အခန်း ၁၆၄
Vol. 16 Ch. 164
164
~
အခန်း ၁၆၄ : ကြွားဝါခြင်း
~
ခြံဝင်းအတွင်း၌....
အိမ်ရှေ့ခြံဝင်းရှိ ပြောင်းပြန်အခန်း၏ ဝင်ပေါက်တွင် ယွီလီနှင့် ချင်ဟွိုင်ရုတို့ စကားပြောနေကြ၏ ။
" ယွီလီ.. ငါ နင့်ကို တကယ် အားကျတယ်.. ယန်ကျီဝမ် လို ယောက်ျားကောင်းတစ်ယောက်နဲ့ လက်ထပ်နိုင်တာ တကယ်ကံကောင်းတာပဲ... သူက အရည်အချင်းရှိရုံတင်မကဘူးနော် လူတွေကို ဘယ်လို ဂရုစိုက်ရမလဲဆိုတာလည်း သိတယ်.. "
ချင်ဟွိုင်ရုက မနာလိုစွာ ပြောလိုက်သည် ။ မှန်ပေသည် ။ သူမ တကယ်ကို မနာလို ဖြစ်မိ၏ ။
ယွီလီက ယန်မိသားစုနှင့် လက်ထပ်ထားသဖြင့် အိမ်မှုကိစ္စ အများကြီး လုပ်စရာမလိုချေ ။ ယန်ကျီဝမ်ကို တစ်ခါတစ်ရံ အဝတ်လျှော်ပေးရုံသာ ကူညီရပြီး ရန်ရွေ့ဟွားက အိမ်မှုကိစ္စများကို သူမအား လုပ်ခွင့်မပေးပေ ။
' ငါကျတော့ကော.. အိမ်မှာ အရာအားလုံးက ငါလုပ်ဖို့ပဲ စောင့်နေကြတာ.. ငါ တစ်ရက်လောက်များ အလုပ်မလုပ်ရင် ဒီအိမ်က ဘယ်လို ဖြစ်သွားမယ် မသိဘူး.. '
သူမ စိတ်ထဲတွင် တွေးလိုက်မိသည် ။
" ကျွန်မလည်း အရမ်း ကံကောင်းတယ်လို့ ခစားရတယ်.. "
ယွီလီက သဘောတူစွာ ခေါင်းညိတ်ပြီး မျက်နှာတွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေ၏ ။
ဤအကြောင်း ပြောရလျှင် ကံကြမ္မာဆိုသည်မှာ တကယ်ကို အံ့သြစရာကောင်းသည် ။ ထိုနေ့က သူမ၏ ညီမလေးက ဟောက်ဟိုင်တွင် ကစားရန် ပူဆာခဲ့သဖြင့် သူမ ရေကန်ထဲ ပြုတ်ကျသွားခဲ့သော်လည်း ယန်ကျီဝမ်က ကယ်တင်ခဲ့သည် ။
ထို့နောက်တွင် ဆက်ဆံရေးတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး နောက်ဆုံး၌ နှစ်ယောက်သား ပြန်လည်ပေါင်းစည်းနိုင်ခဲ့ကြ၏ ။
ချင်ဟွိုင်ရု သက်ပြင်းချလိုက်ပြီး...
" ငါ့ကံက နင်နဲ့ ယှဉ်လို့မရဘူး.. ငါ့မှာ ကျေးလက်အိမ်ထောင်စုမှတ်ပုံတင်ပဲ ရှိတယ်.. ငါ့ကလေးတွေလည်း အတူတူပဲ.. ငါ့ယောက်ျား တစ်ယောက်တည်းမှာပဲ မိသားစုတစ်ခုလုံးအတွက် ပုံသေရိက္ခာရှိတယ်.. ဒီဘဝ.. ဒီအကြောင်းတောင် မပြောချင်တော့ပါဘူး.. "
ယွီလီက ကြင်နာတတ်သောစိတ်ဖြင့် သူမကို နှစ်သိမ့်ပေးလိုက်၏ ။
" ယောင်းမ.. အကောင်းမြင်ပါဦး.. အမရဲ့ယောက်ျားက အရည်အချင်းရှိပါတယ်.. သူ ဒီလောက် ငယ်ငယ်နဲ့ အဆင့် ၃ အလုပ်သမားတစ်ယောက် ဖြစ်နေပြီလေ..တစ်လကို ယွမ် ၄၅ တောင် ရတယ်.. အနာဂတ်မှာ ဘဝက ပိုကောင်းလာမှာပါ.. "
" အင်း.. သူ ငါ့ကို ကောင်းကောင်း ဆက်ဆံလို့ တော်သေးတာပေါ့.. မဟုတ်ရင် ငါ ဆက်တောင့်ခံနိုင်မှာ မဟုတ်ဘူး.. "
ချင်ဟွိုင်ရုက စိတ်ခံစားမှုအပြည့်နှင့် သက်ပြင်းချပြီး ပြုံးလိုက်ကာ...
" ဒါပေမဲ့ ခက်ခဲတဲ့အချိန်တွေက မကြာခင် ပြီးဆုံးသွားတော့မယ်.. ငါ မကြာခင် အလုပ်ရတော့မယ်.. "
ယွီလီ လန့်သွားပြီး အံ့သြတကြီး မေးလိုက်သည် ။
" ယောင်းမ.. အလုပ် ရှာတွေ့ပြီလား.. မဖြစ်နိုင်တာ.. ဒီခေတ်မှာ အလုပ်တစ်ခု ရှာရတာ ဘယ်လိုလုပ် ဒီလောက် လွယ်ရတာလဲ.. "
ချင်ဟွိုင်ရုက လက်ကို ဝှေ့ယမ်းပြီး ဂရုမစိုက်ဟန်ဆောင်ကာ...
" ငါ့ယောကျ်ားက ငါ့ကို သနားပြီး သူ့ဆရာကို အလုပ်တစ်ခု ဝယ်ပေးဖို့ ပြောလိုက်တာ.. "
ခေါင်းစဉ်ပြောင်းပြီး ချင်ဟွိုင်ရုက အံ့သြဟန်ဆောင်ကာ...
" ယန်ကျီဝမ်က အရည်အချင်းရှိတယ်.. ငါးဖမ်းတာကနေလည်း ပိုက်ဆံအများကြီးရတယ်.. သူ နင့်ကို အလုပ်တစ်ခု ရှာပေးမယ်လို့ မပြောဘူးလား.. "
ယွီလီ၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ထစ်ထစ်ငေါ့ငေါ့နှင့်...
" သူ..သူ စုံစမ်းနေတုန်းပဲ.. အချိန် နည်းနည်းတော့ ကြာအုံးမယ်.. "
ချင်ဟွိုင်ရုက သူမနှင့် စကားပြောရန် မည်သို့ကြောင့် လာသည်ကို ယွီလီ နားလည်သွား၏ ။
သူမ အလုပ်ရတော့မည့်အကြောင်းကို ကြွားရန်လာခြင်းပင် ။
" အရမ်းကောင်းတယ်.. တစ်နေ့နေ့မှာ ငါတို့ တစ်နေရာတည်းမှာ အလုပ် အတူတူလုပ်ကြတာပေါ့.. "
ချင်ဟွိုင်ရုက ပြုံး၍ ပြောသော်လည်း သူမ၏ မျက်လုံးများတွင် မထီမဲ့မြင်ပြုသည့် အရိပ်အယောင်များ ရှိနေ၏ ။
ယနေ့ခေတ်တွင် မိသားစု တစ်စုကို အလုပ်တစ်ခု ရရန်မလွယ် ။ မည်သို့ လွယ်လွယ်နှင့် ရှာနိုင်မည်နည်း ။
သူမ ယောက်ျား၏ဆရာက စက်ရုံတွင် အဆင့် ၇ အလုပ်သမားတစ်ယောက်ဖြစ်ပြီး ခေါင်းဆောင်အများကြီးကို သိသည့် ယီကျုံးဟိုင် ဖြစ်နေသောကြောင့်သာပင် ။
သို့သော် ယန်ကျီဝမ်ကော...
တရားဝင် ဝန်ထမ်းဖြစ်လာသည်မှာ မကြာသေးသော အဝယ်တော်လေး တစ်ယောက်က ထိုသို့ အရည်အချင်း ရှိပါမည်လော ။
" ဖြစ်ကောင်းဖြစ်နိုင်ပါတယ်.. "
ယွီလီက အားတင်း၍ ပြုံးလိုက်သည် ။
ချင်ဟွိုင်ရု ဆက်ပြောရန် ပြင်စဉ် ယန်ကျီဝမ် ခြံဝင်းထဲ ဝင်လာသည်ကို တွေ့လိုက်ရသဖြင့် ယွီလီကို ကြည့်ပြီး...
" နင့် ယောက်ျား ပြန်ရောက်လာပြီ.. အိမ်မှာ လုပ်စရာလေးတွေ ရှိသေးတယ်.. နောက်မှပဲ ဆက်ပြောကြတာပေါ့.. "
" ဟုတ်ကဲ့ပါ.. "
ချင်ဟွိုင်ရု ထွက်သွားပြီးနောက် ယွီလီက ယန်ကျီဝမ်ထံသို့ ထသွားသည် ။
" ကျီဝမ်.. ဘာလို့ အစောကြီး ပြန်လာတာလဲ.. "
ယွီလီ သုံးဘီးစက်ဘီးပေါ်မှ ပစ္စည်းများ ကူချပေးရင်း ယန်ကျီဝမ်ကို မေးလိုက်သည် ။
" စက်ရုံမှာ လုပ်စရာသိပ်မရှိလို့ စောစောပြန်လာတာ.. "
ယန်ကျီဝမ်က ပြုံး၍ ပြောပြီးနောက် စက်ဘီးကို တွန်းပြီး ပြောင်းပြန်အခန်း ဝင်ပေါက်တွင် ရပ်လိုက်သည် ။ အိမ်ထဲပြန်ဝင်ပြီးနောက်...
" ကိုယ် အသီးနည်းနည်း ယူလာခဲ့တယ်.. မင်းအတွက် နည်းနည်း သိမ်းထားပြီး ကျန်တာတွေကို ဟိုဘက်အိမ် ယူသွား.. "
" ဘယ်လို အသီးမျိုးလဲ.. "
ယွီလီက အိတ်ကိုဖွင့်ပြီး အံ့သြတကြီး အော်လိုက်မိ၏ ။
" ပန်းသီးတွေလား.. ရှင် ဘယ်က ဝယ်လာတာလဲ.. "
ယနေ့ခေတ်တွင် သစ်သီးများ၏ စျေးက အံ့သြစရာကောင်းလောက်အောင် ကြီးသည် ။ မိသားစုအခြေအနေ ကောင်းမွန်သူများသာ စားသုံးနိုင်ကြ၏ ။
" သူငယ်ချင်းတစ်ယောက်က သူ့အဆက်အသွယ်နဲ့ သယ်လာခဲ့တာပါ.. "
ယန်ကျီဝမ်က ခပ်ပေါ့ပေါ့ ဆင်ခြေပေးပြီးနောက်...
" ချင်ဟွိုင်ရုက ဘာကိစ္စနဲ့ လာတာလဲ.. "
" ဘာမှမဟုတ်ပါဘူး.. ကျွန်မနဲ့ စကားလာပြောရုံပါ.. "
ယန်ကျီဝမ်က ခေါင်းညိတ်ပြီး...
" စကားပြောတာကောင်းပါတယ်.. ဒါပေမဲ့ သူနဲ့ သိပ်မနီးကပ်နဲ့ ..အဲ့ မိန်းမက လွယ်တာ မဟုတ်ဘူး..."
ယန်ကျီဝမ်က ယွီလီကို သူမ၏ ပထမဆုံး လက်ထပ်သည့်နေ့တွင် ချင်ဟွိုင်ရုက အကြံများသည်ဟု ပြောခဲ့ဖူးသည် ။
ယွီလီက ဇဝေဇဝါနှင့် မေးလိုက်၏ ။
" ဒါပေမဲ့ ခြံထဲမှာ သူရဲ့ ဂုဏ်သတင်းက အရမ်းကောင်းတယ်လေ.. လူတိုင်းက သီလရှိပြီး ဝီရိယရှိတယ်လို့ ပြောကြတယ်.. "
ယန်ကျီဝမ်က ရယ်လိုက်ပြီး...
" သီလရှိတယ် ဟုတ်လား.. ဖြစ်နိုင်ပါတယ်.. သူ ခဏခဏ မင်းဆီက ပစ္စည်းတွေ ချေးဖို့ တောင်းဆိုလိမ့်မယ်ဆိုတာ မင်းယုံလား.. "
" သူ့ကို ဘာချေးရမှာလဲ.. "
ယွီလီ ခေါင်းခါလိုက်သည် ။ အိမ်ရှိ ကောက်ပဲသီးနှံများနှင့် အခြားပစ္စည်းများအားလုံးသည် ဧည့်ခန်းတစ်ဖက်ရှိ အခန်းထဲတွင် ရှိ၏ ။ ယန်ကျီဝမ်က သူမကို ပိုက်ဆံအချို့ ပေးထားသည် ။
သို့သော် သူမက မိုက်မဲသူ မဟုတ် ။ ယန်ကျီဝမ် သဘောမတူလျှင် အပ်တိုတစ်ချောင်းပင် ပေးမည် မဟုတ်ချေ ။
" မင်းက အခုထိ အရမ်း ရိုးအနေတုန်းပဲ.. "
ယန်ကျီဝမ် ခေါင်းခါလိုက်ပြီး...
" သူ အစပိုင်းမှာ မင်းဆီက အသေးအဖွဲလေးတွေပဲ ငှားမှာ သေချာတယ်.. မင်းနဲ့ ရင်းနှီးလာတာနဲ့ သူ့ ဂွင်ထဲ ရောက်သွားလိမ့်မယ်.... "
" မဟုတ်ဘူး.. သူ အဲ့လို လုပ်မှာ မဟုတ်ပါဘူး.. "
ယွီလီက ယုံကြည်ချက်အပြည့်နှင့် ငြင်းလိုက်၍ ယန်ကျီဝမ် ရှုပ်ထွေးသွားပြီး...
" သူ အဲ့လို လုပ်မှာ မဟုတ်ဘူးလို့ မင်းက ဘယ်လိုလုပ် သိတာလဲ.. "
သူသည် ချင်ဟွိုင်ရုနှင့် များစွာ မဆက်ဆံဘူးသော်လည်း မူရင်းဝတ္ထုမှ ဤအမျိုးသမီးအကြောင်း အများကြီး သိထားသည် ။
သူမ ယခု အကြံမများသေးသည်က ကျားဒုံရွှီ အသက်ရှင်နေဆဲ ဖြစ်ပြီး သူမ အပြည့်အဝ နိုးထမလာသေးသောကြောင့်သာ ဖြစ်သည် ။
သို့သော် ကျားမိသားစု၏ ဘဝက ယခု ခက်ခဲနေပြီး ချင်ဟွိုင်ရုက ယွီလီကို အမြတ်ထုတ်ရန် ကြံစည်လာမည်မှာ မလွဲမသွေပင် ။
သူမ ကလေးများအတွက်ဆိုလျှင် ဤအမျိုးသမီးက ဘာမဆို လုပ်မည့်သူ ဖြစ်သည် ။
မူရင်းဝတ္ထုထဲတွင် သူမ၏ကလေးများကို စောင့်ရှောက်ရန်အတွက် ချင်ဟွိုင်ရုက ရှာကျူးကို နှစ်အတော်ကြာ ခေါင်းပုံဖြတ်ခဲ့သည် ။
သူမ၏ ကလေးသုံးယောက် ကြီးပြင်းလာမှသာ ရှာကျူးနှင့် လက်ထပ်မှတ်ပုံတင်ခဲ့၏ ။
နောက်ဆုံးတွင် သူမသည် ရှာကျူး၏ အိမ်များအားလုံးကို သူမ၏ ကလေးများကို လက်လွဲပေးခဲ့ပြီး ရှာကျူးသည်တော့ ဘဝနေဝင်ချိန်ကို လမ်းဘေးတွင်သာ ကုန်ဆုံးခဲ့ရ၏ ။
ဤအမျိုးသမီးက လုံးဝကို ကျေးဇူးကန်းသည့်သူဖြစ်သည် ။ သူမနှင့် အဆက်အသွယ် မလုပ်ခြင်းက ပိုကောင်း၏ ။
" ဘာလို့လဲဆိုတော့ သူ မကြာခင် အလုပ်ရတော့မှာလေ.. "
ယွီလီ၏ လေသံထဲတွင် မနာလိုမှု အနည်းငယ် ပါနေသည် ။
တကယ်တော့ သူမလည်း အလုပ်တစ်ခု လိုချင်နေ၏ ။ အိမ်တွင် လုပ်စရာ သိပ်မရှိသလို အလကား ထိုင်စားနေသူဟု အမြင်ခံရခြင်းမျိုးလည်း မဖြစ်စေချင် ။ မိသားစု၏ ဝန်ထုပ်ဝန်ပိုး တချို့ကိုလည်း ကူထမ်းပေးချင်သည် ။
သို့သော်လည်း ယနေ့ခေတ်တွင် အလုပ်များ ရှာဖွေရမလွယ်ကူသောကြောင့် သူမ ယန်ကျီဝမ်အတွက် ခက်ခဲစေလိုခြင်း မရှိပေ ။
" သြော်.. "
ယန်ကျီဝမ်က အံ့အားသင့်စွာ မေးလိုက်သည် ။
" သူကိုယ်တိုင် မင်းကို ပြောပြတာလား.. "
ယွီလီက ခေါင်းညိတ်ပြီး...
" သူရဲ့ယောက်ျားက သူ့အတွက် စိတ်မကောင်းဖြစ်ပြီး ပထမဦးလေးရဲ့ အဆက်အသွယ်တွေကနေတစ်ဆင့် အလုပ်တစ်ခု ဝယ်ပေးချင်တယ်လို့ ပြောတယ်.. "
" ယီကျုံးဟိုင်လား ..ဟားဟားဟား.. "
ယန်ကျီဝမ်က ရယ်လိုက်သည် ။
" ရှင် ဘာလို့ ရယ်နေတာလဲ.. "
ယွီလီ ရှုပ်ထွေးသွား၏ ။ သူမ ဘာများ မှားပြောမိပါသနည်း ။
ယန်ကျီဝမ်က ရယ်လိုက်ပြီး...
" ကိုယ် မင်းကို ရယ်တာ မဟုတ်ပါဘူး.. ကျားမိသားစု စုံတွဲကို ရယ်တာပါ.. "
" သူတို့သာ ဒီလိုလုပ်ဖို့ တခြားတစ်ယောက်ယောက်ကို ရှာခဲ့ရင်.. ဥပမာ လျှိုဟိုင်ကျုံးကို ရှာခဲ့ရင်တောင် ပိုပြီး ယုံကြည်စိတ်ချရလိမ့်မယ်.. ဒါပေမဲ့ ယီကျုံးဟိုင်ကတစ်ဆင့် သွားရင်တော့ ဒီအလုပ်ကို ဘယ်တော့မှ ရမှာ မဟုတ်ဘူး.. "
" ဘာလို့လဲ.. "
ယွီလီက ဇဝေဇဝါနှင့် မေးလိုက်၏ ။
" ဒုတိယဦးလေးက အဆင့် ၆ အလုပ်သမားပဲ ရှိသေးတယ်.. သူက ပထမဦးလေးလောက် ခေါင်းဆောင်တွေကို မသိလောက်ဘူးမလား.. "
" ကိုယ်က ဥပမာတစ်ခုပဲ ပေးတာပါ.. "
ယန်ကျီဝမ်က လက်ကို ဝှေ့ယမ်းလိုက်သည် ။
လျှိုဟိုင်ကျုံးက ခေါင်းဆောင်များကို သိသည်မဟုတ် ။ သူ့တွင် ထိုသို့ စွမ်းရည် ရှိလျှင် ကေဒါတစ်ယောက် ဖြစ်နေလောက်ပေပြီ ။
ယွီလီ ပို၍ပင် ရှုပ်ထွေးသွား၏ ။
ယန်ကျီဝမ်က...
" ကိုယ်ဆိုလိုတာက ယီကျုံးဟိုင်မှာ ဒီစွမ်းရည် ရှိရင်တောင် ကျားမိသားစုကို အလုပ်ဝယ်ပေးဖို့ မဖြစ်နိုင်ဘူးလို့ ပြောတာ.. "
" ကျွန်မ နားမလည်ဘူး.. "
ယွီလီက စိတ်ရှုပ်ထွေးစွာ ပြောလိုက်ပြီး...
" ပထမဦးလေးက ကျားဒုံရွှီရဲ့ ဆရာပဲ.. ဘာလို့ သူ ကူညီဖို့ ဆန္ဒမရှိရမှာလဲ.. ချင်ဟွိုင်ရု ပြောတာက အတော်လေး ယုတ္တိရှိပါတယ်.. "