အခန်း ၁၆၈
Vol. 16 Ch. 168
168
~
အခန်း ၁၆၈ : သက်သေနှင့်တကွ ဖမ်းမိခြင်း...
~
ယန်ဖူကွေ့က ယန်ကျီဝမ်ကို ကြည့်ကာ...
" လောင်အာ.. ဒီကိစ္စ အကြီးကောင် ဖြစ်မယ်လို့ မင်းထင်လား.. "
ယန်ကျီဝမ်က ဂရုမစိုက်ဟန်ဖြင့်...
" အပြင်လူ လာခိုးတာ မဟုတ်ရင် သူပဲ ဖြစ်ရမယ်.. "
ယန်ဖူကွေ့က ဒေါသတကြီးဖြင့်...
" သားကြီးက ဘယ်လိုလုပ် ဒီလိုဖြစ်လာရတာလဲ.. အရင်က သိပ်အားကိုးလို့ မရပေမယ့် ကြက်ခိုးခွေးခိုးတာမျိုးတော့ ဘယ်တုန်းကမှ မလုပ်ခဲ့ဘူး.. အခုတော့ ကိုယ့်မိသားစုဆီကတောင် ပြန်ခိုးနေပြီ.. "
ဒီတိုင်းသာ ဆက်လွှတ်ထားရင် နောင်ကျ ပိုဆိုးလာပြီး တခြားအိမ်တွေကပါ ခိုးလာပေလိမ့်မည် ။
ဤသည်ကို မည်သို့ ခွင့်ပြုနိုင်မည်နည်း ။
နောင်တစ်ချိန် တစ်ခုခုဖြစ်လာ၍ ယန်မိသားစုက သူခိုးတစ်ယောက် မွေးထုတ်လိုက်သည်ဟု အပြင်လူများ ပြောလာလျှင် သူ ဘယ်မျက်နှာဖြင့် အသက်ရှင်ရမည်နည်း ။
ယန်ဖူကွေ့က လေးနက်သော အသံဖြင့်...
" သားကြီးနဲ့ သေချာ စကားပြောရမယ့် အချိန်ရောက်ပြီထင်တယ်.. "
ယန်ကျီဝမ်က ခေါင်းညိတ် သဘောတူလိုက်သည် ။
သူ ငါးစာကို တန်ဖိုးမထားသော်လည်း စိတ်အနှောင့်အယှက် ဖြစ်မိ၏ ။
" အဘိုးကြီးယန်.. သားကြီး အကြောင်း ပြောနေကြတာလား.. "
ထိုအချိန်တွင် ရန်ရွေ့ဟွားက ပန်းကန်များကိုင်၍ ထွက်လာပြီး မေးလိုက်သည် ။
သူမက...
" သားကြီး တကယ်ကို တစ်ခုခုပဲ.. ညစာစားဖို့ ပြန်မလာတာက ကိစ္စမရှိပေမယ့် ဒီလအတွက် စားစရိတ်နဲ့ မိဘထောက်ပံ့ကြေးကို မပေးသေးဘူး.. "
ထိုစကားကို ကြားလျှင် ယန်ကျီဝမ်၏ နှုတ်ခမ်းများ တဆက်ဆက်တုန်ရီ သွားသည် ။
သူ ယန်ကျီချန်းအတွက် အနည်းငယ် ဝမ်းနည်းသွားမိသည် ။
ယန်ဖူကွေ့ ခေါင်းညိတ်လိုက်ပြီး ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားကာ...
" မိန်းမ.. ပြီးခဲ့တဲ့အကြိမ် အိမ်က ပြောင်းဖူးမှုန့်တွေ ပျောက်သွားတယ်လို့ မင်း ပြောခဲ့တယ်မလား.. နောက်ပိုင်း တတိယသားက သားကြီးကို တွေ့ခဲ့တယ်လို့ ပြောတော့ ပြောင်းဖူးမှုန့်တွေကို သားကြီး ယူသွားတယ်လို့ ငါထင်တယ်.. "
ရန်ရွေ့ဟွားက နားမလည်ဟန်ဖြင့်...
" သူ ပြောင်းဖူးမှုန့်တွေကို ဘာလုပ်ဖို့လဲ.. အိမ်က သူ့ကို မကျွေးတာမှ မဟုတ်တာ.. "
ယန်ဖူကွေ့က လေးနက်စွာဖြင့်...
" သူ ရောင်းဖို့ ယူသွားတာ ဖြစ်နိုင်တယ်.. မနေ့ညက ငါ့အတွက် လောင်အာ ပြင်ပေးထားတဲ့ ငါးစာတွေ ပျောက်သွားတယ်.. လောင်အာကလည်း သူ့ဆီက အစာတွေ အများကြီး ပျောက်သွားတယ်လို့ ပြောတယ်.. သားကြီး လုပ်တာလို့ပဲ ငါထင်တယ်.. "
" အို.. ဒီကောင်က သိပ်လွန်တာပဲ.. "
ရန်ရွေ့ဟွားက ချက်ချင်း ထခုန်လိုက်ပြီး နှမြောတသစွာဖြင့်...
" အဘိုးကြီးယန် ဒီနေ့ ပိုက်ဆံအများကြီး ရှာနိုင်မှာကို.. အားလုံး သားကြီးအမှားတွေပဲ.. "
ယန်ကျီဝမ် ဘာပြန်ပြောရမှန်းမသိတော့ဘဲ ဆွံ့အသွားသည် ။
' ဒါဆို ခိုးတာက မှားတယ်လို့ မထင်ဘဲ အပိုဝင်ငွေ မရှာနိုင်တော့တာကိုပဲ စိတ်ဆိုးနေတာပေါ့လေ.. '
ဤသည်က ယန်မိသားစုပင် ဖြစ်တော့သည် ။
ရန်ရွေ့ဟွားက ဆက်၍...
" အဘိုးကြီးယန်.. ရှင် အကြီးကောင်နဲ့ သေချာ စကားပြောမှ ရမယ်.. "
ယန်ဖူကွေ့က ခေါင်းညိတ်လိုက်ပြီး...
" အဲ့ကောင်က အခု အိမ်မှာမှ မရှိတာ.. ငါ သူ့ကို ဘယ်လိုလုပ် ပြောရမှာလဲ.. "
ယန်ကျီဝမ်က...
" ရပါတယ်.. သူ တကယ်ယူသွားတာဆိုရင်တော့ ပြန်လာမှာပါ.. "
" ဒါဆိုလည်း ဒီလိုပဲ လုပ်ရတော့မှာပေါ့.. "
ယန်ဖူကွေ့ အကူအညီမဲ့စွာ ခေါင်းညိတ်လိုက်သည် ။
ညစာစားပြီးနောက်..
ယန်ကျီဝမ်နှင့် ဇနီးဖြစ်သူတို့ သူတို့အခန်းသို့ ပြန်လာခဲ့ကြသည် ။
တံခါးပိတ်ပြီးနောက် ယွီလီက မီးဖိုချောင်သို့သွား၍ စစ်ဆေးကာ ယန်ကျီဝမ်ကို လှမ်းမေးလိုက်သည် ။
" ကျီဝမ်.. ရေနွေးရပြီ.. ရှင် အရင် ရေချိုးမလား.. "
" နေပါဦး.. ဒီကို ခဏလာခဲ့.. ကိုယ် မင်းကို ပေးစရာရှိတယ်.. "
ယန်ကျီဝမ်က ယွီလီကို လက်ယပ်ခေါ်လိုက်သည် ။
ယွီလီက သူ့ထံသို့ လျှောက်လာပြီး စပ်စုချင်ဟန်ဖြင့် ကြည့်လိုက်သည် ။
ယန်ကျီဝမ်က အဘွားလင်း ပေးလိုက်သော ရွှေလက်ကောက်ကို ထုတ်ယူကာ သူမကို ကမ်းပေးလိုက်သည် ။
" ဟင်.. ရွှေလက်ကောက်.. "
ယွီလီ၏ မျက်လုံးများ အရောင်လက်သွားပြီး ပျော်ရွှင်စွာဖြင့်...
" ကျီဝမ်.. ရှင် ဒါ ဘယ်ကရလာတာလဲ.. "
ယန်ကျီဝမ်က ကုတင်ပေါ်တွင် ထိုင်၍ ပြုံးလိုက်ပြီး...
" အဘွားလင်းက ကိုယ့်ကို ပေးလိုက်တာ.. မင်းအတွက် မင်္ဂလာလက်ဆောင်တဲ့.. "
" ဟင်.. "
ယွီလီ အံ့အားသင့်သွားပြီး စိုးရိမ်တကြီးဖြင့်...
" ဒါက အရမ်း တန်ဖိုးကြီးလွန်းတယ်.. ကျွန်မတို့ လက်ခံလို့ မကောင်းဘူးမလား .. "
ယန်ကျီဝမ်က လက်ဝှေ့ယမ်းလိုက်ပြီး...
" ရပါတယ်.. လူကြီးက ပေးတဲ့ လက်ဆောင်ပဲ.. ဒါပေမယ့် နောက်တစ်နေ့ အချိန်ရရင်တော့ အဘွားလင်းအိမ်ကို ကိုယ်နဲ့ လိုက်ခဲ့အုံး ... သူ မင်းကို တွေ့ချင်တယ်လို့ ပြောလိုက်တယ်.. "
" အင်းပါ.. "
ယွီလီ ခဏတာ တွန့်ဆုတ်သွားပြီးနောက် သဘောတူလိုက်သည် ။
ထိုသို့ဖြစ်ရခြင်းက သူမ အနည်းငယ် စိတ်လှုပ်ရှားနေသောကြောင့်ပင် ။
အဘိုးဝမ်က ခေါင်းဆောင်ကြီးတစ်ဦးဖြစ်ပြီး သူမဘဝတွင် ဤမျှ ရာထူးကြီးသောသူနှင့် ပထမဆုံးအကြိမ် တွေ့ဆုံရမည်ဖြစ်၍ စိတ်လှုပ်ရှားနေလေသည် ။
ယန်ကျီဝမ်က သူမ၏ အတွေးများကို ရိပ်မိသွားသဖြင့် ပြုံးကာ နှစ်သိမ့်လိုက်သည် ။
" အဆင်ပြေပါတယ်ကွာ.. အဘွားလင်းက အရမ်းသဘောကောင်းတာ.. ဆွေမျိုးတွေဆီ အလည်သွားသလိုပဲ သဘောထားလိုက်ပါ.. "
" အင်း.. "
...
နောက်တစ်နေ့ မွန်းလွဲပိုင်းတွင်..
ယန်ကျီဝမ် အလုပ်မှ စောစောထွက်လာခဲ့ရာ နေ့လည် သုံးနာရီလောက်တွင် အိမ်သို့ ပြန်ရောက်လာသည် ။
" ယန်ကျီချန်း.. ငါ့ပစ္စည်း ပြန်ပေး.. "
သူ ခြံဝင်းထဲ ဝင်ဝင်ချင်းပင် ဇနီးဖြစ်သူ၏ စိုးရိမ်တကြီး အော်ဟစ်လိုက်သံကို ကြားလိုက်ရ၏ ။
ယန်ကျီဝမ် အပြေး ဝင်သွားရာ ယွီလီနှင့် ရန်ရွေ့ဟွားတို့က ယန်ကျီချန်းကို အလယ်တွင်ထားကာ ရှေ့တစ်ယောက် နောက်တစ်ယောက် ပိတ်ဆို့ထားသည်ကို တွေ့လိုက်ရသည် ။
" ဘာတွေ လာပြောနေတာလဲ.. ငါ ဘာမှ နားမလည်ဘူး.. "
ယန်ကျီချန်းက မျက်တောင်များ တဖျတ်ဖျတ်ခတ်လျက် မကျေမနပ် ပြောလိုက်သည် ။
ရန်ရွေ့ဟွားက...
" ဒါဆို နင် ဘာလို့ လောင်အာတို့ အခန်းထဲ ဝင်သွားရတာလဲ.. "
ယန်ကျီချန်းက ထစ်အစွာဖြင့်...
" ကျ..ကျွန်တော်.. သေးပေါက်ချင်လို့ ဝင်သွားတာ.. "
" အဓိပ္ပါယ်မရှိတာ.. ရှင် ကျွန်မပစ္စည်းကို ယူသွားတာ သိသာနေတာပဲ.. "
ယွီလီက အံကြိတ်၍ ပြောလိုက်သည် ။
" ပြီးတော့ ရှင်က ကျီဝမ်ရဲ့ အစ်ကိုအကြီးဆုံးဖြစ်နေပြီးတော့ ကျွန်မတို့အခန်းထဲကို ခွင့်ပြုချက်မရှိဘဲ ဝင်လာတာက ဘယ်လို အပြုအမူမျိုးလဲ.. "
ရန်ရွေ့ဟွားနှင့် ကလေးနှစ်ယောက်ဖြစ်သော ကျီခွမ်းနှင့် ကျီတိတို့ ဝင်ထွက်သွားလာနေသည်က ဘာမှမဖြစ် ။
သို့သော် အခန်းထဲတွင် ဘယ်သူမှမရှိချိန်၌ မရီးဖြစ်သူ၏ အခန်းထဲသို့ အစ်ကိုကြီးတစ်ယောက်က ဝင်သွားပြီး ဘာလုပ်နေသနည်း ။
ယန်ဖူကွေ့ပင်လျှင် အများသုံးအိမ်သာကိုသာ သွားလေ့ရှိသည် ။
" ငါ မယူဘူးပြောရင် မယူဘူးပေါ့.. မင်းကို ရှင်းပြနေရတာ ငါ အရမ်းပျင်းတယ်.. "
ယန်ကျီချန်းက စိတ်မရှည်စွာဖြင့် ယွီလီကို တွန်းထုတ်ကာ ထွက်သွားရန် ပြင်လိုက်သည် ။
သို့သော် သူ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် မျက်နှာ မည်းမှောင်နေသော ယန်ကျီဝမ်ကို တွေ့လိုက်ရသည် ။
ယန်ကျီချန်း ထိတ်လန့်သွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် အမြန်ဆုတ်လိုက်မိ၏ ။
အရင်က ညီဖြစ်သူကို အများကြီး အနိုင်ကျင့်ခဲ့ဖူးသော်လည်း ယခုအခါ ညီဖြစ်သူ၏ အရှိန်အဝါက အလွန်ကြောက်စရာကောင်းသည်ဟု သူ အမြဲခံစားနေရသည် ။
သူ့ကိုယ်သူ အပြစ်ရှိနေ၍လည်း ဖြစ်နိုင်၏။ ယခုတော့ သူ အလွန် စိတ်ရှုပ်ထွေးနေသည် ။
ယွီလီ လဲကျသွားမလို ဖြစ်သွားပြီးနောက် ယန်ကျီဝမ် ပြန်ရောက်လာသည်ကို မြင်လိုက်ရမှသာ သက်ပြင်းချနိုင်သွားတော့သည် ။
သူမက ယန်ကျီဝမ်အနားသို့ သွားကာ တိုင်လိုက်သည် ။
" ကျီဝမ်.. တော်သေးတာပေါ့ ရှင်ပြန်လာလို့.. ယန်ကျီချန်းက အဘွားလင်းပေးလိုက်တဲ့ ရွှေလက်ကောက်ကို ယူသွားတယ်.. "
ထို့နောက် ယွီလီက အမြန် ရှင်းပြလိုက်သည် ။
သူမက မိသားစုအတွက် ညစာပြင်ဆင်ရန် ရွေ့ဟွားအား ဟင်းသီးဟင်းရွက်များ ကူသင်ပေးရန် ဘေးခန်းသို့ သွားခဲ့ခြင်း ဖြစ်သည် ။
သို့သော် ရွှေလက်ကောက် ချွတ်ထားခဲ့သည်ကို ရုတ်တရက် သတိရသွားသဖြင့် အဖိုးတန်ပစ္စည်းဖြစ်၍ သိမ်းစည်းရန် အခန်းထဲသို့ အမြန် ပြန်လာခဲ့သည် ။
သို့သော် အခန်းထဲ ဝင်ဝင်ချင်းပင် လူတစ်ယောက် ရှိနေလိမ့်မည်ဟု သူမ လုံးဝ မျှော်လင့်မထားခဲ့ပေ ။
အသေအချာ ကြည့်လိုက်တော့ ယန်ကျီချန်း ဖြစ်နေသည် ။
ယန်ကျီချန်းက သူမကို မြင်သည်နှင့် ထိတ်လန့်တကြား ထွက်ပြေးသွား၏ ။
ယွီလီ အခန်းထဲသို့ အမြန်ပြေးဝင်ကာ စစ်ဆေးလိုက်ရာ စားပွဲပေါ်တွင် တင်ထားသော ရွှေလက်ကောက် ပျောက်ဆုံးနေသဖြင့် သူ့နောက်သို့ အမြန်ပြေးလိုက်သွားခဲ့သည် ။
ထို့နောက် ယန်ကျီချန်းနှင့် အချေအတင် စကားများကြတော့သည် ။
ရန်ရွေ့ဟွားလည်း ဆူညံသံများ ကြားသဖြင့် အပြင်သို့ ထွက်လာခဲ့၏ ။
ထိုအရာက ယခု ယန်ကျီဝမ် မြင်တွေ့လိုက်ရသော မြင်ကွင်းပင် ဖြစ်သည် ။
အကြောင်းစုံကို နားထောင်ပြီးနောက် ယန်ကျီဝမ်၏ မျက်နှာက မည်းမှောင်သွားပြီး လက်ကို ဆန့်ထုတ်ကာ အေးစက်စက် လေသံဖြင့် ပြောလိုက်သည် ။
" ပြန်ပေးစမ်း.. "
" ဘာကို ပြန်ပေးရမှာလဲ.. မယူဘူးပြောနေ မယူဘူးပေါ့.. "
ယန်ကျီချန်း၏ အကြည့်များက မလုံမလဲဖြစ်သွားသော်လည်း ခေါင်းမာမာဖြင့် ငြင်းဆန်နေဆဲပင်။
ထိုစကားကို ကြားလျှင် ယန်ကျီဝမ်၏ မျက်လုံးများ အေးစက်သွားသည် ။ နောက်ထပ် စကားတစ်ခွန်းမှ ထပ်မပြောတော့ဘဲ ယန်ကျီချန်းထံသို့ ခြေတစ်လှမ်း တိုးသွားကာ လက်ကိုမြှောက်၍ လက်သီးဖြင့် ပြင်းထန်စွာ ထိုးချလိုက်သည် ။
" ဒုတ်.."
" အား.. "
ယန်ကျီချန်းသည် နှာခေါင်းတွင် ပြင်းထန်သော ထိချက်ကြောင့် ခေါင်းများပင် မူးဝေသွား၏ ။ သူ့နှာခေါင်းကို အလိုအလျောက် စမ်းကြည့်လိုက်ရာ လက်ပေါ်တွင် သွေးများ ပေကျံနေသည်ကို တွေ့လိုက်ရသဖြင့် ချက်ချင်းပင် အော်ဟစ်လိုက်သည် ။
ထို့နောက် ယန်ကျီဝမ်က သူ့ဒူးနောက်ဘက်ကို ကန်လိုက်ရာ ယန်ကျီချန်း မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားသည် ။ ထိုအခါ ယန်ကျီဝမ်က သူ့လက်မောင်းကို နောက်သို့ ဆွဲလိမ်ထားလိုက်သည် ။
" အား.. "
ယန်ကျီချန်းထံမှ နောက်ထပ် အော်သံတစ်ခု ထွက်ပေါ်လာပြန်သည် ။
ထို့နောက် ယန်ကျီဝမ်က သူ့ကိုယ်လုံးကို အမြန်စစ်ဆေးကြည့်လိုက်ရာ အိတ်ကပ်ထဲမှ ရွှေလက်ကောက်တစ်ကွင်းကို ရှာတွေ့သွားသည် ။ ထိုလက်ကောက်သည် အဘွားလင်းက သူ့ကို ပေးခဲ့သော လက်ကောက်ဖြစ်ပြီး မနေ့ညက ယွီလီကို ပေးထားခဲ့ခြင်း ဖြစ်သည် ။ ယွီလီကလည်း ထိုလက်ကောက်ကို အလွန်သဘောကျသဖြင့် သူမ၏ လက်ကောက်ဝတ်တွင် ဝတ်ဆင်ထားခဲ့သည် ။
ဖြစ်စဉ်တစ်ခုလုံးက မျက်စိတစ်မှိတ်အတွင်းမှာပင် ဖြစ်ပျက်သွားခဲ့၏ ။
ယွီလီနှင့် ရန်ရွေ့ဟွားတို့ သတိဝင်လာချိန်တွင် ယန်ကျီချန်း အဖမ်းခံထားရပြီး ခိုးရာပါပစ္စည်းကိုလည်း ရှာတွေ့သွားပြီ ဖြစ်သည် ။
ယွီလီသည် ယန်ကျီဝမ် လူတစ်ယောက်ကို ဤမျှ ပြင်းပြင်းထန်ထန် ရိုက်နှက်သည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်၍ အလွန်ထိတ်လန့်သွားပြီး သူမပါးစပ်ကို လက်ဖြင့် အုပ်ထားမိသည် ။
သို့သော် ရန်ရွေ့ဟွားအတွက်မူ ဤမြင်ကွင်းက ပထမဆုံးအကြိမ် မဟုတ်ပေ ။ သူမ အမြန် ရှေ့တိုးလာပြီး ယန်ကျီဝမ်ကို ဆွဲဖယ်ကာ ဖျောင်းဖျလိုက်သည် ။
" လောင်အာ.. တော်တော့.. ပစ္စည်းကို ရှာတွေ့သွားပြီပဲ အဆင်ပြေပါပြီ.. ဒီလောက်ထိ လုပ်စရာမလိုပါဘူး.. "
မည်သို့ပင် ဆိုစေကာမူ ယန်ကျီချန်းက သူမ၏သား ။ သူမကိုယ်တိုင် ဝမ်းနှင့် လွယ်၍ မွေးဖွားခဲ့ရသည့် သွေးသားရင်းချာပင် မဟုတ်ပါလော ။
အနည်းငယ် ရိုက်နှက်ဆုံးမခြင်းက အဆင်ပြေသော်လည်း အသက်အန္တရာယ်ဖြစ်စေနိုင်သည့် ထိုးနှက်ချက်မျိုးကိုတော့ ကြည့်မနေရက်ချေ ။