ရန်သူလား မိတ်ဆွေလား
Vol. 35 Ch. 496
အခန်း (၄၉၆) ရန်သူလား မိတ်ဆွေလား
ကောင်းကင်တစ်ခွင်လွှမ်းခြုံထားသော အနက်ရောင်ချီစွမ်းအားများက အသင်္ချေသောဓားသွားများအဖြစ် ပြောင်းလဲသွားပြီး မိုးမြေတစ်ခွင် ဖုံးအုပ်လျှက် အနီးပတ်ဝန်းကျင်မှ လူများအားလုံးဆီသို့ ဝင်ရောက်လာသည်။
ရန်ကျောက်ကဲက တည်ငြိမ်စွာကြည့်နေချိန်တွင် ဖန်းမင် ၊ ယန်ချူးဖန်နှင့် အခြားသူများက ဆတ်ခနဲ တုန်လှုပ်သွားကြပြီး...
“ရှားလော်ဂိုဏ်းကလူတွေပဲ”
ကြံ့ဝိညာဉ်ကျွန်းမှ သိုင်းသမားများအားလုံး ခါးသက်သွားကြသည်။ ကောင်းကင်တစ်ခွင်လွှမ်းခြုံထားသော ဓားချီကို ကြည့်ခြင်းအားဖြင့် ရန်သူ့ဘက်တွင် အမတဝိညာဉ်သိုင်းဆရာသခင် အနည်းဆုံး (၂)ယောက်ရှိကြောင်း ခန့်မှန်းနိုင်သည်။
ရှားလော်ဂိုဏ်းမှလူများက သူတို့နောက်မှ ခပ်လွယ်လွယ်ပင် နောက်ယောင်ခံလိုက်လာသည်မှာ ထင်ရှား၏။ အရံအတားပြိုပျက်သည့်အချိန်ထိစောင့်ပြီးမှ သူတို့ကိုသုတ်သင်ပြီး ရတနာပစ္စည်းများကို အပိုင်စီးရန်ကြံစည်ထားခြင်း ဖြစ်နိုင်သည်။
ဖန်းမင်နှင့် အခြားသူများသာမက အတွေ့အကြုံများသော ယန်ချူးဖန်သည်ပင် ဒေါသချောင်းချောင်းထွက်နေမိသည်။ သူတို့က ရှားလော်ဂိုဏ်းကို ကြောက်ရွံ့ခြင်းမရှိသော်လည်း ယုတ်မာသောအကြံအစည်အတွက် ဒေါသထွက်ရခြင်း ဖြစ်၏။
ထို့ပြင် ရှားလော်ဂိုဏ်း၏တိုက်ခိုက်မှုကို ကြည့်ခြင်းအားဖြင့် ရန်သူများက သူတို့အားလုံးကို နေရာမှာပင် သတ်ဖြတ်ပစ်လိုကြောင်း ခံစားသိရှိနိုင်သည်။
ရန်သူက ကြံဝိညာဉ်ကျွန်းမှသိုင်းသမားများအားလုံးကို အကြွင်းမဲ့ သတ်ဖြတ်ပစ်နိုင်မည်ဟု ယုံကြည်ထားဖွယ်ရှိသည်။ ယခု တိုက်ခိုက်နေသည်ကို ကြည့်ခြင်းအားဖြင့် ရန်သူ့ဘက်မှ အမတဝိညာဉ်နှောင်းပိုင်းအဆင့် သိုင်းဆရာသခင်နှစ်ယောက်က သူတို့၏စွမ်းအားများကို အပြည့်အဝ အသုံးပြုခြင်း မရှိသေးပေ။
အခြေအနေကိုတွေးတောနေရင်း ယန်ချူးဖန်က ရန်ကျောက်ကဲကို မျက်လုံးထောင့်ကပ်ကြည့်လိုက်သည်။
အချိန်အနည်းငယ်အတွင်း ရန်ကျောက်ကဲ၏ကျင့်ကြံခြင်းအဆင့်ကို အကဲဖြတ်ရန် မဖြစ်နိုင်သော်လည်း ထိုလူငယ်သည် အသက်ငယ်သော်ငြား ခေသူတစ်ယောက်မဟုတ်ကြောင်း ရိပ်မိထားပြီး ဖြစ်၏။
ရှားလော်ဂိုဏ်းရော ရန်ကျောက်ကဲနှင့်ပါ တိုက်ခိုက်ရမည်ဆိုလျှင် သူတို့ ကြံ့ဝိညာဉ်ကျန်းအနေဖြင့် သေချာပေါက် အန္တရယ်များပေလိမ့်မည်။
ယန်ချူးဖန်က...
“မင်းက ချန်လီတောင်ရဲ့ ရန်သူလား မိတ်ဆွေလား”
ရန်ကျောက်ကဲက ဝင်ရောက်လာသော အနက်ရောင်ချီစွမ်းအား ဓားဝိညာဉ်ကို စိတ်ဝင်တစားအကဲဖြတ်နေရင်းမှ...
“သေသေချာချာတော့ မပြောနိုင်သေးပေမယ့်... မိတ်ဆွေဖြစ်ဖို့ များပါတယ်”
ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါးပင် ဖြေလိုက်သော်လည်း ယန်ချူးဖန်က သူ့မျက်စိရှေ့ရောက်နေပြီဖြစ်သော အနက်ရောင်ဓားချီစွမ်းအားများကို လက်ညှိုးညွှန်ပြရင်း...
“ဒီလူတွေက ရှားလော်ဂိုဏ်းက လူတွေပဲ”
သူက ဆက်ပြောသည်။
“ရှားလော်ဂိုဏ်းက မိစ္ဆာဂိုဏ်း (၆) ဂိုဏ်းထဲမှာ အပါအဝင်ဖြစ်ပြီး လမ်းမှန်ဂိုဏ်း (၇) ဂိုဏ်းမှာ တစ်ဂိုဏ်းအပါအဝင်ဖြစ်တဲ့ ချန်လီတောင်ရဲ့ ရန်သူပဲ”
ရန်ကျောက်ကဲက ရယ်မောရင်း...
“ရှားလော်ဂိုဏ်းကို စိတ်မဝင်စားဘူး ၊ ငါ မေးချင်တာ မင်းတို့ ကြံ့ဝိညာဉ်ကျွန်းနဲ့ ချန်လီတောင်ရဲ့ ဆက်ဆံရေးက ဘယ်လိုရှိလဲ”
ယန်ချူးဖန် ပြန်ဖြေချင်သော်လည်း အခြေအနေ မပေးတော့ပေ။ သူက ကြုံးဝါးသံတစ်ချက်ပြုလိုက်ပြီး သူ့လက်ဖဝါးများကို ဝှေ့ယမ်းလိုက်ရာ စီးဆင်းနေသောရေပမာ တောက်ပနေသော ကျောက်စိမ်းရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။
သေသေချာချာ ဆန်းစစ်ကြည့်တော့ ယန်ချူးဖန်ရဲ့ လက်ဖဝါးထက်မှ ကျောက်စိမ်းရောင်အလင်းတန်းများက လေထုကိုထိုးဖောက်ဝင်ရောက်သွားပြီး အလွန်တရာခမ်းနားကြောင်းတွေ့ရသည်။
စီးဆင်းနေသောကျောက်စိမ်းရောင်အလင်းတန်းများက အားနည်းသည်ထင်မှတ်ရသော်လည်း စွမ်းအားမြင့်မားဟန်ရှိသည်။ အထူးသဖြင့် ရန်သူ၏ဓားသိုင်းမှ ချို့ယွင်းချက်နှင့် ဟာကွက်များကို ရှာဖွေကာ တန်ပြန်တိုက်ခိုက်နိုင်စွမ်းရှိပြီး ရန်သူ၏ ပြင်းထန်သောတိုက်ခိုက်မှုကို ပြယ်လွင့်သွားစေသည်။
ကျောက်စိမ်းရောင်အလင်းတန်းများက ရန်သူ၏တိုက်ခိုက်မှုဆီသို့ ပိတ်စအတွင်း ထိုးသွင်းလိုက်သော အပ်တစ်စင်းပမာ ဝင်ရောက်သွားသည်။ ထိုအလင်းတန်းများက ရန်သူ၏ဓားသိုင်းမှ ဟာကွက်ကိုရှာဖွေပြီး တန်ပြန်တိုက်ခိုက်ရန် ကြိုးစားလိုက်သည်။
တစ်ခါတစ်ရံတွင် ရှားလော်ဂိုဏ်းမှလူများသည် သူတို့၏ ချို့ယွင်းချက်နှင့်ဟာကွက်များကို တစ်ဖက်လူ၏တိုက်ကွက်ကို မျှားခေါ်ရန် တမင်သက်သက် ထုတ်ဖော်ပြသထားသလား ထင်မှတ်ရသည်။
နှစ်ဖက်လုံးက တစ်ယောက်၏တိုက်ကွက်များကို တစ်ယောက်က ရင်းနှီးပြီးသားဖြစ်လေရာ တိုက်ကွက်တစ်ခု ထုတ်ဖော်သည်နှင့် မည်သို့လှုပ်ရှားမည်ကို သိရှိပြီး အဆင်သင့်တန်ပြန်တိုက်ခိုက်နိုင်ကြသည်သာ ဖြစ်သည်။
ရန်ကျောက်ကဲက အခြေအနေကိုအကဲခတ်ရင်း ခေါင်းညိတ်လိုက်သည်။
ချန်လီတောင်နှင့် သွေးနီနဂါးဂိုဏ်းတို့ကဲ့သို့ပင် ကြံဝိညာဉ်ကျွန်းနှင့် ရှားလော်ဂိုဏ်းမှ သိုင်းပညာများသည်လည်း အတော်လေး လက်ရာမြောက်စွာ အစွမ်းထက်ကြ၏။
သမုဒ္ဒရာကမ္ဘာ၏ သိုင်းပညာပြန်လည်ထူထောင်နိုင်စွမ်းသည် အမှန်တကယ်ပင် အားနည်းခြင်း မရှိခဲ့ပေ။
ယခု ရှားလော်ဂိုဏ်းမှ သိုင်းဆရာသခင်နှစ်ယောက် ပူးပေါင်းလျှက်ပင် ယန်ချူးဖန်ကို အနိုင်မယူနိုင်သဖြင့် ရန်သူက ဒေါသထွက်သွားဟန် ဓားချီက ပိုမိုပြင်းထန်လာသည်။
ရုတ်တရက်...
အနက်ရောင်ဓားချီထဲတွင် သွေးနီရောင်များလွှမ်းခြုံလာပြီး သွေးပင်လယ်အဖြစ်ပြောင်းလဲသွားကာ အတွင်းထဲမှ အဖြူရောင်အရိုးများကျဆင်းလာပြီး မြင့်မားသောအရိုးတောင်ကြီးနှစ်ခု ဖြစ်တည်လာ၏။
အရိုးတောင်ကြီးနှစ်ခုနှင့် သွေးပင်လယ်တို့က အောက်ဘက်သို့ဖိနှိပ်ကျလာပြီး ပြင်းထန်ကြမ်းတမ်းသော စွမ်းအားများ ထွက်ပေါ်လာသည်။
ဓားချီသည် ချို့ယွင်းချက်မရှိ အပြစ်အနာအဆာကင်းစင်လေရာ ကြံ့ဝိညာဉ်ကျွန်း၏ အမြင့်ဆုံးသိုင်းပညာဖြစ်သော ‘ကြံ့ဝိညာဉ်လက်ဝါးသိုင်း’ ကို အသုံးပြုနေသည့် ယန်ချူးဖန်သည်ပင် ထိုဓားချီကို ချိုးဖျက်နိုင်ခြင်း မရှိတော့ပေ။
ယန်ချူးဖန်၏ ခန္ဓာကိုယ်မှ အလင်းရောင်များတောက်ပလာပြီး သူ၏အလယ်ဆင့်မှော်ဝင်လက်နက်ကို အသက်သွင်းလိုက်သည်။ သို့သော် ရန်သူ့ဘက်တွင်လည်း အလယ်ဆင့်မှော်ဝင်လက်နက်များ ရှိသည်သာပင်။
မှော်ဝင်လက်နက်၏တွန်းအားဖြင့် ယန်ချူးဖန်၏ လက်ဖဝါးထက်မှ ကျောက်စိမ်းအလင်းရောင်သည် အရိုးတောင်တန်းနှင့် သွေးပင်လယ်ကြားဝင်ရောက်သွားသော်လည်း ရန်သူ့ဘက်မှ အလယ်ဆင့်မှော်ဝင်လက်နက်များကြောင့် ချက်ချင်းပင် နစ်မြုပ်လောင်ကျွမ်းသွားသည်။
ဖန်းမင်နှင့် ကြံ့ဝိညာဉ်ကျွန်းမှ အခြားသောသိုင်းသမားများက ယန်ချူးဖန်ကို ကူညီရန် အလျှင်အမြန်ရှေ့တက်လာသော်လည်း ရှားလော်ဂိုဏ်းမှ သိုင်းသမားများရောက်လာပြီး သူတို့ကို တားဆီးထားသည်။ ရန်သူ့အင်အားက သူတို့ထက်များပြားနေသည် အမှန်ပင်။
ရှားလော်ဂိုဏ်းက အင်အားနှင့် ဝိုင်းရံထားသဖြင့် ကြံ့ဝိညာဉ်ကျွန်းမှ သိုင်းသမားများ အကျပ်အတည်းကျရောက်သွားသည်။
ဖန်းမင်က အံတင်းတင်းကြိတ်ရင်း သူမဘယ်ဘက်လက်တွင်ဝတ်ထားသော ကျောက်စိမ်းလက်ကောက်ကို ညာဘက်လက်ဖဝါးဖြင့် ရိုက်ချလိုက်သည်။ လက်ကောက်က ကွဲကြေသွားပြီး အလင်းတန်းများထွက်ပေါ်လာကာ သူမနှင့် ဂိုဏ်းတူမောင်နှမများကို ကာကွယ်ပေးသည့် အရံအတားအဖြစ် ကောင်းကင်ထက်သို့ ပျံတက်သွား၏။
သို့သော် သွေးပင်လယ်နှင့် အရိုးတောင်ကြီးနှစ်ခု၏ ဖိအားကြောင့် ယန်ချူးဖန် ၊ ဖန်းမင်နှင့် အခြားသူများမှာ ရုတ်တရက် မလှုပ်ရှားနိုင် ဖြစ်သွားရသည်။
ယန်ချူးဖန်က ရန်ကျောက်ကဲကိုကြည့်ရင်း အံတင်းတင်းကြိတ်လျှက် အော်ဟစ်လိုက်သည်။
“ရှားလော်ဂိုဏ်းက ချန်လီတောင်ရဲ့ ရန်သူပဲ ၊ မင်းသူတို့ဆီကနေ ဘာသတင်းမှ ရနိုင်မှာမဟုတ်ဘူး”
ရန်ကျောက်ကဲက ပုံမှန်အတိုင်းပင်တည်ငြိမ်နေပြီး မေးစေ့ကိုလက်ဖြင့်ပွတ်ရင်း သွေးပင်လယ်နှင့် အရိုးတောင်ကြီးများထက်တွင်ရှိနေသော ရှားလော်ဂိုဏ်းမှ သိုင်းကျင့်ကြံသူကို လှမ်းကြည့်လိုက်သည်။
အမတဝိညာဉ်နှောင်းပိုင်းအဆင့်သိုင်းဆရာသခင်နှစ်ယောက်နှင့် ရှားလော်ဂိုဏ်းမှ သိုင်းကျင့်ကြံသူများသည် အရံအတားအပေါက်နားတွင် မတ်တတ်ရပ်နေသော ရန်ကျောက်ကဲကိုတွေ့တော့ မျက်မှောင်ကြုတ်လိုက်ကြ၏။
သို့သော် သူတို့က သူ့ကို စိတ်မဝင်စားသေးဘဲ ကြံဝိညာဉ်ကျွန်းမှသိုင်းသမားများကို ဆက်လက်တိုက်ခိုက်နေသည်။ ထိုလူငယ်လေးက သူတို့အတွက် ပြဿနာဖြစ်လာမည်ဟု တွေးမထားခဲ့ပေ။
သို့ရာတွင် တစ်ဖက်လူက ရန်ကျောက်ကဲကို အာရုံစိုက်လိုက်သဖြင့် အနည်းငယ် စိတ်ပျံ့လွင့်သွားသည်ကို အခွင့်ကောင်းယူကာ ကြံ့ဝိညာဉ်ကျွန်းမှ သိုင်းသမားများက အစွမ်းကုန်ထိုးဖောက်တိုက်ခိုက်လိုက်ကြ၏။
ဖန်းမင်၏ ကျောက်စိမ်းလက်ကောက်မှအလင်းတန်းများက အရိုးတောင်တန်းကြီးနှစ်ခုကို ပိုင်းဖြတ်ချလိုက်သည်။
ထိုအချိန် ယန်ချူးဖန်၏ မျက်ဝန်းများက ကျောက်စိမ်းရောင်တောက်ပလာပြီး သူ့ခန္ဓာကိုယ်က လှစ်ခနဲ လေထဲတွင် ပျောက်ကွယ်သွားသည်။
အပ်တစ်စင်းပမာ ပါးလွှာသော ကျောက်စိမ်းအလင်းတန်းများက သွေးပင်လယ်ကိုဖြတ်သန်းလျှက် အရိုးတောင်များကို အဆက်မပြတ်ထိုးဖောက်ဝင်ရောက်သွားကြ၏။ အပ်ငယ်များက သေးငယ်ပြီး အရိုးမပါဟန်ဖြစ်သော်လည်း အရိုးတောင်တန်းများနှင့် သွေးပင်လယ်ကို တုန်လှုပ်ဖွယ်ရာ ထိုးဖောက်သွားပြီး ထိုအပ်ငယ်များကို မည်သည့်အရာကမှ မတားဆီးနိုင်ခဲ့ပေ။
ရန်သူကို ယာယီတားဆီးနိုင်ခဲ့ပြီးနောက် ယန်ချူးဖန်က ဖန်းမင်နှင့်အခြားသူများ ထွက်ပြေးနိုင်စေရန် လမ်းဖွင့်ပေးခဲ့သည်။
သူတို့လာရောက်ရသည့်ကိစ္စထက် အခြေအနေများက ပိုမိုအရေးကြီးသည်။
ရန်သူက အင်အားသုံးတိုက်ခိုက်နေသည်ဖြစ်ရာ အသက်ရှင်လျှက်လွတ်မြောက်ရန် လိုအပ်သည်။ ယခု ဆုတ်ခွာသွားနိုင်လျှင် အနာဂတ်တွင် လက်စားချေရန် အခွင့်အရေးရရှိမည် မဟုတ်လား။
သို့သော်...
ထိုအချိန်မှာပင် အနက်ရောင်ဓားချီစီးကြောင်းတစ်ခုက လေထဲတွင် ရုတ်တရက်ပေါ်လာပြီး သူတို့အားလုံးရှိရာသို့ ပေါ့ပါးစွာ သက်ဆင်းလာသည်။
ယွမ်ချူးဖန်၏ ကြံ့ဝိညာဉ်လက်ဝါးသိုင်းမှ စီးဆင်းနေသောကျောက်စိမ်းရောင်အလင်းတန်းသည် အထက်သို့ ပျံသန်းသွားသည်။
သို့သော် အနက်ရောင်ဓားချီစီးကြောင်းအတွင်းမှ စုပ်ယူစွမ်းအားတစ်ခု ထွက်ပေါ်လာပြီး ကျောက်စိမ်းရောင်အလင်းတန်းကို စုပ်ယူပစ်လိုက်၏။ အနက်ရောင်ဓားချီအောက်တွင် ကျောက်စိမ်းရောင်အလင်းတန်းမှာ အပိုင်းပိုင်းပြတ်တောက်သွားတော့၏။
ယန်ချူးဖန်မျက်နှာ ဖြူဖျော့သွားပြီး...
“ကျန်းရှုန်...”
တစ်ဖက်လူက အမတဝိညာဉ်နှောင်းပိုင်းအဆင့် သိုင်းဆရာသခင်တစ်ယောက်ဖြစ်သည်။
သို့သော် ထိုသူက အမတဝိညာဉ်လက်ဖွဲ့အဆင့်သိုင်းသမားများသာ ကျင့်ကြံနိုင်သည့် ရှားလော်ဂိုဏ်း၏ လျှို့ဝှက်ပညာတစ်ရပ်ဖြစ်သော “အမှောင်ဓားချီ” သိုင်းပညာကို အတိုင်းအတာတစ်ခုအထိ ကျင့်ကြံအောင်မြင်ခဲ့သဖြင့် အမှောင်မိစ္ဆာ’ကျန်းရှုန်’ ဟု လူသိများပေ၏။
အနက်ရောင်ဓားချီသည် ထိုသူ၏လက်ထဲတွင် တကယ့်ဓားအစစ်တစ်လက်ပမာ သိပ်သည်းလျှက် ရှိသည်။
ထိုသူက အသက်လေးဆယ်ဝန်းကျင်ရှိပုံရပြီး နှုတ်ခမ်းမွှေးစစနှင့် မျက်ဝန်းများက သွေးရောင်လွှမ်းနေ၏။
ကျန်းရှုန်ဆိုသူက နှုတ်ခမ်းများတွန့်ကွေးလျှက် လှောင်ပြောင်သရောဟန် ပြုံးလိုက်ပြီး ကြံ့ဝိညာဉ်ကျွန်းမှလူများကို အန္တရယ်အငွေ့အသက်များပြည့်နေသော သွေးနီရောင်မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။
ထိုသူကို မြင်လိုက်ရတော့ ယန်ချူးဖန် မျှော်လင့်ချက် ဆုံးဆုံးမြုပ်သည့်အလား ရင်နင့်စွာ ခံစားရသည်။
ကျန်းရှုန်တစ်ယောက်လုံးပါနေမှတော့ ရှားလော်ဂိုဏ်းမှလူများက ကြံ့ဝိညာဉ်ကျွန်းမှ သိုင်းသမားများကို အရေးမစိုက်သည်မှာ အံ့သြစရာ မဟုတ်တော့ပေ။ လက်ရှိအခြေအနေအရ ရှားလော်ဂိုဏ်းက သူတို့အားလုံးကို အပြတ်ရှင်းပစ်နိုင်စွမ်း ရှိနေပြီ ဖြစ်၏။
ကျန်းရှုန်က ယန်ချူးဖန်ကို ခပ်တည်တည်ကြည့်ရင်း...
“လမ်းပြပေးလို့ ကျေးဇူးပဲဟေ့...”
ထို့နောက် ရှားလော်ဂိုဏ်းမှ သိုင်းသမားများက ယန်ချူးဖန်တို့အုပ်စုကို ထွက်ပေါက်ပိတ်ကာ ဝိုင်းထားလိုက်ကြသည်။
ကျန်းရှုန်က ဖန်းမင်ကို လက်ညှိုးညွှန်ပြရင်း...
“ဒီကောင်မလေးက အဘိုးကြီး’ဖန်း’ ရဲ့မြေးပဲ ၊ သူ့ကို အရှင်လိုချင်တယ်... ကျန်တဲ့သူတွေကို အကုန်ရှင်းပစ်လိုက်”
စကားဆုံးသွားသည်နှင့် သူက အရံအတားအပေါက်နားသို့ လမ်းလျှောက်သွားရင်း ရန်ကျောက်ကဲကို စူးစိုက်ကြည့်လိုက်သည်။
“မင်းက ချန်လီတောင်က တစ်ယောက်ယောက်ကို ရှာနေတာလား”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“အမှန်ပဲ”
ကျန်းရှုန်က...
“မင်းက ချန်လီတောင်နဲ့ ရန်သူလား မိတ်ဆွေလား”