← Chapters

အခန်း ၁၁၇

Vol. 12 Ch. 117

အခန်း ၁၁၇

Vol. 12 Ch. 117

အခန်း (၁၁၇) ကျားရဲ့ ဖင်ကို ပွတ်ရတာ... တော်တော်လေး ကောင်းသားပဲ

လိုက်ဖ်ကြည့်ရှုသူ တစ်သိန်းကျော်၏ စောင့်ကြည့်မှုအောက်တွင် ကျားက နို့ဘူးထဲမှ နို့များကို အကုန်သောက်လိုက်သည်။

လူတိုင်းက လိုက်ဖ်မြင်ကွင်းကို စိုးရိမ်တကြီး ကြည့်နေကြ၏။

နောက်ထပ် ဘာဆက်ဖြစ်လာမည်ကို သူတို့ မသိကြချေ။

ကျားက နို့သောက်ပြီးသွားပါက ဘေးနားရှိ သေတွင်းတူးနေသော လူသားကို တိုက်ခိုက်လိမ့်မည်ဟု လူများစွာက ထင်မှတ်နေကြသည်။

ဤမျှ သွေးထွက်သံယိုဖြစ်မည့် ရက်စက်သော မြင်ကွင်းမျိုးကို အားလုံးက ဆက်မကြည့်ရက်အောင် ဖြစ်နေကြ၏။

"ကုန်သွားပြီ"

ရွှီယန်က နို့ဘူးကို သိမ်းဆည်းလိုက်ရင်း ကျားကို ပြောလိုက်သည်။

ကျားက နှုတ်ခမ်းကို သပ်လိုက်ပြီး ဆိတ်နို့၏ အရသာကို ခံစားနေပုံရသည်။

ဆိတ်နို့က တိရစ္ဆာန်များအတွက် အစာကြေလွယ်ပြီး သားပေါက်လေးများကို တိုက်ရန် ပိုမို သင့်တော်သဖြင့် ရွှီယန် ယူလာခဲ့သည်မှာလည်း ဆိတ်နို့ပင် ဖြစ်သည်။

ထို့နောက် ကျားက ၎င်း၏ ခေါင်းဖြင့် ရွှီယန်၏ ကိုယ်ပေါ်သို့ တစ်ချက် ပွတ်သပ်လိုက်ပြီး ဘေးတစောင်း လှဲချလိုက်တော့သည်။

ကျားများ၏ ဘာသာစကားအရ ခေါင်းဖြင့် ပွတ်သပ်ခြင်းမှာ ခင်မင်ရင်းနှီးမှုကို ပြသခြင်း ဖြစ်၏။

ကျားက ရွှီယန်အပေါ် မည်သည့် ရန်လိုစိတ်မှ မရှိတော့ချေ။

ကျား လှဲချလိုက်သည်ကို မြင်လိုက်ရမှသာ အင်တာနက်သုံးစွဲသူများ အားလုံး ရင်ထဲမှ အလုံးကြီး ကျသွားတော့သည်။

ကျားက သူ့အပေါ် တကယ်ပင် ရန်လိုစိတ် မရှိတော့ပေ။

ဤအတိုင်းကြီး လှဲချလိုက်သည်ကိုး။

အလွန် ရင်းနှီးနေခဲ့သည့်အလားပင်။

ဤကဲ့သို့သော မြင်ကွင်းမျိုးကို တိရစ္ဆာန်ရုံထဲတွင်သာ မြင်ဖူးကြပေလိမ့်မည်။

ရွှီယန်ကလည်း အလိုက်သင့် ထိုင်ချလိုက်ပြီး ကျားကြီး၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။

တောင်ပေါ်တက်မည့် ကိစ္စများကို ယာယီ ဘေးဖယ်ထားလိုက်ပြီး ကျားကြီးကို ပွတ်သပ်ခွင့် ရတုန်းလေး ပို၍ ပွတ်သပ်ထားရမည် မဟုတ်ပါလား။

ဤကျားဝတုတ်ကြီး၏ မျက်နှာက အတော်လေး နူးညံ့အိစက်နေ၏။

"သူက ကျွန်တော့်အပေါ် ရန်လိုစိတ် မရှိပါဘူး... အားလုံးပဲ စိတ်ချပါ"

ရွှီယန်က အင်တာနက်သုံးစွဲသူများကို ပြုံးရင်း ပြောလိုက်သည်။

ယခုအချိန်တွင် လိုက်ဖ်ထဲ၌ လုံးဝ ဆူညံပွက်လောရိုက်သွားပြီ ဖြစ်သည်။

ကွန်မန့်များကလည်း အရူးအမူး တက်လာနေ၏။

'ဒါ သေချာပေါက် တောရိုင်း အရှေ့မြောက် ကျားဝါကြီးပဲလား... ဘယ်လိုလုပ် ဒီလောက်တောင် ယဉ်ကျေးနေရတာလဲ'

'သူက လိုက်ဖ်လွှင့်သူကိုပဲ အဲဒီလို ယဉ်ကျေးတာ ဖြစ်မယ်... သာမန်လူတွေ ဒီအကောင်နဲ့ တွေ့ရင်တော့ မြန်မြန်သာ ပြေးကြပါ'

'ငါက လောင်ရွှီအတွက် စိုးရိမ်နေတာ... သူကတော့ ကျားနဲ့တောင် သံယောဇဉ် တွယ်နေပြီ'

'အရှေ့မြောက်ဒေသရဲ့ နံပါတ်တစ် သားရဲထိန်းကျောင်းသူကြီးပဲ'

'ငါတော့ အခုထိ ရင်တွေ ခုန်နေတုန်းပဲ... ခေါင်းထဲမှာလည်း ရှုပ်ထွေးနေတယ်'

ရွှီယန်က ကျား၏ မျက်နှာကို ပွတ်သပ်ပေးပြီးနောက် မေးစေ့ကို စတင် ကုတ်ပေးလိုက်သည်။

ကျားက သက်သောင့်သက်သာ ရှိသွားသဖြင့် လည်ပင်းကို ဆန့်ထုတ်ကာ မျက်လုံးများကို မှိတ်ထားပြီး ဇိမ်ကျကျ ခံစားနေတော့၏။

၎င်းက ဤကဲ့သို့သော ပြုစုယုယမှုကို ဘယ်တုန်းကများ ခံစားဖူးမည်နည်း။ လူသားတွေကမှ တတ်နိုင်တာကိုး။

ကျား၏ အမြီးရှည်ကြီးကလည်း မြက်ခင်းပြင်ပေါ်သို့ တဖြည်းဖြည်း ရိုက်ခတ်ကာ ညင်သာစွာ လှုပ်ယမ်းနေသည်။

ကြည့်ရသည်မှာ အလွန် ပေါ့ပါးလွတ်လပ်နေပုံရ၏။

လိုက်ဖ်ထဲရှိ လေထုမှာလည်း လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

စောစောက တင်းမာနေသော အခြေအနေများ ပျောက်ကွယ်သွားပြီး ပျော်ရွှင်စရာများသာ ကျန်ရစ်တော့၏။

ထိုအချိန် ကျားနှင့် ကျားသစ် စောင့်ကြည့်ရေးစခန်း အတွင်းတွင် ဝမ်ကျန်းဟိုင် က လိုက်ဖ်ထဲမှ ရွှီယန်နှင့် အရှေ့မြောက် ကျားဝါကြီးတို့ကို ကြည့်ကာ မျက်နှာပေါ်တွင် အံ့ဩမှင်သက်မှုများ ပြည့်နှက်နေသည်။

သူက သူ့ဘဝကိုပင် ခဏတာ သံသယဝင်သွားမိ၏။

လိုက်ဖ်လွှင့်သူ တစ်ယောက်နှင့် တောရိုင်း အရှေ့မြောက် ကျားဝါကြီးတို့ ချစ်ခင်ရင်းနှီးစွာ အတူရှိနေသည့် မြင်ကွင်းကို သူ အိပ်မက် မက်နေခြင်းများလားဟုပင် တွေးလိုက်မိသည်။

သို့သော် ဤမျှ ရှင်းလင်းပြတ်သားနေသော မြင်ကွင်းက အရာအားလုံး အစစ်အမှန် ဖြစ်ကြောင်း ပြသနေပေသည်။

'နေပါဦး... တောရိုင်း အရှေ့မြောက် ကျားဝါကြီးက ဘယ်လိုလုပ်ပြီး လူတစ်ယောက်အပေါ် ဒီလောက် ယုံကြည်တဲ့ ခံစားချက်မျိုး ပြသနေရတာလဲ'

'ဒါက လုံးဝ ယုတ္တိမရှိဘူး'

'ဒီလိုက်ဖ်လွှင့်သူက ဘာနည်းလမ်းတွေများ သုံးထားတာလဲ'

ဝမ်ကျန်းဟိုင် က ရွှီယန်အကြောင်းကို သေချာ မသိသလို ရွှီယန်၏ ဇာတ်လမ်းများကိုလည်း မကြားဖူးခဲ့ချေ။

ထို့ကြောင့် သူက ရှာဖွေရေး အကွက်တွင် တောတောင်ရှာဖွေသူ ရွှီယန် ဟူသော စကားလုံးကို ရိုက်ထည့်ကာ ရှာဖွေလိုက်သည်။

ထို့နောက် ရွှီယန်နှင့် ပတ်သက်သော ဗီဒီယိုများစွာ ထွက်ကျလာတော့၏။

တောဝက်နှင့် တိုက်ခိုက်ခြင်း...

ရွှေကျားသစ်ကို မွေးမြူထားခြင်း...

ကျားသစ်ပေါက်လေးကို ပွေ့ချီကာ မိခင်ကျားသစ်မကြီးနှင့် အတူလမ်းလျှောက်ခြင်း...

တောင်ပေါ်တက်ရင်း သက်တမ်းရင့် ဂျင်ဆင်းကို ရှာတွေ့ခြင်း...

ဗီဒီယို တစ်ခုစီတိုင်းက ဝမ်ကျန်းဟိုင် ကို ကြက်သေသေသွားစေသည်။

အထူးသဖြင့် ရွှီယန်က ကျားသစ်ပေါက်လေးကို ပွေ့ချီကာ မိခင်ကျားသစ်မကြီးနှင့် ယှဉ်တွဲ လမ်းလျှောက်နေသည့် မြင်ကွင်းက သူ့ကို လုံးဝ ထုံကျဉ်သွားစေတော့၏။

'သူ ဒါကို ဘယ်လို လုပ်လိုက်တာလဲ'

'ဒီလိုမျိုးတောင် ရတယ်ပေါ့'

'မိခင်ကျားသစ်မကြီးကို ကယ်တင်ပေးလိုက်တာနဲ့တင် ကျားသစ်မကြီးက သူ့အပေါ် ရင်းနှီးမှုတွေ ပြသနေပြီလား'

'ငါတို့ ကယ်ဆယ်ရေး စခန်းမှာ ကျားတွေ ကျားသစ်တွေ အများကြီး ကယ်ဆယ်ခဲ့ဖူးတယ်... ဘယ်အကောင်ကများ ကြမ်းတမ်းတဲ့ ရုပ်ထွက် မရှိလို့လဲ... သဘာဝတောထဲ ပြန်လွှတ်ပေးရင်တောင် သံလှောင်အိမ်နဲ့ သယ်သွားပြီး လူတွေ အရင် ဆုတ်ခွာပြီးမှ သူတို့ကို လွှတ်ပေးရဲတာလေ'

'ဒီလူရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံက နည်းနည်း ထူးခြားနေတယ်'

'သစ်တောစောင့် မလုပ်တာ တကယ် နှမြောစရာပဲ'

ဝမ်ကျန်းဟိုင် က တောက်လျှောက် ရေရွတ်နေမိသည်။

ယနေ့မှစ၍ ရွှီယန်၏ ဇာတ်လမ်းများက ကျားနှင့် ကျားသစ် စောင့်ကြည့်ရေးစခန်း အတွင်းတွင် ပြန့်နှံ့သွားတော့မည် ဖြစ်၏။

စောင့်ကြည့်ရေးစခန်းမှ လူများကပင် သူ့ကို ဖိတ်ခေါ်ကာ ကျား... ကျားသစ်များနှင့် အတူနေထိုင်ရသည့် အတွေ့အကြုံများကို ပြောပြခိုင်းရန် ရည်ရွယ်ထားကြသည်။

ဤကိစ္စနှင့် ပတ်သက်၍ ရွှီယန်၏ ဖြေကြားချက်မှာ လူတစ်ယောက်နှင့် တစ်ယောက်၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံက မတူညီကြောင်းနှင့် ကျားနှင့် ကျားသစ်များ သူ့အပေါ် ရန်လိုစိတ် မရှိသည်ကို သူ ခံစားသိရှိနိုင်ကြောင်းသာ ဖြစ်ပြီး ဘာကြောင့်လဲ ဆိုသည်ကိုတော့ သူ ကိုယ်တိုင်လည်း မသိပါဟုသာ ဖြစ်ပေလိမ့်မည်။

ရွှီယန်က ကျားနှင့်အတူ အချိန်အတော်ကြာ ဆော့ကစားနေလိုက်သည်။

ကျားကို ပွတ်သပ်ပေးရင်း တစ်ဖက်မှလည်း နှိပ်နယ်ပေးနေ၏။

အားလုံးပြီးသွားသောအခါ ကျား၏ ဖင်ကိုပင် တစ်ချက် ရိုက်လိုက်သေးသည်။

သူ၏ ဤခပ်ဖွဖွ ရိုက်ချက်လေးကြောင့် ကျား၏ ဖင်က အနည်းငယ် လှုပ်ခါသွားပြီး အင်တာနက်သုံးစွဲသူများ၏ ရင်ထဲတွင်လည်း လိုက်လံ လှုပ်ခါသွားတော့သည်။

စကားပုံတွင် ကျားဖင်ကို သွားမကိုင်နှင့်ဟု ဆိုထားသော်လည်း ရွှီယန်က ကိုင်ရုံသာမက ကျားဖင်ကို တစ်ချက်ပင် ရိုက်လိုက်သေးသည်။

ဤကျားကမူ ဘာမှ မဖြစ်ခဲ့သည့်အလား ဘေးတစောင်း လှဲနေဆဲဖြစ်ကာ သက်သောင့်သက်သာရှိသော အိပ်စက်သည့် အနေအထားကိုသာ ထိန်းသိမ်းထား၏။

တကယ်ကို ယုံကြည်နိုင်စရာ မရှိလောက်အောင်ပင်။

လိုက်ဖ်၏ လူကြိုက်များမှုက အံ့မခန်း မြင့်မားနေသည်။

တောရိုင်း အရှေ့မြောက် ကျားဝါကြီးကို ယဉ်ပါးအောင် လုပ်နိုင်သူ ရှိနေကြောင်း ကြားသိရသဖြင့် အင်တာနက်သုံးစွဲသူများက သတင်းကြားသည်နှင့် အပြေးအလွှား ရောက်ရှိလာကြ၏။

တောင်ပေါ်တွင် တကယ့် နတ်ဘုရားတစ်ပါး ရှိနေသည်ကိုး။

ရွှီယန်က ကွန်မန့်များကို တစ်ချက်ကြည့်လိုက်ရာ လူများစွာ၏ မေးခွန်းထုတ်မှုများကို မြင်တွေ့လိုက်ရသဖြင့် ရှင်းပြလိုက်သည်။

"ကျားက ကျွန်တော့်အပေါ် ရင်းနှီးမှု ပြသတာက ဒီနို့ဘူး နှစ်ဘူးကြောင့် ဖြစ်ရမယ်"

"ခုနက သစ်တောစောင့်က ကျွန်တော့်ကို ပြောပြသွားတယ်... ဒီကျားက မိခင်ကျားမကြီးရဲ့ စွန့်ပစ်တာကို ခံခဲ့ရပြီး ကိုယ့်ဘာသာ အသက်ရှင်အောင် ရုန်းကန်ခဲ့ရတာတဲ့"

"အဲဒီအချိန်က သူက အသက် လေးငါးလလောက်ပဲ ရှိဦးမှာ... ဒဏ်ရာလည်း ရထားသေးတယ်... အရှေ့မြောက်ဒေသရဲ့ ရေခဲပြင်နဲ့ ဆီးနှင်းတွေကြားထဲမှာ သူ ဒီအခက်အခဲတွေကို ဘယ်လို ကျော်ဖြတ်ပြီး အသက်ရှင်လာခဲ့လဲဆိုတာ မသိနိုင်ဘူး"

"အခု ကျွန်တော်က သူ့ကို ဆိတ်နို့ တိုက်လိုက်တော့ သူက အမေ့ကို လွမ်းတဲ့ ခံစားချက်မျိုး ဖြစ်သွားလောက်တယ်"

"ဒါကြောင့် ဒီလိုကြီး လှဲနေတာပေါ့"

"အခု သူက ငယ်ငယ်တုန်းက ဘဝကို လွမ်းဆွတ်နေတာ ဖြစ်ရမယ်"

ရွှီယန် ပြောသည်က အလွန် ယုတ္တိရှိလှပေသည်။

သူ ဤသို့ ရှင်းပြလိုက်သောအခါ အရာအားလုံးက အဓိပ္ပာယ်ရှိသွားတော့၏။

'ဒီလိုကိုး... ဒါကြောင့် ကျားက လောင်ရွှီအပေါ် ရန်လိုစိတ် မရှိတာ'

'အမေ့ကို လွမ်းနေတာ ဖြစ်ရမယ်'

'ကျားက ရွှီယန်ကို နို့တိုက်ဖခင်လို့ သဘောထားလိုက်ပြီလား မသိဘူး'

'ဘာလို့ ကြောင်ကြီးတွေ အကုန်လုံးက သူ့ကို အဖေလို့ သတ်မှတ်ချင်နေကြတာလဲ... ရွှေကျားသစ်ကလည်း ဒီလိုပဲ... ကျားကလည်း ဒီလိုပဲ'

အင်တာနက်သုံးစွဲသူများက ရွှီယန်၏ တွေးခေါ်မှုအတိုင်း လိုက်လံ စဉ်းစားကြည့်ကာ ရုတ်တရက် သဘောပေါက်သွားကြသည်။

ကျားက အိမ်ကို လွမ်းနေခြင်း ဖြစ်မည်။

ထို့ကြောင့် ရွှီယန်ကို မတိုက်ခိုက်ခြင်း ဖြစ်၏။

"ကျားရဲ့ ဒီလို ခံစားချက်က ဘယ်လောက်ကြာကြာ ဆက်ရှိနေမလဲဆိုတာကိုတော့ ကျွန်တော် သေချာ မသိဘူး"

"ဒါပေမဲ့ လောလောဆယ်တော့ သူ့အခြေအနေ တော်တော်လေး တည်ငြိမ်နေပါတယ်"

ရွှီယန်က ထပ်မံ ရှင်းပြလိုက်သည်။

သူက မတ်တတ်ရပ်ကာ ကျောပိုးအိတ်ကို လွယ်လိုက်သည်။

ကျားနှင့် ခဏတာ ဆော့ကစားရသည်မှာ လုံလောက်ပြီဖြစ်ပြီး နောက်ပိုင်းတွင် သူ၏ ကိုယ်ပိုင် ကိစ္စများကို ဆက်လက် လုပ်ဆောင်ရဦးမည် ဖြစ်၏။

ကျား အများစုက တစ်ကောင်တည်း နေထိုင်ရသည်ကို နှစ်သက်ကြပြီး တစ်ခါတစ်ရံတွင် ကျား နှစ်ကောင် သုံးကောင်ခန့် အတူတကွ နေထိုင်ကြသည့် မြင်ကွင်းမျိုးကိုလည်း တွေ့ရတတ်သည်။

ဤကျားကမူ တစ်ကောင်တည်း နေထိုင်သည့် အမျိုးအစားဖြစ်ပြီး အထီးကျန်စွာ နေထိုင်ရသည်ကို အသားကျနေပြီ ဖြစ်၏။

၎င်းက ရွှီယန်ကို ရင်းနှီးသည်ဟု ခံစားရသဖြင့် ရွှီယန်နှင့်အတူ ခဏတာ ဆော့ကစားနေခြင်းသာ ဖြစ်သည်။

အားလုံးက အချင်းချင်းအတွက် ခရီးသွား ဧည့်သည်များသာ ဖြစ်ကြပေသည်။

သေချာသည်မှာ နောက်ပိုင်းတွင် ရွှီယန် အချိန်ရပါက ဤနေရာသို့ လာရောက်ပြီး ၎င်းနှင့် ထပ်မံ ဆော့ကစားနိုင်သေး၏။ ရှာတွေ့ဖို့သာ လိုအပ်ပေသည်။

"ကျွန်တော် တောင်ထွက်ပစ္စည်းတွေ ဆက်ရှာရဦးမယ်... ဒီဘက်က အပင်တွေ တော်တော် ထူထပ်တယ်"

"အခုတော့ အများကြီး စိတ်အေးသွားပြီ"

"ဒီတောင်က သူ့ရဲ့ နယ်မြေဖြစ်နေပြီး ကျားက ဒီမှာ လှုပ်ရှားနေတယ်ဆိုတော့ တခြား အကောင်ကြီးတွေ ရှိမှာ မဟုတ်ဘူး"

"ကျွန်တော် တောင်ပေါ်တက်တာလည်း လုံခြုံရေးအတွက် စိုးရိမ်စရာ မလိုတော့ဘူးပေါ့"

ရွှီယန်က အင်တာနက်သုံးစွဲသူများကို ပြောလိုက်သည်။

သူက မတ်တတ်ရပ်ကာ အပြင်ဘက်သို့ ထွက်လာခဲ့သည်။

ကျားက ဘေးတစောင်း လှဲနေရင်းမှ ရွှီယန် ရှိရာဘက်သို့ လှမ်းကြည့်လာ၏။

၎င်းက တခြား ဘာလှုပ်ရှားမှုမှ မလုပ်ချေ။

ဖားယားခြင်း သို့မဟုတ် နာခံခြင်းမျိုး မရှိဘဲ ၎င်းက ၎င်းအဖြစ်သာ ဆက်ရှိနေပြီး အထီးကျန်စွာ သွားလာတတ်သော သားရဲကြီး... တောတောင်၏ ဘုရင်ကြီးအဖြစ် ဆက်လက် တည်ရှိနေပေသည်။

လမ်းလျှောက်လာရင်း ရွှီယန်က ကျားသစ်ပေါက်လေးကို သတိရသွားသည်။

ကျားသစ်ပေါက်လေးက အလွန် ချစ်စရာကောင်းသော်လည်း စရိုက်ကတော့ ဤကျားနှင့် လုံးဝ မတူညီချေ။

လူကို အရမ်း ကပ်တွယ်တတ်ရုံသာမက အမြဲတမ်း ပွေ့ချီထားရန် ပူဆာတတ်ပြီး ကိုယ်တိုင် လမ်းမလျှောက်ချင်ပေ။

ကြောင်ကြီး မျိုးနွယ်၏ ပုံစံမျိုး လုံးဝ မရှိချေ။

ရွှီယန် တောင်ပေါ်တက်သည့်အခါ ၎င်းက အမြီးလေး တနှံ့နှံ့ဖြင့် အနောက်မှ တကောက်ကောက် လိုက်တတ်၏။

သို့သော် ရွှီယန်က ထိုသို့သော ချစ်စရာကောင်းသည့် ပုံစံလေးကို ပို၍ သဘောကျပေသည်။

ဒရုန်းက ကျားကို ရိုက်ကူးနေဆဲ ဖြစ်သည်။

'လောင်ရွှီ... ကျားက မင်းကို ကြည့်နေတယ်နော်'

'ကျား - ငါ ဗိုက်မဆာခင် မြန်မြန် ထွက်သွားလိုက်တော့'

'သတ်ဖြတ်ချင်တဲ့ အရိပ်အယောင်တွေ ခံစားနေရတယ်'

အားလုံးက အသီးသီး သတိပေးလာကြသည်။

ရွှီယန်ကမူ ပြန်ဖြေလိုက်၏။

"စိတ်ချပါ... ဒီကောင်က ကျွန်တော့်အပေါ် ရန်လိုစိတ် သိပ်မရှိပါဘူး"

"အကယ်၍ အချိန်ရရင် နောက်တစ်ခါကျရင် နို့ဘူး နည်းနည်း ပိုယူလာပြီး သူ့ကို သီးသန့် လာတိုက်ရမယ်"

"ဒီတစ်ခေါက်က နို့ဘူး နှစ်ဘူးပဲ ပါလာတာ... မူလက သမင်ပြောက်လေးတွေ ဒရယ်ပြောက်လေးတွေကို တိုက်မလို့ ရည်ရွယ်ထားတာလေ... တောထဲမှာ ဒရယ်ပြောက်လေးတွေ အရမ်းများတယ်... တစ်ချက်လောက် အော်ခေါ်လိုက်ရုံနဲ့ ရောက်လာကြတာ"

"ဒီနို့ဘူး နှစ်ဘူးက ဒီမှာ အသုံးဝင်သွားလိမ့်မယ်လို့ ထင်မထားခဲ့ဘူး"

အင်တာနက်သုံးစွဲသူများလည်း နောက်ဆုံးတွင် သက်ပြင်းချနိုင်သွားကြတော့သည်။

အရွယ်ရောက်ပြီးသော ကျားများ၏ စရိုက်က အတော်လေး အေးစက်စက်နိုင်လှ၏။

တိရစ္ဆာန်ရုံထဲတွင်လည်း ထိုနည်းတူပင် ဖြစ်ပြီး ငယ်ရွယ်သော ကျားပေါက်လေးများက တုံးအအနှင့် ချစ်စရာ ကောင်းသော်လည်း ကြီးလာသောအခါတွင်မူ အေးစက်စက် နိုင်လာကြသည်။

ကြီးလာသည်အထိ တုံးအအနှင့် ချစ်စရာကောင်းနေသော ကျားမျိုးမှာ ရှားပါးလှပေသည်။

ရွှီယန်က ဤဧရိယာရှိ အပင် အမျိုးအစားများ ပိုများလာသည်ကို သတိထားမိသဖြင့် ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို အသုံးပြုကာ တောင်ပေါ်ရှိ ရတနာများကို စတင် ရှာဖွေရန် ရွေးချယ်လိုက်သည်။

လမ်းကြုံ၍ ပစ္စည်းကောင်းများ တွေ့ပါကလည်း ကောက်ယူသွားမည် ဖြစ်၏။

ဥပမာအားဖြင့် မှိုများ... လင်ဇီးများနှင့် တရုတ်ရိုးရာ ဆေးပင်များ စသည်တို့ ဖြစ်သည်။

ယေဘုယျအားဖြင့် တောင်ပေါ်တက်ရင်း တောင်ထွက်ပစ္စည်းများ စုပုံနေသော နေရာတစ်ခုကို တွေ့ပါက တစ်နေ့တာ အလုပ်လုပ်ရမည့် ပမာဏအတွက် လုံလောက်ပြီ ဖြစ်သည်။

ရွှီယန်က ထိုသို့သော နေရာ အတော်များများကို တွေ့ခဲ့သော်လည်း အပြင်သို့ သယ်မသွားနိုင်သဖြင့် လက်လျှော့ခဲ့ရ၏။

တောနက်ကြီးထဲ ဝင်လာပြီဖြစ်ရာ ပို၍ တန်ဖိုးကြီးသော ပစ္စည်းများကို ရှာတွေ့ရန် မျှော်လင့်ထားမည်မှာ သေချာလှပေသည်။

အဓိကအားဖြင့် ဂျင်ဆင်းပင် ဖြစ်၏။

တောနက်ကြီးထဲတွင် ဂျင်ဆင်း အရေအတွက်က ပိုမို များပြားလေ့ ရှိသည်။

ချန်ပိုင်တောင်တန်း၏ နာမည်အကြီးဆုံး တောင်ထွက်ပစ္စည်းမှာ တောရိုင်းဂျင်ဆင်း ဖြစ်ပြီး ရွှီယန်ကလည်း ဤတစ်ကြိမ်တွင် တောရိုင်းဂျင်ဆင်းကို ရည်ရွယ်၍ လာခဲ့ခြင်း ဖြစ်သည်။

တစ်လမ်းလုံး လျှောက်လိုက် နားလိုက်ဖြင့် သစ်တောထူထပ်သော နေရာများတွင် ဖြတ်သန်းသွားလာနေသည်။

မနေ့က ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို နှစ်ကြိမ် အသုံးပြုခဲ့ပြီး ယနေ့တွင် တစ်ကြိမ် ပြန်လည် ပြည့်ဖြိုးလာသဖြင့် လေးကြိမ် ထပ်မံ အသုံးပြုနိုင်သေး၏။

လေးကြိမ်မြောက် ရတနာရှာဖွေမှု ရလဒ်ကတော့ အတော်လေး ကောင်းမွန်လှသည်။

သူက အရွက် ခြောက်ရွက်ပါပြီး သက်တမ်း ခုနစ်ဆယ် ရှစ်ဆယ်ခန့်ရှိသော တောရိုင်းဂျင်ဆင်း တစ်ပင်ကို ရှာတွေ့ခဲ့သော်လည်း ပတ်ဝန်းကျင်တွင် အခြား ဂျင်ဆင်းများ မရှိသဖြင့် ဤနေရာတွင် မည်သို့ အမြစ်တွယ်၍ ပေါက်ရောက်လာသလဲ ဆိုသည်ကိုတော့ မသိနိုင်ချေ။

ဤတောရိုင်းဂျင်ဆင်း တစ်ပင် ရှိရုံဖြင့် ဤတစ်ကြိမ် တောင်ပေါ်တက်ရသည်မှာ လုံးဝ တန်သွားပြီဖြစ်ပြီး အမြတ်ကြီးပင် ရလိုက်သေး၏။

အခြားအရာများမှာ ခုတ်ယူခွင့် မရှိသော အကာအကွယ်ပေးထားသည့် သစ်ပင်များသာ ဖြစ်သည်။

နောက်ဆုံးတစ်ကြိမ်တွင်တော့ သူက တင်းနစ်ဘောလုံး အရွယ်အစားခန့်ရှိသော ဥက္ကာခဲ တစ်လုံးကို ရှာတွေ့ခဲ့သည်။

ဤဥက္ကာခဲတွင် သာမန် ရေဒီယိုသတ္တိကြွမှု အနည်းငယ် ရှိပြီး အချိန်ကြာမြင့်စွာ ထိတွေ့ပါက ခန္ဓာကိုယ်ကို အနည်းငယ် ထိခိုက်စေနိုင်သော်လည်း သက်ရောက်မှု သိပ်မကြီးမားကြောင်း စနစ်က သတိပေးလာ၏။

နိုင်ငံတော်၏ သတ်မှတ်ချက်အရ သုတေသနတန်ဖိုးရှိသော ဥက္ကာခဲများမှာ နိုင်ငံတော်ပိုင် ဖြစ်ပြီး အာကာသ စူးစမ်းလေ့လာရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက်လည်း ဖြစ်သည်။

ဤဥက္ကာခဲက ရွှီယန်အတွက်တော့ ဘာမှ အသုံးမဝင်ချေ။

အရောင်းအဝယ် လုပ်၍လည်း မရနိုင်ပေ။

သို့သော် ရွှီယန်က ယူသွားရန်သာ ရည်ရွယ်လိုက်သည်။

တစ်ဖက်တွင်လည်း လိုက်ဖ်အတွက် ဆွဲဆောင်မှုတစ်ခု ဖြစ်စေပြီး လူကြိုက်များမှု အနည်းငယ် ရရှိနိုင်ပေသည်။

အခြားတစ်ဖက်တွင်တော့ သူက မြို့နယ်လေးထဲရှိ ရဲစခန်းမှ ရဲအရာရှိများကို လွှဲပြောင်းပေးအပ်ရန် ရည်ရွယ်ထားပြီး အခြားသူများကို ဂုဏ်ပြုမှတ်တမ်းတစ်ခု ရရှိစေရန် လုပ်ပေးခြင်းကလည်း ကောင်းမွန်သည် မဟုတ်ပါလား။

မည်သို့ပင်ဖြစ်စေ လယ်ယာခြံဝင်းနှင့် ရဲစခန်းတို့က ဆက်ဆံရေး အတော်လေး များပြားလှပေသည်။

တောင်ပေါ်တက်သည့် လုပ်ငန်းစဉ်တွင် လူကြိုက်များမှု အနည်းငယ် ကျဆင်းသွားသော်လည်း ကြည့်ရှုသူ အရေအတွက်ကတော့ များပြားနေဆဲပင်။

ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် အကြိမ်အရေအတွက် ကုန်သွားသောအခါ ရွှီယန်က ထိုအရှေ့မြောက် ကျားဝါကြီးကို ထပ်သွားကြည့်ရန် ရည်ရွယ်လိုက်သည်။

အရှေ့မြောက် ကျားဝါကြီး၏ တောင်လှည့်သည့် အမြန်နှုန်းကလည်း မမြန်လှဘဲ အစာဝသွားပါက လှဲလျောင်း အနားယူတတ်ရာ ယခုအချိန်တွင်လည်း လှဲနေဆဲပင် ဖြစ်၏။

ဘိုးဘိုးကြီး တစ်ယောက်လိုပင်။

မည်သို့ပင်ဆိုစေကာမူ ၎င်း၏ ကိုယ်ပိုင် နယ်မြေထဲတွင် ဖြစ်ပြီး မလွယ်တကူ ရှာဖွေထားရသော ဤမျှ ကျယ်ဝန်းသည့် နယ်မြေကြီးထဲတွင် အပန်းမဖြေနိုင်စရာ အကြောင်းမရှိဘူး မဟုတ်ပါလား။

All Chapters