← Chapters

အခန်း ၁၂၀

Vol. 12 Ch. 120

အခန်း ၁၂၀

Vol. 12 Ch. 120

အခန်း (၁၂၀) ကျော်ကြားမှုရမှတ်များ ရရှိခြင်းနှင့် ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် အဆင့်တက်ခြင်း

ဗင်ကားပေါ်တွင်။

ရွှီဟုန်ရှန်းက ကားမောင်းနေပြီး ရွှီယန်က ခရီးသည်ခုံတွင် ထိုင်လိုက်လာသည်။

"ကျားနဲ့ တွေ့ခဲ့တယ်ပေါ့"

ရွှီဟုန်ရှန်းက မေးလိုက်သည်။

"ဟုတ်တယ်... တွေ့ခဲ့တယ်"

ရွှီယန်က ပြန်ဖြေလိုက်သည်။

"မင်းကို မကိုက်ဘူးလား"

ရွှီဟုန်ရှန်းက ထပ်မေးသည်။

"တော်တော်လေး လိမ္မာပါတယ်"

ရွှီယန်က ပြန်ဖြေလိုက်ပြန်သည်။

"သတိတော့ ထားဦး"

"ဟုတ်ကဲ့"

သားအဖနှစ်ယောက်၏ စကားပြောဆိုမှုက အလွန် ရိုးရှင်းလှပြီး ရွှီဟုန်ရှန်းကလည်း ဘာမှ အများကြီး ဆက်မပြောတော့ပေ။

သို့သော် ရွှီယန်၏ မိခင်ကတော့ စကားများလှသည်။ ဖုန်းဆက်လာပြီး အချိန်အတော်ကြာအောင် ပွစိပွစိ ပြောဆိုနေရာ ရွှီယန်ကလည်း ဘယ်နားကဝင် ညာနားကထွက်ဖြင့်သာ နားထောင်နေလိုက်၏။

ချမ်းသာကြွယ်ဝမှုဆိုသည်မှာ အန္တရာယ်ကြားမှ ရှာဖွေရသည် ဆိုသည့် စကားရှိသည် မဟုတ်ပါလား။

ဤတစ်ကြိမ် ရွှီယန်၏ အတွေ့အကြုံက တကယ်ပင် ထိုစကားနှင့် ကိုက်ညီနေပေသည်။

သူ၏ ဤတစ်ခေါက် အကျိုးအမြတ်က ယခင်ရရှိခဲ့မှုများထက် များစွာ ပိုမို ကြီးမားလှသည်။ ထို့အပြင် ကြီးမားလှသော လူကြိုက်များမှုကိုလည်း ရရှိခဲ့သဖြင့် နောက်ပိုင်းတွင် ကျော်ကြားမှုရမှတ်များ ရရှိရန် ပိုမို လွယ်ကူမြန်ဆန်လာမည် ဖြစ်၏။

ဗင်ကားလေးက လယ်ယာခြံဝင်းဆီသို့ တောက်လျှောက် မောင်းနှင်လာခဲ့သည်။

ခရီးက အတော်လေး ဝေးကွာပြီး ကားက တောင်ပေါ်လမ်းအတိုင်း တစ်နာရီခွဲခန့် မောင်းနှင်ပြီးမှ ပြန်ရောက်လာခဲ့ခြင်း ဖြစ်သည်။

ရွှီယန် ရွေးချယ်ခဲ့သော နေရာမှာ အလွန် ခေါင်လှသဖြင့် လူများက သူ ဘယ်နေရာမှ တောနက်ထဲ ဝင်သွားခဲ့မှန်း မသိနိုင်ကြချေ။

ဗင်ကားက ခြံဝင်းရှေ့သို့ ရောက်ရှိလာသည်။

ခွေးနှစ်ကောင်က အမြီးတနှံ့နှံ့ဖြင့် ကြိုဆိုရန် ပြေးထွက်လာကြ၏။

ရွှီယန် ကားပေါ်မှ ဆင်းလိုက်သည်နှင့် ၎င်းတို့က ရွှီယန်၏ ခြေရင်းသို့ ချက်ချင်း ပြေးလာကာ ခုန်ပေါက်နေကြတော့သည်။

သို့သော် နောက်တစ်စက္ကန့်မှာပင် အကောင်ပေါက်လေး နှစ်ကောင်မှာ တစ်ခုခုကို လန့်ဖျပ်သွားသည့်အလား အနောက်သို့ ခြေနှစ်လှမ်းခန့် မနေနိုင်ဘဲ ဆုတ်သွားကြလေသည်။

၎င်းတို့က ရွှီယန်၏ ကိုယ်ပေါ်မှ သူတို့ကို ကြောက်ရွံ့သွားစေသည့် အနံ့တစ်မျိုးကို ရလိုက်ခြင်း ဖြစ်၏။

ထိုကြောက်ရွံ့မှုက သွေးကြောထဲမှ မြစ်ဖျားခံလာပြီး တိုက်ရိုက် လှုံ့ဆော်ခံလိုက်ရခြင်း ဖြစ်သည်။

ဤသည်မှာ ရွှီယန်၏ အင်္ကျီပေါ်တွင် ကျန်ရစ်နေခဲ့သော ကျား၏ အနံ့ပင် ဖြစ်၏။

ခွေးနှစ်ကောင်က အနည်းငယ် သံသယဖြစ်သွားကြသော်လည်း မကြာမီမှာပင် အသားကျသွားပြီး ရွှီယန်၏ ခြေရင်းသို့ ပြန်ပြေးလာကာ ချွဲနွဲ့နေကြပြန်သည်။

လီဆန်းက ပစ္စည်းများ ကူသယ်ပေးရန် ရောက်လာသည်။

ရွှီယန်၏ ကျောပိုးအိတ်ထဲတွင် ပစ္စည်းများ အတော်လေး များပြားနေ၏။ တစ်လမ်းလုံး အနည်းအကျဉ်းစီ ကောက်ယူလာခဲ့ရာ ကျောပိုးအိတ် တစ်လုံး အပြည့်ပင် ဖြစ်နေလေပြီ။

တန်ဖိုးကြီးသည့် ပစ္စည်းများကိုတော့ ရွှီယန် ကိုယ်တိုင် ကိုင်ဆောင်ထားသည်။

သက်တမ်းရင့် တောရိုင်းဂျင်ဆင်းကို သစ်ခေါက်နှင့် ရေညှိများဖြင့် ပတ်ကာ အိတ်တစ်လုံးထဲတွင် ထည့်ထား၏။

ကျောက်စိမ်းက သူ၏ အိတ်ငယ်လေးထဲတွင် ရှိနေသည်။

ထို့အပြင် ရေဒီယိုသတ္တိကြွမှု အနည်းငယ် ရှိနေသော ထိုဥက္ကာခဲကိုတော့ ရွှီယန်က ရဲစခန်းနှင့် ဆက်သွယ်ကာ လွှဲပြောင်းပေးအပ်ရန် ရွေးချယ်လိုက်သည်။

ဤအရာက အရောင်းအဝယ် လုပ်ပါက တရားမဝင်သလို သိမ်းထား၍လည်း အသုံးမဝင်ချေ။ ထို့ကြောင့် အာကာသ စူးစမ်းလေ့လာရေး ဌာနသို့ သုတေသန လုပ်ရန် လွှဲပြောင်းပေးအပ်လိုက်သည်က ပိုကောင်းပေသည်။

တရုတ်နိုင်ငံ၏ အာကာသ စူးစမ်းလေ့လာရေး လုပ်ငန်းများကို ရွှီယန်က ထောက်ခံအားပေးရန် ဆန္ဒရှိပါသည်။ အထူးသဖြင့် နိုင်ငံတော်က လပေါ်မှ မြေဆီလွှာများကို သယ်ဆောင်လာနိုင်ကြောင်း သိလိုက်ရသောအခါ ပို၍ပင် အားပေးချင်စိတ် ဖြစ်ပေါ်လာခဲ့၏။

"အစ်ကိုယန်... ကျွန်တော် အစ်ကို့အတွက် ထမင်းချန်ထားတယ်... ဟင်းရည်ပူပူလေးရယ် ထမင်းလည်း ပြန်နွှေးလို့ ရတယ်"

လီဆန်းက ရွှီယန် သေချာပေါက် ဗိုက်ဆာနေမည်ကို သိသဖြင့် အလျင်အမြန် ပြောလိုက်သည်။

"အေးပါ... ငါ သိပြီ... ခဏနေရင် နည်းနည်းလောက် စားလိုက်မယ်"

"ညကျရင် ငါတို့ မြို့နယ်ထဲက စားသောက်ဆိုင်မှာ သွားစားကြမယ်... စားပွဲတစ်ဝိုင်းလောက် မှာပြီး ကောင်းကောင်းလေး စားကြတာပေါ့"

ရွှီယန်က ပြန်ပြောလိုက်သည်။

ဤတစ်ခေါက် တောင်ပေါ်တက်ရသည်မှာ အနည်းငယ် ပင်ပန်းခဲ့သဖြင့် မိမိကိုယ်ကို သေချာပေါက် ဆုချရမည် မဟုတ်ပါလား။

မည်သို့ပင်ဖြစ်စေ ငွေရှာထားနိုင်ပြီဖြစ်ရာ သေချာပေါက် ဇိမ်ခံရမည်သာ ဖြစ်၏။ ထို့သို့မဟုတ်ပါက ရှာထားသည့်ငွေက အလကား ဖြစ်သွားမည် မဟုတ်ပါလား။

ကျန်းအန်တီက မီးဖိုချောင် အလုပ်များ ပြီးသွားသဖြင့် အပြင်သို့ ထွက်လာရာ ရွှီယန်၏ စကားကို ကြားလိုက်ရသဖြင့် ပြောလိုက်သည်။

"ကောင်းပြီလေ... ညကျရင် အန်တီ ဒီမှာ စောင့်နေပေးမယ်... မင်းတို့ သွားစားကြ"

"သေချာ ကောင်းကောင်းလေး သွားစားကြ... တောင်ပေါ်မှာ ဒီရက်ပိုင်း တော်တော်လေး ပင်ပန်းခဲ့မှာပဲ"

ရွှီယန်က ခေါင်းညိတ်လိုက်ပြီး

"ဟုတ်ပြီ... ဒါဆိုလည်း ဒီလိုပဲ လုပ်ကြတာပေါ့"

ဟု ပြောလိုက်သည်။

ယခုအခါ သူ၏ ခန္ဓာကိုယ်မှာ စေးကပ်ကပ် ဖြစ်နေသဖြင့် ကိုယ်ပိုင် အခန်းထဲသို့ ပြန်ဝင်ကာ ရေချိုးလိုက်ပြီး သန့်ရှင်းသော အဝတ်အစားများကို လဲလှယ်ဝတ်ဆင်လိုက်သည်။ ထို့နောက် မီးဖိုချောင်ထဲသို့ ဝင်ကာ အနည်းငယ် စားသောက်လိုက်မှသာ အားအင် အနည်းငယ် ပြန်လည် ပြည့်ဖြိုးလာသလို ခံစားလိုက်ရ၏။

အခုလေးတင် ပြန်ရောက်လာသော သူ၏ ပုံစံမှာ စစ်ပြေးဒုက္ခသည် တစ်ယောက်နှင့်ပင် တူနေပေသည်။ တောင်ပေါ်တက်သည့် သုံးရက်လုံး အဝတ်အစား မလဲခဲ့ရသဖြင့် ခန္ဓာကိုယ်နှင့် လက်များပေါ်တွင် ဖုန်များချည်းသာ ပြည့်နှက်နေပြီး ကောက်ရိုးဦးထုပ်ကလည်း အလွန် ညစ်ပတ်နေ၏။

ရေချိုးပြီးနောက် ပေါ့ပေါ့ပါးပါး အဝတ်အစားကို လဲလှယ်ဝတ်ဆင်လိုက်သောအခါ ချက်ချင်းပင် သန့်ရှင်းသပ်ရပ်သော လူရွယ်ချောလေး တစ်ယောက် ပြန်ဖြစ်သွားတော့သည်။ တကယ်ပင် လူမှာ အဝတ် တောင်းမှာ အကွပ် ဆိုသည့်စကားအတိုင်းပင်။

ထို့နောက် ရွှီယန်... ရွှီဟုန်ရှန်းနှင့် လီဆန်း သုံးယောက်သား မြို့နယ်ထဲသို့ ထမင်းသွားစားကြတော့သည်။

ဤတစ်နပ်တွင် ငါး... အသား... ကြက်သားနှင့် မှိုဟင်းများ ပါဝင်ပြီး အလွန် မြိန်မြိန်ယှက်ယှက် စားသောက်ခဲ့ကြ၏။

သို့သော် ရွှီဟုန်ရှန်း တစ်ယောက်တည်းသာ အရက်သောက်နေခဲ့သည်။ သူက ရေခဲစိမ် ဘီယာ နှစ်ပုလင်း သောက်လိုက်သော်လည်း သိပ်အားမရသေးဘဲ ကလေးများနှင့် ထမင်းစားရသည်မှာ ပျင်းစရာကောင်းသည်ဟုပင် ပြောနေသေး၏။

သူ၏ သူငယ်ချင်းများနှင့် အတူသောက်ပြီး မျက်နှာတွေ နီရဲလာသည်အထိ လေလုံးထွားရသည်ကမှ ပို၍ အရသာရှိပေသည်။

ထမင်းတစ်နပ်ကို ပျော်ရွှင်စွာ စားသောက်ပြီးစီးသွားခဲ့သည်။

ရွှီယန်က ဗင်ကားကို မောင်းနှင်ကာ သူတို့ အားလုံး လယ်ယာခြံဝင်းဆီသို့ ပြန်လာခဲ့ကြ၏။ တစ်နေ့တာက ဤသို့ဖြင့် ကုန်ဆုံးသွားခဲ့သည်။

ညဘက်တွင် ရွှီယန်က ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ကို ဆွဲ၍ ကုတင်ပေါ်တွင် သက်သောင့်သက်သာ လှဲလျောင်းနေလိုက်သည်။

သူက ဤနှစ်ရက်တာအတွက် ကျော်ကြားမှုရမှတ်များကို စတင် တွက်ချက်လိုက်၏။ မနေ့ကနှင့် ယနေ့ ကျော်ကြားမှုရမှတ်များကို မတွက်ချက်ရသေးချေ။

ရလဒ်က သူ၏ မျှော်လင့်ထားမှုများကို လုံးဝ ကျော်လွန်နေခဲ့သည်။

ယမန်နေ့က ကျော်ကြားမှုရမှတ်မှာ - လိုက်ဖ်ကြည့်ရှုသူ အရေအတွက် ၂၂၃,၀၀၀ ဦး ရှိပြီး ပျမ်းမျှ ကြည့်ရှုချိန် ၁.၆ နာရီဖြင့် ရရှိသော ကျော်ကြားမှုရမှတ်မှာ ၃၅၇,၀၀၀ ဖြစ်သည်။

လိုက်ဖ်ထဲသို့ စုစုပေါင်း လူ နှစ်သိန်းနှစ်သောင်း ဝင်ရောက်ခဲ့ကြသည်။ ရွှီယန်၏ မှတ်ဉာဏ်အရ ကျား ပေါ်လာသည့် အချိန်အတွင်း မိနစ်ဆယ်ကျော်ခန့် လူတစ်သိန်းကျော်အထိ ရောက်ရှိသွားခဲ့ခြင်း ဖြစ်၏။

ကျန်အချိန် အများစုတွင်မူ ခုနစ်သောင်း ရှစ်သောင်းခန့်သာ ရှိခဲ့သည်။

'ရှာဖွေမှု အများဆုံး စာရင်းထဲ ပါသွားတာ တကယ်ကို မတူဘူးပဲ... မနေ့က ရှာဖွေမှု အများဆုံး အထွတ်အထိပ် အချိန်ကို ရောက်နေလို့ လူတွေ အများကြီး ဝင်လာခဲ့တာ ဖြစ်ရမယ်'

ရွှီယန်က စိတ်ထဲမှ တွေးလိုက်သည်။

သူက ယနေ့ ကျော်ကြားမှုရမှတ်များကို ဆက်လက် တွက်ချက်လိုက်သည်။

ယနေ့ လိုက်ဖ်ကြည့်ရှုသူ အရေအတွက်မှာ ၁၃၆,၀၀၀ ဦး ရှိပြီး ပျမ်းမျှ ကြည့်ရှုချိန် ၁.၈ နာရီဖြင့် ရရှိသော ကျော်ကြားမှုရမှတ်မှာ ၂၄၅,၀၀၀ ဖြစ်သည်။

လက်ရှိ စုစုပေါင်း ကျော်ကြားမှုရမှတ်မှာ ၆၀၂,၀၀၀ ဖြစ်သွားပြီ ဖြစ်သည်။

'လခွမ်း... တောနက်ကြီးထဲ တစ်ခေါက် ဝင်တာနဲ့တင် ရမှတ် ခြောက်သိန်းနှစ်သောင်းတောင် ရခဲ့တာလား... ဒါတောင် နောက်ဆုံး နှစ်ရက်စာပဲ ရှိသေးတာ'

'အကျိုးအမြတ်က ထင်ထားတာထက် အများကြီး ပိုကြီးမားနေတာပဲ'

ရွှီယန် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။

ကျော်ကြားမှုရမှတ်များ ဤမျှ များပြားရခြင်း၏ အကြောင်းရင်းမှာ တောနက်ထဲ ဝင်သွားခြင်းကြောင့် မဟုတ်ဘဲ သူနှင့် ကျား၏ အပြန်အလှန် ဆက်သွယ်မှုများကြောင့်သာ ဖြစ်၏။

အကယ်၍ သာမန် တောနက်ထဲ ဝင်သွားရုံမျှဖြင့် ဤမျှ ကြီးမားသော အကျိုးအမြတ်မျိုး ရရှိမည် မဟုတ်ပေ။

ထို့ကြောင့် သူ့ထံသို့ ကံကောင်းခြင်းများ ဆောင်ကြဉ်းလာပေးသည်မှာ ထိုကျားပင် ဖြစ်သည်။ ရွှီယန်က ထိုကျားကို အလွန် ကျေးဇူးတင်မိပြီး နောက်ပိုင်း အချိန်ရပါက သေချာပေါက် သွားကြည့်မည်ဟု ဆုံးဖြတ်လိုက်သည်။

မည်သို့ပင်ဖြစ်စေ ရွှီယန်က ဤကျား တစ်ကောင်တည်းကိုသာ သိကျွမ်းသေးသဖြင့် သေချာပေါက် နောက်တစ်ကြိမ် ပြန်တွေ့ချင်နေမည်သာ ဖြစ်၏။

ဤအရာကို တွေးမိသောအခါ သူက ကျားသစ်ပေါက်လေးကိုလည်း အနည်းငယ် သတိရသွားသည်။ ကျားက အလွန် အေးစက်စက်နိုင်ပြီး အလွန်ဆုံး ခေါင်းဖြင့် ပွတ်သပ်ကာ ခင်မင်မှုကို ပြသရုံမျှသာ ဖြစ်၏။

ထိုကျားသစ်ပေါက်လေးကတော့ အများကြီး ပို၍ ချစ်စရာကောင်းပြီး အလွန်လည်း သွက်လက်လှသည်။ ၎င်းကို စနောက်ရသည်မှာ အတော်လေး ပျော်စရာ ကောင်းပေသည်။

'ရမှတ် ခြောက်သိန်းတောင် ရှိနေပြီ... တစ်သန်းအထိ စုပြီး အကြီးကြီး တစ်ခုလောက် မဲဖောက်လိုက်ရမလား'

ရွှီယန်က စိတ်ထဲမှ တွက်ဆနေလိုက်သည်။

သူက အဆင့်မြင့် မဲဖောက်ခြင်း၏ ဆုလာဘ်များအကြောင်းကို နားလည်ထားသည်။ အခြေအနေ အများစုတွင် ယွမ် သောင်းဂဏန်းခန့် တန်ဖိုးရှိသော ကိရိယာများနှင့် ပစ္စည်းများသာ ဖြစ်၏။

တစ်ခါတစ်ရံတွင် မော်တော်ဆိုင်ကယ်၊ ထွန်စက် ကဲ့သို့သော အရာများကို မဲဖောက်ရရှိနိုင်ပြီး တန်ဖိုးအားဖြင့် ယွမ် ရှစ်သောင်း ကိုးသောင်း ဝန်းကျင်ခန့် ရှိပေသည်။

အထူးဆုများ ရရှိရန် အခွင့်အရေး ရှိသော်လည်း ဖြစ်နိုင်ခြေ အလွန် နည်းပါးလှသည်။

အကယ်၍ ကျော်ကြားမှုရမှတ် တစ်သန်းတန် အထူးမဲဖောက်ခြင်းကိုသာ ပြုလုပ်မည်ဆိုပါက အနည်းဆုံး အထူးဆုများကို ရရှိမည်ဖြစ်ပြီး ကျွမ်းကျင်မှု ကဲ့သို့သော ပစ္စည်းကောင်းများကို ရရှိရန် အခွင့်အလမ်း အလွန် များပြားပေသည်။ ယွမ် သောင်းဂဏန်းလောက်ထက်တော့ အမြဲတမ်း ပို၍ တန်ဖိုးရှိမည်သာ ဖြစ်၏။

'စုထားလိုက်မယ်... လောလောဆယ်လည်း ဘာမှ မလိုသေးဘူး'

'တစ်သန်း ပြည့်တဲ့အထိ စုမယ်... ဒီရက်ပိုင်းတွေမှာ ရှာဖွေမှု အများဆုံး စာရင်းထဲ ဝင်နေတာဆိုတော့ ဒီလူကြိုက်များမှုကို အမိအရ ဆုပ်ကိုင်ပြီး ရမှတ်တွေ ထပ်ရှာရမယ်'

'တောရိုင်း တိရစ္ဆာန်တွေကို လိုက်ဖ်လွှင့်တဲ့အချိန် လက်ဆောင်ပေးတဲ့ လမ်းကြောင်း ဖွင့်ခွင့်မရဘူး ဆိုပေမယ့် ငါ့အတွက်ကတော့ လက်ဆောင်ကနေ ရတဲ့ ဝင်ငွေက သိပ်ပြီး အရေးမကြီးပါဘူးလေ'

သူ အနည်းငယ် ပင်ပန်းနေသဖြင့် အိပ်ရန် ရည်ရွယ်လိုက်သည်။ ထိုအချိန်မှာပင် စနစ်၏ အသံက ထွက်ပေါ်လာတော့၏။

"ကျော်ကြားမှုရမှတ်တွေ တိုးလာတယ်... ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် အဆင့်တက်နေတယ်..."

"ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် အဆင့်တက်တာ ပြီးဆုံးသွားပါပြီ..."

"လုပ်ဆောင်ချက်အသစ် ပွင့်သွားပြီ... ရတနာရှာဖွေရေး တာဝန် လဲလှယ်ခြင်း..."

"စနစ်ပိုင်ရှင်အနေနဲ့ ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် အသုံးပြုခွင့် ငါးကြိမ်ကိုသုံးပြီး ရတနာရှာဖွေရေး တာဝန်တစ်ခုနဲ့ လဲလှယ်နိုင်တယ်... တာဝန်ဆုလာဘ်ကတော့ ကျပန်းဖြစ်မယ်..."

"မှတ်ချက်... ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို နောက်တစ်ကြိမ် အဆင့်မြှင့်ဖို့ ကိုယ်တိုင် လုပ်ရမယ်... ကျော်ကြားမှုရမှတ် တစ်သန်း ကုန်ကျမယ်..."

ကျော်ကြားမှုရမှတ်များ အလွန် များပြားစွာ ရရှိခဲ့သဖြင့် ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်က နောက်ထပ် တစ်ကြိမ် အဆင့်တက်သွားခဲ့ခြင်း ဖြစ်သည်။ သို့သော် အဆင့်တက်လာသော ဤလုပ်ဆောင်ချက်က ကောင်းသည်ဟု ဆိုလျှင်လည်း ကောင်းပြီး အသုံးမဝင်ဘူးဟု ဆိုလျှင်လည်း အသုံးမဝင်ချေ။

'ငါးကြိမ်ကိုမှ တစ်ကြိမ်ပဲ လဲလို့ရတယ် ဟုတ်လား... အရမ်း လွန်လွန်းနေပြီ'

'ဒါပေမဲ့ ရတနာရှာဖွေမှု ငါးကြိမ်လုံးက ယွမ် ထောင်ဂဏန်း ရာဂဏန်းလောက်ပဲ တန်တဲ့ မှိုတွေ ဆေးပင်တွေချည်းပဲ ဖြစ်နေနိုင်တာဆိုတော့ တာဝန်တစ်ခုနဲ့ လဲလိုက်ရတာ မရှုံးပါဘူးလေ'

'ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ရဲ့ အသုံးပြုခွင့် အကြိမ်ရေတွေကို ငါ ဘယ်နေရာမှာ သုံးမလဲ ဆိုတာကိုပဲ ကြည့်ရမှာပေါ့'

ရွှီယန်က တွေးကြည့်လိုက်ရာ အတော်လေး ကောင်းမွန်သည်ဟု ခံစားလိုက်ရသည်။ အနည်းဆုံးတော့ မိမိအတွက် ရွေးချယ်စရာ တစ်ခု ပိုလာသည် မဟုတ်ပါလား။ ရတနာရှာဖွေရေး တာဝန်က အတော်လေး စိတ်ဝင်စားစရာ ကောင်းပေသည်။

'ဒါပေမဲ့ နောက်တစ်ကြိမ် အဆင့်တက်ဖို့ ကိုယ်တိုင် လုပ်ရမယ်... ရမှတ် တစ်သန်းတောင် ကုန်မယ်တဲ့လား'

'ဒါကတော့ နည်းနည်း လွန်သွားပြီ'

'နောက်မှပဲ ထပ်စဉ်းစားတော့မယ်'

နောက်တစ်နေ့ နံနက်ခင်း။

ရာသီဥတုက အနည်းငယ် အေးစိမ့်နေသည်။ မိုးတစ်ကြိမ် ရွာသွန်းပြီးကတည်းက ဤဘက်တွင် အပူချိန် စတင် ကျဆင်းလာခဲ့၏။

ဩဂုတ်လက နွေရာသီနှင့် ဆောင်းဦးရာသီတို့၏ အကူးအပြောင်း ကာလပင် ဖြစ်သည်။

ဤဘက်ရှိ ဆောင်းဦးရာသီက အလွန် ရှည်လျားပြီး ဆောင်းဦးရာသီ၏ ဂုဏ်သတ္တိများနှင့် အပြည့်အဝ ကိုက်ညီကာ ကောင်းကင်ပြာလင်ပြီး လေပြည်လေညင်းများ တိုက်ခိုက်ကာ အပူချိန်ကလည်း သင့်တင့်မျှတလှသည်။

နေရာအတော်များများတွင် ဆောင်းဦးရာသီနှင့် နွေဦးရာသီ ဟူ၍ မရှိဘဲ မူလက ပူနေရာမှ မိုး အကြိမ်အနည်းငယ် ဆက်တိုက် ရွာသွန်းလိုက်သည်နှင့် တိုက်ရိုက်ပင် ဆောင်းရာသီသို့ ဝင်ရောက်သွားကာ ဂွမ်းဘောင်းဘီများ ဝတ်ဆင်ရသည်အထိ ချမ်းအေးသွားတတ်ကြ၏။

ဆောင်းရာသီ ကုန်လွန်သွားပြီး ရာသီဥတု ပူနွေးလာသည်နှင့် ချက်ချင်းပင် လက်တိုအင်္ကျီများ ဝတ်ဆင်ကာ အပြင်ထွက်နိုင်ကြပေသည်။

နွေရာသီနှင့် ဆောင်းရာသီ အကူးအပြောင်း ကာလတိုင်းတွင် လူအချို့က ဂွမ်းအင်္ကျီများ ဝတ်ဆင်၍ အပြင်ထွက်ကြပြီး အချို့ကမူ ဘောင်းဘီတို လက်တိုများ ဝတ်ဆင်၍ အပြင်ထွက်ကြသည့် အခြေအနေမျိုးကို တွေ့ရတတ်သည်။ နှစ်ဖက်စလုံးက တစ်ဖက်ကိုတစ်ဖက် မြင်သောအခါ စိတ်ထဲမှနေ၍ 'အရူးပဲ' ဟု တိတ်တဆိတ် ကျိန်ဆဲတတ်ကြ၏။

ဤဘက်ရှိ ဆောင်းဦးရာသီက သုံးလခန့် ကြာမြင့်သည်။ ဩဂုတ်လ နှောင်းပိုင်းတွင် ဆောင်းဦးရာသီ စတင်ပြီး နိုဝင်ဘာလ နှောင်းပိုင်းတွင် ဆောင်းရာသီသို့ ဝင်ရောက်ကာ ထိုအထဲမှ စက်တင်ဘာလနှင့် အောက်တိုဘာလများမှာ ရွှေရောင်ဆောင်းဦး ကာလဖြစ်ပြီး ရှုခင်း အလှပဆုံးပင် ဖြစ်၏။

ယခုအခါ နေ့ဘက်တွင် အနည်းငယ် ပူအိုက်နေဆဲဖြစ်ပြီး နွေရာသီ၏ အဆုံးသတ် ကာလပင် ဖြစ်သည်။

ရွှီယန်က အိပ်ရာမှ ထပြီးနောက် ထိုင်ခုံပေါ်တွင် ထိုင်ကာ ငေးမောနေလိုက်၏။ သူက ဤသို့ လုပ်နေကျပင် ဖြစ်သည်။

အခုမှ နိုးလာသဖြင့် အိပ်ချင်မူးတူး ဖြစ်နေဆဲဖြစ်ကာ အလုပ်သွားရန် ဖိအားလည်း မရှိသဖြင့် ထိုင်ကာ ဖြည်းဖြည်းချင်း အသိစိတ် ပြန်ဝင်လာအောင် လုပ်နေခြင်း ဖြစ်၏။

အိပ်ချင်စိတ်များ တဖြည်းဖြည်း လျော့ပါးသွားပြီး လုံးဝ ပျောက်ကွယ်သွားသည်အထိပင်။

ထို့နောက် သက်သောင့်သက်သာဖြင့် ညည်းတွားလိုက်ပြီးနောက် စတင် အလုပ်ရှုပ်တော့သည်။

ယနေ့ သူက နောက်ဘက်တောင်ပေါ်သို့ သွားကာ ကျားသစ်ကို ရှာရန် ရည်ရွယ်ထားသည်။ တစ်ဖက်တွင်တော့ ကျားသစ်ပေါက်လေးကို သတိရနေပြီး ၎င်းကို နို့သွားတိုက်ရန် ဖြစ်၏။ အခြားတစ်ဖက်တွင်တော့ လူကြိုက်များမှု လှိုင်းလုံးကို အမိအရ ဆုပ်ကိုင်ကာ ကျော်ကြားမှုရမှတ်များ ထပ်မံ ရှာဖွေရန် ဖြစ်သည်။

သူက ခွေးလေးများကို သံလှောင်အိမ်ထဲမှ လွှတ်ပေးလိုက်သည်။

လယ်ယာခြံဝင်းထဲမှ ကြက်ဖကြီးက ခြံတံတိုင်းပေါ်တွင် ရပ်ကာ ရွှီယန်ကို စိုက်ကြည့်နေ၏။

ဤကြက်ဖကြီးကို မြင်သောအခါ ရွှီယန် ဒေါသထွက်လာတော့သည်။

"မင်းက နေ့တိုင်း လမ်းမလျှောက်ဘဲ ခြံတံတိုင်းတွေ ခေါင်မိုးတွေပေါ်ချည်းပဲ အမြဲ ပြေးတက်နေတာ ဘာလုပ်ဖို့လဲ"

"လယ်ယာခြံဝင်းက ဒီလောက် ကြီးတာကို မင်း လျှောက်ဖို့ မလုံလောက်ဘူးလား"

ကြက်ဖကြီးက သူ၏ စကားကို နားမလည်ဘဲ ကြောင်တောင်တောင်ဖြင့် ငေးမောနေလေသည်။ ရွှီယန်လည်း ၎င်းကို ဆက်လက် အာရုံမစိုက်ချင်တော့ချေ။

သဘောပဲလေ။

ခွေးနှစ်ကောင်က ရွှီယန်၏ ဘေးတွင် နှစ်ပတ်ခန့် ပြေးလွှားပြီးနောက် ဆော့ကစားရန် နေရာသွားရှာကြတော့သည်။

ရွှီယန်ကတော့ အချိန်စောနေသေးသဖြင့် လယ်ယာခြံဝင်း၏ နေရာအနှံ့အပြားသို့ တစ်ပတ် လှည့်လည် စစ်ဆေးလိုက်၏။

မှန်လုံအိမ်ထဲရှိ သီးနှံများက အလွန် ကောင်းမွန်စွာ ကြီးထွားနေကြသည်။ ပေါင်းပင် အနည်းငယ် ရှိသော်လည်း ကိစ္စမရှိပေ။ မည်သည့် ပိုးမွှားနှင့် ရောဂါမှ မရှိလျှင် ရပြီသာ ဖြစ်၏။

အာလူးများလည်း အညှောက်ထွက်နေပြီဖြစ်ပြီး တိရစ္ဆာန်စား မြက်များက ပို၍ပင် ကြီးထွားမှု ကောင်းမွန်ကာ ခြေကျင်းဝတ် အမြင့်ခန့်အထိ ရောက်ရှိနေပြီ ဖြစ်သည်။ အပေါ်သို့ အနည်းငယ် ထပ်မံ ထိုးထွက်လာပါက မြက်ရိတ်၍ ငွေရောင်းနိုင်မည် ဖြစ်၏။

တစ်လ နှစ်လခန့် အလုပ်ရှုပ်ခဲ့ရသည်မှာ နောက်ဆုံးတွင်တော့ အကျိုးသက်ရောက်မှု ရှိလာခဲ့ပေသည်။

ဘေးနားရှိ စမ်းသပ်စိုက်ခင်းမှ စိုက်ပျိုးရေး တက္ကသိုလ် ကျောင်းသားများ စိုက်ပျိုးထားသော သီးနှံများထက် အများကြီး ပိုကောင်းမွန်ပေသည်။ ဟိုဘက်တွင်တော့ မလဲကျလျှင် အသီးမသီးကြချေ။ နေ့တိုင်း ဘယ်နေရာ မှားယွင်းနေသလဲ ဆိုသည်ကိုသာ သုတေသန လုပ်နေကြ၏။ အတော်လေးတော့ စိတ်ဝင်စားစရာ ကောင်းလှသည်။

"လီဆန်း... ငါ ဒီနေ့ နောက်ဘက်တောင်ပေါ် သွားပြီး လျှောက်ကြည့်ဦးမယ်... မင်းကတော့ အလုပ်ပြီးရင် နားလိုက်ပေါ့... ရေလောင်းဖို့တော့ မမေ့နဲ့ဦး"

ရွှီယန်က လီဆန်းကို စီစဉ်ညွှန်ကြားလိုက်သည်။

"ရပါတယ် အစ်ကိုယန်"

လီဆန်းက အလျင်အမြန် ပြန်ဖြေလိုက်၏။

ထို့နောက် နံနက်စာ စားပြီးနောက် တစ်ပတ်ခန့် ထပ်မံ လှည့်လည်ကြည့်ရှုပြီး နံနက် ကိုးနာရီခွဲတွင် ရွှီယန်က ဒရုန်းကို ယူဆောင်ကာ နောက်ဘက်တောင်ပေါ်သို့ တောက်လျှောက် ထွက်ခွာလာခဲ့သည်။

နောက်ဘက်တောင်ပေါ်သို့ ဝင်ရောက်ပြီး နာရီဝက်ကျော်ခန့် တောင်လမ်းကို လျှောက်ပြီးနောက်မှသာ လိုက်ဖ်ကို နောက်တစ်ကြိမ် ပြန်လည် ဖွင့်လှစ်လိုက်တော့သည်။

All Chapters