အခန်း ၁၁၆
Vol. 12 Ch. 116
အခန်း (၁၁၆) ကျားကို နို့ဘူးခေါင်းနဲ့ ရင်ဆိုင်မယ် ဟုတ်လား... တကယ်ကြီးလား
ရွှီယန်၏ လိုက်ဖ်ကို လူအများအပြား ဝင်ရောက်ကြည့်ရှုလာကြသည်။
လိုက်ဖ်လွှင့်ရင်း တောရိုင်း အရှေ့မြောက် ကျားဝါကြီးနှင့် ကြုံတွေ့ရခြင်းမှာ တကယ့်ကို ပထမဆုံးအကြိမ်ပင် ဖြစ်၏။
ထို့အပြင် အားလုံး ထင်မှတ်ထားခဲ့သော အသက်လု ထွက်ပြေးရမည့် အဖြစ်အပျက်မျိုး ဖြစ်မလာခဲ့ဘဲ ရွှီယန်က နို့ဘူးတစ်ဘူး ပစ်ပေးလိုက်ရာ ကျားက နို့စသောက်နေခဲ့သည်။
ယခုအခါ လိုက်ဖ်ကြည့်ရှုသူ အရေအတွက်မှာ ပထမဆုံးအကြိမ်အဖြစ် တစ်သိန်းကျော်သွားခဲ့ပြီ ဖြစ်သည်။
အားလုံး လုံးဝ ကြောင်အသွားကြတော့၏။
'ဘာအခြေအနေလဲ... ဒါက အရှေ့မြောက် ကျားဝါကြီးလား... သားရဲတွေရဲ့ ဘုရင်ကြီးလေ... အကြမ်းတမ်းဆုံး အမဲလိုက် သတ္တဝါကြီးလေ... တောတောင်ရဲ့ အရှင်သခင်ကြီး မဟုတ်ဘူးလား... ဘယ်လိုလုပ် နို့ဘူးလေး တစ်ဘူးနဲ့တင် အသိမ်းသွင်းခံလိုက်ရတာလဲ'
ရွှီယန်က ကျားသည် မိမိအပေါ် ရန်လိုစိတ် မရှိတော့ကြောင်း သိလိုက်သဖြင့် အတော်လေး စိတ်အေးသွားခဲ့သည်။
လူကောင်းကတ်က သားရဲတိရစ္ဆာန်များကို ရွှီယန်အပေါ် ရင်းနှီးချစ်ခင်မှု ဖြစ်ပေါ်စေပြီး အန္တရာယ် မပြုစေသော်လည်း မှီခိုအားထားလိုသည့် ခံစားချက်မျိုးကိုတော့ ဖြစ်ပေါ်စေမည် မဟုတ်ပေ။
ဥပမာအားဖြင့် မိခင်ကျားသစ်မကြီးဆိုလျှင် အစပိုင်းက ရွှီယန်အပေါ် သာမန် ခင်မင်မှုလောက်သာ ရှိခဲ့ပြီး နောက်ပိုင်းတွင် ရွှီယန်က ကလေးထိန်းပေးလေ့ရှိသဖြင့်သာ သူ့အပေါ် တဖြည်းဖြည်း ပိုမို ယုံကြည်လာခဲ့ခြင်း ဖြစ်၏။
ရွှီယန်က ဟန်ဆောင်ပန်ဆောင်ဖြင့် နောက်သို့ ခြေနှစ်လှမ်းခန့် ဆုတ်လိုက်သည်။
"ဒီကျားက ငယ်သေးတော့ နို့ကို စိတ်ဝင်စားတာ ပုံမှန်ပါပဲ... ကြည့်ရတာ ကျွန်တော့်အပေါ် ရန်လိုတဲ့စိတ် မရှိဘူးထင်တယ်... ဒါပေမဲ့ တောရိုင်း တိရစ္ဆာန်ဆိုတော့ သတိတော့ ထားရမှာပေါ့"
ရွှီယန်က ရှင်းပြလိုက်သည်။
ထိုအချိန်တွင် သူ၏ လိုက်ဖ်အောက်ဘက်၌ အန္တရာယ်ရှိသော လုပ်ရပ်ဖြစ်သဖြင့် အတုမယူပါနှင့် ဆိုသည့် သတိပေးစာတန်း ပေါ်လာခဲ့သည်။
ရွှီယန်၏ လိုက်ဖ်မှာ အလွန် ရေပန်းစားနေပြီ ဖြစ်၏။
ထိုအချိန် နိုင်ငံတော် သစ်တောဥယျာဉ်ရှိ ကျားနှင့် ကျားသစ် စောင့်ကြည့်ရေးစခန်း အတွင်းတွင် ဖြစ်သည်။
သစ်တောစောင့် ဝမ်ကျန်းဟိုင် ထံသို့ ဖုန်းဝင်လာပြီး လိုက်ဖ်လွှင့်သူ တစ်ယောက် တောထဲတွင် တောရိုင်း အရှေ့မြောက် ကျားဝါကြီးနှင့် ကြုံတွေ့နေရကာ လက်ရှိအချိန်အထိ လိုက်ဖ်လွှင့်နေဆဲဖြစ်ကြောင်း သတင်းပေးလာသည်။
ဝမ်ကျန်းဟိုင် ချက်ချင်းပင် စိုးရိမ်တကြီး ဖြစ်သွားတော့၏။
"တောရိုင်း အရှေ့မြောက် ကျားဝါကြီးနဲ့ တွေ့နေတာလား... ဒီလိုက်ဖ်လွှင့်သူ သတ္တိ အရမ်း ကောင်းလွန်းနေပြီ"
သူက ချက်ချင်းပင် ဖုန်းကို ထုတ်ကာ ရှာဖွေလိုက်ရာ မကြာမီမှာပင် ရွှီယန်၏ လိုက်ဖ်ကို တွေ့သွားသည်။
ထိုအချိန်တွင် ရွှီယန်၏ လိုက်ဖ်ကြည့်ရှုသူ အရေအတွက်မှာ အလွန်ကို များပြားလွန်းနေ၏။
တောနက်ကြီးထဲတွင် လိုက်ဖ်လွှင့်ရင်း တောရိုင်း အရှေ့မြောက် ကျားဝါကြီးနှင့် ကြုံတွေ့ရသည့် မြင်ကွင်းက လူများကို မထွက်သွားနိုင်တော့ဘဲ ဆက်လက် ကြည့်ရှုနေစေရန် ဆွဲဆောင်ထားနိုင်ခဲ့သည်။
ရွှီယန်က ထွက်မသွားဘဲ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ကာ မြက်တောထဲတွင် ပုန်းကွယ်လျက် ထိုကျားကို သေချာ စောင့်ကြည့်နေသည်။
အင်တာနက်သုံးစွဲသူများကလည်း ကြည့်နေကြ၏။
ကျားက အလွန် တောင့်တင်းခိုင်မာပြီး ဗိုက်ကလေးကလည်း စူထွက်နေကာ ခြေလက်များက ခွန်အား အပြည့်ရှိပုံရသည်။
၎င်းက နို့ဘူးထဲမှ နို့ကို သက်သောင့်သက်သာ သောက်နေလေသည်။
သစ်တောစောင့် ဝမ်ကျန်းဟိုင် က ဤမြင်ကွင်းကို မြင်သောအခါ ဘာဖြစ်သွားသလဲဆိုတာကို အကြမ်းဖျင်း ခန့်မှန်းမိလိုက်သည်။
'နို့ဘူးနဲ့တင် ကျားကို ရပ်တန့်သွားစေတယ် ဟုတ်လား... ဒါ မဖြစ်နိုင်တာ... ဒီကျားရဲ့ ခန္ဓာကိုယ် အရွယ်အစားကို ကြည့်ရတာ အသက် ဆယ်လလောက်ပဲ ရှိဦးမယ်... အပြည့်အဝ အရွယ်မရောက်သေးပေမယ့် အသားကို ပိုပြီး စိတ်ဝင်စားသင့်တာပဲ'
သို့သော် သူက တစ်ခုခုကို တွေးမိသွားဟန်ဖြင့် ချက်ချင်းပင် ကွန်မန့် ရေးလိုက်၏။
'ချန်ပိုင်တောင်တန်း ကျားနှင့် ကျားသစ် စောင့်ကြည့်ရေးအဖွဲ့မှ ဝမ်ကျန်းဟိုင် - လိုက်ဖ်လွှင့်သူ... အဲဒီကျားကို သေချာ ကြည့်ကြည့်ပါဦး... သူ့ရဲ့ ညာဘက် ရှေ့လက်ဖဝါးမှာ အမာရွတ် တစ်ခု ရှိမနေဘူးလား'
ဝမ်ကျန်းဟိုင် က ရွှီယန်ထံသို့ မက်ဆေ့ချ်ပါ ပို့၍ ထိုမေးခွန်းကိုပင် မေးလိုက်သည်။
သစ်တောစောင့်များ၏ ဘဝက အတော်လေး ပျင်းစရာကောင်းသဖြင့် တိရစ္ဆာန်များကို ကယ်ဆယ်သည့် ဗီဒီယိုများ သို့မဟုတ် တောလှည့်သည့် ဗီဒီယိုများကို ရိုက်ကူးလေ့ ရှိကြ၏။
ထို့ကြောင့် ဝမ်ကျန်းဟိုင် တွင်လည်း ကိုယ်ပိုင် ဗီဒီယိုအကောင့် ရှိပြီး ဖော်လိုးဝါ လေးထောင်ကျော် ရှိပေသည်။
အင်တာနက်သုံးစွဲသူများက ဝမ်ကျန်းဟိုင် ၏ ကွန်မန့်ကို သတိထားမိသွားကြပြီး ရွှီယန်ကို အသီးသီး သတိပေးကြသည်။
ရွှီယန်လည်း သတိထားမိသွား၏။
"ကျားနဲ့ ကျားသစ် စောင့်ကြည့်ရေးအဖွဲ့က လူတစ်ယောက် ကျွန်တော့်ဆီ မက်ဆေ့ချ်ပို့လာတယ်... ကျားရဲ့ ညာဘက် ရှေ့လက်ဖဝါးမှာ အမာရွတ် ရှိမရှိ ကြည့်ခိုင်းထားတယ်... ကျွန်တော် တွေ့လိုက်တယ်... ခဏလေး ကျွန်တော် သေချာ ကြည့်လိုက်ဦးမယ်"
ရွှီယန်က မှန်ပြောင်းကို ထုတ်ယူကာ နို့သောက်နေသော ကျားဆီသို့ လှမ်းကြည့်လိုက်သည်။
သူက နို့ဘူးကို ကိုင်ထားသော ကျား၏ ညာဘက် ရှေ့လက်ဖဝါးကို သေချာ ကြည့်ရှုလိုက်ရာ ထင်ထားသည့်အတိုင်းပင် အမာရွတ် တစ်ခု တကယ် ရှိနေသည်ကို တွေ့လိုက်ရ၏။
"ရှိတယ်... အမာရွတ် တကယ် ရှိတယ်"
ရွှီယန်က အတည်ပြုလိုက်သည်။
ထိုအချိန်တွင် ဝမ်ကျန်းဟိုင် က ရွှီယန်ထံသို့ မက်ဆေ့ချ်ပို့ကာ လိုက်ဖ်တွင် အတူတူ စကားပြောရန် ချိတ်ဆက်၍ ရမရ မေးလာရာ ရွှီယန်ကလည်း သဘောတူလိုက်သည်။
မကြာမီမှာပင် လိုက်ဖ်မျက်နှာပြင်က နှစ်ပိုင်း ကွဲသွားပြီး တစ်ဝက်က ကျားကို ရိုက်ကူးနေသော ရွှီယန်၏ လိုက်ဖ်ဖြစ်ကာ ကျန်တစ်ဝက်ကတော့ စောင့်ကြည့်ရေးစခန်း အတွင်းတွင် ထိုင်နေပြီး သစ်တောစောင့် ယူနီဖောင်းကို ဝတ်ဆင်ထားသော ဝမ်ကျန်းဟိုင် ပင် ဖြစ်သည်။
အင်တာနက်သုံးစွဲသူများ ချက်ချင်းပင် စိတ်ဝင်စားသွားကြတော့၏။
တကယ်တော့ ဤအချိန်တွင် ဒိုရင်န် ပလက်ဖောင်း တာဝန်ရှိသူများက အန္တရာယ်ရှိသော လိုက်ဖ်လွှင့်မှုကို ရှောင်ရှားရန် ရွှီယန်အား သတိပေးရန် ရည်ရွယ်ထားခဲ့ကြသည်။
သို့သော် တိုက်တိုက်ဆိုင်ဆိုင် တရားဝင် သစ်တောစောင့် တစ်ဦး ပေါ်လာသဖြင့် ဒိုရင်န်၏ လုပ်ငန်းလည်ပတ်ရေး ဝန်ထမ်းများက သတိပေးချက်ကို ယာယီ ဆိုင်းငံ့ထားလိုက်ကြသည်။
"မင်္ဂလာပါ ရွှီယန်... ကျွန်တော်က ကျားနဲ့ ကျားသစ် စောင့်ကြည့်ရေးစခန်းက သစ်တောစောင့် ဝမ်ကျန်းဟိုင် ပါ... ဒီကျားကို ကျွန်တော်တို့ အမြဲ လိုက်ရှာနေခဲ့တာ... သူ အသက်အန္တရာယ် ကြုံသွားပြီလို့ပဲ ကျွန်တော်တို့ အကုန်လုံး ထင်နေခဲ့ကြတာ... ဒီကျားရဲ့ အခြေအနေကို ခင်ဗျားကို ပြောပြချင်လို့ပါ... သူက လွန်ခဲ့တဲ့ နှစ်ဝက်လောက်က မိခင်ကျားမကြီးရဲ့ စွန့်ပစ်တာကို ခံခဲ့ရတာ... ကျွန်တော်တို့ ကျောင်းမေ့ လို့ နာမည်ပေးထားတဲ့ တောရိုင်း ကျားမကြီး တစ်ကောင် ရှိတယ်... သူ့မှာ မူလက ကလေး သုံးကောင် ရှိတာ... အစပိုင်းမှာတော့ အကုန်လုံးကို ပြုစုပျိုးထောင်ပေးနေခဲ့ပေမယ့် တစ်နေ့ကျတော့ စောင့်ကြည့်ကင်မရာထဲကနေ ကျားပေါက်လေး တစ်ကောင် ရှေ့လက်ဖဝါး ဒဏ်ရာရသွားတာကို ကျွန်တော်တို့ တွေ့လိုက်ရတယ်... အဲဒီနောက်မှာတော့ သူက မိခင်ကျားမကြီးရဲ့ စွန့်ပစ်တာကို ခံလိုက်ရတာပဲ... အဲဒီအချိန်က ဆောင်းရာသီဆိုတော့ ဆီးနှင်းတွေ အရမ်း ထူထပ်နေပြီး ကားတွေ ဝင်လို့ မရဘူး... ဒါကြောင့် ဒီကျားပေါက်လေးကို ကယ်ဆယ်ဖို့ ကျွန်တော်တို့ လူတွေ လွှတ်ပြီး တောင်ပေါ်ကို ခြေလျင်တက် ရှာဖွေခိုင်းခဲ့တယ်... ဒါပေမဲ့ နှစ်ရက်တိတိ ရှာတာတောင် မတွေ့ခဲ့ဘူး... သူ အသက်အန္တရာယ် ကြုံသွားပြီလို့ပဲ ကျွန်တော်တို့ တစ်ခဏတာ ထင်မှတ်ခဲ့ကြတာ... အခု ခင်ဗျားရဲ့ လိုက်ဖ်ကို ကြည့်လိုက်တော့မှ ဒါက မိခင်ကျားမကြီး စွန့်ပစ်သွားခဲ့တဲ့ အဲဒီကျားပေါက်လေးမှန်း ကျွန်တော် သိလိုက်ရတယ်... သူ အသက်ရှင်နေသေးမယ်လို့ ထင်မထားခဲ့ဘူး... ဒါ တကယ်ကို မယုံနိုင်စရာပဲ"
ဝမ်ကျန်းဟိုင် က ကျား၏ ဇာတ်လမ်းကို ပြောပြနေသည်။
ဤဇာတ်လမ်းကို ကြားသောအခါ ရွှီယန်လည်း အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
"ဒီကျားက လွန်ခဲ့တဲ့ နှစ်ဝက်လောက်က မိခင်ကျားမကြီးရဲ့ စွန့်ပစ်တာကို ခံခဲ့ရတယ် ဆိုလိုတာလား... အခု သူ့အခြေအနေ တော်တော်လေး ကောင်းပါတယ်... ဒီအမည်မသိ တောင်ကို သူ့ရဲ့ နယ်မြေအဖြစ် သတ်မှတ်ထားပုံရတယ်... လောလောဆယ်တော့ ကျွန်တော့်အပေါ် ရန်လိုတဲ့ အရိပ်အယောင် မပြပါဘူး"
ရွှီယန်က ပြန်ပြောလိုက်သည်။
"ခင်ဗျား သတိတော့ ထားပါဦး... ကျားတွေက တိုက်ခိုက်လိုစိတ် အရမ်း ပြင်းထန်တယ်... သူ ခင်ဗျားကို မတိုက်ခိုက်တာက သူ ဗိုက်မဆာလို့ပဲ... ဝေးဝေးကနေ ရှောင်နေဖို့ အကြံပြုချင်ပါတယ်"
ဝမ်ကျန်းဟိုင် က သတိပေးလိုက်သည်။
"ဟုတ်ကဲ့... ကျွန်တော် သိပါပြီ"
ရွှီယန်က ခေါင်းညိတ်လိုက်သည်။
"ကျွန်တော် အနှောင့်အယှက် မပေးတော့ဘူး... ခင်ဗျား မြန်မြန် ထွက်သွားလိုက်ပါ... သူ့အနားကနေ ဝေးဝေး ရှောင်နေလိုက်ပါ"
ဝမ်ကျန်းဟိုင် က နောက်ဆုံးစကားတစ်ခွန်း ပြောပြီးနောက် လိုက်ဖ်ချိတ်ဆက်မှုကို ပိတ်လိုက်သည်။
ဤကျားလေး၏ ဇစ်မြစ်ကို ကြားရသောအခါ လိုက်ဖ်ကြည့်နေသည့် ပရိသတ်များမှာ မနေနိုင်ဘဲ အနည်းငယ် သနားသွားကြတော့၏။
'မိခင်ကျားမကြီး စွန့်ပစ်သွားတဲ့ ကျားပေါက်လေး ဖြစ်နေတာလား... ကြားရတာ သနားစရာလေးပဲ... လွန်ခဲ့တဲ့ နှစ်ဝက်ဆိုတော့ ဇန်နဝါရီ ဖေဖော်ဝါရီလလောက် ဖြစ်မယ်... အဲဒီအချိန်က ချန်ပိုင်တောင်တန်းမှာ ဆီးနှင်းတွေ အရမ်း ထူထပ်နေတာလေ... မိခင်ကျားမကြီးက ကျားပေါက်လေး သုံးကောင်လုံးကို မပြုစုနိုင်တော့လို့ သေချာပေါက် တစ်ကောင်ကို စွန့်ပစ်ခဲ့ရတာပဲ... သဘာဝတရားက တကယ်ကို ရက်စက်တာပဲ... ဒါပေမဲ့ သူက ဒီလောက်တောင် ကြီးလာနိုင်ခဲ့တာကိုး... ဘာလို့ ကျားကို နို့ဘူးတိုက်လို့ ရနေလဲဆိုတာ အခုမှပဲ ငါ သဘောပေါက်သွားပြီ'
ကွန်မန့်များက လျင်မြန်စွာ ရွေ့လျားနေသည်။
စကားပြောသူ များလွန်းသဖြင့် လူများစွာ၏ ကွန်မန့်များမှာ လိုက်ဖ်မြင်ကွင်းတွင်ပင် မပေါ်လာနိုင်တော့ချေ။
ရွှီယန်၏ ဤလိုက်ဖ်မှာ သူ၏ လိုက်ဖ်လွှင့်ခြင်း သက်မွေးဝမ်းကျောင်း လုပ်ငန်းအတွက် အချိုးအကွေ့တစ်ခုပင် ဖြစ်လာခဲ့သည်။
ဤတောနက်ကြီးထဲ ဝင်ရောက်မှုက ပရိသတ်များစွာကို သေချာပေါက် ဆွဲဆောင်နိုင်မည် ဖြစ်၏။
ရွှီယန်က မတ်တတ်ရပ်ကာ နောက်သို့ ဆုတ်ရန် ပြင်လိုက်ချိန်တွင် တိုက်တိုက်ဆိုင်ဆိုင် ကျားကလည်း နို့တစ်ဘူးလုံးကို သောက်လို့ ကုန်သွားခဲ့ပြီ ဖြစ်သည်။
၎င်းက ရွှီယန်ကို ကြည့်လိုက်ပြီး ရွှီယန် ရှိရာဘက်ဆီသို့ ခပ်သုတ်သုတ် ပြေးလာခဲ့၏။
ရွှီယန်က ကျားတွင် ရန်လိုစိတ် မရှိကြောင်း သိထားသော်လည်း အင်တာနက်သုံးစွဲသူများကမူ မသိကြချေ။
အားလုံး ချက်ချင်းပင် စိုးရိမ်တကြီး ဖြစ်သွားကြတော့သည်။
'ကျား လာနေပြီ... လောင်ရွှီ မြန်မြန် ပြေးလေ... လခွမ်း... ကျားက လိုက်ဖ်လွှင့်သူကို လိုက်နေတာ... ဟာ... ခဏ ရပ်ထားလို့ မရဘူးလား... အရမ်း ကြောက်ဖို့ကောင်းနေပြီ... သွားပါပြီ... အကုန် သွားပါပြီ... သေချာပေါက် သေရမယ့် မြင်ကွင်းပဲ'
ရွှီယန်၏ လိုက်ဖ်မှာ လုံးဝ ဆူညံပွက်လောရိုက်သွားတော့၏။
လူတိုင်းက ဤမြင်ကွင်းကို ထိတ်လန့်တကြားဖြင့် ကြည့်နေကြသည်။
လူသူကင်းမဲ့သော တောတောင်ထဲတွင် ကျားတစ်ကောင်၏ လိုက်လံဖမ်းဆီးခြင်းကို ခံရသည် ဟုတ်လား။
နတ်ဘုရားတွေ လာရင်တောင် ကယ်နိုင်မှာ မဟုတ်တော့ဘူးလေ။
ကျားက ရွှီယန်နှင့် ပို၍ပို၍ နီးကပ်လာသည်ကို မြင်နေရသည်။
နောက်ဆက်တွဲအနေဖြင့် ဆာလောင်နေသော ကျားတစ်ကောင် သားကောင်ကို ခုန်အုပ်မည့် ကြောက်မက်ဖွယ် မြင်ကွင်းမျိုး ဖြစ်လာတော့မည်ဟု အင်တာနက်သုံးစွဲသူများ ထင်မှတ်နေချိန်မှာပင် ရွှီယန်က အိတ်ကပ်ထဲမှ နောက်ထပ် နို့ဘူးတစ်ဘူးကို ထုတ်ယူလိုက်ပြန်၏။
ထို့နောက် သူက ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး နို့ဘူးကို ကိုင်ကာ နို့ဘူးခေါင်းကို ကျားရှိရာဘက်သို့ ချိန်ရွယ်လိုက်သည်။
ဒရုန်းက ဤမြင်ကွင်းကို ရိုက်ကူးနေ၏။
အင်တာနက်သုံးစွဲသူများ အားလုံး ကြောင်အသွားကြတော့သည်။
အားလုံးက စိုးရိမ်လွန်းသဖြင့် လက်ဖဝါးထဲတွင် ချွေးများပင် ပြန်လာကြ၏။
'မင်း ဘာလုပ်နေတာလဲ... မပြေးဘဲ နို့ဘူး ထုတ်လာတာ ဘာလုပ်ဖို့လဲ... ဘာပဲဖြစ်ဖြစ် ဓားတစ်လက်လောက်တော့ ထုတ်သင့်တာပေါ့... ကျားကို နို့ဘူးခေါင်းနဲ့ ရင်ဆိုင်မယ် ဟုတ်လား'
မြင်ကွင်းက ပို၍ပို၍ စိတ်လှုပ်ရှားစရာ ကောင်းလာသည်။
အားလုံးက အသက်အောင့်ထားကြပြီး စိုးရိမ်လွန်းသဖြင့် ဆက်မကြည့်ရက်အောင်ပင် ဖြစ်နေကြ၏။
ကျားက ရွှီယန်နှင့် ပို၍ပို၍ နီးကပ်လာသည်ကိုသာ မြင်နေရပြီး... နောက်ဆုံးတွင် ရွှီယန်နှင့် တစ်မီတာခန့် အကွာအဝေးသို့ ရောက်သောအခါ ၎င်း၏ အရှိန်က အလွန် နှေးကွေးသွားတော့သည်။
၎င်းက ရွှီယန်ကို မတိုက်ခိုက်ဘဲ ဖြည်းဖြည်းချင်း လျှောက်လာကာ ခေါင်းကို ဆန့်ထုတ်ပြီး နို့ဘူးခေါင်းကို တစ်ခါတည်း ကိုက်ချီလိုက်သည်။
ကျား၏ ပါးစပ်က အလွန် ကြီးမားပြီး နို့ဘူးခေါင်းက အလွန် သေးငယ်နေသဖြင့် ဤမြင်ကွင်းကို ကြည့်ရသည်မှာ အနည်းငယ် ရယ်စရာ ကောင်းနေ၏။
သို့သော် မည်သူကမျှ ရယ်စရာကောင်းသည်ဟု မခံစားနိုင်ကြဘဲ ထိတ်လန့်နေဆဲဖြစ်ကာ ဦးနှောက်ထဲတွင်လည်း လုံးဝ ရှုပ်ထွေးသွားကြတော့သည်။
ဤမြင်ကွင်းကို သူတို့ ခဏလောက် အချိန်ယူပြီးမှ နားလည်နိုင်မည် ဖြစ်၏။
'ကျားက ရွှီယန်ကို မတိုက်ခိုက်ဘူး ဟုတ်လား... နို့သောက်ဖို့ပဲ ရွေးချယ်လိုက်တယ်ပေါ့... လခွမ်း... ဒါက ကျား ဟုတ်သေးရဲ့လား'
ရွှီယန်က နို့ဘူးကို ကိုင်ထားရင်း သူ့ရှေ့ရှိ ကျားကို သေချာ အကဲခတ်နေလိုက်သည်။
ဒီကြောင်ကြီးရဲ့ ခေါင်းက အနီးကပ် ကြည့်လိုက်တော့မှ ဒီလောက်တောင် ကြီးမားနေတာကိုး။
လူတစ်ယောက်၏ လက်သီးကို ၎င်း၏ မျက်နှာပေါ် တင်လိုက်ပါက အလွန် သေးငယ်သွားမည် ဖြစ်၏။
တကယ်ကို ခမ်းနားထည်ဝါလွန်းလှပေသည်။
ကျားက ရွှီယန်၏ ရှေ့တွင် ခေါင်းကို မော့ကာ မျိုချသည့် လုပ်ရပ်များကို အဆက်မပြတ် လုပ်ဆောင်နေသည်။
ကြည့်ရသည်မှာ ပို၍ ချစ်စရာ ကောင်းလာသလိုပင်။
ရွှီယန်က မနေနိုင်တော့ဘဲ ညာဘက်လက်ဖြင့် နို့ဘူးကို ကိုင်ထားကာ ဘယ်ဘက်လက်ဖြင့် ကျား၏ ခေါင်းဆီသို့ ဖြည်းဖြည်းချင်း လှမ်း၍ ပွတ်သပ်လိုက်တော့သည်။
အင်တာနက်သုံးစွဲသူများ နောက်တစ်ကြိမ် ကြက်သေသေသွားကြပြန်၏။
ရွှီယန်၏ လိုက်ဖ်ကို ကြည့်ရသည်မှာ နှလုံးရောဂါ ရနိုင်လောက်ပေသည်။
'သူ ဘာလုပ်ချင်နေတာလဲ... ကျားကို ပွတ်သပ်နေတာလား... တကယ်ကြီးလား'
လူများ ထိတ်လန့်တကြား ကြည့်နေကြစဉ်မှာပင် ရွှီယန်၏ ဘယ်ဘက်လက်က ကျား၏ ခေါင်းကြီးပေါ်သို့ ရောက်ရှိသွားတော့သည်။
သူ၏ လက်က ကျား၏ နဖူးပေါ်ရှိ ဘုရင် ဆိုသည့် စာလုံးကို အတိအကျ ဖုံးအုပ်သွား၏။
ထို့နောက် အမွေးများအတိုင်း ပွတ်သပ်ပေးလိုက်သည်။
'အင်း... အထိအတွေ့ကတော့ ထင်ထားသလောက် မကောင်းဘူး... အမွေးတွေက နည်းနည်း မာတယ်... ဒါပေမဲ့ တော်တော်လေး ထူထပ်တယ်... ကြောင်လေးတွေရဲ့ ခေါင်းလောက်တော့ မနူးညံ့ဘူး... ဒါပေမဲ့ ခေါင်းကြီးတော့ ပွတ်ရတာ ပိုပြီး အရသာရှိတယ်'
ရွှီယန်က စိတ်ထဲမှ တွေးလိုက်သည်။
"သူက ကျွန်တော့်အပေါ် ရန်လိုစိတ် ရှိပုံမရဘူး"
ရွှီယန်က လိုက်ဖ်ထဲမှ အင်တာနက်သုံးစွဲသူများကို ပြောလိုက်သည်။
အင်တာနက်သုံးစွဲသူများက စိုးရိမ်နေကြဆဲပင်။
'အခု ရန်မလိုဘူးဆိုပေမယ့် နို့သောက်ပြီးသွားရင်ကော... ကျားက အခု မင်းကို မစားသေးပေမယ့် ခဏနေရင် ဘယ်လိုလုပ်မလဲ... ဒီအခြေအနေမှာ မင်း ဘယ်လို ပြေးမလဲ'
ယနေ့ လိုက်ဖ်က အတော်လေး စိတ်လှုပ်ရှားစရာ ကောင်းနေသည်။
စက္ကန့်တိုင်း မိနစ်တိုင်းတွင် ဖြစ်ပျက်နေသော အရာများက အားလုံး၏ မျှော်လင့်ထားမှုများကို ကျော်လွန်နေ၏။
လူများ၏ အမြင်တွင် ယခုအခါ ရွှီယန်မှာ ကျား၏ ဓားစာခံ သို့မဟုတ်ပါက အရန် ရိက္ခာခြောက်သာ ဖြစ်နေပေသည်။
အားလုံးက လူကောင်းကတ် ရှိနေကြောင်းကို မသိကြသဖြင့် ဤအရာများ အားလုံးက ဘာကြောင့် ဖြစ်နေရသလဲ ဆိုသည်ကို နားမလည်နိုင်ကြချေ။
ရွှီယန်ကတော့ ကောင်းကောင်း သိထား၏။
ယခုအခါ ဤကျားက ရွှေကျားသစ် ကဲ့သို့ပင် သူ့အပေါ် ရန်လိုစိတ် လုံးဝ မရှိတော့ချေ။
အဖော်တစ်ကောင် ကဲ့သို့ပင် ဖြစ်နေလေပြီ။
"ကျွန်တော်က ကြောင်ကြီးမျိုးနွယ်တွေနဲ့ ထိတွေ့ဖူးပါတယ်... အရင်က မိခင်ကျားသစ်မကြီးကိုလည်း ကျွန်တော် ကယ်တင်ပေးခဲ့တာလေ... သူတို့ရဲ့ ခံစားချက်တွေကို ကျွန်တော် ခံစားသိရှိနိုင်တယ်... အားလုံးပဲ စိတ်ချပါ... ဒီအရှေ့မြောက် ကျားဝါကြီးက ကျွန်တော့်ကို တိုက်ခိုက်ချင်တဲ့ ဆန္ဒ လုံးဝ မရှိပါဘူး... မယုံရင် ကြည့်နေကြ"
ရွှီယန်က ရှင်းပြလိုက်သည်။
ရွှီယန်က ဘယ်ဘက်လက်ကို အရှေ့မြောက် ကျားဝါကြီး၏ နဖူးပေါ်မှ ဖယ်ရှားလိုက်ပြီးနောက် ကျား၏ ပါးပြင်ကို လှမ်း၍ ကုတ်ဖဲ့ပေးလိုက်၏။
ပါးပြင်ဘေးရှိ အဖြူရောင် အမွေးအမှင်များက အတော်လေး နူးညံ့လှသည်။
ကျားက မည်သည့် တုံ့ပြန်မှုမျှ မပြဘဲ နို့ကိုသာ ဆက်လက်၍ အာရုံစိုက် သောက်နေလေသည်။
ဤအချိန်တွင် အင်တာနက်သုံးစွဲသူများမှာ ဘာပြောရမှန်းပင် မသိတော့ချေ။
'ငါတို့က မင်းအတွက် ရင်တထိတ်ထိတ် ဖြစ်နေရတာ... မင်းက ကိုယ့်သေတွင်း ကိုယ်မတူးဘဲ နေလို့ မရဘူးလား... ဒီအတိုင်းကြီး ကျားမျက်နှာကို သွားကုတ်တယ် ဟုတ်လား... အသက်ရှင်ရတာ မကောင်းလို့လား'
'လောင်ရွှီ... ငါ ဂရုမစိုက်တော့ဘူး... မင်း သဘောအတိုင်းသာ လုပ်ပါတော့... လိုက်ဖ်လွှင့်သူ အသက်ရှင်နေနိုင်တာ တကယ်ကို ကံကောင်းလွန်းလို့ပဲ... ချန်ပိုင်တောင်တန်းရဲ့ နံပါတ်တစ် လူမိုက် ဆိုတဲ့ နာမည်က အလကား ရထားတာ မဟုတ်ဘူးပဲ... ငါတော့ လက်မြှောက်လိုက်ပြီ’