အခန်း ၁၁၅
Vol. 12 Ch. 115
အခန်း (၁၁၅) နေပါဦး... ဘယ်အချိန် ရှိနေပြီလဲ... မပြေးသေးဘူးလား
ရွှီယန်သည် ရှေ့သို့ ခြေလှမ်းအနည်းငယ် ပြေးသွားလိုက်သော်လည်း ပြေးလေလေ တစ်ခုခု မှားယွင်းနေသလို ခံစားရလေလေ ဖြစ်လာသည်။
ကျောပြင်တစ်ခုလုံး အေးစိမ့်လာသလို ခံစားလိုက်ရ၏။
ခြေလှမ်းများကလည်း လေးလံထိုင်းမှိုင်းလာသည်။
ခန္ဓာကိုယ်ကြီးက ရှေ့သို့ ဆက်မပြေးချင်တော့သည့်အလား ဖြစ်နေတော့သည်။
စောစောက ကျား၏ အရိပ်အယောင်ကို မြင်လိုက်ရသဖြင့် ဤနယ်မြေမှ ဝေးဝေးသို့ ရှောင်ရှားရန်သာ သူ တွေးထားခဲ့သည်။ ဘာမှ ဆက်မပြောတော့ဘဲ အရင်ဆုံး ထွက်သွားသည်က ပိုကောင်းမည် မဟုတ်ပါလား။
သို့သော် ခြေလှမ်းအနည်းငယ် ပြေးပြီးနောက်တွင် တစ်ခုခု လွဲချော်နေကြောင်း ခံစားလိုက်ရသည်။
ရွှီယန်၏ အကဲခတ်နိုင်စွမ်းက အလွန် ကောင်းမွန်လှသည်။ ဤသည်မှာ တောင်တန်းများထဲတွင် အချိန်ကြာမြင့်စွာ နေထိုင်ရင်း ပျိုးထောင်လာခဲ့သော သူ၏ ကျွမ်းကျင်မှုတစ်ခုပင် ဖြစ်၏။
သူက ခြေလှမ်းများကို ချက်ချင်း ရပ်တန့်လိုက်ပြီး ရှေ့ဘက်သို့ မျက်လုံးဝေ့ဝဲကြည့်ရှုလိုက်ရာ မျက်နှာအမူအရာက အတော်လေး လေးနက်တည်ကြည်သွားသည်။
တစ်ခုခု ရှိနေပုံရသည်။
မူလက ကျားနှင့် ရွှီယန်၏ အကွာအဝေးမှာ မီတာ နှစ်ရာခန့် အတော်လေး ဝေးကွာသည်။ ရွှီယန် ခပ်သုတ်သုတ် ပြေးလာခဲ့သဖြင့် ယခုအခါ မီတာ တစ်ရာ့ငါးဆယ်ခန့် အကွာအဝေးသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။
ကြားထဲတွင် မြက်ပင်များ သစ်ပင်များနှင့် သစ်ရွက်များ ရောယှက်နေပြီး စိမ်းလန်းသော အပင်များဖြင့် ထူထပ်စွာ ဖုံးလွှမ်းနေသည်။
ဤမျှ အကွာအဝေးမှ တစ်ဖက်နှင့်တစ်ဖက် မြင်တွေ့နိုင်ရန်မှာ အလွန် ခက်ခဲလှပေသည်။
ကျားများ၏ အမြင်အာရုံမှာ အလွန် ကောင်းမွန်ပြီး သားကောင်ကို စောင့်ကြည့်ရန် သင့်တော်သော ထောင့်ချိုးများကိုလည်း ရှာဖွေတတ်ကြသည်။
မည်သို့ပင်ဆိုစေကာမူ ၎င်းတို့၏ အဓိက အမဲလိုက်သည့် နည်းလမ်းမှာ ချောင်းမြောင်းတိုက်ခိုက်ခြင်း ဖြစ်ပြီး ကြိုတင်ပုန်းအောင်းနေကာ အခွင့်အရေးရသည်နှင့် သားကောင်ကို လျှပ်စီးလက်သကဲ့သို့ အပြင်းအထန် တိုက်ခိုက်တတ်ကြ၏။
ထို့ကြောင့် ကျားများ၏ ပုန်းအောင်းနိုင်စွမ်းမှာလည်း အလွန် အဆင့်မြင့်မားလှသည်။
"လောင်ရွှီ... ဘာလို့ ဆက်မပြေးတော့တာလဲ"
"လိုက်ဖ်လွှင့်သူကြီး ငါ့ကို လာမခြောက်နဲ့နော်"
လိုက်ဖ်ကြည့်နေသည့် ပရိသတ်များက အသီးသီး ကွန်မန့် ရေးသားနေကြသည်။
ရွှီယန်က အရှိန်ကို လျှော့ချလိုက်၏။ အကယ်၍ ကျားက သူ့ကို မြင်သွားခဲ့လျှင် အလျင်စလို ထွက်ပြေးခြင်းက ဆိုးကျိုးကိုသာ ဖြစ်ပေါ်စေနိုင်ပေသည်။
"ကျွန်တော် တစ်ခုခု လွဲနေသလို ခံစားရတယ်... တစ်ခုခုက ကျွန်တော့်ကို စိုက်ကြည့်နေသလိုပဲ"
"ကျွန်တော် နောက်နေတာ မဟုတ်ဘူးနော်"
"ကျားက ကျွန်တော့်ကို မြင်သွားလောက်ပြီ"
ရွှီယန်၏ အသံက လိုက်ဖ်ထဲမှတစ်ဆင့် ထွက်ပေါ်လာသည်။
သူ၏ စကားကို ကြားသောအခါ အားလုံး၏ မျက်လုံးများတွင် စိုးရိမ်မှုများ ဖြစ်ပေါ်လာကြ၏။
'တကယ်ကြီးလား'
မူလက ပေါ့ပါးနေသော လေထုမှာ ချက်ချင်းပင် လေးလံသွားတော့သည်။ ပတ်ဝန်းကျင်မှ ယိမ်းနွဲ့နေသော မြက်ပင် သစ်ပင်တိုင်းက အန္တရာယ်များဖြင့် ပြည့်နှက်နေသလို ခံစားရစေသည်။
ဤအချိန်တွင်မူ လေတိုက်သံနှင့် ငှက်အော်သံကိုပင် ရန်သူဟု ထင်မှတ်ခြင်း ဆိုသည့် စကားပုံ၏ အဓိပ္ပာယ်ကို အားလုံး နားလည်သွားကြလေပြီ။
တကယ်ကို အသက်ရှူကျပ်လုမတတ် ခံစားချက်မျိုးပင် ဖြစ်သည်။
ကျားက မြင့်မားသော နေရာရှိ မြက်တောထဲတွင် ရှိနေပြီး ခေါင်းလေးပြူကာ ရွှီယန်ကို တိတ်တဆိတ် အကဲခတ်နေသည်။
ယခင်ကလည်း လူများနှင့် ကျား ဆုံတွေ့ခဲ့သည့် ဖြစ်ရပ်များ ရှိခဲ့ဖူး၏။ အစ်ကိုကြီး တစ်ယောက် အလုပ်ဆင်းပြီး အိမ်ပြန်လာစဉ် လမ်းဘေးရှိ မြက်တောထဲတွင် ကျားတစ်ကောင် ချောင်းမြောင်းနေခဲ့ဖူးသည်။
သူ အနားရောက်သွားချိန်တွင် ကျားက လန့်သွားပြီး ချက်ချင်းပင် ခုန်ထွက်ကာ ထွက်ပြေးသွားခဲ့သည်။
ထိုအစ်ကိုကြီးမှာလည်း လန့်ဖျပ်ပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားကာ ဘဝကိုပင် သံသယဝင်သွားလုမတတ် ဖြစ်သွားခဲ့ရ၏။
ထို့ကြောင့် ကျားများက တစ်ခါတစ်ရံတွင် လူများကို အရင်စတင် တိုက်ခိုက်လေ့ မရှိကြချေ။
ရွှီယန်က ရှေ့သို့ ဆက်လျှောက်သွားရင်း ပတ်ဝန်းကျင်ကို အကဲခတ်နေဆဲ ဖြစ်သည်။
ထိုအချိန်မှာပင် သူနှင့် မြက်တောထဲမှ မျက်လုံးတစ်စုံတို့ အကြည့်ချင်း ဆုံသွားတော့၏။
မြက်တောထဲတွင် မှတ်မှတ်ရရ တစ်ချက်လောက် အကြည့်ချင်း ဆုံသွားရုံမျှဖြင့်...
ချက်ချင်းပင် ရွှီယန်၏ ခန္ဓာကိုယ်က မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး တစ်ကိုယ်လုံးရှိ ကြက်သီးမွေးညင်းများပင် ထောင်ထသွားတော့သည်။
အမည်းရောင် မျက်ခမ်းခြယ်ထားသကဲ့သို့ ထူထဲလှသော ထိုမျက်လုံးကြီးများက...
ကျားပဲ။
ရွှီယန်က ချက်ချင်း ရပ်တန့်လိုက်သည်။ သူ အနည်းငယ် စိုးရိမ်တကြီး ဖြစ်သွားပြီးနောက် လိုက်ဖ်ထဲမှ အင်တာနက်သုံးစွဲသူများကို ပြောလိုက်သည်။
"ဘယ်သူ လျှောထိုးပြီး ဝင်တိုက်ချင်သေးလဲ"
"ကျွန်တော် ကျားကို မြင်လိုက်ပြီ"
ရွှီယန်က ကျားနှင့် အကြည့်ချင်း ဆက်မဆုံတော့ပေ။ ၎င်းက စိန်ခေါ်ရာ ကျရောက်သွားနိုင်သောကြောင့် ဖြစ်၏။
ရွှီယန်၏ စကားကြောင့် အင်တာနက်သုံးစွဲသူများမှာ ကြောင်အအ ဖြစ်သွားကြသည်။
'လိုက်ဖ်လွှင့်သူကြီး ကိုယ်ဘာပြောနေလဲဆိုတာ ကိုယ်တိုင် ပြန်နားထောင်ကြည့်ပါဦးလား... တကယ်ကြီး ကျားကို မြင်လိုက်ရတာလား'
"လောင်ရွှီ... နောက်မနေနဲ့နော်"
"မင်း ငါတို့ကို လာနောက်နေတာလား"
"ငါ လျှောထိုးပြီး ဝင်တိုက်မယ်... ငါ စာရင်းသွင်းတယ်... ငါ ပထမဆုံးပဲ"
"ဟားဟား... လေထုကို သက်ဝင်လာအောင် တော်တော် လုပ်တတ်တာပဲ"
အားလုံးက သူ နောက်ပြောင်နေသည်ဟုသာ ထင်မှတ်နေကြသည်။ ရုတ်တရက် ပြောလိုက်သော ဟာသတိုလေး တစ်ခုလိုပင်။
သို့သော် အင်တာနက်သုံးစွဲသူများက အမြဲတမ်း ပျော်စရာရှာတတ်ကြသဖြင့် သူ၏ ဤစကားက တကယ်ပင် အလုပ်ဖြစ်သွားခဲ့၏။
"ကျွန်တော် အတည်ပြောနေတာ"
"ဟိုမြက်တောထဲကို သေချာကြည့်လိုက်... အဲဒီမျက်လုံးက ကျားပဲ"
ရွှီယန်က ဒရုန်း၏ ဦးတည်ရာကို လှည့်လိုက်ပြီး လိုက်ဖ်ကင်မရာကနေ ကျား၏ မျက်နှာစာကို ရှင်းလင်းစွာ ရိုက်ကူးနိုင်စေရန် ပြုလုပ်လိုက်သည်။
ဤအချိန်တွင် အားလုံး၏ ရင်ထဲ၌ ရုတ်တရက် အသက်ရှူကျပ်လာသလို ခံစားလိုက်ကြရ၏။
မကြာမီမှာပင် လူအချို့က ကျား၏ မျက်လုံးများကို စတင် မြင်တွေ့သွားကြပြီး ထိုမှတစ်ဆင့် ကျား၏ ခေါင်းတစ်ခုလုံးကိုပါ မြင်တွေ့သွားကြတော့သည်။
၎င်းက မြက်တောထဲတွင် ပုန်းအောင်းနေပြီး အောက်ဘက်ရှိ အရာအားလုံးကို သတိကြီးစွာဖြင့် အကဲခတ်နေသည်။
သားရဲတို့၏ ဘုရင် ဖြစ်နေသည့်တိုင်... ၎င်း၏ ကိုယ်ပိုင် နယ်မြေထဲတွင် ဖြစ်နေသည့်တိုင်... မွေးရာပါ သတိဝီရိယကို အပြည့်အဝ ထိန်းသိမ်းထားဆဲပင်။
ကျား စိုက်ကြည့်နေသော ဦးတည်ချက်က ရွှီယန် ရှိရာဘက်ဆီသို့သာ ဖြစ်၏။
၎င်းက ရွှီယန်ကို အကဲခတ်နေခြင်း ဖြစ်သည်။
"လခွမ်း"
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အင်တာနက်သုံးစွဲသူများ အားလုံး ဦးနှောက်ထဲတွင် ဘာမှ မတွေးနိုင်တော့ဘဲ ဟာလာဟင်းလင်း ဖြစ်သွားကြတော့သည်။
တကယ်ကြီး ကျားပဲ။
စောစောက လျှောထိုးပြီး ဝင်တိုက်မည်ဟု ဆူညံနေခဲ့သော အင်တာနက်သုံးစွဲသူများ အားလုံး ဤအချိန်တွင် ပါးစပ် ပိတ်သွားကြလေပြီ။
အရှေ့မြောက် ကျားဝါကြီး၏ ဖိအားပေးနိုင်မှုက အားလုံးကို ဘာစကားမှပင် မပြောထွက်နိုင်အောင် ဖြစ်သွားစေသည်။
လိုက်ဖ်ထဲတွင် လူဦးရေက အရှိန်အဟုန်ဖြင့် တိုးပွားလာနေ၏။
ဤလိုက်ဖ်မှာ တစ်ပလက်ဖောင်းလုံးတွင် တစ်ခုတည်းသော သီးသန့် လိုက်ဖ် ဖြစ်လာမည်မှာ သေချာလှသည်။
တောထဲသွားရင်း တောရိုင်း အရှေ့မြောက် ကျားဝါကြီးနှင့် ဆုံတွေ့ရသည် ဟုတ်လား။
ကြားရုံနှင့်ပင် မယုံနိုင်စရာ ကောင်းလွန်းလှပေသည်။
"တော်သေးတယ်... အရွယ်မရောက်သေးတဲ့ အရှေ့မြောက် ကျားဝါကြီးပဲ... ကြည့်ရတာ အသက် တစ်နှစ်လောက်ပဲ ရှိဦးမယ် ထင်တယ်"
"ဒီအရွယ် ကျားတွေက အဲဒီလောက် ကြမ်းတမ်းတဲ့ စိတ်မရှိသေးဘူး... ပြီးတော့ ကလေးဆန်တဲ့ အကျင့်လေးတွေလည်း လုံးဝ မပျောက်သေးဘူးလေ"
"ဒါကြောင့် ပုံမှန်အခြေအနေဆိုရင်တော့ လူတွေကို ရုတ်တရက်ကြီး လာတိုက်ခိုက်မှာ မဟုတ်ဘူး"
ရွှီယန်က ရှင်းပြလိုက်သည်။
ဤသည်မှာ သူ အတော်လေး စိတ်အေးလက်အေး ဖြစ်နေရသည့် အကြောင်းရင်းလည်း ဖြစ်၏။
ဤအရှေ့မြောက် ကျားဝါကြီးက ကြည့်ရသည်မှာ အလွန် ငယ်ရွယ်သေးပြီး ခန္ဓာကိုယ်မှာ အပြည့်အဝ မကြီးထွားသေးချေ။
အကယ်၍ အရွယ်ရောက်ပြီးသော အရှေ့မြောက် ကျားဝါကြီး အစစ်သာဆိုပါက ခန္ဓာကိုယ်အလျား ၂.၂ မီတာခန့် ရှိပြီး မတ်တတ်ရပ်လိုက်ပါက လူတစ်ယောက်ထက်ပင် အရပ်ရှည်ကာ ကျားခေါင်းကြီးမှာလည်း လူတစ်ယောက်၏ ဝမ်းဗိုက်အရွယ်အစားခန့် ကြီးမားသဖြင့် အလွန် ကြောက်မက်ဖွယ် ကောင်းလှမည် ဖြစ်သည်။
သားရဲတို့၏ ဘုရင်... တောင်တန်းအရှင်သခင်... တောင်ပိုင်နတ် စသည့် ဂုဏ်ပုဒ်များမှာ အလကား ရလာခြင်း မဟုတ်ပေ။
ဤအကောင်များသာ အရွယ်ရောက်သွားပါက တောင်ပေါ်တွင် ပြိုင်ဘက်ကင်းပင် ဖြစ်သည်။
"တကယ်ကြီး ကျားရှိနေတာပဲ"
"လခွမ်း... ငါ မြင်လိုက်ပြီ... ကျားပဲ"
"လောင်ရွှီ... မင်းကတော့ တကယ်ကို ဆရာကြီးပဲ"
"ဒီလောက်တောင် ဖြစ်နေတာကို မပြေးသေးဘူးလား"
ကွန်မန့်များ ချက်ချင်းပင် ဆူညံပွက်လောရိုက်သွားတော့သည်။
လူတိုင်းက လိုက်ဖ်မြင်ကွင်းကို မယုံနိုင်စွာ ကြည့်နေကြ၏။
ဤကဲ့သို့သော လိုက်ဖ်အကြောင်းအရာမျိုးက အားလုံး၏ မျှော်လင့်ထားမှုများကို ကျော်လွန်နေပြီ ဖြစ်သည်။
ထိုအချိန်မှာပင် ကျားက ရွှီယန် သူ့ကို မြင်သွားကြောင်း သတိထားမိလိုက်သည်။
၎င်းက မြက်တောထဲမှ တဖြည်းဖြည်း ထွက်လာပြီး ခန္ဓာကိုယ်တစ်ခုလုံးကို အပြည့်အဝ ပေါ်လွင်စေလိုက်၏။
ဤကောင်လေးက အလွန် လှပလှသည်။ ခန္ဓာကိုယ်တစ်ခုလုံး အမွေးများ ဖုံးလွှမ်းနေပြီး လိမ္မော်ရောင် အမွေးအမှင်များက အလွန် တောက်ပနေကာ အနက်ရောင် အစင်းကျားများက ၎င်း၏ တည်ငြိမ်သော ခံစားချက်ကို ပိုမို ပေါ်လွင်စေ၏။
အမွေးများ ဖုံးလွှမ်းနေသော ကျားလက်ဝါးကြီး လေးဖက်မှာ လူတစ်ယောက်၏ လက်ထက်ပင် ပို၍ ကြီးမားနေပြီး ခေါင်းကြီးကလည်း ခမ်းနားထည်ဝါမှုနှင့် သွက်လက်မှုကို ပေါ်လွင်စေသည်။
ကျားဆိုသည်မှာ အခြေခံအားဖြင့် ပြီးပြည့်စုံမှု အရှိဆုံး သားရဲများပင် ဖြစ်၏။
တောတောင်၏ ဘုရင် ဖြစ်သည့်အပြင် ရေကူးလည်း အလွန် ကျွမ်းကျင်ကာ ခွန်အား... အမြန်နှုန်းနှင့် အမဲလိုက် ကျွမ်းကျင်မှုတို့မှာလည်း ထိပ်တန်း အဆင့်တွင် ရှိပေသည်။
ရွှီယန် အနည်းငယ် စိုးရိမ်နေသော်လည်း အနည်းငယ်သာ ဖြစ်သည်။ သူ့တွင် လောလောဆယ် အသုံးပြုရန် နောက်ဆုံး အားကိုးစရာ ရှိနေသေး၏။
ထို့အပြင် အရွယ်မရောက်သေးသော ကျားတစ်ကောင်၏ ခန္ဓာကိုယ်အလျားမှာ ၁.၈ မီတာခန့်သာ ရှိသေးပြီး ၂.၂ မီတာအထိ မကြီးထွားသေးသဖြင့် ၎င်း၏ ခွန်အားမှာ အထွတ်အထိပ် အချိန်နှင့် နှိုင်းယှဉ်ပါက အဆင့်တစ်ဆင့်ခန့် ကွာဟနေသေးသည်။
သို့သော် ရွှီယန်ကလည်း သေချာပေါက် ယှဉ်ပြိုင်နိုင်မည် မဟုတ်ချေ။
ကျားများ၏ မျက်နှာချင်းဆိုင် အမဲလိုက်သည့် နည်းစနစ်မှာ အလွန် ရိုးရှင်းလှသည်။ လက်သည်း နှစ်ဖက်ဖြင့် သားကောင်ကို ဖိချထားပြီးနောက် သားကောင်၏ လည်ပင်းနောက်ဘက်ကို တိုက်ရိုက် ကိုက်ချလိုက်ခြင်းပင်။
လည်ပင်းနောက်ဘက်ကို ကိုက်ခံရပြီဆိုပါက မည်သည့် တိရစ္ဆာန်မဆို အခြေခံအားဖြင့် ဆက်လက် ရုန်းကန်နိုင်စွမ်း မရှိတော့ချေ။
လျှောထိုးပြီး ဝင်တိုက်မည်ဆိုပါက တစ်ဝက်ပင် မရောက်သေးမီ ကျား၏ ဖိချခြင်းကို ခံရမည်မှာ အသေအချာပင်။
သေတွင်းထဲ တိုးဝင်ခြင်းနှင့် ဘာမှ မကွာခြားလှပေ။
"တကယ့် တောရိုင်း အရှေ့မြောက် ကျားဝါကြီးပဲ... ချန်ပိုင်တောင်တန်းမှာ ဒီလောက် နှစ်တွေ အကြာကြီး နေလာတာတောင် အရှင်လတ်လတ် မြင်ဖူးတာ ဒါ ပထမဆုံးအကြိမ်ပဲ"
ရွှီယန်၏ အသံထဲတွင် အနည်းငယ် စိတ်လှုပ်ရှားနေမှုများ ပါဝင်နေသည်။
သူ၏ စကားကို ကြားသောအခါ အင်တာနက်သုံးစွဲသူများမှာ ထိတ်လန့်တကြားဖြင့် ပါးစပ်ကို အုပ်ထားကြပြီး နှလုံးခုန်သံများ ပေါက်ထွက်မတတ် မြန်ဆန်လာကြ၏။
'နေပါဦး... ဘယ်အချိန် ရှိနေပြီမို့လို့ ဒီလိုမျိုး စိတ်လှုပ်ရှားနေရတာလဲ... သာမန် လူတစ်ယောက်သာ ကျားကို မြင်လိုက်ရပါက အမေရေ အဖေရေ တပြီး အော်ငိုနေလောက်ပြီ ဖြစ်တယ်... ဒီနေရာက တောရိုင်းထဲ ဖြစ်ပြီး ကျားရဲ့ နယ်မြေထဲမှာ ဖြစ်နေတာလေ... မင်းက တကယ်ကြီး မကြောက်တာလား'
'အကယ်၍ ကျားသာ ထွက်သွားမယ်ဆိုရင် လူကောင်းကတ် (သံယောဇဥ်ကတ်) ကို မသုံးတော့ဘူး... လူကောင်းကတ်ကို အသက်ကယ်ဖို့ နောက်ဆုံး အားကိုးစရာအဖြစ် ဆက်သိမ်းထားရင် နောက်ပိုင်း တောင်ပေါ်တက်တဲ့အခါလည်း အာမခံချက် တစ်ခု ရတာပေါ့... အကယ်၍ ကျားက ငါ့အပေါ် ရန်လိုတဲ့ အရိပ်အယောင် ပြလာရင်တော့ သုံးလိုက်မယ်... ပြဿနာ မဖြစ်အောင် ရှောင်ရမှာပဲ... ဒီအကောင်က သွားရှုပ်လို့ ရတဲ့ အကောင်မှ မဟုတ်တာ'
ရွှီယန်က စိတ်ထဲမှ တွေးလိုက်သည်။
မြင်ကွင်းမှာ တစ်ခဏမျှ တင်းမာသွားခဲ့သည်။ အရှေ့မြောက် ကျားဝါကြီးက ရွှီယန်ကို စိုက်ကြည့်နေပြီး ၎င်းကလည်း ရွှီယန်၏ အခြေအနေကို သေချာ မသိသေးချေ။
ပုံပြင်ထဲမှ မြည်းတစ်ကောင်၏ အဖြစ်အပျက်ကဲ့သို့ပင်... ကျားက မြည်းကို တစ်ခါမှ မမြင်ဖူးခဲ့သဖြင့် မြည်းတွင် ဘာစွမ်းရည်များ ရှိသလဲဆိုတာ မသိဘဲ အနားကပ်၍ စမ်းသပ်ကြည့်ရုံသာ ဖြစ်၏။
နောက်ဆုံးတွင် မြည်းက အော်မြည်ခြင်းနှင့် ခွာဖြင့် ကန်ခြင်းသာ တတ်ကြောင်း သိသွားသောအခါ တိုက်ရိုက်ပင် မြည်းကို စားပစ်လိုက်တော့သည်။
"သူက ကျွန်တော့်ရဲ့ စွမ်းရည်ကို အကဲခတ်နေတာ"
"လောလောဆယ်တော့ ကျွန်တော့်ကို တိုက်ခိုက်မယ့် အစီအစဉ် မရှိသေးဘူး"
"သူ ဘယ်လို တွေးနေလဲဆိုတာပဲ ကြည့်ရမှာပေါ့"
ရွှီယန်က ဘာမှ မလှုပ်ရှားဘဲ ကျားကိုသာ စိုက်ကြည့်နေပြီး အင်တာနက်သုံးစွဲသူများကို လက်ရှိ အခြေအနေအား ရှင်းပြပေးရန်လည်း မမေ့လျော့ခဲ့ချေ။
အားလုံးက ကြည့်လေလေ ပို၍ စိုးရိမ်လာလေလေ ဖြစ်၏။
အချို့လူများဆိုလျှင် အသက်ပင် ပြင်းပြင်း မရှူရဲကြတော့ပေ။
ရွှီယန်က အကျိုးဆက်ကို ထည့်မတွက်ဘဲ လုပ်ချင်ရာ လုပ်နေသည်ဟု သူတို့ ခံစားလာကြရသည်။
'ဒီလောက်တောင် ဖြစ်နေတာကို မပြေးသေးဘူးလား... ရှင်းပြဖို့တောင် စိတ်ကူး ရှိနေသေးတယ် ဟုတ်လား'
သို့သော် ရွှီယန်၏ ဤကဲ့သို့ ကြောက်ရွံ့မှု ကင်းမဲ့နေခြင်းကပင် သူ မည်မျှ တော်ကြောင်းကို ခံစားမိစေသည်။
တကယ့်ကို အကြောက်အလန့် မရှိတဲ့ လူစားမျိုးပင်။
လေထုက ဆက်လက် တင်းမာနေဆဲ ဖြစ်သည်။
ရွှီယန်က ဘာမှ မပြောတော့ချေ။
အရှေ့မြောက် ကျားဝါကြီးက အလွန် သတိကြီးစွာဖြင့် လည်ချောင်းထဲမှ ဟိန်းသံသဲ့သဲ့ကို စတင် ဖန်တီးလာတော့သည်။
ဤအကောင်က ခြိမ်းခြောက်မှုကို ခံစားလိုက်ရပြီး တိုက်ခိုက်တော့မည့် အရိပ်အယောင်များ ပြသနေပြီဖြစ်ကြောင်း ရွှီယန် ရိပ်မိလိုက်၏။
မည်သို့ပင်ဆိုစေကာမူ ၎င်း၏ ကိုယ်ပိုင် နယ်မြေထဲတွင် ဤမျှ ရောင့်တက်နေသည်ကို တွေ့ရသဖြင့် ကျားက လှုပ်ရှားရန် စိတ်ကူးမရှိလျှင်ပင် လှုပ်ရှားရတော့မည် ဖြစ်သည်။
'ထားလိုက်ပါတော့... သုံးလိုက်တော့မယ်... ဒီတောင်က ကျားရဲ့ နယ်မြေဆိုတော့ ငါ အထဲကို ဝင်လာကတည်းက ကာကွယ်ရေးခ ပေးရမယ်လို့ သဘောထားလိုက်တော့မယ်'
ရွှီယန်က စိတ်ထဲမှ တွေးလိုက်သည်။
သူက လူကောင်းကတ်ကို အသုံးပြုရန် ရွေးချယ်လိုက်၏။ ကိရိယာကို အောင်မြင်စွာ အသုံးပြုလိုက်ပြီးနောက် ကျား၏ မျက်နှာအမူအရာက ချက်ချင်းပင် ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည်။
မူလက ခန္ဓာကိုယ်ကို နှိမ့်ချကာ ပြေးဝင်လာမည့် ဟန်ပြင်နေသော်လည်း ရုတ်တရက် အံ့အားသင့်သွားသည့် ပုံပေါက်သွားတော့သည်။
ကျား၏ စိတ်ထဲတွင် သူ၏ ရှေ့မှ ရိုင်းစိုင်းလှသော ဤလူသားက ရုတ်တရက် ဘာကြောင့် ရင်းနှီးချစ်ခင်စရာ ကောင်းလာရသနည်းဟု တွေးလိုက်မိသွား၏။
လိုက်ဖ်ထဲမှ သောင်းနှင့်ချီသော အင်တာနက်သုံးစွဲသူများ၏ ရှေ့တွင် ရွှီယန်က ကျားနှင့် တိုက်ရိုက် ရင်းနှီးနေပုံကို ပြသရန် အဆင်မပြေချေ။
ထို့ကြောင့် သူက ကျောပိုးအိတ်ကို ချွတ်လိုက်ပြီး အိတ်ထဲမှ နို့ဘူးတစ်ဘူးကို အလျင်အမြန် ထုတ်ယူလိုက်သည်။
"ကျွန်တော် မူလက နို့ဘူး နှစ်ဘူး ယူလာတာ... ဒရယ်ပြောက်လေးတွေ သမင်ပြောက်လေးတွေနဲ့ တွေ့ရင် တိုက်မလို့ ရည်ရွယ်ထားတာ"
"အခုတော့ မတတ်နိုင်ဘူး... ကျားကို အရင် တိုက်လိုက်ရတော့မယ်"
"အရွယ်မရောက်သေးတဲ့ ကျားဆိုတော့ နို့သောက်ရတာကို သဘောကျလောက်ဦးမှာပါ"
ရွှီယန်က နို့ဘူး တစ်ဘူးကို ကျားဆီသို့ တိုက်ရိုက် ပစ်ပေးလိုက်သည်။
"လခွမ်း... မင်း ဘာတွေ လုပ်နေတာလဲ"
"ကျားက အသားကို ထားပြီး နို့သောက်ဦးမှာလား"
"လိုက်ဖ်လွှင့်သူကြီး မြန်မြန် ပြေးပါတော့... ဒါမှမဟုတ်ရင် သစ်ပင်ပေါ် တက်ပြီး ကယ်ဆယ်ရေးကို စောင့်နေလိုက်ပါ"
"ဒါက အစစ်အမှန် အရှေ့မြောက် ကျားဝါကြီး အစစ်နော်"
အင်တာနက်သုံးစွဲသူများက လိုက်ဖ်ထဲတွင် အရူးအမူး အော်ဟစ်နေကြ၏။ သူ တစ်ခုခု ဖြစ်သွားမည်ကို အလွန် စိုးရိမ်နေကြသည်။
ဤအချိန်တွင် အရှေ့မြောက် ကျားဝါကြီး၏ အကြည့်များက နို့ဘူးပေါ်သို့ ကျရောက်သွားတော့သည်။
၎င်းက တဖြည်းဖြည်း လျှောက်သွားကာ ခေါင်းကို ငုံ့ပြီး နို့ဘူးကို နှာခေါင်းဖြင့် နမ်းကြည့်လိုက်၏။
ထို့နောက် လက်သည်းဖြင့် နို့ဘူးကို ကုတ်ခြစ်ကြည့်ကာ ပါးစပ်ဖြင့် ကိုက်ချီလိုက်သည်။
ထို့နောက် လိုက်ဖ်ထဲရှိ အင်တာနက်သုံးစွဲသူ တစ်သိန်းကျော်၏ စောင့်ကြည့်မှု အောက်တွင် ကျားက မြေပြင်ပေါ်သို့ တိုက်ရိုက် လှဲချလိုက်ပြီး သက်သောင့်သက်သာဖြင့် နို့စတင် သောက်တော့သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အင်တာနက်သုံးစွဲသူများမှာ ကြက်သေသေသွားကြပြီး သူတို့၏ ပါးစပ်များမှာ ကြက်ဥတစ်လုံး ဝင်သွားနိုင်လောက်သည်အထိ ဟသွားကြတော့၏။
'ဒါကြီးက တကယ် အလုပ်ဖြစ်တာလား'
'ဒီလိုလုပ်တာက တကယ် အလုပ်ဖြစ်သွားတာလား'
'အရှေ့မြောက် ကျားဝါကြီး တစ်ကောင်က နို့ဘူး တစ်ဘူးနဲ့တင် အသိမ်းသွင်းခံလိုက်ရပြီ ဟုတ်လား'
'လခွမ်း'
'ဒါကြီးက အရမ်း လွန်လွန်းနေပြီ မဟုတ်လား’