အခန်း ၁၁၁
Vol. 12 Ch. 111
အခန်း (၁၁၁) အရှေ့မြောက် ကျားဝါကြီးတွေ ရှိနိုင်တဲ့ တကယ့် တောနက်ကြီးထဲ ဝင်ဖို့ ပြင်ဆင်နေပြီ
နောက်တစ်နေ့ နံနက်ပိုင်းတွင် သစ်တောဦးစီးဌာနမှ လူများ ရောက်ရှိလာပြီး တရုတ် ချူးရှားဘဲများကို ခေါ်ဆောင်သွားကြသည်။
သူတို့က တရုတ် ချူးရှားဘဲများကို ၎င်းတို့၏ နေထိုင်ရာ နေရာတွင် ထားရှိပေးမည် ဖြစ်သည်။
ထိုအခါမှသာ မျိုးနွယ်တူများနှင့် အတူတကွ နေထိုင်ကာ အခြားအကောင်များနှင့်အတူ တောင်ဘက်သို့ ဆောင်းခိုရန် ပျံသန်းနိုင်မည် ဖြစ်သည်။
ဤသည်မှာ အကောင်းဆုံး ဖြေရှင်းနည်းဟု ရွှီယန် ခံစားမိသည်။
သူ့အိမ်ရှိ ဘဲများကတော့ အူကြောင်ကြောင် ဖြစ်နေဆဲပင်။ ဘဲခြံထဲတွင် ကွိကွိကွာကွာ အော်မြည်နေကြပြီး ရွှီယန်က ခြံဝင်းထဲသို့ လွှတ်ပေးလိုက်သောအခါတွင်လည်း အားလုံးက တံခါးဝတွင်သာ စုပုံနေကာ မြစ်ထဲသို့ အမြန်သွားဆော့ချင်နေကြသည်။
ချူးရှားဘဲ နှစ်ကောင်၏ ကိစ္စမှာ ဤတွင် ပြီးဆုံးသွားခဲ့သည်။
သို့သော် ရွှီယန်က အနည်းငယ် မယုံနိုင်သေးသလို ခံစားနေရဆဲပင်။
သူက ဤကိစ္စနှင့် ပတ်သက်၍ အကြောင်းစုံ ရှင်းပြထားသော ဗီဒီယို တစ်ပုဒ် တင်လိုက်ရာ အင်တာနက်သုံးစွဲသူများလည်း အံ့အားသင့်သွားကြတော့သည်။
"ဒီဘဲနှစ်ကောင်က နိုင်ငံတော်အဆင့် တစ် ကာကွယ်ရမယ့် တိရစ္ဆာန်တွေလား... ကြည့်ရတာ ကြောင်တောင်တောင်နဲ့ပါလား"
"လောင်ရွှီ... မင်းရဲ့ လယ်ယာခြံဝင်းက တော်တော်လေး ဆွဲဆောင်မှု ရှိတာပဲ"
"လယ်ယာခြံဝင်းထဲအထိ ရောက်လာတယ်ဆိုတော့ တကယ် မယုံနိုင်စရာပဲ"
လယ်ယာခြံဝင်း၏ ဖွံ့ဖြိုးတိုးတက်မှုများက ပို၍ပို၍ ကောင်းမွန်လာသည်။ ဘလူးဘယ်ရီပင်များ ဆက်လက် ကြီးထွားနေဆဲဖြစ်ပြီး ရှစ်ကျားသီး ပင်ပေါက်များလည်း ကျန်းမာစွာ ကြီးထွားနေကြသည်။
ရွှီယန်က အပူချိန်ထိန်း ဖန်လုံအိမ်၏ အထဲဘက်ဆုံးတွင် အုန်းပင်ပေါက် နှစ်ပင်ကိုလည်း စိုက်ပျိုးထားသေးသည်။ အုန်းပင်များက မမြင့်သော်လည်း အသီးသီးနိုင်ပေသည်။
ကြီးမားသော အုန်းသီး အချို့ သီးလာရန် သူ မျှော်လင့်မိသည်။
'ဒီလိုကြည့်ရတော့ ဘလူးဘယ်ရီ စိုက်ရတာ အသက်သာဆုံးနဲ့ ကုန်ကျစရိတ် အနည်းဆုံးပဲ'
'ဆောင်းရာသီမှာတောင် အပူချိန်ကို တကူးတက ထိန်းညှိပေးစရာ မလိုဘူး'
'နေ့ဘက်က နေရောင်ခြည်စွမ်းအင်ကို ရေပူထဲ သိုလှောင်ထားပြီး ညဘက်ကျရင် အပူပေးဖို့ သုံးလိုက်ရုံပဲ'
'ရှစ်ကျားသီးကတော့ လူကြိုက်နည်းပြီး စိုက်ပျိုးရတာလည်း ခက်ခဲတော့ နည်းနည်းပဲ စိုက်တာ ပိုကောင်းပါတယ်'
ရွှီယန်က စိုက်ပျိုးရေး လုပ်ကိုင်နေရင်း လယ်ယာခြံဝင်း၏ အနာဂတ် ဦးတည်ချက်ကိုပါ တွက်ဆနေလိုက်သည်။
ယခုအခါ လယ်ယာခြံဝင်း ဖွင့်လှစ်ရသည်မှာ ဖိအား အလွန်ကြီးမားလှသည်။ အနည်းငယ် မှားယွင်းသွားသည်နှင့် အရှုံးပေါ်နိုင်ပြီး တစ်ခါတစ်ရံတွင် ပင်ပန်းရုံသာ အဖတ်တင်တတ်သည်။
ရွှီယန်က တောင်ပေါ်တက်ခြင်းနှင့် လိုက်ဖ်လွှင့်ခြင်းမှ ဝင်ငွေများ ရှိနေသဖြင့် ဖိအား အလွန် နည်းပါးလှပေသည်။
တောင်ပေါ်တက်ခြင်းမှ ဝင်ငွေမှာ အတိအကျ မရှိလှဘဲ များလျှင် တစ်လ ယွမ် နှစ်သိန်းခန့်နှင့် နည်းလျှင် တစ်လ ယွမ် နှစ်သောင်း သုံးသောင်းခန့် ရှိကာ လိုက်ဖ်လွှင့်ခြင်းမှ တစ်လလျှင် ယွမ် လေးသောင်း ငါးသောင်းခန့် ရရှိပေသည်။
လယ်ယာခြံဝင်းရှိ ဖန်လုံအိမ် လေးလုံး... မြက်ခင်းပြင်နှင့် အာလူးခင်း တစ်ကွက်... ထို့အပြင် မွေးမြူရေး တိရစ္ဆာန်များကိုပါ အားလုံး ပေါင်းလိုက်လျှင် တစ်နှစ်ကို အများဆုံး ယွမ် လေးသိန်းခန့်သာ ရရှိနိုင်ပေမည်။
တွက်ကြည့်လိုက်မည်ဆိုပါက ဘေးပေါက်မှ ဝင်ငွေက အဓိက ဝင်ငွေထက်ပင် ကျော်လွန်နေပြီ ဖြစ်သည်။
သို့သော် လယ်ယာခြံဝင်းမှာ သူ၏ အခြေခံအုတ်မြစ် ဖြစ်ပြီး တည်ငြိမ်မှု ရှိပေသည်။
ရွှီယန်မှာ စီးပွားရေး ဖိအား သိပ်မရှိသဖြင့် နေ့စဉ်ဘဝမှာ ပေါ့ပါးအေးချမ်းနေသည်။
ရက်အနည်းငယ် အနားယူပြီးနောက် တောင်ပေါ်တက်ရန် ပြင်ဆင်လိုက်ပြန်သည်။
ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် ကဲ့သို့သော အဖိုးတန် ပစ္စည်း ရှိနေပါလျက်နှင့် တောင်ပေါ်မတက်ပါက အလဟဿ ဖြစ်သွားမည် မဟုတ်ပါလား။
အထူးသဖြင့် ယခုအခါ ရတနာရှာဖွေရေး မစ်ရှင်များကိုပါ ဖြစ်ပေါ်စေနိုင်သဖြင့် သူက ပို၍ပင် စိတ်ဝင်စားနေမိသည်။
၎င်းက တကယ်မရှိသော အရာများကို လက်တွေ့ဘဝတွင် အမှန်တကယ် ခံစားနေရသကဲ့သို့ပင်။
အချို့သော တောတောင်ရှာဖွေသူများက စားဝတ်နေရေးအတွက် တောင်ပေါ်တက်ကြသော်လည်း ရွှီယန်ကမူ မတူညီပေ။ သူက ဝါသနာကြောင့် သက်သက်သာ ဖြစ်သည်။
'တောင်ပေါ်တက်ပြီး သွားလည်ဦးမှ'
ရွှီယန်က မြေပုံကို ထုတ်ယူကာ သူ ရောက်ဖူးခဲ့သော နေရာများကို ကြည့်ရှုလိုက်သည်။
ချန်ပိုင်တောင်တန်းမှာ အလွန် ကြီးမားကျယ်ဝန်းပြီး ယခု သူ ရောက်ဖူးခဲ့သော နေရာများမှာ ဆယ်ပုံတစ်ပုံ၏ တစ်ပုံပင် မပြည့်သေးပေ။
အရပ်လေးမျက်နှာ အားလုံးတွင် သူ မရောက်ဖူးသေးသော နေရာများ ရှိနေသေးသည်။
အကယ်၍ အထက်ဘက်သို့ တောက်လျှောက် သွားမည်ဆိုပါက ဟေးလုံကျန်း ပြည်နယ်အထိပင် ရောက်ရှိနိုင်ပေသည်။
'ဒီတစ်ခါ လမ်းကြောင်း ပြောင်းရမယ်'
'မြောက်ဘက်ကို ပိုသွားကြည့်မယ်'
ရွှီယန်က မြေပုံပေါ်ရှိ တောရွာများနှင့် ကာကွယ်ရေး ဇုန်များကို မှတ်သားလိုက်သည်။
တောရွာများ အနီးတစ်ဝိုက်သို့ သွားရန် မလိုအပ်တော့ပေ။ သေချာပေါက် အခြား တောတောင်ရှာဖွေသူများ ရောက်ရှိထားပြီး ဖြစ်ကာ တန်ဖိုးရှိသော တောင်ထွက်ပစ္စည်းများ လုံးဝ ရှိတော့မည် မဟုတ်ပေ။
သွားမည်ဆိုပါက တောနက်ကြီးထဲသို့ သွားရမည် ဖြစ်သည်။
နိုင်ငံတော် သစ်တောဥယျာဉ် ဧရိယာ အလွန် ကျယ်ဝန်းပြီး လူများကို လွတ်လပ်စွာ ဝင်ရောက်ခွင့် မပေးထားပေ။ ထိုနေရာတွင် ကျားများနှင့် ကျားသစ်များ ပိုမို များပြားသဖြင့် ရွှီယန်ကလည်း တမင် ရှောင်ရှားထားလိုက်သည်။
ထို့ကြောင့် သူ၏ အကြည့်များက နိုင်ငံတော် သစ်တောဥယျာဉ်နှင့် တောင်ကုန်း အနည်းငယ်သာ ခြားပြီး အမည်မသိ တောနက်ကြီးတစ်ခုဆီသို့ ရောက်ရှိသွားတော့သည်။
'ဒီတစ်ခါတော့ ခရီးဝေး သွားရမယ်... တကယ့် တောနက်ကြီး အစစ်ထဲကို ဝင်ကြည့်ရမယ်'
ရွှီယန်က စိတ်ထဲမှ တွေးလိုက်သည်။
ယခင်က သူ ရောက်ဖူးခဲ့သော နေရာများမှာ တောရွာများနှင့် သိပ်မဝေးလှပေ။ လူသူကင်းမဲ့သော သစ်တောကြီး ဖြစ်လျှင်ပင် လယ်ယာခြံဝင်းမှ ခြေလျင်လျှောက်ပါက ငါးနာရီ ခြောက်နာရီခန့်သာ ကြာမြင့်ပေသည်။
၎င်းက တကယ့် တောနက်ကြီး အစစ်ဟု မခေါ်ဆိုနိုင်ပေ။
တောနက်ကြီးဆိုသည်မှာ အချိန်အတော်ကြာ လမ်းလျှောက်မှသာ ရောက်ရှိနိုင်သော နေရာမျိုး ဖြစ်သည်။
တစ်ခါဝင်သွားပါက အနည်းဆုံး ရက်အတော်ကြာမှ ပြန်ထွက်လာနိုင်မည် ဖြစ်သည်။
အကယ်၍ ဖြတ်လမ်း တွေ့ပါက ကားမောင်း၍ သင့်တော်သော တောင်တက်မည့် နေရာကို ရှာဖွေပြီး လမ်းကျဉ်းလေးများမှတစ်ဆင့် ဝင်ရောက်ပါက နှစ်ရက်ခန့်နှင့် ပြန်ထွက်လာနိုင်မည် ဖြစ်သည်။
သို့သော် တောနက်ကြီး အများစုမှာ ဖြတ်လမ်း လုံးဝ မရှိဘဲ ခြေလျင်လျှောက်၍သာ ဝင်ရောက်ရလေ့ ရှိပေသည်။
ရွှီယန်က ဗီဒီယိုတစ်ခု တင်ကာ ဤကိစ္စကို ကြိုတင် အသိပေးလိုက်သည်။
မွန်းလွဲပိုင်းတွင် လိုက်ဖ်ဖွင့်ကာ အင်တာနက်သုံးစွဲသူများနှင့် စကားစမြည် ပြောဆိုနေလိုက်သည်။
တိုက်တိုက်ဆိုင်ဆိုင် မြေခွေးပေါက်လေးများကလည်း အစာလာတောင်းကြသည်။
အချိန်အတော်ကြာမှ မြင်တွေ့ရသဖြင့် သုံးကောင်လုံးကို တွေ့လိုက်ရသောအခါ ရွှီယန်မှာ အတော်လေး ဝမ်းသာသွားသည်။
"မနက်ဖြန် တောနက်ကြီးထဲ ဝင်မလို့... ဒီတစ်ခေါက် သွားမယ့် တောနက်ကြီးက တကယ့်ကို အစစ်အမှန် တောနက်ကြီးပဲ... သုံးရက် ကနေ လေးရက်လောက် လမ်းလျှောက်ရနိုင်တယ်"
"တချို့လူတွေက ကျွန်တော့်ကို တောတွင်းရှင်သန်ရေး လုပ်တာ ကြည့်ချင်တယ်လို့ အမြဲပြောနေကြတယ် မဟုတ်လား... ဒီတစ်ခါတော့ တကယ် တောတွင်းရှင်သန်ရေး လုပ်ရတော့မယ် ထင်တယ်"
"ဒီတစ်ခါ သွားမယ့် သစ်တောက အရင်က သွားခဲ့တဲ့ သစ်တောတွေထက် အများကြီး ပိုဝေးတယ်"
"တကယ့် လူသူကင်းမဲ့တဲ့ သစ်တောကြီးပဲ"
"သားရဲတွေ အများဆုံး နေထိုင်တဲ့ နေရာပေါ့"
ရွှီယန်က အင်တာနက်သုံးစွဲသူများကို ရှင်းပြလိုက်သည်။
သူ့စကားကို ကြားသောအခါ လိုက်ဖ်ကြည့်နေသည့် ပရိသတ်များမှာ အနည်းငယ် စိုးရိမ်သွားကြသည်။
"အရင်က သွားခဲ့တဲ့ နေရာတွေက တောနက်ကြီး မဟုတ်ဘူးလား"
"ဟာ... အခု ဘယ်သွားမလို့လဲ"
"ကြည့်ချင်ပေမယ့် တောနက်ကြီးထဲ ဝင်မယ်ဆိုရင် လူနည်းနည်းလောက် အတူတူ သွားသင့်တယ်... တစ်ယောက်တည်းဆို အရမ်း အန္တရာယ်များတယ်"
"ဟုတ်တယ် အစ်ကိုယန်... တိဗက်ဘက်မှာ နာမည်ကြီး လိုက်ဖ်လွှင့်သူ တချို့ တစ်ယောက်တည်း စက်ဘီးစီးရင်း ပြဿနာ တက်သွားကြတာ... သဘာဝတရားက အရမ်း အန္တရာယ်များတယ်... အထင်မသေးပါနဲ့"
အားလုံးက အဆက်မပြတ် သတိပေးနေကြသည်။
ရွှီယန်က ပြုံးရင်း ခေါင်းညိတ်လိုက်သည်။ သူက လေကြီးလေကျယ် ပြောတတ်သူမျိုး လုံးဝ မဟုတ်ပေ။
သူက ငယ်စဉ်ကတည်းက တောင်ပေါ်တွင် ကြီးပြင်းလာခဲ့ပြီး တောင်တန်းများအကြောင်း ကောင်းကောင်း သိထားသဖြင့် တောင်တန်းများ၏ အန္တရာယ်ကို လုံးဝ အထင်မသေးပေ။
ဆန့်ကျင်ဘက်အနေဖြင့် သူက ယုံကြည်ချက် အပြည့်အဝ ရှိမှသာ တောင်ပေါ်တက်ရဲခြင်း ဖြစ်သည်။
တောတောင်ရှာဖွေရေး အတွေ့အကြုံများ... လူကောင်းကတ် တစ်ကတ်... သွက်လက်သော ကိုယ်ကာယ ကျွမ်းကျင်မှုများနှင့် မြွေဆိပ်ဖြေဆေး။
ရွှီယန်က ပြဿနာ အားလုံးနီးပါးကို ဖြေရှင်းနိုင်ပေသည်။
အန္တရာယ် အများဆုံးမှာ ကျား သို့မဟုတ် ဝက်ဝံညိုတို့သာ ဖြစ်ပြီး လူကောင်းကတ် တစ်ကတ်ဖြင့် ဖြေရှင်းနိုင်ကာ ကိုယ်ရံတော်အဖြစ်ပင် ငှားရမ်းနိုင်သေးသည်။
ထို့အပြင် ဝံပုလွေ... တောခွေး... သစ်ကြောင်... ဝက်ဝံမည်း နှင့် တောဝက် အစရှိသော သားရဲငယ်များကိုတော့ ရွှီယန်က တကယ် မကြောက်ပေ။
သေချာသည်မှာ ဝံပုလွေ ငါးကောင်နှင့်အထက် ပါသော အုပ်စုဆိုလျှင်တော့ ကြောက်သင့်သည်ကို ကြောက်ရမည်သာ။
တကယ်လို့ မတတ်နိုင်ရင် သစ်ပင်ပေါ် တက်ပြေးရုံပေါ့။
"အားလုံးပဲ စိတ်ချပါ... ကျွန်တော်က တောင်တွေအကြောင်း ကောင်းကောင်း သိပါတယ်... အထင်သေးမှာ မဟုတ်ပါဘူး... ကာကွယ်ရေးတွေ သေချာ လုပ်သွားမှာပါ"
"ယုံကြည်ချက် အပြည့်အဝ မရှိဘဲနဲ့ ကျွန်တော်လည်း အထဲ မဝင်ပါဘူး"
ရွှီယန်က အင်တာနက်သုံးစွဲသူများကို ရှင်းပြလိုက်သည်။
သို့သော် သူက ဤသို့သော စတိုင်မျိုး ဖြစ်နေပြီး လူအများအမြင်တွင်မူ သူက စွန့်စားလိုစိတ် အလွန် ပြင်းထန်ကာ သေချင်နေသူ တစ်ယောက်၏ ကိုယ်စားပြုအဖြစ် ပေါ်လွင်နေပေသည်။
ယခုအခါ အရှေ့မြောက် ကျားဝါကြီးများ အလွန်များပြားနေချိန်တွင် တောအုပ်ထဲသို့ တစ်ယောက်တည်း ဝင်သွားခြင်းမှာ...
အရှေ့မြောက် ကျားဝါကြီးအတွက် အစားအသောက် ပို့ပေးနေခြင်းနှင့် ဘာကွာခြားတော့မည်နည်း။
"လောင်ရွှီ... သတိထားနော်"
"လိုက်ဖ်လွှင့်ရင်တော့ သေချာပေါက် ကြည့်ရမှာပဲ"
"တကယ်ဆိုရင် သေချာပေါက် နာမည်ကြီးမှာပဲ"
"ဒါက ဖျော်ဖြေရေး အစီအစဉ်တွေထက် အများကြီး ပိုကြည့်လို့ကောင်းတယ်"
ရွှီယန်က အားလုံးနှင့် ခဏမျှ စကားပြောပြီးနောက် ကုလားထိုင်ပေါ်တွင် ထိုင်ကာ မြေခွေးများကို ပွတ်သပ်နေလိုက်သည်။
သူက အေးဆေးတည်ငြိမ်သော မြေခွေးမလေးကို အနှစ်သက်ဆုံးဖြစ်ပြီး အလွန် နူးညံ့ကာ လိမ္မာပေသည်။
အခြား မြေခွေးထီး နှစ်ကောင်ကမူ အရမ်း ဆော့မက်လွန်းပြီး အဆက်မပြတ် ဆော့ကစားနေတတ်ကြသည်။
ရွှီယန်က တောနက်ကြီးထဲ ဝင်မည်ဟူသော ကြိုတင် အသိပေးချက်မှာ လူအများအပြား သိရှိသွားပြီး ရှာဖွေမှု ကဏ္ဍတွင်ပင် သူနှင့် ပတ်သက်သော ခေါင်းစဉ်တစ်ခု ထပ်တိုးလာခဲ့သည်။
'ရွှီယန် တောနက်ကြီးထဲ ဝင်ဖို့ ကြိုတင် အသိပေး'
မည်သို့ပင်ဆိုစေကာမူ သူက နာမည်ကြီး လိုက်ဖ်လွှင့်သူ တစ်ယောက် ဖြစ်နေပြီဖြစ်ရာ ဘာလုပ်လုပ် ရေပန်းစားသော ခေါင်းစဉ်များ ဖြစ်လာနိုင်ပေသည်။
အင်တာနက်ပေါ်တွင် နာမည်ကြီးများကို မွေးထုတ်ပေးသော အေဂျင်စီ အများအပြားက ရုတ်တရက် ပေါ်ထွက်လာပြီး အလွန် နာမည်ကြီးနေသော အင်တာနက် အကျော်အမော်များကို အမြဲ စောင့်ကြည့်လေ့ ရှိကြသည်။
တစ်ချို့က အခြားသူများ၏ အောင်မြင်မှု လမ်းကြောင်းကို ပုံတူကူးယူကြပြီး အခြားသူများ ဘယ်လို နာမည်ကြီးလာသလဲ ဆိုသည်ကို အတုခိုးကြသည်။
သို့မဟုတ်ပါက ထိုသူနှင့် စာချုပ်ချုပ်ဆိုရန် နည်းလမ်း ရှာကြလေသည်။
ရွှီယန်၏ အဖြစ်အပျက်မှာ လုံးဝ ချွင်းချက်ပင် ဖြစ်သည်။
တကယ်ပင် ရွှီယန်ထံသို့ လာရောက် ဆက်သွယ်သော အေဂျင်စီများ ရှိသော်လည်း ရွှီယန်က လုံးဝ ဂရုမစိုက်ခဲ့ပေ။ ကင်မရာကို စိုက်ကြည့်ကာ အတင်း စကားပြောနေရခြင်း သို့မဟုတ် ဟန်ဆောင် ပိုကဲလွန်းသော သရုပ်ဆောင်မှုများ လုပ်ရခြင်းကို သူ လုံးဝ စိတ်မဝင်စားပေ။
ရွှီယန်၏ အောင်မြင်မှုကို ပုံတူကူးယူရန် ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်ပေ။
မည်သူမျှလည်း ထိုသို့ မလုပ်ရဲကြပေ။
အပြင်ထွက် လိုက်ဖ်လွှင့်သူ အများအပြား ရှိသော်လည်း မည်သူက တကယ့် တောနက်ကြီးထဲ တကယ် ဝင်ရဲမည်နည်း။
ထို့အပြင် ဒရုန်းဖြင့် အလိုအလျောက် ရိုက်ကူးနေပြီး တစ်လျှောက်လုံး လုံးဝ အတုအယောင် မရှိဘဲ ရိုက်ကူးရမည် ဖြစ်သည်။
ရွှီယန်မှာမူ သူ ကိုယ်တိုင် ဝါသနာပါပြီး နောက်ကွယ်တွင်လည်း အကူအညီများ ရှိနေသဖြင့် တောင်ပေါ်တက်ခြင်းက သူ့အတွက် နေ့စဉ်ဘဝ၏ အစိတ်အပိုင်း တစ်ခုသာ ဖြစ်ပေသည်။
ထို့ကြောင့် ဘာမှ ထူးခြားသည်ဟု မထင်မှတ်မိပေ။
ထိုအချိန်တွင် ခွေးလေး နှစ်ကောင်က ရွှီယန်၏ အရှေ့သို့ ရောက်လာကြသည်။
သူတို့က အမြီးများကို လှုပ်ယမ်းနေကြသည်။
ရွှီယန်က ခွေးလေးများကို ပွတ်သပ်ပေးလိုက်ပြီး ပြောလိုက်သည်။
"တကယ်တော့ ငါ မင်းတို့ နှစ်ကောင်ကို ခေါ်သွားချင်ပေမယ့် ပြဿနာ တက်ဖို့ အရမ်း လွယ်တယ်လေ"
"ဒီဘက်က ရိုးရာ တောခွေးတွေ အများစု သေရတာ အဆိပ်ပြင်းတဲ့ မြွေတွေကြောင့်ပဲ"
"ခွေးလေးတွေက သိချင်စိတ် များပြီး တောရိုင်း တိရစ္ဆာန်တွေလောက် သတိမထားတတ်ဘူး... အဆိပ်ပြင်းတဲ့ မြွေကို မြင်ရင် သွားပြီး နှုတ်ဆက်ချင်ကြတာ"
"အဲဒီမှာ မြွေအကိုက်ခံရရင် ကယ်လို့တောင် မရတော့ဘူး"
"ဒါကြောင့် နောက်ဆို အနီးအနားက တောင်တွေကို သွားမှ မင်းတို့ကို ခေါ်သွားတော့မယ်... တောနက်ကြီးထဲ ဝင်ရင်တော့ ခွေးတွေကို မခေါ်သွားတော့ဘူး"
ထိုအချိန်တွင် အင်တာနက်သုံးစွဲသူ အချို့က ကျားသစ်ပေါက်လေး အကြောင်းကို ပြောလာကြသည်။
"အစ်ကိုယန်... ကျားသစ်ကို ခေါ်သွားပါလား... မင်း ကျားသစ်တစ်ကောင် မွေးထားတာ မဟုတ်ဘူးလား"
ထိုစကားကို ကြားသောအခါ ရွှီယန်က ပြုံးလိုက်သည်။
"အဲဒါတော့ ခေါ်သွားလို့ ရတယ်... ဒါပေမဲ့ သူ ကြီးလာတဲ့အထိ စောင့်ရဦးမယ်"
"ကျွန်တော် ဒီနေရာမှာ ထပ်ပြီး ရှင်းပြချင်တယ်... သူက ကျွန်တော် မွေးထားတာ မဟုတ်ဘူး... ကိုယ့်ဘာသာ အနောက်က လိုက်လာတာပါ"
"ဒီတိုင်း ကျွန်တော်နဲ့ ရင်းနှီးနေရုံလေးပါ"
အားလုံးလည်း ရယ်မောလိုက်ကြသည်။
ဘာကွာခြားလို့လဲ...
မင်းက အဲဒါ မင်းရဲ့ သွေးသားအရင်းပါ လို့ ပြောရင်တောင် ငါတို့က ယုံတယ်ကွ
လိုက်ဖ်ထဲရှိ လေထုမှာ အလွန် ကောင်းမွန်နေပေသည်။
ရွှီယန်က မကြာမီ တောင်ပေါ်တက်တော့မည်ကို အားလုံး သိထားကြသဖြင့် ဤရှားပါးသော အားလပ်ချိန်လေးကို အခွင့်ကောင်းယူကာ ရွှီယန်နှင့် စကားပိုပြောနေကြခြင်း ဖြစ်သည်။
အကယ်၍ တောင်ပေါ် ရောက်သွားပါက ရွှီယန်က အချိန်အများစုတွင် တောင်ပေါ်ရှိ အခြေအနေများကိုသာ ဂရုစိုက်နေမည်ဖြစ်ပြီး ကွန်မန့်များကို ယေဘုယျအားဖြင့် ပြန်လည် ဖြေကြားလေ့ မရှိပေ။
လိုက်ဖ်ထဲရှိ လူများက ရွှီယန်ကို အလွန် သဘောကျကြသည်။
ပကတိအတိုင်း ရှိပြီး ဆူညံခြင်း မရှိသောကြောင့်ပင်။
ရွှီယန်က ဖော်လိုးလေး လုပ်ပေးကြပါဦး သို့မဟုတ် လက်ဆောင်လေး ပေးကြပါဦး စသည့် စကားမျိုး တစ်ခွန်းမျှပင် မပြောဖူးပေ။
သူက ဤကိစ္စများကို ကံတရားအပေါ်၌သာ ပုံချထားပြီး တစ်ဖက်လူက သဘောကျပါက သဘာဝကျကျ ဖော်လိုးလုပ်သွားလိမ့်မည်ဟု ယူဆထားသည်။
မြေခွေးပေါက်လေး သုံးကောင်က မြက်ခင်းပြင်ဘက်သို့ ပြေးသွားကာ ဆော့ကစားနေကြသည်။
မြက်များက အနည်းငယ်သာ ထွက်ပေါ်လာသေးပြီး အနူးညံ့ဆုံး အချိန်ပင် ဖြစ်သည်။
ထိုအထဲတွင် လူးလှိမ့်ရသည်မှာ အလွန် သက်သောင့်သက်သာ ရှိလှပေသည်။
ဤသို့ လူးလှိမ့်ရုံဖြင့် မြက်ပင်များအပေါ် မည်သည့် သက်ရောက်မှုမျှ မရှိနိုင်သဖြင့် ရွှီယန်ကလည်း သူတို့ သဘောအတိုင်းသာ လွှတ်ထားလိုက်သည်။
အချိန်ကျပြီ ဖြစ်ကြောင်း မြင်သောအခါ ရွှီယန်က အားလုံးကို နှုတ်ဆက်လိုက်ပြီး လိုက်ဖ်ပိတ်ရန် ပြင်ဆင်လိုက်သည်။
"မနက်ဖြန် သွားမယ့် နေရာက အရှေ့မြောက် ကျားဝါကြီးတွေ လှုပ်ရှားတဲ့ နေရာနဲ့ သိပ်မဝေးဘူး... ကျားတွေ ရှိမရှိတော့ မသေချာဘူး"
"မရှိဖို့ မျှော်လင့်ရတာပဲ"
ရွှီယန်က နောက်ဆုံး စကားတစ်ခွန်း ပြောလိုက်သည်။
သူ ဤသို့ ပြောလိုက်သဖြင့် အားလုံးက စိုးရိမ်သည်ဖြစ်စေ စူးစမ်းချင်စိတ်ကြောင့်ဖြစ်စေ မနက်ဖြန်တွင်တော့ သေချာပေါက် ကြည့်ရမည် ဖြစ်သည်။
တောရိုင်း ကျားကြီး တစ်ကောင်ကို မည်သူကများ ငြင်းဆန်နိုင်မည်နည်း။
တကယ်ကို စိတ်လှုပ်ရှားစရာ ကောင်းလွန်းလှပေသည်။
လိုက်ဖ်ပိတ်လိုက်ပြီးနောက် မနက်ဖြန် တောင်ပေါ်တက်ရန် ပြင်ဆင်ရတော့မည် ဖြစ်သည်။
လယ်ယာခြံဝင်းတွင်တော့ အရာအားလုံးက ပုံမှန်အတိုင်းပင် ဖြစ်သည်။
တစ်ခါတစ်ရံတွင် ရွှီဟုန်ရှန်း ကလည်း လာရောက် ကြည့်ရှုတတ်ပြီး ဤနေရာတွင် သူ နေထိုင်ရန် နေရာတစ်ခုလည်း ရှိပေသည်။
မည်သို့ပင်ဆိုစေကာမူ ကိုယ်ပိုင် လယ်ယာခြံဝင်း ဖြစ်သည် မဟုတ်ပါလား။
ရွှီယန်က ကိစ္စရပ် အားလုံးကို စနစ်တကျ စီမံခန့်ခွဲထားနိုင်သည်ကို မြင်သောအခါ သူက နေ့တိုင်း ပြုံးရွှင်နေတတ်သည်။
တစ်ခါတစ်ရံ ပေါင်းရှင်းခြင်း... ဘလူးဘယ်ရီပင်များကို ကြည့်ရှုခြင်းတို့ ပြုလုပ်ကာ ပျော်ရွှင်နေတတ်လေသည်။