အခန်း ၁၆၆
Vol. 16 Ch. 166
166
~
အခန်း ၁၆၆ : အဘွား ..ဖြည်းဖြည်း.. ဖြည်းဖြည်း ..
~
အချိန်လျင်မြန်စွာ ကုန်ဆုံးသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်ပတ်တာ ကုန်လွန်သွားခဲ့သည် ။
ယနေ့သည် စနေနေ့ဖြစ်ပြီး ယန်ကျီဝမ်က သူ၏ သုံးဘီးစက်ဘီးကို စီးကာ အဘိုးဝမ်၏ သီးသန့်ခြံဝင်းသို့ သွားခဲ့သည် ။
အကြောင်းရင်းမှာ လွန်ခဲ့သော နှစ်ရက်က သူ ငါးမျှားနေသည်ကို အဘိုးဝမ် မိသွားခဲ့ပြီး အဘွားလင်းက သူ့ကို လွမ်းသည်ဟုဆိုကာ ထမင်းစားရန် ဖိတ်ခေါ်ခဲ့သောကြောင့်ပင် ။
သို့သော် သူတို့ တစ်ယောက်နှင့်တစ်ယောက် သိကျွမ်းခဲ့သည်မှာ အတော်ကြာပြီဖြစ်၍ အဘိုးဝမ်က မည်သို့သော လူမျိုးဆိုသည်ကို သူ ကောင်းကောင်း သိထား၏ ။
အဘွားလင်းက လွမ်းသည်ဟု ပြောခြင်းမှာ ယန်ကျီဝမ် ချက်သော ဟင်းလျာများကို အဘိုးကြီးဝမ် စားချင်နေသောကြောင့်သာ ဖြစ်သည် ။
သို့သော်လည်း အဘွားလင်းက သူ့အပေါ် အမှန်တကယ် ကောင်းမွန်ပြီး မြေးတစ်ယောက်ကဲ့သို့ ဆက်ဆံတတ်ကာ သူ မသွားဖြစ်သည်မှာလည်း အတော်ကြာပြီဖြစ်ကြောင်း တွေးမိသဖြင့် သဘောတူလိုက်၏ ။
စက်ဘီး ရပ်ပြီးနောက် ယန်ကျီဝမ်က ပန်းသီးအိတ်တစ်အိတ်ကို ယူကာ ခြံထဲသို့ ဝင်ရန် ပြင်လိုက်သည် ။
သို့သော် ဝင်ပေါက်သို့ ရောက်သည်နှင့် ယန်ကျီဝမ် ရုတ်တရက် အန္တရာယ်တစ်ခုကို ခံစားလိုက်ရပြီး ခဏအတွင်းမှာပင် လက်သီးတစ်ချက်က သူ့မျက်နှာဆီသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့၏ ။
ယန်ကျီဝမ် လန့်သွားပြီး ခေါင်းကို အမြန်လှည့်ကာ လက်သီးကို ရှောင်တိမ်းလိုက်သည် ။ သို့သော် နောက်ထပ် ခြေကန်ချက်တစ်ခု ထပ်ရောက်လာရာ ယန်ကျီဝမ် အချိန်မီ ရှောင်နိုင်ခြင်း မရှိတော့ဘဲ လက်မောင်းဖြင့် ကာကွယ်ရုံသာ တတ်နိုင်တော့သည် ။
"ဘုန်း.."
ယန်ကျီဝမ် သူ့ကိုယ်သူ တည်ငြိမ်အောင် မလုပ်နိုင်ခင် ခြေလှမ်းအနည်းငယ် နောက်သို့ ဆုတ်လိုက်ရ၏ ။
ယန်ကျီဝမ်က နာကျင်သွားသော လက်မောင်းကို ခါယမ်းလိုက်ပြီး အကူအညီမဲ့စွာ ခေါင်းခါ၍...
" အစ်မ မြောင်မြောင်.. ဘာလုပ်နေတာလဲ.. "
ကြည့်စရာမလို ။ မည်သူဆိုသည်ကို သူ သိသည် ။ ဝမ်မိသားစုထဲတွင် သူ့အား ဤကဲ့သို့ နှုတ်ဆက်မည့်သူမှာ အဘိုးဝမ်၏မြေး ဝမ်မြောင်မြောင် တစ်ယောက်သာ ရှိပေသည် ။
ယန်ကျီဝမ် ရှေ့သို့ကြည့်လိုက်သောအခါ သူရဲကောင်းဆန်ပြီး စိတ်ဓာတ်ခိုင်မာပုံရသော ဝမ်မြောင်မြောင်ကို မြင်လိုက်ရ၏ ။
ဝမ်မြောင်မြောင်၏ မျက်နှာအမူအရာက အလွန်လှပပြီး ဆွဲဆောင်မှုရှိသော ဖီးနစ်မျက်လုံးတစ်စုံနှင့် သူမ၏ အသားအရေကလည်း လိုက်ဖက်ညီပေသည် ။ သူမ၌ သပ်ရပ်သော ဆံပင်တိုလေးရှိပြီး အရပ်မှာလည်း ၁.၇ မီတာခန့် မြင့်ကာ အစိမ်းရောင်စစ်ဝတ်စုံနှင့် ပေါင်းစပ်လိုက်သောအခါ အလွန်ကို သူရဲကောင်းဆန်သောပုံစံ ပေါက်နေ၏ ။
'သူသာ စကားမပြောဘဲ ငြိမ်ငြိမ်လေးနေလျှင် ပိုကောင်းမယ်..'
ယန်ကျီဝမ်က သူ့ဘာသာသူ တွေးလိုက်မိခြင်း ဖြစ်သည် ။
" အိုး.. မဆိုးပါဘူး.. ငါ့ရဲ့ ဒီနှစ်ကွက်ကို နင် တကယ်ခံနိုင်တာပဲ.. "
ဝမ်မြောင်မြောင်က သူမ၏လက်သီးကို ဆုပ်လိုက်ပြီး နှုတ်ခမ်းတွင် အပြုံးတစ်ခုချိတ်ဆွဲကာ ရှေ့သို့ တစ်ဖန် ခုန်တက်လာပြီး...
" နောက်တစ်ခါ လာပြီ.. "
ထို့နောက် သူမက ယန်ကျီဝမ်ကို လက်သီးဖြင့် ထပ်မံ ထိုးလိုက်ပြန်သည် ။
ယန်ကျီဝမ်သည်တော့ အကူအညီမဲ့စွာ ရှောင်တိမ်းနေရ၏ ။
ဝမ်မြောင်မြောင်က သူ့ထက် နှစ်နှစ်ခန့် ကြီးသည် ။ သူမက လှပသော်လည်း စိတ်တိုလွယ်ကာ အနည်းငယ် သဘောထားကွဲလွဲသည်နှင့် အကြမ်းဖက်တတ်သည့် အမျိုးသမီးမျိုးပင် ။ သူနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည်မှာလည်း ဤနေရာတွင်ပင် ဖြစ်၏ ။
ထိုစဥ်က ယန်ကျီဝမ်သည် အဘိုးဝမ်အတွက် ဟင်းချက်ရန် ရောက်လာခဲ့သည် ။ သူ ခြံထဲသို့ တန်းဝင်သွားရာ ဝမ်မြောင်မြောင်ကို တွေ့လိုက်ရ၏ ။ သူ စကားမပြောနိုင်ခင်မှာပင် ဝမ်မြောင်မြောင်က သူ့ကို တိုက်ရိုက် တိုက်ခိုက်ပေတော့သည် ။
ရလဒ်အနေဖြင့် သူ ရိုက်နှက်ခံခဲ့ရလေသည် ။ ကံကောင်းထောက်မစွာဖြင့် အဘွားလင်းက ဆူညံသံကို ကြားပြီး ထွက်လာသောကြောင့် ဝမ်မြောင်မြောင် ရပ်တန့်သွားခဲ့သည် ။
ထိုစဥ်က ဝမ်မြောင်မြောင်က သူ့ကို ကျေနပ်သောအကြည့်ဖြင့် ကြည့်ကာ ခေါင်းညိတ်ပြီး ချီးကျူးခဲ့သေးသည် ။
သူ၏ ယခင်ဘဝက ယန်ကျီဝမ်သည် စီချွမ်နှင့် ချုံချင်းမှ အမျိုးသမီးများသည် တိုင်ရန်နိုဆောရပ်စ် ဒိုင်နိုဆောများကဲ့သို့ ကြမ်းတမ်းကြောင်း အမြဲကြားခဲ့ဖူးသည် ။ ထိုအရာက ချဲ့ကားပြောဆိုခြင်းဟုသာ သူ ထင်မှတ်ခဲ့သော်လည်း အခု မြင်တွေ့လိုက်ရသောအခါ ပို၍ပင် လွန်ကဲနေကြောင်း သိလိုက်ရ၏ ။
သူမသည် အနည်းငယ်သော သဘောထားကွဲလွဲမှုလေးတွင်ပင် အကြမ်းဖက်မှုကို အသုံးပြုလေ့ရှိပြီး တိုက်ခိုက်ရာတွင်လည်း အလွန်ထူးချွန်လှသည် ။ အနာဂတ်တွင် သူမကို မည်သူက သည်းခံနိုင်မည်နည်း ။
ယန်ကျီဝမ်က အဆက်မပြတ် ရှောင်တိမ်းနေသည်ကို မြင်သောအခါ ဝမ်မြောင်မြောင်မှာ မကျေမနပ် ဖြစ်လာသည် ။ သူမက လက်နှစ်ဖက်ကို ခါးထောက်လိုက်ပြီး...
" ဟေး.. နင်က ယောက်ျား ဟုတ်ရဲ့လား.. ယောက်ျားဆိုရင် ငါ့ကို ပြန်တိုက်လေ.. "
ယန်ကျီဝမ်က ခေါင်းကို ခပ်မြန်မြန် ခါယမ်းလိုက်ပြီး...
" အစ်မ မြောင်မြောင်.. အစ်မ တိုက်ခိုက်ချင်ရင် စစ်တပ်ကို ပြန်သွားပြီး အစ်မရဲ့ ရဲဘော်တွေကိုပဲ သွားရှာပါ.. ကျွန်တော့်ရဲ့ ဒီခန္ဓာကိုယ်သေးသေးလေးက မခံနိုင်ဘူး.. "
" စစ်တပ်ထဲမှာက အားနည်းတဲ့သူတွေနဲ့ ပြည့်နေတာ.. သူတို့က ငါနဲ့ တိုက်ဖို့ မလုံလောက်သေးဘူး.. "
ဝမ်မြောင်မြောင်က အော်ပြောလိုက်ပြီး...
" အဓိပ္ပာယ်မရှိတဲ့ စကားတွေ ပြောမနေနဲ့.. ဒီကိုလာပြီး သေလိုက်စမ်း.. "
သူမ ပြောနေစဥ်မှာပင် ဝမ်မြောင်မြောင်က ယန်ကျီဝမ်၏ ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလာပြီး လက်သီးဖြင့် ထပ်ထိုးလိုက်သည် ။
" ဘန်း.."
ယန်ကျီဝမ် ရှောင်တိမ်းရန် အနည်းငယ် နှေးကွေးသွားသဖြင့် သူ ကိုင်ထားသော ပန်းသီးအိတ် ကန်ချခံလိုက်ရကာ မြေပြင်ပေါ်သို့ ပြန့်ကျဲသွားတော့သည် ။
ယန်ကျီဝမ် အနည်းငယ် ဒေါသထွက်သွားကာ...
" ဝမ်မြောင်မြောင်.. နင်က မိန်းကလေးဖြစ်ပြီး ကြမ်းတမ်းလိုက်တာ.. နင် ငါ့ကို ထပ်ရိုက်ရင် ငါ နင့်ကို ယဉ်ကျေးနေမှာ မဟုတ်တော့ဘူးနော်.. "
" သေချင်နေတဲ့ကောင်.. နင် သေမင်းကို ရှာနေတာပဲ.. "
ဝမ်မြောင်မြောင် ထိုစကားကို ကြားလိုက်ရသောအခါ မျက်နှာ ချက်ချင်း မည်းမှောင်သွားသည် ။ သူမ ထိုသို့ အပြောခံရခြင်းကို အမုန်းဆုံးဖြစ်ပြီး အမြဲတမ်း ပေါက်ကွဲထွက်စေတတ်၏ ။
ချက်ချင်းပင် သူမက ယန်ကျီဝမ်ကို လက်သီးဖြင့် ထပ်မံ ထိုးလိုက်ပြန်သည် ။
"ဖတ်.."
ယခုအခါ ယန်ကျီဝမ်သည် ယခင်ကလို အတွေ့အကြုံမရှိသူ မဟုတ်တော့ဘဲ တိုက်ခိုက်ရေးစွမ်းရည်ကို ကျွမ်းကျင်စွာ တတ်မြောက်ထားပြီး ဖြစ်သည် ။ သူက လက်ကို အနည်းငယ် မြှောက်လိုက်ရုံဖြင့် ဝမ်မြောင်မြောင်၏ လက်သီးကို ရှောင်လွှဲလိုက်နိုင်၏ ။
ဝမ်မြောင်မြောင်သည် တိုက်ခိုက်ရေး အတွေ့အကြုံ ကြွယ်ဝသော မိန်းကလေးတစ်ယောက် ဖြစ်သည် ။ သူမ၏ တိုက်ခိုက်မှု လွဲချော်သွားသည်ကို သိသည်နှင့် ချက်ချင်း တုံ့ပြန်လိုက်၏ ။ သူမက ကိုယ်ကို လှည့်လိုက်ပြီးနောက် ခြေထောက်ဖြင့် ကန်ချလိုက်သည် ။
"ဖတ်.."
သို့သော် ယန်ကျီဝမ်က အဆင်သင့် ဖြစ်နေပြီး လက်တစ်ဖက်ဖြင့် ဝင်လာသော ခြေထောက်ကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားလိုက်သည် ။
" လွှတ်စမ်း.. "
ဝမ်မြောင်မြောင်က လွတ်မြောက်ရန် ကြိုးစားသော်လည်း မရသဖြင့် အေးစက်စွာ ပြောလိုက်သည် ။
" မလွှတ်ဘူး.. "
ယန်ကျီဝမ်က ရယ်လိုက်ပြီး...
" မင်းက တိုက်ခိုက်ရေးမှာ အရမ်းတော်တယ် မဟုတ်လား.. ငါ မင်းကို သင်ခန်းစာ မပေးရင် ငါ့ကို အနိုင်ကျင့်ရတာ လွယ်တယ်လို့ မင်း တကယ် ထင်နေတော့မှာပေါ့.. "
ဝမ်မြောင်မြောင်က သူ့ကို ထိုးချင်သော်လည်း လှမ်း၍ မမီ ။ သူမ၏ လှပသော မျက်နှာလေးက စိုးရိမ်ပူပန်မှုကြောင့် နီရဲလာသည် ။
" ယန်လေး.. နင် မလွှတ်ရင် ငါ နင့်ကို သတ်ပစ်မယ်နော်.. "
သူမ အလွန် စိုးရိမ်သွားသဖြင့် စီချွမ် ဒေသသုံးစကားများပင် ထွက်လာသည် ။
" မင်းတို့နှစ်ယောက် ဘာလုပ်နေကြတာလဲ.. "
ထိုအချိန်၌ ဆူညံသံများကို ကြားလိုက်ရသဖြင့် အဘွားလင်း ထွက်လာသည် ။
သို့သော် သူမ ထွက်လာသောအခါ ဝမ်မြောင်မြောင်၏ ကြည့်မကောင်းသော အနေအထားကို တွေ့လိုက်ရ၏ ။ ဝမ်မြောင်မြောင်သည် ခေါင်းမှ မီးခိုးထွက်လုမတတ် ရှက်ရွံ့နေပြီး ယန်ကျီဝမ်ကို သတ်ဖြတ်လိုသော အကြည့်ဖြင့် စိုက်ကြည့်နေသည် ။ ယန်ကျီဝမ် သူမ၏ ခြေထောက်ကို လွှတ်ပေးလိုက်ရုံသာ တတ်နိုင်တော့၏ ။
အကယ်၍ အဘွားလင်းသာ မရှိပါက ဝမ်မြောင်မြောင် ဆက်လက် တိုက်ခိုက်လာဦးမည်မှာ သေချာပေသည် ။
သူက မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော ပန်းသီးများကို ကောက်ယူရန် ကိုင်းညွတ်လိုက်ပြီး အဘွားလင်းကို ကြည့်ကာ...
" အဘွား.. အစ်မမြောင်မြောင်က ကျွန်တော့်ကို အနိုင်ကျင့်တယ်.. ကြည့်ပါဦး.. အဘွားအတွက် လတ်လတ်ဆတ်ဆတ် အသီးတွေ ယူလာပေးတာကို သူ အကုန်လုံး မြေကြီးပေါ် ရောက်အောင် လုပ်လိုက်တယ်.. "
" ယန်ကျီဝမ်.. နင်.. "
" မြောင်မြောင်.. ပါးစပ်ပိတ်ထားစမ်း.. "
ဝမ်မြောင်မြောင် ပေါက်ကွဲမထွက်ခင်မှာပင် အဘွားလင်းက သူမကို ဝင်တားလိုက်သည် ။ အဘွားလင်းက ဝမ်မြောင်မြောင်၏ နဖူးကို လက်ညှိုးဖြင့် ထိုးကာ...
" မိန်းကလေးဆိုတာ အမြဲတမ်း ရန်မဖြစ်သင့်ဘူးလို့ ငါ ဘယ်နှစ်ခါ ပြောရမလဲ.. နောင်ကျရင် နင် ဘယ်လိုလုပ် အိမ်ထောင်ပြုမလဲ.. "
" ဟွန်း.. သမီး ယောကျ်ား မယူဘူး.. "
ဝမ်မြောင်မြောင်က နှာခေါင်းရှုံ့၍ တိုးတိုးလေး ပြောလိုက်သည် ။
သူမ အိမ်ထောင်ပြုမည် ဆိုလျှင်ပင် သူမထက် အင်အားကြီးသောသူနှင့်သာ အိမ်ထောင်ပြုမည် ဖြစ်သည် ။ သို့သော် သူမ စစ်တပ်တွင် တာဝန်ထမ်းဆောင်ခဲ့သော နှစ်အနည်းငယ်အတွင်း မည်သူကမျှ သူမကို အနိုင်မယူနိုင်ခဲ့ချေ ။
အိုး.. ဒီနေ့တော့ တစ်ယောက် ရှိသွားခဲ့ပြီ ။
သို့သော်လည်း ဝမ်မြောင်မြောင်က ယန်ကျီဝမ်သည် သူမကို ဉာဏ်နီဉာဏ်နက်များ သုံး၍ အနိုင်ယူခဲ့သည်ဟု ထင်မှတ်ထားသဖြင့် သူ့ကို အထင်မကြီးဘဲ လက်မခံနိုင်ဖြစ်နေဆဲပင် ။
" နင့်အကြောင်း ပြောရတာကို ပျင်းလာပြီ.. "
အဘွားလင်းက သူမကို မျက်လုံးလှန်ကြည့်လိုက်ပြီး လေးနက်စွာဖြင့်...
" ဒါပေမဲ့ ယန်လေး လာတိုင်း နင် သူ့ကို အနိုင်ကျင့်လို့ မရဘူးလေ.. သူက ဧည့်သည်လေ.. ဧည့်သည်တစ်ယောက်ကို ဘယ်လိုလုပ် လက်ပါရတာလဲ.. "
ဝမ်မြောင်မြောင် အဆူခံနေရသည်ကို မြင်သောအခါ ယန်ကျီဝမ်က ရယ်လိုက်ပြီး...
" အဘွား.. အဆင်ပြေပါတယ်.. အစ်မ မြောင်မြောင်က ကျွန်တော့်ကို စနောက်နေတာပါ.. သူ တကယ် မရိုက်ဘူး.. အများဆုံးဆိုရင် နည်းနည်း ရောင်သွားရုံလောက်ပါပဲ.. နှစ်ရက်လောက်နေရင် ပျောက်သွားမှာပါ.. အဆင်ပြေပါတယ်.. "
ဝမ်မြောင်မြောင်က အစပိုင်းတွင် ယန်ကျီဝမ်က သူမကို ကူညီပြောပေးနေသည်ဟု ထင်ခဲ့သော်လည်း ကျန်စကားများကို ကြားလိုက်ရသောအခါ မီးလောင်ရာ လေပင့်ပေးနေခြင်းဖြစ်ကြောင်း သဘောပေါက်သွားသည် ။ ထို့ကြောင့် သူမက သူ့ကို စူးစူးရဲရဲ စိုက်ကြည့်နေလိုက်၏ ။
'ဒီကောင်ကတော့ သေချင်နေပြီပဲ..'
သူမ အခွင့်အရေး ရသည်နှင့် သူ့ကို ရိုက်သတ်ပစ်မည်ဟု တေးထားလိုက်သည် ။
" ဘာကို စိုက်ကြည့်နေတာလဲ.. "
အဘွားလင်းက သူမ၏ နားရွက်ကို ဆွဲလိမ်ကာ ဆူငေါက်လိုက်ပြီး...
" ယန်လေးက နင့်ကို ကူပြောပေးနေတာကို နင်က ကျေးဇူးမတင်တဲ့အပြင် သူ့ကိုတောင် စိုက်ကြည့်နေရဲသေးတယ်.. နင် အရမ်းလွန်နေပြီနော်.. "
" အား.. အဘွား.. နာတယ်.. "
" ဟင်.. နာတယ်ဆိုတာကို နင် သိတယ်ပေါ့လေ.. နင် ယန်လေးကို အနိုင်ကျင့်နေတုန်းက သူ နာကျင်မယ်ဆိုတာကိုကျတော့ ဘာလို့ မသိခဲ့တာလဲ.. "
"ခွက်.."
ယန်ကျီဝမ်က ပန်းသီးတစ်လုံးကို ယူ၍ တစ်ကိုက်ကိုက်ကာ ရယ်ရင်း...
" ဟီးဟီး.. အဘွား.. ဖြည်းဖြည်းပြောပါ.. သူ့ကို အရမ်း မဆွဲပါနဲ့.. "
" ယန်ကျီဝမ်.. နင် သေချင်နေတာပဲ.. "
" ခြိမ်းခြောက်တဲ့ စကားတွေ ထပ်ပြောရဲသေးတယ်ပေါ့လေ.. "
" အား.. "