အခန်း ၁၅၉
Vol. 16 Ch. 159
159
~
အခန်း ၁၅၉ : အိမ်မှာ သူခိုး ရှိလား
~
ယန်ဖူကွေ့က စကားလမ်းကြောင်းပြောင်းကာ ရန်ရွေ့ဟွားအား မေးလိုက်သည် ။
" မိန်းမ.. အကြီးကောင်ကို အိမ်မှာ သိပ်မမြင်ဘူးနော် ..အဲ့ကောင် ဘာတွေ လုပ်နေတာလဲ .... "
ရန်ရွေ့ဟွားက ခေါင်းခါလိုက်ပြီး...
" ကျုပ်လည်း မသိဘူး.. မနေ့ကတည်းက သူ့ကို မတွေ့တာ.. "
" တတိယသား.. မင်းရော သူ့ကို မြင်မိသေးလား.. "
ယန်ဖူကွေ့က ယန်ကျီဖန့်ကို ထပ်မေးလိုက်သည် ။
ယန်ကျီဖန့်က ခေါင်းညိတ်ပြကာ...
" သား တွေ့လိုက်တယ်.. အစ်ကိုကြီး မနေ့ နေ့လည်တုန်းက တစ်ခေါက်ပြန်လာတယ်လေ.. သူ မီးဖိုချောင်ထဲ ဝင်ပြီး ပြန်ထွက်သွားတာကို သား မြင်လိုက်တယ်.. "
ရန်ရွေ့ဟွားက စိတ်မဝင်စားဟန်ဖြင့်...
" တော်စမ်းပါ.. သူ့အတွက် စိတ်ပူမနေပါနဲ့.. သူက လူကြီးဖြစ်နေပြီပဲ ပျောက်သွားမှာမှ မဟုတ်တာ.. "
ယန်ဖူကွေ့က သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီး ထိုအကြောင်းကို ဆက်မပြောတော့ချေ ။ ထို့နောက် ယန်ကျီဝမ်ကို လှည့်၍...
" ဒုတိယသား.. ဟိုဘက်ကအိမ် ပြင်နေတာ ဘယ်တော့ပြီးလဲ.. "
" ပြီးသွားပြီ.. မနက်ဖြန် အိမ်ပြန်ရောက်ရင် ပရိဘောဂတွေဝယ်ပြီး အိမ်ပြောင်းနေလို့ ရပြီ.. "
ယန်ကျီဝမ်က ပြန်ဖြေလိုက်သည် ။
" အင်း.. ပိုက်ဆံမလောက်ရင် ငါ့ကိုပြော.. ငါ့မှာ နည်းနည်းပါးပါး ကျန်သေးတယ်.. "
" ရပါတယ်... ကျွန်တော့်မှာ ရှိသေးတယ်.. "
ယန်ဖူကွေ့ ခေါင်းညိတ်လိုက်သည် ။ သူသည် ဒုတိယသားဖြစ်သူက ကိစ္စရပ်များကို အမြဲတမ်း သေချာကိုင်တွယ် ဖြေရှင်းနိုင်မည်ဟု ယုံကြည်ထားသူ ဖြစ်သည် ။
ထို့ကြောင့် သူက ယွီလီကို ပြုံး၍ ကြည့်ကာ...
" လီလီ.. ဒီမှာနေရတာ အသားကျနေပြီလား.. "
ယွီလီက ခေါင်းညိတ်ပြပြီး...
" အရမ်းအဆင်ပြေတယ်.. အားလုံးက သမီးအပေါ် အရမ်းကောင်းကြတယ်.. "
ကလေးများက သူမကို ယဥ်ကျေးစွာ ဆက်ဆံကြပြီး ယောက္ခမဖြစ်သူ ရန်ရွေ့ဟွားကလည်း သူမကို အလွန်ချစ်ခင်ပေသည် ။ သူမကိုယ်တိုင်ကသာ ဝင်ရောက်လုပ်ကိုင်ရန် အတင်းမပြောခဲ့လျှင် ရန်ရွေ့ဟွားက သူမအား လက်တစ်ချောင်းမျှပင် အလှုပ်ခံမည် မဟုတ်ချေ ။
ယန်ကျီဝမ်ကလည်း သူမအပေါ် အလွန်ပင် နူးညံ့သိမ်မွေ့ပြီး လက်မထပ်ခင်က သူမ စိတ်ကူးယဥ်ခဲ့သည့်အတိုင်း ဖြစ်နေခဲ့သည် ။
သူမ၏ လက်ရှိဘဝလေးကို တကယ်ပင် သဘောကျမိ၏ ။ သူမ၏ တစ်ခုတည်းသော နောင်တမှာ ယန်ကျီဝမ်၏ တကယ့် ဇနီးအစစ် တစ်ယောက် ဖြစ်မလာသေးခြင်းပင် ။
သို့သော်လည်း ဘေးအခန်းကို ပြင်ဆင်ပြီးသွားပြီဖြစ်၍ မနက်ဖြန်တွင် ပရိဘောဂများ ဝယ်ကြမည် ။ ထို့နောက်........
ထိုအကြောင်းကို စဥ်းစားမိသည်နှင့် ယွီလီ၏ လှပသော မျက်နှာလေးက အနည်းငယ် နီရဲလာသည် ။
" ကောင်းပြီလေ.. နောက်တစ်ချိန် ဒုတိယသားက သမီးကို ဆိုးဆိုးရွားရွား ဆက်ဆံလာရင် ငါ့ကိုသာပြော.. ငါ သူ့ကို ဆုံးမပေးမယ်.. "
ယန်ဖူကွေ့က ရယ်ရင်း ပြောလိုက်သည် ။
" သူ အဲ့လိုမလုပ်ပါဘူး.. ယန်ကျီဝမ်က သမီးအပေါ် အရမ်းကောင်းပါတယ်.. "
ယွီလီက အလျင်အမြန်ပင် ကာကွယ်ပြောလိုက်သည် ။
ထိုအခါမှသာ ယန်ဖူကွေ့ ကျေနပ်သွားတော့သည် ။ ပြန်စဥ်းစားကြည့်လျှင် အချိန်များက အလွန်ပင် မြန်ဆန်လှ၏ ။ သူ၏ ဒုတိယသားပင် အိမ်ထောင်ကျခဲ့ပြီ ။ နောက်နှစ်ဆိုလျှင် သူ အဘိုးကြီးတစ်ယောက် ဖြစ်လာလောက်လေပြီ ။
ထို့အပြင် သူတို့ မိသားစု၏ ဘဝကလည်း ပိုမိုကောင်းမွန်လာခဲ့ပြီး အရာရာတိုင်းအတွက် တွက်ချက် ကြံစည်နေစရာ မလိုတော့ချေ ။ အရင်တုန်းကဆိုလျှင် သူ ဤစကားမျိုးကို ဘယ်သောအခါမှ ပြောထွက်မည် မဟုတ်ပေ ။ ယခုအချိန်ထိ အချဥ်တည်ထားသော ဟင်းသီးဟင်းရွက်များကိုသာ မျှဝေစားသောက်နေကြရတုန်းပင် ဖြစ်လိမ့်မည် ။ ဤပြောင်းလဲမှု အားလုံးသည် သူ၏ ဒုတိယသားကြောင့်ပင် ။
ဒုတိယသားက အရည်အချင်းရှိပြီး မိဘအပေါ်လည်း သိတတ်ရိုသေသူ ဖြစ်၍ သူတို့ အသက်ကြီးလာသည့်အခါ အားကိုးရမည်မှာ သေချာသည် ။ ထို့ကြောင့်ပင် သူတို့၏ လုပ်ရပ်များကလည်း ယခင်ကထက် ပိုမို ရက်ရောလာခဲ့ကြခြင်း ဖြစ်၏ ။
သို့သော်လည်း သူ တံခါးဝတွင် ရပ်ကာ အိမ်နီးချင်းများထံမှ အသေးအဖွဲလေးများကို ရယူရန် ကြိုးပမ်းနေပေဦးမည် ။ ထိုအကျင့်က တစ်ညတည်းနှင့် ပြောင်းလဲ၍ မရ ။
မိသားစုတိုင်းက ခက်ခဲနေ၍ တစ်ခြားသူများထံမှ အမြတ်ထုတ်၍ မရလျှင်ပင် ရွှီတာမော့ထံမှ တစ်ခုခုတော့ ရနိုင်လိမ့်မည်ဟု ထင်မိ၏ ။ မည်သို့ပင်ဆိုစေကာမူ ထိုလူက ကျေးလက်မှ ပြန်လာလျှင် လက်ဗလာနှင့် ဘယ်သောအခါမှ ပြန်လာလေ့ မရှိပေ ။
...နောက်တစ်နေ့ မနက်ခင်းတွင်...
" အား.. သွားပြီ.. သွားပြီ.. "
ရန်ရွေ့ဟွား၏ ထိတ်လန့်တကြားအော်သံ ရုတ်တရက် ထွက်ပေါ်လာသည် ။
မိသားစုဝင်များအားလုံး အမြန် ပြေးလာကြ၏ ။ ယန်ကျီဝမ်သည် အင်္ကျီပင် မဝတ်နိုင်ဘဲ ပြေးထွက်လာခဲ့သည် ။
" အမေ.. ဘာဖြစ်လို့လဲ.. "
ယန်ကျီဝမ်က စိုးရိမ်တကြီး မေးလိုက်သည် ။
ရန်ရွေ့ဟွား တစ်စုံတစ်ရာ ထိခိုက်မှု မရှိကြောင်း မြင်တွေ့ရမှသာ သူ စိတ်အေးသွားတော့သည် ။
ယန်ဖူကွေ့က မကျေမနပ်ဖြင့်...
" မိန်းမ.. မနက်စောစောစီးစီး ဘာတွေ အော်နေတာလဲ.. အားလုံး လန့်ကုန်ပြီ.. "
မနက် ခြောက်နာရီသာ ရှိသေးပြီး မနက်စာစားပြီးလျှင် သူ အတန်းသွားပြ ရဦးမည် ။
ရန်ရွေ့ဟွားက ထိတ်လန့်တကြားဖြင့်...
" အဘိုးကြီး.. အိမ်မှာ သူခိုး ဝင်သွားတယ်.. "
"ဟမ်..."
ယန်ဖူကွေ့က မျက်မှောင်ကြုတ်လိုက်ပြီး...
" ဘာဖြစ်သွားတာလဲ.. ဘာတွေ အခိုးခံလိုက်ရလို့လဲ.. "
ခြံဝင်းထဲရှိ အိမ်တိုင်းက ညဘက်တွင် တံခါးများကို သော့မခတ်ကြပေ ။ အများဆုံးလုပ်လေ့ရှိသည်မှာ တံခါးများကို စေ့ရုံသာ စေ့ထားလေ့ ရှိကြသည် ။ ညဘက်တွင် တံခါးများ ဖွင့်ထားခြင်းက အဆင့်မြင့်ခြံဝင်းတစ်ခုအဖြစ် အကဲဖြတ်ခံရရန် ပိုမိုလွယ်ကူစေမည်ဟု ယီကျုံးဟိုင်က အကြံပြုခဲ့၏ ။ လျှိုဟိုင်ကျုံးနှင့် ယန်ဖူကွေ့တို့ကလည်း ဤအချက်ကို သဘောတူခဲ့ကြသည် ။
သို့သော်လည်း ယခု သူတို့အိမ် သူခိုး ခိုးခံရပြီဖြစ်ရာ ဤကိစ္စက ပေါ့ပေါ့တန်တန် သဘောထား၍ မရတော့ချေ ။
ရန်ရွေ့ဟွားက စိုးရိမ်တကြီးဖြင့်...
" အဘိုးကြီး.. ဒီခြံထဲမှာ သူခိုးရှိတာက ကိစ္စကြီးပဲ.. ရှင် မြန်မြန်သွားပြီး ခြံဝင်းအစည်းအဝေးလုပ်ဖို့ လူတိုင်းကို အကြောင်းကြားလိုက်.. မဟုတ်ရင် မကြာခင် လူတွေ အလုပ်သွားကုန်လိမ့်မယ်.. ကျုပ်တို့ သူခိုးကို ရှာတွေ့တော့မှာ မဟုတ်ဘူးတော့်.. "
ယန်ကျီဝမ်က ...
" အမေ.. အရမ်း မလောနဲ့ဦး.. အိမ်က ဘာတွေ ပါသွားလို့လဲ.. "
ယွီလီက ရှေ့သို့တိုးလာကာ ရန်ရွေ့ဟွား၏ ကျောကို ပွတ်သပ်ပေးရင်း...
" အမေ.. စိတ်လျော့ပါ .. ဖြည်းဖြည်းပြော.. "
ရန်ရွေ့ဟွားက လေးနက်စွာဖြင့်....
" ပြောင်းဖူးမှုန့်တွေ ပျောက်သွားတာ.. ဆယ်ကျင်းလောက် လျော့သွားတယ် ထင်တယ်.. "
" ဘာ."
ယန်ဖူကွေ့၏ မျက်နှာက သိသိသာသာ ပြောင်းလဲသွားပြီး နက်ရှိုင်းသော အသံဖြင့်...
" ချက်ချင်း သွားပြောလိုက်.. ဒီအစည်းအဝေးကို လုပ်ကို လုပ်ရမယ်.. "
ရိက္ခာ ဆယ်ကျင်းခန့် ပျောက်ဆုံးသွားခြင်းက သေးငယ်သော ကိစ္စတစ်ခု မဟုတ် ။ အထူးသဖြင့် လက်ရှိ အခြေအနေမျိုးတွင် ရိက္ခာ ဆယ်ကျင်းက အသက်များကိုပင် ကယ်တင်နိုင်စွမ်း ရှိသည် ။
ပြောင်းဖူးမှုန့်သာ ဖြစ်နေလျှင်ပင် ယခုအခါ ပြောင်းဖူးမှုန့် တစ်ကျင်းလျှင် တစ်မော့နှင့် ငါးဖန် ကျသင့်နေပြီဖြစ်၍ ဆယ်ကျင်းဆိုပါက နှစ်ယွမ်နီးပါးခန့် ကျသင့်မည် ဖြစ်သည် ။
" ဖေဖေ.. အလျင်စလို မလုပ်ပါနဲ့.. အရင်စဥ်းစားကြည့်ရအောင်.. "
ယန်ကျီဝမ်က ခြံဝင်းတစ်ခုလုံးကို အစည်းအဝေးခေါ်တော့မည့် ယန်ဖူကွေ့ကို တားဆီးလိုက်ပြီး ရန်ရွေ့ဟွားအား မေးလိုက်သည် ။
" အမေ.. သေချာစဥ်းစားကြည့်ပါဦး.. အမေ မှားမှတ်မိနေတာများလား.. "
" မဟုတ်ဘူး.. အိမ်မှာ ရိက္ခာတွေ ဘယ်လောက်ရှိလဲဆိုတာ ငါ အတိအကျ မှတ်မိတယ်.. တစ်စေ့လောက် လျော့သွားရင်တောင် ငါ သိတယ်.. "
ရန်ရွေ့ဟွားက သေချာပေါက် ပြောလိုက်သည် ။
အရင်ကတည်းက မိသားစု၏ တစ်ပြားတစ်ချပ်ချင်းစီတိုင်းကို ဂရုတစိုက် တွက်ချက်ခဲ့သူ ဖြစ်သည် ။ သူမ အခြား မည်သည့်အရာကိုမျှ အာမ မခံနိုင်သော်ငြား ရိက္ခာနှင့် ပတ်သက်လာလျှင် အမှားအယွင်း လုံးဝ မရှိ ။
ယန်ကျီဝမ် မျက်မှောင်ကြုတ်လိုက်ပြီး...
" ဒါဆို တကယ်ပဲ သူခိုး အခိုးခံလိုက်ရပြီ ထင်တယ်.. "
" အဲဒါက....... "
ယန်ကျီဖန့်က ရုတ်တရက် လက် မြှောက်လိုက်သည် ။ မိသားစုတစ်ခုလုံးက သူ့ကို လှမ်းကြည့်လိုက်ကြ၏ ။
ရန်ရွေ့ဟွားက ချက်ချင်းပင် မေးလိုက်သည် ။
" တတိယသား.. နင် ရိက္ခာတွေကို ယူသွားတာလား.. အိမ်မှာပဲ စားသောက်နေတာကို နင်က ရိက္ခာတွေကို ဘာအတွက် ယူသွားတာလဲ.. "
" မဟုတ်ဘူး.. သား မဟုတ်ပါဘူး.. "
ယန်ကျီဖန့်က လက်ကို လျင်မြန်စွာ ဝှေ့ယမ်းပြကာ ရှင်းပြလိုက်သည် ။
" သား ပြောချင်တာက မနေ့ည သန်းခေါင်ယံလောက်က အိမ်သာသွားဖို့ နိုးလာတော့ အစ်ကိုကြီး ပြန်လာတာကို မြင်လိုက်တယ်လို့ ပြောမလို့.. "
ယန်ဖူကွေ့နှင့် ရန်ရွေ့ဟွားတို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး...
" အကြီးကောင် ယူသွားတာ ဖြစ်နိုင်တယ်.. "
ထို့နောက် ယန်ကျီဝမ်က ယန်ကျီဖန့်အား လှည့်၍...
" ကျီဖန့်.. အစ်ကိုကြီးဆိုတာ သေချာလို့လား.. "
" ဟုတ်တယ်.. မနေ့ညက အိမ်သာကနေ အပြန်မှာ အစ်ကိုကြီး အိတ်အမည်းတစ်လုံးကိုဆွဲပြီး ထွက်သွားတာကို သေချာ မြင်လိုက်တာ.. "
ယန်ကျီဖန့်က သေချာပေါက် ပြောလိုက်သည် ။
" ဒါဆို ရိက္ခာကို အကြီးကောင် ယူသွားတာပဲ ဖြစ်ရမယ်.. "
ယန်ဖူကွေ့က စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် ပြောလိုက်သည် ။
" ခွေးကောင်.. အိမ်မှာ စားစရာလည်း မရှားဘဲနဲ့ ဘာလို့ ရိက္ခာတွေ ခိုးရတာလဲ.. တော်သေးတာပေါ့ အရင်သိလိုက်လို့.. မဟုတ်ရင် ခြံဝင်းအစည်းအဝေး ခေါ်လိုက်လို့ သူခိုးက ငါမိသားစုထဲကမှန်း သိသွားရင် ငါ အရှက်ကွဲမှာ.. "
" အစ်ကိုကြီးမှာ အခက်အခဲ တစ်ခုခုများ ရှိနေလို့လား.. "
ယွီလီက ဝင်၍ အကြံပြုလိုက်သည် ။
" အစ်ကိုကြီး ပြန်လာတဲ့အထိ စောင့်ပြီးမှ သေချာ မေးကြည့်တာ ပိုကောင်းမယ်လို့ ထင်တယ်.. "
" အင်း.. အကြောင်းပြချက် တစ်ခုခုတော့ ရှိလောက်ပါတယ်.. "
ယန်ဖူကွေ့က ယန်ကျီဝမ်အား လှည့်၍...
" ဒုတိယသား.. မင်းကော ဘယ်လိုထင်လဲ.. "
သူ၏ ဒုတိယသားက ဒေါသထွက်ပြီး အကြီးဆုံးသားကို ရိုက်နှက်မည်ကို သူ စိုးရိမ်နေ၏ ။ အဘယ်ကြောင့်ဆိုသော် မိသားစုထဲရှိ ရိက္ခာများ အားလုံးကို ဒုတိယသားက ရှာဖွေ ပေးခဲ့ခြင်း ဖြစ်သောကြောင့်ပင် ။
ထို့အပြင် ဤရိက္ခာများကို အရေးပေါ် အခြေအနေများအတွက် သိမ်းဆည်းထားခဲ့ခြင်း ဖြစ်သည် ။ သူ၏ ဒုတိယသားတွင်သာ အမြော်အမြင် မရှိခဲ့ပါက သူတို့ မိသားစုသည် ယခုခေတ်ရှိ အခြား မိသားစုများနည်းတူ တစ်နေ့ကို တစ်နပ်သာ စားရမည်ဖြစ်ပြီး အသက်ရှင်သန်ရန်အတွက်ပင် ရုန်းကန်နေရချေမည် ။
" အမေတို့ ပြောသလိုပဲ လုပ်လိုက်ပါ.. "
ယန်ကျီဝမ်က ခေါင်းညိတ်လိုက်ပြီး...
" ဒါပေမဲ့ စိတ်ချရအောင် ကျန်တဲ့ ရိက္ခာတွေကို သေချာ သိမ်းထားလိုက်တာ အကောင်းဆုံးပဲ.. "
ရန်ရွေ့ဟွားက...
" စိတ်မပူပါနဲ့.. နောက်ဆိုရင် သော့ခတ်ပြီး သိမ်းထားလိုက်မယ်.. "
ထိုအချက်နှင့် ပတ်သက်၍ မည်သူမှ ကန့်ကွက်စရာ မရှိတော့ပေ ။
ထို့နောက် ယွီလီက ရန်ရွေ့ဟွားအား မနက်စာ ပြင်ဆင်ရာတွင် ကူညီပေးလိုက်သည် ။
ယန်ကျီဝမ်လည်း အိပ်ချင်ပြေသွားသဖြင့် ယန်ဖူကွေ့နှင့်အတူ ဆေးလိပ်သောက်ရန် တံခါးဝသို့ ထွက်လာခဲ့၏ ။
မနက်စာ စားသောက်ပြီးနောက်တွင်...
ယန်ဖူကွေ့က အငယ်နှစ်ယောက်ကို ကျောင်းသို့ ခေါ်သွားသည် ။
စက်ဘီးက လူအများကြီး မတင်နိုင်သဖြင့် ယန်ကျီဖန့်သည်တော့ ကိုးခြောက်ကိုးသုံး သွားရပေသည် ။
ယန်ကျီဝမ်နှင့် ယွီလီ သည် သူတို့၏ ပစ္စည်းများကို ယူဆောင်ကာ ယွီလီ၏ မိဘအိမ်သို့ ထွက်ခွာလာခဲ့ကြသည် ။