အခန်း ၁၁၈
Vol. 12 Ch. 118
အခန်း (၁၁၈) ကျားက မင်းနဲ့ အတူလာကပ်နေချင်တာလား... သေချာလို့လား
ဤတစ်ကြိမ် တောနက်ကြီးထဲသို့ ဝင်ရောက်ရခြင်းမှာ ပင်ပန်းပြီး အန္တရာယ်များလှသော်လည်း အကျိုးအမြတ်ကတော့ အတော်လေး များပြားပေသည်။
ရွှီယန် မျှော်လင့်ထားသည့်အတိုင်းပင် တောနက်ကြီးထဲတွင် တကယ့် အစစ်အမှန် တောရိုင်းဂျင်ဆင်းများ ရှိနေခဲ့သည်။
ဤဂျင်ဆင်းတစ်ပင်နှင့်တင် ဤတစ်ခေါက် ခရီးစဉ်အတွက် အပြည့်အဝ လုံလောက်သွားခဲ့ပြီ ဖြစ်သည်။ ကျန်သည့်အရာများမှာ မှိုများနှင့် ဆေးပင်များသာ ဖြစ်၏။
ထို့အပြင် ရွှီယန်သည် တကယ့် အစစ်အမှန် အရှေ့မြောက် ကျားဝါကြီး တစ်ကောင်နှင့်လည်း မိတ်ဆွေဖွဲ့နိုင်ခဲ့သေးသည်။
ထိုအကောင်ကြီးမှာ အလွန် အေးစက်စက်နိုင်ပြီး မိမိသဘောအတိုင်း နေတတ်သော အကောင်ဖြစ်သည်။ ရွှီယန် အနားသို့ ကပ်သွားသည့် အချိန်လေးသာ အရင်စတင် နှုတ်ဆက်တတ်ပြီး ပုံမှန်အားဖြင့်မူ သူ့ဘာသာသူသာ ဆော့ကစားနေတတ်သည်။
ဤနယ်မြေတွင်တော့ ကျားမှာ ပကတိ ဘုရင်ကြီးပင် ဖြစ်ပေသည်။
ရွှီယန်က လိုက်ဖ် ဆက်လွှင့်ရမည်လား သို့မဟုတ် ပရိသတ်များကို ထပ်မခြောက်လှန့်တော့ဘဲ နေရမည်လားဟု စဉ်းစားနေလိုက်သည်။
ယနေ့ လိုက်ဖ်မှာ တကယ်ကို အလွန်အကျွံ ဖြစ်နေခဲ့ပြီ မဟုတ်ပါလား။ နို့ဘူးနှစ်ဘူးဖြင့် တောရိုင်း အရှေ့မြောက် ကျားဝါကြီးကို သိမ်းသွင်းခဲ့သော သူ၏ ဗီဒီယိုမှာ ယခုထက်တိုင် အင်တာနက်ပေါ်တွင် ပျံ့နှံ့နေဆဲပင် ဖြစ်သည်။
ဤတစ်ကြိမ်တွင်တော့ ရွှီယန် တကယ်ကို နာမည်ကြီးသွားခဲ့လေပြီ။ တစ်ခါတစ်ရံတွင် လိုက်ဖ်လွှင့်သူ အသေးလေးဘဝမှ နာမည်ကြီး လိုက်ဖ်လွှင့်သူ ဖြစ်လာရန်အတွက် ကြီးမားသော အဖြစ်အပျက် အနည်းငယ်ကို ဖြတ်သန်းရုံဖြင့် လုံလောက်ပေသည်။
လိုက်ဖ်ထဲသို့ အချိန်တိုင်း လူများ အဆက်မပြတ် ဝင်ရောက်လာနေကြ၏။
"ဒါ တောရိုင်း အရှေ့မြောက် ကျားဝါကြီးကို သိမ်းသွင်းခဲ့တဲ့ လိုက်ဖ်လွှင့်သူလား"
"အရှေ့မြောက် ကျားဝါကြီး ဘယ်မှာလဲ"
လူအများစုက ဝင်လာသည်နှင့် ချက်ချင်းပင် မေးမြန်းလာကြသည်။
"အရင်က လောင်ရွှီ အသက်ရှင်နေတာကိုက ကံကောင်းလွန်းလို့... အခုတော့ အရှေ့မြောက် ကျားဝါကြီးနဲ့ ဝေးဝေးနေတာ အကောင်းဆုံးပဲ... ဘယ်မှာလဲတောင် မေးနေသေးတယ်"
"မင်းတို့က လိုက်ဖ်လွှင့်သူ သေသွားတာကို မြင်ချင်နေကြတာလား"
"တစ်ခါတွေ့တာတောင် အရမ်းလွန်နေပြီ... နောက်တစ်ခါ ထပ်တွေ့ရင်တော့ သွားပြီပဲ"
လိုက်ဖ်ထဲမှ ပရိသတ်ဟောင်းများက ပြန်လည် ဖြေကြားပေးလိုက်ကြ၏။
ဤအချိန်တွင်တော့ ရွှီယန်မှာ တောင်ပေါ်တက်သည့် ကိစ္စရပ်များ ပြီးစီးသွားပြီဖြစ်ရာ တဲထိုးကာ တစ်ညတာ အနားယူပြီး မနက်ဖြန်တွင် တောင်ပေါ်မှ ဆင်းရန် ရည်ရွယ်ထားလိုက်သည်။ စားစရာများလည်း သိပ်မကျန်တော့ချေ။
သူက တောင်ပေါ်တက်ရန် သက်သက် လာခဲ့ခြင်းဖြစ်ပြီး တကယ့် တောတွင်းရှင်သန်ရေး လာလုပ်ခြင်း မဟုတ်ပေ။ သူ ယူလာသော အသင့်စား မုန့်များကိုသာ စားပြီး တစ်ခါတစ်ရံမှ သစ်သီးလေးများ စားခြင်း ဖြစ်သည်။ အစားအစာ ကုန်သွားပါက ပြန်ရမည်သာ ဖြစ်၏။
တိုက်တိုက်ဆိုင်ဆိုင်ပင် အရှေ့မြောက် ကျားဝါကြီးက ပျင်းရိပျင်းတွဲ လမ်းလျှောက်ရင်း ရွှီယန် ရှိရာဘက်သို့ ထပ်မံ ရောက်ရှိလာသည်။ ၎င်းက လိုက်ဖ်မြင်ကွင်းထဲသို့ ပြန်လည် ဝင်ရောက်လာခဲ့၏။
"လာပြီ... သူ ထပ်လာပြီ"
"လခွမ်း... တကယ်ကြီး ကျားပါလား"
ဤတစ်ခါတွင်တော့ လိုက်ဖ်ထဲသို့ အသစ်ဝင်လာသော ပရိသတ်များ အားလုံး စိတ်လှုပ်ရှားသွားကြတော့သည်။ လူအများစုမှာ အင်တာနက်ပေါ်ရှိ ဗီဒီယိုကို ကြည့်ပြီး ကျားကို မြင်တွေ့ရရန် ရွှီယန်၏ လိုက်ဖ်ထဲသို့ ဝင်လာခဲ့ကြခြင်း ဖြစ်၏။
သို့သော် တစ်လမ်းလုံး တောင်ထွက်ပစ္စည်းများ ရှာဖွေနေသည့် မြင်ကွင်းများကိုချည်းသာ တွေ့ရသဖြင့် အနည်းငယ် စိတ်ပျက်နေခဲ့ကြသည်။ ယခု ကျားက ပြန်ထွက်လာသောအခါ အားလုံး ပျော်ရွှင်သွားကြတော့၏။
ကျားမှာတော့ မည်သို့ပင်ဖြစ်စေ ခမ်းနားနေဆဲပင် ဖြစ်သည်။ ထို့အပြင် တောရိုင်းကျားက တိရစ္ဆာန်ရုံထဲရှိ ကျားများထက် အများကြီး ပိုမို လှပလှပေသည်။ လွတ်လပ်မှု... ပျင်းရိမှုနှင့် ဘုရင်တစ်ပါး၏ အငွေ့အသက်များ ရောယှက်နေသော ခံစားချက်က လူများကို တကယ်ပင် ဆွဲဆောင်ထားနိုင်၏။
လူအတော်များများမှာမူ ပြန်လည် စိုးရိမ်လာကြပြန်သည်။ မတတ်နိုင်ပေ... မစိုးရိမ်ဘဲ နေ၍မှ မရသည်ကိုး... ကြည့်ရသည်မှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှသည် မဟုတ်ပါလား။
ရွှီယန်က ကျား ရောက်လာသည်ကို မြင်သောအခါ လိုက်ဖ် ဆက်လွှင့်ရန် ဆုံးဖြတ်လိုက်သည်။ ပရိသတ်များ လန့်သွားလျှင်လည်း ကိစ္စမရှိချေ။ မည်သို့ပင်ဖြစ်စေ ဤသို့ ဖြစ်သွားပြီသာ ဖြစ်၏။
"သူ ကျွန်တော့်ဆီ ထပ်လာတာ ကျွန်တော်နဲ့ အတူ လာကပ်နေချင်လို့ ဖြစ်မယ်"
"ကျားတွေက ယေဘုယျအားဖြင့် တစ်ကောင်တည်း နေတတ်ပေမယ့် တစ်ခါတလေကျရင်လည်း အဖော်တွေ မိတ်ဆွေတွေဆီ သွားပြီး ဆော့ကစားတတ်ကြတယ်"
"အရွယ်ရောက်ပြီးသား လူတစ်ယောက်ရဲ့ ခင်မင်မှုလိုမျိုးပေါ့... တစ်ခါတလေမှ ငယ်သူငယ်ချင်းတွေ သူငယ်ချင်းတွေနဲ့ တစ်ခါလောက် ဆုံဖြစ်သလိုပေါ့"
"ဒီကျားက ငယ်ငယ်လေးကတည်းက စွန့်ပစ်ခံခဲ့ရတာဆိုတော့ အတူတူ ကြီးပြင်းလာတဲ့ ညီအစ်ကို မောင်နှမတွေ မရှိဘူးလေ... နည်းနည်းတော့ အထီးကျန်နေလောက်တယ်"
ရွှီယန်က နေရာတွင်ပင် ရပ်နေရင်း အနားကပ်လာသော ကျားကို ကြည့်ကာ ညင်သာစွာ ပြောလိုက်သည်။ သူက ယုံကြည်မှု ရှိပြီး ပေါ့ပေါ့ပါးပါး ရှိနေသည့် ခံစားချက်မျိုးကို ပေးစွမ်းနေဆဲပင်။
ပရိသတ်ဟောင်းများမှာတော့ ကျင့်သားရနေပြီ ဖြစ်သော်လည်း အသစ်ဝင်လာသော ပရိသတ်များမှာမူ ပါးစပ်အဟောင်းသား ဖြစ်သွားကြတော့၏။
"ကျားက မင်းနဲ့ အတူလာကပ်နေချင်တာလား... သေချာလို့လား"
"ဒီလိုက်ဖ်လွှင့်သူက အမြဲတမ်း ဒီလိုပဲ သတ္တိကောင်းနေတာလား"
"တောရိုင်း အရှေ့မြောက် ကျားဝါကြီး တကယ် ရောက်လာပြီ"
"လခွမ်း... အရမ်းမိုက်တာပဲ"
အားလုံး၏ ကွန်မန့်များက အဆက်မပြတ် တက်လာနေပေသည်။
ရွှီယန်က ကျောပိုးအိတ်ကို မြေကြီးပေါ် ချလိုက်ပြီး မည်သည့် ကာကွယ်မှုမျှ မလုပ်ထားချေ။ ကျား၏ လှုပ်ရှားမှုများက အလွန် နှေးကွေးပြီး အမဲလိုက်မည့် ဟန်ပန်မျိုး လုံးဝ မရှိပေ။
၎င်းက ဖြည်းဖြည်းချင်း လျှောက်လာပြီး ကြောင်တစ်ကောင် လမ်းလျှောက်နေသကဲ့သို့ပင် ဖြစ်၏။ ကြီးမားထူထဲသော ကျားလက်ဝါးကြီးများ ရှေ့သို့ လှမ်းထုတ်လိုက်သည့်အခါ ဖိအားက အလွန်ကို ပြင်းထန်လွန်းလှသည်။ ကျားနှင့် ရင်ဆိုင်ရသော မည်သည့် တိရစ္ဆာန်မဆို စိတ်ထဲတွင် အမြဲတမ်း ကြောက်ရွံ့နေကြမည်သာ ဖြစ်၏။
သို့သော် ရွှီယန်ကတော့ နည်းနည်းမျှ မကြောက်ရွံ့ပေ။ ရွှီယန်၏ ဤကဲ့သို့သော မျက်လုံးများကြောင့်ပင် ကျားက သူ့ကို အဖော်တစ်ယောက်လို ခံစားမိသွားခြင်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
မကြာမီမှာပင် ကျားက ရွှီယန်၏ အနားသို့ ရောက်ရှိလာသည်။ လိုက်ဖ်ကြည့်နေသည့် ပရိသတ်များ ပြန်လည် စိုးရိမ်လာကြပြန်၏။
ယခုအချိန်မှာ ညနေ လေးနာရီခွဲ ရှိနေပြီဖြစ်ပြီး ခေါင်းပေါ်ရှိ တိမ်တိုက်များက အနည်းငယ် ထူထပ်နေကာ နေရောင်ကို ကွယ်ထားသဖြင့် သိပ်မပူတော့ချေ။ ကျားက အိပ်ရေးဝသွားပြီး ပျင်းနေသဖြင့် ရွှီယန်ထံသို့ လာရှာခြင်း ဖြစ်သည်။
လုံးဝ လွတ်လပ်သော တောရိုင်းထဲတွင် ကျားတစ်ကောင် ပေါ်လာသည်ကို မြင်လိုက်ရသောအခါ လူများက အလိုအလျောက် စိုးရိမ်လာကြတော့သည်။ သံဆန်ခါများ သို့မဟုတ် ထူထဲသော မှန်ပြတင်းပေါက်များ ခြားမထားဘဲ မည်သူကများ ဤအကောင်အနားသို့ ကပ်ရဲမည်နည်း။
နောက်ဆက်တွဲ ဖြစ်ပေါ်လာသည့် အရာများက ရွှီယန် ခန့်မှန်းထားသည့်အတိုင်းပင် ဖြစ်၏။ ကျားက ရွှီယန် အနားသို့ ရောက်လာပြီး ခေါင်းဖြင့် ရွှီယန်၏ ခန္ဓာကိုယ်ကို စတင် ပွတ်သပ်လာတော့သည်။
ဤအကောင်ကြီး၏ ခွန်အားက တကယ်ကို ကြီးမားလွန်းလှသဖြင့် ရွှီယန်ပင်လျှင် ကျား၏ ခေါင်းဖြင့် တွန်းခြင်း မခံရစေရန် ခြေထောက်များကို အားပြုထားလိုက်ရသည်။
ဤအကောင်က တကယ်ပင် ရွှီယန်နှင့် အတူလာကပ်နေခြင်း ဖြစ်၏။ အဖော်များကြားရှိ အပြန်အလှန် ဆက်သွယ်မှု တစ်ခုကဲ့သို့ပင် ဖြစ်သည်။
ရွှီယန်က လက်လှမ်းကာ ၎င်းကို ပွတ်သပ်ပေးလိုက်သည်။ ကွန်မန့်များ နောက်တစ်ကြိမ် ဆူညံသွားပြန်တော့၏။
"တကယ်ကြီး အတူလာကပ်တာပဲ... လောင်ရွှီ မင်း အရမ်း မိုက်တယ်ကွာ"
"ဒီလူက တကယ် ဆရာကြီးပဲ... နည်းလမ်း နည်းနည်းတော့ ရှိတယ်"
"တောရိုင်းကျားက အသက်သတ်ဖူးတာတောင် ဒီလောက် ယဉ်ကျေးနေနိုင်သေးတာ တကယ် ရှားပါးတာပဲ"
"လိုက်ဖ်လွှင့်သူ သတ္တိ အရမ်း ကောင်းတာပဲ... ငါသာ ဒီလို အခြေအနေမျိုး ကြုံရရင် ကြောက်လွန်းလို့ ခြေထောက်တွေတောင် ပျော့ခွေနေလောက်ပြီ"
"စိတ်ချပါ... လူအများစုက ခြေထောက် ပျော့ခွေသွားကြမှာပါ"
"လိုက်ဖ်လွှင့်သူက တကယ်ပဲ နည်းနည်းမှ မကြောက်တာလား... သူ ဘာလို့ မကြောက်တာလဲ"
လိုက်ဖ်မှာ သေချာပေါက် ဆူညံသွားတော့မည်သာ ဖြစ်သည်။ ရွှီယန်၏ ဤလိုက်ဖ်က အင်တာနက်ပေါ်တွင် ဂယက်တစ်ခုကို ဖန်တီးလိုက်နိုင်ပြီ ဖြစ်၏။
သူက အရှေ့မြောက် ကျားဝါကြီး၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။ ဤအကောင်ကြီးက ကြည့်ရသည်မှာ အေးစက်စက်နိုင်သော်လည်း တကယ်တော့ အတွင်းစိတ်ထဲတွင် အကာအကွယ်ပေးခံချင်သည့် စိတ်ရှိနေပေသည်။
သို့သော် အဖြစ်အပျက် အများအပြားကို ဖြတ်သန်းလာခဲ့ရသဖြင့် တဖြည်းဖြည်း ရင့်ကျက်လာခြင်း ဖြစ်၏။
ရွှီယန်က ကျားကို နှစ်ချက်ခန့် နှိပ်နယ်ပေးလိုက်သောအခါ ကျားက ဘုတ် ခနဲ မြည်အောင် ဘေးတစောင်း လှဲချလိုက်တော့သည်။ လှဲနေရင်း အနှိပ်ခံရသည်ကမှ ပိုဇိမ်ကျသည် မဟုတ်ပါလား... ဤအကောင်က တော်တော်လေး ဇိမ်ခံတတ်ပေသည်။
"ကဲ... ပြုစုပေးရဦးမှာပေါ့"
ရွှီယန်က ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး အရှေ့မြောက် ကျားဝါကြီးကို ကိုယ်တိုင် နှိပ်နယ်ပေးလိုက်သည်။
ကျား၏ နားရွက်များက အလွန် နူးညံ့သည်ဟု သူ ခံစားလိုက်ရ၏။ ကြီးလည်း ကြီးမားသလို နူးလည်း နူးညံ့လှပေသည်။
ထိုအချိန်တွင် ရွှီယန်က ကျား၏ နားရွက် အတွင်းဘက်ကို ကုတ်ပေးလိုက်သည်။ ဤသို့ ကုတ်ပေးလိုက်သည်နှင့် ကျား၏ နောက်ခြေတစ်ဖက်က ရုတ်တရက် မြောက်တက်လာပြီး တရစပ် လှုပ်ခါနေတော့၏။ တစ်ချက် ကုတ်လိုက်တိုင်း တစ်ချက် လှုပ်ခါနေသည့် မြင်ကွင်းက တကယ်ကို ရယ်စရာ ကောင်းလှပေသည်။
"ဒီကောင်က ကျွန်တော့်ကို အနှိပ်ခိုင်းနေတာ... အခု သူက ကျွန်တော့်ကို တကယ့် အဖော်တစ်ယောက်လို သတ်မှတ်နေပြီ"
"ဒါကြောင့် အားလုံး လုံးဝ စိတ်ချလို့ ရပါတယ်"
"ကျားက ကျွန်တော့်ကို အန္တရာယ် မပြုပါဘူး"
ရွှီယန်က လိုက်ဖ်ထဲမှ ပရိသတ်များကို နောက်တစ်ကြိမ် ရှင်းပြ နှစ်သိမ့်ပေးလိုက်သည်။ သူ၏ ရှင်းပြမှုကြောင့် ပရိသတ်များလည်း တဖြည်းဖြည်း တည်ငြိမ်သွားကြတော့၏။
အားလုံးက သာမန် စိတ်ထားဖြင့် ဤမြင်ကွင်းကို ကြည့်လိုက်သောအခါ တကယ်ကို စိတ်ဝင်စားစရာ ကောင်းနေသည်ဟု ခံစားလာကြရသည်။
ရွှီယန်က နောက်တစ်ကြိမ် လိုက်ဖ်လွှင့်ရင်း ကျားကို ပွတ်သပ်နေပြန်သည်။ ဗီဒီယိုတို အက်ပ်၏ တာဝန်ရှိသူများက ရွှီယန်၏ လိုက်ဖ်ကို အမြဲ စောင့်ကြည့်နေကြပြီး သူတို့က အန္တရာယ်ရှိသော လုပ်ရပ်ဖြစ်သဖြင့် အတုမယူပါနှင့် ဟူသော သတိပေးစာတန်းကို တင်ပေးထား၏။
ထို့အပြင် ရွှီယန်ကို အန္တရာယ်ရှိသော လိုက်ဖ်လွှင့်မှုဖြစ်ကြောင်း သတိပေးရန်လည်း တွန့်ဆုတ်နေကြသည်။ သို့သော် ကြည့်ရသည်မှာ နည်းနည်းလေးမျှ အန္တရာယ် မရှိပုံပေါ်သဖြင့် လွှတ်ထားလိုက်ကြတော့၏။
ရွှီယန်က ကျားနှင့်အတူ အချိန်အတော်ကြာ ဆော့ကစားပြီးနောက် မိုးချုပ်လာသည်ကို မြင်သောအခါ နေရာတစ်ခု ရှာ၍ တဲထိုးကာ အနားယူရန် ပြင်ဆင်လိုက်သည်။
အားလုံးကို နှုတ်ဆက်ပြီးနောက် လိုက်ဖ်ကို ပိတ်လိုက်၏။ ကျားက ရွှီယန်နှင့်အတူ ခဏမျှ နေပြီးနောက် တစ်ကောင်တည်း ထွက်သွားတော့သည်။
၎င်း၏ နယ်မြေကို ပြန်လှည့်လည် စစ်ဆေးခြင်းလည်း ဖြစ်နိုင်သလို ဖြတ်သွားဖြတ်လာ သားကောင်များကို ချောင်းမြောင်းရန် နေရာတစ်ခု ရှာ၍ ပုန်းနေခြင်းလည်း ဖြစ်နိုင်ပေသည်။ ဤကျားက တောတောင်နှင့်သာ သက်ဆိုင်နေဆဲ ဖြစ်၏။
ယနေ့ ဖြစ်ပျက်ခဲ့သော ဇာတ်လမ်းများက သေချာပေါက် ဆက်လက် ပျံ့နှံ့သွားတော့မည်သာ ဖြစ်သည်။ ရွှီယန်ကလည်း နောက်ပိုင်း အချိန်ရပါက ဤနေရာသို့ လာရောက်ကာ ဤကျားကို လာကြည့်ရန်နှင့် ၎င်းအတွက် နို့ဘူးများ ပိုယူလာပေးရန် ရည်ရွယ်ထားလိုက်၏။
တကယ်တော့ ရွှီယန် ပြောသည်မှာ အကြောင်းပြချက် ရှိပေသည်။ ဤနို့ဘူး နှစ်ဘူးက ကျားအတွက်တော့ ငယ်ငယ်တုန်းက ဘဝကို တကယ်ပင် ပြန်လည် သတိရစေခဲ့ခြင်း ဖြစ်၏။
တစ်ညတာ ကုန်ဆုံးသွားခဲ့လေပြီ။ နောက်နေ့ နံနက်စောစော ရွှီယန်က တဲထဲမှ ထွက်လာပြီး တောနက်ထဲမှ ပြန်ထွက်ရန် ရည်ရွယ်လိုက်သည်။
တကယ့် တောရိုင်း သဘာဝ ပတ်ဝန်းကျင်က လူများ နေထိုင်သည့် နေရာလောက် သက်သောင့်သက်သာ မရှိဘဲ အလွန်ကို ကြမ်းတမ်းလွန်းလှပေသည်။ လိုချင်သော အရာများကို ရှာတွေ့ပြီဖြစ်ရာ ပြန်သင့်ပြီ မဟုတ်ပါလား။
ဤတစ်ခေါက် အကျိုးအမြတ်က တော်တော်လေး ကောင်းမွန်လှသည်။ တန်ဖိုးရှိသည်က ကျောက်စိမ်း တစ်တုံးနှင့် တောရိုင်းဂျင်ဆင်း တစ်ပင် ဖြစ်၏။
ဤရတနာ နှစ်ခု ရှိနေပြီဖြစ်ရာ ရွှီယန် လယ်ယာခြံဝင်း ဖွင့်ရသည့် ဖိအားများလည်း အများကြီး လျော့ကျသွားခဲ့ပြီ ဖြစ်သည်။ ငွေရှိပြီဆိုတော့ အရှုံးပေါ်လျှင်တောင် ခံနိုင်ရည် ရှိပြီး သိပ်၍ စိုးရိမ်ပူပန်နေစရာ မလိုတော့ချေ။
အကယ်၍ ချေးငွေဖြင့်သာ စိုက်ပျိုးရေး လုပ်ရမည်ဆိုလျှင် နေ့တိုင်း စိုးရိမ်ထိတ်လန့်နေရမည်သာ ဖြစ်သည်။
သူက ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်ရာ ကျားက အစောကြီးကတည်းက ထွက်သွားသည်ကို တွေ့လိုက်ရ၏။
တောရိုင်းကျားများက ညဘက်တွင် လှုပ်ရှားရသည်ကို သဘောကျကြသည်။ တစ်ဖက်တွင်တော့ ကိုယ်ယောင်ဖျောက်ရန် ပိုလွယ်ပြီး သားကောင်များကို ချောင်းမြောင်းရန် ပိုလွယ်ကူသောကြောင့်ဖြစ်ပြီး နောက်တစ်ဖက်တွင်တော့ ညဘက်၌ အနည်းငယ် ပို၍ အေးမြသောကြောင့်ပင် ဖြစ်၏။
ရွှီယန်က ဒရုန်းကို တစ်ချက် ကြည့်လိုက်သည်။ နေရောင်ခြည်စွမ်းအင်သုံး အားသွင်းစနစ် ပါဝင်သောကြောင့် ဘက်ထရီ အနည်းငယ် ကျန်နေသေးပြီး နောက်ထပ် နှစ်နာရီ သုံးနာရီခန့်တော့ ခံနိုင်ဦးမည်ဟု ခန့်မှန်းရပေသည်။
သူက ကျောပိုးအိတ်ကို သေချာ ပြင်ဆင်ပြီး တောင်ပေါ်မှ အပြင်ဘက်သို့ ပြန်လျှောက်လာခဲ့သည်။ ဤတစ်ကြိမ်တွင်တော့ ဖြတ်လမ်း မရှိချေ။ မူလ လမ်းကြောင်းအတိုင်းသာ ပြန်လျှောက်ရမည် ဖြစ်၏။
တောနက်ကြီးထဲတွင် ကားလမ်းများ မရှိဘဲ ကျယ်ပြန့်သော သစ်တောကြီးများနှင့် ထိုထဲတွင် နေထိုင်ကြသော မရေမတွက်နိုင်သည့် တိရစ္ဆာန်များသာ ရှိပေသည်။
လိုက်ဖ်ကိုလည်း ဖွင့်ထားလိုက်၏။ ကျော်ကြားမှုရမှတ် အနည်းငယ် ထပ်ရှာရဦးမည် မဟုတ်ပါလား။ လယ်ယာခြံဝင်း ပြန်ရောက်သည်နှင့် အားလုံးကို စု၍ မဲဖောက်ရမည်ကို တွေးကြည့်ရုံနှင့်ပင် အလွန်ကို စိတ်လှုပ်ရှားဖွယ် ကောင်းနေလေပြီ။
"လိုက်ဖ်လွှင့်သူကြီး မင်္ဂလာနံနက်ခင်းပါ"
"ကျားကော ရှိသေးလား"
"လိုက်ဖ်ဖွင့်လာတာနဲ့တင် မင်း အသက်ရှင်နေသေးတယ်ဆိုတာ သိရလို့ တကယ် ဝမ်းသာပါတယ်"
"ဟားဟား... တကယ်ပဲ အဲဒီလို ခံစားချက်မျိုး ရနေတာ... လိုက်ဖ်လွှင့်သူကြီး သွားပြီလို့တောင် ငါ ထင်နေခဲ့တာ"
ကွန်မန့်အချို့က ပြေးတက်လာသည်။ ရွှီယန်က ကွန်မန့်များကို တိုက်တိုက်ဆိုင်ဆိုင် မြင်သွား၏။ အားလုံး၏ စိုးရိမ်ပေးမှုများကို မြင်သောအခါ သူက မတတ်နိုင်သည့် အမူအရာဖြင့် ခေါင်းခါလိုက်တော့သည်။
"စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... အသက်ရှင်နေပါသေးတယ်... အကောင်းပကတိပါပဲ"
"စိတ်အခြေအနေလည်း တော်တော်လေး ကောင်းပါတယ်"
"ဒီနေ့ ပြန်တော့မယ်"
"စားစရာ သောက်စရာတွေ အကုန် ပြောင်သွားပြီဆိုတော့ ပြန်ပြီး ရက်အနည်းငယ်လောက် အနားယူရမယ်"
ရွှီယန်က ပရိသတ်များကို ပြန်ဖြေလိုက်သည်။ သူ၏ စကားကို ကြားသောအခါ အားလုံးလည်း ရယ်မောလိုက်ကြ၏။
လိုက်ဖ်ထဲတွင် လူများစွာ ရှိနေတုန်းပင် ဖြစ်သည်။ အများစုက ပွဲလာကြည့်ကြခြင်း ဖြစ်ပြီး မနေ့က ဗီဒီယိုကို မြင်ပြီး ယနေ့ လိုက်ဖ်ထဲသို့ ဝင်ကာ စကားနည်းနည်း လာပြောချင်ကြခြင်း ဖြစ်၏။ နာမည်ကြီးနေတုန်းမို့ ကြည့်ရှုသူ အရေအတွက် များနေခြင်းကလည်း သဘာဝပင် ဖြစ်ပေသည်။
အပြန်လမ်းကတော့ နည်းနည်း ပို၍ ပေါ့ပါးနေပေသည်။ မည်သို့ပင်ဖြစ်စေ ကျားက တောင်ထဲတွင် ရှိနေတော့ အခြား အကောင်ကြီးများလည်း နည်းပါးမည်ဖြစ်ပြီး အဓိကအားဖြင့် အဆိပ်ပြင်းသော မြွေများကိုသာ သတိထားရမည် ဖြစ်၏။ သို့မဟုတ်ပါကလည်း ထို တောခွေးအုပ်ပင် ဖြစ်သည်။
တောခွေးများ အတူတူ စုမိလျှင် ကျားကိုတောင် မကြောက်ကြချေ။ သို့သော် ကျားကိုတော့ မတိုက်ခိုက်ရဲကြပေ။ ကျား၏ နယ်မြေထဲမှ လူမိုက်ဂိုဏ်းများဟုပင် ဆိုရမည် ဖြစ်၏။
ဤသို့ဖြင့် လျှောက်လာသည်မှာ တော်တော်ကြာသွားခဲ့သည်။ နှစ်နာရီခန့် အကြာတွင် ရွှီယန်က သစ်တောထဲ၌ လမ်းလျှောက်နေစဉ် သမင်ပြောက် အကောင်ရေ အတော်များများက သိပ်မဝေးသော နေရာမှ သူ၏ ရှေ့သို့ အလောတကြီး အမြန် ခုန်ပေါက်ကာ ပြေးလာကြသည်ကို တွေ့လိုက်ရ၏။
"ဝိုး... သမင်ပြောက်တွေပဲ"
လိုက်ဖ်ကြည့်နေသည့် ပရိသတ်များက အံ့သြတကြီး ပြောလိုက်ကြသည်။
သို့သော် ရွှီယန်ကတော့ သမင်ပြောက်များကို မြင်သည်နှင့် ခြေလှမ်းများကို ခပ်သွက်သွက် လျှောက်လိုက်ပြီး နောက်သို့လှည့်ကာ ခပ်သုတ်သုတ် ပြေးတော့၏။
"လောင်ရွှီ... သမင်ပြောက်တွေ ရှိနေတာကို မင်းက ဘာလို့ ပြေးနေတာလဲ"
အင်တာနက်သုံးစွဲသူ တစ်ယောက်က နားမလည်စွာဖြင့် မေးလိုက်သည်။ ရွှီယန်က ပြန်တောင် မဖြေနိုင်တော့ချေ။
'သမင်ပြောက်တွေက ဘာလို့ လန့်ဖျပ်ပြီး ထွက်ပြေးနေကြတယ်လို့ မင်းတို့ ထင်နေလဲ'
'သေချာပေါက် ကောင်းတဲ့ ကိစ္စတော့ မဟုတ်လောက်ဘူး'
'ရှောင်နေတာက အကောင်းဆုံးပဲ’