေအရည်အသွေး စစ်ဆေးရေးစက် ဟုပင် ခေါ်ဆိုကြသည်။

တရုတ် ချူးရှားဘဲများ ပြောင်းရွှေ့ရာတွင် မည်သည့်နေရာရှိ ရေကန်တွင် နားခိုသည်ဖြစ်စေ ထိုဒေသအတွက် နောက်နေ့တွင် သေချာပေါက် သတင်းများ ထွက်ပေါ်လာလေ့ရှိပြီး ထိုရေကန်၏ ရေအရည်အသွေး မည်မျှ ကောင်းမွန်ကြောင်းနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းစဉ်များ မည်မျှ အောင်မြင်ကြောင်း ချီးကျူးရေးသားကြလေသည်။

ထို့ကြောင့် ဤကောင်များ အသက်ရှင်ရပ်တည်နိုင်ရန်မှာလည်း မလွယ်ကူလှပေ။

"ဘာကြီး... တရုတ် ချူးရှားဘဲ နှစ်ကောင် ဟုတ်လား"

"မင်းရဲ့ လယ်ယာခြံဝင်းကို ရောက်လာတာလား"

"သူတို့က မင်းရဲ့ ခြံထဲ လာပြီး ဘာလုပ်ကြတာလဲ"

ရဲအရာရှိ လျိုမင်က ဖုန်းလက်ခံရရှိသောအခါ အနည်းငယ် အံ့အားသင့်စွာဖြင့် မေးလိုက်သည်။

"ကျွန်တော်လည်း သူတို့ ကျွန်တော့်ခြံထဲ လာပြီး ဘာလုပ်လဲဆိုတာ ဘယ်သိပါ့မလဲဗျာ"

"သူတို့က ကျွန်တော့်ကို ပြောပြလို့ ရတာကျလို့"

"မည်သို့ပဲဖြစ်ဖြစ် ကျွန်တော် အမြင်မမှားတာ သေချာပါတယ်... ကျွန်တော့်အိမ်က ဘဲတွေနဲ့အတူ ပြန်လာကြတာ... အခုထိ မသွားသေးဘူး"

"ဒီအကောင်တွေက အဆင့်မြင့်လွန်းတော့ ကျွန်တော့်ဆီမှာ ထားဖို့က နည်းနည်း အန္တရာယ်များတယ်... အစ်ကိုတို့ မြန်မြန် လာရှင်းပေးပါဦး"

ရွှီယန်က ဆက်ပြောလိုက်သည်။

"ဟုတ်ပြီ... ငါ အထက်ကို သတင်းပို့လိုက်ဦးမယ်... ပြီးရင် လာခဲ့မယ်"

လျိုမင်က ဖုန်းချလိုက်သည်။

မကြာမီမှာပင် ရဲအရာရှိ နှစ်ဦးက ကားဖြင့် ရွှီယန်၏ လယ်ယာခြံဝင်းသို့ ရောက်ရှိလာကြသည်။

သူတို့က ဤနေရာသို့ ပထမဆုံးအကြိမ် လာရောက်ခြင်း မဟုတ်ပေ။

လာသည့်အချိန်တိုင်း တောရိုင်းတိရစ္ဆာန်များနှင့် အမြဲ ပတ်သက်နေလေ့ရှိသည်။

အရင်က ရွှေကျားသစ်၏ အခြေအနေကို သစ်တောဦးစီးဌာနမှ လူများနှင့် လာရောက် မေးမြန်းခဲ့ဖူးပြီး... ထို့နောက် သမင်ပြောက်များကိုလည်း တစ်ကြိမ် လာကြည့်ခဲ့ဖူးကာ ယခုအခါတွင်မူ အလွန် ရှားပါးလှသော တရုတ် ချူးရှားဘဲများ ရောက်ရှိလာပြန်ပြီ ဖြစ်သည်။

တကယ်ကို မယုံနိုင်စရာ ကောင်းလွန်းလှပေသည်။

ရွှီယန်၏ လယ်ယာခြံဝင်းမှာ ရွာနှင့် အနည်းငယ် ဝေးကွာပြီး တောင်နှင့် နီးကပ်စွာ တည်ရှိနေသောကြောင့် ဖြစ်နိုင်သည်။

တိရစ္ဆာန်များက ပို၍ လာရောက်လိုကြသည်။

"တရုတ် ချူးရှားဘဲတွေက ဘယ်မှာလဲ... ငါတို့ သစ်တောဦးစီးဌာနကို ဆက်သွယ်ထားပြီးပြီ... သူတို့ကို လွှတ်ပေးဖို့ လူလွှတ်ပေးရလိမ့်မယ်"

"ဒီကိစ္စကို သူတို့ပဲ လုပ်မှ ရမယ်"

လျိုမင်က ကားပေါ်မှ ဆင်းဆင်းချင်း အမြန် မေးလိုက်သည်။

"ဘဲခြံထဲမှာလေ... ကျွန်တော့်အိမ်က ဘဲတွေနဲ့အတူ ဝင်သွားတာ... ကျွန်တော်လည်း မတားရဲဘူး"

"ဘဲခြံတံခါးကို ကျွန်တော် မပိတ်ထားဘူး... သူတို့ ဘာလုပ်ချင်လဲဆိုတာ သူတို့ သဘောပဲ"

ရွှီယန်က ရဲအရာရှိ နှစ်ဦးကို ခေါ်ဆောင်ကာ အတွင်းသို့ ဝင်သွားလိုက်သည်။

မကြာမီမှာပင် သူတို့က ဘဲခြံ ဧရိယာသို့ ရောက်ရှိသွားကြသည်။

ရွှီယန် ပြောသည့်အတိုင်းပင် ရဲအရာရှိ နှစ်ဦးက ချက်ချင်းပင် အိမ်မွေးဘဲများနှင့် ရောနှောနေသော တရုတ် ချူးရှားဘဲများကို မြင်တွေ့လိုက်ရသည်။

အမျိုးအစားကို ကြည့်ရုံဖြင့် ရှားပါးသော တရုတ် ချူးရှားဘဲများ ဖြစ်ကြောင်း သေချာလှပေသည်။

"မင်းအိမ်က ဘဲတွေ ခေါ်လာတာလား"

"တရုတ် ချူးရှားဘဲက ငှက်အမျိုးအစားထဲ ပါတယ် မဟုတ်ဘူးလား"

လျိုမင်က အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။

ဘေးမှ ရဲအရာရှိက ဝင်ပြောလိုက်သည်။

"မင်း စကားပြောတာကလည်း... အိမ်မွေးဘဲတွေကလည်း ငှက်အမျိုးအစားထဲ ပါတာပဲလေ"

"ငါဆိုလိုတာက တရုတ် ချူးရှားဘဲတွေက ပျံသန်းနိုင်တယ်... ဆောင်းခိုနိုင်တယ်လေ"

"ဘယ်လိုလုပ် အိမ်မွေးဘဲတွေနဲ့ သွားရောနေရတာလဲ"

သူတို့နှစ်ယောက်က ရွှီယန်ကို လှမ်းကြည့်လိုက်ကြသည်။

ရွှီယန်က ကြောင်အသွားသည်။

"ဘာလို့ ကျွန်တော့်ကို ကြည့်နေကြတာလဲ... ကျွန်တော်လည်း ဘယ်သိပါ့မလဲ... ကျွန်တော့်အိမ်က ဘဲတွေ ဒီမှာရှိတာပဲ... သူတို့ကို ဘယ်လို ခေါ်လာလဲဆိုတာ သွားမေးကြည့်ကြလေ"

သူတို့ သုံးယောက်က တရုတ် ချူးရှားဘဲများကို ကြည့်ကာ တစ်ခဏမျှ စဉ်းစားခန်း ဝင်သွားကြတော့သည်။

ကိစ္စက အနည်းငယ် ဆန်းကြယ်နေသည်။

သို့သော် ချန်ပိုင်တောင်တန်းတွင် တိရစ္ဆာန် အလွန်များပြားလှရာ မည်သည့်အရာ ဖြစ်လာပါစေ အထူးအဆန်း မဟုတ်တော့ပေ။

"သစ်တောဦးစီးဌာနက လူတွေလာမှ သူတို့ကို လွှတ်ပေးလိုက်တော့မယ်... နောက်ဆိုရင် သူတို့ တောင်ဘက်ကို ပျံသွားကြတော့မှာ"

လျိုမင်က ပြောလိုက်သည်။

"ကျွန်တော် သဘောတူတယ်... အမြန် ခေါ်သွားကြပါဗျာ... ကျွန်တော့်ဆီမှာ တစ်ခုခု ဖြစ်သွားမှာကို တကယ် စိုးရိမ်နေတာ"

"ဒီအကောင်တွေက သမင်ပြောက်တွေနဲ့ မတူဘူး... သမင်ပြောက်တွေက ဘာမှ ဖြစ်စရာ အကြောင်းမရှိပေမယ့် ဒီကောင်တွေကတော့ တစ်ကောင်ကောင်ရဲ့ ချီသွားတာ ခံရနိုင်တယ်"

ရွှီယန်က ခေါင်းညိတ်လိုက်သည်။

သူလည်း တွေးမရ ဖြစ်နေမိသည်။ ဤတရုတ် ချူးရှားဘဲ နှစ်ကောင်က ဘာကြောင့် မပျံသန်းကြသနည်း...

သူတို့က ကိုယ့်ဘဲများနှင့် အတူတကွ အိမ်အထိ လိုက်လာကြသေးသည်။

ရွှီယန် သေချာစွာ ကြည့်ရှုလိုက်သောအခါ အဖြေအချို့ကို ရိပ်မိသွားသည်။

တရုတ် ချူးရှားဘဲ နှစ်ကောင်လုံးမှာ အသက်မကြီးသေးဘဲ ယခုနှစ် နွေဦးရာသီကမှ ချန်ပိုင်တောင်တန်းတွင် မွေးဖွားလာကြခြင်း ဖြစ်မည်။

ချူးရှားဘဲ ပေါက်လေးများက မိဘများနှင့် ကွဲကွာသွားကာ အုပ်စုကို ရှာမတွေ့တော့ဘဲ လယ်ယာခြံဝင်းမှ ဘဲများကို မြင်သောအခါ ဆင်တူသည်ဟု ထင်မှတ်ကာ သူတို့နှင့်အတူ လိုက်ပါလာခြင်း ဖြစ်ရမည်။

အဘယ်ကြောင့်ဆိုသော် ဘဲပေါက်လေးများ မျက်စိလည်လမ်းမှားခြင်းမှာ အလွန် ပုံမှန်ကိစ္စ တစ်ခု ဖြစ်သောကြောင့်ပင်။

တစ်ခါတစ်ရံတွင် ဘဲပေါက်လေး တစ်အုပ်လုံး ရေမြောင်းထဲသို့ ပြုတ်ကျသွားတတ်ပြီး မိခင်ဘဲမကြီးမှာ စိုးရိမ်တကြီး ခြေတောက်တောက် လုပ်နေတတ်သေးသည်။

စိတ်ထားကောင်းသော လူများက ကူညီ ကောက်ယူပေးမှသာ အဆင်ပြေသွားလေ့ ရှိသည်။

ထို့နောက် လျိုမင်က ဖုန်းတစ်ခု ထပ်မံ လက်ခံရရှိရာ ယနေ့ အလွန် နောက်ကျနေပြီဖြစ်သဖြင့် သစ်တောဦးစီးဌာနမှ လူများ မလာနိုင်တော့ဘဲ မနက်ဖြန်မှသာ လာနိုင်တော့မည်ဟု ဆိုသည်။

မနက်ဖြန်တွင် သူတို့က လူလွှတ်ကာ တရုတ် ချူးရှားဘဲများ နေထိုင်ရာ နေရာတစ်ခုသို့ သွားရောက် ပို့ဆောင်ပေးမည် ဖြစ်သည်။

ထိုသို့ဆိုလျှင် ဤဘဲနှစ်ကောင်က အုပ်စုနှင့် အတူတကွ ဆောင်းခိုရန် ပျံသန်းနိုင်မည် ဖြစ်သည်။

လျိုမင်က ရွှီယန်ကို ဤကိစ္စကို ပြောပြလိုက်သည်။

ရွှီယန်က ဤနည်းလမ်းက အကောင်းဆုံးဟု တွေးလိုက်မိသည်။

"အုပ်စုနဲ့ ကွဲသွားတဲ့ ဘဲပေါက်လေး နှစ်ကောင် ဖြစ်ရမယ်... အဲဒီမြစ်ထဲမှာ အခုထိ ရှင်သန်နေတာပဲ"

"မည်သို့ပဲဖြစ်ဖြစ် သူတို့က တခြား ချူးရှားဘဲတွေနဲ့ အတူတူ ဆောင်းခိုဖို့ သင်ယူရမယ်လေ"

"ချန်ပိုင်တောင်တန်းရဲ့ ဆောင်းရာသီက အရမ်းအေးတယ်... မကြာခင် ဆောင်းဦးရာသီ ရောက်တော့မှာဆိုတော့ သူတို့ နွေးထွေးတဲ့ တောင်ဘက်ကို သွားဖို့ လိုတယ်"

"သူတို့ နေထိုင်ရာ နေရာကို ခေါ်သွားတာက အကောင်းဆုံး ဖြေရှင်းနည်းပဲ"

တရုတ် ချူးရှားဘဲများ၏ နေထိုင်ရာ နေရာက ဘယ်မှာလဲ ဆိုသည်ကို သစ်တောဦးစီးဌာနမှ လူများသာ သိရှိကြသည်။

နိုင်ငံတော် သစ်တောဥယျာဉ် အတွင်းတွင် တည်ရှိပြီး နိုင်ငံတော်၏ အကာအကွယ်ပေးမှု အောက်တွင် ရှိနေသည်။

ဤကဲ့သို့ ရှားပါးသော ငှက်မျိုးစိတ်များမှာ ကာကွယ်စောင့်ရှောက်ရန် ထိုက်တန်လှပေသည်။

"ဒါဆိုရင်တော့ ဒီည သူတို့ မင်းဆီမှာ နေရတော့မယ်"

လျိုမင်က ထပ်ပြောလိုက်သည်။

"ဘဲခြံထဲမှာ ထားရမှာလား... ပုံမှန်ဆိုရင်တော့ ပြဿနာ မရှိပါဘူး... မြွေပါတွေ ဝင်လာမှာကိုပဲ စိုးရိမ်တာ"

ရွှီယန်က အနည်းငယ် စိုးရိမ်နေမိသည်။

"နည်းနည်းတော့ အန္တရာယ်များတယ်... သူတို့ မင်းကို ကြောက်လား... မကြောက်ရင် မင်းအခန်းထဲမှာ ထားလိုက်ပါလား... တစ်ညတည်းပဲဟာကို"

လျိုမင်က အကြံပြုလိုက်သည်။

"စမ်းကြည့်တာပေါ့... မည်သို့ပဲဖြစ်ဖြစ် တွေ့လာမှတော့ စောင့်ရှောက်ပေးရမှာပဲ"

ရွှီယန်က စက္ကူဖာကြီး တစ်ဖာကို ရှာလာပြီး အတွင်းတွင် ဟောင်းနွမ်းနေသော ဂွမ်းစောင် တစ်ထည်ကို ခင်းလိုက်သည်။

သူက တရုတ် ချူးရှားဘဲများကို တိုက်ရိုက် သွားဖမ်း၍ မရနိုင်ပေ။ ထိုသို့လုပ်ပါက ချူးရှားဘဲများ ထိတ်လန့်သွားစေနိုင်၏။

ထို့ကြောင့် ရွှီယန်က အိမ်မွေးဘဲ လေးကောင်ကို အရင်ဆုံး ဖမ်းထည့်လိုက်ပြီးမှ ချူးရှားဘဲများကို သတိထား၍ ပွေ့ချီကာ အထဲသို့ ထည့်လိုက်သည်။

သူတို့က တစ်ကောင်နှင့်တစ်ကောင် အမွေးချင်း ထိကပ်ကာ စုပေါင်းနေကြသည်။

တစ်နေ့လုံး ဆော့ကစားထားသဖြင့် အနည်းငယ် ပင်ပန်းနေကြရာ အားလုံးက ဝပ်၍ အနားယူနေကြသည်။

ချူးရှားဘဲများမှာ အနည်းငယ် စိုးရိမ်နေသော်လည်း အိမ်မွေးဘဲများနှင့် အတူတကွ ရှိနေသဖြင့် ထိုမျှလောက် မကြောက်ရွံ့ကြတော့ပေ။

"ရပါတယ်... ဒီဖာကို ညကျရင် ကျွန်တော့် အခန်းထဲမှာပဲ ထားလိုက်မယ်"

"ပြဿနာ မရှိလောက်ပါဘူး"

ရွှီယန်က ဘဲများကို သေချာ ထားပြီးနောက် စက္ကူဖာကို ပွေ့ချီကာ အခန်းထဲသို့ ပြန်ဝင်သွားလိုက်သည်။

ရဲအရာရှိ နှစ်ဦးလည်း မိုးမချုပ်မီ ကားဖြင့် မြို့နယ်လေးသို့ ပြန်သွားကြတော့သည်။

မတော်တဆမှုများ မဖြစ်ပါစေနှင့်ဟု ဆုတောင်းနေစဉ်မှာပင် မတော်တဆမှုက မြန်ဆန်စွာ ရောက်ရှိလာခဲ့သည်။

သို့သော် အလွန် ရှားပါးလှသော နိုင်ငံတော်အဆင့်(၁) ကာကွယ်စောင့်ရှောက်ရမည့် တိရစ္ဆာန် နှစ်ကောင်ကို မြင်လိုက်ရသဖြင့် ရွှီယန်၏ စိတ်ထဲတွင် အလွန် ဝမ်းသာနေမိသည်။

ရှားပါးသော အရာများက တန်ဖိုးရှိသည် မဟုတ်ပါလား။

ဤဘဲများမှာ သာမန်ဘဲများနှင့် လုံးဝ မတူညီကြပေ။

ရေခဲခေတ်ကတည်းက ယနေ့အထိ ရှင်သန်လာနိုင်ခဲ့သဖြင့် အသက်ပြင်းသည်မှာ အမှန်ပင်။ သို့သော် ၂၁ ရာစုတွင်တော့ မျိုးတုံးသွား၍ မဖြစ်ပေ။

ရွှီယန်က သူတို့အတွက် ခရုအချို့ကို ကျွေးလိုက်ရာ မီးဖိုချောင်တွင် တိုက်တိုက်ဆိုင်ဆိုင် ရှိနေခြင်း ဖြစ်သည်။

ချူးရှားဘဲ နှစ်ကောင်လုံးက အစာကို လက်ခံစားသောက်ကြပြီး ခရုများ အားလုံးကို ဗိုက်ထဲသို့ အကုန် မြိုချလိုက်ကြသည်။

သူတို့က အစပိုင်းတွင် အနည်းငယ် ဂဏာမငြိမ် ဖြစ်နေသော်လည်း တဖြည်းဖြည်းချင်း ငြိမ်သက်သွားကြသည်။

သူတို့ ဤသို့ နေသည်ကို ကြည့်ကာ ရွှီယန်လည်း စိတ်အေးသွားတော့သည်။

ထိုအချိန်တွင် စနစ်၏ အသိပေးသံက ရုတ်တရက် ထွက်ပေါ်လာ၏။

[တရုတ် ချူးရှားဘဲများ၏ သံယောဇဉ်ကို ရရှိပါသည်]

[သံယောဇဉ် ဆုလာဘ် ရရှိပါသည် - ဘဲသား ဟင်းချက်နည်း x 10]

[ဘဲသား ဟင်းချက်နည်း - ပေကျင်း ဘဲကင်... နန်ကျင်း ဘဲကင်... ရတနာရှစ်ပါး ဘဲဟင်း အစရှိသည့် ဘဲသားဟင်းချက်နည်း ဆယ်မျိုး ပါဝင်ပါသည်]

[မှတ်ချက် - သံယောဇဉ် ဆုလာဘ်မှာ ရှားပါး တောရိုင်း တိရစ္ဆာန်များအတွက်သာ ကန့်သတ်ထားပြီး တိရစ္ဆာန် တစ်မျိုးအတွက် တစ်ကြိမ်သာ ရရှိနိုင်ပါသည်]

ရွှီယန် ချက်ချင်းပင် မှင်သက်သွားတော့သည်။

တစ်ကိုယ်လုံး ကြောင်အသွားရသည်။

'ဘာ ဆုလာဘ်ကြီးလဲ... ဘဲသား ဟင်းချက်နည်း...'

'ဟင်…’

All Chapters