အခန်း ၁၆၃
Vol. 16 Ch. 163
163
~
အခန်း ၁၆၃ : အပ်ချုပ်စက်ကူပွန်
~
ယန်ဖူကွေ့ တစ်ခုခုကို လိုက်ရှာနေဆဲ ဖြစ်သည်ကို မြင်သောအခါ ရန်ရွေ့ဟွားက...
" တော်ပါတော့.. ရှင့်ကို ကူညီဖို့ လိုအပ်ရင် လောင်အာ( ဒုတိယသား အတူတူပဲဗျ ..တရုတ်လို ..😁 ) ကို နောက်မှ ယူပေးခိုင်းလိုက်မယ်.. အခု မသွားရင် ကျောင်းနောက်ကျတော့မယ်.. "
ဤစကားကို ကြားသောအခါ ယန်ဖူကွေ့လည်း အိမ်မှ မသွားချင် သွားချင်ဖြင့် ကျောင်းသို့ထွက်သွား၏ ။
ဂျုံယာဂု အဆင်သင့် ဖြစ်ပြီးနောက် ယန်ကျီဝမ်က အခန်းထဲသို့ သယ်လာခဲ့သည် ။
အခန်းထဲသို့ ဝင်လာလျှင် ယန်ကျီဝမ်က...
" ယွီလီ.. မြန်မြန်ထ.. "
" အင်း.. "
ယွီလီက နည်းနည်း ထပ်အိပ်ချင်သေးသည် ။ သို့သော် ယနေ့ နောက်ကျမှ နိုးလာခြင်းကြောင့် ယောက္ခမဖြစ်သူက သူမကို အပျင်းကြီးသည်ဟု ထင်သွားမည်ကို စိုးရိမ်မိ၏ ။
သူမ ထရပ်လိုက်သည်နှင့် ယန်ကျီဝမ်က ဂျုံယာဂုကို သယ်လာခဲ့သည် ။
" အနံ့က အရမ်းမွှေးတာပဲ.. "
ယွီလီက ရနံ့ကို ရှူရှိုက်လိုက်ရင်း မျက်လုံးများက ချက်ချင်း တောက်ပသွားသည် ။
ယန်ကျီဝမ်က ပြုံးကာ...
" ကိုယ် မင်းအတွက် ဂျုံယာဂု ချက်ပေးထားတာ.. မင်းယောကျာ်းက မင်းအပေါ် အရမ်းကောင်းတယ်မလား.. "
" အင်း.. "
ယွီလီက ယန်ကျီဝမ်၏ လက်မောင်းကို ဖက်တွယ်လိုက်ပြီး...
" ယန်ကျီဝမ်.. ရှင်က အကောင်းဆုံးပဲ.. "
" မင်းက ကိုယ့်မိန်းမပဲ.. မင်းအပေါ် မကောင်းရင် ဘယ်သူ့အပေါ် သွားကောင်းရမှာလဲ.. "
ယန်ကျီဝမ်က ရယ်ရင်း သူမ၏ ဖျင်တုံးကို ခပ်ဖွဖွ ပုတ်လိုက်ကာ...
" သွား.. အရင်ဆုံး မျက်နှာသစ် သွားတိုက်ပြီးမှ လာစား.. "
ယွီလီက ရှက်ကိုးရှက်ကန်းဖြင့် မျက်စောင်းထိုးလိုက်ပြီး ပြင်ဆင်ရန် ထွက်သွားသည် ။
ယွီလီ ဂျုံယာဂု သောက်ပြီးနောက် ယန်ကျီဝမ်က သူမကို...
" ကိုယ် စက်ရုံကို သွားပြီး မျက်နှာသွားပြလိုက်အုံးမယ်.. နေ့လယ်ကျရင် ပြန်လာခဲ့မယ်.. "
" အင်း.. လမ်းမှာ သတိထားသွားနော်.. "
ယန်ကျီဝမ် ဝယ်ယူရေးဌာနသို့ ရောက်ရှိလာချိန်တွင် အပြင်ထွက်ရန် ပြင်နေသည့် လီရှန်းလီနှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံမိလေသည် ။
လီရှန်းလီက သူ့ကို မြင်သည်နှင့် မျက်လုံးများ လင်းခနဲ တောက်ပသွားပြီး အံ့သြတကြီးဖြင့်...
" ညီလေး.. မင်း နောက်ဆုံးတော့ အလုပ်လာဖို့ ဆုံးဖြတ်လိုက်ပြီပေါ့.. "
" မနေ့က ကျွန်တော့်မိန်းမရဲ့ မိဘတွေအိမ်ကို လိုက်သွားရလို့ပါ.. "
ယန်ကျီဝမ်က ပြုံး၍...
" အစ်ကိုလီ.. ကျွန်တော့်ကို ခိုင်းစရာ ရှိလို့လား.. "
" ဘာကိုခိုင်းရမှာလဲ.. မင်းက အခု ဌာနမှူးရဲ့ အချစ်တော် ဖြစ်နေတာပဲ.. ငါ မင်းကို ဘယ်လိုလုပ် အမိန့်ပေးရဲမှာလဲ.. "
လီရှန်းလီက လက်ဝေ့ယမ်းကာ ညည်းညူလိုက်သည် ။
" မင်းကတော့ တကယ်ပဲ.. မင်္ဂလာဆောင်တာကိုတောင် ငါ့ကို မဖိတ်ဘူး.. ငါသိတောင် မသိဘူး.. မင်း ငါ့ကို သီးသန့် ပြန်ကျွေးရမယ်.. "
" ဒါ ကျွန်တော့်အမှား မဟုတ်ဘူးလေ.. အခု နိုင်ငံတော်က ချွေတာဖို့ အားပေးနေတယ်.. ဒါကြောင့် ကြီးကြီးကျယ်ကျယ် မလုပ်ဖြစ်ဘဲ မိသားစုနှစ်စုပဲ အတူတူ ထမင်းစားလိုက်ကြတာ.. "
ယန်ကျီဝမ်က ပခုံးတွန့်ပြလိုက်သည် ။
" ကောင်းပြီ.. ဒါဆိုလည်း ပြီးရော.. ဒါပေမဲ့ ငါ့ကိုတော့ အရက် ပြန်တိုက်ရမယ်.. "
" ရပါတယ်.. အစ်ကို အားတဲ့အချိန်သာ ပြောလိုက်ပါ.. "
" ဒါဆိုရင်တော့ သဘောတူပြီနော်.. ဒါနဲ့ အခု လောလောဆယ်တော့ မရသေးဘူး.. "
လီရှန်းလီက ဆက်ပြောသည် ။
" ဌာနမှူးက မင်းကို ရှာနေတာ.. မင်း ရောက်လာတာနဲ့ အတော်ပဲ.. မြန်မြန် လိုက်ခဲ့.. "
" ဘာကိစ္စမ.. "
ယန်ကျီဝမ် မေးရန် ပြင်လိုက်သော်လည်း လီရှန်းလီက သူ့ကို ဌာနမှူးလျောင်၏ ရုံးခန်းဆီသို့ ဆွဲခေါ်သွားသည် ။
တံခါးခေါက်၍ ဝင်သွားပြီးနောက် ယန်ကျီဝမ်က...
" ဌာနမှူး.. ကျွန်တော့်ကို ခေါ်တာ ကိစ္စရှိလို့လား.. "
" နောက်ဆုံးတော့ မင်း ပေါ်လာပြီပေါ့ ကောင်စုတ်လေး.. "
ဌာနမှူးလျောင်က ယန်ကျီဝမ်ကို မြင်လိုက်ရမှ တွန့်ကွေးနေသည့် မျက်မှောင်များ ပြေလျော့သွားပြီး...
" ယန်လေး.. မင်း ဝက်သားနဲ့ ကြက်သား ရအောင် ရှာပေးနိုင်မလား.. "
ယန်ကျီဝမ်က ဆွံ့အသွားပြီး သိပ်မလုပ်ချင်ဟန်ဖြင့်...
" ဌာနမှူး.. ကျွန်တော့်ကို အထင်ကြီးလွန်းနေပြီ.. ငါးဆိုရင်တော့ ရနိုင်သေးတယ်.. ဒါပေမဲ့ တခြား အသားတွေကတော့ တကယ် ခက်ခဲလိမ့်မယ်.. "
သူ မရှာနိုင်၍ မဟုတ်ဘဲ ထင်ပေါ်ကျော်ကြားသွားမည်ကို စိုးရိမ်၍ ဖြစ်သည် ။ တခြား အဝယ်တော် အားလုံး နေရာအနှံ့ ပြေးလွှားနေကြသည်ပင် အသားတစ်တုံး မရကြချေ ။
သူ မြို့ထဲ၌ သက်တောင့်သက်သာ နေနေပြီး အသားကို အလွယ်တကူ ရလာလျှင် မနာလို ဖြစ်သွားကြပေလိမ့်မည် ။
ထို့အပြင် တစ်ခါ ရဖူးသွားလျှင် နောက်တစ်ခါ ထပ်ခိုင်းဦးမည်မှာ သေချာလှသည် ။ ထို့ကြောင့် ဤလမ်းစကို ပေါ့ပေါ့တန်တန် မဖွင့်ပေးနိုင်ချေ ။
ဌာနမှူးလျောင်က သက်ပြင်းအရှည်ကြီး ချလိုက်ပြီး...
"ဟူးးး.... ငါလည်း တခြားနည်းလမ်း မရှိလို့ပါ.. ဒါရိုက်တာလီက မနက်ဖြန်ကျရင် မိတ်ဖက်စက်ရုံက ခေါင်းဆောင်တွေကို ဧည့်ခံဖို့ ရှိတယ်.. သူတို့ကို ဧည့်ခံဖို့ ကောင်းကောင်းမွန်မွန် မပြင်ဆင်နိုင်ရင် စက်ရုံ သိက္ခါကျလိမ့်မယ်.. "
" မင်းသာ အသား ရအောင် ရှာပေးနိုင်ရင် ဆု ကောင်းကောင်း ပေးမယ်.. "
သူ့တွင် တခြား ရွေးချယ်စရာ မရှိတော့ချေ ။ ဤသည်က အရေးပေါ် ကိစ္စ ဖြစ်နေသည် ။ သူ့ကို တင်းကျပ်သည့် အမိန့် ပေးခဲ့သော ဒါရိုက်တာ လီဟွိုက်တဲ ကိုသာ စိတ်ထဲမှ ကျိန်ဆဲနေပေတော့သည် ။
" ဌာနမှူး.. ဘယ်လို ဆုလာဘ်မျိုးလဲ.. "
ထိုစကားကို ကြားသောအခါ ယန်ကျီဝမ်၏ မျက်လုံးများက ချက်ချင်း အရောင်လက်သွားသည် ။
" မင်း ဘာလိုချင်လို့လဲ.. "
ဌာနမှူးလျောင်က သူ့ကို စိုက်ကြည့်ပြီး...
" ရာထူးတိုးဖို့တော့ မစဉ်းစားနဲ့ဦး.. မင်း စက်ရုံကို ရောက်တာ သိပ်မကြာသေးဘဲ တရားဝင် ဝန်ထမ်း ဖြစ်လာတာ.. ထပ်ပြီး ရာထူးတိုးပေးဖို့က မသင့်တော်သေးဘူး.. အများဆုံး အနေနဲ့ ပစ္စည်း ဆုပဲ ပေးနိုင်မယ်.. "
" အော်.. ဒါပဲလား.. "
ယန်ကျီဝမ်က စိတ်ပျက်သွားသည့် ပုံစံ ပြလိုက်သည် ။ သူ ရာထူးတိုးခြင်းကို စိတ်မဝင်စားသလို ဌာနမှူးလျောင် ပြောသည့် ပစ္စည်း ဆုကိုလည်း သိပ်ပြီး အထင်မကြီးပေ ။
သူ့စနစ် ရမှတ်စတိုး၌ ပစ္စည်းများစွာ ရှိရာ သူ လိုချင်တာ မှန်သမျှ ဝယ်နိုင်သည် ။ ထို့ကြောင့် ဤပစ္စည်း ဆုလာဘ်က သူ့အတွက် ဘာမှ မထူးခြားချေ ။
" ဒီကောင်စုတ်လေး.. မင်းက တကယ်ကို အမြတ်မရရင် အလုပ်မလုပ်ချင်တဲ့ ကောင်ပဲ.. "
ဌာနမှူးလျောင်က စိတ်တိုတိုဖြင့်...
" မင်းသာ ရအောင် ရှာပေးနိုင်ရင် အပ်ချုပ်စက်ကူပွန်တစ်စောင် ပေးရင်ရော ဘယ်လိုလဲ.. "
"အိုး.. "
ယန်ကျီဝမ်၏ မျက်လုံးများ တောက်ပသွားသည် ။
ယခုခေတ်တွင် စက်ဘီး ဝယ်ရန်ပင် လက်မှတ် လိုအပ်သည် ။ သို့သော် သူ့အိမ်တွင် စက်ဘီး တစ်စီး ရှိနှင့်ပြီးသား ဖြစ်၏ ။ အပ်ချုပ်စက် တစ်လုံးကိုတော့ သူ တကယ် လိုချင်နေခဲ့သည် ။
ခေတ်ပေါ် အဓိက ပစ္စည်း သုံးခုနှင့် ရေဒီယိုပါ ရနိုင်လျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည် ။ ယွီလီ သူနှင့် လက်ထပ်စဉ်က မင်္ဂလာပွဲ ကောင်းကောင်း မကျင်းပခဲ့ရသဖြင့် စိတ်ထဲတွင် အားနာမိသည် ။
သူသာ အဓိက ပစ္စည်း သုံးခုနှင့် ရေဒီယိုကို ရှာပေးနိုင်လျှင် သူမ ပျော်သွားပေလိမ့်မည် ။
" ကောင်းပြီလေ.. ကျွန်တော် စမ်းကြည့်ပေးပါ့မယ်.. ဒါပေမဲ့ ရမယ်လို့တော့ အာမ မခံဘူးနော်.. ဌာနမှူးလည်း မျှော်လင့်ချက် သိပ်မထားပါနဲ့ဦး.. "
ယန်ကျီဝမ်က တိကျသည့် ကတိမျိုး မပေးခဲ့ပေ ။
" ရပြီ.. သွားတော့.. မြန်မြန် သွားလုပ်တော့ ကောင်လေး.. "
ဌာနမှူးလျောင်က စိတ်မရှည်စွာဖြင့် လက်ကို ဝှေ့ယမ်းလိုက်သည် ။
" ဟမ့်.. လိုရင် တစ်မျိုး မလိုရင် တစ်မျိုး.. တကယ်ကို မတရားတာပဲ.. "
ယန်ကျီဝမ်က လှည့်ထွက်သွားရင်း တိုးတိုးလေး ရေရွတ်လိုက်သည် ။
" ဒီကောင်စုတ်လေး.. "
ဌာနမှူးလျောင်၏ မျက်နှာက မည်းမှောင်သွားပြီး ဘေးနားတွင် ခိုးရယ်နေသည့် လီရှန်းလီကို စိုက်ကြည့်ကာ...
" မင်းက ဘာ ရယ်နေတာလဲ.. ဒီမှာ ဘာရပ်လုပ်နေတာလဲ.. မြန်မြန်သွားပြီး ပစ္စည်းတွေ သွားဝယ်စမ်း.. "
ဒေါသ မီးလျှံက သူ့ဆီ ကူးစက်လာသည်ကို မြင်သောအခါ လီရှန်းလီ အလျင်အမြန်ပင် ထွက်ပြေးသွားတော့သည် ။
' တကယ်ကို အသက်ကြီးပြီး စိတ်တိုတတ်တဲ့ အဘိုးကြီး.. အမြန်ဆုံး ထွက်သွားတာ အကောင်းဆုံးပဲ.. '
ယန်ကျီဝမ်က စက်ရုံအပြင်သို့ ထွက်သွားပြီးနောက် နေ့လယ်အထိ စက်ရုံသို့ ပြန်မလာခဲ့ပေ ။
ဌာနမှူးလျောင်၏ ရုံးခန်းတံခါးကို တွန်းဖွင့်လိုက်ပြီးနောက် ယန်ကျီဝမ်က ဝင့်ကြွားသည့် ခြေလှမ်းများဖြင့် လျှောက်ဝင်လာလေသည် ။
သူက ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး ကျေနပ်အားရစွာဖြင့်...
" အဘိုးကြီးလျောင်.. ကျွန်တော် ပစ္စည်းတွေ ရှာလာပေးပြီနော်.. ခင်ဗျား ကတိပေးထားတဲ့ ဆုကို မမေ့နဲ့.. "
ယန်ကျီဝမ်၏ စကားများကြောင့် ဌာနမှူးလျောင်၏ မျက်နှာအိုကြီးက ချက်ချင်းပင် မည်းမှောင်သွားသည် ။
' ဒီကောင်လေးက ပိုပိုပြီး မာနကြီးလာတယ်.. '
ဤကလေးတွင် အရည်အချင်းသာ မရှိလျှင် သူ့ကို သေချာပေါက် ကန်ထုတ်မိမည်ပင် ။
ယန်ကျီဝမ် ယူလာသည့် ကြက်ဖက်တီး နှစ်ကောင်ကို ကြည့်ပြီး ဌာနမှူးလျောင် အတော်လေး ကျေနပ်သွားသည် ။ အနည်းဆုံးတော့ မနက်ဖြန် မိတ်ဖက်စက်ရုံက ခေါင်းဆောင်တွေကို ဧည့်ခံကျွေးမွေးရန် လုံလောက်ပေလိမ့်မည် ။
သူက စပ်စုသည့် အကြည့်ဖြင့်...
" မင်း ဒါတွေကို ဘယ်ကနေ ရှာလာတာလဲ.. "
" ဒီအကြောင်းကို ပြောရမယ်ဆိုရင်တော့..လွယ်လွယ်နဲ့ ရခဲ့တာ မဟုတ်ဘူး .. ကျွန်တော် တကယ်ကို အားထုတ်ခဲ့ရတာ.. "
ယန်ကျီဝမ်က ရုပ်တည်ကြီးဖြင့်...
" ခေါင်းဆောင် ယုံချင်မှ ယုံမယ်.. ဒီကြက်တွေကို ကျွန်တော့်ယောက္ခမ မွေးထားတာ.. ကျွန်တော့်ကို ရောင်းပေးဖို့ သူ့ကို တော်တော်လေး နားချခဲ့ရတယ်.. နောက်ဆုံး ဒူးထောက်မယ် လုပ်မှ ရောင်းပေးလိုက်တာ.. ဒါတွေက ဥဥဖို့ မွေးထားတဲ့ ကြက်မတွေလေ.. "
" ကောင်းပြီ.. မင်း ကြိုးစားခဲ့ရမှန်း ငါ သိပါတယ်.. ရော့.. ဒါယူသွား.. "
ဌာနမှူးလျောင်က စိတ်မရှည်ဟန်ဖြင့်ပင် သူ့ထံသို့ အပ်ချုပ်စက် ကူပွန်တစ်စောင် ပစ်ပေးလိုက်သည် ။
" ဒါဆိုရင်တော့ ကျေးဇူးအများကြီး တင်ပါတယ် ဌာနမှူး.. "
ယန်ကျီဝမ်က လက်မှတ်ကို လှမ်းယူလိုက်ပြီး ကြက်များကို စားဖိုဆောင်သို့ ပျော်ရွှင်စွာဖြင့် ယူသွားလေသည် ။
အမှန်တော့ ဤကြက်များကို သူ့ ရမှတ်စတိုးမှ လဲထားခြင်း ဖြစ်သည် ။ သူ ဤကဲ့သို့ အကြောင်းပြချက် ပေးရခြင်းမှာ ဌာနမှူးလျောင်က သူ့အား နေ့တိုင်း အသားရှာခိုင်းမည်ကို စိုးရိမ်သောကြောင့်ပင် ။
တစ်ခါတစ်လေဆိုလျှင် အဆင်ပြေသော်လည်း သူ ကျေးလက်ဒေသသို့ မသွားဘဲ ခဏခဏ အသားတွေ ရလာလျှင် ဤပစ္စည်းများ၏ ရင်းမြစ်က မသင်္ကာစရာ ဖြစ်လာပေလိမ့်မည် ။ ထို့ကြောင့် လူသိမများအောင် နေခြင်းက အကောင်းဆုံးပင် ။
ဤအကြောင်းကို စဉ်းစားမိပြီးနောက် ယန်ကျီဝမ်က ကျေးလက်ဘက်သို့ မကြာခဏ သွားသင့်သည်ဟု ဆုံးဖြတ်လိုက်သည် ။ သို့မှသာ ပစ္စည်းများ မည်သည့်နေရာမှ ရလာကြောင်း ခိုင်လုံသည့် ဆင်ခြေ ရှိပေမည် ။
ထို့နောက် ပိုက်ဆံ ထုတ်ရန် ဘဏ္ဍာရေးဌာနသို့ သွားခဲ့ပြီးမှ သူ၏ လန်ဘော်ဂီနီကို ဖြည်းဖြည်းချင်း နင်းကာ အိမ်သို့ ပြန်လာခဲ့သည် ။
အဝယ်တော် တစ်ယောက် ဖြစ်ရခြင်း၏ အားသာချက်က ဤအချက်ပင် ။ အလုပ်ချိန်ကို တင်းတင်းကျပ်ကျပ် သတ်မှတ်ထားခြင်း မရှိဘဲ စိတ်ကြိုက် သွားလာနိုင်သည် ။ သို့သော် အဓိက အချက်မှာ သတ်မှတ်ထားသည့် ပစ္စည်း ပမာဏကိုတော့ ရအောင် ရှာပေးရမည် ဖြစ်သည် ။ သို့သော် သူ့အတွက်တော့ ဤသည်က အလွန် လွယ်ကူလှ၏ ။ အားထုတ်ကြိုးပမ်းစရာ မလိုအပ်ချေ ။