အခန်း ၁၁၉
Vol. 12 Ch. 119
အခန်း (၁၁၉) တောင်ပေါ်က တကယ့် အကြီးအကဲက ဘယ်သူလဲဆိုတာ သူတို့ကို သိအောင် လုပ်ပြရမယ်
အပြန်လမ်းကလည်း ထင်သလောက်တော့ မချောမွေ့ခဲ့ပေ။ အံ့သြစရာလေးတွေက တစ်ခါတလေ ထွက်ပေါ်လာတတ်သည်။
ရှေ့သို့ ခြေလှမ်းအနည်းငယ် ဆက်လျှောက်သွားပြီးနောက် ရွှီယန်က အရင်က တွေ့ခဲ့ဖူးသော တောခွေးများနှင့် မျက်နှာချင်းဆိုင် ပြန်ဆုံတွေ့သွားပြန်၏။
တောခွေး တစ်ကောင်တည်းဆိုလျှင် ကြောက်စရာ မကောင်းပေ။ ခန္ဓာကိုယ် အရွယ်အစားက အရွယ်ရောက်ပြီးသော ရွှေရောင်အမွေးရှိသည့် ခွေးတစ်ကောင်ထက်ပင် သေးငယ်ပြီး ပိန်လှီလှီ ခွေးလေးတစ်ကောင်သာ ဖြစ်သည်။ အုပ်စုလိုက် တွေ့ရမည်ကိုသာ ကြောက်ရခြင်း ဖြစ်၏။
အဆိုးဆုံးက သူတို့က အမြဲတမ်း အုပ်စုလိုက် သွားလာတတ်ကြခြင်းပင်။ လူတစ်ယောက်နှင့် တောခွေးတို့မှာ အနည်းငယ် ကြောင်အသွားကြသည်။
"လခွမ်း... ဒီအကောင်တွေ ထပ်လာပြန်ပြီ"
ရွှီယန်က တောခွေးများ၏ အရေအတွက်ကို သိရှိနိုင်ရန်အတွက် ၎င်းတို့၏ အနောက်ဘက်သို့ ချက်ချင်း လှမ်းကြည့်လိုက်သည်။
တော်သေးသည်ဟု ဆိုရမည်။ သူက တောခွေး နှစ်ကောင်ကိုသာ တွေ့လိုက်ရပြီး လမ်းကြိုကြည့်သော ကင်းထောက်များ ဖြစ်နိုင်ပေသည်။ အုပ်စုလိုက်ကြီး မဟုတ်လျှင် ရပြီသာ ဖြစ်၏။
အနီရောင် တောခွေးကလည်း ရွှီယန်ကို အကဲခတ်နေသည်။ ၎င်းက အနည်းငယ် သံသယဖြစ်နေဟန်ဖြင့် ရွှီယန်ကို ပတ်၍ လျှောက်နေ၏။ နောက်ထပ် တောခွေးတစ်ကောင်ကလည်း ရှေ့သို့ တိုးလာပြီး ရွှီယန်၏ ဘေးဘက်သို့ ပြေးလာသည်။
ဤအချိန်တွင် လိုက်ဖ်လွှင့်နေဆဲပင် ဖြစ်၏။
လူအချို့က လိုက်ဖ်ထဲသို့ ယခုမှ ဝင်လာကြခြင်းဖြစ်ပြီး ရွှီယန်၏ ရှင်းပြချက်ကို မကြားလိုက်ရသဖြင့် မေးလာကြသည်။
'ဒီရိုးရာတောခွေး နှစ်ကောင်က ဘာလို့ လိမ္မော်ရောင်တွေ ဖြစ်နေတာလဲ... ဆေးဆိုးထားတာလား'
လိုက်ဖ်ထဲမှ ပရိသတ်ဟောင်းများက အသီးသီး ပြန်လည်ဖြေကြားပေးလိုက်ကြသည်။
'ဒါက တောခွေးတွေလေ... ဝံပုလွေနီလို့လည်း ခေါ်တယ်... သစ်တောထဲက ဖင်ကိုက်တဲ့ ကောင်တွေပဲ'
'အရင်တစ်ခေါက်က လွတ်သွားခဲ့ပေမယ့် ထပ်တွေ့လိမ့်မယ်လို့ ထင်မထားခဲ့ဘူး'
'သစ်တောက တကယ်ကို အန္တရာယ်များတာပဲ'
'သူတို့က လောင်ရွှီကို တိုက်ခိုက်ချင်နေတဲ့ ပုံပဲ'
အားလုံးက လိုက်ဖ်မြင်ကွင်းကို ကြည့်နေကြသည်။
ရွှီယန်က အတော်လေး တည်ငြိမ်နေဆဲဖြစ်ပြီး ရှေ့သို့ ခြေလှမ်းများကို ခပ်သွက်သွက် လျှောက်လိုက်သည်။
တောခွေးနှစ်ကောင်က လက်လျှော့မည့်ပုံ မပေါ်ဘဲ အနောက်မှနေ၍ အကွာအဝေး တစ်ခုခြားကာ သူ့နောက်သို့ လိုက်လာကြ၏။ တိုက်ခိုက်ရန် အခွင့်အရေးကိုပင် ရှာဖွေနေကြသေးသည်။
"ထွက်သွားစမ်း"
ရွှီယန်က ထိုအကောင်နှစ်ကောင်ကို လှည့်ကြည့်ကာ ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။
မတတ်နိုင်ပေ။ ဤအကောင်များက ဘာကိုမှ မကြောက်ရွံ့တတ်ကြချေ။ မြက်ခင်းပြင်ထဲမှ ဟိုင်ရီနာများနှင့် တူညီလှသည်။ ဟိုင်ရီနာများက ခြင်္သေ့ကို မနိုင်မှန်း သိသိရက်နှင့်ပင် ခြင်္သေ့ကို ရန်စရဲကြပြီး သေရမည်ကို မကြောက်ကြခြင်းပင် ဖြစ်၏။
တောခွေးများ၏ တိုက်ခိုက်နိုင်စွမ်းက မမြင့်မားလှသဖြင့် ရွှီယန်က ၎င်းတို့ကို လွယ်လွယ်ကူကူပင် ရင်ဆိုင်နိုင်ပြီး ဒဏ်ရာမရဘဲပင် အနိုင်ယူနိုင်စွမ်း ရှိသည်။ ဆယ်ကောင်ကျော် အုပ်စုလိုက်ကြီး မဟုတ်လျှင် ဘာပြဿနာမှ မရှိပေ။
တောခွေးနှစ်ကောင်က လန့်သွားပြီး နောက်သို့ ခြေနှစ်လှမ်းခန့် ဆုတ်သွားကြသည်။
ထို့နောက် ရွှီယန်က ရှေ့သို့ ဆက်လျှောက်သွားသည်ကို မြင်သောအခါ သူတို့ကလည်း ဆက်လက် လိုက်ပါလာကြပြန်၏။
သူတို့က ရွှီယန်၏ စွမ်းရည်ကို အကဲခတ်နေကြခြင်း ဖြစ်သည်။ အကယ်၍ ခန္ဓာကိုယ်သာ ကြီးမားပြီး တိုက်ခိုက်နိုင်စွမ်း မရှိသော အပင်စား သတ္တဝါများသာဆိုလျှင် သူတို့က အလွယ်တကူ ကိုက်ဖြတ်ကြမည်သာ ဖြစ်၏။
"ဒီအကောင်နှစ်ကောင်က အခု ကျွန်တော့်နောက်ကို လိုက်ပြီး တိုက်ခိုက်ဖို့ အခွင့်အရေး ချောင်းနေကြပြီ"
"တောခွေးတွေက ကျွန်တော်တို့ နိုင်ငံရဲ့ အဆင့်တစ် ကာကွယ်စောင့်ရှောက်ရမယ့် တိရစ္ဆာန်တွေဖြစ်ပြီး အကာအကွယ် ပေးထားတယ် ဆိုပေမယ့်"
"ဒီလိုအခြေအနေမျိုးမှာတော့ ကျွန်တော် ခုခံပိုင်ခွင့် ရှိတယ်"
"သေချာတာပေါ့... သူတို့ကို ထိခိုက်အောင်တော့ လုပ်မှာ မဟုတ်ပါဘူး... ဒါပေမဲ့ မှတ်လောက်သားလောက်အောင်တော့ သင်ခန်းစာ ပေးရမယ်"
"ဘယ်သူက အကြီးအကဲလဲဆိုတာ သူတို့ကို သိအောင် လုပ်ပြရမယ်"
ရွှီယန်က တောခွေးများ၏ လိုက်လံနှောင့်ယှက်မှုကို ခံနေရသဖြင့် စိတ်ထဲတွင် ကျေနပ်မှု မရှိလှပေ။
ဖင်နောက်တွင် ဖင်ကိုက်ရန် ချောင်းနေသော အကောင်နှစ်ကောင် လိုက်နေပါက မည်သူမဆို ကျေနပ်မည် မဟုတ်ပါလား။
ထို့ကြောင့် ရွှီယန်က ကျောပိုးအိတ်ကို ချလိုက်ပြီး တိုက်ခိုက်ရန် ချောင်းမြောင်းနေသော တောခွေးနှစ်ကောင်ကို လှည့်ကြည့်လိုက်သည်။
လိုက်ဖ်ထဲမှ အင်တာနက်သုံးစွဲသူများ ချက်ချင်းပင် စိုးရိမ်လာကြတော့၏။
'လောင်ရွှီ... မင်း ဘာလုပ်ချင်လို့လဲ'
အားလုံးက လိုက်ဖ်မြင်ကွင်းကို မျက်တောင်မခတ်တမ်း စောင့်ကြည့်နေကြသည်။
ရွှီယန်၏ လိုက်ဖ်တိုင်းက လူများ၏ မျှော်လင့်ထားမှုများကို အမြဲတမ်း ကျော်လွန်နေတတ်၏။
ပုံမှန်အားဖြင့် ရွှီယန်က အလွန် သဘောကောင်းပြီး ရုပ်ရည်ကလည်း ချောမောကာ လူများကို သက်သောင့်သက်သာရှိသော ခံစားချက်မျိုး ပေးစွမ်းနိုင်သူ ဖြစ်သည်။
သို့သော် တောင်ပေါ်သို့ ရောက်သွားသောအခါ သူက လုံးဝ ပြောင်းလဲသွားသည်ကို အားလုံးက သတိထားမိလိုက်ကြသည်။
အမြဲတမ်း ယုံကြည်မှု ရှိပြီး တည်ငြိမ်နေတတ်၏။ တောင်ပေါ်ရှိ အန္တရာယ်များကို အနည်းငယ်မျှပင် မကြောက်ရွံ့ချေ။
သူ၏ လုပ်ဟန်က သားရဲများဖြစ်သည့် ကျားများနှင့် ကျားသစ်များနှင့်ပင် အနည်းငယ် ဆင်တူနေပေသည်။
တောခွေးအုပ်နှင့် တွေ့ပါက ရှောင်သင့်သည့်အချိန်တွင် ရှောင်ရှားတတ်ပြီး အလကား အနစ်နာခံလေ့ မရှိပေ။
အကယ်၍ တောခွေး နှစ်ကောင်တည်းနှင့် တွေ့ပြီး သူတို့က ဤမျှ ရောင့်တက်နေပါက ရွှီယန်ကလည်း သည်းခံနေမည် မဟုတ်တော့ချေ။
တောခွေးနှစ်ကောင်လုံး အနည်းငယ် ကြောင်အသွားကြပြီး နေရာတွင်ပင် မလှုပ်မယှက် ရပ်နေကာ ရွှီယန်ကို စူးစိုက်ကြည့်နေကြ၏။
နောက်တစ်စက္ကန့်တွင် အားလုံး ထင်မှတ်မထားသော ကိစ္စတစ်ခု ဖြစ်ပေါ်လာတော့သည်။
ရွှီယန်က အရှေ့သို့ ရုတ်တရက် ပြေးထွက်သွားသည်ကို မြင်လိုက်ကြရပြီး အမြန်နှုန်းက အလွန် မြန်ဆန်လှပေသည်။
သူ၏ မျက်နှာအမူအရာက လေးနက်တည်ကြည်နေပြီး မျက်လုံးများထဲတွင်လည်း ရက်စက်ကြမ်းကြုတ်သည့် အရိပ်အယောင် အချို့ ပါဝင်နေ၏။
တောခွေးနှစ်ကောင်မှာ မျှော်လင့်မထားသဖြင့် စူးစူးဝါးဝါး အော်ဟစ်ကာ အနောက်သို့ ထွက်ပြေးကြတော့သည်။
သူတို့ ဤသို့ အနောက်သို့ ထွက်ပြေးသွားခြင်းကပင် ရွှီယန်ကို အခွင့်အရေး ပေးလိုက်သလို ဖြစ်သွားခဲ့သည်။
ရွှီယန်က အရှေ့သို့ ပြေးထွက်သွားပြီး တောခွေးတစ်ကောင်ကို အမီလိုက်ကာ ညာလက်ဖြင့် တောခွေး၏ လည်ပင်းနောက်ဘက်ကို တိုက်ရိုက် ဖမ်းဆုပ်လိုက်ပြီး အားဖြင့် ဖိချကာ မြေကြီးပေါ်သို့ တိုက်ရိုက် ဖိချလိုက်သည်ကို မြင်လိုက်ကြရ၏။
ထို့နောက် ဘယ်လက်ဖြင့် တောခွေး၏ ဖင်မှ အရေပြားကို ဆွဲကိုင်ကာ လက်နှစ်ဖက်ဖြင့် တောခွေးကို တိုက်ရိုက် မြှောက်မလိုက်တော့သည်။
'လခွမ်း'
လိုက်ဖ်ထဲမှ အင်တာနက်သုံးစွဲသူများ၏ မျက်လုံးများ ပြူးကျယ်သွားကြတော့သည်။
အားလုံး လုံးဝ ကြောင်အသွားကြ၏။
'ဒါက ဘာသိုင်းကွက်ကြီးလဲ'
'တောခွေးကို တိုက်ရိုက် မြှောက်မလိုက်တယ် ဟုတ်လား'
ရွှီယန်၏ ဖြေရှင်းပုံက လူများကို လုံးဝ နားမလည်နိုင်အောင် ဖြစ်သွားစေတော့သည်။
သို့သော် ဤမျှနှင့် မပြီးသေးပေ။ နောက်ဆက်တွဲ ဖြစ်ပေါ်လာသည့် ရွှီယန်၏ လှုပ်ရှားမှုများက အားလုံးကို ပို၍ပင် အံ့အားသင့်သွားစေတော့၏။
ရွှီယန်က တောခွေးကို မြှောက်မထားရင်း အနောက်သို့ အားယူလိုက်ကာ လက်နှစ်ဖက်ဖြင့် အရှေ့သို့ အားကုန် ပစ်ပေါက်လိုက်ရာ ရုန်းကန်နေသော တောခွေးက တိုက်ရိုက်ပင် လွင့်စင်သွားသည်ကို မြင်လိုက်ကြရသည်။
တောခွေးက လေထဲတွင် စူးစူးဝါးဝါး အော်ဟစ်နေပြီး မျဉ်းကွေးတစ်ကြောင်းဆွဲကာ အတိအကျပင် အခြား တောခွေးတစ်ကောင်၏ အပေါ်သို့ တည့်တည့် သွားမှန်တော့၏။
တောခွေးနှစ်ကောင် အချင်းချင်း ဝင်တိုက်မိသွားကြပြီး မြေကြီးပေါ်တွင် အကြိမ်အနည်းငယ် လိမ့်ကျသွားကြသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အင်တာနက်သုံးစွဲသူများမှာ နှုတ်ခမ်းများပင် တွန့်ကွေးသွားသည်အထိ ခံစားလိုက်ရတော့သည်။
'ဒါ ဘာကြီးလဲ... ငါတို့ ဘာကို မြင်လိုက်ရတာလဲ... သူက ဒီအဆင့်အထိတောင် လုပ်နိုင်တာလား'
"မျက်နှာသာပေးထားတာကို... ငါ့နောက်ကို လိုက်ရဲသေးတယ်ပေါ့"
ရွှီယန်က ရက်စက်သော စကားတစ်ခွန်းကို ထပ်ပြောလိုက်သည်။
တောခွေးနှစ်ကောင်လည်း ဤတစ်ကြိမ်တွင် လိမ္မာသွားကြပြီး လန့်ဖျပ်ကာ အပြင်ဘက်သို့ သုတ်ခြေတင် ပြေးကြတော့၏။
ဤအချိန်တွင် လိုက်ဖ်မှာ လုံးဝ ပွက်လောရိုက်နေပြီ ဖြစ်သည်။
'လခွမ်း... လောင်ရွှီ... မင်းကတော့ နတ်ဘုရားပဲ'
'ဒီလိုက်ဖ်လွှင့်သူက အရမ်းကို စွမ်းလွန်းတယ်... တကယ် ကြမ်းတာပဲ'
'တကယ့် ယောက်ျားစစ်ပဲ... အရမ်း ကြမ်းလွန်းတယ်'
'အစ်ကိုယန်လို့ ခေါ်ကြ'
'အစ်ကိုယန်'
လိုက်ဖ်ထဲမှ ကွန်မန့်များက လျင်မြန်စွာ ရွေ့လျားနေပြီး အားလုံးနီးပါးက အစ်ကိုယန် ဟူသော စကားလုံးများချည်းသာ ဖြစ်နေသည်။
ရွှီယန်၏ ဤလုပ်ရပ်က လိုက်ဖ်ကို တိုက်ရိုက်ပင် ပေါက်ကွဲသွားစေခဲ့၏။ တကယ်ကို အံ့မခန်းပင် ဖြစ်သည်။
တောခွေးများနှင့် နောက်တစ်ကြိမ် ပြန်လည်ဆုံတွေ့ချိန်တွင် ရွှီယန်က ဤအဆင့်အထိ လုပ်လိမ့်မည်ဟု မည်သူကမျှ ထင်မှတ်မထားခဲ့ကြချေ။
"တောခွေးတွေက အဲဒီလောက် ကြောက်စရာ မကောင်းပါဘူး... အလယ်အလတ် အရွယ်အစားရှိတဲ့ ခွေးလောက်ပါပဲ... တစ်ကောင်ချင်း တိုက်ခိုက်နိုင်စွမ်းကို ပြောရရင် သစ်ကြောင်တွေ တောကြောင်တွေလောက်တောင် မစွမ်းပါဘူး"
"သူတို့က အတူတူ စုမိရင် နည်းနည်း ရှုပ်ထွေးသွားတာရယ် ပြီးတော့ သတ္တိကောင်းတာရယ်ကြောင့် တတ်နိုင်သမျှ ရှောင်ရှားရတာပါ"
"တောခွေး နှစ်ကောင်လောက်ကိုတော့ ကျွန်တော် လွယ်လွယ်လေး ရှင်းလင်းနိုင်ပါတယ်"
ရွှီယန်က အင်တာနက်သုံးစွဲသူများကို ရှင်းပြလိုက်သည်။
ထို့နောက် သူက ကျောပိုးအိတ်ကို ပြန်လွယ်ကာ ခပ်သွက်သွက် လျှောက်၍ ထွက်လာခဲ့၏။
ဤအချိန်တွင် ရွှီယန်မှာ မူလကပင် နာမည်ကြီးနေပြီဖြစ်ရာ ဤဗီဒီယိုကို လူအများအပြားက ဖြတ်တောက်ကာ အင်တာနက်ပေါ်သို့ တင်လိုက်ကြပြန်သည်။
ဤမြင်ကွင်းက တကယ်ကို အံ့မခန်းပင် ဖြစ်၏။
ရွှီယန်ကို ပထမဆုံးအကြိမ် မြင်ဖူးသူများက အံ့အားသင့်သွားနိုင်သော်လည်း ပရိသတ်ဟောင်းများကမူ ရိုးအီနေပြီ ဖြစ်သည်။ သူ လုပ်နိုင်သည့် ကိစ္စများထဲမှ တစ်ခုဟုသာ ခံစားရပေသည်။
အချို့လူများကမူ ရွှီယန်က သူ့ကိုယ်သူ သတ်မှတ်ထားသော တောင်ပေါ်တွင် အရှေ့မြောက် ကျားဝါကြီးနှင့် ဝက်ဝံညိုတို့ပြီးလျှင် ဒုတိယ အကြီးအကဲ ဆိုသည့် နေရာကို အလွန် လက်ခံသဘောတူကြ၏။
သို့သော် အရှေ့မြောက် ကျားဝါကြီးနှင့် ဝက်ဝံညိုတို့မှာ ယေဘုယျအားဖြင့် တစ်နေရာတည်းတွင် နေထိုင်လေ့ မရှိသဖြင့် သူက ဘယ်နေရာရောက်ရောက် ဒုတိယနေရာတွင်သာ ရှိနေပေသည်။
'မင်းတို့က သူ့ကို တောင်ပေါ်က သားရဲတစ်ကောင်လို့ သဘောထားလိုက်ရင် ရပါပြီ... သူ တကယ်ကို စွမ်းတာပဲ'
'ကျားတောင် သူ့ကို မကိုက်ဘူးဆိုတော့ ကျားက သူ့ကို မျိုးနွယ်တူလို့ တကယ်ကြီး သတ်မှတ်ထားသလားလို့ ငါ သံသယဝင်မိတယ်'
'ဒီလိုပြောမှပဲ ရွှေကျားသစ် ကိစ္စကလည်း ရှင်းသွားတော့တယ်'
'ဒီလိုက်ဖ်လွှင့်သူက ငါ့ကို မတူညီတဲ့ ခံစားချက်မျိုး ပေးတယ်... တောနက်ကြီးထဲကို တစ်ယောက်တည်း ဝင်ရဲတယ်ဆိုကတည်းက တကယ်ကို စွမ်းရည် ရှိလို့ပဲ'
လူများက အသီးသီး မှတ်ချက်ပေးလာကြသည်။
တစ်ချိန်တည်းမှာပင်။
အနိုင်ကျင့်ခံလိုက်ရသော တောခွေးနှစ်ကောင်က တောခွေးအုပ်နှင့် ဆုံတွေ့သွားကြသည်။
သူတို့က ဝှားဝှား မြည်ကာ အနိုင်ကျင့်ခံရသည့် ကိစ္စများကို ပြောပြနေကြ၏။
အဖော်များ အနိုင်ကျင့်ခံရသည်ကို ကြားသောအခါ အခြား တောခွေးများကလည်း ချက်ချင်းပင် မကျေမနပ်ဖြစ်သွားကြပြီး အသီးသီး အော်ဟစ်လာကြတော့သည်။
ထို့နောက် သူတို့ အားလုံးက ရွှီယန် ရှိရာဘက်သို့ အတူတကွ ခုန်ထွက်သွားကြတော့၏။
ရွှီယန်က အလွန် မြန်မြန် လျှောက်လာခဲ့သည်။ သူက တောခွေးများ၏ အတွေးကို အလွန် နားလည်ထား၏။
သေချာပေါက် လက်စားချေရန် ပြန်လာကြမည်သာ ဖြစ်သည်။
ထို့ကြောင့် ထိုတောခွေး နှစ်ကောင်ကို မောင်းထုတ်ပြီးသည်နှင့် သူက ကုန်းဆင်းတစ်ခုအတိုင်း တောင်အောက်သို့ တောက်လျှောက် ထွက်ပြေးလာခဲ့တော့သည်။
တောင်ဆင်းသည့် ခရီးလမ်းက ထိုမျှလောက် မလွယ်ကူလှပေ။ လမ်းကြောင်းကို သေချာ စီစဉ်ထားရန် လိုအပ်၏။
ရွှီယန်က သူ တောင်တက်လာခဲ့သော လမ်းကို ပြန်ရှာနေသည်။ ဤသည်က အလုံခြုံဆုံးပင် ဖြစ်၏။
သို့မဟုတ်ပါက အခြေအနေ အများစုတွင် မတ်စောက်သော ချောက်ကမ်းပါးများကိုသာ တွေ့ရမည်ဖြစ်ပြီး ကျောက်တောင်တက် ကြိုးများ အသုံးပြု၍ လျှောချသွားခြင်းမှလွဲ၍ တောင်ဆင်းရန် လုံးဝ မဖြစ်နိုင်ချေ။
အကောင်းဆုံး နည်းလမ်းမှာ မူလ လမ်းကြောင်းအတိုင်း ပြန်ဆင်းခြင်းသာ ဖြစ်သည်။
ဘယ်လို တက်လာခဲ့သလဲ ထိုအတိုင်းပင် ပြန်ဆင်းသွားနိုင်ပေသည်။
ကံကောင်းသည်မှာ ရွှီယန်၏ အတွေ့အကြုံများအရ လမ်းအနည်းငယ် ပတ်သွားပြီးနောက် သူ ဝင်လာခဲ့သော လမ်းကို ပြန်လည် ရှာတွေ့သွားခဲ့ခြင်းပင် ဖြစ်၏။
"တွေ့ပြီ... ဟိုသစ်တောကို ကြည့်လိုက်... အရွက်ကားတဲ့ အပင်တွေနဲ့ အပ်ထင်းရှူးပင်တွေ ရောနှော ပေါက်ရောက်နေတဲ့ နေရာပဲ"
"ကျွန်တော် တောင်ပေါ်တက်လာတုန်းက အဲဒီကနေ ဝင်လာခဲ့တာ"
"တောထဲမှာ တောကြက်တွေ တော်တော်လေး များတယ်"
"ဒီလိုမျိုး ကျယ်ပြန့်တဲ့ တောရိုင်းတောင်တန်းတွေက ဝင်လာဖို့ လွယ်ပေမယ့် ပြန်ထွက်ဖို့ ခက်တယ်... နေရာအများစုက လမ်းဆုံးတွေချည်းပဲ"
"တက်လာခဲ့တဲ့ လမ်းအတိုင်း ပြန်ဆင်းသွားတာက အဆင်အပြေဆုံးပဲ"
ရွှီယန်က အရှေ့ဘက်ကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။
အင်တာနက်သုံးစွဲသူများကမူ နားမလည်နိုင်အောင် ဖြစ်သွားကြသည်။
အပ်ထင်းရှူးပင်များနှင့် အရွက်ကားသော အပင်များ ရောနှောပေါက်ရောက်နေသည့် နေရာ ဟုတ်လား။
သစ်တော တစ်အုပ်ပဲ မဟုတ်ဘူးလား။
အရင်က ရောက်ဖူးတာလား။ မှတ်တောင် မမှတ်မိတော့ဘူး။
မင်း ပြောတာ ဟုတ်တယ်ဆိုရင်လည်း ဟုတ်တာပေါ့လေ။
ရွှီယန်ကမူ သစ်တောထဲသို့ ခပ်သွက်သွက် ဝင်ရောက်သွားပြီး အနောက်သို့ ဆက်လက် ပြန်လျှောက်သွားလိုက်သည်။
ဤတစ်ကြိမ်တွင် အတော်လေး ဝေးဝေး လျှောက်ခဲ့ရ၏။ သို့သော် အကျိုးအမြတ်ကတော့ အလွန် ကောင်းမွန်လှပေသည်။
ထို့အပြင် ဤတစ်ကြိမ် အတွေ့အကြုံကလည်း အမှတ်ရစရာ ကောင်းလှပြီး အထူးသဖြင့် ထိုကျားကြီးပင် ဖြစ်သည်။ နောက်ကွယ်တွင် ဇာတ်လမ်းတစ်ပုဒ် ရှိနေလိမ့်မည်ဟု ထင်မထားခဲ့ချေ။
ဤကျားကို စောင့်ကြည့်ရေးစခန်းမှ သစ်တောစောင့်များက မှတ်တမ်းတင်ထားခဲ့ပြီး သစ်တောစောင့်များကပင် ဤကျားလေး စောစောစီးစီး သေဆုံးသွားပြီဟု တစ်ခဏတာ ထင်မှတ်ခဲ့ကြသေးသည်။
၎င်း အသက်ရှင်နေသေးသည်ကို မြင်တွေ့ရခြင်းက အမြဲတမ်း ပျော်ရွှင်စရာ ကောင်းလှပေသည်။ မည်သို့ပင်ဖြစ်စေ တောရိုင်းကျားများ၏ အရေအတွက်က ပို၍ပို၍ နည်းပါးလာနေပြီ မဟုတ်ပါလား။
'နောက်ပိုင်း အခွင့်အရေးရရင် တောနက်ကြီးထဲ ထပ်သွားလို့ ရသေးတယ်'
'ဒါပေမဲ့ ကြိုတင်သတ်မှတ်ချက်က ငါ လူကောင်းကတ် တစ်ကတ် ထပ်ရမှ ဒါမှမဟုတ် အဲဒီလိုမျိုး အထောက်အကူပြု ပစ္စည်းမျိုး ရမှပဲ'
ရွှီယန်က စိတ်ထဲမှ တွေးလိုက်သည်။
အခြားသူများ၏ အမြင်တွင် သူ လုပ်ဆောင်သည့် ကိစ္စများက အန္တရာယ်ကို မကြောက်ရွံ့ဟု ထင်ရသော်လည်း တကယ်တမ်းတွင်မူ ရွှီယန်ကလည်း လုံးဝ အမှားအယွင်း မရှိစေရန်သာ ကြိုးစားနေခြင်း ဖြစ်၏။
အားကိုးစရာ နောက်ခံ မရှိဘဲ တောင်တန်းကြီး၏ အနက်ရှိုင်းဆုံး အပိုင်းသို့ အရမ်းကာရော မဝင်ရဲချေ။ ကျားများ... ဝက်ဝံညိုများနှင့် တွေ့ပါက အနိုင်ယူနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် နောက်ထပ် အခွင့်အရေးကိုသာ ထပ်ရှာရမည် ဖြစ်သည်။
အပြင်ဘက်သို့ တောက်လျှောက် ထွက်လာခဲ့ရာ အပြင်သို့ ရောက်လေလေ ပို၍ လုံခြုံလေလေ ဖြစ်၏။
လူများ လှုပ်ရှားသွားလာသည့် နေရာများနှင့် နီးကပ်လာလေလေ သားရဲအရေအတွက် ပို၍ နည်းပါးလာလေလေ ဖြစ်သည်။
သေချာသည်မှာ ဆောင်းရာသီရောက်၍ သားရဲများ တကယ် ဗိုက်ဆာလာပါက နယ်မြေအပြင်ဘက်သို့ ထွက်ကာ အစာရှာဖွေတတ်ကြပြီး လူများ နေထိုင်သည့် နေရာများသို့ ရောက်ရှိလာနိုင်ပေသည်။
ဤသို့သော အချိန်မျိုးတွင်တော့ သစ်တောထဲရှိ သားရဲများက အတော်လေး ပြည့်ပြည့်စုံစုံ ရှင်သန်နေကြပြီး အစာရေစာ မရှားပါးသဖြင့် အပြင်သို့ ထွက်လာကြမည် မဟုတ်ချေ။
ရွှီယန်က ခရီးတစ်ထောက် လျှောက်လာခဲ့သည်။
"နောက်ထပ် နှစ်နာရီလောက် လျှောက်လိုက်ရင် တောင်ပေါ်က ဆင်းလို့ ရပြီ"
"ကျွန်တော် လိုက်ဖ် အရင် ပိတ်လိုက်တော့မယ်"
"ပြန်ရောက်မှပဲ လိုက်ဖ် ပြန်ဖွင့်တော့မယ်"
ရွှီယန်က လိုက်ဖ်ထဲမှ ပရိသတ်များကို ပြောလိုက်သည်။
သူက အားလုံးကို နှုတ်ဆက်လိုက်ပြီး လိုက်ဖ်ကို ပိတ်လိုက်၏။
ထို့နောက် ဆက်လက်၍ ခရီးဆက်လာခဲ့သည်။ ခန္ဓာကိုယ်က အလွန် ပင်ပန်းနေပြီး ဗိုက်လည်းဆာ ရေလည်း ဆာနေပြီ ဖြစ်သည်။
သို့သော် ရွှီယန်၏ စိတ်အခြေအနေကတော့ အတော်လေး ကောင်းမွန်နေဆဲပင်။
တောင်လမ်း နှစ်နာရီခန့် လျှောက်ရခြင်းက သူ့အတွက်တော့ ဘာမှ မဖြစ်လှပေ။
အင်တာနက်သုံးစွဲသူများက လိုက်ဖ် ပိတ်သွားသည်ကို မြင်သောအခါမှသာ မခွဲချင်မခွာရက်ဖြင့် လိုက်ဖ်ထဲမှ ထွက်ခွာသွားကြတော့သည်။
ဤတစ်ကြိမ် ရွှီယန်၏ လိုက်ဖ်မှာ သေချာပေါက် နာမည်ကြီးသွားတော့မည်သာ ဖြစ်၏။
ယခုအခါ သူ တောခွေးကို ပစ်ပေါက်လိုက်သည့် ဗီဒီယိုမှာ ရှာဖွေမှု အများဆုံး ကဏ္ဍတွင် ရှိနေဆဲပင် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဗီဒီယိုတို အက်ပ်၏ တာဝန်ရှိသူများကလည်း ရွှီယန်၏ ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီး တောရိုင်း တိရစ္ဆာန် ကာကွယ်ရေး ဌာနနှင့်လည်း ဆက်သွယ် ဆွေးနွေးခဲ့ကြသည်။
နောက်ဆုံး ဆွေးနွေးမှု ရလဒ်မှာ ရွှီယန်က တောရိုင်း တိရစ္ဆာန်များကို လိုက်ဖ်လွှင့်ခြင်းမှာ ဥပဒေနှင့် မဆန့်ကျင်သော်လည်း ဝင်ငွေ ရှာဖွေခြင်းကတော့ ဥပဒေနှင့် ဆန့်ကျင်ကြောင်းပင် ဖြစ်၏။
ဤသည်က လိုက်ဖ်လွှင့်သူ အချို့ကို ငွေရှာရန်နှင့် လူကြိုက်များမှု ရရှိရန်အတွက် တောရိုင်း တိရစ္ဆာန်များ၏ နေထိုင်မှုဘဝကို တမင် သွားရောက် နှောင့်ယှက်စေနိုင်ပေသည်။
ထို့ကြောင့် ပလက်ဖောင်းက စည်းမျဉ်းသစ် တစ်ခုကို ထုတ်ပြန်လိုက်သည်။
၎င်းမှာ တောရိုင်း တိရစ္ဆာန်များကို လိုက်ဖ်လွှင့်သည့်အခါ... အထူးသဖြင့် ကာကွယ်စောင့်ရှောက်ထားသော တိရစ္ဆာန်များကို လိုက်ဖ်လွှင့်သည့်အခါ လက်ဆောင်ပေးသည့် လမ်းကြောင်း ဖွင့်လှစ်ခွင့် မပြုခြင်းပင် ဖြစ်၏။
သို့မဟုတ်ပါက ယာယီ ပိတ်ပင်ခံရမည် ဖြစ်သည်။ ရိုးရိုးရှင်းရှင်း ပြောရလျှင် လိုက်ဖ်လွှင့်ခွင့် ပြုသော်လည်း လက်ဆောင် လက်ခံခွင့် မပြုခြင်းပင်။
ရွှီယန်က တာဝန်ရှိသူများထံမှ အသိပေးချက်ကို လက်ခံရရှိခဲ့သည်။
'ဒီလိုလုပ်တာ အရမ်း ကောင်းပါတယ်... ကျွန်တော် အပြည့်အဝ သဘောတူပါတယ်'
ရွှီယန်က ချက်ချင်းပင် သဘောတူလိုက်သည်။
လက်ဆောင်ပေးခြင်း မပေးခြင်းက ကိစ္စမရှိပေ။ မည်သို့ပင်ဖြစ်စေ သူက ကျော်ကြားမှုရမှတ်များ ရရှိနိုင်ပြီး စနစ်၏ မဲဖောက်ခြင်းကမှ ပို၍ အရေးကြီးသည် မဟုတ်ပါလား။
ထို့အပြင် ဤကဲ့သို့သော စည်းမျဉ်းမျိုးက တောရိုင်း တိရစ္ဆာန်များကို နှောင့်ယှက်ခြင်း မခံရအောင် ကာကွယ်ပေးနိုင်သဖြင့် ရွှီယန်ကလည်း သဘာဝကျကျပင် ထောက်ခံအားပေးပေသည်။