အခန်း ၁၁၄
Vol. 12 Ch. 114
အခန်း (၁၁၄) အရှေ့မြောက် ကျားဝါကြီး - ဒီခြေနှစ်ချောင်းသတ္တဝါက ငါ့ဆီ လာနေတာလား
ရေဖျံအုပ်စုက မြစ်ကမ်းစပ်တွင် ပျော်ရွှင်စွာ အောင်ပွဲခံနေကြသည်။
သူတို့က ရေထဲတွင် ခန္ဓာကိုယ်များကို လူးလွန့်နေကြပြီး ရေစက်ရေပေါက်များ တဖျန်းဖျန်း လွင့်စင်နေသည်။
ရွှီယန်က ဘေးမှနေ၍ သူတို့ကို ပြုံးကာ ကြည့်နေလိုက်သည်။
ထိုအချိန်တွင် ယနေ့ ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို အသုံးမပြုရသေးကြောင်း သူ သတိရသွားသည်။ ငါးကြိမ်တိုင်တိုင် စုမိနေပြီဖြစ်ရာ တစ်ကြိမ်လောက်တော့ အရင် သုံးလိုက်ရမည် ဖြစ်သည်။
ထို့ကြောင့် ထိုနေရာတွင်ပင် အသုံးပြုရန် သူ ဆုံးဖြတ်လိုက်သည်။
သုံးကီလိုမီတာ ပတ်လည်ကို တစ်ပတ် စကင်ဖတ်သွားသည်။
မကြာမီမှာပင် သံလိုက်အိမ်မြှောင်က ရတနာရှိသော နေရာတစ်ခုကို မှတ်သားပေးလာသည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ရတနာရှိသောနေရာက မြစ်လယ်ခေါင်တွင် ဖြစ်နေပြီး ရေဖျံအုပ်စု၏ နယ်မြေထဲတွင် ဖြစ်နေသည်။
တောရိုင်း ရေဖျံများက ကြည့်ရသည်မှာ ချစ်စရာကောင်းသော်လည်း အကောင်တိုင်းက လူမိုက်ဂိုဏ်းဝင်များကဲ့သို့ပင် ဖြစ်ပြီး တစ်ခါတစ်ရံ သူတို့က လူများကိုလည်း တိုက်ခိုက်တတ်ကာ လူများ၏ လက်မောင်းများကို သွေးထွက်အောင် ကိုက်တတ်ကြသည်။
'ရှေ့မှာလား... ဒီလောက်တောင် တိုက်ဆိုင်ရလား... ဒါဆို ရေဖျံတွေရဲ့ နယ်မြေကို ဖြတ်သွားရမှာပေါ့'
ရွှီယန်က စိတ်ထဲမှ တွက်ဆနေလိုက်သည်။
လိုက်ဖ်လွှင့်နေစဉ် ပြဿနာ မရှာသည်က အကောင်းဆုံး ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူ၏ လိုက်ဖ်ကို လူအများကြီး ကြည့်နေကြသည်ဖြစ်ရာ နည်းနည်းလေး မှားယွင်းသွားသည်နှင့် အပြစ်တင်ခံရနိုင်ပေသည်။
ရွှီယန်က လောလောဆယ်တော့ ဘာမှ အရမ်းကာရော မလုပ်သေးချေ။
ခဏနေမှ မြစ်လယ်ခေါင်တွင် ဘာရတနာများ ရှိနေမည်ကို သွားကြည့်ရန်သာ ရည်ရွယ်လိုက်သည်။
ရွှီယန်က သစ်ပင်နောက်တွင် ရပ်ကာ ရေဖျံများကို စောင့်ကြည့်နေလိုက်သည်။
"တောရိုင်း ရေဖျံတွေက တကယ်ကို ရှားပါးတယ်... လောလောဆယ် ကျွန်တော်တို့ နိုင်ငံရဲ့ အဆင့်နှစ် ကာကွယ်စောင့်ရှောက်ရမယ့် တိရစ္ဆာန်တွေ ဖြစ်ပြီး တောနက်ထဲက ရေချိုဒေသ တချို့မှာပဲ နေထိုင်ကြတာ"
"သူတို့က အရမ်း သတိကြီးတယ်... လူတွေကို မြင်တာနဲ့ ရေထဲ ငုပ်သွားတတ်တယ်... ဒါကြောင့် သူတို့ အပြင်ထွက် ဆော့ကစားနေတာကို ရိုက်ကူးနိုင်ဖို့ဆိုတာ အရမ်းကို ခက်ခဲတာ"
ရွှီယန်က လိုက်ဖ်ထဲမှ ပရိသတ်များကို ရှင်းပြလိုက်သည်။
ထိုအချိန်မှာပင် ရေဖျံနှစ်ကောင်က ရွှီယန်ကို သတိထားမိသွားကြသည်။
သူတို့က အနည်းငယ် လန့်သွားပြီး အဖော်များကို အမြန် အသိပေးလိုက်ကြသည်။
ထို့နောက် ရေဖျံတစ်အုပ်လုံးက ရွှီယန်ကို လှမ်းကြည့်လာပြီး နောက်တစ်စက္ကန့်မှာပင် အကုန်လုံး ရေထဲသို့ ငုပ်ဆင်းသွားကာ ချက်ချင်းပင် ပျောက်ကွယ်သွားကြတော့သည်။
ရေဖျံများ၏ ရေကူးကျွမ်းကျင်မှုက အရမ်းကို မြင့်မားသည်။ အများဆုံး ရှစ်မိနစ်အထိ ရေငုပ်နိုင်သည်ဖြစ်ရာ သူတို့ကို ပြန်ရှာတွေ့ရန်မှာ အလွန် ခက်ခဲလှပေသည်။
အင်တာနက်သုံးစွဲသူများက တအံ့တသြဖြင့် ကွန်မန့်များ ရေးသားလိုက်ကြသည်။
"အကုန် ပြေးကုန်ပြီ... ပြေးတာ အရမ်းမြန်တာပဲ"
"ဒါက ကိုယ်ဖျောက်ကျင့်စဉ် ကျင့်နေတာပဲ"
ထိုအချိန်မှာပင် ရွှီယန်က ဆက်ပြောလိုက်သည်။
"ဒီနေ့ လိုက်ဖ်ကိုတော့ ဒီလောက်နဲ့ပဲ ရပ်လိုက်တော့မယ်... ကျွန်တော် တဲဆီ ပြန်ပြီး အနားယူတော့မလို့... မနက်ဖြန်မှ လိုက်ဖ် ပြန်ဖွင့်မယ်"
"အပြင်မှာလည်း ဆက်မလျှောက်တော့ဘူး... ဘာအန္တရာယ်တွေ ရှိနေဦးမလဲ မပြောတတ်ဘူးလေ"
"မနက်ဖြန် တောနက်ထဲ ဆက်ဝင်မယ်... နောက်ဘက်က တောင်မှာ တောင်ထွက်ပစ္စည်းတွေ ရှိလောက်တယ်... သေချာ ရှာကြည့်ရမယ်"
သူ ဤသို့ ပြောသည်ကို ကြားသောအခါ ပရိသတ်များက မခွဲချင်မခွာရက် ဖြစ်သွားကြသည်။
သို့သော် ရွှီယန်က နောက်ပြန်လှည့်မည့် ဟန်ပြင်လိုက်ပြီး လိုက်ဖ်ကို ပိတ်ကာ ဒရုန်းကို ပြန်သိမ်းလိုက်သည်။
သူက ခုနက သံလိုက်အိမ်မြှောင် မှတ်သားပေးထားသော နေရာကို လှမ်းကြည့်လိုက်သည်။
မြစ်၏ အလယ်ခေါင်တွင် ဖြစ်ပြီး ကြည့်ရသည်မှာ တော်တော်လေး နက်မည့်ပုံပင်။
'မြစ်ထဲက ရတနာ... ပြီးတော့ ငြိမ်သက်နေတယ်ဆိုတော့... ကျောက်တုံး အမျိုးအစား ဖြစ်ဖို့ များတယ်'
'ဒီလို ပစ္စည်းတွေက ဆေးပင်တွေထက် အများကြီး ပိုတန်ဖိုးရှိတာ'
ရွှီယန်က စိတ်ထဲမှ တွေးလိုက်သည်။
မည်သို့ပင်ဖြစ်စေ အတိအကျ ဘာလဲဆိုတာကိုတော့ သွားကြည့်မှသာ သိရမည် ဖြစ်သည်။
မြစ်ထဲ ဆင်းရမည်ဖြစ်ရာ ရွှီယန်က ဖိနပ် ခြေအိတ်နှင့် အင်္ကျီကို ချွတ်လိုက်ပြီး ဘောင်းဘီ တစ်ထည်တည်းဖြင့်ပင် မြစ်ရေထဲသို့ ခုန်ဆင်းလိုက်သည်။
ဘောင်းဘီကတော့ မဖြစ်မနေ ဝတ်ထားရမည်။ နေရာတစ်ခုကို အထပ်ထပ် ကာကွယ်ထားမှသာ ပိုပြီး စိတ်အေးရမည် မဟုတ်ပါလား။
သူက တကယ်တော့ ရေဖျံများကို မစိုးရိမ်ပေ။ အခြေအနေ အများစုတွင် ရေဖျံများက လူကို မြင်သည်နှင့် ထွက်ပြေးတတ်ကြသည်သာ ဖြစ်သည်။
သူတို့ကလည်း လူများ၏ ပြိုင်ဘက် မဟုတ်ကြောင်းကို သိထားကြပေသည်။
ရွှီယန်က အထဲသို့ တောက်လျှောက် ကူးသွားလိုက်ပြီး မကြာမီမှာပင် စနစ်က မှတ်သားထားသော ရတနာကို စမ်းမိသွားသည်။
အဲဒါက ကြက်ဥအရွယ်လောက်ရှိသော ကျောက်တုံးတစ်တုံး ဖြစ်သည်။
ရွှီယန်က သေချာ ကြည့်လိုက်သော်လည်း ကျောက်တုံးက အပြင်ပန်းကြည့်လျှင် ဘာမှ ထူးခြားမှု မရှိဘဲ အနည်းငယ် လုံးဝန်းချောမွတ်နေရုံသာ ရှိသည်။
သူ ကမ်းပေါ်ရောက်တော့မှ သေချာ ထပ်ကြည့်လိုက်သည်။
ကျောက်တုံးများအကြောင်း သူ သိပ်နားမလည်ပေ။ ကျောက်စိမ်းပဲဖြစ်ဖြစ် မဟူရာပဲဖြစ်ဖြစ် မြသလင်းပဲဖြစ်ဖြစ် ရွှီယန်က သိပ်မထိတွေ့ဖူးချေ။
သူ သိသော တစ်ခုတည်းသော တွင်းထွက်ပစ္စည်းက ရွှေကျောက်သာ ဖြစ်လိမ့်မည်။
'အထဲမှာ ကျောက်စိမ်း ရှိနေတဲ့ ပုံပဲ'
သူက ကျောက်တုံးကို နေရောင်ရှိသောဘက် ချိန်ပြီး သေချာ ကြည့်လိုက်သည်။
ဘာအပြောင်းအလဲမှတော့ မရှိချေ။
ရွှီယန်က အဝတ်အစားပြန်ဝတ်လိုက်ပြီး ဒရုန်းကို ပိုက်ကာ တဲဆီသို့ တောက်လျှောက် ပြန်လာခဲ့သည်။
ကျောပိုးအိတ်ထဲမှ လက်နှိပ်ဓာတ်မီး အသေးလေးကို ထုတ်ယူလိုက်ပြီး အင်တာနက်ပေါ်က ဗီဒီယိုတွေထဲကလိုပင် ဓာတ်မီးဖြင့် ကျောက်တုံး မျက်နှာပြင်ပေါ်ကို ကပ်၍ ထိုးကြည့်လိုက်သည်။
ကျောက်တုံး မျက်နှာပြင်အောက်တွင် ခပ်ဖျော့ဖျော့ ကြည်လင်တောက်ပနေသော အလင်းရောင်လေးကို သူ မြင်လိုက်ရသည်။
'ကျောက်စိမ်း ဖြစ်ဖို့ သေချာတယ်'
'တကယ်ပဲ ရတနာတွေက တောနက်ကြီးထဲမှာ ပိုများတာပဲ'
'တောင်တန်းတွေက ယှက်နွှယ်နေတဲ့ မြစ်ချောင်းတွေရဲ့ တိုက်စားမှုကို နှစ်ပေါင်း ဘယ်လောက်ကြာအောင် ခံခဲ့ရလဲ မသိဘူး... မြစ်ရေထဲမှာ မရေမတွက်နိုင်တဲ့ ရတနာတွေ မြှုပ်နှံထားတာပဲ'
'ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်က မြစ်ထဲကို မှတ်သားပေးလိုက်ပြီဆိုရင် သေချာပေါက် တန်ဖိုးကြီးတဲ့ ရတနာပဲ ဖြစ်ရမယ်'
ရွှီယန်က စိတ်ထဲမှ တွေးလိုက်သည်။
ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်အပေါ် သူ ယုံကြည်မှု ရှိသည်။ သံလိုက်အိမ်မြှောင်က ဒီကျောက်တုံးကို မှတ်သားပေးမှတော့ ဒီကျောက်တုံးက သေချာပေါက် ရတနာပဲ ဖြစ်ရမည်လေ။
'ကျောက်စိမ်း ဈေးကွက်က နည်းနည်း ရှုပ်ထွေးတယ်... ဈေးနှုန်း အတက်အကျက အရမ်းများလွန်းတယ်... အခု ငါက ဘာမှလည်း နားမလည်သေးသလို ယုံကြည်ရတဲ့ လူကိုလည်း မသိသေးတော့ အလိမ်ခံရဖို့ အရမ်းလွယ်တယ်'
'တန်ဖိုးက ယွမ် သန်းနဲ့ချီ တန်နေနိုင်ပေမယ့် တခြားလူရဲ့ လှည့်စားမှုကို ခံလိုက်ရရင် ယွမ် သောင်းဂဏန်းလောက်နဲ့ ရောင်းပစ်လိုက်ရနိုင်တယ်'
'လောလောဆယ်တော့ အရန်ပစ္စည်းအနေနဲ့ အရင် သိမ်းထားလိုက်တာ အကောင်းဆုံးပဲ... နောက်မှ အခွင့်အရေးရရင် လူရှာပြီး ဈေးမေးကြည့်ရမယ်'
ရွှီယန်က စိတ်ထဲမှ တွေးလိုက်ပြန်သည်။
သူ သေချာ စဉ်းစားပြီးနောက် မြစ်ကမ်းစပ်သို့ ပြန်သွားကာ ဒုတိယအကြိမ် ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို သုံးရန် ဆုံးဖြတ်လိုက်သည်။
သူ မြစ်ထဲတွင် တခြား ကျောက်စိမ်းများ ရှိမရှိ သိချင်နေသောကြောင့် ဖြစ်၏။
ကျောက်စိမ်းတွင်းကြီးများ ဖြစ်နေမလား ဘယ်သိနိုင်မည်နည်း။
သို့သော် ဒုတိယအကြိမ် မှတ်သားပေးသော ရတနာက မြစ်ထဲတွင် မဟုတ်ဘဲ သစ်တောထဲတွင် ဖြစ်နေသည်။
သွားကြည့်လိုက်တော့ ရင်းနှီးပြီးသား မျက်နှာလေး ဖြစ်နေသည်။ ချောင်ချုံရုံပင် ပေါ့။
မအိုပင် လို့လည်း ခေါ်ကြသည်။
ချောင်ချုံရုံပင်များက ထူထဲသော ရေညှိစိမ်းများပေါ်တွင် ပေါက်ရောက်နေပြီး တစ်ပင်ချင်းစီ မတ်မတ်လေးတွေ ထွက်နေကာ ပုံစံက ထူးခြားသည်။
ဤအပင်က နာမည်ကြီး တရုတ်ရိုးရာ ဆေးစွမ်းကောင်း တစ်မျိုးဖြစ်ပြီး ဆေးစွမ်း တော်တော် ထက်မြက်ကာ ကျောက်ကပ်ကို အားဖြည့်ပေးပြီး သွေးလေကို အဓိက အားကောင်းစေသည်။
ဒီတစ်ကြိမ်မှာတော့ ရွှီယန်က ရင့်မှည့်ပြီး အသီးသီးပြီးသား ချောင်ချုံရုံပင်များကို အကုန် ခူးယူလိုက်သည်။
ဒီအပင်တွေက ဆက်ပြီး ကြီးထွားလာမည် မဟုတ်တော့ဘဲ ညှိုးနွမ်းသွားဖို့သာ ရှိတော့ပေသည်။
ကြီးထွားနေဆဲဖြစ်ပြီး ပန်းမပွင့်သေးသော အပင်များကိုတော့ သူ မထိခဲ့ပေ။
အသုံးလည်း မလိုသေးဘူး မဟုတ်ပါလား။
ရင့်မှည့်နေသော ချောင်ချုံရုံပင်များကို မိဘများ သုံးရန် ချန်ထားပေးရမည်။ ကြက်စွပ်ပြုတ် ချက်သောက်သည်ဖြစ်စေ ဘာလုပ်လုပ် ကောင်းသည်... အားဆေးကြီးပင်။
အရောင်းအဝယ် မလုပ်လျှင် ဘာပြဿနာမှ မရှိပါဘူးလေ။
'ကျောက်စိမ်းတွင်းတော့ မဟုတ်လောက်ဘူး... ဒီတစ်တုံးပဲ ဒီမှာ ကျန်ရစ်ခဲ့တာ ဖြစ်မယ်'
'နှမြောစရာပဲ'
'တကယ်လို့ ကျောက်စိမ်းတွင်းသာ ဆိုရင် ဘယ်လောက်တောင် တန်ဖိုးရှိမလဲ မသိဘူး'
ရွှီယန်က စိတ်ထဲမှ တွေးလိုက်သည်။
အချိန်က တဖြည်းဖြည်း မိုးချုပ်လာပြီဖြစ်ရာ ရွှီယန်က တဲထဲသို့ ပြန်ဝင်ကာ အစားအစာ နည်းနည်း စားပြီး ရေသောက်လိုက်ကာ အနားယူရန် ပြင်ဆင်လိုက်သည်။
တစ်နေ့လုံးလည်း ပင်ပန်းလာပြီဖြစ်ရာ အိပ်ရေးဝဝ အိပ်ရမည် ဖြစ်သည်။
အင်တာနက်ပေါ်တွင်လည်း လူများက ရွှီယန်၏ လိုက်ဖ်လွှင့်ခဲ့သော အကြောင်းအရာများကို ဆွေးနွေးနေကြတုန်းပင်။
ဤသို့ စိတ်လှုပ်ရှားစရာ ကောင်းသော လိုက်ဖ်မျိုးက လူများကို တော်တော်လေး ဆွဲဆောင်နိုင်သည် မဟုတ်ပါလား။
ရွှီယန်က မျက်လုံးမှိတ်ပြီး ဒီနေ့အတွက် ကျော်ကြားမှုရမှတ်များကို တွက်ချက်ကြည့်လိုက်သည်။
( ယနေ့ လိုက်ဖ်ကြည့်ရှုသူ အရေအတွက် - ၁၁၀,၃၄၇ ဦး)
( ပျမ်းမျှ ကြည့်ရှုချိန် - ၁.၁ နာရီ)
( ရရှိသော ကျော်ကြားမှုရမှတ် - ၁၂၁,၀၀၀)
( လက်ရှိ စုစုပေါင်း ကျော်ကြားမှုရမှတ် - ၁၄၂,၀၀၀)
'လခွမ်း... တစ်ရက်တည်းနဲ့ ရမှတ် တစ်သိန်းကျော်တောင် ရတာလား... တောနက်ထဲ ဝင်ရတဲ့ လူကြိုက်များမှုက တကယ်ကို အံ့မခန်းပဲ'
ရွှီယန်က တိတ်တဆိတ် အံ့ဩမိသွားသည်။
'အဆင့်မြင့် မဲဖောက်ခွင့် တစ်ခါလောက် အရင် ယူလိုက်ဦးမယ်... ဒီအချိန်က နောက်ခံ အင်အားတွေ ပိုလိုနေတာ'
( စနစ်ပိုင်ရှင်က အဆင့်မြင့်မဲဖောက်ခြင်းကို ရွေးချယ်လိုက်ပါသည်)
( မဲဖောက်နေပါပြီ)
( အဆင့်မြင့်ဆုတစ်ခု ရရှိပါသည်)
( ကျန့်မာဓား (မြင်းခုတ်ဓားကြီး) - အလွန် ထက်မြက်သော ဓားရှည်တစ်လက် ဖြစ်ပြီး အရှည် ၁.၃ မီတာ၊ ဓားရိုးအရှည် ဝ.၆ မီတာနှင့် ဓားသွားအရှည် ဝ.၇ မီတာ ရှိကာ ဓားသွားမှာ အလွန် ခိုင်ခံ့မာကျောပါသည်)
စနစ်၏ ဆုလာဘ် ကြေညာသံ ထွက်ပေါ်လာသည်။
'ကျန့်မာဓား... ဘယ်လိုလုပ် ဒါကြီး ထွက်လာရတာလဲ'
'ကျန့်မာဓားက ကြည့်ကောင်းတာတော့ တကယ် ကြည့်ကောင်းတာပဲ... တိုက်ခိုက်နိုင်စွမ်းကလည်း ပြိုင်ဘက်ကင်းပဲ'
'ဒါပေမဲ့ ထုတ်သုံးလို့တော့ မရဘူးလေ... မဟုတ်ရင် လိုက်ဖ်ကြည့်နေတဲ့ အင်တာနက်သုံးစွဲသူတွေကို ရှင်းပြရ ခက်နေလိမ့်မယ်'
'လောလောဆယ်တော့ ဒီအတိုင်းပဲ ထားလိုက်ဦးမယ်... လယ်ယာခြံဝင်း ပြန်ရောက်မှပဲ ဆက်ပြောကြတာပေါ့'
ရွှီယန်က စိတ်ထဲမှ တွေးလိုက်သည်။
အဲဒီနောက်မှာတော့ သူက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။
နောက်တစ်နေ့။
ရွှီယန်က အစောကြီး နိုးလာသည်။
ခန္ဓာကိုယ်က ပုံမှန်နီးပါး ပြန်ဖြစ်နေပြီဖြစ်ရာ သူက ပစ္စည်းတွေ သိမ်းဆည်းပြီး တောင်ထဲကို ဆက်ဝင်ရန် ရည်ရွယ်လိုက်သည်။
တောင်ထွက်ပစ္စည်းကောင်းတွေ ရှာတွေ့မလား သွားကြည့်ရင်း တောထဲက တိရစ္ဆာန်များကိုလည်း လေ့လာရမည် မဟုတ်ပါလား။
အပြင်ဘက်တွင် တိရစ္ဆာန် အများစုကို တကယ် မမြင်ရချေ။
အရာအားလုံး စုံစုံလင်လင် ရှိတာက တောနက်ကြီးထဲမှာသာ ဖြစ်သည်။
ရွှီယန်က ပတ်ဝန်းကျင်ကို တစ်ပတ်လှည့်လည် စစ်ဆေးကြည့်လိုက်ပေမယ့် ဘာအန္တရာယ်မှ မတွေ့ရပေ။
သူက အသင့်စား မုန့်နည်းနည်းကို လွယ်လွယ်ကူကူ စားသောက်လိုက်ပြီးနောက် လိုက်ဖ်ကို ဖွင့်ကာ တဲကို သိမ်းဆည်းလိုက်သည်။
ခရီးစဉ် တစ်လျှောက်လုံးတွင် သူ တစ်ယောက်တည်းသာ ရှိနေခဲ့ခြင်း ဖြစ်သည်။
လိုက်ဖ်ထဲသို့ လူများ ဝင်လာသော အရှိန်က အရမ်းမြန်သည်။ ပွဲကြည့်ချင်သော လူတွေက များနေတုန်းပဲ မဟုတ်ပါလား။
မနက်စောစောစီးစီးမှာတင် လူဦးရေ သုံးသောင်းကျော်သွားပြီ ဖြစ်သည်။
ရွှီယန်က လိုက်ဖ်ထဲက အခြေအနေကို သိပ်ဂရုမစိုက်ဘဲ ကျောပိုးအိတ်ကို လွယ်ကာ တောတောင်ရှာဖွေရေး ခရီးစဉ်ကို နောက်တစ်ကြိမ် ပြန်စလိုက်သည်။
တောင်၏ နောက်တစ်ဖက်ကို သွားကြည့်ရမည် ဖြစ်သည်။
ရွှီယန်က တောက်လျှောက် အပေါ်သို့ တက်သွားခဲ့သည်။
မနက် ၁၀ နာရီလောက်တွင် သူက တောင်ပေါ်က မြင့်မားသော နေရာတစ်ခုတွင် ရပ်ပြီး အဝေးကို လှမ်းကြည့်လိုက်သည်။
အဝေးတစ်နေရာမှာတော့ တိမ်တောင်တိမ်လိပ်များ ရစ်သိုင်းနေပြီး အန္တရာယ်များသော နေရာတစ်ခုလိုပင်။
မြင်ကွင်းကတော့ အရမ်းကို ခမ်းနားထည်ဝါနေဆဲ ဖြစ်သည်။
"ဒီနေ့တော့ တောင်ထွက်ပစ္စည်းတွေကို သေချာ ရှာရတော့မယ်... အလကားတော့ အလာမခံနိုင်ဘူးလေ"
"ဒီနေရာမှာ တရုတ်ရိုးရာ ဆေးပင်တွေ ပိုများလာပြီ... ပစ္စည်းကောင်းတွေ တွေ့မတွေ့ သွားရှာကြည့်ရမယ်"
ရွှီယန်က အားလုံးကို ပြောလိုက်သည်။
အင်တာနက်သုံးစွဲသူ အချို့ကလည်း သူ့ကို အားပေးစကား ပြောလာကြသည်။
"လောင်ရွှီ... အားတင်းထား"
"ဒီလို အန္တရာယ်များတဲ့ တောနက်ထဲ ဝင်တာဆိုတော့ သေချာပေါက် ပစ္စည်းကောင်းတွေ ရှာတွေ့မှာပါ"
ရွှီယန်က တောင်ထွတ်မှ ဆင်းလာပြီး သစ်တောထူထပ်သော နေရာဆီသို့ လျှောက်သွားလိုက်သည်။
ပင်လယ်ရေမျက်နှာပြင်ထက် ပိုမြင့်သော နေရာများတွင် တောင်ထွက်ပစ္စည်း အရေအတွက်လည်း ပိုများသည်။
တစ်လမ်းလုံး အခြေအနေ အတော်လေး ချောမွေ့နေခဲ့သည်။
တစ်ခါတလေ ဆေးပင်အများကြီး တွေ့သောအခါမျိုးတွင် ရွှီယန်က နည်းနည်းပါးပါး ခူးယူပြီး အိတ်တစ်အိတ်စာလောက် ထည့်သွားတတ်သည်။
ရောင်းဖို့ပဲဖြစ်ဖြစ်... သိမ်းထားဖို့ပဲဖြစ်ဖြစ်... ဘယ်လိုပဲဖြစ်ဖြစ် အရှုံးတော့ မရှိဘူး မဟုတ်ပါလား။
တကယ်တော့ ဒီတစ်ကြိမ် သူ လိုက်ဖ်လွှင့်တာက ဘာတောင်ထွက်ပစ္စည်းမှ မတွေ့လျှင်တောင် အမြတ်ကြီး ရနေပြီ ဖြစ်သည်။
ဘာလို့လဲဆိုတော့ လိုက်ဖ်၏ နာမည်ကြီးမှုက အရမ်းမြင့်မားနေပြီး လက်ဆောင်ပေးတာတွေလည်း အများကြီး ရနေသောကြောင့်ပင်။
အခြေခံအားဖြင့် တစ်နေ့စာ လက်ဆောင်ခွဲတမ်းကတင် ယွမ် သောင်းဂဏန်းလောက် ရနိုင်သည်။
အရာအားလုံးက မူလကတော့ ပေါ့ပေါ့ပါးပါးနှင့် ပျော်ရွှင်စရာ ကောင်းနေခဲ့သည်။
ရွှီယန်က စူးရှသော အနံ့တစ်မျိုးကို ရလိုက်သည့် အချိန်အထိပင်။
ဒီအနံ့က ဦးနှောက်ထဲကို တိုက်ရိုက် ထိုးဖောက်ဝင်ရောက်လာပြီး တစ်ခုခုကို ကစော်ဖောက်ထားသည့် အနံ့မျိုးနှင့် တူသည်။
ရွှီယန်က ခေါင်းငုံ့ကြည့်လိုက်သောအခါ ချက်ချင်းပင် အိပ်ချင်မူးတူး ဖြစ်နေတာတွေတောင် လွင့်စင်သွားတော့သည်။
"လခွမ်း... ကျားချေးလား"
"လတ်လတ်ဆတ်ဆတ်ကြီးပါလား"
ရွှီယန်၏ မျက်နှာပေါ်တွင် စိုးရိမ်ထိတ်လန့်သော အရိပ်အယောင်များ ပေါ်လာသည်။
ပရိသတ်များက ရွှီယန်၏ မျက်နှာအမူအရာကို မြင်လိုက်ရတော့ အားလုံး၏ ရင်ထဲမှာလည်း ဒိတ်ခနဲ ဖြစ်သွားကြသည်။
"ဘာကြီးလဲ... ကျားချေး ထပ်တွေ့ပြန်ပြီလား"
"ကျားကို မမြင်ရသေးဘူး... ချေးကိုချည်းပဲ နှစ်ပုံတောင် တွေ့နေရပြီ"
"ဒါဆိုရင် အရှေ့မြောက် ကျားဝါကြီးက ဒီနားမှာ ရှိနေတယ်လို့ ဆိုလိုတာလား"
"လခွမ်း... ငါ ချက်ချင်းကို စိတ်လှုပ်ရှားလာပြီ... ဘယ်လိုလုပ်ကြမလဲ"
ရွှီယန်က ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်ရှုလိုက်ပေမယ့် ကျား၏ အရိပ်အယောင်ကို မတွေ့ရပေ။
သူ့၏ အန္တရာယ် အာရုံခံနိုင်စွမ်းကလည်း သတိပေးတာမျိုး မရှိဘူးဆိုတော့ သူက ကျား၏ မြင်ကွင်းထဲ မဝင်သေးဘူးလို့ ဆိုလိုတာပင်။
ဒါမှမဟုတ် ကျားက သူ့ကို လောလောဆယ် တိုက်ခိုက်ချင်စိတ် မရှိသေးတာလည်း ဖြစ်နိုင်ပေသည်။
"ကျွန်တော် လမ်းပြောင်းလျှောက်မှ ရမယ်... အရှေ့မြောက် ကျားဝါကြီးက ဒီနားမှာ ရှိနေတယ်"
"ဒီလောက် ဖြစ်နိုင်ခြေ နည်းတဲ့ ကိစ္စကိုတောင် ကျွန်တော်နဲ့ လာတိုးနေရတယ်လို့"
"ဒီကောင်က တောင်ပေါ်မှာ လှည့်ကင်းလှည့်နေရမှာ မဟုတ်ဘူးလား... တိုက်တိုက်ဆိုင်ဆိုင် ဒီနေရာကို ရောက်လာတာလား"
ရွှီယန်က တခြား လမ်းကြောင်းတစ်ခုဘက်ကို ပြောင်းလျှောက်သွားလိုက်သည်။
အချိန်တိုအတွင်းမှာပင် မီတာ နှစ်ရာလောက် အကွာက မြက်ခင်းရှည်တွေထဲမှာ အစာဝနေသော အရှေ့မြောက် ကျားဝါကြီးက ရွှီယန်ကို အဝေးကနေ လှမ်းကြည့်နေသည်။
သူက ရွှီယန်ကို တွေ့နေတာ ကြာပြီဖြစ်ပေမယ့် ဗိုက်မဆာသောကြောင့် ရွှီယန်ကို ဘာမှ လုပ်ဖို့ စိတ်ကူးမရှိချေ။
သူက ဒီခြေနှစ်ချောင်းသတ္တဝါ ဘယ်လိုလုပ် ဒီကို ရောက်လာလဲဆိုတာကို သိချင်နေရုံလေးသာ ဖြစ်သည်။
ဒါက သူ့၏ နယ်မြေမဟုတ်ပါလား။
'နယ်မြေ လာလုတာတော့ မဟုတ်ပါဘူးနော်'
ကျားဝါကြီးက ဒီတိုင်းလေးပင် လှမ်းကြည့်နေသည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ရွှီယန် ရွေးချယ်လိုက်သော လမ်းကြောင်းက အရှေ့မြောက် ကျားဝါကြီး ရှိနေသောဘက်ဆီ တည့်တည့် သွားနေခြင်း ဖြစ်သည်။
ထို့ကြောင့် အရှေ့မြောက် ကျားဝါကြီးလည်း နည်းနည်း စိုးရိမ်သွားသည်။
'သွားပြီ... ဒီခြေနှစ်ချောင်းသတ္တဝါက ငါ့ဆီ လာနေတာလား’