← Chapters

အခန်း ၁၆၀

Vol. 16 Ch. 160

အခန်း ၁၆၀

Vol. 16 Ch. 160

160

~

အခန်း ၁၆၀ : ဘာလို့ ကျွန်မကို အဲ့လို ကြည့်နေတာလဲ ...

~

​မိနစ်နှစ်ဆယ်ခန့်အကြာတွင် ယန်ကျီဝမ်နှင့် ယွီလီ တို့ ယွီမိသားစု နေထိုင်ရာ ခြံဝင်းသို့ ရောက်လာခဲ့ကြသည် ။

​ဤခြံဝင်းကြီးထဲတွင် ခြံဝင်းနှစ်ခုသာရှိပြီး ယွီမိသားစုက နောက်ဘက်ခြံဝင်းတွင် နေထိုင်ကြ၏ ။ ခြံဝင်းတစ်ခုလုံး လူသူကင်းမဲ့နေကာ ခွေးတစ်ကောင် ကြောင်တမြီးမျှပင် မမြင်ရချေ ။

စားနပ်ရိက္ခာ ရှားပါးလာသဖြင့် လူတိုင်းက အပြင်ထွက်သို့ မထွက်ကြတော့ပေ ။ အလုပ်သွားသူ အချို့ဆိုလျှင် မနက်စာပင် မစားကြဘဲ စက်ရုံရောက်မှသာ နေ့လည်စာ စားရန် စောင့်ဆိုင်းကြလေသည် ။

​" အမေ.. သမီးတို့ ပြန်လာပြီ.. "

​ယွီမိသားစု အိမ်ထဲသို့ ဝင်သွားချိန်တွင် အမေယွီ တစ်ယောက်တည်းသာ ရှိနေသည် ။ အဖေယွီက အလုပ်သွားနေပြီး ယွီဟိုက်တန်နှင့် ယွီလျန်တို့ကလည်း ကျောင်းသွားကြလေပြီ ။

​အုတ်ကုတင်ပေါ်တွင် လှဲလျောင်းနေသော အမေယွီက သူတို့ ဝင်လာသည်ကို မြင်လိုက်ရသဖြင့် အံ့အားသင့်သွားပြီး...

​" ဘာလို့ အစောကြီး ပြန်လာကြတာလဲ.. "

​ယနေ့သည် သတို့သမီး အိမ်ပြန်လည်ရမည့်နေ့ ဖြစ်သဖြင့် ယန်ကျီဝမ်တို့ ဇနီးမောင်နှံ ပြန်လာမည်ကို သူမ သိထားပြီးသားပင် ။

​ယွီလီက...

​" အိမ်ကို ပြင်လို့ ပြီးသွားပြီလေ.. အဲ့ဒါကြောင့် သမီးတို့ စောစော ပြန်လာခဲ့တာ.. ခဏနေကျရင် ပရိဘောဂတွေ သွားဝယ်ကြမလို့.. "

​အမေယွီက ယန်ကျီဝမ်အား ရေတစ်ခွက် ငှဲ့ပေးလိုက်ရင်း ရှင်းပြလိုက်သည် ။

​" ကျီဝမ်.. လာ လာ ထိုင်ပါဦး.. သမီးအဖေက အလုပ်သွားတယ်.. ဒီနေ့ သမီးတို့ လာလည်မှာမို့ အိမ်မှာ စောင့်နေဖို့ အစက သူ့ကို ပြောထားသေးတယ်.. ဒါပေမဲ့ အဲ့ဒီ အဘိုးကြီးက အလုပ်ပဲ သွားချင်နေတာလေ.. "

​ယန်ကျီဝမ်က ရယ်လိုက်ပြီး...

​" ရပါတယ် အမေ.. ကျွန်တော်တို့ အားလုံးက မိသားစုတွေပဲလေ.. "

​အဖေယွီ၏ လုပ်ရပ်ကို သူ နားလည်သည် ။ ဤသည်က စားဝတ်နေရေးအတွက်သာ ဖြစ်ပေသည် ။ ယခုခေတ်ကာလတွင် ဘဝက အလွန် ခက်ခဲလှ၏ ။ အလုပ်မရှိလျှင် ပိုက်ဆံမရှိနိုင်သလို ပိုက်ဆံမရှိလျှင်လည်း စားစရာ ရနိုင်မည် မဟုတ်ချေ ။

​အဖေယွီက ယွီမိသားစု၏ တစ်ဦးတည်းသော ဝင်ငွေရှာသူ ဖြစ်ပြီး မိသားစုကြီး တစ်ခုလုံးကို ထောက်ပံ့နေရသဖြင့် သူ့အပေါ်တွင် ဖိအားများစွာ ရှိနေမည်မှာ အသေအချာပင် ။ ကံကောင်းစွာဖြင့်ပင် ယခုအခါ သမီးအကြီးဆုံး အိမ်ထောင်ကျသွားပြီ ဖြစ်၍ ဖိအားအချို့ လျော့ကျသွားသည် ။

​ယန်ကျီဝမ်၏ နားလည်ပေးနိုင်စွမ်းကို မြင်ရသောအခါ အမေယွီက စိတ်သက်သာရာ ရသွားသည် ။

​ထို့နောက် သူမက စားပွဲပေါ်ရှိ ရိက္ခာအိတ်ကို မြင်သွားပြီး...

​" ဘာလို့ ရိက္ခာတွေ သယ်လာရပြန်တာလဲ.. အိမ်မှာ စားဖို့ လောက်ပါသေးတယ်.. အခု လူတိုင်း ရုန်းကန်နေကြရတာလေ.. သားတို့ မိသားစုကလည်း လူများတယ်.. နောက်နောင် ဘာမှ ထပ်မယူလာနဲ့တော့.. "

​အိတ်ထဲရှိ ရိက္ခာများမှာ ဆယ်ကျင်းခန့် ရှိမည်ဟု ခန့်မှန်းရသည် ။ နှစ်ယွမ်နီးပါး တန်ကြေးရှိ၏ ။

​ယွီလီက ရှင်းပြလိုက်သည် ။

​" အမေ.. ရပါတယ်.. ဟိုဘက်အိမ်မှာ အများကြီး ကျန်ပါသေးတယ်.. "

​သူမ ပြောသည်မှာ အမှန်ပင် ။ ရန်ရွေ့ဟွားက သူမကို အိမ်ရှိ ရိက္ခာများ ပြသခဲ့ရာ မျက်မြင်ဖြင့်ပင် ကျင်းရာနှင့်ချီ၍ ရှိနေသည် ။

ရန်ရွေ့ဟွား၏ အပြောအရ ယန်ဖူကွေ့နှင့် ယန်ကျီဝမ်တို့က အခြားသော ရိက္ခာများကိုလည်း တိတ်တဆိတ် ဖွက်ထားကြသေး၏ ။ ထို့ကြောင့် စားစရာ မလောက်ငှမည်ကို မစိုးရိမ်ရန် သူမအား ပြောထားခဲ့သည် ။

​အမေယွီက ယွီလီ၏ နဖူးကို အသာပုတ်လိုက်ပြီး ဆက်ပြောချင်နေသေးသော်လည်း စကားကို ထိန်းထားလိုက်ကာ...

​" သမီးကတော့လေ.. "

​ယန်ကျီဝမ်က ပြုံးလိုက်ပြီး...

​" အမေ..အမေတို့ နှစ်ယောက် စကားပြောကြပါဦး.. ကျွန်တော် အပြင်ထွက်ပြီး ဆေးလိပ်လေး ဘာလေး သောက်လိုက်ဦးမယ်.. "

​ထိုသို့ပြောကာ ယန်ကျီဝမ် အပြင်သို့ ထွက်သွားလေသည် ။

​ထိုအခါမှသာ အမေယွီက တိုးတိုးလေး ဆူလိုက်သည် ။

​" သမီး.. နင့ လက်ထပ်တာ နှစ်ရက်ပဲ ရှိသေးတယ် ရိက္ခာတွေ အိမ်သယ်လာနေပြီ.. ဘယ်လိုလုပ် ဒီလောက်တောင် နမော်နမဲ့ နိုင်ရတာလဲ.. နင့် ယောက္ခမတွေ စိတ်ခုသွားရင် ဘယ်လိုလုပ်မလဲ.. "

​မိသားစုတိုင်း ရုန်းကန်နေရချိန်တွင် သူတို့မိသားစုကတော့ တစ်နည်းတစ်ဖုံ အဆင်ပြေနေဆဲ ဖြစ်သည် ။ သမီးဖြစ်သူက လက်ထပ်ပြီးသည်နှင့် ပစ္စည်းများကို အိမ်သို့ သယ်လာလျှင် မသိသောသူများက သူတို့ မိသားစုအား အချောင်နှိုက်တတ်သည်ဟု ထင်မြင်သွားနိုင်သည် ။

သူမ၏ ယောက္ခမများကသာ မကျေမနပ် ဖြစ်လာလျှင် သမီးဖြစ်သူ၏ ရှေ့ဆက်ရမည့်ဘဝက အေးချမ်းပါတော့မည်လော။

​ယွီလီက မိခင်ဖြစ်သူ၏ စိုးရိမ်မှုကို နားလည်စွာဖြင့် ပြုံး၍ ရှင်းပြလိုက်သည် ။

​" အမေရယ်.. အမေပြောတာတွေကို သမီး နားလည်ပါတယ်.. ဒီရိက္ခာတွေကို သယ်လာဖို့ သမီးရဲ့ ယောက္ခမကိုယ်တိုင်က ပြောလိုက်တာ.. အစကတော့ သမီးလည်း မယူချင်ပါဘူး.. ဒါပေမဲ့ အတင်း ထည့်ပေးလိုက်လို့ ယူလာခဲ့ရတာ.. "

​အမေယွီက သမီးဖြစ်သူအတွက် စဉ်းစားပေးနေခြင်းပင် ။

​" အဲ့ဒါဆိုရင်တောင် လက်ခံလို့ မဖြစ်သေးဘူးလေ.. မိသားစုတိုင်း ရုန်းကန်နေရတာပဲ.. ဘာကိစ္စ ယောက္ခမတွေဆီက အကူအညီကို ယူနေရမှာလဲ.. "

​ယွီလီ ဆက်ပြောမည်ကို မြင်လိုက်ရသဖြင့် အမေယွီက တားလိုက်ပြီး...

​" ကောင်းပါပြီလေ.. နင့်ယောက္ခမတွေက သဘောကောင်းတယ်ဆိုတာ ငါ သိပါတယ်.. ဒါပေမဲ့ နင့်အဖေအကြောင်းလည်း နင် သိသားပဲ.. သူက သိက္ခာကို အရမ်းဂရုစိုက်တာ.. နင် ရိက္ခာတွေ သယ်လာတာကို သူသာ သိသွားရင် နင့်ကို သေချာပေါက် ဆူလိမ့်မယ်.. "

​" ဟုတ်ကဲ့ပါ အမေ.. "

​ယွီလီက နှုတ်မှသာ သဘောတူလိုက်သော်လည်း သူမ စိတ်ထဲတွင်တော့...

​' မိသားစု အခက်အခဲ ရှိလာရင်တော့ ကျီဝမ်နဲ့ တိုင်ပင်ရမှာပဲ.. '

​ထို့နောက် အမေယွီက တံခါးဝသို့ လှမ်းကြည့်လိုက်ပြီး တိုးတိုးလေး မေးလိုက်သည် ။

​" လီလီ.. နင်နဲ့ ယန်ကျီဝမ်တို့ အဲ့ဒါ ဖြစ်ပြီးပြီလား.. "

​ယွီလီ အံ့အားသင့်သွားပြီး...

​" ဘာလဲ အဲ့တာက.. "

​ထို့နောက် မိခင်ဖြစ်သူ ဘာကိုဆိုလိုမှန်း ချက်ချင်း နားလည်သွားကာ သူမ၏ လှပသော မျက်နှာလေးက ရှက်သွေးဖြာသွားသည် ။

​မိခင်ဖြစ်သူက တိုက်တွန်းနေသည်ကို မြင်ရသောအခါ ယွီလီက အထင်လွဲသွားမည်ကို စိုးရိမ်သဖြင့် ခေါင်းခါပြီး ရှင်းပြလိုက်သည် ။

​" တစ်ခုခု ပြောလေ.. "

​" အမေကလည်း.. မဟုတ်ရပါဘူး.. ယန်ကျီဝမ်က အိမ်သစ်ပြောင်းတဲ့အထိ စောင့်မယ်လို့ ပြောထားလို့ပါ.. "

​အမေယွီက စိတ်ပျက်လက်ပျက်ဖြင့်...

​" နင်ကတော့ တကယ့်ကို ဘာမှ နားမလည်တဲ့ ကောင်မလေးပဲ.. တကယ်ကို ပေါ့ပေါ့ဆဆ နေတတ်လွန်းတယ်.. ယန်ကျီဝမ်က အရည်အချင်းရှိပြီး ရုပ်ရည်ကလည်း ရှိတဲ့ လူငယ်လေးလေ.. အပြင်မှာ သူ့ကို မျက်စိကျနေတဲ့ မိန်းကလေးတွေ ဘယ်လောက်တောင် ရှိနေမလဲဆိုတာ ဘယ်သူ သိနိုင်မှာလဲ.. "

​အမေယွီက ...

​" အမေပြောတာ နားထောင်.. နင် သူ့ကို လက်ထပ်ထားပြီးသား ဆိုတော့ ကလေးမြန်မြန် ယူလိုက်တော့.. သားလေး တစ်ယောက်လောက် မြန်မြန် မွေးပေးလိုက်.. ယောကျာ်းလေးမွေးပေးနိုင်မှ နင့်နေရာက ခိုင်မာမှာ.. ကြားလား.. "

​ယွီလီက ရှက်ရွံ့စွာဖြင့် ခေါင်းညိတ်ပြလိုက်သည် ။

​သို့သော်လည်း သူမ အနည်းငယ်တော့ စိတ်ရှုပ်သွားမိသည် ။ ဤကိစ္စက သူမ အပေါ်တွင်သာ မူတည်နေသည် မဟုတ်ဘဲ သူမ၏ ခင်ပွန်းဖြစ်သူ အပေါ်တွင်လည်း မူတည်နေသည် မဟုတ်ပါလော ။ သူမကဲ့သို့ အပြစ်ကင်းစင်သော မိန်းကလေးတစ်ယောက်အနေဖြင့် ဤကိစ္စမျိုးကို မည်သို့ အစပြုရဲပါမည်နည်း ။

​ယွီမိသားစုအိမ်တွင် ခဏတာ နေထိုင်ပြီးနောက် ယန်ကျီဝမ်နှင့် ယွီလီတို့ ပြန်လာခဲ့ကြသည် ။

​ထို့နောက် သူတို့က ပရိဘောဂများ ဝယ်ယူရန် ကုန်တိုက်သို့ သွားရောက်ခဲ့ကြ၏ ။ သူတို့က ကုတင်တစ်လုံး၊ ဗီဒိုတစ်လုံးနှင့် စားပွဲတစ်လုံး ဝယ်ယူခဲ့ကြသည် ။

​ယန်ကျီဝမ်က နောက်ထပ် ပစ္စည်းအချို့ကို ထပ်ဝယ်ချင်သေးသော်လည်း ယွီလီက ပိုက်ဆံ ကုန်မည်စိုးသဖြင့် တားဆီးလိုက်လေသည် ။ ဤပစ္စည်း သုံးမျိုးနှင့်ပင် လုံလောက်နေလေပြီ ။

​ယန်ကျီဝမ်က ထိုပစ္စည်းများကို သယ်ဆောင်ရန် လက်တွန်းလှည်းသမား တစ်ယောက်ကို ငှားရမ်းလိုက်သည် ။

ခြံဝင်းထဲသို့ ပြန်ရောက်လာသောအခါ ယန်ကျီဝမ်နှင့် လှည်းဆရာ ဆရာလဲ့တို့က ပရိဘောဂများကို ဘေးဘက်ရှိ အိမ်အသစ်ထဲသို့ အတူတူ သယ်လိုက်ကြသည် ။

​ငွေရှင်းပေးကာ လှည်းဆရာအား ပြန်လွှတ်လိုက်ပြီးနောက် ယန်ကျီဝမ်က အခန်းထဲသို့ လိုက်ကြည့်လိုက်ရင်း ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်သည် ။

​" အခုမှပဲ အိမ်တစ်လုံးနဲ့ တူသွားတော့တယ်.. "

​ယွီလီကလည်း ပျော်ရွှင်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး...

​" ဟုတ်ပါ့.. ခု မှပဲ ကြည့်လို့ ကောင်းသွားတော့တယ်.. "

​ယနေ့မှစ၍ ဤနေရာက သူမ၏ အိမ်လေး ဖြစ်လာတော့မည် ။

​ထိုအချိန်တွင် ရန်ရွေ့ဟွား ဝင်လာပြီး...

​" ဘယ်လိုလုပ် ဒီလောက်မြန်မြန် ပြန်ရောက်လာကြတာလဲ.. "

​အသစ်စက်စက် ပရိဘောဂများကို မြင်လိုက်ရသောအခါ ပိုက်ဆံ နှမြောသဖြင့် ရန်ရွေ့ဟွား၏ ရင်ထဲတွင် နာကျင်သွားသည် ။ သူမက ညည်းတွားချင်စိတ် ပေါ်လာသော်လည်း ချွေးမဖြစ်သူက ယခုမှ အိမ်ထောင်ကျကာစ ဖြစ်သဖြင့် စိတ်ကို ပြန်ထိန်းထားလိုက်ရ၏ ။

​ယွီလီက...

​" အဖေက အလုပ်သွားတယ်လေ.. အဲ့ဒါကြောင့် ခဏထိုင်ပြီးတာနဲ့ ပရိဘောဂတွေ သွားဝယ်ပြီး ပြန်လာခဲ့ကြတာ.. "

​ရန်ရွေ့ဟွားက ခေါင်းညိတ်လိုက်ပြီး ချီးကျူးလိုက်သည် ။

​" ဆရာ လဲ့ရဲ့ လက်ရာက တကယ်ကို ကောင်းတာပဲ.. အထူးသဖြင့် အိမ်သာက အရမ်းမိုက်တယ်.. ဒီမနက် အမေ လာကြည့်သေးတယ်.. အမှန်အတိုင်း ပြောရရင် သုံးရတာ တကယ်ကို အဆင်ပြေတယ်.. သုံးပြီးရင် ရေဆေးချလိုက်ရုံပဲ.. အပြင်က အများသုံး အိမ်သာကို သွားနေစရာတောင် မလိုတော့ဘူး.. "

​ယန်ကျီဝမ်က ခေါင်းခါပြီး ရယ်လိုက်သည် ။ ထိုအရာက အဆင်မပြေဘဲ နေပါမည်လော ။

​ဤပစ္စည်းများ ဝယ်ယူရန်နှင့် အိမ်သာ ဆောက်လုပ်ခြင်း အပါအဝင် စုစုပေါင်း ယွမ်နှစ်ဆယ်ခန့် ကုန်ကျခဲ့သည် ။ သို့သော်လည်း ဤအိမ်သာလေးက ဆောက်ရကျိုး နပ်ပေသည် ။ အနည်းဆုံးတော့ ညသန်းခေါင်အချိန် အပေါ့အပါး သွားလိုသည့်အခါ အပြင်သို့ ပြေးထွက်နေစရာ မလိုတော့ပေ ။

​ထို့နောက်တွင်တော့ ရန်ရွေ့ဟွားနှင့် ယွီလီတို့က အိမ်ကို အတူတကွ သန့်ရှင်းရေး လုပ်ကြသည် ။ ယန်ကျီဝမ်ကလည်း စောင်များနှင့် အခြား လိုအပ်သော ပစ္စည်းများကို ယူပေးကာ ကူညီလုပ်ကိုင်ပေးလေသည် ။

​အားလုံး ဝိုင်းဝန်း လုပ်ကိုင်ပြီးနောက်တွင်တော့ အိမ်အသစ်လေးမှာ အတော်လေး ကြည့်ကောင်းသွားခဲ့ပြီ ဖြစ်သည် ။

​အနည်းဆုံးတော့ ယခင်အခန်းကျဉ်းလေးထဲတွင် ဆက်၍ အံကြိတ်ထားစရာ မလိုတော့ချေ ။

​ညအချိန်သို့ ရောက်သောအခါ...

​ဇနီးမောင်နှံ နှစ်ယောက်သည် ယန်အိမ်တွင် ညစာစားပြီးနောက် အိမ်အသစ်လေးဆီသို့ ပြန်လာခဲ့ကြသည် ။

​အိမ်သာထဲမှ ရေသံများကို နားထောင်ရင်း ယန်ကျီဝမ် အနည်းငယ် ဂနာမငြိမ် ဖြစ်လာ၏ ။ နှစ်ညတိုင်တိုင် အောင့်အည်း သည်းခံခဲ့ရပြီးနောက် ယခုညတွင်တော့ သူ လိုချင်သည့်အရာကို နောက်ဆုံး၌ ရရှိပေတော့မည် ။

​မကြာမီပင် ယွီလီက အင်္ကျီပါးပါးလေးကို ဝတ်ကာ ရေချိုးခန်းထဲမှ ထွက်လာခဲ့သည် ။ မှိန်ပျပျ မီးရောင်အောက်တွင် သူမ၏ လည်တိုင်လေး၌ ရေစက်ကလေးများ ခိုတွဲနေဆဲပင် ။

​ယန်ကျီဝမ်သည် ထိုမြင်ကွင်းကြောင့် ခဏတာ မိန်းမောသွားပြီး အသက်ရှူသံများပင် အနည်းငယ် မြန်ဆန်လာသည် ။ သူ၏ အာခေါင်က အနည်းငယ် ခြောက်လာ၏ ။

​ယွီလီက ယန်ကျီဝမ်၏ အကြည့်များကို သတိထားမိလိုက်သဖြင့် သူမ၏ လှပသော မျက်နှာလေးက ရှက်သွေးဖြာသွားကာ...

​" ဘာလို့ ကျွန်မကို အဲ့လို ကြည့်နေရတာလဲ.. "

​ယန်ကျီဝမ်က လက်ယပ်ခေါ်လိုက်ပြီး သူ၏ အသံမှာ ပေါက်ကွဲလိုမှုကို မနည်းထိန်းချုပ်ထားရသည့် အသံဖြစ်နေသည် ။

​" ဒီကို လာခဲ့.. "

​ယွီလီမှာ ရှက်ရွံ့စွာဖြင့် အနားသို့ လျှောက်လာသည် ။

​" အို.. "

​မျက်စိတစ်မှိတ်အတွင်းမှာပင် ယွီလီက ယန်ကျီဝမ်၏ ပေါင်ပေါ်သို့ ရောက်သွား၏ ။

​" ဘာမှ မလုပ်ပါဘူး.. မင်းကို စားချင်ရုံလေးပါ.. "

​ယန်ကျီဝမ်က ရယ်လိုက်ပြီး ယွီလီအား အိပ်ရာပေါ်သို့ လှဲချလိုက်ကာ စောင်ဖြင့် ဖုံးအုပ်လိုက်ပါတော့သည် ။

All Chapters