အခန်း ၂၃၂
Vol. 24 Ch. 232
အခန်း ၂၃၂ - နောက်ဆက်တွဲဖြစ်ရပ်များ (၁)
ချီရွှမ်းစုသည် ကျောက်စိမ်းဖြူခန်းမ၏ ခိုအောင်းရာ တောင်ကြားထဲမှာ သိပ်ကြာကြာမနေပေ။ ရွှမ်ကျောက်စိမ်းကို ရရှိပြီးနောက် သူက ဝင်လာသော လမ်းအတိုင်း ချက်ချင်းပြန်ထွက်ကာ အရှေ့ဘက် အိုအေစစ်ကနေ ထွက်ခွာ၍ ရှီဖျင်စီရင်စုသို့ ဦးတည်လိုက်၏။
ချီရွှမ်းစု ထွက်ခွာသွားပြီး သိပ်မကြာခင် တာအိုဂိုဏ်းတော်သည် အပြတ်အသတ် လက်စားချေခြင်းကို တရားဝင်စတင်လိုက်သည်။
ယင်လုံစစ်သင်္ဘောသုံးစင်းက အနောက်ဘက် ဂိုဘီသဲကန္တာရတစ်ခုလုံးမှာ ပျံသန်း၍ ပြင်းထန်သော လေများနှင့် သည်းထန်သော မိုးများကို ခေါ်ဆောင်လာသည်။ ကောင်းကင်ထက်မှာ မိုးကြိုးလျှပ်စီးကြောင်းများနှင့် မီးတောက်များက ကျတ်တီးမြေပေါ်သို့ တဖွဲဖွဲကျဆင်းနေ၏။
ထိုနေရာမှာ ပိတ်မိနေသော လူတိုင်း ကြီးမားစွာ ထိခိုက်ခံစားကြရသည်။ ဝတ်ရုံနက်တချို့ပင်လျှင် သေကြေပျက်စီး ထိခိုက်မှုတချို့နှင့် ကြုံတွေ့ရ၏။ သို့သော် ဝတ်ရုံနက်များသည် မလုံမလဲဖြစ်နေပုံရပြီး တာအိုဂိုဏ်းတော်၏ စစ်ဆင်ရေးအပေါ် တုံ့ပြန်မှုမရှိပေ။ သူတို့သည် အနောက်ဘက်ဂိုဘီ၏ မီးလောင်ကွင်းပြင်ထဲမှာ ဘေးကင်းလုံခြုံရာဖြစ်သည့် ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဆောက်အအုံဟောင်းများထဲမှာ စုရုံးနေကြ၏။
ယင်လုံစစ်သင်္ဘောသုံးစင်း ထွက်ခွာသွားပြီးနောက် ထျန်ကန်းခန်းမမှ စစ်ဝိညာဉ်တပ်သား တပ်ရင်းတစ်ရင်းက ရောက်ရှိလာပြီး ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဆောက်အအုံများသို့ အတင်းဝင်ရောက်ကာ မသင်္ကာစရာ လူများအားလုံးကို ဖမ်းဆီးကြသည်။ ထိုသို့ဖြင့် ဝတ်ရုံနက်များလည်း အနောက်ဘက်ဂိုဘီ၏ အစပ်ကို ဆုတ်ခွာပေးရ၏။
အခြားတစ်ဖက်မှာ ခွန်လွင်တာအိုစံအိမ်သည် မသင်္ကာစရာလူများကို ရှာဖွေရန်အတွက် အရှေ့ဘက် အိုအေစစ်သို့ သူတို့၏ အမှုထမ်းများကို စေလွှတ်လိုက်ကြ၏။
ယခင် ရှာဖွေဖမ်းဆီးသည့် စစ်ဆင်ရေးများနှင့် မတူသည်မှာ တာအိုဂိုဏ်းတော်သည် ဤတစ်ခေါက် လုံးဝ သည်းခံခြင်းမရှိပေ။ အဲဒါသည် အနောက်ဘက်ဒေသမှာ တာအိုဂိုဏ်းတော်နှင့် နတ်ဆရာဂိုဏ်းအကြား စစ်ပွဲမှ တိုက်ပွဲမြင်ကွင်းတစ်ခုနှင့် ပိုတူနေ၏။ ဤဖြစ်ရပ်သည် မြို့တော်တစ်ခုလုံးကို ချေမှုန်းသုတ်သင်နိုင်စွမ်းရှိသည့် တာအိုဂိုဏ်းတော်၏ ကြောက်စရာကောင်းသော ခွန်အားကို ပြသပေးနေသည်။
ဒါ့အပြင် ဒေသဆိုင်ရာ တာအိုစံအိမ်များအားလုံးသည် သူတို့၏ ပိုင်နက်နယ်မြေအတွင်းမှာ လျှို့ဝှက်အသင်းအဖွဲ့ဝင်များအားလုံးကို တစ်ပြိုင်နက်တည်း ဖမ်းဆီးရန် ရွှေနန်းမြင့်မျှော်စင် ကွပ်ကဲရေးအဖွဲ့ထံမှ အမိန့်များကို လက်ခံရရှိလိုက်ကြ၏။ အထူးသဖြင့် လင်းရှန်စုန်းကဝေဂိုဏ်းဝင်များကို ဖမ်းဆီးရန်ဖြစ်သည်။
ရလဒ်ကတော့ တာအိုဂိုဏ်းတော်သည် အယူဝါဒမိစ္ဆာပေါင်း ထောင်ချီကို ဖမ်းဆီးလိုက်မိ၏။ သူတို့ကို နေရာမှာတင် ကွပ်မျက်သုတ်သင်ခြင်း သို့မဟုတ် တာအိုဂိုဏ်းတော် အထူးတလည် တည်ဆောက်ထားသည့် အကျဉ်းထောင်တစ်ခုသို့ ပို့ဆောင်ခြင်းများ ပြုလုပ်ကြသည်။ ထိုအကျဉ်းသားများသည် ဤဘဝမှာ နေ့အလင်းရောင်ကို နောက်တစ်ဖန် တွေ့မြင်ရတော့မည် မဟုတ်ပေ။
တာအိုဂိုဏ်းတော်၏ အမျက်ဒေါသသည် ကြီးမားသော မုန်တိုင်းတစ်ခုကဲ့သို့ အနောက်ဘက်ဂိုဘီကနေ စတင်၍ အဘက်ဘက်ကို ပျံ့နှံ့သွား၏။
ကံကောင်းထောက်မစွာဖြင့် ကပ်ဘေးကနေ လွတ်မြောက်ခဲ့သောသူများက အလျင်အမြန် ပုန်းအောင်းပြီး မုန်တိုင်းဖြတ်ကျော်သွားမည့်အချိန်ကို စောင့်နေကြ၏။
အကျိုးဆက်ကတော့ လွန်ခဲ့သည့်အချိန်တစ်ခုက ပြဿနာရှာနေခဲ့သော လျှို့ဝှက်အသင်းအဖွဲ့များက ရုတ်တရက် ပျောက်ကွယ်သွားကြသည်။ လင်းယုန်နှင့်ခွေး သတ်ဖြတ်ခြင်း အစည်းအဝေးက ဟာသတစ်ခု ဖြစ်လာသည်။ တာအိုဂိုဏ်းတော်သည် ယခင်ကအတိုင်း စွမ်းအားကြီးမားနေမြဲဖြစ်သည်ကို လူတိုင်းက နားလည်သဘောပေါက်သွားကြ၏။ တာအိုဂိုဏ်းတော်တွင် လိုအပ်နေသည်မှာ ခွန်အားမဟုတ်ဘဲ အရည်အချင်းရှိသော ခေါင်းဆောင်တစ်ဦးသာဖြစ်သည်။
သတ္တမမျိုးဆက် မဟာအကြီးအကဲသည် ဆဋ္ဌမမျိုးဆက် မဟာအကြီးအကဲ၏ အမှားမျိုး ထပ်မလုပ်ဘဲ တာအိုဂိုဏ်းတော်အတွင်း ခွက်စောင်းခုတ်ခြင်းများကို ဖြေရှင်းနိုင်သရွေ့ ဤပြင်ပရေးရာကိစ္စများက ဘာမှ ပြဿနာရှိလိမ့်မည် မဟုတ်ပေ။
ဆဋ္ဌမမျိုးဆက် မဟာအကြီးအကဲ တစ်ခါပြောခဲ့သည့်အတိုင်း တာအိုဂိုဏ်းတော်မှာ အသည်းအသန်အဖြစ်ဆုံး ပြဿနာများသည် ဘယ်တုန်းကမှ ပြင်ပမှာ မရှိခဲ့ဘဲ တာအိုဂိုဏ်းတော်အတွင်းနှင့် ရွှေနန်းမြင့်မျှော်စင်မှာသာ ရှိခဲ့သည်။
သို့သော် ဤအရာများအားလုံးက ချီရွှမ်းစုနှင့် သက်ဆိုင်မှုမရှိပေ။ ချင်ဝူပင်းနှင့် ချင်ရှန့်၏ ကျေးဇူးဖြင့် ချီရွှမ်းစုသည် မသင်္ကာစရာလူစာရင်းထဲမှာ မပါဝင်ခဲ့ပေ။ ယခုအချိန်တွင် သူ့မှာ သရုပ်သကန်တံဆိပ်ပြား သုံးခုရှိနေ၏။ သူ၏ တာအိုဆရာအထောက်အထား၊ ချင်းဖျင်အသင်း၏ ငါးရုပ်အဆောင်နှင့် ဝတ်ရုံနက်တံဆိပ်ပြားဖြစ်သည်။
သူက တာအိုဂိုဏ်းတော် ပိတ်ဆို့ထားသည့်နေရာကို ဖြတ်ရမည်ဆိုလျှင် ဝတ်ရုံနက်တံဆိပ်ပြားကိုပြပြီး အဟန့်အတားမရှိဘဲ အလွယ်တကူ ဖြတ်ကျော်နိုင်၏။
လျှို့ဝှက်အသင်းအဖွဲ့ဝင်များစွာမှာ သရုပ်သကန်နှစ်ခု ရှိသော်လည်း လူတိုင်းက ဤအခွင့်အရေးကို မရရှိနိုင်ကြပေ။ ဤရှုထောင့်ကနေ ကြည့်မည်ဆိုလျှင် ချီရွှမ်းစုက သာမန်လျှို့ဝှက်အဖွဲ့ဝင်တစ်ဦး မဟုတ်ပေ။
ချီရွှမ်းစုသည် မည်သည့်အဟန့်အတားမှမရှိဘဲ ရှီဖျင်စီရင်စုကို ပြန်လည်ရောက်ရှိလာ၏။ မြို့တော်က စစ်အမိန့်အောက်မှာ ရှိနေပြီး အဝင်အထွက်ကို တင်းတင်းကျပ်ကျပ် ကန့်သတ်ထားသည်။ မြို့ထဲကို ဝင်ရောက်ဖို့အတွက် သက်ဆိုင်ရာ အထောက်အထားများကို လိုအပ်သည်။ အထူးသဖြင့် ချီရွှမ်းစုလို လက်နက်အပြည့်အစုံဆောင်ထားသည့် လူများအတွက်ဖြစ်၏။ သို့သော် ဝတ်ရုံနက်တံဆိပ်ပြားနှင့်အတူ သူက ဝင်ခွင့်ရနေသည်။ အစက အနည်းငယ် ရန်လိုနေသော ကင်းတပ်ခေါင်းဆောင်က တံဆိပ်ပြားကို တွေ့မြင်ပြီးနောက် ပို၍ ရင်းနှီးဖော်ရွေလာ၏။
ချီရွှမ်းစုက စစ်ဆေးရေးဂိတ်ကို ဖြတ်ကျော်ပြီးနောက် ကင်းတပ်ခေါင်းဆောင်နှင့် သာမန်ကာလျှံကာ စကားပြောလိုက်၏။
“လင်းယုံနဲ့ခွေးသတ်ဖြတ်ခြင်း အစည်းအဝေးက အဆုံးသတ်သွားပြီမလား... အခု ဘာတွေဖြစ်နေတာလဲ”
ကင်းတပ်ခေါင်းဆောင်က ပြောလိုက်၏။
“ညီအစ်ကို… မင်းမသိဘူးလား... အဲဒါ ဟိုအယူဝါဒ မိစ္ဆာတွေပဲပေါ့... အခုဆိုရင် အဲဒါဖြစ်နေတာ ရက်နည်းနည်းတောင် ကြာသွားပြီ... ဒါပေမဲ့ ငါ့အမြင်ကို ပြောရရင်တော့ အဲဒီမိစ္ဆာကောင်တွေကို ချေမှုန်းသုတ်သင်သင့်နေတာ ကြာပြီ... သူတို့ရဲ့ သောက်အဓိပ္ပာယ်မရှိတာတွေကို ငါ ဆက်ပြီး သည်းမခံနိုင်တော့ဘူး”
ချီရွှမ်းစုက ပခုံးတွန့်ပြလိုက်၏။
“ကျုပ်က ခရီးထွက်နေတာဆိုတော့ သတင်းတွေ လိုက်မမီတော့ဘူး”
ကင်းတပ်ခေါင်းဆောင်က မေးလိုက်၏။
“ညီအစ်ကို... မင်း အနောက်ဘက်ကနေ လာတာလား”
“ကျုပ် အခုပဲ အနောက်ဘက် ဂိုဘီကနေ လာတာ”
ချီရွှမ်းစုက ထပ်ပြောလိုက်၏။
“အဲဒီမှာလည်း အတော်လေး ဗြောင်းဆန်နေတယ်... အခုတလော ဖြစ်နေတာတွေ အကုန်လုံးက စိတ်ရှုပ်စရာတွေချည်းပဲ”
“ဟုတ်တာပေါ့”
ကင်းတပ်ခေါင်းဆောင်က ချီရွှမ်းစုကို ဝတ်ရုံနက်တစ်ဦးဟု သတ်မှတ်ပြီး ထိန်ချန်ထားခြင်းမရှိပေ။
“ဟုတ် မဟုတ်တော့ မသိဘူး... တာအိုဂိုဏ်းတော်က အနောက်ဘက် ဂိုဘီကို သိမ်းပိုက်ထားတယ်လို့ ကြားတယ်... အဲဒီမှာ ကြီးကြီးမားမား ကိစ္စတစ်ခု ဖြစ်နေတဲ့ပုံပဲ”
ချီရွှမ်းစုသည် ဆောဝမ်ပူရေကန်မှာ ယင်လုံစစ်သင်္ဘော မျောနေသည်ကို တွေ့မြင်ထားခဲ့ဖူးပြီး ကြီးကြီးမားမားကိစ္စ ဖြစ်ပျက်ခဲ့သည်ကို သိရှိထား၏။ သူက တုန်လှုပ်မှုဖြင့် ခေါင်းခါပြလိုက်၏။
“ဒါတွေအားလုံးက ကျုပ်တို့လို နောက်လိုက်ပါးမွှားတွေအတွက် အရမ်းမြင့်လွန်းတယ်... အကြီးအကဲတွေက ကျုပ်တို့ကို ဒီကိစ္စမှာ မပတ်သက်ခိုင်းသရွေ့ ကျုပ်တော့ ပျော်နေရဦးမှာပဲ”
“အဲဒါတော့ ဟုတ်တယ်”
ကင်းတပ်ခေါင်းဆောင်က ခေါင်းညိတ်ပြလိုက်၏။
“ငါတို့အားလုံး လိုနေတာက ငြိမ်းချမ်းရေးပဲ”
ချီရွှမ်းစုက လက်နှစ်ဖက်ကို ယှက်ပြီး ဦးညွှတ်လိုက်၏။
“ညီအစ်ကို... ကျုပ် အခုသွားလိုက်ပါဦးမယ်... နောက်တစ်ခါတွေ့ရင် အတူတူသောက်ကြတာပေါ့”
“ဟုတ်ပါပြီ”
ကင်းတပ်ခေါင်းဆောင်က ပြန်လည်၍ ဦးညွှတ်လိုက်၏။
ချီရွှမ်းစုက မြို့ထဲကိုဝင်၍ အနားယူရန် နေရာတစ်ခုကို ရှာချင်၏။ ပြောရမည်ဆိုလျှင် တာအိုဂိုဏ်းတော်ကနေ လည်ပတ်ထားသည့် ထိုက်ဖျင်တည်းခိုခန်းသည် ညဘက်မှာ အထိုင်ဖို့အတွက် အကောင်းဆုံး နေရာတစ်ခုဖြစ်သည်။ သို့သော် ချီရွှမ်းစုတွင် ထိုက်ဖျင်ဒင်္ဂါး ၃၀၀သာ ကျန်တော့ရာ သူက ငွေကြေးချွေတာဖို့ လိုအပ်နေ၏။
ထိုသို့ဖြင့် မြို့ထဲမှာရှိသော ချင်းဖျင်အသင်း၏ အချိန်းအချက်နေရာကို သွားဖို့ ဆုံးဖြတ်လိုက်၏။ သို့သော် မကြာသေးခင်အချိန်အတွင်း လျှို့ဝှက်အသင်းအဖွဲ့များကို ဖြိုခွဲနေသောကြောင့် အချိန်းအချက်နေရာများမှာ အပြောင်းအလဲ တစ်ခုခုရှိမလား သူမသိပေ။
ချီရွှမ်းစုက အချိန်းအချက်နေရာကို ရောက်လာသည့်အချိန်မှာ နေရာက ခါတိုင်းလိုပင် တူညီစွာရှိနေသည်ကို တွေ့လိုက်ရ၏။ ချင်းဖျင်အသင်း၏ အချိန်းအချက်နေရာများသည် သူတို့၏ အသင်းဝင်များအတွက်သာ ဖွင့်ထားသောကြောင့် အဓိပ္ပာယ်ရှိသည်။
ဒါ့အပြင် ချင်းဖျင်အသင်းသည် အဖွဲ့ဝင် သောင်းချီရှိသော လျှို့ဝှက်အသင်းအဖွဲ့တချို့နှင့် မတူဘဲ အသင်းသားစုဆောင်းရာမှာ အရေအတွက်ထက် အရည်အသွေးကို ပို၍အလေးပေးလေသည်။ ချင်းဖျင်အသင်းကို လျှို့ဝှက်အသင်းအဖွဲ့ကြီးများအကြားမှာ အလျှို့ဝှက်ဆုံးဟု ဆိုနိုင်သည်။
ဒါ့အပြင် ချင်းဖျင်အသင်းသည် တာအိုဂိုဏ်းတော်၏ ထိပ်သီးခေါင်းဆောင်များနှင့် ပတ်သက်မှုတချို့ ရှိနေ၏။ ထို့ကြောင့် တာအိုဂိုဏ်းတော်က ချင်းဖျင်အသင်းကို အထူးတလည် ပစ်မှတ်မထားသရွေ့ သူတို့က ကြီးကြီးမားမား ပြဿနာတက်လိမ့်မည် မဟုတ်ပေ။
ချီရွှမ်းစုက အချိန်းအချက်နေရာသို့ တိတ်တဆိတ် ရောက်လာ၏။ ယခင် အမျိုးသမီးကပင် သူ့ကို ကြိုဆိုလက်ခံပြီး သူ့အတွက် နေရာတစ်ခု စီစဉ်ပေးကာ အဝတ်အစား၊ အစားအသောက်၊ ဆေးဝါးနှင့် ရေပူတို့ကို ထောက်ပံ့ပေး၏။
ချီရွှမ်းစုက ကိုယ်လက်သန့်စင်ပြီးနောက် သူ့ရဲ့ နောက်ထပ်ခရီးစဉ်အတွက် စတင်၍ အစီအစဉ်ချလိုက်၏။
သူက မရဏ ရွှမ်ကျောက်စိမ်းတစ်ပိုင်းကို ရရှိထားသော်လည်း ၎င်းကို အသက်သွင်းရန် ဘယ်လိုရယူနိုင်မလဲ သဲလွန်စမရှိသည့် နတ်ဘုရားစွမ်းအား သို့မဟုတ် ပူဇော်ပသစွမ်းအားကို လိုအပ်လေသည်။ ထို့ကြောင့် သွေးဆေးလုံးကို အရင်ဆုံး မှီဝဲတာက အကောင်းဆုံးဖြစ်လိမ့်မည်ဟု သူတွေးမိ၏။ ထိုသို့ဖြင့် သူက ကွေ့ကျန်းအဆင့်ကို တက်လှမ်းနိုင်မည်ဆိုလျှင် နတ်ဘုရားစွမ်းအားကို ရှာဖွေဖို့က ပို၍ လွယ်ကူလာပေလိမ့်မည်။
သို့သော် သွေးဆေးလုံး၏ ဆေးအာနိသင်က ပြင်းလွန်းလေသည်။ သူ အဲဒါကို မဆင်မခြင်စားသုံး၍ မဖြစ်ဘဲ အရင်ဆုံး သန့်စင်ချေဖျက်ရမည်ကို ချီရွှမ်းစု သိရှိထား၏။ အဓိက ပါဝင်ပစ္စည်းက ကျောက်စိမ်းရည်ဟုခေါ်သော အရာတစ်ခုဖြစ်၏။
ချီရွှမ်းစုက ထျန်ကန်းခန်းမမှာ ရှိနေဦးမည်ဆိုလျှင် ဟွာရှန်ခန်းမကနေ ကျောက်စိမ်းရည်ကို ဝယ်ယူဖို့က ပို၍လွယ်ကူပေလိမ့်မည်။ အလွန်ဆုံး အဲဒါကို ဝယ်ဖို့ သူက ကျန်းယွဲ့လုကို တောင်းဆိုနိုင်၏။ သို့သော်လည်း ချီရွှမ်းစုမှာ သူ၏ တာအိုသရုပ်သကန် မရှိတော့ရာ ဟွာရှန်ခန်းမကနေ အဲဒါကို ရယူဖို့က ခက်ခဲလာပေလိမ့်မည်။
ရတနာခုနစ်သွယ်မဏ္ဍပ်ကနေ လည်ပတ်ထားသည့် မှောင်ခိုစျေးကွက်ထဲမှာ သူ ကံစမ်းကြည့်နိုင်၏။ သို့သော်လည်း ဤအစီအစဉ်မှာ ပြဿနာတချို့ ရှိလေသည်။ လျှို့ဝှက်အသင်းအဖွဲ့များကို ဖြိုခွဲနေသောကြောင့် ရတနာခုနစ်သွယ်မဏ္ဍပ်က သူတို့၏ မှောင်ခိုစျေးကွက်ကို ဖွင့်ထားချင်မှ ဖွင့်ထားပေတော့မည်။ မှောင်ခိုစျေးကွက်ကို ဖွင့်ထားမည်ဆိုလျှင်ပင် ချီရွှမ်းစုမှာ ကျောက်စိမ်းရည်ကို ဝယ်ယူဖို့အတွက် လုံလောက်သည့် ငွေကြေးမရှိပေ။
သူ အသပြာကို ဘယ်ကနေ ရနိုင်မလဲ။ အစ်မချီထံကနေ ချေးယူဖို့ကလည်း မလွယ်ကူပေ။ ထိုကပ်စေးနှဲကော်တရာသည် ငွေရေးကြေးရေးနှင့် ပတ်သက်ပါက ဒင်္ဂါးတစ်ပြားကိုပင် လက်လွှတ်မခံလိုပေ။
တည်းခိုခန်းက ငွေရှာဖို့အတွက် ကောင်းမွန်သော နေရာတစ်ခု ဖြစ်ပေလိမ့်မည်။ သို့သော် ပြန်ဖော်ကုန်းမြေက ဖြစ်ရပ်ကြောင့် ချီရွှမ်းစုသည် လက်တလောမှာ သူတို့နှင့် ပတ်သက်လိုခြင်း မရှိသေးပေ။ သူ ငွေရှာဖို့အတွက် နောက်ထပ် နည်းလမ်းတစ်ခုကို ကြံဆရပေမည်။