← Chapters

အခန်း ၂၃၁

Vol. 24 Ch. 231

အခန်း ၂၃၁

Vol. 24 Ch. 231

အခန်း ၂၃၁ - ကြိုးစားအားထုတ်မှုအတွက် ဆုလာဘ်

ချီရွှမ်းစုသည် ယမန်နှစ်က ထျန်ကန်းခန်းမသို့ မဝင်ရောက်ခင် တည်းခိုခန်းတစ်ခုမှာ သတင်းအချက်အလက် စုံစမ်းပြီးနောက် ဖုန်ထိုက်ခရိုင်ကို သွားခဲ့သည်။ ထိုစဉ်တုန်းက သူသည် လက်ထောက်တပ်မှူးနှစ်ဦးနှင့် ဖီးနစ်စိမ်းတပ်သားတစ်အုပ်စုကို အနိုင်ယူကာ ခရိုင်ဝန်ရုံးသို့ အတင်းအကျပ်ဝင်ရောက်ပြီး အစ်မချီ ရှာခိုင်းသည့် ရွှမ်ကျောက်စိမ်းကို ရယူနိုင်ခဲ့၏။

နောက်ဆုံးမှာ သူသည် ခရိုင်ဝန်၏ စာကြည့်စားပွဲမှာ ပေါ်ပေါ်ထင်ထင် ချထားသည့် စက္ကူဖိတုံးထဲကနေ ရွှမ်ကျောက်စိမ်းကို ရှာတွေ့ခဲ့လေသည်။

ချီရွှမ်းစုက သူ့လက်ထဲက စက္ကူဖိတုံးကို ငုံ့ကြည့်ပြီး မယုံသင်္ကာဖြင့် ရေရွတ်လိုက်၏။

“အဲ့ဒီလောက်ထိတော့ မတိုက်ဆိုင်လောက်ဘူးမလား... ဒါမှမဟုတ် တမင်လုပ်ထားတာလား”

သူ့အိတ်ထဲရှိ အထူးသီးသန့် သံလိုက်အိမ်မြှောင်က ရွှမ်ကျောက်စိမ်းကို မထောက်လှမ်းမိသည့်သဘောဖြင့် တုန်ခါမှု ရှိမလာခဲ့ပေ။

ချီရွှမ်းစုက စက္ကူဖိတုံးကို စားပွဲပေါ်ချပြီး သူ့အိတ်ထဲက သံလိုက်အိမ်မြှောင်ကို ထုတ်ယူလိုက်၏။

သံလိုက်အိမ်မြှောင်ကနေ တုံ့ပြန်မှု ရှိမလာသေးပေ။

ချီရွှမ်းစုက ခဏမျှ စဉ်းစားပြီးနောက် သံလိုက်အိမ်မြှောင်ကို စက္ကူဖိတုံးနှင့် ထိလုမတတ် တိုးကပ်လိုက်၏။ ထိုအခါမှ သံလိုက်အိမ်မြှောင်က အနည်းငယ် တုန်ခါလာ၏။

တောင်တစ္ဆေသည် အမှန်တကယ်ပင် ရွှမ်ကျောက်စိမ်းကို စက္ကူဖိတုံးထဲမှာ ဝှက်၍ စားပွဲပေါ်မှာ ပေါ်ပေါ်ထင်ထင် တင်ထားခဲ့သည်။ အဲ့ဒါက ဖုန်ထိုက်ခရိုင်ဝန် လီဟုန်ဝမ်နှင့် စိတ်ကူးတူ ဖြစ်နေလေသည်။

ချီရွှမ်းစုက အံ့အားတသင့် ရေရွတ်လိုက်၏။

“ဟာ... တော်သေးတာပေါ့… ငါလွဲတော့မလို့”

သူက သံလိုက်အိမ်မြှောင်ကို မြန်မြန်ဆန်ဆန် သိမ်းဆည်း၍ စက္ကူဖိတုံးကို ကောက်ယူပြီး လက်ဖဝါးဆီ ခွန်အားအနည်းငယ် ဖြည်းဖြည်းချင်း ပို့လွှတ်လိုက်၏။ သို့သော်လည်း စက္ကူဖိတုံးကနေ မည်သည့်ပြောင်းလဲမှုမှ ပေါ်ထွက်မလာပေ။

“အမ်…”

ချီရွှမ်းစုက တွေဝေသွား၏။

သူ နောက်ထပ်ခွန်အား ဆက်ပို့လိုက်၏။ ကိုယ်ခံပညာသိုင်းသမားတစ်ဦး၏ ခွန်အားအရိုင်းနှင့် လေလွင်ကျစ်ကြံသူ၏ ပင်ကိုယ်ချီကို ပေါင်းစပ်လိုက်သောအခါ ချီရွှမ်းစုသည် ကျောက်ဆောင်တစ်ခုကိုပင် အလွယ်တကူ ခြေမွှပစ်နိုင်၏။ သို့သော် ယခု စက္ကူဖိတုံးမှာ ပါးလွှာသော အက်ကွဲကြောင်းတချို့သာ ပေါ်လာ၏။

ခဏနေပြီးနောက် ချီရွှမ်းစုက သူ့လက်ဖဝါးကို ဖြေလျှော့လိုက်၏။ ခွန်အားများစွာ စိုက်ထုတ်ရခြင်းကြောင့် သူ့လက်ချောင်းများက အနည်းငယ် တောင့်တင်းနေသည်။

ပညာရှိများ၏ လက်ရာက ခရိုင်ဝန်၏ လက်ရာထက် များစွာပိုကောင်းသည်မှာ သိသာထင်ရှားသည်။ ကျောက်စိမ်းကို စက္ကူဖိတုံးထဲမှာ ကောင်းကောင်းဖုံးကွယ်ထားပြီး အထူးသီးသန့် သံလိုက်အိမ်မြှောင်ကပင် အရမ်းနီးကပ်မှသာ အဲ့ဒါကို ထောက်လှမ်းနိုင်သည်။ ဤစက္ကူဖိတုံး၏ မာကျောမှုက ခရိုင်ဝန်၏ စက္ကူဖိတုံးထက် များစွာပိုမိုသာလွန်နေ၏။

မတတ်သာသည့်အဆုံး ချီရွှမ်းစုက သူ့ဓားတိုချင်းယွမ်ကို ထုတ်ပြီး အက်ကွဲကြောင်းများအတိုင်း စက္ကူဖိတုံးကို ဖြည်းဖြည်းချင်း လှီးဖြတ်လိုက်၏။

အပေါ်ယံက အပိုင်းအစများ ကွာကျလာသည်နှင့် အစိမ်းရောင်အသားစက တဖြည်းဖြည်း ပေါ်ထွက်လာ၏။

ဤသည်မှာ ချီရွှမ်းစု တွေ့မြင်ဖူးသည့် တတိယမြောက် ရွှမ်ကျောက်စိမ်းအပိုင်းဖြစ်၏။

ချီရွှမ်းစုက အပေါ်က အခွံများကို ခွာချပြီး အထဲမှာ ဝှက်ထားသော ရွှမ်ကျောက်စိမ်း၏ အစစ်အမှန်သွင်ပြင်ကို ပေါ်ထွက်လာစေ၏။ ၎င်းသည် လခြမ်းကွေးသဏ္ဌာန်ရှိပြီး ရှေးဟောင်းခေတ်များက ဓားအသပြာနှင့် တစ်နည်းတစ်ဖုံ ဆင်တူလေသည်။

ရွှမ်ကျောက်စိမ်းသုံးတုံးကို ယှဉ်ကြည့်လျှင် ဖုန်ထိုက်ခရိုင်မှတစ်ခုသည် သွေးနီရောင်အကြောမျှင် အနည်းငယ်မျှနှင့် မြစိမ်းရောင် ရှိလေသည်။ ယွီလန်ဘုရားကျောင်းမှတစ်ခုကတော့ အထဲမှာ သွေးနီရောင်အမျှင်များ ပိုများပြီး တစ်နည်းတစ်ဖုံအားဖြင့် အနီရောင်သန်းနေ၏။ ယခု ကျောက်စိမ်းဖြူခန်းမမှ တတိယမြောက် ရွှမ်ကျောက်စိမ်းကတော့ သွေးကြောမျှင်တချို့ ရှိသော်လည်း သူတို့က သွေးနီရောင် မဟုတ်ပေ။ ထိုသွေးကြောမျှင်များက အတိတ်နိမိတ်မကောင်းသည့် မီးခိုးနက်ရောင်ဖြစ်၏။

ချီရွှမ်းစုသည် ရွှမ်ကျောက်စိမ်း၏ အကျိုးကျေးဇူးကို ကိုယ်တိုင်တွေ့ကြုံထားဖူး၏။ သူက လုံလောက်သည့် နတ်ဘုရားစွမ်းအားရသည်နှင့် ရွှမ်ကျောက်စိမ်းကို အသက်သွင်းနိုင်ပြီး မှော်ဆန်သော ဂုဏ်သတ္တိတချို့ကို ရရှိပေလိမ့်မည်။ ကံဆိုးစွာဖြင့် ဤရွှမ်ကျောက်စိမ်းက သူ့အပိုင်မဟုတ်ဘဲ အစ်မချီ၏ ဥစ္စာ ဖြစ်၏။ သူ၏ ကိုယ်တွင်းမှာ နတ်ဆိုးနှင့် နတ်ကောင်းက ခဏမျှ ငြင်းခုံပြီးနောက် မိခင်ကလေးအဆောင်ကို သုံးကာ အစ်မချီနှင့် ဆက်သွယ်ဖို့ နောက်ဆုံးမှာ သူဆုံးဖြတ်ချက်ချလိုက်၏။

သိပ်မကြာခင် ချီရွှမ်းစုရှေ့မှာ အစ်မချီ၏ ခန္ဓာကိုယ်အပေါ်ပိုင်း ရုပ်ပုံလွှာက ပေါ်ထွက်လာ၏။

“ကျုပ် ပစ္စည်းရထားပြီ... ဒါမလား”

ချီရွှမ်းစုက သူ့လက်ထဲက ရွှမ်ကျောက်စိမ်းကို ဝေ့ယမ်းပြလိုက်၏။

အစ်မချီက ခေါင်းညိတ်လိုက်သည်။

“အင်း... ဟုတ်တယ်... အဲ့ဒါပဲ… အခု ဆောဝမ်ပူမှာ ကြီးကြီးမားမားကိစ္စတွေ ဖြစ်နေတယ်လို့ ငါကြားတယ်... နင် အဲ့ဒီကို မရောက်တော့ဘူးလို့တောင် ငါထင်နေတာ... နင် ဘယ်လိုနေလဲ... ဒဏ်ရာရထားသေးလား”

“ဟင်... ကျုပ် ဒဏ်ရာမရပါဘူး... ကျုပ် အကျိုးအမြတ်နည်းနည်းတောင် ရထားသေးတယ်... ဒါပေမဲ့ ကျောက်စိမ်းဖြူခန်းမကိုရှာဖို့ လက်လျှော့တော့မလို့ပဲ... ကျုပ် အဲ့ဒါကို တွေ့တဲ့အချိန်မှာ တောင်တစ္ဆေက ထွက်ခွာသွားပြီ... ဒါပေမဲ့ သူက စာတစ်စောင်နဲ့ ဒီပစ္စည်းကိုချန်ပြီး အကြွေးဆပ်ခဲ့တယ်လို့ ပြောတယ်”

ချီရွှမ်းစုက ပြန်လည်တင်ပြလိုက်၏။

အစ်မချီ၏ အကြည့်က ရွှမ်ကျောက်စိမ်းအပေါ် ရောက်ရှိသွားပြီးနောက် ချီရွှမ်းစုကို အကဲခတ်ကြည့်လိုက်၏။

“နင် အဆင်ပြေတာ တွေ့ရတာ ငါဝမ်းသာတယ်”

ချီရွှမ်းစုက မေးလိုက်၏။

“ကျုပ် အခု ခင်ဗျားနဲ့ ဘယ်နေရာမှာ တွေ့ရမှာလဲ”

အစ်မချီက ခေါင်းခါပြလိုက်၏။

“ငါ လောလောဆယ် အလုပ်များနေတယ်... နင့်နဲ့တွေ့ဖို့ ငါ့မှာ အချိန်မရှိဘူး”

ချီရွှမ်းစုက မှင်တက်သွား၏။

“ဒါဆို ခင်ဗျားကို မတွေ့ရဘဲ ရွှမ်ကျောက်စိမ်းကို ကျုပ် ဘယ်လိုပေးရမှာလဲ... တစ်ယောက်ယောက်နဲ့ လွှတ်ပြီး ပေးရမှာလား”

အစ်မချီက သာမန်ကာလျှံကာ ပြောလိုက်၏။

“ကျောက်စိမ်းဖြူခန်းမမှာ ငါ နင့်အတွက် ပစ္စည်းတချို့ ချန်ထားတယ်... အဲ့ဒါကို နင့်စိတ်ကြိုက်ယူလို့ရတယ်လို့ ပြောထားတယ်မလား”

ချီရွှမ်းစုက မှင်တက်သွား၏။

အစ်မချီက ဆက်ပြောလိုက်သည်။

“နင့်အတွက် ငါချန်ထားခဲ့တဲ့ပစ္စည်းက အဲ့ဒီအကြွေးပဲ... နင် အဲ့ဒါကို ယူနိုင်မယ်ဆိုရင် နင့်အပိုင်ပဲ... နင်လက်လျှော့လိုက်မယ်ဆိုရင် ဒါမှမဟုတ် တစ်ယောက်ယောက်က အရင်ရသွားရင် ဒါမှမဟုတ် တောင်တစ္ဆေက သူ့ကတိကို မတည်ခဲ့ဘူးဆိုရင်တော့ နင်ရှုံးတယ်ပေါ့... အဲ့ဒါက ငါနဲ့မဆိုင်တော့ဘူး”

ချီရွှမ်းစုက သူ့လက်ထဲက ရွှမ်ကျောက်စိမ်းကို ခေါင်းငုံ့ကြည့်ပြီးနောက် အစ်မချီကို မယုံကြည်နိုင်စွာဖြင့် မော့ကြည့်လိုက်၏။ အတန်ကြာပြီးနောက် သူက အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်၏။

“ဒါ... ဒါပေမဲ့... အဲ့ဒါက ရွှမ်ကျောက်စိမ်းလေ”

“အဲ့ဒါက ရွှမ်ကျောက်စိမ်းဆိုတော့ ဘာဖြစ်လဲ... ငါက လီချန်ကဲမှ မဟုတ်တာ... အဲ့ဒါကို စိတ်မဝင်စားဘူး”

အစ်မချီက လှောင်ပြောင်ထေ့ငေါ့လိုက်၏။

ချီရွှမ်းစုက ရင်းနှီးနေကျ နာမည်ကို ကြားလိုက်ပြီး မေးလိုက်မိ၏။

“အစ်မချီ... စောစောက လီချန်ကဲလို့ ပြောလိုက်တာလား”

“အင်း... ဟုတ်တယ်လေ”

သူမက ပြန်ဖြေလိုက်၏။

“ရူယီအဆင့်သတ်မှတ်ချက်မှာ ပထမနေရာယူထားတဲ့ ထိုက်ဖျင်ဂိုဏ်းက လီချန်ကဲကို ပြောတာလား”

ချီရွှမ်းစုက ရှင်းလင်းအောင် ထပ်မေးလိုက်၏။

အစ်မချီက အနည်းငယ် စိတ်မရှည်နိုင် ဖြစ်လာ၏။

“ဟုတ်တယ်လေ သူပဲ... ထိုက်ဖျင်ဂိုဏ်းက ရွှမ်ကျောက်စိမ်းကို ရှာနေတယ်ဆိုတာ နင်သိထားပြီးသား မဟုတ်ဘူးလား... ဒါဆို ထိုက်ဖျင်ဂိုဏ်းက ရွှမ်ကျောက်စိမ်းကို ဘာလို့ရှာနေလဲ... အဲ့ဒါကို ဘယ်သူ့ကို ပေးဖို့လဲ... နင်မစဉ်းစားမိဘူးလား... အဲ့ဒါက ဟိုသက်ကျားအိုကြီး လီချန်ကန်းအတွက်တော့ မဟုတ်နိုင်ဘူးမလား”

ချီရွှမ်းစုက မေးလိုက်၏။

“လီချန်ကန်းက ဘယ်သူလဲ”

အစ်မချီ၏ စိတ်ရှည်နိုင်စွမ်းက ကုန်ဆုံးသွား၏။

“နင် အရူးပဲ... ဘယ်သူ ရှိရဦးမှာလဲ... လီချန်ကန်းဆိုတာ ထိုက်ဖျင်ဂိုဏ်းရဲ့ မဟာသူတော်စင်... လက်ရှိ မဟာသူတော်စင် လွင်ကျစ်နေရာကို ယူထားတဲ့ အင်ပါယာဆရာသခင်ပေါ့”

အစ်မချီ၏ ဆူပူအော်ငေါက်မှုနှင့် ချီရွှမ်းစုက အသားကျနေပြီးသားဖြစ်ပြီး အဲ့ဒါကို သိပ်ပြီးအရေးလုပ်မနေပေ။

“အို... အင်ပါယာဆရာသခင်ကို ပြောတာကိုး... ဒါဆို သူ့နာမည်ကလည်း ကျန်းယွဲ့လုလိုမျိုး ကြယ်တာရာတွေကို အစွဲပြုပြီး ယူထားတာပေါ့... သူ့ရဲ့ လူရင်းခေါ်နာမည်က ဘာဖြစ်မလဲ မသိဘူး”

အစ်မချီက ထေ့ငေါ့ကာ ပြောလိုက်၏။

“သူ့ကို နင့်ဘာသာ သွားမေးကြည့်ပါလား”

ချီရွှမ်းစုက အသက်မပါသလိုရယ်ပြီး တုံ့ပြန်ခြင်း မရှိပေ။ နောက်ဆုံးမှာ ထိုက်ဖျင်ဂိုဏ်းမှ လူတိုင်းက ရွှမ်ကျောက်စိမ်းကို ရှာနေခြင်း မဟုတ်ကြောင်း သူ နားလည်သဘောပေါက်သွား၏။ သူတို့သည် အင်ပါယာဆရာသခင်အတွက် မဟုတ်ဘဲ လီချန်ကဲအတွက် ရွှမ်ကျောက်စိမ်းကို ရှာဖွေရန် အင်အားကြီးမားသော လီမိသားစု၏ အမိန့်အောက်မှာ လိုက်နာနေရုံမျှသာဖြစ်သည်။

အဲ့ဒါက အဓိပ္ပာယ်ရှိလေသည်။ လီမိသားစုမှ ထိုပါရမီရှင်က ပါရမီရှင်အဖြစ် သဘာဝအတိုင်း မွေးဖွားလာခြင်း မဟုတ်ဘဲ ရွှမ်ကျောက်စိမ်းဖြင့် အသွင်ပြောင်းလဲထားခြင်း ဖြစ်ပုံရသည်။ ချီရွှမ်းစုသည် ယွီလန်ဘုရားကျောင်းမှာ ရွှမ်ကျောက်စိမ်းနှင့် မကြုံတွေ့ရခင်က ခွန်လွင်အဆင့်မှာသာ ရှိနေခဲ့၏။ သို့သော် ရွှမ်ကျောက်စိမ်း၏ အသွင်ပြောင်းလဲမှုအပြီးမှာ သူ၏ ကျင့်ကြံမှုက ယွီရှုအဆင့်သို့ ခုန်ပေါက်၍ မြင့်တက်သွား၏။ သူက ရူယီအဆင့်သတ်မှတ်ချက်ပေါ်သို့ပင် ရောက်ရှိခဲ့သည်။ အဲ့ဒါက ရွှမ်ကျောက်စိမ်း၏ သက်ရောက်မှုကြောင့်ဖြစ်၏။

ထိုက်ဖျင်ဂိုဏ်းမှ ပြုစုပျိုးထောင်ပေးထားသော အရိုက်အရာဆက်ခံသူ လီချန်ကဲက ရွှမ်ကျောက်စိမ်းတစ်ပိုင်းမက သေချာပေါက် ရရှိထားပေလိမ့်မည်။ ထို့ကြောင့် လီချန်ကဲသည် ရူယီအဆင့်သတ်မှတ်ချက်မှာ ကျန်းယွဲ့လုကိုကျော်ပြီး ပထမနေရာကို ရယူထားသည်မှာ အဓိပ္ပာယ်ရှိ၏။

ချီရွှမ်းစုက တွေဝေသယောင် ဟန်ဆောင်ကာ ပြောလိုက်၏။

“အစ်မချီ... ဒါပေမဲ့…”

အစ်မချီက သူ့ကို မျက်လုံးစွေကြည့်လိုက်၏။

“ပြောစရာရှိတာ ပြောစမ်းပါ... ကွေ့ဝိုက်မနေနဲ့”

ဤစကားကို ကြားပြီး ချီရွှမ်းစုက အခွင့်အရေးကို အလျင်အမြန် ဖမ်းဆုပ်လိုက်၏။

“အစ်မချီ... ရွှမ်ကျောက်စိမ်းက အမျိုးမျိုးရှိတယ်လို့ ခင်ဗျားပြောခဲ့တယ်... အသက်ဓာတ်ရွှမ်ကျောက်စိမ်းအပြင် မှော်စွမ်းအားမတူတဲ့ တခြားရွှမ်ကျောက်စိမ်းတွေလည်း ရှိသေးတယ်ဆို... အမျိုးအစားတူတဲ့ ရွှမ်ကျောက်စိမ်းက ထပ်ဆင့်သက်ရောက်မှုတွေကိုပါ ရရှိနိုင်တယ်မလား”

“ဆိုတော့… ကျုပ်က နောက်ထပ် အသက်ဓာတ်ရွှမ်ကျောက်စိမ်းတစ်ပိုင်းကို ရမယ်ဆိုရင် ကျုပ်ရဲ့သွေးချီက ပိုသန်မာလာပြီး ကျုပ်ရဲ့ပြန်လည်ကုသနိုင်စွမ်းက ကျုပ်ကို အင်မော်တယ်ဖြစ်စေလုနီးပါးအထိ ထပ်ပြီး ကြံ့ခိုင်လာမှာမလား... ဒါပေမဲ့ အခု ကျုပ်ကိုင်ထားတဲ့ ရွှမ်ကျောက်စိမ်းက အသက်ဓာတ်ရွှမ်ကျောက်စိမ်း မဟုတ်တာ သေချာတယ်... ဒါက ဘာရွှမ်ကျောက်စိမ်း အမျိုးအစားလဲ”

အစ်မချီက တိုက်ရိုက်ပင် ဖြေပေးလိုက်၏။

“အဲ့ဒါက မရဏရွှမ်ကျောက်စိမ်းပဲ”

ချီရွှမ်းစုက ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်၏။

“ဒါဆို ဒီမရဏရွှမ်ကျောက်စိမ်းအပိုင်းက ရုတ်တရက် သေဆုံးမှုကို ဖြစ်စေမှာလား”

“နင် အရူးပဲ”

အစ်မချီက ထပ်မံ၍ ဆူငေါက်လိုက်၏။

“နင့်ရဲ့ အသက်ဓာတ်ရွှမ်ကျောက်စိမ်းက သေပြီးသားလူတွေကို ပြန်အသက်သွင်းပေးနိုင်လို့လား... အသက်ဓာတ်ရွှမ်ကျောက်စိမ်းက လူတွေကို သေရာကနေ ပြန်မခေါ်နိုင်ဘူးဆိုမှတော့ မရဏရွှမ်ကျောက်စိမ်းက ရုတ်တရက် သေဆုံးမှုကို ဖြစ်စေမယ်လို့ နင် ဘယ်လို ယူဆလိုက်တာလဲ”

အစ်မချီ ခဏမျှ ရပ်တန့်ပြီးနောက် ဆက်ပြောလိုက်၏။

“ဒီရွှမ်ကျောက်စိမ်းအပိုင်းရဲ့ အသုံးဝင်မှုက ပရလောကကို ထိန်းချုပ်နိုင်တယ်... ပြောရမယ်ဆိုရင် နင်က အလောင်းတွေ၊ တစ္ဆေတွေ၊ ဖုတ်ကောင်တွေနဲ့ တာအိုဝါဒ ဖန်တီးမှုတချို့ကိုပါ ထိန်းချုပ်နိုင်လိမ့်မယ်... ဒါပေမဲ့ ဒီရွှမ်ကျောက်စိမ်းအပိုင်းက တစ်ခုအပြည့်အဝ မဟုတ်ဘူး... နင့်ရဲ့ တစ်ပိုင်းတစ်စ အသက်ဓာတ်ရွှမ်ကျောက်စိမ်းက နင့်ကို အင်မော်တယ်ခန္ဓာ မပေးနိုင်သလို ဒီတစ်ပိုင်းတစ်စ မရဏရွှမ်ကျောက်စိမ်းကလည်း အဲ့ဒီသတ္တဝါတွေ အများကြီးကို ထိန်းချုပ်ခွင့်ပေးနိုင်မှာ မဟုတ်ဘူး... ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒါရဲ့ အသုံးဝင်မှုတွေကို နင် ဖြည်းဖြည်းချင်း ရှာဖွေဖော်ထုတ်နိုင်တယ်”

ချီရွှမ်းစုက နှုတ်ခမ်းမဲ့လိုက်၏။

“ဒါပေမဲ့ ရွှမ်ကျောက်စိမ်းကို အသက်သွင်းဖို့ဆိုရင် နတ်ဘုရားစွမ်းအား လိုတယ်မလား... နောက်ဆုံးတစ်ခေါက်တုန်းက ကျုပ်က ကံကောင်းပြီးတော့ ဝူလောဆီကနေ နတ်ဘုရားစွမ်းအား အလကားရလိုက်တယ်... ကျုပ်က ဒီတစ်ခေါက် နတ်ဘုရားစွမ်းအားကို ဘယ်နေရာကနေ သွားရှာရမှာလဲ... အစ်မချီ... ခင်ဗျားက အရင်းအမြစ်တွေ ကြွယ်ဝပြီး ဘာမဆို တတ်နိုင်တယ်မလား… ခင်ဗျား ကျုပ်ကို…”

“မရဘူး”

အစ်မချီက သူ့ကို ဖြတ်ပြောလိုက်၏။

“ငါ နင့်အမေ မဟုတ်ဘူး”

“အစ်မချီ... အဲ့ဒါတော့ မဟုတ်သေးဘူးနော်... ကျုပ်က ကျန်းယွဲ့လုနဲ့ သိကျွမ်းပြီးတဲ့နောက်... ခင်ဗျားကို မေ့သွားတယ်လို့ ကျုပ်ကို စွပ်စွဲတုန်းက ခင်ဗျား ကျုပ်ကို သားအဖြစ် သေချာပေါက် သတ်မှတ်ထားခဲ့တာပဲ... အခု ကျုပ်က တစ်ခုခု ချေးငှားချိန်ကျမှာ ခင်ဗျားက ကျုပ်ကို ဘာလို့ ချက်ချင်း စွန့်လွှတ်လိုက်တာလဲ”

ချီရွှမ်းစုက မကျေမနပ် ပြောလိုက်၏။

အစ်မချီက ယိမ်းယိုင်သွားခြင်း မရှိပေ။

“လွန်မလာနဲ့တော့… နင် ငါ့သားအရင်း ဖြစ်မယ်ဆိုရင်တောင် ငါ နင့်ကို ဒင်္ဂါးတစ်ပြား ပေးမှာမဟုတ်ဘူး… ငါ့မှာ လုပ်စရာကိစ္စတွေရှိသေးတယ်… လိုအပ်ရင် ငါ နင့်ကို ထပ်ပြီးဆက်သွယ်လိုက်မယ်”

ထိုသို့ပြောပြီးနောက် အစ်မချီက မိခင်ကလေးအဆောင်နှင့် ဆက်သွယ်မှုကို ဖြတ်တောက်လိုက်၏။

ချီရွှမ်းစုသည် သူ့လက်ထဲက မိခင်ကလေးအဆောင်၏ ပြာမှုန်များကို ငေးကြည့်ရင်း ကြိတ်မှိတ်သည်းခံကာ သက်ပြင်းသာ ချလိုက်နိုင်သည်။

All Chapters